ဒါက ငါကို အသက်တိုအောင် လုပ်နေတာ မဟုတ်လား
Vol. 12 Ch. 119
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ ကျုံးချင်သည် ဆေးမြို့တော်တခွင်ကို နှံ့နှံ့စပ်စပ် စူးစမ်းလေ့လာခဲ့သည်။
နဂါးတံတား၏ရှုခင်းများ မြို့လယ်ရေကန်၏ ရေပြင်နှင့် ကန်ဘေးရှိ ပါရမီရှင်များနှင့်အလှပဂေးလေးများ...
ဤအရာအားလုံးသည် ဒေသဆိုင်ရာ အဓိက အင်္ဂါရပ်များအဖြစ် သတ်မှတ်ခံထားရသည်။
ယနေ့တွင်...
ကျုံးချင်သည် ဝူယွဲ့ ရှီရှောင်ထျန်းတို့နှင့်အတူ ပင်မလမ်းမကြီးပေါ်တွင် လမ်းလျှောက်နေသည်။
"တောင်သခင်... ဒီ ဧည့်ခံပွဲစားသောက်ဆိုင်က ဒေသတွင်းဆွဲဆောင်မှုရှိတဲ့ အဓိကနေရာတစ်နေရာပါ....ဒီနေရာက ဝိုင်အရက်က အရမ်းကောင်းတယ်"
"မြို့တောင်ဘက်က ဘဲကင်နဲ့ တွဲစားရင် တကယ့်ကို လောကကြီးပေါ်က အကောင်းဆုံး အရသာပဲ"
ဝူယွဲ့က သူ၏ရှေ့ရှိ ခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ဆိုင်ကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်သည်။
ရှီရှောင်ထျန်းက ချက်ချင်းအကြံပြုလိုက်သည်။ "ဒီနေ့ ဒီနေရာမှာ နေ့လယ်စာ စားကြမလား"
ကျုံးချင်၏မျက်လုံးများ တောက်ပသွားသည်။ သူတို့နှစ်ယောက် အကြံပြုသည့်အရာသည် မည်သို့မျှ မှားယွင်းမည် မဟုတ်ချေ။
"ဒါဆိုရင် ငါ အရသာကောင်းကောင်း ခံစားရတော့မှာပေါ့"
သူ၏ခြေလှမ်းများ ရွေ့လျားလိုက်ပြီး စားသောက်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
"တောင်သခင် အရင်ဝင်နှင့်ပါ... ကျွန်တော်တို့နှစ်ယောက်က မြို့တောင်ဘက်ကိုသွားပြီး ပစ္စည်းတချို့ ဝယ်လိုက်ဦးမယ်... စားစရာတချို့ ပြင်ဆင်စရာ ရှိလို့ပါ... ကျွန်တော်တို့ မကြာခင် ပြန်လာခဲ့ပါ့မယ်"
ဝူယွဲ့က ပြောဆိုသည်။
"သွားကြတော့"
ကျုံးချင်က လက်ဝှေ့ယမ်းပြလိုက်သည်။
သူတို့နှစ်ယောက်နှင့် လမ်းခွဲပြီးနောက် သူသည် ဧည့်ခံပွဲစားသောက်ဆိုင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
ဤနေရာကို ဒေသတွင်း အဓိကဆွဲဆောင်မှုတစ်ခုဟု ပြောဆိုကြသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ စားသောက်ဆိုင်ထဲတွင် လူများနှင့် ပြည့်ကျပ်နေပြ ထိုင်စရာနေရာလွတ် မရှိသလောက်နီးပါးပင်။
ကျုံးချင်သည် တစ်စုံတစ်ယောက်နှင့် စားပွဲမျှထိုင်ရမည်လောဟု စဉ်းစားနေစဉ်မှာပင် သူ့နောက်မှ တစ်စုံတစ်ယောက်က သူ၏ပခုံးကို ပုတ်လိုက်သည်။
"ညီအစ်ကိုကျုံးချင်"
ထိုလူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေကာ ကျုံးချင်ကို အပြုံးနှင့် ကြည့်နေသည်။
ဤလူသည် ကျိုးဆန်းမှတစ်ပါး တခြားလူ မဟုတ်ပေ။
"မင်းကို နောက်မှ လာရှာမလို့ စဉ်းစားထားတာ... ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး"
"ကံကြမ္မာဆိုတာ ဘာလဲ... ဒါက ကံကြမ္မာပဲ"
"ညီအစ်ကိုကောင်းရာ... အရင်တစ်ခေါက်က ငါရဲ့အမှားတွေပါ"
"ဒီတစ်ခေါက်တော့ ငါက မင်းကို အရမ်း အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ထိုသို့ပြောဆိုရင်း သူက ကျုံးချင်ကို သီးသန့်ခန်းဆီသို့ ဆွဲခေါ်သွားသည်။ သူ၏သဘောထားသည် အလွန်စိတ်အားထက်သန်နေပေ၏။
သူတို့နှစ်ယောက်သား ထိုင်လိုက်ကြသည်။ သူက ကျုံးချင်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ထို့နောက် သူက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ဘာတွေ လုပ်နေလဲဆိုတာ မင်း သိလား"
"မင်း ဘာတွေ လုပ်နေလို့လဲ"
သူနှင့် ပူးပေါင်းဆောင်ရွက်သင့်သော ကျုံးချင်သည် သူ့ကို လျစ်လျူရှုထား၍ မရချေ။
ကျိုးဆန်းက စိတ်ကျေနပ်အားရစွာ ပြောဆိုလိုက်၏။
"ဒီရက်ပိုင်းတွေမှာ ငါက အချိန်တွေ အင်အားတွေနဲ့ အဆက်အသွယ်တွေတောင်သုံးပြီးတော့ တန်ထင်းခန်းမဆောင်က အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆက်ဆံရေး တည်ဆောက်နေတာလေ"
"ငါ့ရဲ့ကြိုးစားမှုက အရာထင်ပါတယ်...ငါ့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အဲဒီ အရေးကြီး ပုဂ္ဂိုလ်က ဒီနေ့ ငါနဲ့တွေ့ဖို့ သဘောတူလိုက်တယ်"
"အစကတော့ ငါက အရင်ဆုံး သူ့ကို ရင်းနှီးအောင် လုပ်ပြီးမှ သူ့ကို ဆက်သွယ်ပြီး အဲ့ဒီ အရေးကြီးပုဂ္ဂိုလ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ စုဝေးပွဲတချို့ကို ခေါ်သွားမလို့ပါ"
"အဲ့ဒီအချိန်ကျရင် ဆေးမြို့တော်တစ်မြို့လုံးက ငါတို့ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နေရာ ဖြစ်လာလိမ့်မယ်"
"နောက်တစ်ခေါက် စာမေးပွဲအတွက်ကတော့... အဆင့်တစ် ဆေးပညာရှင် ဆိုတာ... သူ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ အလွယ်လေး ဖြစ်သွားမှာ မဟုတ်လား"
"ဒါပေမဲ့ မင်း အခုရောက်နေတာ ကောင်းပါတယ်... ခဏနေ အဲ့ဒီအရေးကြီး ပုဂ္ဂိုလ် ရောက်လာရင် ကောင်းကောင်းပြုမူဖို့ မှတ်ထားနော်... သူ မျက်စေ့ကျသွားရင် ငါတို့ ချမ်းချမ်းသာသာ နေနိုင်ဖို့က လုံးဝပြဿနာ မရှိတော့ဘူး"
ကျုံးချင်က အချိန်အကြာကြီး နားထောင်ပြီးနောက် တခဏကြာမျှ စဉ်းစားကာ ပြောဆိုလိုက်သည်။
"ခဏနေကျရင် ငါ့ရဲ့မိတ်ဆွေနှစ်ယောက်လည်း လာကြလိမ့်မယ်... ငါ တခြားနေရာကို ရွေးလိုက်ရင်ရော ဘယ်လိုလဲ"
"ညီအစ်ကိုကျုံးချင်... မင်းက အရမ်း ယဉ်ကျေးလွန်းနေပြီ... မင်းရဲ့မိတ်ဆွေတွေက ငါ့ရဲ့မိတ်ဆွေတွေပါပဲ"
"ပန်းကန်နဲ့တူ နှစ်စုံလောက် ပိုထည့်ရုံ ကိစ္စပဲ... ဘာမှ ကိစ္စမရှိပါဘူး... ခဏနေကျရင် သူတို့ကို ဒီ အရေးကြီးပုဂ္ဂိုလ်ကို မပြစ်မှားမိဖို့ ပြောလိုက်ရင် ရပါပြီ"
သူတို့နှစ်ယောက်သား စကားပြောနေရင်း လက်ဖက်ရည်တစ်ခွက် ကုန်သွားခဲ့လေပြီ။
ကျိုးဆန်းက ခွက်ကို ထပ်ဖြည့်လိုက်ပြီးနောက် သူ၏မျက်နှာအမူအယာသည် သိသိသာသာ စိတ်လှုပ်ရှားနေပြီး တုန်လှုပ်နေပုံပင် ပေါက်နေသည်။
"ညီအစ်ကိုကျုံးချင်... ဒီအရေးကြီး ပုဂ္ဂိုလ်အကြောင်း ငါ အရင် ပြောပြထားမယ်... ဒါမှ မင်း ခဏနေကျရင် သူ့ကို ယဉ်ကျေးမှု မရှိသလို ဆက်ဆံတာမျိုး မဖြစ်တော့မှာ..."
"သူ့ရဲ့နာမည်က ယန်ထျန်းချောင်... တန်ထင်းခန်းမဆောင်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ပြီးတော့ အဆင့်သုံး ဆေးပညာရှင်တစ်ယောက်ပဲ"
"ဒါက အဆင့်သုံးနော်... အစစ်အမှန် အဆင့်သုံးဆေးပညာရှင် တစ်ယောက်ပဲ"
"အဲ့ဒီစီနီယာက အချစ်ဇာတ်လမ်းတွေကို ကြိုက်သလို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ကြွယ်ဝချမ်းသာမှုကိုလည်း နှစ်သက်တယ်"
"ဘာပဲဖြစ်ဖြစ် ခဏနေ ငါ့ရဲ့အစွမ်းအစကိုသာ မင်း ကြည့်ထားလိုက်... သူ့ကို အရမ်းပျော်ရွှင်အောင် ငါ လုပ်ပေးနိုင်တယ်လို့ အာမခံတယ်"
သူတို့နှစ်ယောက်သား စကားပြောဆိုနေစဉ်တွင်...
ဧည့်ခံပွဲစားသောက်ဆိုင်ရှေ့သို့ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရောက်ရှိလာသည်။
ထိုလူ ဝင်လာသည်နှင့် မူလက ဆူညံပြီး စည်ကားနေသော မြင်ကွင်းသည် တိတ်ဆိတ်သွားပေ၏။
လူများအားလုံး ထိုအနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို ရိုသေလေးစားမှု အရိပ်အယောင်များဖြင့် ကြည့်လိုက်ကြသည်။ သူသည် ကျိုးဆန်း ပြောပြခဲ့သော တန်ထင်းခန်းမဆောင်၏ အကြီးအကဲဖြစ်သည့် အဆင့်သုံး ဆေးပညာရှင် ယန်ထျန်းချောင်ပင်။
လူအများစု၏မျက်လုံးထဲတွင် အဆင့်သုံး ဆေးပညာရှင်တစ်ဦးသည် အမှန်တကယ်ကို ကြီးမားသော အရေးပါမှုရှိသည့် ပုဂ္ဂိုလ်တစ်ဦးပင်။
"အကြီးအကဲယန်... ရောက်လာပြီပဲ"
"မြန်မြန်... ကျေးဇူးပြုပြီး ဝင်ပါ... ကျေးဇူးပြုပြီး ဝင်ပါ"
ကျိုးဆန်းက တံခါးဝကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ လူရောက်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူက ချက်ချင်းဆိုသလိုပင် ပြုံးရွှင်စွာဖြင့် သွားရောက်နှုတ်ဆက်လိုက်သည်။
ယန်ထျန်းချောင်၏ဟန်ပန်သည် အလွန်မာနကြီးပေ၏။ သူက နှာမှုတ်သံဖြင့်သာ တုံ့ပြန်လိုက်ပြီး ကျိုးဆန်းကို ကျော်ဖြတ်ကာ သီးသန့်အခန်းထဲသို့ ဝင်ရောက်သွားပြီး မောက်မာထောင်လွှားစွာ ထိုင်လိုက်သည်။
ပြင်းထန်သော အေးစက်စက် အရှိန်အဝါတစ်ရပ်က သူ့ထံမှ ထွက်ပေါ်နေသည်။ သူသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ အမူအယာကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ထားသည်။
"အကြီးအကဲယန်... ဒီနေ့ အကြီးအကဲကို ဖိတ်ခေါ်ခွင့် ရတာက တကယ့်ကို ဘဝသုံးခုစာ ကောင်းချီးပါပဲ"
"လာပါ... ကျွန်တော် ဂုဏ်ပြုပါတယ်"
ယန်ထျန်းချောင် ရောက်ရှိလာသည်နှင့် ဟင်းပွဲများနှင့် ဝိုင်အရက်များ အလျင်အမြန် ရောက်ရှိလာသည်။ ကျိုးဆန်းက ဝိုင်အရက်ခွက်ကို မြှောက်ပြီး ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။
ယန်ထျန်းချောင်က သူ့ကို ဂရုမစိုက်သည့် အမူအယာဖြင့် တစ်ချက်ကြည့်လိုက်ကာ ဝိုင်အရက်ခွက်ကို ကိုင်လိုက်သော်လည်း မသောက်ချေ။
"ဒီအဘိုးကြီးက အရမ်းအလုပ်များတယ်... မင်းမှာ ပြောစရာရှိရင် ပြောသာပြောလိုက်"
သူ၏သဘောထားသည် အတော်လေး အေးစက်ပေ၏။
အချိန်တခဏအတွင်း၌ ကျိုးဆန်း နေရာမှာပင် တောင့်တင်းသွားသည်။ သူသည် ယန်ထန်းချောင် မျက်နှာလိုမျက်နှာရ လုပ်ချင်ကြောင်း တိုက်ရိုက် ပြောဆို၍ မဖြစ်နိုင်ပေ။
အခြေအနေသည် အနည်းငယ် နေရခက်လာချိန်တွင် ကျုံးချင်က တံခါး၏အပြင်ဘက်ကို ကြည့်လိုက်ရာ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ပြန်လာနေသည်ကို တွေ့လိုက်ရသည်။
"ဝင်လာပြီး ထိုင်ကြလေ"
ကျုံးချင်က သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ တောင်သခင်"
သူတို့နှစ်ယောက်က ကျုံးချင်ကို ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်ကြသည်။ ထိုအချိန်မှာပင် ကျိုးဆန်းကလည်း သူတို့နှစ်ယောက်ကို နှုတ်ဆက်ရန် ရောက်လာသည်။
"အိုး... အစ်ကိုကြီးနှစ်ယောက်ပါလား... အသက်အရွယ်က အရေးမကြီးပါဘူး... အစ်ကိုကြီးတို့နှစ်ယောက်... မြန်မြန် ဝင်ထိုင်ကြပါ"
"ဒါပေမဲ့ အစ်ကိုကြီးတို့နှစ်ယောက်ကို ကျွန်တော် နောက်မှ ဂုဏ်ပြုပါ့မယ်... ဘာပဲဖြစ်ဖြစ် ဒီနေ့ အကြီးအကဲယန် ရောက်နေတော့ အကြီးအကဲယန်ကို အရင်ဆုံး ပျော်ရွှင်အောင် လုပ်ပေးရမယ်"
ယန်ထျန်းချောင်သည် သီးသန့်အခန်းတံခါးကို ကျောပေးပြီး ထိုင်နေသဖြင့် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို မမြင်ရသေးချေ။
ကျုံးချင်ကို မြင်လိုက်ရကတည်းက သူ မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခုချိန်၌ နောက်ထပ် လူနှစ်ယောက် ထပ်ရှိနေသေးသည်ဟု ကြားချိန်တွင် သူ၏မျက်နှာ ချက်ချင်းမည်းမှောင်သွားသည်။
သူနှင့် တစ်ဝိုင်းတည်း အတူထိုင်ရန် မည်သူမဆို ထိုင်နိုင်သည်ဟု သူတို့ ထင်မှတ်နေကြသလော။
သို့သော် သူ မတုံ့ပြန်နိုင်သေးခင်မှာပင် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် သူ၏မျက်နှာချင်းဆိုင်သို့ ရောက်ရှိနေကြလေပြီ။
သူတို့နှစ်ယောက် ထိုင်လိုက်သည်နှင့် ယန်ထျန်းချောင်၏ မူလက မောက်မာသော မျက်နှာထားသည် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ဘဲ ထိတ်လန့်သွားပြီး သူ ထိုင်နေသော ထိုင်ခုံပေါ်မှ လျှောကျလုနီးပါး ဖြစ်သွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ရီလာသည်။
ဤလူနှစ်ယောက်ကို သူ မရင်းနှီးသည် မဟုတ်ချေ။ သူတို့၏ အဆင့်ငါး ဆေးပညာရှင်စာမေးပွဲကို သူ့ထံတွင် မှတ်ပုံတင်ခဲ့ခြင်းပင်။
သူတို့သည် တန်ထင်းခန်းမဆောင်၏ ဂုဏ်ထူးဆောင် အကြီးအကဲများ မဖြစ်လာခင် သူတို့ အဆင့်ငါးဆေးပညာရှင် အဆင့်သို့ တက်လှမ်းသွားသည့် သတင်းကို ခန်းမဆောင်က ပိတ်ပင်ထားခဲ့သည်။ သို့ရာတွင် သူတို့ကို လက်ခံခဲ့သည့် အကြီးအကဲတစ်ယောက်အနေဖြင့် သူတို့ အဆင့်ငါးဆေးဘုရင်အဖြစ် ရာထူးတိုးသွားသည့် သတင်းကို သိရှိပိုင်ခွင့် သဘာဝကျကျ ရှိနေသည်။
အဆင့်ငါး ဆေးဘုရင်... ထိုအရာက မည်သည့် သဘောတရားမျိုး ဖြစ်သနည်း။ သူတို့၏ အဆင့်အတန်းမှာ ခန်းမဆောင်သခင်ငါးယောက်နှင့် ထပ်တူထပ်မျှပင်။
ထိုအချိန်မှာပင် ကျိုးဆန်းက နံဘေးမှနေ၍ တိုက်တွန်းလိုက်သည်။
"လူတိုင်း... ရပ်မနေကြပါနဲ့... လာပါ... ခွက်တွေ မြှောက်ပြီး အကြီးအကဲယန်ကို ဂုဏ်ပြုလိုက်ကြရအောင်"
"မလုပ်နဲ့"
ယန်ထျန်းချောင် ချက်ချင်းတုန်လှုပ်သွားပြီး ချွေးစေးများ ချက်ချင်းထွက်လာကာ စပရိန်တစ်ခု လွတ်ထွက်သွားသကဲ့သို့ မတ်တတ်ခုန်ထလိုက်သည်။
အဆင့်ငါးဆေးဘုရင်နှစ်ပါးက သူ့ကို ဂုဏ်ပြုခိုင်းခြင်းမှာ သူကို အသက်တိုအောင် ပြုလုပ်နေခြင်း မဟုတ်လော။
အဆင့်သုံး ဆေးပညာရှင် တစ်ယောက်အနေဖြင့် သူ့ထံတွင် ထိုမျှလောက် အရည်အချင်းမရှိပေ။
ကျိုးဆန်း၏ဇဝေဇဝါဖြစ်မှုကို လျစ်လျူရှုပြီး သူက ချက်ချင်းဆိုသလိုပင် မျက်နှာချိုသွေးသော အပြုံးတစ်ခု ပြသလိုက်သည်။
"စီနီယာတို့... ဒီဝိုင်အရက်ကို... ကျွန်တော်က စီနီယာတို့ကို ဂုဏ်ပြုသင့်တာပါ"
ထိုသို့ပြောဆိုရင်း သူသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းဆီသို့ အပြေးအလွှား သွားရောက်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် သူတို့အတွက် ဝိုင်အရက်ငှဲ့ပေးနေလေသည်။