ပန်းချီဆရာနှင့် ပြန်လည်တွေ့ဆုံခြင်း။
Vol. 71 Ch. 842
စုန့်ချိုင်ဟူသည် စုရီ၏ယခင်ဘဝ လက်ခံခဲ့သော ပြင်ပတပည့်(၃၆)ဦးအနက်မှ အထူးချွန်တပည့်တစ်ဦးဖြစ်ကြောင်း ပြန်သတိရလာခဲ့၏။
ပြင်ပတပည့်များသည် အဆင့်အတန်းအရ အမွေခံတပည့်(၉) ဦးနှင့်နှိုင်းယှဉ်ပါက များစွာ နိမ့်ကျလေသည်။ သို့သော် ထိုစဉ်က သူ၏ အပြင်တပည့်တစ်ဦး ဖြစ်ခွင့်ရခြင်းသည်ပင် ဂုဏ်အယူရဆုံးဖြစ်ချေ၏။
သူ့မှတ်ဉာဏ်ထဲတွင် စုန့်ချိုင်သည် အလွန်ရိုးသားပြီး အေးဆေးတည်ငြိမ်လွန်းကာ ချောမောလှပသည့် မိန်းကလေးဖြစ်သည်။
သူမ၏ပါရမီနှင့် အရည်အချင်းသည် အံ့မခန်းမဟုတ်သော်လည်း ဉာဏ်အလင်းရမှု၌ မှော်ဆန်လွန်းချေပြီ။
ထို့ကြောင့်ပင် သူမသည် အမွေခံတပည့်ရာထူးနှင့် ထိုက်တန်ကြောင်း သူ သတိပြုမိခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ ကံမကောင်းခဲ့ချေ။ အကြောင်းပြချက်သည် ရိုးရှင်း၏။ သူမအတွက် ခြေတစ်လှမ်း နောက်ကျနေခြင်းပေပင်။
ထိုစဉ်က ချင်းတန်ကို နဝမမြောက် တပည့်အဖြစ်လက်ခံပြီးနောက် တပည့်များ လက်မခံတော့ကြောင်း ကြေညာခဲ့၏။
ထိုကြေညာချက်အပြီး နှစ်ပေါင်း ကိုးရာကြာတွင်မှသာ စုန့်ချိုင်သည်သူ့ထံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဉာဏ်ရည်ဉာဏ်သွေးအရ အမွေ့ခံ တပည့်အချို့နှင့်ယှဉ်နိုင်စွမ်းရှိ၏။ ရှားပါးသော မျိုးစေ့အဖြစ် သဘောကျခဲ့ဖူးသည်။
သူမရောက်ရှိပြီး သုံးနှစ်အကြာတွင် ဧကရာဇ်တစ်ပါး၏ ဖိတ်ကြားချက်ကြောင့် နှစ်ပေါင်းတစ်ရာ ကျော်ကြာအောင် ခရီးထွက်ခဲ့ရသည်။
ယင်းကြောင့် ထိုအတောအတွင်း စုန့်ချိုင်၏ကျင့်ကြံမှုကို ပင်းမိုထံအပ်နှံကာ တာဝန်ယူ သင်ကြားပေးစေခဲ့၏။
သို့သော် ခရီးမှ ပြန်ရောက်လာချိန်တွင် ချင်းတန်သည် သူမကိုမောင်းထုတ်ခဲ့ကြောင်း ကြားသိလိုက်ရသည်။
ထိုစဉ်က စုရီသည် ချင်းတန်ကို အကျိုးအကြောင်း မေးမြန်းခဲ့ဖူး၏။ ချင်းတန်မှ စုန့်ချိုင်သည် မကောင်းသောရည်ရွယ်ချက်နှင့် ခိုးဝင်လာသူအဖြစ် စွပ်စွဲပြောကြားသည်။
တစ်ဖက်တွင် ချင်းတန်မှ ခိုင်လုံသော သက်သေမပြနိုင်သောကြောင့် မယုံကြည်ခဲ့ဘဲ သူမကိုပင် ဆယ်နှစ်ကြာ အကျဉ်းချကာ အပြစ်ပေးခဲ့ဖူး၏။
သို့သော် ယခုအချိန်တွင် ချင်းတန် ပြောခဲ့သည်မှာ မှန်ကန်နေခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
“ ငါ့ရဲ့အမြင်ကို လှည့်စားနိုင်နေတာ မထူးဆန်းတော့ပါဘူး သူက ကြယ်တာရာ ဗဟိုဒေသကြီးကနေလာတာပဲ။ ”
တစ်ဖက်လူသည် အထွတ်အထိပ် ဧကရာဇ်တစ်ပါး၏ အမြင်အောက်တွင် ပြင်ပ တပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့သည်မှာ မည်မျှ ထူးခြားသည်ကို ပြသနေသည်။
သို့သော် စုရီကိုသည့်ထက်ပို၍ အံ့အားသင့်စေသည်မှာ ထိုစဉ်ကချင်းတန်သည် စုန့်ချိုင်၏မရိုးသားမှုအပေါ် သိရှိသွားသည့် တစ်စုံတစ်ရာပေပင်။ သူမ မည်သို့သိရှိသနည်း။
“ ဘာလဲ ... အံ့သြသွားတာလား။ ”
ဖေးယွမ်က စုရီ၏တိတ်ဆိတ်မှုကို လှည့်ကြည့်ကာခေါင်းခါလျက် ဝင့်ကြွားစွာဖြင့်၊
“ မင်းက ငါတို့မိန်းကလေးရဲ့ အရည်အချင်းကိုမသိသေးလို့ပါ အဲဒီစုရွှမ်ကြွယ် မပြောနဲ့ ကမ္ဘာ့ဘုရင်အဆင့် အဖိုးကြီးတွေ ဆိုရင်တောင် သူမကိုမမြင်နိုင်ဘူး။ ”
-ဟု ကြွေးကြော်လိုက်သည်။ စုရီမှ ဝိုင်အိုးကိုမော့သောက်၏။ ဖေးယွမ်စကားကို မငြင်းချေ။ စုန့်ချိုင်မှ သူ့ကို ဖုံးကွယ်နိုင်ခဲ့ခြင်းမှာ အကြောင်းရင်းနှစ်ရပ်ရှိသည်။
သူမသည် ဤကမ္ဘာထက် သာလွန်သော လျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်ထားခြင်းမျိုး သို့မဟုတ် သူကိုယ်တိုင် သူမအပေါ် သံသယ မရှိဘဲ ယုံကြည်ခဲ့မိသောကြောင့်ပေပင်။ ထို့ကြောင့် ယင်းသည် သူ့အတွက် အရှက်ရစရာဟု မခံစားရချေ။
“ မင်းတို့မိန်းကလေးက ကမ္ဘာ့ဘုရင်အလား။ ”
စုရီက မေးလိုက်သည်။ ဖေးယွမ်မှ ခေါင်းခါယမ်းလျက်၊
“ မိန်းကလေးရဲ့ အဆင့်အတန်းကို ကျင့်ကြံမှုအဆင့်နဲ့ ... နှိုင်းယှဉ်ကြည့်လို့မရဘူး ကြယ်တာရာ အနက် ရှိုင်းဆုံးနေရာမှာတောင် ကမ္ဘာ့ဘုရင်တွေက သူမကိုရိုသေရတယ်။ ”
“ ဒါဆို မင်းရဲ့မိန်းကလေးက ကမ္ဘာ့ဘုရင် မဖြစ်သေးဘူးပေါ့။”
စုရီစကားကြောင့် ဖေးယွမ်မှ မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူသည် လှောင်ပြောင်နေသည်ဟု ခံစားရစေ၏။
“ ကောင်းပြီး ... ဒီအကြောင်း မင်းနားမလည်နိုင်ဘူး အချိန်ကျပြီ ဆုံးဖြတ်ချက် ချရတော့မယ့် ငါနဲ့အတူမိန်းကလေးဆီ လိုက်ခဲ့မလား၊ ဒီမှာသေမလား။ ”
“ ဘာတွေအလျင်လိုနေတာလဲ ... ငါကျေနပ်အောင် မေးခွန်းအချို့ မင်းဖြေပေးရင် ဒီရွှမ်ပေတံက မင်းအတွက်ဖြစ်လာမှာပါ။”
ဖေးယွမ်က စိတ်မရှည်တော့ချေ။ တစ်ဖက်လးသည် သူ့ထံမှအချက်အလက်များ နှိုက်ယူရန် အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း နားလည်လိုက်တော့၏။
“ မင်းသေလိုက်တော့။ ”
ရုတ်ချည်း သွေးဓားကိုထုတ်ယူကာ ခုတ်ချပစ်လိုက်သည်။ သို့သော် စုရီဓားသည် ပို၍မြန်ဆန်၏။
“ ချလွမ် ... ။ ”
ဓား-ဓားချင်း တိုက်မိသံနှင့်အတူ ဖေးယွမ်၏ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက် သွားတော့၏။ စုရီ၏ လရိပ်ဓားသည် သာမန် မဟုတ်ချေ။
ဖေးယွမ်၏သွေးဓားကို ကောင်းစွာ ရင်ဆိုင်နိုင်၏။ အထူးသဖြင့် နိဗ္ဗာန်ဝိညာဉ် ဥပဒေသကို ခုခံချေဖျက်နိုင်စွမ်းရှိနေသည်။
ဖေးယွမ်တစ်ယောက် ယိမ်းယိုင်လျက် ဟန်ချက်ကို ထိန်းလိုက်ရသည်။ ထိုစဉ် စုရမှ ထရပ်ကာ နောက်ထပ် တိုက်ခိုက်လာပြန်သည်။
“ ဟမ့် ... ။ ”
ဖေးယွမ်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားသည်။ တစ်ဖက်လူ၏ဓားသည် ပြိုင်ဘက်ကင်းပြီး ထက်မြက်လှကာ လွှမ်းမိုးနိုင်ပုံရ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
နိဗ္ဗာန်ဝိညာဉ်ဥပဒေသများသည် ရေထဲကျဆင်းသွားသော မှင်စက်များအလား ပျက်ပြယ်သွား၏။
များမကြာခင် ဖေးယွမ်တစ်ယောက် ဒဏ်ရာများ ပြင်းထန်စွာရရှိသွားပြီး ခန္ဓာကိုယ် နှစ်ခြမ်းကွဲလုနီးပါးဖြစ်လာသည်။
“ ဒါ ထောင်ချောက်ပဲ ... ။ ”
ထိတ်လန့်တုန်လှုပ်နေသလို ဒေါသများလည်း အလိပ်လိုက် ထွက်ပေါ်နေ၏။ အဘယ့်ကြောင့် ဖန်းကျိခမျာသေဆုံးခဲ့ရသည်ကို သိရှိလိုက်ပြီဖြစ်သည်။
ဆိုလိုသည်မှာ ဤလူငယ်သည် နိဗ္ဗာဝိညာဉ်တာအိုကို ခုခံနိုင်သော ဥပဒေ စည်းမျည်းတစ်ခု ပိုင်ဆိုင်ထားချေပြီ။
“ မကောင်းတော့ဘူး ... ။ ”
ထိုစဉ် စုရီမှထပ်မံတိုက်ခိုက်ရန် ပြင်နေသည်ကိုမြင်သောအခါ ဖေးယွမ်ခမျာ လုံးဝကြောက်လန့်သွားသည်။
“ ငါ အရှုံးပေးတယ် အရှုံးပေးပါတယ်။ ”
သို့သော် တစ်ဖက်လူသည် မျက်ခုံးပင့်လျက်လျစ်လျူရှုကာ သူ့ဓားကိုသာ အလျားလိုက် ဝေ့ယမ်းပိုင်းချလာခဲ့သည်။
“ မင်း ... ။ ”
“ ဝုန်း ... ။ ”
မျက်နှာပျက်ယွင်းလျက် ဖေးယွမ် ခန္ဓာကိုယ်ကြီးသည် သစ်သားတိုင်တစ်ခုကဲ့သို့ ချက်ချင်းနှစ်ခြမ်းကွဲသွားတော့သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ ထိုပျက်စီးသွားသောခန္ဓာကိုယ်မှ အသွေးအသား ပွင့်ထွက်လာခြင်းမရှိဘဲ ပန်းချီကားတစ်ချပ် အလား အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ပြာအဖြစ် ကြွေလွင့်သွားချေပြီ။
“ အစားထိုး ခန္ဓာလား။ ”
ဤသည်မှာ လျှို့ဝှက်တံဆိပ်တစ်ခု ဖြစ်သည်။ တည်နေရာ ရွေ့ပြောင်းအဆောင် တံဆိပ်များထက် အဆင့်မြင့်သော်လည်း အလုပ်လုပ်ပုံ အတူတူပေပင်။
“ ခရစ် ... ။ ”
ဝူထုံမြို့နှင့် မိုင်တစ်ရာအကွာ တိမ်ပင်လယ်ထက်တွင် လေဟာနယ်အတွင်း အက်ကြောင်းများပေါ်လာပြီး ဖေးယွမ်ပုံရိပ် ယိမ်းယိုင်ထွက်ပေါ်လာသည်။
သူ့ဝတ်ရုံသည် စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်အနှံ့ သွေးချင်းချင်းနီကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေချေ၏။
ချောမောလှပသော မျက်နှာသည် သေမင်းနှင့်ရင်ဆိုင်ခဲ့ရသည့်အလား ဖြူဖျော့ နေတော့သည်။
“ သေစမ်း ရွှမ်ယုအဆင့် ကောင်လေးတစ်ယောက်ရဲ့ ထောင်ချောက်မှာ သေလုနီးပါးပဲ။ ”
တိုက်ပွဲမစတင်မီကပင် တစ်ခုခု မှားယွင်းနေကြောင်းရိပ်မိခဲ့သဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။ ထို့ကြောင့် ဤမျှမြန်မြန် ထွက်ပြေးနိုင်ခြင်းပေပင်။
အသက်ကို အလုအယှက်ရှူကာ နာကျင်နေသောဒဏ်ရာများထံ လက်ဖြင့်ဖိပြီး ဆက်လက်ပြေးလွှား လိုက်တော့သည်။
“ ဟမ့် ... ။ ”
“ ခရစ် ... ။ ”
“ လူယုတ်မာ။ ”
ရုတ်တရက် လေဟာနယ် အက်ကွဲကြောင်းအတွင်းမှ လက်ကြီဂတစ်ဖက် တိုးထွက်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ကောင်းကင်ပေါ် ခုန်တက်လိုက်ရသည်။
သို့တိုင် အနည်းငယ်နောက်ကျနေ၏။ မမြင်နိုင်သော လက်တစ်ဖက်သည် လည်ပင်းကို ကြက်ကလေးတစ်ကောင်ကဲ့သို့ ဆုပ်ကိုင်လျက် ဝူထုံမြို့သို့ ပြန်လည်ခေါ်ဆောင်သွားသည်။
“ မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်။ ”
ချောက်ကမ်းပါးထိပ် လေထုအတွင်း ဆိုင်းငံ့နေသောအသွင်အပြင်ဖြင့် ဖေးယွမ်က အံကြိတ်ကာ အော်ဟစ်လိုက်သည်။ စုရီမှ အေးစက်စွာ ပြန်ကြည့်လျက်၊
“ ငါ့မှာ မေးစရာတွေ အများကြီး ရှိနေသေးတယ် မင်းကိုဒီလိုမျိုးအလွယ်တကူ အသေမခံနိုင်သေးဘူး။ ”
-ဟု တုန့်ပြန်၏။ သို့သော် ဖေးယွမ်၏ မျက်လုံးများတွင် ရူးသွပ်မှုများ ထင်ဟပ်လာ ခဲ့ကာ၊
“ ဟားဟားဟား ... မစဉ်းစားနဲ့ မင်းကိုငါနဲ့အတူ ဆွဲခေါ်သွားမယ် ... ပေါက်ကွဲ။ ”
“ ဘောင်း ... ဘောင်း ... ။ ”
အမိန့်သံဆုံးသည်နှင့် ဖေးယွမ်၏ ကိုယ်ခန္ဓာကြီးပေါက်ကွဲကာ ကြီးမားလှသော အဖျက်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုလှိုင်းများကြားမှ ပုံရိပ်တစ်ရိပ် ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့၏။
ဆီးနှင်းကဲ့သို့ ဖြူဖွေးသောဝတ်ရုံကို ဆင်မြန်းထားလျက် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ရောင်ဝါရှိနေလေသည်။
ဤသည်မှာ ဖေးယွမ်ဝိညာဉ်ထဲတွင် ထည့်သွင်းထားသော ပန်းချီဆရာ၏ဆန္ဒဝိညာဉ် အပိုင်းအစဖြစ်ချေ၏။
ထိုပုံရိပ်က ကျောက်တုံးတစ်တုံးတွင် ဟန်ပါပါထိုင်နေရာမှထရပ်ကာ လှည့်ကြည့်ပြီး အေးစက်သောအသံဖြင့်၊
“ ငါ့ရဲ့ နှလုံးသားသားပြခန်းက တပည့်တစ်ယောက်ဝိညာဉ်အပေါ် ရှာဖွေဖို့ ကြိုးစားခဲ့တာလား မိုက်မဲလိုက်တာ ...
... ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီးရဲ့ ဗဟိုဒေသကြီးမှာ လူတိုင်းက ငါ့ကိုပန်းချီဆရာလို့ ခေါ်ကြတယ် ... ငါ့ဆန္ဒရဲ့ အကြွင်းအကျန်လေးအောက်မှာ ... ။ ”
“ မင်းနဲ့ငါ တစ်ကြိမ်တွေ့ဖူးတယ် ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေနဲ့။ ”
သူ့စကားမဆုံးခင်မှာပင် စုရီက စိတ်မရှည်တော့ဟန် မျက်မှောင်ကြုတ်လျက် စကားဖြတ်ပြောလိုက်တော့သည်။
လေထု အလယ်ရှိ ပန်းချီဆရာ၏ ဆန္ဒဝိညာဉ်သည် အနည်းငယ်မှင်သပ်သွားပြီး သူ့စကား စည်းချက်ပျောက်သွားသောကြောင့် ယောင်ချာချာ ဖြစ်သွားခဲ့ချေပြီ။