← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 29 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 29 Ch. 319-320

အခန်း (၃၁၉)။

"ဟား..၊ ဟား၊ ကောင်းကင်ပြောင်းလဲခုနစ်သွယ် ထွက်ပြေးခြင်းပညာနဲ့ သစ်ပင်ဝိညာဉ် ပူးကပ်ပြီး ပုန်းကွယ်ခြင်းပညာရပ်တွေက တကယ့်ကို နာမည်နဲ့လိုက်အောင် ထူးခြား ဆန်းကြယ်လှပါတယ်။ ရွှေပင့်ကူဘုရင်ဟာ အလစ်အငိုက် တိုက်ခိုက်ရာမှာ ကျွမ်းကျင်ပေမဲ့ ဘာလို့ အခုချိန်ထိ အဖမ်းမခံရလဲဆိုတာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ရင်တောင် ဘာထူးခြားသွားမှာမို့လို့လဲ။"

ဘုန်း..။

ဟုန်ယွိ၏ နောက်ကွယ်မှ ကျောက်တုံးကြီးတစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားသည်။ ထို့နောက် အဆုံးမရှိသော 'စွမ်းအား' လှိုင်းလုံးကြီးတစ်ခု တိုးထွက်လာခဲ့သည်။ လေထုထဲတွင် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ်ထွက်လာပြီး လူတစ်ယောက်ထက် ကြီးမားသော လက်သီးဖြင့် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ထိုးနှက်လိုက်သည်။

ဝုန်း…။

ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်ပျက်ဆီးသွားပြီး သူ၏ စိတ်ဝိညာဉ် အတွေးစများ သည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် သူသည် အပြင်းအထန် ဒဏ်ရာရသွားပုံရသည်။

သို့သော် ထိုအတွေးစများ ပျံ့နှံ့သွားသည့် ခဏချင်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် မြေပြင်အထက် ဆယ်ပေကျော် အကွာ၌ ပြန်လည် စုစည်းသွားခဲ့သည်။ သူသည် သာမန် မျက်နှာနှင့် ပန်းထိုးအင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ပြီး၊ မည်သည့်တာအို အငွေ့အသက်မျိုးမှ မရှိဘဲ ပညာရှင်လူငယ်တစ်ဦးနှင့် တူနေသည်။

ယခု ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် ဖန်တီးထားသော ခန္ဓာကိုယ်သည် မျက်နှာမှ လွဲ၍ ကျန်ရှိသော ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် စရိုက်လက္ခဏာသည် သူနှင့် တော်တော် လေး ဆင်တူနေသည်။

ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးများ သည် ကြေမွသွားခဲ့သော်လည်း ခဏချင်းပင် ပြန်လည်စုစည်းနိုင်ခဲ့ပြီး မည်သည့် ထိခိုက်မှု မျှ မရှိခဲ့ပေ။ သူက လေထဲတွင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဦးခေါင်း နောက်ကွယ်မှ ခုနစ်ရောင်ခြယ် ရောင်ခြည်စက်ဝန်းတစ်ခု စုစည်းသွားပြီး တဂျိဂျိ မြည်သံ နှင့်အတူ ကြီးမားသော လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

၎င်းသည် မဟာလေဟာနယ်လက်ဖဝါးပင် ဖြစ်သည်။

"မေရုတောင်ကို မှောက်လှန်ခြင်း။"

မဟာလေဟာနယ်လက်ဝါး၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ ကိုယ်ခန္ဓာသည် တစ်လက်မချင်းစီ ကွဲအက်သွားသည်။ သို့သော်လည်း ထိုကြောက်မက်ဖွယ် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ဝုန်း…၊ အရပ်မျက်နှာ အသီးသီးမှ အလွန်မင်း အစွမ်းထက်သော အတွေးတစ်ခုသည် နောက်တစ်ကြိမ် ပြင်းထန်စွာ စုစည်းလာပြန်သည်။ ကွဲအက်နေသော ဗောဓိသတ္တ၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများလည်း ပြန်လည် ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ခွန်အားများဖြင့် ပြည့်နှက်လာပြီး နက်ရှိုင်းသော ဗုဒ္ဓဟစ်ကြွေးသံကို လွှတ်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်းမှ ပြင်းထန်သော ရွှေရောင် အလင်းများ ထွက်ပေါ်လာရာ အစစ်အမှန် ဗောဓိသတ္တတစ်ပါး ကမ္ဘာလောကသို့ ဆင်းသက် လာသည့်အတိုင်းပင်။

ဖျစ်... ဖျစ်... တာအိုကျောင်းတော်၏ မြေပြင်ပေါ်တွင် ရှည်လျားသော အက်ကြောင်းများ ပေါ်လာသည်။ ကျောင်းတော်ကို ဝန်းရံထားသော အလင်းတန်းများသည်လည်း တုန်ခါသွား သည်။ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ ဟစ်ကြွေးသံသည် ကျယ်ပြောလှ သော ကမ္ဘာတစ်ထောင်မှ ခွဲထုတ်ထားသည့် ဤတာအိုကျောင်းတော်ကို လက်ရှိ ကမ္ဘာထဲ သို့ ပြန်လည် ဆွဲခေါ်ရန် ကြိုးစားနေသကဲ့သို့ပင်။

ဟူး... ဟူး...

မဟာလေဟာနယ် လက်ဝါးသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တ၏ လက်များနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ရာ ပြင်းထန်သော လေလှိုင်းများ ရိုက်ခတ် သွားခဲ့သည်။ ထိုလေလှိုင်းများသည် ဒြပ်ဝတ္ထုတစ်ခုကဲ့သို့ ခိုင်မာစွာ ဖြစ်ပေါ်လာပြီး သာမန် မျက်စိဖြင့် မမြင်နိုင်သည့် ဧရာမလက်ကြီးတစ်ဖက်ကဲ့သို့ ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးအချို့ ကို အမြစ်မှ ဆွဲနုတ်ပစ်ကာ လေထဲသို့ မြှောက်တင်လိုက်ပြီးနောက် သစ်ပင်အစနများ အဖြစ် ပေါက်ကွဲကာ မြေပေါ်သို့ လွင့်စင်သွားသည်။

ဤတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုသည် ကမ္ဘာမြေကြီး တုန်လှုပ်မတတ်ပင်။

"ဟင်…၊ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို ဒီလောက်အဆင့်ထိ ကျင့်ကြံနိုင်တာ တကယ့်ကို အံ့ဩစရာပဲ။"

ဟုန်ယွိ၏ ခန္ဓာကိုယ်သည် လေထဲတွင် ရပ်တန့်နေဆဲပင်။ မဟာလေဟာနယ်လက်ဝါး သည် ထိုတိုက်ခိုက်မှုကြောင့် ကြေမွသွားပြီး မရေမတွက်နိုင်သော အလင်းစများအဖြစ် ပြောင်းလဲသွားကာ သူ၏ ဦးခေါင်းနောက်တွင် ခုနှစ်ရောင်ခြယ် အလင်းရောင်စဉ်ကွင်းများ အဖြစ် ပြန်လည် စုစည်းသွားသည်။

"ဟား…၊ ဟား…၊ ဟား…၊ မဟာလေဟာနယ်လက်ဝါးဟာ ဒိုင်ဇင်ဘုရားကျောင်းတော်ရဲ့ နံပါတ်တစ် ပညာရပ်ဖြစ်ပြီး၊ နတ်ဘုရားတွေကို သတ်ဖြတ်နိုင်ကာ အင်မော်တယ်တွေကို ဖိနှိပ်နိုင်တယ်လို့ သတင်းကြီးတယ်။ ဒါပေမဲ့ အဲဒါကလည်း မင်းအနေနဲ့ နတ်ဘုရား စိတ်ဝိညာဉ် ကိုးခုအထိ ကျင့်ကြံပြီး၊ အင်မော်တယ် မူလစိတ်ဝိညာဉ်အဖြစ် စုစည်းကာ၊ မင်းရဲ့နတ်ဘုရား စိတ်ဝိညာဉ်နဲ့ အသက်နှောင်ဖွဲ့အဖြစ် ချည်နှောင်ပေါင်းစည်းနိုင်မှပဲ ဖြစ်နိုင်တာပါ။ မင်းက နတ်ဘုရား စိတ်ဝိညာဉ် ခုနစ်ပါးပဲ ကျင့်ကြံရသေးတယ်။ အင်မော်တယ် မူလစိတ်ဝိညာဉ် အဆင့်ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ မင်းကိုယ်မင်း ငါ့ကို အထင်သေးနိုင်ပြီလို့ ထင်နေတာလား။ ငါ မင်းရဲ့ မဟာလေဟာနယ်လက်ဝါးကို ဖျက်ဆီးပစ်မယ်။ ဒါမှ နောက်ထပ် ၄၉ ရက်အတွင်း မင်း အဲဒါကို သုံးလို့မရတော့မှာ။"

အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တနှင့် မဟာလေဟာနယ်လက်ဖဝါးတို့သည် တစ်ချိန်တည်းမှာပင် ကြေမွသွားခဲ့သည်။

ရှေးယခင်ကကဲ့သို့ ဆိုးသွမ်းသည့်အသံက ထပ်မံ ထွက်ပေါ်လာသည်။

ဤအချိန်တွင် ကွင်းလယ်၌ ရွှေရောင်ဝတ်ရုံ၊ ရွှေရောင်ဆံပင်နှင့် ရွှေရောင်သရဖူကို ဆောင်းထားသော အဘိုးအိုတစ်ဦး ပေါ်လာသည်။ ထိုအဘိုးအိုသည် အုံ့မှိုင်းနေသည့် မျက်နှာထားရှိသော်လည်း အပြုံးတစ်ခုက ခိုတွဲနေသည်။ သူ ရပ်နေစဉ်တွင် သူ၏ ခန္ဓာကိုယ်က တဖျတ်ဖျတ် တုန်ခါနေပြီး အချိန်မရွေး ကိုယ်ရောင်ဖျောက် ပျောက်ကွယ် သွားနိုင်ပုံရသည်။ ၎င်းသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ် ဟုတ်မဟုတ် ပြောရန် ခက်ခဲသည်။

သံသယဖြစ်စရာမလိုပေ။ ရွှေရောင်ဝတ်ရုံနှင့် ဤအဘိုးအိုသည် ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးတွင် အဆင့်လေးဖြစ်သည့် ရွှေပင့်ကူဘုရင်ပင် ဖြစ်သည်။ သူသည် အလစ်အငိုက် တိုက်ခိုက်ခြင်းကြောင့် ကျော်ကြားပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။ မည်သူမျှ သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ကြပေ။

"အို? ရွှေပင့်ကူဘုရင်၊ ခင်ဗျားက ကျုပ်ရဲ့ မဟာလေဟာနယ်လက်ဝါးကို ဖျက်ဆီးလိုက်ပြီ လို့ ထင်နေတာလား။"

လေထဲတွင် ရပ်နေသော ဟုန်ယွိသည် မြေပြင်ပေါ်ရှိ သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့သော ရွှေပင့်ကူဘုရင်ကို စိုက်ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

ထို့နောက် သူ၏ ဦးခေါင်းနောက်ကွယ်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုက တဖျတ်ဖျတ် ပေါ်လာပြန်သည်။ ထိုရွှေရောင်အလင်းထဲတွင် နက်နဲသည့် ကျမ်းစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး၊ မနက်ခင်း ခေါင်းလောင်းသံနှင့် စည်တီးသံများကဲ့သို့ လူများ၏စိတ်ကို နှိုးဆော်ပေးနေသည်။

ရွှေပင့်ကူဘုရင်၏ ဖျက်ဆီးမှုကြောင့် မှိန်ဖျော့သွားသော အလင်းရောင်စဉ် ခုနစ်ကွင်းသည် လေထဲတွင် ယိမ်းထိုးနေသည့် ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေခဲ့သော်လည်း နက်နဲသော ကျမ်းစာရွတ်ဖတ်သံများကြောင့် ချက်ချင်းပင် အတောက်ပဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

"ရွှေပင့်ကူဘုရင်၊ ခင်ဗျားက ကျုပ်ရဲ့ မဟာလေဟာနယ်လက်ဝါးကို ပြန်သုံးနိုင်ဖို့ ၄၉ ရက် စောင့်ရမယ်လို့ ပြောခဲ့တယ်နော်။ အခု ကျုပ် ခင်ဗျားကို ထုတ်ဖော်ပြသပြီး ခင်ဗျားရဲ့ ဒီကိုယ်ပွား ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မယ်။"

ဟုန်ယွိသည် သူ့လက်ချောင်းများကို ဖြန့်ကာ အောက်သို့ ဝှေ့ယမ်းလိုက်သည်။ ယခင်က ထက် သေးငယ်သော်လည်း စွမ်းအား နှစ်ဆပိုမို ပြင်းထန်သည့် မဟာလေဟာနယ်လက်ဝါး သည် လေထုကို ဆုတ်ဖြဲပြီး မြေပြင်ရှိ ရွှေပင့်ကူဘုရင်၏ ကိုယ်ပွား ခန္ဓာကိုယ်ထံသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

ဟုန်ယွိသည် ရွှေပင့်ကူဘုရင်၏ ခန္ဓာကိုယ်သည် အစစ်အမှန် မဟုတ်ဘဲ ကိုယ်ပွားသာ ဖြစ်ကြောင်း သဘာဝအတိုင်း သိမြင်နိုင်သည်။

ရွှေပင့်ကူဘုရင်ကဲ့သို့ လူမျိုးသည် သူတစ်ပါးရှေ့တွင် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို မည်သို့ ဖော်ပြပါမည်နည်း။

သို့သော်လည်း ဟုန်ယွိအနေဖြင့် သူ၏ ကိုယ်ပွားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ခြင်းသည်ပင် သူ၏ စွမ်းအားကို ဆုံးရှုံးစေခြင်း ဖြစ်သည်။

ရွှေပင့်ကူဘုရင်သည် ရွှေပင့်ကူမလေး၏ အဘိုးဖြစ်သော်လည်း ယခုအခါ သူ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။ သူ၏ မာန်မာနကို မနှိမ်နင်းလိုက်လျှင် သူ့ကို မည်သို့ ဆုံးမနိုင်ပါမည်နည်း။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါ မဖြစ်နိုင်ဘူး။ ငါ မင်းရဲ့ မဟာလေဟာနယ်လက်ဝါးကို ဖျက်ဆီးပြီး၊ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ် ခုနစ်ပါးကိုလည်း ချေမှုန်းပြီးပြီလေ။ ဘယ်လိုလုပ်ပြီး ချက်ချင်း ပြန်စုစည်းနိုင်ရတာလဲ... မဖြစ်နိုင်ဘူး။"

မဟာလေဟာနယ်လက်ဝါး ပြန်လည် စုစည်းကာ ရိုက်ချလာသည်ကို မြင်သောအခါ ရွှေပင့်ကူဘုရင်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

"ကြည်လင်ကောင်းကင် လေမုန်တိုင်း။”

ဤအချိန်တွင် ယူလူလက်သည် သူမ၏ လက်ထဲရှိ ကောင်းကင်ယပ်တောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

ယပ်တောင်ထိပ်ဖျားမှ အလွန်ပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ပေါက်ကွဲ ထွက်လာ သည်။ ထိုလေဆင်နှာမောင်းသည် အနက်ရောင်လည်းမဟုတ်၊ ရွှေရောင်လည်း မဟုတ်ဘဲ ဒြပ်စင်ငါးပါး၏ အရောင်များ ရောယှက်နေသည်။ လေဆင်နှာမောင်းထဲမှ ဖန်ခွက်များ ကွဲအက်သံကဲ့သို့ ကျယ်လောင်သော အသံကို ကြားနေရသည်။ ထိုလေပြင်း ထွက်ပေါ်လာ သည်နှင့် ချက်ချင်းပင် သူမ၏ မြေအကာကွယ်ကို ဖျက်ဆီးခဲ့သော စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ထံသို့ ဦးတည်သွားသည်။

စစ်နတ်ဘုရားသည် ပြင်းထန်စွာ ဟိန်းဟောက်ရင်း လေမုန်တိုင်းကို လှမ်းဖမ်းလိုက်သည်။ လေထဲတွင် နှစ်ဖက် တိုက်ခိုက်ရင်း အားပြိုင်နေကြစဉ် ယူလူလက်က နောက်တစ်ကြိမ် ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ဒုတိယမြောက် လေမုန်တိုင်း ထွက်ပေါ်လာသည်။ ထိုလေမုန်တိုင်း နှစ်ခုသည် "S" ပုံသဏ္ဌာန်ဖြင့် ရောယှက်သွားပြီး စစ်နတ်ဘုရားကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။

ထို့နောက် ယူလူလက်က ထပ်မံ ဝှေ့ယမ်းပြန်သည်။

ထိုလေမုန်တိုင်း နှစ်ခုသည် ရောယှက်လျက် လေထဲရှိ ဟုန်ယွိထံသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။

"ဟင်။ ဒါက ပင်လယ်ပြင်မှာ ရှင်းယုဆန် သုံးခဲ့တဲ့ လေပြင်းမုန်တိုင်း မဟုတ်လား။ ဒါပေမဲ့ အဲဒါနဲ့ ယှဉ်ရင် ဒီလေပြင်းမုန်တိုင်းရဲ့ စွမ်းအားက ပုရွက်ဆိတ်နဲ့ ဆင်လို ကွာခြားနေတာပဲ။ ငါ့ရဲ့ စစ်နတ်ဘုရားကိုတောင် သတ်ပစ်နိုင်တာပဲ။ ဒါက ဖန်ဟွမ်အသက်ဝိညာဉ်ဓားလောက် အစွမ်းမထက်ပေမဲ့ တကယ်ကို အစွမ်းထက်တယ်။ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ် မဲ့မြှား ထက်တောင် သာလွန်တယ်။ တကယ်ကို ဉဒေါင်းဘုရင်ရဲ့ အသက်ဝိညာဉ် ရတနာ လို့ ခေါ်ဆိုထိုက်ပါတယ်။ ဒီရတနာက ဉဒေါင်းဘုရင် အသွင်မပြောင်းခင် သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က အမြီးအမွေးတွေနဲ့ ပြုလုပ်ထားတာကိုး။"

ယောင်ယွမ်ရူက ယူလူလက်၏ လက်ထဲရှိ ယပ်တောင်သည် ဉဒေါင်းဘုရင်၏ အသက် ဝိညာဉ် ရတနာ ကောင်းကင်ယပ်တောင် ဖြစ်ကြောင်း ပြောစဉ်ကတည်းက ဤယပ်တောင် သည် ဉဒေါင်းဘုရင်၏ အမြီးတောင်ဖြင့် ပြုလုပ်ထားကြောင်း ဟုန်ယွိ သိရှိခဲ့သည်။

ဒြပ်စင်ငါးပါး၏ တာအိုကျင့်စဉ်တွင် သူ ကိုးကွယ်ဆည်းကပ်သော တာအိုသခင်မှာ “ ဟောက်ထျန် တာအိုသခင်" ပင် ဖြစ်သည်။

"ချီဝိညာဉ်ဝဲဂယက်။"

သူ့ထံ တိုးဝင်လာသော လေပြင်းမုန်တိုင်း နှစ်ခုကို ရင်ဆိုင်ရင်း ဟုန်ယွိသည် စဉ်းစားမနေ ဘဲ နတ်ဆိုးနတ်ဘုရား ငါးပါးကို ပေါ်ထွက်စေကာ ကြီးမားသော ချီဝိညာဉ်ဝဲဂယက်အဖြစ် ပြောင်းလဲလိုက်ပြီး လေမုန်တိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ချက်ချင်းပင် နှစ်ဖက် ထိပ်တိုက်တွေ့ဆုံကာ သဲလွန်စ မကျန်ဘဲ ပျောက်ကွယ်သွားသည်။

"ငါ့ချီဝိညာဉ် ဝဲဂယက်ဟာ မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားကို အသုံးပြုပြီး နတ်ဆိုးနတ်ဘုရား ငါးပါးကို ဖျက်ဆီးခြင်းကနေ ထွက်ပေါ်လာခဲ့တာ။ ငါ ဆင့်ခေါ်လိုက်တဲ့ ချီဝိညာဉ် ဝဲဂယက် က ဒီလေပြင်းမုန်တိုင်းကို ခုခံနိုင်ရုံပဲလား။ ကောင်းကင်ယပ်တောင်က တကယ်ကို အစွမ်းထက်တယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ် စွမ်းအားက သိပ်အားနည်းလွန်းတယ်။"

ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ် အတွင်းမှ ရှည်လျားသော လေးတစ်လက် မှုန်ဝါးဝါး ပေါ်လာသည်။ ထိုလေးပေါ်တွင် အကန့်သတ်မဲ့မြှား ငါးစင်း ရှိနေသည်။

ထိုလေးနှင့်မြှားတို့သည် မက်မွန်နတ်ဘုရားဂိုဏ်းမှ ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားတို့ ဖြစ်သည်။

ဟုန်ရွှန်ကျိသည် မြှားလေးစင်းကို ဖျက်ဆီးခဲ့သော်လည်း ကျန်ရှိသော မြှားများမှာ အလွန်မင်း အစွမ်းထက်ဆဲ ဖြစ်သည်။

ဟုန်ယွိသည် ကောင်းကင်တုန်ခါလေးကို အားဖြင့် ဆွဲတင်လိုက်ပြီး မြှားငါးစင်းကို ယောင်ယွဲ့ရှင်း၊ ယောင်ယွမ်ရူ၊ နတ်လင်းယုန်ဘုရင်၊ ရှောင်အန်ရန်နှင့် ရှောင်ယွန်ဖုန်းတို့ ထံသို့ ပစ်လွှတ်လိုက်သည်။

ယခုအခါ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော စိတ်ဝိညာဉ် အမျှင်တန်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ကျောက်စိမ်းနဂါးတောင်သို့ လာသောအခါ တစ်ခုခုဖြစ်လျှင် အဆင်သင့်ဖြစ်အောင် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့ မြှားများကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့ မြှားတွေပဲ။"

မြှားငါးစင်း ပစ်လွှတ်လိုက်သည်ကို မြင်သောအခါ ရှောင်အန်ရန်နှင့် ရှောင်ယွန်ဖုန်းတို့၏ မျက်နှာထားများ ပြောင်းလဲသွားသည်။ သူတို့သည် လက်ဝှေ့ယမ်းလိုက်ရာ သွေးနီရောင် သက်တံ့တစ်ခုစီ ကောင်းကင်သို့ ပျံတက်သွားပြီး အကန့်သတ်မဲ့မြှား တစ်စင်းနှင့် ထိပ်တိုက် တွေ့သွားသည်။ လေထဲတွင် ထိပ်တိုက်တွေ့ကာ သတ္တုချင်းချင်း ထိခိုက်သံများ ထွက်ပေါ် လာသည်။

ထိုသွေးနီရောင် သက်တံ့နှစ်ခုသည် ရှောင်အန်ရန်၏ မူလယန်ဓားနှင့် ရှောင်ယွန်ဖုန်း၏ ဆေးမီးဖိုဓားတို့ ဖြစ်သည်။ ၎င်းတို့ နှစ်ခုလုံးကို သွေးပုံစံသံမဏိများဖြင့် သွန်းလုပ်ထား သဖြင့် အကန့်သတ်မဲ့ မြှား၏ စွမ်းအားကို ခုခံနိုင်သည်။

"ယွမ်ရူ၊ သတိထား။"

ယောင်ယွဲ့ရှင်းနှင့် ယောင်ယွမ်ရူတို့သည် အကန့်သတ်မဲ့မြှားများကို ရင်ဆိုင်ရသောအခါ မြှားတွေပေါ်မှ ထွက်ပေါ်လာသည့် တစ္ဆေများနှင့် နတ်ဘုရားများ၏ ဟစ်အော်သံကို ခံစားမိကြသည်။ ကောင်းကင်ယံတစ်ခုလုံး အဖြူအမဲများဖြင့် ပြည့်နှက်သွားပြီး သူမတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားသည်။ ယင်ယန်ဖရိုဖရဲဝင်္ကပါကို အသက်သွင်းလိုက်ပြီး ညီအစ်မနှစ်ဦး၏ မျက်လုံးများသည် လက်ခနဲ လင်းလက်သွားခဲ့သည်။ ယောင်ယွဲ့ရှင်းက လက်ဝှေ့ယမ်းလိုက်ရာ လရောင်များ စုစည်းသွားပြီး တောက်ပသော ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ မြှားကို ပိတ်ဆို့လိုက်သည်။

"ဒါက လရောင်ကို စုစည်းခြင်း နည်းလမ်းပဲ။ ယောင်ချီဂိုဏ်းဟာ မဟာယင်ကောင်းကင် နတ်ဘုရား မွေးဖွားခြင်းကျမ်းစာနဲ့ မဟာယင်သံမဏိပုံရိပ်နည်းလမ်းကို ကျင့်ကြံတယ်လို့ ကြားဖူးတယ်။ မဟာယင်ပုံရိပ်သန့်စင်ခြင်း နည်းလမ်းထဲမှာ လရောင်စုစည်းခြင်း တာအို ပညာရပ်တွေ ပါဝင်တာကိုး။" မြှားငါးစင်း ပစ်လွှတ်ပြီးနောက် ဟုန်ယွိသည် ညီအစ်မနှစ်ဦး ကို မသတ်ခဲ့ပေ။

သူ၏ အကြည့်က နတ်လင်းယုန်ဘုရင်ထံ၌သာ ရှိနေသည်။

"ယူလူလက်၊ မြန်မြန် ထွက်သွားတော့။"

မဟာလေဟာနယ်လက်ဝါးက နောက်တစ်ကြိမ် ရိုက်ချလာသည်။ ရွှေပင့်ကူဘုရင်က လှုပ်ရှားလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ယူလူလက်နှင့် မင်းသား ရှီဒီတို့ကို လွှမ်းခြုံပြီး တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်သည်။

ယူလူလက်သည် မဟာလေဟာနယ်လက်ဝါး မြေပြင်ပေါ် ကျရောက်သွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။ တောင်ပေါ်ရှိ ကျောက်တုံးများ ကွဲအက်သွားပြီး သူမသည် ယပ်တောင်ကို ထပ်မံဝှေ့ယမ်းကာ ဟုန်ယွိ၏ လက်ဖဝါးကို ဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။ သို့သော် ရွှေပင့်ကူဘုရင်၏ အသံကို ကြားလိုက်ရသည်။

"နိုင်ငံတော်ဆရာကြီး၊ ဘာဖြစ်လို့လဲ။"

"ဒီလူက ဒိုင်ဇင်ဘုရားကျောင်းရဲ့ နံပါတ်တစ် စိတ်ဝိညာဉ် ကျင့်စဉ်ဖြစ်တဲ့ အတိတ် အမိတ္တဘသုတ္တန်ကို ကျင့်ကြံထားပုံရတယ်။ သူ့ရဲ့အစစ်အမှန် သဘာဝက အတိတ်ကာလ လို မပြောင်းလဲနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီ။ ဒါကြောင့် သူက မဟာလေဟာနယ် လက်ဝါးကို အမှန်တကယ် ထိန်းချုပ်နိုင်တယ်။ တကယ်လို့, သူသာ မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်နိုင်သေးရင် ငါ သူ့ကို ဖြေရှင်းနိုင်သေးတယ်။ ဒါပေမဲ့ သူက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ဆန္ဒကို ဝါးမြိုထားပြီးပြီ။ ဒါကြောင့် သူက ပိုပြီး အစွမ်းထက်နေတယ်။ မင်းသမီး သူ့ကို ဘယ်လိုပဲ သတ်သတ် သူက ချက်ချင်း ရှင်သန် ထမြောက်လာမှာပဲ။ သူက အခြေခံအားဖြင့် မသေမျိုး အဆင့်ပဲ။ မင်းသမီးရဲ့ ကောင်းကင် ယပ်တောင်က အစွမ်းထက်ပေမဲ့ သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ ဉဒေါင်းဘုရင်ကိုယ်တိုင် တိုက်ခိုက်ရင်တောင် သူ့အနေနဲ့ သူ့စွမ်းအင်ကို ကုန်ဆုံးသွားရုံသာ လုပ်နိုင်လိမ့်မယ်။ တကယ်လို့, ကောင်းကင်မြွေဘုရင်နဲ့ ဆန်းကြယ်ကောင်းကင်ခန်းမရဲ့ ခန်းမသခင်တို့ ပူးပေါင်းပြီး၊ သူ့ကို အမှောင်ထုမဟာအကန့်သက်စက်ဝိုင်းနဲ့ ချိတ်ပိတ်သာ ဒါမှမဟုတ် မိုနိုဂိုတာရီ ကိုယ်တိုင် ထာဝရ နတ်ဘုရားခေါင်းလောင်းနဲ့ အုပ်ပြီး မီးလျှံနဂါးကိုးကောင်နဲ့ ၈၁ ရက်ကြာ သန့်စင်မှပဲ သူ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါမှမဟုတ်လည်း ဟုန်ရွှန်ကျိက သူ့ လူသား အင်မော်တယ် ခွန်အားနဲ့ အစွမ်းကုန် ထိုးနှက်ရင်တော့ ဖြစ်နိုင်တယ်။ ဖန်ဟွမ် အသက်ဝိညာဉ်ဓားကလည်း သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ အခု ပူးပေါင်းတိုက်ရင်တောင် တစ်ချိန်မဟုတ် တစ်ချိန်မှာ ငါတို့ပဲ အားအင်ကုန်ခမ်းပြီး သေသွား လိမ့်မယ်။ အရင်သွားကြစို့။"

ယူလူလက်သည် ရွှေပင့်ကူဘုရင်၏ တုန်လှုပ်ခြောက်ခြားနေသော အသံကို ကြားသော အခါ ထိတ်လန့်သွားပါသည်။

ရှေးယခင်ကတည်းက မည်သည့်အခါမျှ မျက်နှာထားမပြောင်းခဲ့သော မင်းသား ရှီဒီပင်လျှင် မျက်နှာပျက်သွားသည်။

"အမှောင်ထုမဟာအကန့်သက် စက်ဝိုင်းကပဲ သူ့ကို ပိတ်လှောင်နိုင်မှာလား။ ဒါက ရှေးခေတ် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ၊ မဟာဖျက်ဆီးခြင်း နတ်ဘုရား၊ မဟူရာ ကောင်းကင်နတ်ဆိုးနဲ့ မြေအောက်ကမ္ဘာ အရှင်သခင်တို့ကို ပိတ်လှောင်နိုင်တဲ့ အမြင့်ဆုံး ဝင်္ကပါပဲ မဟုတ်လား..."

"ထွက်ပြေးချင်တာလား။ ကျုပ်က ဒီနေရာမှာ လေဟာနယ်ပိုင်းခြားခြင်း နည်းလမ်းကို သုံးထားပြီးပြီ။ ခင်ဗျားရဲ့ ဆန်းကြယ်တဲ့ အစွမ်းတွေနဲ့တောင် ဒီစည်းတံဆိပ်ကို ချိုးဖောက်ဖို့ အားစိုက်ရလိမ့်မယ်။ ရွှေပင့်ကူဘုရင်။ ဒါပေမဲ့ ငါ ခင်ဗျားတို့ကို တားဆီးထားရဦးမယ်၊ တစ်ချိန်တည်းမှာပဲ နတ်လင်းယုန်ဘုရင်ကို သတ်ပြီး ကျုပ်ရဲ့ စွမ်းအားကို ပြသရမယ်။"

ရွှေပင့်ကူဘုရင်သည် ယူလူလက်ကို ပွေ့ချီကာ ပျံတက်သွားသည်ကို မြင်သောအခါ ဤကောက်ကျစ်သော ရွှေပင့်ကူဘုရင်သည် သူ့တာအိုနည်းစနစ်၏ အရင်းအမြစ်ကို သိမြင်သွားပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း ဟုန်ယွိ သိလိုက်သည်။

မူလက ဟုန်ယွိသည် ခက်ခဲ့သည့်တိုက်ပွဲတစ်ခု ဖြစ်လာပြီး၊ ဤလူများကို အားအင်ကုန်ခန်း သည်အထိ တိုက်ခိုက်ရမည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ရွှေပင့်ကူဘုရင်၏ ပထမဆုံး အတွေးမှာ ထွက်ပြေးရန် ဖြစ်နေသဖြင့် သူ၏ ဖိအားများစွာ လျော့ကျသွားသည်။

အတွေးတစ်ချက်နှင့် စစ်နတ်ဘုရား တစ်ပါးသည် ကောင်းကင်သို့ ပျံတက်သွားပြီး ရွှေပင့်ကူဘုရင်၏ လမ်းကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာပင် မဟာလေဟာနယ်လက်ဝါးသည် ယူလူလက်ကို မထိမှန်ခဲ့ပေ။ ဟုန်ယွိသည် ဆက်လက် မလိုက်တော့ဘဲ စိတ်အာရုံဖြင့် ကြီးမားသော လက်ဖဝါးကြီး တစ်ခုကို ဖန်တီးပြီး နတ်လင်းယုန်ဘုရင်ထံသို့ အုပ်မိုးလိုက်သည်။

ဤတစ်ကြိမ်တွင် ဟုန်ယွိသည် သူ၏ အစွမ်းကုန်ကို အသုံးပြုခဲ့သည်။ မဟာလေဟာနယ် လက်ဝါး ရိုက်ချလိုက်စဉ် သူ၏ခန္ဓာကိုယ်က ပျက်ဆီးသွားပြီး နတ်ဆိုးနတ်ဘုရား ငါးပါး ပေါ်ထွက်လာသည်။ ကြီးမားသော ချီဝိညာဉ်ဝဲဂယက် တစ်ခုသည် တောင်ထိပ်တစ်ခုလုံး ပေါ်သို့ ကျဆင်းလာသည်။

၎င်းသည် ဟုန်ယွိ အစွမ်းကုန် အသုံးပြုထားသော ချီဝိညာဉ်ဝဲဂယက် ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှသည်။

"မကောင်းတော့ဘူး။"

မဟာလေဟာနယ်လက်ဝါး ရိုက်ချလာသည်နှင့်အမျှ နတ်လင်းယုန်ဘုရင်၏ ခန္ဓာကိုယ် သည် လှုပ်ရှားသွားပြီး အမွှေးတောင်များဖြင့် ရက်လုပ်ထားသော အဝတ်အစားတစ်ခု သူ၏ ကိုယ်ပေါ်သို့ ဖုံးလွှမ်းသွားသည်။ ၎င်းမှာ သူ၏ နောက်ဆုံးလက်နက်ဖြစ်သော ရွှေလင်းယုန် ကောင်းကင်ဝတ်ရုံပင် ဖြစ်သည်။

ထိုဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းပေါင်း သောင်းချီ ထွက်ပေါ်လာ သည်။ ထိုရွှေရောင်အလင်းများကြားတွင် မရေမတွက်နိုင်သော ရွှေလင်းယုန်များ ပေါ်ထွက် လာပြီး မဟာလေဟာနယ်လက်ဝါး၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခုခံသည်။

သို့သော်လည်း ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက် ပေါ်ထွက်လာသည်နှင့် ထိုရွှေလင်းယုန်ကြီး များမှာ တဖျတ်ဖျတ် တုန်ခါသွားပြီး ရွှေရောင်အမွှေးတောင်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

ထို့နောက် မဟာလေဟာနယ်လက်ဝါးက ပြင်းထန်စွာ ရိုက်ချလိုက်ပါတော့သည်။

ဥခွံကို ရိုက်ခွဲလိုက်သကဲ့သို့ပင်။ နတ်လင်းယုန်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး အသားစများ နှင့် သွေးများအဖြစ် ကြေမွသွားပြီး မြေပြင်ပေါ်တွင် ပြားချပ်သွားသည်။

"ခင်ဗျားက စိတ်ဝိညာဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာလား။”

သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် မရေမတွက်နိုင်သော စိတ်အတွေးများ ထွက်ပြေး ရန် ကြိုးစားကြသည်။ သို့သော် မဟာလေဟာနယ်လက်ဝါးက လှမ်းဖမ်းလိုက်ရာ ခုနစ်ရောင်ခြယ် ကြယ်အပိုင်းအစများစွာ ထွက်ပေါ်လာသည်။ ထိုအပိုင်းအစတိုင်းသည် အတွေးတစ်ခုချင်းစီကို ဖမ်းဆုပ်ကာ လက်ဖဝါးအတွင်းသို့ ပြန်လည် ဆွဲခေါ်သွားသည်။

ကြီးမားသော ခုနစ်ရောင်ခြယ် လက်ဖဝါးကြီးအတွင်း၌ နတ်လင်းယုန်ဘုရင်၏ နာကျင်နေ သော စိတ်ဝိညာဉ် ပေါ်လာသည်။

ရွှေပင့်ကူ၏ စိတ်ဝိညာဉ်ပင်လျှင် မဟာလေဟာနယ်လက်ဝါး၏ နတ်ဘုရားခုနစ်ပါး ယုံကြည်မှုစွမ်းအားကို မခုခံနိုင်ခဲ့ပေ။ သန့်စင်သော ယန်စွမ်းအားမရှိသော နတ်လင်းယုန် ဘုရင်သည် မည်သို့ ခုခံနိုင်ပါမည်နည်း။

"ရွှေပင့်ကူဘုရင်၊ ခင်ဗျား ထွက်ပြေးရင် ကျုပ် ခင်ဗျားကို ကမ္ဘာပတ်ပြီး လိုက်ဖမ်းမယ်။ ခင်ဗျားကိုလည်း နတ်လင်းယုန်ဘုရင်လိုပဲ ဖြစ်အောင် လုပ်ပစ်မယ်။ အခုချက်ချင်း ဆင်းလာခဲ့။"

နတ်လင်းယုန်ဘုရင်ကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် ဟုန်ယွိ၏ အသံသည် ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အခန်း (၃၂၀)။

ဝှစ်... ဝှစ်... ဝှစ်။

"ဒီစစ်နတ်ဘုရားက ငါ့လမ်းကို တားနေပြန်ပြီ။ ငါ့ရဲ့ မပျက်စီးနိုင်တဲ့ ကြည်လင်ကောင်းကင် လေမုန်တိုင်းကို မြည်းစမ်းကြည့်စမ်း။"

ဟုန်ယွိက နတ်လင်းယုန်ဘုရင်ကို ချေမှုန်းပြီး မဟာလေဟာနယ်လက်ဝါးမှ အဆုံးမဲ့ ကြယ်အပိုင်းစများကို လွှတ်ထုတ်ကာ နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ် အတွေးစ တိုင်းကို ဖမ်းဆုပ်နေစဉ်မှာပင်၊ ယူလူလက်၊ မင်းသား ရှီဒီနှင့် ရွှေပင့်ကူဘုရင်၏ ကိုယ်ပွား ခန္ဓာတို့သည် ကောင်းကင်သို့ ပျံတက်သွားကြသော်လည်း စစ်နတ်ဘုရား၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ယူလူလက်သည် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေသည်။ သူမသည် ကောင်းကင် ယပ်တောင်ကို မြှောက်ကာ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။

နောက်ထပ် "ကြည်လင်ကောင်းကင်လေမုန်တိုင်း" တစ်ခုသည် ယပ်တောင်ထဲမှ ပေါက်ကွဲ ထွက်လာသည်။

ဝှစ်။

ထိုလေပြင်းမုန်တိုင်းသည် သူတို့လမ်းကို ပိတ်ထားသော စစ်နတ်ဘုရားပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

အိုး.. အိုး..၊ အိုး..၊ အိုး..၊ စစ်နတ်ဘုရားသည် လေမုန်တိုင်း၏ ရိုက်ခတ်မှုကို ခံရသည်နှင့် တပြိုင်နက် ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်သော လေလှိုင်းကြောင့် ဂျင်တစ်ခုကဲ့သို့ လည်ပတ်နေသည်။ စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် ကြေမွပျက်စီးပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့မည့်ပုံ ပေါက်နေသည်။ သို့သော်လည်း ဟုန်ယွိ၏ အကြည့်များ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စစ်နတ်ဘုရား၏ ကိုယ်ပေါ်သို့ စူးစိုက်ကြည့်ကာ အလွန်လေးနက်သော စကားလုံး တစ်လုံးကို ဖွင့်ဟလိုက်ပါသည်။

ထိုစကားလုံးမှာ "ကျိ" ပင် ဖြစ်သည်။

"ကျိ" ဟူသော စကားလုံးကို ရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် စစ်နတ်ဘုရားသည် အလွန်မင်း အစွမ်းထက်သော အားဆေးတစ်မျိုးကို စားလိုက်ရသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မယုံနိုင်လောက်အောင် အလွန်အမင်း လေးလံလာသည်။

ရုတ်တရက်ဆိုသလိုပင် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် မတ်တတ်ရပ်နိုင်သွားသည်။ သူသည် လေပြင်းမုန်တိုင်း၏ အလယ်တွင်ပင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားပြီး ကြည်လင်ကောင်းကင် လေမုန်တိုင်း၏ သက်ရောက်မှုကို လုံးဝ မခံရတော့ပေ။

တစ်ချိန်တည်းမှာပင် စစ်နတ်ဘုရား၏ လက်ထဲ၌ ရှည်လျားသော ဆေဘာတစ်လက် ပေါ်လာသည်။ ထိုဆေဘာသည် လွှသွားကဲ့သို့ အသွားရှိပြီး၊ ဆေဘာကျောရိုးမှာ တံခါးတစ် ချပ်ကဲ့သို့ ကျယ်ပြန့်ကာ၊ သုံးမီတာကျော် ရှည်လျားပြီး ဓားသွားပေါ်တွင် စပါးနှံနှင့် ကောက်ပဲသီးနှံပုံစံ အင်းကွက်များ ပါရှိသည်။

စစ်နတ်ဘုရား၏ လက်ထဲတွင် ပေါ်လာသော ဤနတ်ဘုရားဆေဘာသည် လေ့ကျင့်ရေး ကွင်းတွင် ပေါ်လာခဲ့သော "မဟာကျိ နတ်ဘုရားဆေဘာ" နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

ဖျစ်... ဖျစ်...

မဟာကျိ နတ်ဘုရားဆေဘာ ပေါ်လာပြီးနောက် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖောင်းကားလာပြီး အဆုံးမဲ့သော ခွန်အားနှင့် လေးလံမှုတို့ကို ပြသနေသည်။ ခဏချင်းပင် သူသည် လေမုန်တိုင်းကြားမှနေ၍ ဆေဘာဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ပါ သည်။

ဤဆေဘာခုတ်ချက်သည် လေထုကို အေးခဲသွားစေသော ပုတီးစေ့ကဲ့သို့ပင်။ ကြည်လင် ကောင်းကင် လေမုန်တိုင်း အားလုံးသည် ဤဆေဘာခုတ်ချက်အောက်တွင် ပျောက်ကွယ် သွားရသည်။

ဉဒေါင်းဘုရင်၏ အသက်ဝိညာဉ် ရတနာဖြစ်သော ကောင်းကင်ယပ်တောင်မှ ထွက်ပေါ် လာသည့် နတ်ဘုရားနှင့် ဗုဒ္ဓများကိုပင် သတ်ဖြတ်နိုင်သော လေပြင်းမုန်တိုင်းသည် တခဏ အတွင်း ပျက်စီးသွားခဲ့ရပြီ။

"မကောင်းတော့ဘူး၊ ဒါ ဘယ်လို မှော်အတတ်လဲ။ သူ့စစ်နတ်ဘုရား နတ်ဆိုးကျမ်းက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။ ဒါက ဘာဆေဘာလဲ။ ဘယ်လို စိတ်ဆန္ဒမျိုးနဲ့ ဖန်တီးထားတာလဲ။" စစ်နတ်ဘုရားသည် ယခင်က တူတစ်လက်ကို ကိုင်ဆောင်ထားသော်လည်း ယခုအခါ ဆေဘာတစ်လက်ကို ကိုင်ဆောင်ထားသည်ကို ယူလူလက် မြင်လိုက်ရသည်။ ဤကြီးမားသော ဆေဘာသည် မည်သည့် စိတ်ဆန္ဒမျိုးဖြင့် စုစည်းထားသည်ကို သူမ မသိသော်လည်း ၎င်းသည် အလွန်လေးလံလှသည်။

သူမသည် အလျင်အမြန်ပင် နောက်ထပ် "ကြည်လင်ကောင်းကင် လေမုန်တိုင်း" နှစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်သော်လည်း စစ်နတ်ဘုရား၏ ဓားချက်အောက်တွင် ကြေမွသွားခဲ့ရ ပြန်သည်။

"ဟင်..၊ ယူလူလက်၊ မင်းရဲ့ ဓမ္မရတနာက သူ့စစ်နတ်ဘုရားကို မဖျက်ဆီးနိုင်ဘူး။ ငါ့ကို ကောင်းကင်ယပ်တောင် ပေးလိုက်။"

ထိုအချိန်တွင် ရွှေပင့်ကူဘုရင်၏ အသံသည် အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ်လာသည်။ အသံပေါင်း ခုနစ်သံ ထွက်ပေါ်လာခြင်းဖြစ်ရာ အလစ်အငိုက်တိုက်ခိုက်ခြင်း၏ ဘုရင်တွင် ပုံတူကိုယ်ပွားခန္ဓာ ခုနစ်ခု ရှိကြောင်း ပြသနေသည်။

အသံထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် သစ်ပင်များကြားမှ ရွှေရောင်အလင်းတန်း ခြောက်ခု ပျံတက်လာပြီး လေထဲတွင် တခဏချင်း စုစည်းသွား သည်။ အစွမ်းထက်သော စိတ်ဆန္ဒနှင့် စွမ်းအားလှိုင်းများ ရိုက်ခတ်လာသဖြင့် တစ်ဟုန်ထိုး တုန်ခါသွားသည်။

တခဏအတွင်းမှာပင် လေထဲ၌ ပေတစ်ရာ မြင့်သော အဘိုးအိုကြီးတစ်ဦး ပေါ်လာသည်။ သူသည် ရွှေရောင်ဝတ်ရုံနှင့် ရွှေရောင်သရဖူကို ဆောင်းထားသည်။ ဤအဘိုးအိုသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ခန့်ညားထည်ဝါစွာ ရပ်နေသည်။

ထူးခြားသည်မှာ သူ၏ လက်ထဲတွင် ကောင်းကင်ယပ်တောင်ကို ကိုင်ထားခြင်း ဖြစ်သည်။ ယပ်တောင်သည် သူ၏လက်ထဲတွင် အဆတစ်ရာခန့် ကြီးထွားလာသည်။ ၎င်း၏ အမြီးအမွေးများမှာ ထောင်မတ်နေပြီး အလင်းများ တဖျတ်ဖျတ် ထွက်ပေါ်နေကာ အနှိုင်းမဲ့သော အရှိန်အဝါကို ပြသနေသည်။

"ဟား…၊ ဟား…၊ ဟား…၊ ဉဒေါင်းဘုရင်ရဲ့ ဒီဓမ္မရတနာက တကယ်ကို အစွမ်းထက်တာပဲ။ ဒါက သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားကို စုစည်းထားရုံတင်မကဘဲ သူ သတ်ခဲ့တဲ့ တစ္ဆေ အင်မော်တယ် များစွာရဲ့ ဝိညာဉ်တွေကိုလည်း စုစည်းထားတာပဲ။ ကောင်းကင်ဘုံကိုးခုက ကြယ်တာယာ လေပြင်းကိုတောင် ချိပ်ပိတ်ထားသေးတယ်။ မူလက ဒီရတနာကို ဘယ်သူမှ သုံးလို့မရပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က ဒါကို အပြည့်အဝ သန့်စင်ပေးထားပြီ။ ချန်ပီယံမြို့စား ဘေးနားက လမင်းနတ်သမီးဟာ တကယ့်ကို ထူးခြားတာပဲ၊ ဉဒေါင်းဘုရင် ရဲ့ စိတ်ဝိညာဉ် အမှတ်အသားကိုတောင် ဖျက်ဆီးပြီး သန့်စင်နိုင်တာကိုး။ ဒီနေ့ ဒီရတနာက ငါ့လက်ထဲ ရောက်နေပြီ၊ ငါ ဒါကို အစွမ်းကုန် သုံးနိုင်တယ်။ မင်း ဘယ်ကလာလဲ ငါ ဂရုမစိုက်ဘူး။ မင်းရဲ့ တာအိုနည်းလမ်းတွေ ဘယ်လောက် အစွမ်းထက်နေပါစေ၊ ဒီနေ့ ငါက မင်းနဲ့ ယှဉ်ပြိုင်မယ်။"

ရွှေပင့်ကူဘုရင်၏ အစစ်အမှန် ပုံသဏ္ဌာန် ထွက်ပေါ်လာသည်။ သူသည် ကြီးမားသော ကောင်းကင်ယပ်တောင်ကို ကိုင်ကာ ဟုန်ယွိကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

"ငါ့ကို ကမ္ဘာပတ်ပြီး လိုက်ဖမ်းမယ် ဟုတ်လား။ ဒီနေ့ မင်းမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆို တာ ကြည့်ရသေးတာပေါ့။"

ထိုအချိန်တွင် ရွှေပင့်ကူဘုရင်သည် ဟုန်ယွိ၏ စကားကြောင့် အလွန်အမင်း ဒေါသထွက်နေ သည်။ အကြောင်းမှာ ဟုန်ယွိ၏ စကားများသည် အလွန် မာန်တက်လွန်းနေသောကြောင့် ဖြစ်သည်။

"အို။"

အတွေးတစ်ချက်ဖြင့်, စစ်နတ်ဘုရားသည် မည်သည့်သဲလွန်စမျှ မကျန်ဘဲ ပျောက်ကွယ် သွားပြီး အစွမ်းထက်သော အတွေးတစ်ခုသည် ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ သူသည် ကောင်းကင်ရှိ ဧရာမ ရွှေပင့်ကူဘုရင်နှင့် ကောင်းကင် ယပ်တောင်ကြီးကို မော့ကြည့်လိုက်သည်။

"မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာ ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်မနဲ့ မျောက်ဝံဖြူဘုရင်တို့ပဲ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖူးကြတယ်။ ခင်ဗျားဆိုတဲ့ ရွှေပင့်ကူဘုရင်ကတော့ ရိုရန်နိုင်ငံမှာ အနှစ် ၂၀ ကျော် ပုန်းအောင်းနေပြီး ကောက်ကျစ်စဉ်း လဲစွာနဲ့ နှစ်ဖက်ခွပြီး ကစားနေခဲ့တာပဲ။ ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးသွားတုန်းကလည်း ခင်ဗျား အကျိုးအမြတ်တွေ အများကြီး ရခဲ့တာပဲ။ အဲဒီအကျိုးအမြတ်တွေနဲ့ဆိုရင် ခင်ဗျား မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်သင့်ပြီ။ ဒါပေမဲ့ ခင်ဗျား မလုပ်ရဲခဲ့ဘူး။ ခင်ဗျားရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ချိပ်ပိတ်ထားပြီး အစွမ်းကုန် မသုံးရဲခဲ့ဘူး။ အခု ခင်ဗျားမှာ ကောင်းကင်ယပ်တောင် ရှိနေတော့ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ထဲက ယင်စွမ်းအင်တွေကို ဖုံးကွယ်ထားနိုင်ပြီး တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ စွမ်းအားတွေကို ထုတ်သုံးနိုင်လာနိုင်ပြီ။ ဒါကြောင့်လည်း ခင်ဗျား ကျုပ်ကို တိုက်ရဲနေတာပေါ့။"

ဟုန်ယွိက ပြုံးလိုက်သည်။

ရွှေပင့်ကူဘုရင်သည် မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း သူ၏ ခန္ဓာကိုယ် မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ် စွမ်းအားမှာ အလွန် ပြင်းထန်လှသည်။ သူ၏ အတွေးများ တိုးထွက်လာပုံက ပြင်းထန်သော ဒီရေလှိုင်းများကဲ့သို့ပင်။ ရှောင်အန်ရန်၊ ရှောင်ယွန်ဖုန်း နှင့် ယောင်ယွဲ့ရှင်းတို့ သုံးယောက် ပူးပေါင်းလိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဤအရာကို တစ္ဆေအင်မော်တယ် တစ်ဦး၏ အမြင့်ဆုံးအဆင့်ဟု ပြောလို့ရပါသည်။

ဤမျှ ထူထပ်သော ယင်စွမ်းအင်များသည် ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများကို သူ့ဆီသို့ ဆွဲဆောင်ရန် လုံလောက်လှသည်။

ဝတ္ထုအချို့တွင် မိုးကြိုးမုန်တိုင်းကျစဉ် သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်ချလိုက်သည့်အခါ ထိုသစ်ပင်ထဲတွင် သေနေသော ကင်းခြေများ သို့မဟုတ် မြွေများကို တွေ့ရတတ်သည်။ အကြောင်းမှာ ထိုနတ်ဆိုးများသည် အလွန်မြင့်မားသော အဆင့်အထိ ကျင့်ကြံမိသွားကြ သဖြင့် မိုးကြိုးလျှပ်စီးစွမ်းအင်များကို ဆွဲဆောင်မိပြီး ကောင်းကင်မှ မိုးကြိုးပစ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ယခု ရွှေပင့်ကူဘုရင်၏ ကျင့်စဉ်သည် မိုးကြိုးမုန်တိုင်း မရှိဘဲနှင့်ပင် မိုးကြိုးလျှပ်စီးများကို စုစည်းလာစေနိုင်သည့် အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မိုးကြိုးပစ်မခံရစေရန် သူ၏ စိတ်ဝိညာဉ်ကို ခုနစ်ပိုင်း ခွဲခြားပြီး ချိပ်ပိတ်ထားခြင်း ဖြစ်သည်။

ရွှေပင့်ကူဘုရင်၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားမှာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထား သော ကျွမ်းကျင်သူဖြစ်သည့် ဟုန်ယွိနှင့် ယှဉ်လျှင်ပင် မနိမ့်ကျတော့ပေ။

ယခုအခါ ရွှေပင့်ကူဘုရင်သည် သူ၏ အစွမ်းကုန်ကို အသုံးပြုလိုက်သဖြင့် မိုးကြိုးကပ်ဘေး ကို လှုပ်ခတ်စေတော့မည် ဖြစ်သော်လည်း ၎င်းကို ကောင်းကင်ယပ်တောင်ဖြင့် ဖုံးကွယ် ထားခြင်း ဖြစ်သည်။ ကောင်းကင်ယပ်တောင်၏ သန့်စင်သော ယန်စွမ်းအင်သည် သူ၏ စိတ်ဝိညာဉ်ထဲမှ ယင်စွမ်းအင်များကို လုံးဝ မျှတသွားစေပြီး တာအိုကျင့်စဉ်ကိုလည်း များစွာ မြှင့်တင်ပေးလိုက်ရာ သူ၏အတွေးတိုင်းက ယန်နှင့်ယင် မျှတနေသကဲ့သို့ ဖြစ်သွား စေသည်။

"မင်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်အမိတ္တဘကျမ်းစာကို ကျင့်ကြံထားတယ် ဆိုပေမဲ့၊ မင်း ငါ့ကို ကမ္ဘာပတ်ပြီး ဘယ်လို လိုက်ဖမ်းမလဲဆိုတာ ကြည့်ရသေးတာပေါ့။" ရွှေပင့်ကူဘုရင်က ပြုံးလျက် ပြောလိုက်သည်။

"အတိတ်အမိတ္တဘ ကျမ်းစာဟာ ဒိုင်ဇင် ဘုရားကျောင်းရဲ့ နံပါတ်တစ် စိတ်ဝိညာဉ် ကျင့်စဉ်ပဲ။ မင်းရဲ့ မဟာလေဟာနယ်လက်ဝါးက အခု နတ်လင်းယုန်ဘုရင်ကို ဖိနှိပ်ထားရ တာဆိုတော့ မင်းအနေနဲ့ တခြားတစ်ဘက်ကို အသုံးပြုလို့ မရတော့ဘူး။ ငါ ထွက်သွား ချင်ရင် မင်း ငါ့ကို တားနိုင်ပါ့မလား။ ဒါပေမဲ့ ငါ မသွားခင် ကောင်းကင်ယပ်တောင်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်သေးတယ်။"

"နတ်လင်းယုန်ဘုရင်၊ ခင်ဗျားက တကယ့်ကို အမှိုက်ပဲ။ တစ်ကွက်တည်းနဲ့တင် ခင်ဗျားရဲ့ ခန္ဓာကိုယ် ပျက်စီးပြီး စိတ်ဝိညာဉ်ပါ အဖမ်းခံလိုက်ရတာလား။ ကမ္ဘာပေါ်မှာ မဟာ နတ်ဆိုးအင်မော်တယ် ရှစ်ပါးအဖြစ် ခင်ဗျားနဲ့ အဆင့်တူ ရပ်တည်ခဲ့ရတာ ငါ့အတွက် အရှက်ရစရာပဲ။ ဒီနေ့ကစပြီး ကမ္ဘာပေါ်မှာ မဟာနတ်ဆိုးအင်မော်တယ် ခုနစ်ပါးပဲ ရှိတော့ မယ်။"

ရွှေပင့်ကူဘုရင်သည် မဟာလေဟာနယ် လက်ဝါးအတွင်း ရုန်းကန်နေရသော နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ်ကို ကြည့်ကာ ဆဲရေးလိုက်သည်။

"နတ်လင်းယုန်ဘုရင်က တကယ်ကို အသုံးမကျတာပဲ။"

ဟုန်ယွိ၏လက်က အနည်းငယ် လှုပ်ရှားသွားရာ နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ်ကို ဖမ်းထားသော မဟာလေဟာနယ်လက်ဝါးသည် ပြောင်းလဲသွားပြီး သူ့ဦးခေါင်းနောက်မှ ရောင်ခြည်စက်ဝန်း ခုနစ်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ်သည် အလွန်အမင်း သေးငယ်သွားပြီး အနက်ရောင် အစက်လေးတစ်ခုအဖြစ် ထိုရောင်ခြည်စက်ဝန်းများထဲသို့ ကျဆင်းသွားသည်။

ထိုအလင်းကွင်းအတွင်း၌ နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ်သည် ရေကန်ထဲ ကျသွား သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ ဘယ်လောက်ပဲ ရုန်းကန်ပါစေ၊ အပြင်သို့ မထွက်နိုင်တော့ပေ။ ထာဝရ နစ်မြုပ်သွားတော့မည့် ခံစားချက်မျိုး ဖြစ်နေသည်။ ထိုနေရာရှိ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရ သည်။

ရှောင်အန်ရန်၊ ရှောင်ယွန်ဖုန်းနှင့် ယောင်ယွဲ့ရှင်း တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့် အခါ ကျောချမ်းသွားကြသည်။ မဟာနတ်ဆိုးဘုရင်တစ်ပါးကို တခဏအတွင်း သတ်ဖြတ် ပြီး သူ၏ စိတ်ဝိညာဉ်ကို အလင်းစက်ဝန်းထဲတွင် ထာဝရ ချိပ်ပိတ်ထားနိုင်သည်ကို မြင်ရသည့်အခါ မည်သည့် တစ္ဆေအင်မော်တယ်မဆို မကြောက်ဘဲ မနေနိုင်ပေ။ ထို့အပြင် ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်း၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သော အတိတ် အမိတ္တဘကျမ်း ကို ကျင့်ကြံထားကြောင်း ကြားလိုက်ရသည့်အခါ သူတို့သည် အလွန်အမင်း ထိတ်လန့် သွားကြသည်။

မူလကကတည်း ဤကျမ်းစာသည် ကမ္ဘာပေါ်ရှိ လူတိုင်း လုယူချင်ကြသော လျှို့ဝှက် ကျမ်းစာ ဖြစ်သည်။ သို့သော် ယခု ထိုလူများသည် လုယူရန် စိတ်ကူးပင် မဝံ့ကြတော့ဘဲ သူတို့ နှုတ်ပိတ်ခံရမည်ကိုပင် စိုးရိမ်နေကြသည်။

အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း၊ ဆန်းကြယ်ကောင်းကင် အမှောင်ထုမှတ်တမ်း စသည်တို့သည် အမြင့်ဆုံး လျှို့ဝှက်ကျမ်းစာများ ဖြစ်ကြသော်လည်း မည်သူမျှ လုယူရန် မတွေးရဲကြပေ။ အကြောင်းမှာ ထိုကျမ်းစာများကို ပိုင်ဆိုင်ထားသူသည် သူတို့ လေးစားကြောက်ရွံ့ရ လောက်အောင် အလွန်အစွမ်းထက်နေသောကြောင့် ဖြစ်သည်။

"တာအိုဆိုတာ လောကကြီးထဲမှာ ရှိနေတာပါ။ ရွှေပင့်ကူဘုရင်၊ ခင်ဗျားမှာ သန်မာတဲ့ စိတ်ဝိညာဉ် ရှိနေပေမဲ့ ခင်ဗျားရဲ့ အတွေးတွေကတော့ မသန်မာဘူး။ ခင်ဗျားဟာ တာအိုရဲ့ စည်းမျဉ်းတွေကို နားမလည်သေးဘူး။ ကျုပ်တို့ ကျင့်ကြံသူတွေဟာ တာအိုနှလုံးသားကို တောတောင်ထဲမှာ မဟုတ်ဘဲ လူမှုလောကထဲမှာ ရှာဖွေကျင့်ကြံရတာ။ ခင်ဗျားမှာ ကောင်းကင်ယပ်တောင် ရှိနေရုံနဲ့ ကျုပ်ကို ယှဉ်နိုင်မယ် ထင်နေတာလား။"ကျိ" ရဲ့ အလေးချိန်ကိုသိအောင် ကျုပ် ခင်ဗျားကို ပြပေးမယ်။"

သူ ပြောပြီးသည်နှင့် ဟုန်ယွိ၏ အတွေးများက လက်ခနဲ ဖြစ်သွားပြီး တခဏတာအတွင်း ပျောက်ကွယ်သွားသော စစ်နတ်ဘုရားသည် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာ သည်။

စစ်နတ်ဘုရား၏ လက်ထဲရှိ မဟာကျိ နတ်ဘုရားဆေဘာသည် ပိုမိုလေးလံလာပြီး ခပ်သိမ်းသော အရာတို့ကို ဖိကြိတ်နိုင်လောက်အောင် လေးလံလှသည်။

"ကျိ၊ ကျိ... ဒီစကားလုံးက မြေယာကို ကိုယ်စားပြုပြီး သီးနှံစားပင်ကိုလည်း ကိုယ်စားပြု တယ်။ တကယ်လို့သာ ဒီကမ္ဘာလောကရှိ လူသားတိုင်းမှာ မြေယာပိုင်ဆိုင်ပြီး၊ အဲဒီမြေယာ ကနေ သီးနှံစားပင်တွေ ထွက်ရှိနေရင်, ကမ္ဘာလောကကြီးလည်း ငြိမ်းချမ်းသာယာပေလိမ့် မယ်။ ဒီလိုမှမဟုတ်ဘဲ ကမ္ဘာလောကရှိ လူသားတိုင်း မြေယာမရှိ သီးနှံစားပင်တွေ မထွက်ရှိရင် ရှေးခေတ် သူတော်စင် ဧကရာဇ် အုပ်ချုပ်တဲ့ နန်းတော်ဆိုရင်တောင်မှ ပြိုလဲသွားလိမ့်မယ်။ သူတော်စင် ဧကရာဇ်တောင် နန်းစွန့်ရလိမ့်မယ်။ ဒီမဟာကျိ နတ်ဘုရားဆေဘာဟာ "ကျိ"ရဲ့ အလေးချိန်ကို ကျုပ်ကိုယ်တိုင် နားလည်သဘောပေါက် ထားတဲ့ တာအိုပညာပဲ။ ဒီပညာက ပြီးပြည့်စုံခြင်း မရှိသေးပေမယ့် ခင်ဗျားရဲ့ ကောင်းကင် ယပ်တောင်ကို ဖျက်ဆီးဖို့ လုံလောက်တယ်။ ခင်ဗျားက ဒြပ်စင်ငါးပါးရဲ့ ဟောက်ထျန် တာအိုသခင် ဖြစ်နေဦးတော့ ဒီ"ကျိ"ရဲ့ အလေးချိန်ကို ခင်ဗျား တောင့်ခံနိုင်ပါ့မလား။"

ဟုန်ယွိက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူ၏ စကားလုံးတိုင်းသည် လူတို့၏ နှလုံးသားကို ထုနှက်နေသော တူများကဲ့သို့ပင်။

ဟုန်ယွိသည် သိုင်းပညာရှင် ရွေးချယ်ပွဲတွင် မဟာကျိ နတ်ဘုရားဆေဘာကို အသုံးပြုပြီးက တည်းက, သူသည် ၎င်းအကြောင်းကို အမြဲတွေးတောနေခဲ့ခြင်း ဖြစ်သည်။ မဟာကျိ နတ်ဘုရားဆေဘာသည် နတ်ဘုရားလက်နက် မဟုတ်သလို အင်မော်တယ်ရတနာလည်း မဟုတ်ပေ။ သို့သော် ၎င်းကို သွန်းလုပ်စဉ်က ရှေးဟောင်း ထုံးတမ်းစဉ်လာများကို တိကျစွာ အသုံးပြုပြီး "ကျိ" ဟူသော စကားလုံး၏ အလေးချိန်ကို ကိုယ်စားပြုစေခဲ့သည်။ (ရှေ့မှာတုန်းက မဟာဝါးဓားဟု ပြန်ဆိုခဲ့သည်”။

ဟုန်ယွိ ပြန်ရောက်လာပြီးနောက် ထိုစာသားများကို ပြန်လည်ဆင်ခြင်ခဲ့သည်။ “တောင်တန်းတွေကြားက ထွက်ပေါ်လာသော မိုးခြိမ်းသံ၊ အရာအားလုံး ပြန်လည် ရှင်သန် လာခြင်း” ဟူသော ကျမ်းစာအဓိပ္ပာယ်ကို အသုံးပြုကာ "ကျိ" ၏ အဓိပ္ပာယ်နှင့် မိုးကြိုး ကပ်ဘေးတို့ကို နားလည်သဘောပေါက်ခဲ့သည်။ ထို့နောက် ၎င်းကို စစ်နတ်ဘုရား နတ်ဆိုး ကျမ်းနှင့် ပေါင်းစပ်ပြီး ရှေးဟောင်း စစ်နတ်ဘုရား၏ ကြမ်းတမ်းသော ဧရာမတူကြီးအစား မဟာကျိ နတ်ဘုရားဆေဘာအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဤနည်းဖြင့် စစ်နတ်ဘုရား နတ်ဆိုးကျမ်းသည် နောက်ဆုံးတွင် ပြီးပြည့်စုံမှုသို့ ရောက်ရှိ သွားပြီး ၎င်းကို ဖန်တီးခဲ့သော ရှေးခေတ် သူတော်စင်ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

စစ်နတ်ဘုရား နတ်ဆိုးကျမ်း၏ စစ်နတ်ဘုရားသည် မလျှော့သော စိတ်ဓာတ်နှင့် မတရားမှု ကို တိုက်ဖျက်သော အငွေ့အသက်ကို ကိုယ်စားပြုသည်။ သို့သော် စစ်နတ်ဘုရား၏ လက်ထဲမှ ဧရာမတူကြီးသည် ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြုခဲ့သည်။

ရက်စက်ကြမ်းကြုတ်မှုကို အသုံးပြုကာ မလျှော့သော စိတ်ဓာတ်နှင့် မတရားမှုကို တိုက်ဖျက်ခြင်းသည် "နတ်ဆိုး" ပင် ဖြစ်သည်။

ယခုမူ ဟုန်ယွိသည် မဟာကျိ နတ်ဘုရားဆေဘာအဖြစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ရာ စစ်နတ်ဘုရား နတ်ဆိုးကျမ်းသည် နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့ပြီ။

မလျှော့သော စိတ်ဓာတ်ဖြင့် မဟာကျိ နတ်ဘုရားဆေဘာကို ကိုင်စွဲကာ ရှေးခေတ် သူတော်စင် ဧကရာဇ်များအား "ကျိ" ၏ အလေးချိန်ကို နားလည်စေခြင်းသည်သာလျှင် မှန်ကန်သော လမ်းစဉ် ဖြစ်သည်။

ယခုအချိန်တွင် စစ်နတ်ဘုရား နတ်ဆိုးကျမ်းသည် နတ်ဆိုးကျမ်း မဟုတ်တော့ပေ။

"ဒါက မှန်ကန်တဲ့ လမ်းစဉ်ပဲ။ စစ်နတ်ဘုရား နတ်ဆိုးကျမ်းဟာ နတ်ဆိုးကျမ်း မဟုတ်တော့ ဘဲ ဖြောင့်မတ်ခြင်းကျမ်း ဖြစ်သွားပြီ။ ဒီနေ့ကစပြီး ဒီကျမ်းကို နာမည်ပြောင်းလိုက်မယ်။ စစ်နတ်ဘုရား ဖြောင့်မတ်ခြင်းကျမ်း... ဖြောင့်မတ်ခြင်းကျမ်းအနေနဲ့ ဒီလောကရဲ့ အရှင်သခင်တွေကို ကောင်းကင်ဘုံရဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်ကို နားလည်စေရမယ်။"

ဟုန်ယွိသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူ့ရှေ့မှ စစ်နတ်ဘုရားသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ထင်ရှားသော ပုံစံရှိလာ သည်။ မဟာကျိ နတ်ဘုရားဆေဘာပေါ်ရှိ ကောက်ပဲသီးနှံ အင်းကွက်များမှာလည်း အစစ်အမှန်ကဲ့သို့ ဖြစ်လာသည်။

သူသည် ဆေဘာဖြင့် ရွှေပင့်ကူဘုရင်ကို ချိန်လိုက်သည်။ မည်သူမှ မခံနိုင်လောက်သော လေးလံသော စိတ်ဆန္ဒတစ်ခုက သူ့ကို ဖိနှိပ်လိုက်သည်။ ရွှေပင့်ကူဘုရင်၏ ကိုယ်ပေါ်ရှိ မီးလျှံများမှာလည်း ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ရွှေပင့်ကူဘုရင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

"ဟေ့…၊ မင်းက ငါ့ရဲ့ စိတ်ဆန္ဒကို တုန်လှုပ်အောင် လုပ်ချင်တာလား။"

ရုတ်တရက်ဆိုသလိုပင် ရွှေပင့်ကူဘုရင်က ဟစ်ကြွေးလိုက်သည်။ သူ၏ လက်ထဲရှိ ကောင်းကင်ယပ်တောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် လေပြင်း တိုင်ပေါင်း ရှစ်ဆယ့်တစ်တိုင် ပေါ်ထွက်လာသည်။ ၎င်းသည် ယူလူလက် ပြသခဲ့သော တာအိုပညာထက် အဆပေါင်း ရာချီ၍ ကြီးမားလှသည်။

လေပြင်းတိုင်များသည် တစ်ခုနှင့်တစ်ခု တိုက်မိကြရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လေဟာနယ်မှာ တုန်ခါသွားပြီး သေးငယ်သော ကမ္ဘာငယ်လေးများ၏ ပုံရိပ်များ ပေါ်ထွက်လာသည်။

ဤကြည်လင်ကောင်းကင် လေပြင်းမုန်တိုင်းသည် ကမ္ဘာကြီးနှစ်ခုကြားရှိ အတားအဆီး များ ပွင့်ထွက်သွားပုံရသည်။

"မကောင်းတော့ဘူး။"

အောက်ဘက်တွင် ဖန်ရှင်းတာအိုဂိုဏ်း ခေါင်းဆောင် ရှောင်အန်ရန်၊ ရှောင်ယွန်ဖုန်း၊ ယောင်ယွမ်ရူနှင့် ယောင်ယွဲ့ရှင်းတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ သူတို့ လုံးဝ မလှုပ်ရဲကြပေ။

ဟုန်ယွိ၏ မျက်နှာထားမှာမူ မပြောင်းလဲပေ။ သူသည် သူ့ထံ ပျံသန်းလာသော လေပြင်းတိုင် ၈၁ တိုင်ကို ရင်ဆိုင်လိုက်သည်။ ၎င်းတို့သည် နှေးကွေးပုံပေါက်သော်လည်း မိုးကြိုးထက်ပင် မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေတိုင်များသည် သူ့ရှေ့သို့ ရောက်ရှိလာသည်။

စစ်နတ်ဘုရားသည် ကြမ်းတမ်းစွာ ဟိန်းဟောက်ခြင်း မရှိတော့ပေ။ သူသည် လက်ထဲမှ ဆေဘာကို မြှောက်ကာ အပေါ်သို့ ခုတ်ချလိုက်သည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ မိုးကြိုးများဖြင့် ချက်ချင်း ဝန်းရံသွားသည်။ ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ မဟာကျိ နတ်ဘုရားဆေဘာ တစ်ခုလုံးသည် ကြီးမားသော ဆေဘာအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး လေပြင်းတိုင်များကို ဖြတ်ကျော်ကာ ခုတ်ချလိုက်သည်။

ဤဆေဘာအလင်းတန်းတွင် "ဖန်ဟွမ်အသက်ဝိညာဉ်ဓား" ၏ အရှိန်အဝါမျိုး မှုန်ဝါးဝါး ပါရှိနေသည်။

ဂျိ...

ကောင်းကင်ယပ်တောင်မှ ထွက်လာသော လေပြင်းတိုင်အားလုံးသည် လုံးဝ အပိုင်းပိုင်း ပြတ်သွားသည်။

ရွှေပင့်ကူဘုရင်သည် စူးရှစွာ အော်ဟစ်လိုက်သည်။ ဆေဘာအလင်းတန်း မထိမှန်မီမှာပင် သူ၏ ကိုယ်ခန္ဓာမှာ ပေါက်ကွဲသွားပြီး အရပ်မျက်နှာ အားလုံးသို့ ထွက်ပြေးသွားသော ကြောက်မက်ဖွယ် လေလှိုင်းခုနစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ယပ်တောင်သည် လေထဲတွင် ထိုဓားချက်ကို တိုက်ရိုက်ခံလိုက်ရပြီး မူလပုံစံ သို့ ပြန်လည်ကျုံ့သွားကာ မြေပြင်သို့ လွင့်ကျလာသည်။ ဟုန်ယွိသည် သူ၏ စိတ်ဆန္ဒဖြင့် ၎င်းကို ပတ်ပတ်လည် ဝန်းရံကာ လုယူလိုက်သည်။

ယူလူလက်၏ ခန္ဓာကိုယ်မှာမူ ပြင်းထန်သော ယန်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ ယောင်ယွမ်ရူ နှင့် ယောင်ယွဲ့ရှင်းတို့သည်လည်း ယန် စွမ်းအင်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ သူတို့ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်စိမ်းနဂါးတောင်မှ ဝေးရာ ကောင်းကင်ယံသို့ ပျံတက်သွားကြလေတော့သည်။

စာစဉ် (၂၉) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters