← Chapters

ရွှမ်ဟွမ်မိခင်ချီ၏ လျှို့ဝှက်ဆန်းကြယ်မှု။

Vol. 71 Ch. 845

ရွှမ်ဟွမ်မိခင်ချီ၏ လျှို့ဝှက်ဆန်းကြယ်မှု။

Vol. 71 Ch. 845

“ အကြီးအကဲစု ... အဆင်ပြေလား ... ။ ”

စုရီကို မြင်သည်နှင့် ရီချန်မင်က အပြေးအလွှားကြိုဆိုလျက် မေးမြန်းလေသည်။

“ ငါလေးတစ်ကောင်ပါ ... စိုးရိမ်စရာမရှိပါဘူး။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ ရီချန်မင်ခမျာ သက်ပြင်းချကာ စိတ်လက်ပေါ့ပါး သွားတော့၏။

“ ဒါနဲ့ ... မင်းကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားပါ ယွီမျိုးနွယ်စုဆီ ဆက်သွယ်ပြီးတော့ ငါထွက်သွားတဲ့အခါ ... မင်းတို့အားလုံး ဖီးနစ် တောင်ကနေဆုတ်ခွာပြီး ယွီမျိုးနွယ်ဆီမှာ ခဏလောက် သွားနေကြပါ။ ”

စုရီက မှာကြားလိုက်သည်။ တစ်ဖက်အင်အားစုမှ လာရောက်တိုက်ခိုက်မည့် အချိန်ကို ဖီးနစ်တောင်ပေါ်တွင်ထိုင်စောင့်နေရန် ဆန္ဒမရှိချေ။ မထွက်ခွာမီ အကယ်ဒမီအတွက် လုံခြုံသောခိုလှုံရာတစ်ခု စီစဉ်ပေးရပေမည်။ ယွီမျိုးနွယ်စုမှာ အကောင်းဆုံးအရပ်ပေပင်။

“ အကြီးအကဲ ... လွန်ခဲ့တဲ့ရက်က တည်ထောင်သူဘိုးဘေးချန်ထားခဲ့တဲ့ လျှို့ဝှက် ရတနာကို သုံးပြီး ဆက်သွယ်ထားပါတယ် ... သူ သတင်းရတာနဲ့ ချက်ချင်း ပြန်လာပါလိမ့်မယ်။ ”

“ ကောင်းတယ် ... အဲဒီ အစားကြူးစာဂျပိုးအိုကြီး ပြန်လာနိုင်ရင် အကောင်းဆုံးပဲ။ ”

ကွန်ဖြူးရှပ်အယူဝါဒတွင် ထိုအဖိုးကြီးမှာ ဘိုးဘေးအဆင့်ဖြစ်ပြီး ကျင့်ကြံခြင်းစွမ်းအားမှာ အလွန်နက်နဲလှသည်။ အရိုင်းမြေကိုးပါးတွင် သူနှင့် ယှဉ်နိုင်သူ လက်ချိုးရေ၍ပင်ရ၏။

နောက်ရက်များတွင် စုရီသည် ဖီးနစ်တောင်၌ပင် ဆက်လက်ကျင့်ကြံနေသည်။ ထိုရက်များအတွင်း ရွှမ်ပေတံထဲရှိ မိခင်ချီ၏ လျှို့ဝှက်ချက်အချို့ကို တွေ့ရှိခဲ့သည်။

ဤမိခင်ချီစွမ်းအားသည် ကမ္ဘာဦးခေတ်အစတည်းက ဖြစ်တည်လာသော မူလစွမ်းအားဖြစ်သည်။ ထို့ကြောင့် စွမ်းအားကို ယနေ့ခေတ်၏ လောကစည်းမျဉ်းများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ ဤသည်မှာ အရာ အားလုံး၏ မူလအရင်းအမြစ်ပင် ဖြစ်သည်။

၎င်းမိခင်ချီတွင် ထူးခြားသော အစွမ်းနှစ်ရပ်ရှိသည်။ ပထမသည်ကျင့်ကြံသူ၏ တာအိုအုတ်မြစ် လျင်မြန်စွာအဆင့်တက်စေ၏။ ဒုတိယသည် ရွှမ်ဟွမ်ကြယ်နှင့် ပေါင်းစည်းလာ နိုင်ခြင်းပင် ဖြစ်သည်။

ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ ပြီးပြည့်စုံသောရွှမ်ဟွမ်ကြယ် ဥပဒေစည်းမျဉ်းကို ကိုယ်တိုင်ဖန်တီးနိုင်မည်ဖြစ်၏။

လက်ရှိ ရွှမ်ဟွမ်ကြယ်သည် ပျက်စီးယိုယွင်းနေပြီး ရှေးဟောင်းစည်းမျဉ်းများ ပျောက်ဆုံးနေ၏။

ယခုမူ ဤမိခင်ချီကိုသာ စုပ်ယူ သန့်စင်နိုင်သော် ကြယ်အဆင့်ဥပဒေစည်းမျဉ်း ပြန်လည်ရရှိရန် အခွင့်အလမ်းဖြစ်နေသည်။ ထိုအချက်သည် အံ့အားသင့်စရာပင်။

လောကသခင်သည် ရွှမ်ဟွမ်ကြယ်၏ အနှစ်သာရကို နားလည်စေပြီး ကြယ်အဆင့် ဥပဒေနိယာမအပေါ် နားလည်နိုင်ရန် သတိပေးခဲ့၏။

ရွှမ်ဟွမ်ကြယ်သည် ပျက်စီးနေသော်လည်း တစ်ချိန်က တာအိုများ၏ ဘိုးဘေးနယ်မြေကြီး ဖြစ်သည်။ ထို့ကြောင့် အစွမ်းထက်သော ကြယ်အဆင့် တာအိုများရှိနိုင်၏။

ဤနည်းဖြင့် ရွှမ်ဟွမ်ကြယ်၏ စည်းမျဉ်းကိုနားလည်ကာ ကောင်းကင်လမ်းသို့ တက်လှမ်းနိုင်မည်။ ယင်းသည် လောကသခင် ဘဝ၌ပင် မပြီးမြောက်ခဲ့သောအရာပေပင်။

သုံးရက်အကြာ ရွှမ်ကြွယ်မဟာမိတ် တည်ရှိရာအရပ်၌ အနက်ဝတ်အဖိုးကြီးသည် ပင်းမိုထံ သတင်းပို့နေ၏။

“ သခင် ... ဝူထုံမြို့က သူလျှိုတွေရဲ့ သတင်းပေးပို့ချက်အရ ဖီးနစ်တောင်ပေါ်မှာ လွန်ခဲ့တဲ့သုံးရက်က တိုက်ပွဲငယ်တစ်ခု ဖြစ်ပွား ခဲ့ပါတယ် ... ဒါပေမဲ့ ခဏချင်းပဲ ပြီးသွားပြီး အကယ်ဒမီဘက်က ထိခိုက်မှုမရှိပါဘူး။ ”

ထိုသတင်းကြောင့် ပင်းမို၏ မျက်ဝန်းများမှေးစင်းလျက်၊

“ ဖေးယွမ်ရော ... ။ ”

-ဟု မေးမြန်းလိုက်သည်။ အနက်ဝတ်အဖိုးကြီးမှ ခေါင်းငုံ့လျက်ဖြင့်၊

“ ပြန်မလာတော့ပါဘူး။ ”

-ဟု တိုးညှင်းစွာ ပြန်ဖြေ၏။

“ မင်း သွားတော့ ... ။ ”

အနက်ဝတ်အဖိုးအိုမှ ခေါင်းညိတ်ကာ ထွက်ခွာသွား၏။ ထိုမြင်ကွင်းထံ ငေးကြည့်ပြီး ပင်းမိုက သက်ပြင်းချလိုက်သည်။

“ ကောင်းကင် ဖီးနစ် အကယ်ဒမီမှာ တကယ်ပဲ မမျှော်လင့်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား ... ။ ”

များမကြာခင် တည်ငြိမ်မှု ပြန်လည် ရရှိလာပြီး ပန်းချီကားတစ်ချပ်ကိုထုတ်ယူကာ ဖွင့်ချလိုက်သည်။ ဤသည်မှာ ရှေးဟောင်း မိစ္ဆာနယ်မြေပန်းချီကားပေပင်။

ပန်းချီကား၏ ထောင့်တစ်နေရာတွင် သုခဘုံအလား အေးချမ်းသော နေရာလေးတစ်ခု ရှိနေပြီး ထိုနေရာရှိ ဂူဗိမာန်တစ်လုံးရှိနေ၏။ မျက်လုံးသုံးလုံး ရွှေဖားကြီးသည် ဂူအဝင်ဝတွင် တစ်ကောင်တည်းထိုင်နေသည်။

“ အဆင်ပြေလား ဖေးယွမ်ရော။ ”

မျက်လုံးသုံးလုံးရွှေဖားက ပင်းမိုကို မြင်သည်နှင့်မေးမြန်းလာ၏။ ပင်းမိုတစ်ယောက် ခေါင်းငုံ့လျက်၊

“ သံတမန် ... စီနီယာဖေးယွမ် ပြန်မလာနိုင်တော့ပါဘူး အဖိုးကြီးဖန်းနဲ့အတူ ထွက်ခွာသွားပါပြီ။ ”

“ ဒါ ... ။ ”

မျက်လုံးသုံးလုံး ‌ရွှေဖားကြီးခမျာ အံ့အားသင့်တိတ်ဆိတ်သွား၏။ ပင်းမိုက ထိုအခွင့်အရေးကိုယူကာ၊

“ သံတမန် ... ငါ့အမြင်အရတော့ အကယ်ဒမီရဲ့နောက်ကွယ်မှာ ခန့်မှန်းလို့မရတဲ့ ကျွမ်းကျင်သူတွေ ရှိနေပုံပါပဲ ငါတို့ဒီအကြောင်း မိန်းကလေးကို သတင်းပို့သင့်ပြီထင်တယ်။ ”

-ဟု ဝင်ရောက် အကြံပြုလိုက်၏။ မျက်လုံးသုံးလုံး‌ရွှေဖားက ထိုစကားကြောင့် လှောင်ပြုံးဖြင့် ပြန်ကြည့်လာကာ၊

“ မင်းက မိန်းကလေးနဲ့တွေ့ပြီး အကျိုးအမြတ်ထပ်လိုချင်နေလို့ မဟုတ်လား စိတ်တောင်မကူးနဲ့ ... ။ ”

-ဟု သတိပေးလိုက်သည်။

ပင်းမိုတစ်ယောက် မျက်နှာ ပျက်ယွင်းသွားပြီး မျက်ဆန်၏အနက်ရှိုင်းဆုံး နေရာတွင် မုန်းတီးမှုများ လျှပ်ခနဲပေါ်လာ၏။ သို့သော် ခေါင်းငုံ့ထားသဖြင့် မျက်လုံးသုံးလုံး ရွှေဖားကြီးခမျာ မမြင်လိုက်ရချေ။

“ မင်းဒီမှာခဏစောင့်နေ ... ငါ မိန်းကလေးကို သွားတွေ့လိုက်ဦးမယ်။ ”

“ ဝူး ... ။ ”

စကားဆုံးသည်နှင့် မျက်လုံးသုံးလုံး ရွှေဖားကြီးက အနက်ရောင် စုတ်တံတစ်ချောင်း ထွေးထုတ်ကာ လေထဲဝေ့ယမ်းလိုက်သဖြင့် ဂူဗိမာန်တံခါး ပွင့်သွားတော့သည်။

“ သံတမန်ကြီး ... မိန်းကလေးကို တစ်ခုလောက် ပြောပေးပါဦး စုရွှမ်ကြွယ်အဖြစ် ပြန်ဝင်စားလာသူက မကြာခင်အရိုင်းမြေကို ရောက်လာပါတော့မယ်။ ”

ပင်းမိုက အံကြိတ်လျက် လေသံကို ဖြေလျော့ချကာပြောကြား၏။ မျက်လုံးသုံးလုံး ‌ရွှေဖားသည် မျက်လုံးပြူးလျက် ချက်ချင်း အော်ငေါက်တော့သည်။

“ မင်း ... တိရစ္ဆာန်ကောင် ဒီသတင်းကို ဘာလို့စောစောမပြောတာလဲ မိန်းကလေးက ဒီလူကို ဘယ်လောက်စိတ်ဝင်စားနေလဲ မင်းသိလား။ ”

“ သံတမန် ... ဒီသတင်း မှန်းဆချက်ပဲ ရှိပါသေးတယ် ... ဒါကြောင့် အခုမိန်းကလေးကို တွေ့တဲ့အခါ ပြောရုံနဲ့ လုံလောက်ပါတယ်။ ”

“ မင်း ... လှည့်ကွက်တွေကစားဖို့ မစဉ်းစားနဲ့ ဒီမှာစောင့်နေ။ ”

မျက်လုံးသုံးလုံးရွှေဖားမှ ကြိမ်းမောင်းလျက် ဂူထဲဝင်သွားတော့သည်။ ပင်းမိုက လက်သီးများ တင်းတင်းဆုပ်ထားပြီး၊

“ တိရစ္ဆာန်ကောင် ... တစ်နေ့ကျရင် မင်းအရေခွံကိုချွတ်ပြီး ငါ့ရှေ့မှာ ဒူးထောက် စေရမယ်။ ”

- ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။

များမကြာခင် မျက်လုံးသုံးလုံး ရွှေဖားကြီး ပြန်ထွက်လာသည်။ ပင်းမိုမှ မျှော်လင့်တကြီး ပြန်မော့ကြည့်ကာ၊

“ သံတမန် ... မိန်းကလေး အမိန့်ရှိလား။”

-ဟု အလျင်အမြန် မေးမြန်းလိုက်၏။

မျက်လုံးသုံးလုံးရွှေဖားက သူ့ကို တစ်ချက်စိုက်ကြည့်ကာ ရွံ့ရှာဟန်ဖြင့်၊

“ မိန်းကလေးက တစ်နှစ်အတွင်း သူမ ကျင့်ကြံရာကနေ ထွက်လာမယ်လို့ ပြောတယ် ဒီရက်တွေမှာ စုရွှမ်ကြွယ်ဝင်စားခြင်းအကြောင်း သတင်းတွေကို တတ်နိုင်သမျှ စုဆောင်းထားပါ မဆင်မခြင် မလှုပ်ရှားပါနဲ့။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။

ပင်းမိုတစ်ယောက် စိတ်ပျက်သွားသည်။ သူသည်စုန့်ချိုင်နှင့် မတွေ့ရသည်မှာကြာချေပြီ။ ယနေ့တွင် တွေ့ရလိမ့်မည်ဟု မျှော်လင့်ထား သော်လည်း လွဲချော်ခဲ့ရပြန်၏။

“ အကောင်းဆုံး လုပ်ဆောင်ပါ့မယ် ... ဒါပေမယ့် အဲဒီပြန်လည်ဝင်စားသူက ငါ့ဆီကို လာရင် ဘယ်လုပ်ရမလဲ။ ”

“ စုရွှမ်ကြွယ်ရဲ့ အကျင့်စရိုက်အရ သူ ပြန်လည်ဝင်စားပြီးတဲ့နောက် ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲနဲ့ မင်းကို တိုက်ခိုက်လာမှာ မဟုတ်ပါဘူး ...

... ဒါကြောင့် မင်းရဲ့ မဟာမိတ်အဖွဲ့တွေနဲ့အတူ သူ့ကိုအာရုံလွှဲပြီး ခွန်အားကို စစ်ဆေးကြည့်ထားပါ။ ”

“ နားလည်ပါပြီ ... ။ ”

ပင်းမိုက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။

“ အကယ်ဒမီက ကိစ္စကိုတော့... ခဏလောက် ဘေးဖယ်ထားလိုက်ရအောင်။ ”

မျက်လုံးသုံးလုံး ရွှေဖားကြီးကဆိုသည်။ ပင်မိုးတစ်ယောက်မျက်ခုံးပင့်ပြီး နားမလည်နိုင် ဖြစ်လာတော့၏။

“ ဘာလို့ သံတမန် ... ။ ”

“ တစ်နှစ်ဆိုတာ ဘာမှမရှိပါဘူး မိန်းကလေးကျင့်ကြံရာကနေ ထွက်လာတဲ့အခါ သူကိုယ်တိုင် သွားရောက်စုံစမ်းလိမ့်မယ်။ ”

ထိုအဖြေကြောင့် ပင်းမိုတစ်ယောက် တုန်လှုပ်သွား၏။ ဂျူနီယာညီမလေးအတွက်မူ ဆရာသခင်ဝင်စားသူထက် ရွှမ်ဟွမ်ပေတံသည် ပို၍အရေးကြီးနေပုံရသည်။

“ ကြည့်ရတာ ... ရွှမ်ဟွမ်မိခင်ချီဆိုတာ ငါထင်ထားတာထက်ပိုပြီး အံ့သြစရာကောင်း နေပုံပဲ ... နှလုံးသားပြခန်းကလူတွေ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားကြတာများလား။ ”

တစ်ဖက်အင်အားစုများသည် ဤအရိုင်းမြေကိုးပါးသို့ ဝင်ရောက်လာရသည့် အကြောင်းရင်နှစ်ရပ်ရှိကြောင်း ပင်းမိုသိရှိထား၏။

ယင်းသည် ဝင်စားခြင်းဥပဒေကို ရှာဖွေရန်နှင့် ရွှမ်ဟွမ်မိခင်ချီကို စုဆောင်းရန် ပေပင်။ ထိုထက်ပို၍ သူ မသိချေ။

ထို့ကြောင့် ရွှမ်ဟွမ်မိခင်ချီသည် သူသိထားထက် များစွာ အကျိုးသက်ရောက်မှု ရှိနေနိုင်ပေမည်။

All Chapters