အခန်း (၅၉၈-၆၀၀)
Vol. 40 Ch. 598-600
အခန်း ၅၉၈ - ကျင်းမင်... ထွက်ခဲ့စမ်း...
“ဘာ... အကြီးအကဲလူကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား...”
ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့သည် မျက်လုံးများ ပြူးကျယ်သွားကြပြီး တစ်ဦးကိုတစ်ဦး မှင်တက်မိစွာ ကြည့်လိုက်ကြသည်။
လော့ချန်သည် အလွန်သန်မာကြောင်း၊ အတွင်းစည်းသို့ ရောက်ရှိပြီး တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာတင် အဓိကတပည့် ဖြစ်လာခဲ့ကြောင်း သူတို့ သိရှိကြသော်လည်း လော့ချန်၏ တိုက်ခိုက်မှုကိုကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ကြပေ။ ယခုမှသာ လော့ချန် မည်မျှအထိ သန်မာနေပြီလဲဆိုသည်ကို သူတို့ လက်တွေ့ ခံစားလိုက်ရခြင်း ဖြစ်၏။
အကြီးအကဲလူသည် ဝါရင့် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူတစ်ဦး ဖြစ်ပြီး ဆယ်စုနှစ်နှင့်ချီသော အတွေ့အကြုံများကြောင့် သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူများကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော်လည်း လော့ချန်၏ ရှေ့မှောက်တွင်မူ မည်သို့မျှ မခုခံနိုင်ဘဲ လက်သီးတစ်ချက်တည်းဖြင့်ပင် ဒဏ်ရာပြင်းထန်သွားရသည် မဟုတ်ပါလော။
ထိုနေရာရှိ အခြားသော အပြင်စည်းတပည့်များမှာလည်း အလွန်ပင် တုန်လှုပ်သွားကြရပြီး လော့ချန်ကို ထူးဆန်းသော နတ်ဆိုးတစ်ပါးအလား ကြည့်နေကြတော့သည်။
“မင်း... မင်း...”
အကြီးအကဲလူသည် လော့ချန်ကို လက်ညှိုးထိုးလျက် သွေးများ အန်ထုတ်နေပြီး လက်သီးတစ်ချက်တည်းဖြင့် အရှုံးပေးလိုက်ရသည့် အမှန်တရားကို မယုံကြည်နိုင် ဖြစ်နေတော့သည်။
မခုခံနိုင်သည်မှာ ဒုတိယအချက်သာ ဖြစ်၏။ စောစောက လက်သီးချက်ကို ရင်ဆိုင်လိုက်ရစဉ်က သူ၏ စိတ်ထဲတွင် ဝေဝါးလှသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းမှာ သေခြင်းတရားကို ကြောက်ရွံ့မှုပင် ဖြစ်၏။
အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် အသုံးမကျသူ တစ်ယောက်ကို သူ ကြောက်ရွံ့နေမိသည်တဲ့လား...။
“ဖူး...”
စိတ်လှုပ်ရှားမှုနှင့်အတူ အကြီးအကဲလူသည် နောက်ထပ် သွေးတစ်ချက် ထပ်မံ အန်ထုတ်လိုက်ရပြီး လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်လျက် မျက်နှာ ပျက်ယွင်းစွာ ဟိန်းဟောက်လိုက်သည်။
“လော့ချန်... မင်းက ငါ့ကိုတောင် တိုက်ခိုက်ဝံ့တယ်ပေါ့... မင်း တကယ်ပဲ ရဲတင်းလွန်းတယ်... ကြည့်ထားလိုက်ဦး... ဒီကိစ္စကို ပြစ်ဒဏ်ခန်းမ အကြီးအကဲတွေဆီ ငါ သတင်းပို့မယ်... မင်း ဘယ်လို ရှင်းပြမလဲဆိုတာ ကြည့်ရသေးတာပေါ့...”
“ရှင်းပြရမယ်ဟုတ်လား... ဟားဟား...”
လော့ချန်က အေးစက်စွာ ရယ်မောလိုက်ပြီး အကြီးအကဲလူ၏ ရှေ့သို့ တစ်လှမ်းချင်း တိုးသွားကာ မောက်မာစွာ ဆိုလိုက်သည်။
“အဖိုးကြီး... စောစောက မင်း အရင်ဆုံး တိုက်ခိုက်ခဲ့တာကို မမေ့နဲ့ဦး... နောက်ပြီး မင်းက တပည့်တွေလူကို နှိပ်စက်နေတာကို မြင်ရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး ကြည့်နေခဲ့တယ်... ဒီလို လုပ်ရပ်မျိုးနဲ့ မင်းကိုယ်မင်း အကြီးအကဲလို့ ခေါ်ဖို့ မရှက်ဘူးလား... အဲဒီကျရင် မင်းကော ဘယ်လို ရှင်းပြမှာလဲ...”
အကြီးအကဲလူ၏ မျက်နှာမှာ အနည်းငယ် အုံ့မှိုင်းသွားပြီး ဒေါသတကြီး ဆိုလိုက်သည်။
“မင်းက တကယ်ပဲ စကားတတ်တာပဲ... မင်း ဘယ်လိုပဲ ပြောပြော... မင်းက အတွင်းစည်းတပည့် တစ်ယောက်အနေနဲ့ အကြီးအကဲ တစ်ယောက်ကို တိုက်ခိုက်တာကတော့ လုံးဝကို မလေးမခန့် လုပ်တာပဲ...”
“ဟုတ်လို့လား...”
လော့ချန်က မျက်နှာမပျက်ဘဲ တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“သာမန် အတွင်းစည်းတပည့် တစ်ယောက်မှာတော့ ဒီလို အခွင့်အရေး မရှိပါဘူး... ဒါပေမဲ့ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး ဆိုရင်ကော...”
အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးသည် ဆယ်ဦးသော အဓိကတပည့်များကဲ့သို့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သော အာဏာ မရှိသော်လည်း သူတို့၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှသဖြင့် အပြင်စည်းတပည့်များနှင့် အပြင်စည်းအကြီးအကဲများကို ပြစ်ဒဏ်ပေးရန်မှာမူ မခက်ခဲလှပေ။
“အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးဟုတ်လား... မင်း ဘာတွေ ပြောနေတာလဲ... မင်းကိုယ်မင်း အတွင်းစည်း ထိပ်သီးတပည့် တစ်ယောက်လို့ ထင်နေတာလား... ဟမ့်... မင်းရဲ့ အစွမ်းက သန်မာတာတော့ မှန်ပါတယ်... ဒါပေမဲ့ အတွင်းစည်း ထိပ်သီးတပည့်တွေနဲ့ ယှဉ်ဖို့ဆိုရင်တော့ မင်းက မိုင်ပေါင်း သောင်းနဲ့ချီပြီး ဝေးနေသေးတယ်...”
အကြီးအကဲလူသည် လော့ချန်၏ စကားကို ရယ်စရာတစ်ခုအလား မထီမဲ့မြင် ပြုလျက် ဆိုလိုက်သည်။
အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး ဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်များနည်း။ ရွှမ်ဟယ်စာရင်း၏ ထိပ်သီး ဆယ်ဦး ဖြစ်ကြသည်မဟုတ်ပါလော။
ထိုသူများ၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး အဆင့်မြင့် သိုင်းဝိညာဉ်များကိုလည်း နိုးကြားထားကြကာ ထူးချွန်လှသော ကြီးမြတ်သည့် အလားအလာ ရှိသူများ ဖြစ်ကြသည်။
လော့ချန်နှင့် အတွင်းစည်း ထိပ်သီးတပည့်များကို နှိုင်းယှဉ်ရသည်မှာ ပုရွက်ဆိတ်နှင့် ဆင်ကြီး ကဲ့သို့ပင် ကွာခြားလှပေသည်။ ထိုအချက်ကို တွေးမိသည်နှင့် အကြီးအကဲလူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးများမှာ ပိုမို ထင်ရှားလာတော့သည်။
“တကယ်လို့ မင်းသာ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲ ပါနိုင်မယ်ဆိုရင်... ငါ အခုချက်ချင်း အကြီးအကဲ ရာထူးကနေ နုတ်ထွက်မယ်... နောက်ပြီး နောင်တစ်ချိန်မှာ မင်းကို မြင်ရင် ငါ လမ်းဘေးကနေပဲ ရှောင်သွားမယ်...”
“ဟုတ်လို့လား... ဒီစကားကို မင်း သေချာ မှတ်ထားဖို့ မျှော်လင့်ပါတယ်...”
လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေပြီး လက်ဖဝါး တစ်ချက် လှုပ်ရှားလိုက်တော့သည်။
ချက်ချင်းပင်...
“အား... အား... အား...”
ဘေးနားရှိ ထိတ်လန့်နေသော မင်းသားတန်းတပည့် အချို့မှာ ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ လွင့်ထွက်သွားကြရပြီး တစ်ဦးစီတိုင်းမှာ သွေးများ အန်ထုတ်လျက် တစ်ကိုယ်လုံးရှိ အရိုးများမှာလည်း ကျိုးကြေသွားကြတော့သည်။
“မင်း တကယ်ပဲ ရဲတင်းလွန်းတယ်... အခုချက်ချင်း လက်မရပ်သေးဘူးလား... မဟုတ်ရင်...”
အကြီးအကဲလူသည် လော့ချန်ကို တားဆီးရန် ပြင်လိုက်သော်လည်း သူ၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး လက်ဝါးပုံရိပ်တစ်ခုသည် သူ့ထံသို့ ဟိန်းဟောက်လျက် တိုးဝင်လာတော့သည်။
“ဘုန်း...”
နောက်ထပ် သွေးတစ်ချက် ထပ်မံ အန်ထုတ်လိုက်ရပြီး အကြီးအကဲလူသည် မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားခဲ့ကာ တောအုပ်အတွင်းသို့ ပုံကျသွားခဲ့ပြီး ညည်းတွားသံ အချို့သာ ထွက်ပေါ်နိုင်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။
လူတိုင်းမှာ လော့ချန်၏ ရက်စက်လှသော လုပ်ရပ်များကြောင့် တုန်လှုပ်သွားကြပြီး မှင်တက်မိနေကြရကာ ပါးစပ်များကိုပင် ပြန်မပိတ်နိုင်ကြတော့ပေ။
လော့ချန်၏ မျက်ဝန်းထဲမှ ထက်မြက်သော အလင်းတန်းများမှာ ပျောက်ကွယ်သွားခဲ့ပြီး ဒဏ်ရာရထားသော မျက်နှာလေးထောင့်ကျကျနှင့် တပည့်ကို ကြည့်ကာ ဆိုလိုက်သည်။
“စောစောက ကိစ္စတွေကို ငါ အကုန် မြင်ခဲ့ပါတယ်... မင်း မင်းသားတန်းကလူတွေကို ခေါင်းမငုံ့ခဲ့တာက အတော်လေး ကောင်းတယ်...”
ထိုတပည့်မှာ လော့ချန်က သူ့ကို သတိပြုမိသဖြင့် အလွန်ပင် ဝမ်းသာသွားခဲ့ပြီး နှုတ်ခမ်းထောင့်ရှိ သွေးစက်များကို သုတ်လျက် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
“စီနီယာအစ်ကို လော့ချန်ကို ဂါရဝပြုပါတယ်...”
“စီနီယာအစ်ကို လော့ချန်... နေကောင်းတယ်နော်...”
ကျန်ရှိနေသော လော့မဟာမိတ်တပည့် အချို့မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လော့ချန်ကို အလွန်ပင် ကြည်ညိုလေးစားစွာ ကြည့်နေကြတော့သည်။
ဤအတောအတွင်း သူတို့သည် မင်းသားတန်း၏ နှိပ်စက်ခြင်းကို အလူးအလဲ ခံခဲ့ကြရသဖြင့် ယနေ့တွင်မူ ဒေါသတစ်ခုကို အပြတ်အသတ် ဖြေဖျောက်နိုင်ခဲ့ချေပြီ။ လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်ရာ မွှေးရနံ့များ ပြည့်နှက်နေသော ဝိညာဉ်ဆေးနှင့် ဝိညာဉ်ဆေးလုံး ပုလင်းများမှာ ထိုတပည့်များ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
“ဆုံတွေ့ရတာကလည်း ကံတရားတစ်ခုပဲလေ... ဒီဆေးလုံးတွေက ငါ့ရဲ့ လက်ဆောင်တွေပါ... မင်းတို့ သေချာ ကျင့်ကြံကြပါ... သွေးကြောနိုးကြားမှုနယ်ပယ်ကို ချိုးဖျက်နိုင်ပြီး အတွင်းစည်းကို တက်လှမ်းနိုင်ဖို့ ကြိုးစားကြပါဦး...”
ယွမ်မန်လီ သတင်းအစအန ပျောက်ဆုံးသွားပြီးနောက် လော့မဟာမိတ်၏ အခြေအနေမှာ ပြောနေစရာ မလိုတော့ပေ။
ဤသူများသည် ယခုအချိန်အထိ လော့မဟာမိတ်မှ မထွက်ခွာဘဲ နေနေကြခြင်းမှာ သူတို့၏ စိတ်ဓာတ် ခိုင်မာမှုကို ပြသနေခြင်း ဖြစ်ရာ သေချာစွာ ပြုစုပျိုးထောင်မည်ဆိုလျှင် နောင်တစ်ချိန်တွင် လော့မဟာမိတ်၏ အခြေခံအုတ်မြစ်များ ဖြစ်လာနိုင်ပေသည်။
“စီနီယာအစ်ကို လော့ချန်ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ...”
လော့မဟာမိတ်တပည့် အချို့မှာ လက်ထဲရှိ ဝိညာဉ်ဆေးနှင့် ဝိညာဉ်ဆေးလုံးများကို မြင်ရသည့်အခါ မျက်လုံးများမှာ ဝင်းလက်သွားကြပြီး အလွန်အမင်း ဝမ်းသာသွားကြတော့သည်။
“ဟင်... ဒါတွေ အားလုံးက ကြယ်ပွင့်အဆင့် ဝိညာဉ်ဆေးလုံးတွေပဲ... ကြယ်လေးပွင့်ဆေးလုံးတွေတောင် ပါသေးတယ်...”
“ဒီဆေးလုံးတွေရဲ့ တန်ဖိုးက အနည်းဆုံးတော့ ငွေစ သိန်းရာချီ ရှိမှာပဲ... ဒါက တကယ်ကို ရက်ရောလွန်းတာပဲ...”
ဘေးနားရှိ အခြားသော အပြင်စည်းတပည့်များမှာလည်း ထိုဆေးပုလင်းများကို ကြည့်လျက် မျက်လုံးများမှာ နီမြန်းနေကြပြီး အလွန်ပင် အားကျစိတ်များ ဖြစ်ပေါ်နေတော့သည်။
လက်တစ်ချက် တောက်လိုက်ရုံဖြင့် ငွေကျပ် သိန်းရာချီသော စည်းစိမ်များကို ပေးကမ်းခြင်းမှာ ရွှမ်ဟယ်စာရင်းဝင် တပည့်များပင်လျှင် ဤမျှအထိ လက်မကြီးလှပေ။
လော့ချန်မှာမူ ထိုကိစ္စကို ဂရုမစိုက်ပေ။ ဤ အနိမ့်အဆင့် ဝိညာဉ်ဆေးနှင့် ဝိညာဉ်ဆေးလုံးများမှာ လုရှောင်ကျင့် တို့ထံမှ ရရှိထားခြင်း ဖြစ်သဖြင့် သူ့အတွက် မလိုအပ်လှဘဲ လော့မဟာမိတ်တပည့်များကို ဆုလာဘ်အဖြစ် ပေးလိုက်ခြင်းက ပို၍ သင့်လျော်ပေသည်။
ယွမ်ချီလန်သည် ဒဏ်ရာအပြင်းအထန် ရနေသော မင်းသားတန်းတပည့်များနှင့် အကြီးအကဲလူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“လော့ချန်... ဒီလိုလုပ်တာက နည်းနည်း ရက်စက်လွန်းမနေဘူးလား...”
သူမသည် လော့ချန်ကို အပြစ်တင်လို၍ မဟုတ်ဘဲ လော့ချန်အတွက် ပြဿနာများ ဖြစ်လာမှာကို စိုးရိမ်နေခြင်း ဖြစ်၏။
ယခုအခါ ယွမ်မန်လီ သတင်းအစအန ပျောက်ဆုံးနေသဖြင့် ဂိုဏ်းအတွင်း၌ မင်းသားတန်း၏ အရှိန်အဟုန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေရာ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပွားသွားခြင်းမှာ မင်းသားတန်းက သေချာပေါက် ငြိမ်နေလိမ့်မည် မဟုတ်ပေ။
အပြင်စည်းတပည့် အချို့မှာမူ ကိစ္စမရှိလှဘဲ လော့ချန်၏ လက်ရှိ အဓိကတပည့် အဆင့်အတန်းအရ ဖြေရှင်းနိုင်သော်လည်း အကြီးအကဲလူမှာမူ မင်းသားတန်းတွင် အဆင့်အတန်းတစ်ခု ရှိနေသဖြင့် ယခုကဲ့သို့ ဒဏ်ရာပြင်းထန်သွားခြင်းမှာ အခွင့်အရေးရှာလိုသူများအတွက် အသုံးချစရာ ဖြစ်သွားမှာ သေချာလှပေသည်။
“အပြင်စည်းအကြီးအကဲ တစ်ယောက်ပဲလေ... ဒဏ်ရာရရင်လည်း ရတာပေါ့... ငါ ဒီတစ်ခေါက် ပြန်လာတာက မင်းသားတန်းနဲ့ ရန်ငြိုးတွေကို အပြတ်ရှင်းဖို့ပဲ...”
လော့ချန်၏ အသံမှာ အလွန်ပင် တည်ငြိမ်နေပြီး မေးမြန်းလိုက်သည်။
“ကျင်းမင် ဂိုဏ်းထဲမှာ ရှိလား...”
ဤစကားကို ကြားရသည့်အခါ ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့မှာ ထိတ်လန့်သွားကြရသည်။ မင်းသားတန်းနှင့် ရန်ငြိုးရှင်းမည်၊ ကျင်းမင်ကို ရှာမည် ဆိုသည်မှာ မည်သို့သော အဓိပ္ပါယ်နည်း။
ယွမ်ချီလန် သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်သည်။
“ငါလည်း မသိဘူး... ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ စခန်းတွေကို လိုက်လံ ရှာဖွေဖို့အတွက် မကြာသေးခင်ကမှ အတွင်းစည်းတပည့်တွေနဲ့ အကြီးအကဲ အတော်များများက နတ်ဆိုးတောအုပ်ကို သွားကြတယ်လေ...”
လော့ချန်က ခေါင်းညိတ်လိုက်သည်။
“မင်းတို့ ငါနဲ့အတူ အတွင်းစည်းကို လိုက်ခဲ့ပါ...”
စကားအဆုံးတွင် လော့ချန်သည် အတွင်းစည်းရှိရာဘက်သို့ ဦးတည်၍ လမ်းလျှောက်သွားတော့သည်။
ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်နှာများမှာ မှင်တက်မိနေကာ မယုံကြည်နိုင် ဖြစ်နေကြရသည်။ လော့ချန် နောက်ထပ် ဘာလုပ်မည်ကို သူတို့ ဝေဝါးစွာ ခန့်မှန်းမိသွားခဲ့ပေသည်။ သို့သော်လည်း ထိုကိစ္စမှာ တကယ်ကို တုန်လှုပ်စရာ ကောင်းလွန်းနေသည်မဟုတ်ပါလော။
ကျင်းမင် ဆိုသည်မှာ ရွှမ်ဟယ်စာရင်း၏ တတိယနေရာတွင် ရှိနေသလို အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး၏ တတိယနေရာတွင်လည်း ရှိနေသော ထိပ်တန်း သန်မာသူ တစ်ဦး ဖြစ်သည်မဟုတ်ပါလော။ လော့ချန်၏ တိုးတက်မှုနှုန်းမှာ မည်မျှပင် မြန်ဆန်ပါစေ ထိုအဆင့်သို့ ရောက်ရှိရန်မှာ မလွယ်ကူသည်မှာ သေချာလှပေသည်။
ကူးလင်ဖန်သည် လော့ချန်၏ နောက်ကျောကို ကြည့်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
“ဒီနေ့တော့ ဂိုဏ်းထဲမှာ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မှာပဲ...”
စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လျက် သူတို့နှစ်ဦးစလုံးမှာ လော့ချန်၏ နောက်မှ လိုက်ပါသွားကြပြီး အတွင်းစည်းသို့ သွားကြတော့သည်။
အတွင်းစည်း ကွင်းပြင်...။
ကွင်းပြင်တွင် သွားလာနေကြသော အတွင်းစည်းတပည့်များမှာ ယခင်ကထက် များစွာ နည်းပါးသွားခဲ့ပြီး သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။
“မင်းတို့ ကြားပြီးပြီလား... လော့ချန် ပြန်လာပြီတဲ့... အပြင်စည်းမှာလည်း မင်းသားတန်းကလူအတော်များများကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်တဲ့...”
“ဘာ... မဖြစ်နိုင်တာ... လော့ချန်က ကျိလော့ဂိုဏ်းတပည့်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရပြီး သေသွားပြီ မဟုတ်ဘူးလား...”
“ဟားဟား... အဲဒါက သတင်းမှားပဲ ဖြစ်ရမယ်... အခုဆိုရင် ယွမ်မန်လီကလည်း ပျောက်ဆုံးနေပြီဆိုတော့ လော့ချန်က အသက်ရှင်နေရင်တောင်မှ ငါတို့ မင်းသားတန်းကို ဘယ်လို ရန်စဝံ့မှာလဲ... အေးအေးဆေးဆေးပဲ နေမှာပါ...”
ကွင်းပြင်ရှိ လူအများက အမျိုးမျိုး ပြောဆိုနေကြပြီး လော့ချန် ပြန်လာသည့်သတင်းမှာ အတွင်းစည်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း အတွင်းစည်းတပည့် အတော်များများမှာ ထိုသတင်းကို မယုံကြည်ကြပေ။
ရုတ်တရက် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီးလူတိုင်းက နေရာတစ်ခုသို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။
ပုံရိပ်သုံးခုသည် ကွင်းပြင်အတွင်းသို့ တစ်လှမ်းချင်း ဝင်ရောက်လာကြသည်။
“ဘုရားရေ... အဲဒါ လော့ချန်ပဲ... သူ တကယ် ပြန်လာတာပဲ...”
အတွင်းစည်း ကွင်းပြင်တစ်ခုလုံး ဆူညံသွားခဲ့ပြီး ရှေ့ဆုံးမှ လျှောက်လာသော လူငယ်ပုံရိပ်မှာ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
“သရဲ မြင်လိုက်ရတာလား...”
စောစောက လော့ချန် ပြန်လာခြင်းမှာ သတင်းမှားဟု ပြောခဲ့သော မင်းသားတန်းတပည့်မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး သရဲမြင်လိုက်ရသည့်အလား ရှိနေတော့သည်။
လူအများ၏ အာရုံစိုက်မှုအောက်တွင် လော့ချန်သည် ရွှမ်ဟယ်စာရင်း၏ အောက်သို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ပြီး ခေါင်းမော့ကာ ကြည့်လိုက်သည်။
အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး၏ အဆင့်သတ်မှတ်ချက်မှာ မပြောင်းလဲသေးဘဲ ထိပ်ဆုံး သုံးဦးမှာမူ ဖန်ယွဲ့ယန်၊ ချီယွီ နှင့် ကျင်းမင် တို့ပင် ဖြစ်၏။
အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လော့ချန်သည်လူအများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ကိုယ်တွင်းရှိ ချီစွမ်းအင်များကို နှိုးဆွလျက် ပြင်းထန်သော အသံဖြင့် ဟိန်းဟောက်လိုက်သည်။
“ကျင်းမင်... ထွက်ခဲ့စမ်း...”
အခန်း ၅၉၈ ပြီးပါပြီ။
အခန်း ၅၉၉ - မောက်မာလွန်းခြင်း
“ကျင်းမင်... ထွက်ခဲ့စမ်း...”
လော့ချန်သည် သူ၏ ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလျက် ဟိန်းဟောက်လိုက်ရာ ထိုအသံမှာ အလွန်ပင် ပြင်းထန်လှပြီး လေပြင်းမုန်တိုင်း တစ်ခုအလား မိုင်ပေါင်း ဆယ်ဂဏန်းခန့်အထိ ပဲ့တင်ထပ်သွားခဲ့ကာ အတွင်းစည်း ကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေရုံတင်မကဘဲ ဝေးကွာသော အတွင်းစည်း တောင်ထိပ်များဆီသို့ပါ ပျံ့နှံ့သွားတော့သည်။
“ဘယ်သူလဲ... အဋ္ဌမမင်းသား ကျင်းမင်ကို ဒီလောက်တောင် စိန်ခေါ်ရဲတာ... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား...”
“အသံက အတွင်းစည်း ကွင်းပြင်ဘက်က လာတာပဲ... မြန်မြန် သွားကြည့်ရအောင်...”
ထိုအသံကို ကြားရသည့်အခါ အတွင်းစည်းတပည့်များနှင့် အကြီးအကဲ အတော်များများမှာ အလွန်ပင် တုန်လှုပ်သွားကြရပြီး ကျင့်ကြံနေသော တပည့်အချို့ပင်လျှင် အပြင်သို့ ထွက်လာကြတော့သည်။
ယွမ်မန်လီ ပျောက်ဆုံးသွားပြီးနောက် ဂိုဏ်းအတွင်း၌ မင်းသားတန်း၏ အရှိန်အဝါမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့ရာ မင်းသားတန်း၏ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကျင်းမင်၏ သြဇာမှာလည်း လိုက်ပါ မြင့်တက်လာခဲ့ချေပြီ။
ဤကဲ့သို့သော အချိန်မျိုးတွင် ကျင်းမင်ကို လာရောက် စိန်ခေါ်ဝံ့သူ ရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ အံ့သြတုန်လှုပ်မှုများနှင့်အတူ လူတိုင်းမှာ အတွင်းစည်း ကွင်းပြင်ရှိရာသို့ အပြေးအလွှား သွားကြတော့သည်။
အတွင်းစည်း ကွင်းပြင်...။
စောစောက ဆူညံနေသော ကွင်းပြင်ကြီးမှာ ယခုအခါတွင်မူ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ လော့ချန်ကို ကြည့်လျက် ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
“လော့ချန်က တကယ်ပဲ ကျင်းမင်ကို စိန်ခေါ်နေတာလား...”
ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့မှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကြပြီး မယုံကြည်နိုင် ဖြစ်နေကြရသည်။
အဋ္ဌမမင်းသား ကျင်းမင်...။
ရွှမ်ဟယ်စာရင်း၏ တတိယနေရာတွင် ရှိသော ပါရမီရှင်...။
အတွင်းစည်း တစ်ခုလုံးတွင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသူမှာ လက်တစ်ဖက်စာပင် မပြည့်လှပေ။
လော့ချန် အတွင်းစည်းသို့ ရောက်ရှိသည်မှာ မည်မျှ ကြာသေးသနည်း။ ယခုအခါ ကျင်းမင်ကို တိုက်ရိုက် စိန်ခေါ်နေပြီတဲ့လား...။
ဒါဟာ တကယ်ကို ရူးသွပ်လွန်းသလို တုန်လှုပ်စရာလည်း ကောင်းလှပေသည်။ တကယ်ကို ကမ္ဘာပျက်မတတ် တုန်လှုပ်စရာပင်။ ထိုနေရာရှိ မင်းသားတန်းတပည့်များမှာလည်း တစ်ဦးစီတိုင်း မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။ ကျင်းမင်မှာ မည်သို့သော အဆင့်အတန်း၊ မည်သို့သော အစွမ်းမျိုး ရှိသနည်း။
သူတို့၏ အမြင်တွင် လော့ချန်၏ စကားမှာ ကျင်းမင်ကို စော်ကားရုံတင်မကဘဲ သူတို့ မင်းသားတန်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ယူဆလိုက်ကြသည်။
“ရဲတင်းလှချည်လား... မင်းက ဘာကောင်မို့လို့လဲ... စီနီယာအစ်ကို ကျင်းမင်ရဲ့ အမည်ကို မင်းက ဒီလောက်တောင် တိုက်ရိုက် ခေါ်ဝံ့ရတာလဲ...”
မင်းသားတန်းတပည့် တစ်ဦးက မနေနိုင်တော့ဘဲ ထွက်လာခဲ့ပြီး လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်ကာ၊ ထို့နောက် ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့ကို ကြည့်လျက် ရက်စက်စွာ ပြုံးလိုက်သည်။
“မင်းတို့က အဲဒီ လော့မဟာမိတ် ဆိုတဲ့လူတွေလား... ဟဲဟဲ... အခြေအနေကို နားမလည်တဲ့သူတွေပဲ... မင်းတို့ အခုချက်ချင်း ဒူးထောက်ပြီး အမှားဝန်ခံမယ်ဆိုရင်တော့ ဒီကိစ္စကို ဆွေးနွေးလို့ ရသေးတာပေါ့... မဟုတ်ရင်တော့ မင်းတို့ကို အခက်တွေ့အောင် လုပ်ပေးရမှာပေါ့...”
တစ်ဖက်လူ၏ အကြည့်ကြောင့် ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့မှာ တောင်ကြီးတစ်လုံးအလား ဖိအားများက သူတို့ဆီသို့ တိုးဝင်လာသဖြင့် အသက်ရှူရန်ပင် ခက်ခဲသွားကြရသည်။ ထိုအခါမှသာ လော့ချန် အတွင်းစည်းတွင် မည်သို့သောလူမျိုးများနှင့် ရင်ဆိုင်နေရသည်ကို သူတို့ သိရှိသွားခဲ့ပြီး စိတ်ထဲမှ တုန်လှုပ်မှုနှင့်အတူ လော့ချန်အပေါ် လေးစားမှုမှာလည်း ပိုမို တိုးပွားလာတော့သည်။
လော့ချန်က တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ တည်ငြိမ်နေသည်။
“ငါတို့ကို အခက်တွေ့အောင် လုပ်မယ်ဟုတ်လား... မင်းက ဘာကောင်မို့လို့လဲ...”
ဤစကားကို ကြားရသည့်အခါ ကွင်းပြင်ရှိ အတွင်းစည်းတပည့်များမှာ အံ့သြလွန်းသဖြင့် ပါးစပ်များ ပြူးကျယ်သွားကြရသည်။
ထွက်လာသော မင်းသားတန်းတပည့်မှာ သွမ့်စုန်းဟု ခေါ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အစောပိုင်း အဆင့်တွင် ရှိကာ အတွင်းစည်း အဓိကတပည့် တစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းမှာ အတွင်းစည်း တစ်ခုလုံးတွင် အလယ်အလတ်အထက် အဆင့်တွင် ရှိနေသည် မဟုတ်ပါလော။
လော့ချန်ကမူ ထွက်ထွက်ချင်းပင် “မင်းက ဘာကောင်မို့လို့လဲ”ဟု ပြောလိုက်ခြင်းမှာ တစ်ဖက်လူကို လုံးဝ မျက်စိထဲ မထည့်ခြင်းပင် ဖြစ်၏။ ဤသည်က တကယ်ကို အထွတ်အထိပ်သို့ ရောက်နေသော မောက်မာမှုပင်။
“အသုံးမကျတဲ့ကောင်... ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်...”
သွမ့်စုန်းမှာ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး မျက်နှာပေါ်တွင်လည်း အကြောများ ထောင်ထလာကာ လက်နှစ်ဖက်ကို တစ်ချက် လှုပ်ယမ်းလိုက်ရာ စိမ်းပြာရောင် လှံရှည်တစ်လက် သူ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။ သူ၏ တစ်ကိုယ်လုံးမှ ရက်စက်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
သို့သော်လည်း သူ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် မျက်စိရှေ့၌ အရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ပုံရိပ်တစ်ခု သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင်...
“ဘုန်း...”
လေထုမှာ ပေါက်ကွဲသွားခဲ့ပြီး သွမ့်စုန်း၏ လက်ထဲရှိ လှံရှည်မှာ အဆုံးစွန်အထိ ကွေးညွှတ်သွားကာ ချက်ချင်းပင် ပြန်လည် ကန်ထွက်သွားတော့သည်။ နာကျင်စွာ အော်ဟစ်သံတစ်ခုနှင့်အတူ သူသည် ကြွေလွင့်သွားသော ကြယ်တာရာတစ်ခုအလား မိုင်ပေါင်း သုံးလေးမိုင်ခန့် ဝေးသော နေရာသို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ သူသည် ထိုကျင်းအတွင်း၌ လဲကျနေပြီး လက်နှစ်ဖက်စလုံးမှ အရိုးများ ကျိုးကြေသွားကာ တစ်ကိုယ်လုံးတွင်လည်း သွေးများ စွန်းထင်နေတော့သည်။
“ဟင်...”
ပတ်ဝန်းကျင်ရှိလူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လော့ချန်က အရင်ဆုံး တိုက်ခိုက်ဝံ့လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားသလို သူ၏ အစွမ်းက ဤမျှအထိ သန်မာနေလိမ့်မည်ဟုလည်း မထင်ထားကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အစောပိုင်း သန်မာသူတစ်ဦးကို မိုင်ပေါင်းများစွာ ဝေးအောင် ရိုက်ထုတ်လိုက်သည်မဟုတ်ပါလော။
“ဒီလောက်တောင် သန်မာတာလား...”
“မင်းတို့ မသိဘူးလား... ပြီးခဲ့တဲ့ အဓိကတပည့် စစစ်ဆေးမှုတုန်းက လော့ချန် တစ်ယောက်တည်းနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သန်မာသူ ဆယ်ဂဏန်းလောက်ကို အနိုင်ယူခဲ့တာလေ... အခုဆိုရင် တစ်လကျော် ကြာသွားပြီဆိုတော့ သူ့ရဲ့ အစွမ်းက သေချာပေါက် တိုးတက်လာမှာပဲ... ဒါကြောင့်မို့လည်း သူက ဒီလောက်အထိ မောက်မာရဲတာပေါ့... စီနီယာအစ်ကို ကျင်းမင်ကိုတောင် လူပုံအလယ်မှာ စိန်ခေါ်ရဲတာလေ...”
“တကယ်တော့ သန်မာတာတော့ဟုတ်ပါတယ်... ဒါပေမဲ့ တစ်လကျော်အတွင်းမှာ သူ ဘယ်လောက်အထိ တိုးတက်လာနိုင်မှာလဲ... ရွှမ်ဟယ်စာရင်းထဲတောင် မဝင်နိုင်သေးဘဲ ကျင်းမင်ကို စိန်ခေါ်တာကတော့ တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စပဲ...”
“ဟုတ်တယ်... ဒီမှာတင် မင်းသားတန်းက သန်မာသူတွေ အများကြီး ရှိနေတာလေ... ရွှမ်ဟယ်စာရင်းဝင် တပည့်တွေလည်း ပါသေးတယ်... သူ ဒီလောက် မောက်မာနေတာဆိုတော့ ဒီနေ့တော့ သူ အရှုံးကြီး ရှုံးတော့မှာပဲ...”
ဤအတောအတွင်း လော့ချန်သည် နေ့ညမပြတ် ခရီးနှင်လာခဲ့ရသဖြင့် လင်ရှာမြို့တွင် ဖြစ်ပျက်ခဲ့သမျှမှာ ရွှမ်ယွမ်ဂိုဏ်းသို့ သတင်းမရောက်ရှိသေးပေ။ ထို့ကြောင့် သူသည် လုရှောင်ကျင့်၊ ချီဟိန်း၊ မုန့်ယွမ်ချုံ တို့ကဲ့သို့သော ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်များကို အနိုင်ယူခဲ့သည်ကို မည်သူမျှ မသိကြသေးပေ။
သေချာသည်မှာ နောက်ထပ် တစ်ရက်၊ နှစ်ရက် ကြာလျှင်တော့ ဤသတင်းမှာ တာယွဲ့မင်းဆက် တစ်ခုလုံးကို ပြန့်နှံ့သွားပြီး တုန်လှုပ်သွားစေမှာ ဖြစ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ မည်သူမျှ သူ့အား ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်များနှင့် ရင်ပေါင်တန်းနိုင်သည်ဟု မယူဆကြပေ။ သူသည် ယခုမှ အဓိကတပည့် ဖြစ်လာသော အခြေအနေကို နားမလည်ဘဲ မောက်မာနေသည့် လူငယ်လေးတစ်ဦးအဖြစ်သာ မြင်နေကြပြီး မည်သည့် မုန်တိုင်းကိုမျှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ဟု ယူဆနေကြသည်။
ဘေးမှ ကြည့်နေကြသူများသည် လော့ချန်က သွမ့်စုန်းကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်လိုက်သည်ကို မြင်ရသည့်အခါ ခေါင်းများကို တိတ်တဆိတ် ခါယမ်းလိုက်ကြသည်။ ဤမျှလောက်များပြားသော မင်းသားတန်း သန်မာသူများ၏ ရှေ့တွင်လူကို ဒဏ်ရာရအောင် လုပ်ခြင်းမှာ မိမိကိုယ်တိုင် သေတွင်းတူးနေခြင်းသာ ဖြစ်သည်မဟုတ်ပါလော။
မျှော်လင့်ထားသည့်အတိုင်းပင်...
“ကောင်လေး... မင်းလူကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်ပေါ့...”
“မောက်မာလှချည်လား... ငါတို့ မင်းသားတန်းတပည့်ကို ဒဏ်ရာရအောင် လုပ်တဲ့အတွက် မင်း သေရမယ်...”
“သူ့ကို စကားပြောနေစရာ မလိုပါဘူး... သူ့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို အရင်ဆုံး ချိုးပစ်လိုက်ကြစမ်း... ပြီးမှ စီနီယာအစ်ကို ကျင်းမင် ဆီကို ပို့ပေးရမှာပေါ့...”
ဤ မင်းသားတန်း အတွင်းစည်းတပည့်များမှာ မိမိကိုယ်ကို အဆင့်အတန်း မြင့်သည်ဟု ယူဆထားကြသလို ပုံမှန်အချိန်တွင်လည်း မောက်မာလှသူများ ဖြစ်ကြရာ ယခုကဲ့သို့ စိန်ခေါ်ခြင်းကို ခံလိုက်ရသည့်အခါ တစ်ဦးစီတိုင်းမှာ ဒေါသတကြီးဖြင့် လော့ချန်ကို အရှင်လတ်လတ် ဝါးမြိုလိုနေကြတော့သည်။
လော့ချန်ကလူအုပ်ကြီးကို ကြည့်လိုက်ပြီး မျက်နှာတွင် အသာအယာ ပြုံးလိုက်သည်။
“ကြည့်ရတာ မင်းတို့က ငါ့အပေါ်မှာ အမြင်တွေ တော်တော်ရှိနေပုံရတယ်... ကောင်းပြီလေ... ငါလည်း မင်းတို့ကို သင်ခန်းစာပေးချင်နေတာနဲ့ အတော်ပဲ... ကျင်းမင် မလာခင်မှာ မင်းတို့နဲ့ အရင်ဆုံး ကစားပေးရမှာပေါ့...”
လော့ချန်၏ အသံမှာ တည်ငြိမ်နေသော်လည်း ပြောလိုက်သော စကားမှာမူ အလွန်ပင် အေးစက်လှပေသည်။
“ဟင်...”
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်ရှိလူတိုင်းမှာ မှင်တက်မိသွားကြရသည်။
ဤစကားသည် ထိုနေရာရှိ မင်းသားတန်းတပည့် အားလုံးကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်မဟုတ်ပါလော။
ကွင်းပြင်တွင် မင်းသားတန်းတပည့် အနည်းဆုံး ဆယ်ဂဏန်းခန့် ရှိနေသလို ထိုအထဲတွင် ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်များလည်း ပါဝင်နေကာ မင်းသားတန်း သန်မာသူများလည်း ထပ်မံ ရောက်ရှိလာနေကြဆဲ ဖြစ်သည်။ ဤကဲ့သို့ စကားကြီး စကားကျယ် ပြောခြင်းမှာ သေချင်နေခြင်း မဟုတ်ပါလော။
မင်းသားတန်းတပည့်များမှာ ခဏမျှ မှင်တက်မိသွားခဲ့ပြီးနောက် တစ်ဦးစီတိုင်း လှောင်ပြုံးများ ပြုံးလိုက်ကြပြီး မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာတော့သည်။
ဤနေရာမှာ အတွင်းစည်း ကွင်းပြင်ဖြစ်သဖြင့် သူတို့တွင် အဟန့်အတားအချို့ ရှိနေသော်လည်း လော့ချန်က အရင်ဆုံး စိန်ခေါ်လာမှတော့ လော့ချန်ကို ဒဏ်ရာရအောင် လုပ်လိုက်လျှင်ပင် အကြီးအကဲများက သူတို့ကို အပြစ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
“စကားကြီး စကားကျယ် ပြောလှချည်လား... အစွမ်းလေး နည်းနည်း ရှိလာတာနဲ့ မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ မေ့နေပုံရတယ်... ဒီနေ့တော့ ပန်းတွေ ဘာလို့ နီနေရတာလဲဆိုတာကို ငါ မင်းကို သိအောင် လုပ်ပေးမယ်...”
အရပ်ရှည်ရှည်နှင့် မင်းသားတန်းတပည့် တစ်ဦး ထွက်လာခဲ့သည်။
လော့ချန်က တစ်ချက်ကြည့်လိုက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အနောက်ပိုင်း အဆင့်တွင် ရှိသော သန်မာသူတစ်ဦးသာ ဖြစ်ကြောင်း သိလိုက်သဖြင့် တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“မင်းက မထိုက်တန်သေးဘူး... မင်းရဲ့ အစွမ်းက ငါ့ရဲ့ လက်သီး တစ်ချက်တည်းကိုတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး...”
“ရဲတင်းလှချည်လား...”
“မောက်မာလှချည်လား... ဒီနေ့တော့ မင်း သွေးစွန်းရတော့မှာပဲ...”
နောက်ထပ် မင်းသားတန်းတပည့် အချို့မှာလည်း ဒေါသများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထွက်လာကြတော့သည်။ ထိုသူများအားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူများ ဖြစ်ကြပြီး သတ်ဖြတ်လိုစိတ်နှင့် ချီစွမ်းအင်များမှာ ကောင်းကင်ယံသို့ ထိုးတက်သွားကာ အရှိန်အဟုန်မှာ တုန်လှုပ်စရာ ကောင်းလှပေသည်။
“မင်းတို့ တိုက်စရာ မလိုဘူး...”
အထင်သေးခံလိုက်ရသော အရပ်ရှည်ရှည်နှင့် တပည့်မှာ ရှေ့သို့ တစ်လှမ်း တိုးလာခဲ့ပြီး လော့ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။
“ဟမ့်... ဂျူနီယာအစ်ကို သွမ့်က မင်းကို လျှော့တွက်မိသွားလို့ မင်းရဲ့ လှည့်ကွက်ထဲ ပါသွားတာလေ... မင်းက တကယ်ပဲ အတွင်းစည်းမှာ မောက်မာလို့ ရမယ်လို့ ထင်နေတာလား... တကယ်ကို ရယ်စရာပဲ... ဒီမှာ ရှိနေတဲ့လူတိုင်းရဲ့ အစွမ်းက မင်းထက် သာလွန်နေတာကို မင်းက ဘာတွေ မောက်မာနေတာလဲ...”
လော့ချန် အဓိကတပည့် ဖြစ်လာသည်မှာ မည်မျှ ကြာသေးသနည်း။ ၎င်းအပြင် အသုံးမကျသည့် သိုင်းဝိညာဉ်ကိုသာ နိုးကြားထားသူ ဖြစ်ရာ သူသည်လည်း အခြားသော မင်းသားတန်းတပည့်များကဲ့သို့ပင် လော့ချန်ကို လုံးဝ မျက်စိထဲ မထည့်ပေ။
လော့ချန်က တစ်ဖက်လူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ထို့နောက် လက်ချောင်းလေးများကို တဖျောက်ဖျောက်မည်အောင် ချိုးလျက် ပျင်းရိသည့် လေသံဖြင့် အေးစက်စွာ ပြောလိုက်၏။
“မင်းတို့ အားလုံး တစ်ပြိုင်တည်း တက်ခဲ့ကြစမ်းပါ...”
“မောက်မာလှချည်လား...”
အရပ်ရှည်ရှည်နှင့် တပည့်မှာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး လက်သီးကို တင်းတင်းဆုပ်လျက် ရက်စက်စွာ ဆိုလိုက်သည်။
“ငါ အရင်ဆုံး မင်းရဲ့ လက်ခြေတွေကို ချိုးပစ်မယ်... အဲဒီကျရင် မင်း ဘယ်လို မောက်မာနေဦးမလဲ ကြည့်ရသေးတာပေါ့...”
အခန်း ၅၉၉ ပြီးပါပြီ။
အခန်း ၆၀၀ - တိုက်ထုတ်ခြင်း... မင်း စကားများလွန်းတယ်...
“ဘုန်း...”
အရပ်ရှည်ရှည်နှင့် တပည့်၏ စကားပင် မဆုံးသေးမီမှာပင် သူ၏ကိုယ်ပေါ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သန်မာလှသော လက်မောင်းနှစ်ဖက်ပေါ်တွင် အကြောများ ထောင်ထလာကာ တစ်ကိုယ်လုံးမှ ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လော့ချန်ထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
ဤလက်သီးချက်မှာ အလွန်ပင် မြန်ဆန်လှပြီး တောင်ကြီးတစ်လုံး အရှိန်နှင့် ပြိုကျလာသည့်အလား လေထုကို အလွှာလိုက် ချေမှုန်းသွားတော့သည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် လော့ချန်မှာ ပြင်းထန်သော လှိုင်းတံပိုးကြားမှ လှေငယ်လေးတစ်စင်းအလား ရှိနေပြီး မည်သည့်အချိန်တွင်မဆို နစ်မြုပ်သွားနိုင်သည့် ပုံစံရှိနေသည်။
လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး လော့ချန်သည် ဤလက်သီးကို တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
မင်းသားတန်းတပည့်များမှာမူ လော့ချန် သွေးများအန်ထုတ်လျက် လွင့်ထွက်သွားမည့် သနားစရာကောင်းသော မြင်ကွင်းကို မြင်တွေ့ရတော့မည်ဟု တွေးကာ လှောင်ပြုံးများ ပြုံးနေကြတော့သည်။
ထိုစဉ်မှာပင် လော့ချန်ကလည်း လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်။ ရိုးရှင်းလှသော်လည်း အလွန်ပင် တည်ငြိမ်လှသော ထိုလက်သီးချက်မှာ အရပ်ရှည်ရှည်နှင့် တပည့်၏ လက်သီးကို တည့်တည့်မတ်မတ် တားဆီးလိုက်တော့သည်။
ချက်ချင်းပင်...
“ဘုန်း...”
ကွင်းပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်လိုက်သည့်အလား အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထုမှာ ရေပြင်အလား လှိုင်းတွန့်များ ပြန့်လွင့်သွားတော့သည်။
“ဟင်...”
အရပ်ရှည်ရှည်နှင့် တပည့်၏ မျက်ဝန်းထဲမှ ရက်စက်သော အပြုံးမှာ တစ်ခဏချင်းမှာပင် ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သွေးတစ်ချက် အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ ပိုးအိတ်ဟောင်း တစ်လုံးအလား မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားခဲ့ပြီး ကွင်းပြင်အစွန်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ သူ၏ ညာဘက်လက်မောင်းတစ်ခုလုံးမှာ သွေးသားများ ပေါက်ကွဲထွက်သွားခဲ့ပြီး ဖြူဖွေးသော အရိုးများပင် ပေါ်ထွက်နေကာ အလွန်ပင် ရက်စက်လှပေသည်။
“မင်းရဲ့ အစွမ်းက ငါ့ရဲ့ လက်သီး တစ်ချက်တည်းကိုတောင် မခုခံနိုင်ဘူးလို့ ငါပြောသားပဲ...”
လော့ချန်က လက်ဖဝါးနှစ်ဖက်ကို အသာအယာ ဖုန်ခါလိုက်သည်။ သူ လွှင့်ထုတ်လိုက်သည်မှာ သန်မာသူတစ်ဦး မဟုတ်ဘဲ ခြင်တစ်ကောင်အလား အေးဆေးတည်ငြိမ်နေတော့သည်။
“ဒါ... ဒါ တကယ် သန်မာတာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အနောက်ပိုင်း အဆင့်မှာ ရှိတဲ့ သန်မာသူကို လက်သီးတစ်ချက်တည်းနဲ့ အပြတ်အသတ် အနိုင်ယူလိုက်တာလား...”
“သူ အဓိကတပည့် ဖြစ်လာတာ ဘယ်လောက် ကြာသေးလို့လဲ...”
လူတိုင်းမှာ လော့ချန်ကို ကြည့်လျက် မှင်တက်မိနေကြပြီး မယုံကြည်နိုင် ဖြစ်နေကြရသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အနောက်ပိုင်း အဆင့်ရှိ သန်မာသူတစ်ဦးကို ထိပ်တိုက်တွေ့ဆုံချိန်မှာပင် အပြတ်အသတ် အနိုင်ယူလိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
မင်းသားတန်းတပည့်များမှာမူ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်နှာများ ပျက်ယွင်းနေကြတော့သည်။
လော့ချန်က အကြည့်ကို လွှဲလိုက်ပြီး ယခင်က ထွက်လာခဲ့သော မင်းသားတန်းတပည့် ငါးဦးကို လှမ်းကြည့်လိုက်သည်။
“မင်းတို့က ငါ့ကို သွေးစွန်းအောင် လုပ်မယ်ဆို... ဘာလို့ အခုထိ လက်မလှုပ်သေးတာလဲ...”
ဤစကားကို ကြားရသည့်အခါ အလယ်တွင်ရှိသော မင်းသားတန်းတပည့် တစ်ဦးက အေးစက်စွာ ရယ်မောလိုက်သည်။
“လော့ချန်... မင်းရဲ့ အစွမ်းက မဆိုးဘူးဆိုတာတော့ ငါ ဝန်ခံပါတယ်... ဒါပေမဲ့ ငါတို့ ဒီလောက်အများကြီးရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို မင်း တောင့်ခံနိုင်မယ်လို့ ထင်နေတာလား...”
လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“ကြည့်ရတာ မင်းတို့ မင်းသားတန်းတပည့်တွေက စကားပဲ ပြောတတ်ပြီး အဖြစ်မရှိတဲ့ လူဖျင်းတွေပဲကိုး...”
“မင်း...”
“စီနီယာအစ်ကို ရှောင်... သူ့ကို စကားပြောနေစရာ မလိုပါဘူး... အားလုံး တူတူတိုက်ပြီး သူ့ကို အရင်ဆုံး ခြေလက်တွေ ချိုးပစ်လိုက်ရအောင်...”
“ကောင်းပြီ...”
မင်းသားတန်းတပည့် ငါးဦးမှာ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ လော့ချန်၏ အစွမ်းမှာ သူတို့ ထင်ထားသည်ထက် သာလွန်နေသော်လည်း ထိုမျှသာ ဖြစ်၏။
သူတို့ငါးဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူများ ဖြစ်ကြပြီး အဆင့် ၈ အထွတ်အထိပ် အဆင့်ရှိသူ နှစ်ဦးပင် ပါဝင်နေရာ သူတို့ ပူးပေါင်းလိုက်လျှင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း သန်မာသူတစ်ဦးပင်လျှင် ရှောင်တိမ်းရမှာ ဖြစ်သည်။ လော့ချန်ကမူ မည်သို့ ခုခံနိုင်ပါမည်နည်း။
“သတ်ကြစမ်း...”
“တောင်ဖြိုချီစွမ်းအင်...”
“ရိပ်ခြေဓားချက်...”
“ဘုန်း...”
ပြင်းထန်လှသော ဒေါသများနှင့်အတူ ထိုငါးဦးမှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အကောင်းဆုံးသော သိုင်းကွက်များကို ထုတ်ဖော်လိုက်ကြတော့သည်။ ပြင်းထန်လှသော ချီစွမ်းအင်များနှင့် သတ်ဖြတ်လိုစိတ်များမှာ လော့ချန်ထံသို့ တိုးဝင်သွားခဲ့ပြီး မြေပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားတော့သည်။
လော့ချန်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦး၏ အရှိန်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာကာ လက်ဖဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ ထိုငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ခဏချင်းမှာပင် ချေမှုန်းလိုက်တော့သည်။ သူ၏ ပုံရိပ်မှာ သရဲတစ်ကောင်အလား ဝေဝါးသွားခဲ့ပြီး ပုံရိပ်ငါးခုအဖြစ် ပြောင်းလဲသွားလျက် ထိုငါးဦးထံသို့ တစ်ပြိုင်တည်း တိုးဝင်သွားတော့သည်။
“အား... မြန်မြန် ဆုတ်ကြစမ်း...”
“ဆုတ်...”
ထိုငါးဦးမှာ ထိတ်လန့်သွားကြပြီး အမြန် ဆုတ်ခွာရန် ကြိုးစားလိုက်ကြသော်လည်း လော့ချန်၏ အရှိန်မှာ ပိုမို မြန်ဆန်လှပေသည်။
“အား...”
“အား...”
“အား...”
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးများမှာလည်း ပန်းထွက်လာတော့သည်။ ထို မင်းသားတန်းတပည့် ငါးဦးစလုံးမှာ လော့ချန်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ဘဲ သွေးများအန်ထုတ်လျက် လွင့်ထွက်သွားကြတော့သည်။
အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ကွင်းပြင်အလယ်တွင် လော့ချန် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ မင်းသားတန်းတပည့် ငါးဦးစလုံးမှာ လက်ခြေများ ကျိုးကြေကာ သွေးအိုင်ထဲတွင် လဲကျနေကြတော့သည်။ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ထိုတပည့်များ၏ ညည်းတွားသံများသာ ပဲ့တင်ထပ်နေတော့သည်။ အတော်ကြာမှလူအများ၏ အံ့သြတကြား အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်... ငါ... ငါ မျက်စိမမှားဘူးမလား...”
“ဒါကြောင့်မို့လည်း သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက ဒီလောက်အထိ ကြောက်စရာကောင်းနေတာကိုး... သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီပဲ...”
“အဓိကတပည့် စစ်ဆေးမှုတုန်းက သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ပဲ ရှိသေးတာလေ... နှစ်လတောင် မပြည့်သေးတဲ့ အချိန်တိုအတွင်းမှာ အဆင့် ၆ ကနေ အဆင့် ၈ အထွတ်အထိပ်အထိ တက်လှမ်းနိုင်တယ်ဆိုတာ... ဒါက ပါရမီရှင် သိုင်းဝိညာဉ် ရှိရင်တောင်မှ မဖြစ်နိုင်တဲ့ တိုးတက်မှုနှုန်းပဲ...”
“တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်...”
ကွင်းပြင်တစ်ခုလုံး ဆူညံသွားခဲ့ပြီး လော့ချန်၏ကိုယ်ပေါ်မှ ချီစွမ်းအင် လှုပ်ခတ်မှုများကို ခံစားလိုက်ရသည့်အခါလူတိုင်း၏ စိတ်ထဲ၌ လှိုင်းတံပိုးများ ထန်သွားကြတော့သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်... လော့ချန်က ပိုပိုပြီး ကြောက်စရာကောင်းလာပြီပဲ...”
ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့မှာ တစ်ဦးကိုတစ်ဦး မှင်တက်မိစွာ ကြည့်လိုက်ကြသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ဤသူသည် သူတို့နှင့်အတူ ရွှမ်ယွမ်ဂိုဏ်း၏ အနိမ့်ဆုံးအဆင့်ရှိ အလုပ်သင်တပည့် တစ်ဦးသာ ဖြစ်သည်ကို မည်သူ ယုံကြည်နိုင်ပါမည်နည်း။
လူအုပ်ကြီး၏ အပြင်ဘက်တွင် အတွင်းစည်းအကြီးအကဲ အချို့မှာလည်း မှင်တက်မိနေကြရသည်။
“ဒီလော့ချန်က အတွင်းစည်းကို ရောက်တာ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား... ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလို အောင်မြင်မှုမျိုး ရနေတာဆိုတော့... တကယ်လို့ သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုသာ နိုးကြားထားတာ မဟုတ်ရင် သူဟာ ယွမ်မန်လီ ပြီးရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ နောက်ထပ် ပါရမီရှင်တစ်ဦး ဖြစ်လာမှာ သေချာတယ်...”
အကြီးအကဲ တစ်ဦးက သက်ပြင်းချလျက် ဆိုလိုက်သည်။
ယွမ်မန်လီ ဆိုသည့် အမည်ကို ကြားရသည့်အခါ ထိုနေရာရှိ အကြီးအကဲများ၏ အကြည့်မှာ ပြောင်းလဲသွားကြသည်။
ယွမ်မန်လီမှာ ယခုအချိန်အထိ သတင်းအစအန ပျောက်ဆုံးနေဆဲဖြစ်ရာ ဂိုဏ်းအတွက် ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ဆုံးရှုံးရခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်၏။
အမျိုးသမီး အကြီးအကဲ တစ်ဦးက မင်းသားတန်းတပည့်များ လော့ချန်ကို ဝိုင်းရံလာကြသည်ကို မြင်ရသည့်အခါ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“မတားတော့ဘူးလား... ဒီအတိုင်း ဆက်သွားရင်တော့ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့မယ်...”
အစောဆုံး စကားပြောခဲ့သော အကြီးအကဲယွီက အရှေ့ဘက် ကောင်းကင်ယံကို ကြည့်လျက် ခေါင်းခါယမ်းလိုက်သည်။
“ဒီတိုက်ပွဲက အပေါ်ယံမြင်ရသလောက် မရိုးရှင်းတော့ဘူး... ငါတို့ ဝင်ပါလို့ ရတဲ့ ကိစ္စလည်း မဟုတ်တော့ဘူး...”
အရှေ့ဘက် ကောင်းကင်ယံ တိမ်တိုက်များကြားတွင် ပုံရိပ်အချို့ ဝေဝါးစွာ ရှိနေကြသည်။ ထိုပုံရိပ်များသည် လေဟာနယ်အတွင်း၌ ပုန်းကွယ်နေကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဟုန်များမှာ အလွန်ပင် နက်ရှိုင်းလှပေသည်။
ထိုမြင်ကွင်းကို သတိပြုမိလိုက်သည့်အခါ အမျိုးသမီး အကြီးအကဲမှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။
“စီနီယာ အဆင့်မြင့်အကြီးအကဲ တွေတောင် ရောက်နေကြတာလား...”
အကြီးအကဲယွီက ခေါင်းညိတ်လိုက်ပြီးလူအုပ်ကြားရှိ လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
“ယွမ်မန်လီ သတင်းအစအန ပျောက်ဆုံးနေပေမဲ့ သူမကို ထောက်ခံတဲ့ အဆင့်မြင့်အကြီးအကဲမင်နဲ့ အဆင့်မြင့်အကြီးအကဲ ချင်းကွေ့ တို့ကတော့ ရှိနေသေးတာပဲ... လော့ချန်က သာမန်ပဲဆိုရင်တော့ ထားပါတော့... ဒါပေမဲ့ သူက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကျင်းမင်ကို ယှဉ်နိုင်လောက်တဲ့ အစွမ်းအထိ တိုးတက်လာမယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ အဓိပ္ပါယ် ရှိလာလိမ့်မယ်...”
“လော့ချန်က ကျင်းမင်ကို ယှဉ်နိုင်မယ်ဟုတ်လား...”
အမျိုးသမီး အကြီးအကဲမှာ မှင်တက်မိသွားပြီး အံ့သြတကြီး ဆိုလိုက်သည်။
“ဒါက မဖြစ်နိုင်ဘူးမလား... သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ဓားသမားတစ်ဦး ဖြစ်ရင်တောင်မှ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက ထိပ်သီးတပည့် ဆယ်ဦး အဆင့်ကို ရောက်ဖို့ဆိုတာ မလွယ်ဘူး... ရွှမ်ဟယ်စာရင်းထဲ ဝင်ဖို့တောင် ခက်ခဲဦးမှာပဲ...”
“သူ့ရဲ့ ဓားဆန္ဒအစပျိုးအဆင့်က ၈၀ ရာနှုန်းလောက်အထိ ရောက်နိုင်ရင်တော့ မျှော်လင့်ချက် ရှိနိုင်ပေမဲ့... အဲဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...”
အကြီးအကဲယွီလည်း ထိုအချက်ကို သဘောတူသဖြင့် ခေါင်းညိတ်လိုက်သည်။
ဓားဆန္ဒကို နားလည်ရန်မှာ ကျင့်ကြံဆင့် တိုးတက်ရန်ထက် များစွာ ပိုမို ခက်ခဲလှပေသည်။ ၎င်းမှာ အချိန်အတော်ကြာ လေ့လာဆည်းပူးပြီးမှ ရရှိနိုင်သည့် အရာ ဖြစ်သည်မဟုတ်ပါလော။
ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အတွင်းစည်းတပည့်များထဲတွင် ဓားဆန္ဒအစပျိုးအဆင့်ကို မြင့်မားစွာ နားလည်ထားသူမှာ လက်ချိုးရေတွက်၍ ရနိုင်သလောက်သာ ရှိပြီး ထိုသူများမှာ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြသည်။
လော့ချန်မှာ အသက် မည်မျှ ရှိသေးသနည်း။ ဓားဆန္ဒကို နားလည်သည်မှာ မည်မျှ ကြာသေးသနည်း။
“ဘုန်း...”
လော့ချန်သည် သူ၏ အရှိန်အဟုန်များကို ဖုံးကွယ်မထားတော့ဘဲကိုယ်တွင်းရှိ ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလိုက်ရာ ပြင်းထန်သော အရှိန်အဝါများမှာ ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ ဘေးနားရှိ ကျင့်ကြံဆင့် နိမ့်ပါးသော မင်းသားတန်းတပည့်များမှာ ထိုဖိအားကြောင့် နောက်သို့ အလိုအလျောက် ဆုတ်ခွာသွားကြရသည်။
ဤသည်မှာ မောက်မာလှသော မင်းသားတန်းတပည့်များကို ပိုမို ဒေါသထွက်စေတော့သည်။
“တောက်... ဒီကောင်လေးရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလုပ် ဒီလောက် မြန်မြန် တက်လာရတာလဲ...”
“သေချာပေါက် တစ်ခုခုကို စားထားလို့ ဖြစ်မှာပေါ့... သူနဲ့ လင်းကျန်းမြို့က လင်ယွမ်ဂေဟာရဲ့ ပိုင်ရှင် လော့ယောင်နဲ့ ရင်းနှီးတယ်လို့ ငါကြားဖူးတယ်... တစ်နည်းနည်းနဲ့ ကျင့်ကြံဆင့်တိုးတဲ့ ရတနာတွေကို ရလာတာ ဖြစ်မှာပေါ့... ဒါပေမဲ့ ဒီလို ရတနာမျိုးကို သူ့လိုလူမျိုးက သုံးတာက တကယ်ကို နှမြောစရာပဲ...”
“မောက်မာလှချည်လား... ငါတို့ မင်းသားတန်းကို ဒီလောက်အထိ စိန်ခေါ်ရဲတဲ့သူ မရှိဖူးဘူး... ဘယ်စီနီယာက သူ့ကို သင်ခန်းစာ ပေးမလဲ...”
လူအများ ဒေါသတကြီး ပြောဆိုနေကြစဉ်မှာပင် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
“ဟဲဟဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်... မင်းလို အသုံးမကျတဲ့သူက ဒီလောက် မြန်မြန် တိုးတက်လာတာဆိုတော့ ကျင်းမင်စီနီယာကို စိန်ခေါ်ရဲတာ မဆန်းပါဘူး...”
ခန့်ညားသောလူငယ်တစ်ဦးသည် လူအုပ်ကြားမှ လမ်းလျှောက်ထွက်လာခဲ့သည်။
“စီနီယာအစ်ကို ရွှယ်...”
ဘေးနားရှိ မင်းသားတန်းတပည့်များမှာ ထိုလူငယ်ကို မြင်ရသည့်အခါ အလွန်ဝမ်းသာသွားကြပြီး လမ်းကို အမြန် ဖယ်ပေးလိုက်ကြသည်။
လော့ချန်က တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းက ဘယ်သူလဲ...”
ဘေးနားရှိ မင်းသားတန်းတပည့် တစ်ဦးက အေးစက်စွာ လှောင်ပြုံးလိုက်သည်။
“ဒါက စီနီယာအစ်ကို ရွှယ်ဖျင် ပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်မှာ ရှိပြီး ရွှမ်ဟယ်စာရင်း အဆင့် ၄၇၃ မှာ ရှိတဲ့သူလေ... ကောင်လေး... မင်း အခြေအနေသိရင် အခုချက်ချင်း ဒူးထောက်ပြီး အသနားခံလိုက်စမ်း... ဒါဆိုရင် မင်း အနာသက်သာမှာပေါ့...”
လော့ချန်က ထိုစကားကို ကြားရသည့်အခါ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။
“ရွှမ်ဟယ်စာရင်း အဆင့် ၄၇၃ တဲ့လား...”
ရွှယ်ဖျင်သည် လော့ချန်၏ ရှေ့ ငါးလှမ်းအကွာတွင် ရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် မောက်မာစွာ ဆိုလိုက်သည်။
“စိတ်ချပါ... ငါက မင်းကို အနိုင်မကျင့်ပါဘူး... မင်းကို သုံးကွက် အရင်ပေးမယ်... ဒါပေမဲ့...”
ရွှယ်ဖျင်က အေးစက်စွာ ရယ်မောလိုက်ပြီး ဆက်လက် ဆိုလိုက်သည်။
“သုံးကွက်ပြီးရင်တော့ ငါကိုယ်တိုင် မင်းကို နှိပ်စက်ပြီး စီနီယာအစ်ကို ကျင်းမင် ဆီကို ပို့ပေးမယ်...”
“မင်း စကားများလွန်းတယ်...”
လော့ချန်၏ အကြည့်မှာ တစ်ခဏချင်းမှာပင် အေးစက်သွားခဲ့ပြီး သူ၏ ပုံရိပ်မှာ လေပြင်းမုန်တိုင်းတစ်ခုအလား ရွှယ်ဖျင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
အခန်း ၆၀၀ ပြီးပါပြီ။