အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း ၅၉၂ - မင်း စကားများလွန်းတယ်
“ဘုရားရေ... ဒါ လော့ချန်ပဲ...”
စားသောက်ဆိုင် ပဉ္စမအထပ်ရှိလူများထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းသိုင်းပြိုင်ပွဲကိုကိုယ်တိုင် ကြည့်ရှုခဲ့ဖူးသူများ ပါဝင်ရာ လော့ချန်၏ပုံရိပ်ကို မှတ်မိနေကြသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်ကြတော့သည်။
“ဘာ... သူက လော့ချန်လား... ဒီလောက်ငယ်တာလား...”
“သူ အသက်ရှင်နေသေးတာပဲ...”
“မယုံနိုင်စရာပဲ... သူက ထိပ်တန်း သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်လာတာလား... ဒါဆို အဲဒီသတင်းက ကောလာဟလပဲလား...”
“သေချာပေါက် ကောလာဟလပဲ ဖြစ်မှာပါ... မဟုတ်ရင် ဒါက တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်...”
အံ့သြတကြီး အော်ဟစ်သံများ ဆူညံသွားတော့သည်။
လော့ချန် သေဆုံးသွားပြီဟု ယူဆထားကြသူများမှာ ယခုအခါတွင် ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြီး စိတ်အေးသွားသည့်အခါမှသာ မူချင်းလျန်က လော့ချန်ကို လိုက်လံသတ်ဖြတ်သည်ဟူသောသတင်းမှာ ကောလာဟလသာ ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ကြသည်။ ထိုသို့တွေးမှသာ ယုတ္တိတန်သည်မဟုတ်ပါလော။
လူအများ၏ အာရုံစိုက်မှုအောက်တွင် လော့ချန်သည် တည်ငြိမ်သောမျက်နှာထားဖြင့် ပြတင်းပေါက်နားသို့ လျှောက်လာခဲ့သည်။ သူသည်လူကိုးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုရှောင်ကျင့် ထံတွင် အကြည့်များ ရပ်တန့်သွားကာ အသာအယာ ပြုံးလိုက်သည်။
“လုရှောင်ကျင့်... မင်းလည်း ဒီမှာ ရှိနေတာပဲ... တကယ်ပဲ ရန်သူချင်းက လမ်းကျဉ်းလေးမှာ ဆုံတတ်ကြတာပဲ...”
လုရှောင်ကျင့်သည် ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါလူတိုင်းမှာ အံ့သြသွားကြရသည်။
မိမိကိုယ်မိမိ အမူအရာပျက်သွားသည်ကို သတိပြုမိလိုက်သည့်အခါ လုရှောင်ကျင့်၏ မျက်နှာတစ်ခုလုံး ချက်ချင်း အုံ့မှိုင်းသွားပြီး အကြည့်ရ အလွန်ဆိုးသွားတော့သည်။ သူကဲ့သို့သော ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တစ်ဦးသည် နောက်ပေါက်လူငယ်တစ်ဦး၏ အကြည့်ကြောင့် နောက်ဆုတ်သွားသည်ဟူသောသတင်း ပြန့်သွားပါက သေချာပေါက် သိက္ခာကျမည်ပင်။
သို့သော်လည်း ယခင်က နန်းမြို့တော်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ သူ၏စိတ်ထဲ၌ ကြီးမားသော အရိပ်မည်းကြီးအဖြစ် ကျန်ရှိနေဆဲဖြစ်ရာ လော့ချန်အား တည့်တည့်ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေတော့သည်။ သူသည် ဘေးနားရှိ ချီဟိန်းနှင့် မုန့်ယွမ်ချုံတို့ကို လှမ်းကြည့်လိုက်သည့် အခါမှသာ စိတ်အနည်းငယ် ပြန်လည်တည်ငြိမ်သွားတော့သည်။
ထိုနှစ်ဦးစလုံးမှာ ရွှမ်ဟယ်စာရင်းဝင် အဆင့် ၂၀၀ ပတ်ဝန်းကျင်ရှိ ပါရမီရှင်များဖြစ်ကြသလို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူများလည်း ဖြစ်ကြရာ ဤနှစ်ဦးရှိနေလျှင် လော့ချန်အနေဖြင့် မည်သို့မျှ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ဟု သူ တွေးလိုက်သည်။ ထိုသို့ တွေးလိုက်သည့်အခါမှ လုရှောင်ကျင့်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တည်ငြိမ်မှုများကို ပြန်လည်ရယူကာ လော့ချန်ကို ကြည့်လျက် လှောင်ပြောင်လိုက်သည်။
“လော့ချန်... မင်းရဲ့ ခွေးအသက်က တကယ်ပဲ ပြင်းတာပဲ... မူချင်းလျန်ရဲ့ လိုက်လံသတ်ဖြတ်မှုကနေတောင် လွတ်လာနိုင်တယ်ပေါ့... ဒါပေမဲ့ မင်းက ကံကောင်းလို့ အသက်ရှင်နေရတာကို ငြိမ်ငြိမ်မနေဘဲလူပုံအလယ်မှာ ပေါ်လာရဲတယ်ဆိုတော့... တကယ်ပဲ သေမင်းကို ခေါ်နေတာပဲ...”
“အခုဆိုရင် ယွမ်မန်လီလည်း သတင်းအစအန ပျောက်နေပြီဆိုတော့ မင်းကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး... ဒီနေရာက မင်းရဲ့ သချိုင်းဖြစ်လာမှာပဲ...”
“ဟုတ်လို့လား... ငါကတော့ အဲဒီလို မထင်ဘူးနော်...”
လော့ချန်သည် တည်ငြိမ်သော အမူအရာဖြင့်ပင် ဘေးနားရှိ အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ ဤကဲ့သို့ မလေးမခန့် လုပ်ရပ်ကြောင့် အဓိကတပည့် ကိုးဦးမှာ ချက်ချင်းပင် ဒေါသထွက်သွားကြတော့သည်။
ချီဟိန်းသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်ပြီး အခြားသူများကို တားဆီးလိုက်ကာ လော့ချန်ကို ဖိအားပေးသော အကြည့်များဖြင့် ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။
“မင်း စောစောက ချင်ယုတို့ လာမှာမဟုတ်တော့ဘူးလို့ ပြောတာ... ဘာကို ဆိုလိုတာလဲ...”
လော့ချန်သည် မည်သည့်ဖိအားကိုမျှ ခံစားရခြင်း မရှိဘဲ တစ်ဖက်လူကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“မင်း ထင်တဲ့အတိုင်းပဲပေါ့...”
“မင်း သူတို့ကို သတ်လိုက်တာလား...”
ချီဟိန်း၏ မျက်ဝန်းများအတွင်းမှ အေးစက်သော အလင်းတန်းများ ဝင်းလက်လာပြီး ဤ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်၏ဒေါသကိုလူတိုင်း ခံစားလိုက်ရသည်။
“သူတို့က ငါ့ကို သတ်ချင်တာလေ... ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့ရဲ့ အစွမ်းက ငါ့ထက် အနည်းငယ် နိမ့်ပါးနေတာပဲ...”
လော့ချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“တောက်... ရူးသွပ်လိုက်တာ... စီနီယာအစ်ကို ချီ... ကျွန်တော် သူ့ကို သတ်ပါရစေ... ချင်ယု တို့အတွက် ကလဲ့စားချေပေးမယ်...”
လော့ချန်ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်မည်ဟု ပြောခဲ့သော သန်မာထွားကျိုင်းသည့်လူငယ်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ သတ်ဖြတ်လိုစိတ်များဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။ ချီဟိန်းက မတားဆီးပေ။ လော့ချန်ကဲ့သို့သောလူကို သူကိုယ်တိုင် လက်ဖျားနှင့် ထိစရာ မလိုသလို သတ်ဖြတ်ခြင်းမှာလည်း ဂုဏ်ယူစရာ ကိစ္စမဟုတ်ပေ။
လော့ချန်သည် ထိုလူငယ်ကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
“မင်းက မထိုက်တန်သေးဘူး... မင်းတို့ ကိုးယောက်စလုံး တစ်ပြိုင်တည်း လာခဲ့ကြပါ...”
ဤစကားကြောင့် စားသောက်ဆိုင် ပဉ္စမအထပ်တစ်ခုလုံး ဆူညံသွားခဲ့ပြီး အစွမ်းထက်သူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြကာ မယုံကြည်နိုင် ဖြစ်သွားကြရသည်။ ကိုးယောက်စလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်ခိုင်းခြင်းမှာ ဤလူများကို လုံးဝ မျက်စိထဲ မထည့်ခြင်းပင် မဟုတ်ပါလော...။
အခြားသူများကို အပထား... ချီဟိန်း... မုန့်ယွမ်ချုံနှင့် လုရှောင်ကျင့် တို့မှာ ရွှမ်ဟယ်စာရင်းဝင် နာမည်ကျော်ပါရမီရှင်များ ဖြစ်ကြသည်မဟုတ်ပါလော။ ၎င်းတို့ကိုပင် လော့ချန်က ဤမျှအထိ စော်ကားရဲသည်လား။
“ခွမ်း...”
ချီဟိန်း၏ ဘေးနားရှိ မျက်နှာဖြူဖြူနှင့်လူငယ်သည် မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားပြီး သူ၏လက်ထဲမှ အရက်ခွက်မှာ ပေါက်ကွဲသွားကာ အရက်များနှင့် အစအနများမှာ ပြင်းထန်လှသော ချီစွမ်းအင်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ဤသူမှာ ဤနေရာရှိ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် အဆင့် ၂၁၇ ရှိသော မုန့်ယွမ်ချုံ ပင် ဖြစ်၏။
“ဟားဟားဟား... ငါတို့ ကိုးယောက်လုံးကို တစ်ပြိုင်တည်း တိုက်ခိုင်းရအောင် မင်းက ဘာကောင်လဲ... ငါ တစ်ယောက်တည်းနဲ့တင် မင်းကို အရေခွံဆုတ်ပစ်လို့ ရတယ်...”
သန်မာထွားကျိုင်းသောလူငယ်မှာ လုံးဝ ဒေါသထွက်သွားခဲ့ပြီး မျက်နှာမှာလည်း နီမြန်းနေကာ သူ၏ဒေါသနှင့်သတ်ဖြတ်လိုစိတ်များမှာ ချီစွမ်းအင်များနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာပြီး လက်ဝါးကို ဓားကဲ့သို့ အသုံးပြုကာ လော့ချန်၏မျက်နှာတည့်တည့်သို့ ခုတ်ပိုင်းလိုက်တော့သည်။ ဤဓားချက်မှာ အရှိန်အဟုန်များကို ဖုံးကွယ်ထားသော်လည်း ပါဝင်နေသော ပေါက်ကွဲအားမှာမူ ပေါက်ကွဲတော့မည့်မီးတောင်တစ်ခုအလား လျှော့တွက်၍ မရနိုင်ပေ။
“ဘုန်း...”
လော့ချန်သည် လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ရာ အရှိန်အဟုန်များ ပေါက်ကွဲသွားခဲ့ပြီး သူ၏ပုံရိပ်မှာ နောက်သို့ လွင့်စင်သွားကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြွေလွင့်သွားသော ကြယ်တာရာတစ်ခုအလား လွင့်ထွက်သွားပြီး မင်ရှာအိုင်၏အထက်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားတော့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တိုက်ပွဲကို ကြည့်ရှုနေကြသော သန်မာသူများမှာ စိုးရိမ်စိတ်များ လျော့ကျသွားကြတော့သည်။
လော့ချန်က တစ်ဦးတည်းနှင့် ကိုးဦးကို တိုက်ခိုက်မည်ဟု ပြောစဉ်က လော့ချန်၏အစွမ်းမှာ ဤမျှလောက် တိုတောင်းသောအချိန်အတွင်းမှာပင် ရွှမ်ဟယ်စာရင်းဝင် သန်မာသူများကို လျစ်လျူရှုနိုင်သည့်အထိ တိုးတက်သွားပြီလားဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ အကယ်၍ သာ အမှန်တကယ်ဆိုပါက ၎င်းသည် တကယ်ကို တုန်လှုပ်စရာ ကောင်းလိမ့်မည်မဟုတ်ပါလော။
ယခုအခါတွင်မူ ထိုအတွေးများမှာ ပျောက်ကွယ်သွားခဲ့ပြီး လော့ချန်သည် စောစောက စကားကြီးစကားကျယ် ပြောခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ကြတော့သည်။
“ဟားဟား... စကားပြောတာကတော့ အကြီးကြီးပဲ... အစွမ်းကတော့ ဒီလောက်ပါပဲလား...”
သန်မာထွားကျိုင်းသောလူငယ်က အားရပါးရ ရယ်မောလိုက်သည်။
“စီနီယာအစ်ကို ဟူ... ဂရုစိုက်ပါအုံး...”
လုရှောင်ကျင့်က သတိပေးလိုက်သည်။ အခြားသူများ မသိသော်လည်း သူကမူ လော့ချန်၏အစွမ်းမှာ ဤမျှလောက် မဟုတ်ကြောင်း ကောင်းစွာ သိရှိနေသည်။ လော့ချန်၏ ချီစွမ်းအင်မှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသလို ဓားဆန္ဒအစပျိုးအဆင့်ကိုလည်း နားလည်ထားသူဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် လော့ချန်၏ပြိုင်ဘက် မဟုတ်တော့ပေ။ သို့သော်လည်း သူ စကားမဆုံးသေးမီမှာပင် သန်မာထွားကျိုင်းသောလူငယ်မှာ ရှေ့သို့ အရင်ဆုံး ပြေးထွက်သွားခဲ့ချေပြီ။
“ငါတို့လည်း သွားရအောင်... ဒီတစ်ခါတော့ သူ့ကို လုံးဝ လွှတ်ပေးလို့ မဖြစ်ဘူး...”
ချီဟိန်းက အေးစက်စွာ ဆိုလိုက်သည်။
“ဟဲဟဲ... တကယ်လို့ သူ မသေသေးဘူးဆိုရင်တော့ ငါ အတော်လေး ဝမ်းသာမှာပဲ... ငါ့ရဲ့ အချိန်တွေကို ဒီလောက်အထိ ဖြုန်းတီးအောင် လုပ်ခဲ့တာဆိုတော့... ငါ့လက်ထဲသာ ရောက်လာရင်တော့ သူ့ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်မယ်...”
မုန့်ယွမ်ချုံသည် လော့ချန်၏စကားကြောင့် ဒေါသထွက်နေသည်မှာ ကြာပြီ ဖြစ်သည်။
“ဝှစ်...”
ကျန်ရှိနေသော အဓိကတပည့် ရှစ်ဦးစလုံးမှာလည်း နောက်မှ လိုက်ပါသွားကြတော့သည်။
“ငါတို့လည်း သွားကြည့်ရအောင်...”
“ကြည့်ရတာ သူတို့တွေက ဒီနေ့ လော့ချန်ကို မသတ်ရရင် မကျေနပ်မယ့် ပုံပဲ... လော့ချန် ဒီတစ်ခါရော အသက်ရှင်နိုင်ပါဦးမလား မသိဘူး...”
“ဖြစ်နိုင်ခြေကတော့ အတော်လေး နည်းလိမ့်မယ်... ဒီ ကိုးယောက်စလုံးက သန်မာသူတွေ ဖြစ်ကြသလို ရွှမ်ဟယ်စာရင်းဝင် တပည့် သုံးယောက်တောင် ပါနေတာလေ... အထူးသဖြင့် ချီဟိန်း ဆိုရင် ချီမိသားစုက ဆင်းသက်လာသူဖြစ်ပြီး သူ ကျင့်ကြံထားတဲ့ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေက သာမန်မဟုတ်ဘူး... သူ့ရဲ့ အစွမ်းက ကျင့်ကြံဆင့်တူသူတွေထဲမှာ ပြိုင်ဘက်မရှိသလောက်ပဲ... လော့ချန်ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်ရှိလို့လဲ...”
ထိုနေရာရှိ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ အားလုံးမှာလည်း အပြင်သို့ ထွက်ခွာသွားကြတော့သည်။ တစ်ဖက်တွင် နာမည်ကျော်နေပြီဖြစ်သော ချီဟိန်းတို့အုပ်စုဖြစ်ပြီး နောက်တစ်ဖက်တွင်မူ အသစ်ထွက်ပေါ်လာသော လော့ချန် ဖြစ်နေ၏။ ၎င်းမှာ ပါရမီရှင်အသစ်နှင့် စီနီယာပါရမီရှင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုပင် ဖြစ်၏။
မင်ရှာအိုင်အထက်တွင်...။
“ဝှစ်...”
သန်မာထွားကျိုင်းသောလူငယ်သည် လေထဲတွင် ရှိနေသော လော့ချန်ကို မြင်သည့်အခါ အားရပါးရ ရယ်မောလိုက်သည်။
“မင်း ဘာလို့ မပြေးတော့တာလဲ...”
“ငါ ဒီနေ့ မင်းတို့ကို သတ်ဖို့ လာခဲ့တာလေ... ဘာလို့ ပြေးရမှာလဲ...”
လော့ချန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ သူက စားသောက်ဆိုင်အတွင်း၌ တိုက်ခိုက်ရန်မသင့်ဟု ယူဆသဖြင့် အပြင်သို့ ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။ ဤနေရာ၏ ကျယ်ပြန့်မှုမှာလူသတ်ရန်အတွက် အလွန်ပင် သင့်လျော်လှပေသည်။
“ဟားဟားဟား...”
“ငါတို့ကို သတ်မယ်ဟုတ်လား...”
သန်မာထွားကျိုင်းသောလူငယ်က မထီမဲ့မြင် ရယ်မောလိုက်ပြီး သူ၏ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ထိုဓားမှာ အလျား ၅ ပေ ကျော်ခန့် ရှိပြီး အပေါ်တွင်လည်း မီးလျှံတိမ်တိုက်ပုံစံများ ပါဝင်နေသည်။ ထို ရတနာဓားကိုကိုင်ဆောင်လိုက်သည့်အခါ သူ၏အရှိန်အဟုန်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ဓားအရှိန်အဟုန်မှာ မင်ရှာအိုင်၏ ရေပြင်ကိုပင် လှုပ်ခတ်သွားစေတော့သည်။
“လာလေ... မင်း ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ရအောင်...”
ဓားဦးကို လော့ချန်ထံသို့ ချိန်ရွယ်လျက် ထိုလူငယ်က စိမ်ခေါ်လိုက်သည်။
“မင်း စကားများလွန်းတယ်...”
လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး လက်ဖဝါးဖြင့် တစ်ချက် လှမ်းရိုက်ချလိုက်သည်။
“ဘုန်း...”
ကျစ်လျစ်လှသော လက်ဖဝါးစွမ်းအင်တစ်ခုသည် လေဟာနယ်ကိုပင် အက်ကွဲစေလျက် တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။
“ဟင်... ရယ်စရာပဲ...”
သန်မာထွားကျိုင်းသောလူငယ်သည် စတင်စဉ်က ဂရုမစိုက်ခဲ့သော်လည်း လက်ဖဝါးအရှိန်အဟုန် နီးကပ်လာသည့်အခါ အတွင်းရှိ မတားဆီးနိုင်သော ကြောက်မက်ဖွယ်ပေါက်ကွဲအားကို ခံစားလိုက်ရသဖြင့် မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး အော်ဟစ်လျက် ဓားဖြင့် အစွမ်းကုန် ခုတ်ပိုင်းလိုက်တော့သည်။
“ဘုန်း...”
ဓားအလင်းတန်းများ ကြေမွသွားခဲ့ပြီး တပြိုင်တည်းမှာပင် သန်မာထွားကျိုင်းသောလူငယ်၏ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲပျက်စီးသွားလေသည်။ သူ၏တစ်ကိုယ်လုံးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပြီး သွေးသားများနှင့် အရိုးများမှာ ကြေမွကုန်ကာ ကောင်းကင်ယံမှ သွေးမိုး ရွာသွန်းလိုက်သကဲ့သို့ ရဲရဲနီသွားတော့သည်။
အခန်း ၅၉၂ ပြီးပါပြီ။
အခန်း ၅၉၃ - သေချာပေါက် သေဆုံးရမည်... ပြာအဖြစ် ပြောင်းလဲခြင်း...
“ညီလေးဟူ...”
“ဟင်...”
“ညီလေးဟူကို တစ်ကွက်တည်းနဲ့ သတ်လိုက်တာလား... သူ အဓိကတပည့် ဖြစ်လာတာ ဘယ်လောက် ကြာသေးလို့လဲ... ဘယ်လိုလုပ်ပြီး တိုက်ခိုက်မှုစွမ်းအားက ဒီလောက်အထိ သန်မာနေရတာလဲ...”
ပြေးဝင်လာကြသည့် အဓိကတပည့် ရှစ်ဦးသည် သန်မာထွားကျိုင်းသည့်လူငယ် အပိုင်းပိုင်းပြတ်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အတွက် ကြက်သေသေနေကြတော့သည်။
ညီလေးဟူသည် သူတို့ကိုးဦးထဲတွင် အစွမ်းအနိမ့်ဆုံးဖြစ်သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း သန်မာသူတစ်ဦး ဖြစ်သည်မဟုတ်ပါလော။ သို့သော်လည်း လော့ချန်နှင့် ထိပ်တိုက်တွေ့သည့် တစ်ခဏမှာပင် အသတ်ခံလိုက်ရချေပြီ။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း သန်မာသူကို တစ်ကွက်တည်းနဲ့ သတ်လိုက်တာလား... ငါ... ငါ မျက်စိမှားတာများလား...”
တိုက်ပွဲကို လာရောက် ကြည့်ရှုကြသူများသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။
လုရှောင်ကျင့်တစ်ယောက်သာ တည်ငြိမ်နေပြီး လော့ချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းများအတွင်းမှာတော့ ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။
“အားလုံးပဲ... လော့ချန်က အပေါ်ယံမြင်ရသလို ရိုးရှင်းတဲ့လူ မဟုတ်ဘူး... လုံးဝ ဂရုစိုက်ကြ... သူ့ရဲ့လှည့်ကွက်ထဲ မဝင်စေနဲ့...” လုရှောင်ကျင့်သည် လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။
မျက်နှာဖြူဖြူနှင့် မုန့်ယွမ်ချုံမှာ ဂရုမစိုက်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။
“စိတ်ချပါ... ငါ ရှိနေတာပဲ... ဒီနေ့တော့ သူ ဘယ်လိုမှ ပြေးလို့မလွတ်စေရဘူး...”
စောစောက ဖြစ်ပျက်သွားသည်များမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် စီနီယာအစ်ကိုဟူသည် ပေါ့ဆလွန်း၍ အသတ်ခံလိုက်ရခြင်းဖြစ်မည်ဟု မုန့်ယွမ်ချုံက တစ်ဖက်သတ် ယူဆထားသည်။ လော့ချန်အနေဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းသန်မာသူကို တစ်ကွက်တည်းနှင့် သတ်နိုင်စွမ်းရှိလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။
သူ့ကို ယှဉ်နိုင်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ဟု သူ တွေးလိုက်သည်။
ချီဟိန်း၏ မျက်နှာမှာ အေးစက်နေပြီး လော့ချန်ကို သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်နေတော့သည်။ လော့ချန်က သူ၏ရှေ့မှောက်မှာပင်လူသတ်လိုက်ခြင်းသည် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်၏။ အထူးသဖြင့် လော့ချန်ကို လိုက်လံရှာဖွေသည့် အစီအစဉ်ကို သူက တာဝန်ယူထားရခြင်းဖြစ်ရာ ယခုဆိုလျှင် မင်းသားတန်းက သန်မာသူ လေးဦးတောင် ဆုံးရှုံးသွားခဲ့ချေပြီ။
“မုန့်ယွမ်ချုံ... မင်း သွားပြီး သူ့ကို ရှင်းလိုက်... သူ့ကို လွယ်လွယ်နဲ့ အသေမခံစေနဲ့ဦး...”
ချီဟိန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
မုန့်ယွမ်ချုံက အသာအယာ ပြုံးလိုက်ပြီး လော့ချန်ကို မထီမဲ့မြင် ကြည့်လိုက်ကာ သူ၏ခါးမှဓားကို ဆွဲထုတ်လျက် အစွမ်းပြလိုက်သည်။
“စိတ်ချပါ... ငါ့လက်ထဲ ရောက်လာမှတော့ သူ သေချင်ရင်တောင် သေလို့မရစေရဘူး...”
ထိုစဉ်မှာပင် လော့ချန်က စကားပြောလာသည်။
“မင်းတို့အားလုံး တစ်ပြိုင်တည်း လာခဲ့ကြစမ်းပါ... ငါ အချိန်မရဘူး... လာမြန်မြန်...”
စကားပြောနေစဉ်မှာပင် လော့ချန်သည် ထိုရှစ်ဦးထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။
မုန့်ယွမ်ချုံက နှာခေါင်းရှုံ့လျက် လှောင်ရယ်လိုက်သည်။
“ဟားဟား... မင်းက ဘာကောင်မို့လို့ ဒီလောက်တောင် စကားကြီးစကားကျယ် ပြောနေရတာလဲ... ငါတို့အားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်ခိုင်းရအောင် မင်းကိုယ်မင်း ဘာထင်နေလို့လဲ... ငါ တစ်ယောက်တည်းနဲ့တင် မင်းကို ရှင်းလို့ရတယ်...”
စကားအဆုံးမှာပင် မုန့်ယွမ်ချုံသည် သူ၏ရတနာဓားကို ဝေ့ယမ်းလိုက်ရာ ထက်မြက်လှသည့် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာပြီး လော့ချန်ဆီသို့ တိုးဝင်သွားသည်။
ထို ဓားအလင်းတန်းများသည် အရှိန်အဟုန်ပြင်းစွာဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားသော်လည်း အသက်အန္တရာယ်ရှိသည့် နေရာများကိုမူ ရှောင်လွှဲထားပြီး လော့ချန်၏ ခြေလက်များကိုသာ ဦးတည်ထားသည်။ တစ်ဖက်လူကို ချက်ချင်းမသတ်ဘဲ နှိပ်စက်လိုသည့် ဆန္ဒရှိနေခြင်းမှာ သိသာလှပေသည်။
လော့ချန်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ လက်ဖဝါးဖြင့် တစ်ချက် ရိုက်ချလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဓားအလင်းတန်းများသည် ကောင်းကင်ယံမှ မီးရှူးမီးပန်းများအလား မည်သို့မျှ တောင့်မခံနိုင်ဘဲ အပိုင်းပိုင်းပြတ်ထွက်ကုန်တော့သည်။
“ဟင်...”
မုန့်ယွမ်ချုံ၏ မျက်ဝန်းများသည် ကျုံ့သွားခဲ့ပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။
သူ့အနေဖြင့် ဤဓားချက်ကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်ခဲ့ခြင်းဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်နှင့် အစွမ်းအရဆိုလျှင် သာမန်ဓားချက်တစ်ခုသည်ပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းသန်မာသူတစ်ဦးကို သေစေနိုင်သည်။ မဟုတ်လျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရစေနိုင်သည် မဟုတ်ပါလော။ ယခုမူ လော့ချန်က အလွယ်တကူပင် တားဆီးလိုက်ချေပြီ။
လော့ချန်သည်မျက်နှာပေါ်တွင် အသာအယာ ပြုံးလိုက်ပြီးလူအုပ်နောက်မှ လုရှောင်ကျင့်ကို လှမ်းကြည့်လိုက်သည်။
“လုရှောင်ကျင့်... အဲဒီနေ့က ကိစ္စတွေကို မင်း သူတို့ကို မပြောပြရသေးဘူး ထင်တယ်နော်...”
ဤစကားကြောင့် ချီဟိန်းတို့အုပ်စုသည် လုရှောင်ကျင့်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ လုရှောင်ကျင့်၏ မျက်နှာမှာ ကြည့်ရအလွန်ဆိုးနေပြီး အရှက်ရနေပုံပေါ်နေ၏။
သို့သော်လည်း အခြေအနေအရ သူ အမှန်အတိုင်း ပြောပြရတော့မည် ဖြစ်ပေသည်။
“လွန်ခဲ့တဲ့ တစ်လက နန်းမြို့တော်မှာ ငါနဲ့ လော့ချန် တိုက်ခိုက်ခဲ့ကြဖူးတယ်... ငါ သတိလက်လွတ်ဖြစ်သွားလို့ သူ့ကို ရှုံးခဲ့ရတာ... သူ့ရဲ့အစွမ်းက အနည်းဆုံးတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့်မှာ ရှိနေမှာပဲ...” လုရှောင်ကျင့်သည်သွားကို တင်းတင်းကြိတ်လျက် ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ဆူညံသွားကြတော့သည်။
“စီနီယာအစ်ကိုလုက လော့ချန်ကို ရှုံးခဲ့တာလား...”
လုရှောင်ကျင့်သည် ရွှမ်ဟယ်စာရင်းဝင် သန်မာသူတစ်ဦးဖြစ်ပြီး အဆင့် ၄၂၀ တွင် ရှိနေသူ ဖြစ်သည်မဟုတ်ပါလော။
လုရှောင်ကျင့်ကို အနိုင်ယူနိုင်သည်ဆိုလျှင် လော့ချန်သည်လည်း ရွှမ်ဟယ်စာရင်းဝင် စာရင်းထဲ ဝင်နိုင်စွမ်းရှိနေပြီဖြစ်သလို အဆင့် ၄၀၀ အတွင်းမှာတောင် ရှိနေနိုင်သည်မဟုတ်ပါလော။
‘သူ အဓိကတပည့် ဖြစ်လာသည်မှာ ဘယ်လောက် ကြာသေးလို့လဲ...’
ချီဟိန်းက လုရှောင်ကျင့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဤသတင်းကိုသာ စောစောစီးစီး သိရမည်ဆိုလျှင် သူတို့လူများ ဤလောက်အထိ အသေအပျောက် များမည် မဟုတ်ပေ။
“ကဲ... မင်းတို့ကို နောက်ထပ်တစ်ကြိမ် အခွင့်အရေး ပေးမယ်... အဲဒီနောက်မှာတော့ ငါ့အလှည့်ပဲ...”
လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရပ်နေသော်လည်း သူ၏တည်ငြိမ်လှသည့် အကြည့်များသည် အဓိကတပည့်တိုင်းကို စိုးရိမ်ထိတ်လန့်သွားစေတော့သည်။ သန်မာသူ အတော်များများမှာ တံတွေးကို အကြိမ်ကြိမ် မျိုချနေကြရသည်။
“အားလုံး တူတူတိုက်ပြီး သူ့ကို သတ်ကြစမ်း...”
ချီဟိန်းသည် အခြေအနေ မဟန်တော့သည်ကို ရိပ်မိသွားသည့်အတွက် သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်ကာ သူ၏သိုင်းဝိညာဉ်ကို ချက်ချင်း နှိုးဆွလိုက်သည်။
“ဘုန်း...”
ပြင်းထန်လှသည့် ချီစွမ်းအင် လှိုင်းတံပိုးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ချီဟိန်း၏ နောက်ဘက်တွင် ကြယ် ၇ ပွင့်အဆင့်ရှိသည့် လေဆင်နှာမောင်းသိုင်းဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်လှသည့် အရှိန်အဟုန်သည် မင်ရှာအိုင်၏ ရေပြင်ကိုပင် လှုပ်ခတ်သွားစေတော့သည်။
“တကယ် သန်မာတာပဲ...”
ပတ်ဝန်းကျင်ရှိလူများအားလုံးသည် ရွှမ်ဟယ်စာရင်းဝင် အဆင့် ၂၀၀ အတွင်းက ပါရမီရှင်၏အစွမ်းကို ခံစားလိုက်ရသည်။
“သေစမ်း...”
ချီဟိန်းက လော့ချန်ကို အကြည့်ဖြင့် ပစ်မှတ်ထားလိုက်ပြီးနောက် ဟိန်းဟောက်လျက် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
“ဘုန်း...”
လေဟာနယ်အတွင်း၌ ဧရာမလေဆင်နှာမောင်း နှစ်ခု ဖြစ်ပေါ်လာပြီး လော့ချန်ဆီသို့ တိုးဝင်သွားတော့သည်။ ထို လေဆင်နှာမောင်းများအတွင်းမှာ မိုးကြိုးလျှပ်စီးများလည်း ပါဝင်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။
“သတ်ကြစမ်း...”
မုန့်ယွမ်ချုံနှင့် လုရှောင်ကျင့်တို့သည်လည်း သူတို့၏သိုင်းဝိညာဉ်များကို လှုံ့ဆော်လိုက်ကြပြီး အစွမ်းကုန် တိုက်ခိုက်လိုက်ကြတော့သည်။
“ဂျိမ်း... ဂျိမ်း...”
ပြင်းထန်လှသည့် အရှိန်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံမှာလည်း မည်းမှောင်သွားကာ မိုးကြိုးလျှပ်စီးများ ဆက်တိုက် ပစ်ချနေတော့သည်။ ကမ္ဘာကြီး ပျက်စီးတော့မည့်အလား အရှိန်အဝါများ ပြန့်နှံ့သွားခဲ့ချေပြီ။
ထို ပြင်းထန်လှသည့် အရှိန်အဟုန်များသည် ကောင်းကင်ယံမှ ကျဆင်းလာသည့် မြစ်ကြီးတစ်စင်းအလား လော့ချန်ဆီသို့ ဦးတည်သွားပြီး အရာအားလုံးကို ချေမှုန်းတော့မည့်ပုံစံ ရှိနေသည်။
“ဂျိမ်း...”
မိုးကြိုးတစ်ခု ပစ်ချလိုက်ရာ မင်ရှာအိုင်အတွင်းက ကျောက်ဆောင်တစ်ခုသည် ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ဘေးနားမှာ ကြည့်နေကြသည့်လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြရသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူ ရှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းအထဲမှာ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် သုံးဦးပင် ပါဝင်နေခြင်းဖြစ်ရာ လော့ချန်တင်မကဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့်သန်မာသူတစ်ဦးပင်လျှင် ချက်ချင်း အသတ်ခံရမည်မှာ သေချာလှပေသည်။
ဒီတစ်ကြိမ်မှာတော့ လော့ချန် အသက်ရှင်နိုင်မည် မဟုတ်ဟု အားလုံးက ယူဆလိုက်ကြသည်။
သေချာပေါက် သေဆုံးရမည်ဖြစ်သလို ပြာအဖြစ် ပြောင်းလဲသွားမည်လည်း ဖြစ်ပေသည်။
“ဘုန်း...”
မျက်စိတစ်မှိတ်အတွင်းမှာတင် ထိုအရှိန်အဟုန်များသည် လော့ချန်၏ပုံရိပ်ကို ဝါးမြိုသွားခဲ့ပြီး ကောင်းကင်ယံမှာလည်း ပြင်းထန်စွာ တုန်ခါသွားကာ လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့သည်။ တောက်ပလှသည့် အလင်းတန်းများသည် နေမင်းကြီးအလား ဝင်းလက်နေပြီး ပင်လယ်လှိုင်းလုံးကြီးများအလား ဆူညံသံများ ထွက်ပေါ်နေတော့သည်။
“သေသွားပြီ...”
“ဒါဟာ ငါတို့မင်းသားတန်းကို ရန်စတဲ့ ရလဒ်ပဲ...”
ပျက်စီးနေသည့် ကောင်းကင်ယံကို ကြည့်ပြီး အဓိကတပည့်များသည် တစ်ဦးစီတိုင်း စိတ်လှုပ်ရှားနေကြ၏။
“ဟားဟားဟား... သေခါနီးတောင်မှ စကားကြီးစကားကျယ် ပြောနေသေးတယ်... မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ...” မုန့်ယွမ်ချုံသည် သူ၏ဓားကို သိမ်းလိုက်ပြီး လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
လုရှောင်ကျင့်လည်း ယခုမှပင် သက်ပြင်းတစ်ချက် ချနိုင်တော့ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
သေသွားပြီ...။
သူ့ကို အရှက်ရအောင် လုပ်ခဲ့သည့်လူသည် နောက်ဆုံးတော့ သေသွားခဲ့ချေပြီ။
“ငါကပဲ အထင်ကြီးနေမိတာ... တကယ်တော့ ဒီလောက်ပါပဲလား...”
ချီဟိန်းသည် သူ၏လက်ညှိုးကို တစ်ချက် တောက်လိုက်ပြီး ပြုံးလိုက်သည်။
သူ စကားမဆုံးသေးမီမှာပင် မျက်နှာထက်က အပြုံးများသည် တောင့်တင်းသွားခဲ့ပြီး လော့ချန် ရှိခဲ့သည့်နေရာကို စိုက်ကြည့်လိုက်မိသည်။
ထိုရှုပ်ထွေးနေသည့် ကောင်းကင်ယံအတွင်းမှနေ ပြင်းထန်လှသည့် လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာသည်။
“ဂျိမ်း...”
မိုးကြိုးသံကြီးတစ်ခု ထွက်ပေါ်လာပြီး အရှိန်အဟုန်များကြားမှနေလူတစ်ဦး လမ်းလျှောက်ထွက်လာခဲ့သည်။
၎င်းမှာ လော့ချန်ပင် ဖြစ်၏။
ယခုအချိန်မှာတော့ သူ၏ အရှိန်အဝါသည် လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။ကိုယ်တွင်းရှိ ချီစွမ်းအင်များသည် ပေါက်ကွဲထွက်ပေါ်နေပြီး နက်မှောင်သော ဆံပင်များသည်လည်း လေထဲ၌ ရူးသွပ်စွာ ဝေ့ဝဲနေကာ မိုးကြိုးလျှပ်စီးများကြားတွင် ရပ်နေသည့် လော့ချန်သည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ရှိနေတော့၏။
အခန်း ၅၉၃ ပြီးပါပြီ။
အခန်း ၅၉၄ - ကျင်းမင် ဘယ်မှာလဲ...
“ဟင်...”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူက အသက်ရှင်နေသေးတာလား...”
ရှုပ်ထွေးနေသည့် နယ်မြေအတွင်းမှ တစ်လှမ်းချင်း လမ်းလျှောက်ထွက်လာပြီး မည်သည့် ဒဏ်ရာမျှ မရရှိဘဲ အကောင်းပကတိရှိနေသည့် လော့ချန်ကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိလူများအားလုံး တုန်လှုပ်သွားကြတော့သည်။
အထူးသဖြင့် အဓိကတပည့် ရှစ်ဦးသည် တစ်ဦးစီတိုင်း မျက်နှာများ ပျက်ယွင်းနေကြချေပြီ။
၎င်းတို့ရှစ်ဦး ပူးပေါင်းတိုက်ခိုက်မှု၏ အရှိန်အဟုန်မှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလှသနည်း။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်သန်မာသူတစ်ဦးပင်လျှင် ရှောင်တိမ်းရမည့် တိုက်ခိုက်မှုဖြစ်ပါလျက် လော့ချန်ကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ခဲ့ပေ။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်...”
လုရှောင်ကျင့်သည် လော့ချန်ကို စိုက်ကြည့်လျက် သရဲသဘက်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... တစ်လအတွင်းမှာတင်... မင်း... မင်း... မင်းက ဘယ်လိုလုပ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ရတာလဲ...”
စိတ်လှုပ်ရှားလွန်းသဖြင့် လုရှောင်ကျင့်၏ စကားသံများမှာ အထစ်ထစ်အငေါ့ငေါ့နှင့ တုန်ရီနေတော့သည်။
လွန်ခဲ့သည့်တစ်လခန့်က နန်းမြို့တော်တိုက်ပွဲ၌ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ကျင့်ကြံဆင့်သာ ရှိသေးသည်ကို လုရှောင်ကျင့်က ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
တိုတောင်းလှသည့် တစ်လခန့်အတွင်းမှာတင် နယ်ပယ်ကြီးနှစ်ခုအထိ တိုးတက်လာသည်တဲ့လား...။
“ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ...”
“လုံးဝကို မဖြစ်နိုင်ဘူး...”
“ဂျိမ်း...”
လော့ချန်သည် လေဟာနယ်ထဲမှာ ရပ်နေပြီး တောက်ပလှသည့် လျှပ်စီးစွမ်းအင်များနှင့် ရှုပ်ထွေးနေသည့် အရှိန်အဟုန်များသည် သူ၏ကိုယ်ပတ်လည် သုံးပေအတွင်းသို့ မချဉ်းကပ်နိုင်မီမှာတင် အကာအကွယ်ချီစွမ်းအင်များကြောင့် ချေမှုန်းခံလိုက်ရပြီး လွင့်စင်သွားတော့သည်။ လော့ချန်က ထိုရှစ်ဦးကို မော့ကြည့်လိုက်သည်။
“ငါက မင်းတို့ရဲ့ တိုက်ခိုက်မှုကို တစ်ကြိမ်လက်ခံပြီးပြီဆိုတော့ အခု ငါ့အလှည့်ပေါ့...”
လော့ချန်၏ မျက်ဝန်းများအတွင်းမှ ထက်မြက်လှသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ထို စူးရှလှသည့် အကြည့်များသည် ဓားအလင်းတန်း နှစ်ခုအလား ပစ်မှတ်ထားခံရသူတိုင်း၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များကိုပင် ထောင်ထစေကာ ဦးရေပြားများပင် ထုံကျဉ်သွားစေတော့သည်။
“အသုံးမကျတဲ့ကောင်က ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတယ်ပေါ့... မင်းမှာ တကယ် ဘယ်လောက်အစွမ်းရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
ထိုရှစ်ဦးထဲတွင် မုန့်ယွမ်ချုံတစ်ဦးတည်းသာ ဓားသမားဖြစ်၏။ ဓားသမားတစ်ဦး၏ မာန်မာနအရ လော့ချန်၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသည်ကို သူ လက်မခံနိုင်ပေ။ အရှက်ရမှုနှင့်အတူ သူသည် လော့ချန်ထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ချီဟိန်း၏ မျက်ဝန်းများသည် ကျုံ့သွားသော်လည်း တားဆီးခြင်းမပြုပေ။ လော့ချန်၏အစွမ်းမှာ အမှန်တကယ် မည်မျှရှိသည်ကို သူလည်း သိချင်နေသည်။
“သေစမ်း...”
မုန့်ယွမ်ချုံသည်လည်း ၄၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။ သူသည် ဟိန်းဟောက်လိုက်ကာ ပြင်းထန်လှသည့် ချီစွမ်းအင်များနှင့်အတူ ထက်မြက်လှသည့် ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်ပြီး မြစ်ကြီးတစ်စင်းအလား ရှည်လျားလှသည့် ဓားအလင်းတန်းတစ်ခုဖြင့် လော့ချန်ကို ပိုင်းဖြတ်လိုက်တော့သည်။
“ဒါဆိုရင် မင်းကို အရင်ဆုံး ပို့ပေးရသေးတာပေါ့...”
လော့ချန်က လှောင်ပြုံး ပြုံးပြလိုက်သော်လည်း ဓားကို ဆွဲမထုတ်ပေ။ သူသည် လက်ဗလာဖြင့်သာ တိုးဝင်သွားခဲ့ပြီး လက်သီးနှစ်ဖက်ပေါ်တွင် အလင်းတန်းများ ဝင်းလက်နေကာ ကျောက်စိမ်းတုံးများအလား ဖြစ်ပေါ်နေပြီး ကြီးမားလှစွာသော ရှေးဟောင်း အိုးကြီးတစ်လုံး၏ အရှိန်အဟုန်နှင့်အတူ အားကုန် ထိုးနှက်လိုက်တော့သည်။
“ဘုန်း...”
ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးလူအများ၏ အံ့အားသင့်နေသည့် အကြည့်များကြားမှာတင် ကောင်းကင်ယံထက်မှ ထိုထက်မြက်လှသည့် ဓားအလင်းတန်းကြီးသည် လက်သီးတစ်ချက်တည်းနှင့်ပင် အမှုန့်ဖြစ်သွားရတော့သည်။
“ဝှစ်...”
လော့ချန်၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး ရိပ်ခနဲပုံရိပ်နှင့်အတူ အလင်းများဝင်းလက်နေသည့် လက်သီးသည် မုန့်ယွမ်ချုံ၏ မျက်စိရှေ့သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
“မလုပ်...”
“ဘုန်း...”
မုန့်ယွမ်ချုံသည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း စကားပင် မဆုံးသေးမီမှာတင် သူ၏ဦးခေါင်းသည် လက်သီးချက်ကြောင့် ပေါက်ကွဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခြမ်းလုံးမှာလည်း ပြင်းထန်လှသည့် အင်အားကြောင့် ကြေမွသွားကာ သွေးများ ဖျန်းခနဲ လွင့်စင်သွားတော့သည်။
“အစ်ကိုမုန့်...”
ကျန်ရှိနေသည့် မင်းသားတန်းတပည့်များသည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြပြီး တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
လော့ချန်၏ ဤလက်သီးတစ်ချက်သည် မုန့်ယွမ်ချုံကိုသာမက ၎င်းတို့၏ စိတ်ကူးယဉ်မှုများကိုပါ ချေမှုန်းလိုက်ခြင်းပင် ဖြစ်၏။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့်သန်မာသူကို လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တာလား... ဒါက တကယ်ကို သန်မာလွန်းတယ်...”
တိုက်ပွဲကို ကြည့်နေကြသည့်လူများအားလုံး ကြက်သေသေသွားကြသည်။
မုန့်ယွမ်ချုံသည် သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့်သန်မာသူ မဟုတ်ပေ။ သူသည် ရွှမ်ယွမ်ဂိုဏ်း၏ ရွှမ်ဟယ်စာရင်းဝင် အဆင့် ၂၁၇ တွင် ရှိသည့် ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်မဟုတ်ပါလော။
ထိုကဲ့သို့သော ပါရမီရှင်သည်ပင် လော့ချန်၏ရှေ့မှာ တစ်ကွက်တည်းနှင့်ပင် အသတ်ခံလိုက်ရချေပြီ။
“ရှူး...”
မုန့်ယွမ်ချုံကို သတ်ဖြတ်ပြီးနောက် လော့ချန်သည် ဘာမှတွန့်ဆုတ်မနေဘဲ ကျန်ရှိနေသည့် ခုနစ်ဦးထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“ဂလု...”
ချီဟိန်းသည် လော့ချန်၏အကြည့်ကို ခံလိုက်ရသည့်အခါ ထက်မြက်လှသည့် ရတနာဓားတစ်စင်းဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး နောက်သို့ ဆုတ်ခွာရင်း အော်ဟစ်လိုက်သည်။
“လော့ချန်... ငါက မြို့တော်ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ... ငါ့ရဲ့အဒေါ်က လက်ရှိ ချီမိဖုရားပဲ... ငါ့ကို သတ်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ မင်း ခြေချစရာနေရာ ရှိမှာ မဟုတ်ဘူး... ဘယ်ကို ပြေးပြေး မင်းက သေလမ်းပဲ ရှိတယ်... မင်းက သေချင်နေတာလား...”
ချီဟိန်းသည် အကြောက်လွန်ကာ လော့ချန်ကို စိုက်ကြည့်လျက် ခြိမ်းခြောက်လိုက်သည်။
လော့ချန်က သူ့ကို မသတ်ရဲဟု သူ ယုံကြည်နေခြင်း ဖြစ်၏။ ချီ မိဖုရားသည် အဋ္ဌမမင်းသား ကျင်းမင်၏ မယ်တော်ဖြစ်ပြီး ယခုအခါမှာတော့ ဧကရာဇ်၏ အချစ်ဆုံးသူ ဖြစ်နေသည့်အတွက် ချီမိသားစုသည်လည်း အလွန်ပင် တန်ခိုးအာဏာ ကြီးမားနေသည် မဟုတ်ပါလော။
အကယ်၍ လော့ချန်က သူ့ကို သတ်ရဲမည်ဆိုလျှင် ၎င်းမှာ ချီမိသားစုတစ်ခုလုံးနှင့် ရန်သူဖြစ်ရုံသာမက တစ်နိုင်ငံလုံး၏ တော်ဝင်မိသားစုနှင့်ပါ ရန်သူဖြစ်သွားမည် ဖြစ်ပေသည်။
“ဩော်... ချီမိသားစုကလား...”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ချီဟိန်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ မင်းကို ပိုပြီးတော့ ချန်ထားလို့ မဖြစ်တော့ဘူး...”
ထိုနေ့က သူ့ကို လိုက်သတ်ခဲ့သည့် မြေကမ္ဘာအဆင့် မဟာသန်မာသူသည် ချီမိသားစုမှ ဖြစ်သည်မဟုတ်ပါလော။ လော့ချန်၏ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေသည်မှာ ကြာလှပြီပင်။
တစ်ဖက်လူက ချီမိသားစုမှ ဖြစ်သည်ဟု မပြောလျှင်ပင် ထားစေဦး... အခုတော့ ချီမိသားစုမှ ဖြစ်သည်ဟု သိလိုက်ရသည့်အတွက် ပို၍ပင် ချန်ထား၍ မဖြစ်တော့ပေ။
အကျိုးဆက်နှင့် ပတ်သက်လျှင်တော့...
တစ်ဖက်လူက မိမိကို သတ်ရန် ကြိုးစားနေပြီဆိုမှတော့ မည်သည့်အကျိုးဆက်ကိုမျှ ဂရုစိုက်နေစရာ မလိုတော့ပေ။
ထို့အပြင် လော့ချန်၏နောက်ကွယ်တွင်လည်း ပထမမင်းသား ရှိနေသည်မဟုတ်ပါလော။
“ရှူး...”
အခြားလူများကို ဂရုမစိုက်တော့ဘဲ လော့ချန်သည် ချီဟိန်းထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“မင်း သေချင်နေတာပဲ...”
ချီဟိန်းသည် လော့ချန်ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်ထားသော်လည်း အခြေအနေမှာ ပြောင်းပြန်ဖြစ်နေသည့်အတွက် ဒေါသတကြီးဖြင့် သူ၏ လေဆင်နှာမောင်းသိုင်းဝိညာဉ်ကို ပြင်းထန်စွာ လှုံ့ဆော်လိုက်ပြီး လက်ဖဝါးနှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်ရာ လေဆင်နှာမောင်း တိုက်ခိုက်မှုများသည် ငွေရောင်မြွေကြီး နှစ်ကောင်အလား လော့ချန်ဆီသို့ တိုးဝင်သွားတော့သည်။
“တောင်ခွင်းလက်သီး...”
လော့ချန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ခန္ဓာကိုယ်ပေါ်တွင် တောင်တန်းများအလား အရှိန်အဝါများ ဖြစ်ပေါ်လာကာ ကြီးမားလှသည့် အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားလျက် လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။
“ဘုန်း...”
ဧရာမ အိုးကြီးသည် ငွေရောင်လေဆင်နှာမောင်း နှစ်ခုကို တိုက်ရိုက် ထိမှန်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အသံနှင့်အတူ ထိုလေဆင်နှာမောင်းများသည် ချက်ချင်း ကြေမွသွားကာ သန့်စင်သည့် ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။
“ရှူး...”
ထိုအချိန်မှာပင် လော့ချန်သည် အလင်းတန်းတစ်ခုအလား တစ်ချက်လှုပ်ရှားလိုက်ပြီး ချီဟိန်း၏ရှေ့သို့ ရောက်ရှိသွားတော့သည်။
“မြန်မြန်... သူ့ကို မြန်မြန် တားကြစမ်း...”
ချီဟိန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး အော်ဟစ်အကူအညီတောင်းလိုက်သည်။
“ဘုန်း...”
လက်သီးပုံရိပ်တစ်ခု ဝေ့ယမ်းသွားပြီးနောက် ချီဟိန်း၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲသွားကာ သွေးမိုးများအဖြစ် ပတ်ဝန်းကျင်သို့ လွင့်စင်သွားတော့သည်။
လုံးဝကို တုန်လှုပ်စရာကောင်းလှသည်။
လူတိုင်းသည် ဤမြင်ကွင်းကြောင့် မှင်တက်မိနေကြရပြီး ၎င်းတို့၏မျက်လုံးထဲတွင် လော့ချန်သည် ပြိုင်ဘက်ကင်းလှသည့် စစ်နတ်ဘုရားတစ်ပါးအလား ရှိနေတော့သည်။
ရွှယ်ဟယ်စာရင်းဝင် သန်မာသူ နှစ်ဦး... ထိုအထဲတွင် အဆင့် ၂၀၀ အတွင်းက ပါရမီရှင် ချီဟိန်းပင် ပါဝင်နေပါလျက် လော့ချန်၏ လက်ဗလာဖြင့် ထိုးနှက်မှုကို မည်သည့်ခုခံမှုမျှ မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရချေပြီ။
လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေအိုင်တွင် ကျင့်ကြံခဲ့သလို ယင်းလီ၏ အေးစိမ့်လှသည့် ချီစွမ်းအင်ဖြင့်လည်း ခန္ဓာကိုယ်ကို သန့်စင်ထားခြင်းကြောင့် သူ၏သွေးသားနှင့် ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာလှပေသည်။
သူ ဓားကို ဆွဲမထုတ်ခြင်းမှာ သူ၏ခန္ဓာကိုယ်အစွမ်းမှာ မည်မျှအထိ သန်မာနေပြီလဲဆိုသည်ကို စမ်းသပ်ချင်ရုံသာ ဖြစ်၏။ ရလဒ်မှာတော့ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သန်မာသူကို တစ်ကွက်တည်းနှင့် သတ်နိုင်သည်အထိ ဖြစ်ရာ သူ အလွန်ပင် စိတ်ကျေနပ်မိသည်။
“ပြေးကြ...”
ရွှမ်ဟယ်စာရင်းဝင် သန်မာသူ နှစ်ဦးစလုံး တစ်ကွက်တည်းနှင့် အသတ်ခံလိုက်ရသည့်အတွက် ကျန်ရှိနေသည့် မင်းသားတန်းတပည့်များသည် တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး အသက်လုကာ ထွက်ပြေးကြတော့သည်။
လော့ချန်က လှောင်ပြုံးလိုက်ပြီး လက်သီးချက်များကို မိုးသက်မုန်တိုင်းအလား ဆက်တိုက် ထိုးနှက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသည့် လက်သီးအရှိန်အဝါများသည် လေဟာနယ်ကို တုန်ခါစေလျက် ထွက်ပေါ်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
သွေးပွင့်များမှာ ကောင်းကင်ယံထက်တွင် လွင့်စင်သွားတော့သည်။
“အား... အား... အား...”
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အလောင်းများသည် တစ်ခုပြီးတစ်ခု အောက်သို့ ပြုတ်ကျသွားခဲ့ရာ ဘယ်သူမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ဤသူများသည် သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူများသာ ဖြစ်ကြပြီး ချီဟိန်းနှင့် မုန့်ယွမ်ချုံကိုပင် မမီကြရာ လော့ချန်၏ လက်သီးချက်ကို မည်သို့မျှ မခုခံနိုင်ကြပေ။
တခဏအတွင်းမှာတင် မင်းသားတန်းတပည့် ကိုးဦးအနက် လုရှောင်ကျင့် တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး ကျန်လူများအားလုံးမှာ အလောင်းပင် ရှာမရအောင် သေဆုံးသွားကြရချေပြီ။
လုရှောင်ကျင့်၏ ညာဘက်လက်တစ်ခုလုံးမှာလည်း ပေါက်ကွဲသွားခဲ့ပြီး သွေးစက်များ ကျနေသည့် လက်တစ်ဖက်သာ ကျန်ရှိတော့သည်။ သူသည် မျက်နှာတွင် သွေးမရှိတော့ဘဲ တစ်လှမ်းချင်း တိုးလာသည့် လော့ချန်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်လျက် အသနားခံလိုက်တော့သည်။
“လော့ချန်... ငါ့ကို မသတ်ပါနဲ့... ငါ့ကို လုံးဝ မသတ်ပါနဲ့... ငါလည်း ကျင်းမင်ရဲ့ အမိန့်အတိုင်း လုပ်ခဲ့ရတာပါ...”
လော့ချန်က လုရှောင်ကျင့်ထံသို့ လျှောက်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“ကျင်းမင်က အခု ဘယ်မှာလဲ...”
အခန်း ၅၉၄ ပြီးပါပြီ။