ချင်းတန်နှင့် ကောလဟာလများ။
Vol. 71 Ch. 847
ကောင်းကင်လှိုဏ်ဂူ။ ဤသည်ကား အရိုင်းမြေကိုးပါးတွင် အကျော်ကြားဆုံးသော ကျင့်ကြံခြင်း မင်္ဂလာနယ်မြေပင် ဖြစ်သည်။
တောင်တန်းများတစ်လျှောက် မြူခိုးများရစ်သိုင်းလျက် ထွက်ပေါ်နေသော ရောင်ဝါများသည် ဤလောကနှင့်ခြားနားသော နယ်မြေတစ်ခုအလား ထင်မှတ်ရချေ၏။
တောင်ထိပ်တစ်နေရာတွင် ကျောက်စိမ်းပြာသာဒ်ဆောင်တစ်ခု ရှိနေသည်။ ထိုပြာသာဒ်တောင် လက်ရန်းကိုမှီလျက် အမျိုးသမီးတစ်ဦး ရပ်နေ၏။
နေဝင်ရီတရောအချိန်ဖြစ်သဖြင့် မြူနှင့်တိမ်ပင်လယ်ကြားမှ ဖြတ်သန်းလာသော အလင်းရောင်အောက်တွင် အသွင်အပြင်သည် အိမ်မက်ဆန်ချေပြီ။
ကြည်လင်တောက်ပသော မျက်ဝန်းများသည် တိမ်ပင်လယ်ကြီးထံငေးမော နေတော့၏။ နက်မှောင်သော ဆံနွယ်များကို မြင့်မြင့်ချည်နှောင်ထားကာ ဖြူဖွေးလွန်းသည့် လည်တိုင်အလှပေါ်လွင်စေသည်။
ငယ်ရွယ်နုပျိုပြီး ပန်းချီကားအလား လှပလွန်းပြီး ရောင်ဝါနှင့် ကျက်သရေတို့သည် အင်မော်တယ်အလား သန့်စင်လွန်း၏။
မည်သည့် အဖိုးတန်ရတနာကိုမျှ ဆင်မြန်းထားခြင်းမရှိချေ။ ဤမျှရိုးရှင်းသော အသွင်ဖြင့် ရပ်နေသည့်ဟန်မှာ ကောင်းကင်ကို အုပ်စိုးသော ဘုရင်မတစ်ပါးအလား ခန့်ညားထည်ဝါနေချေ၏။
ဤသည်မှာ ချင်းတန်ပေပင်။ တစ်ချိန်က နတ်ဓားရှင်ရွှမ်ကြွယ်၏ အချစ်ဆုံးတပည့်ဖြစ်ပြီး ယခုအခါတွင် ကောင်းကင်လှိုဏ်ဂူကြီး၏ အုပ်စိုးရှင်ဧကရီဖြစ်သည်။
သူမ၏ ဓားတာအိုသည် အရိုင်းမြေရှိ ရှေးဟောင်းပုဂ္ဂိုလ်ကြီးများသည်ပင် ယှဉ်နိုင်ရန် ခဲခက်၏။ လူတိုင်းသည် နတ်ဓားရှင်ပြီးနောက် အတောက်ပဆုံးသော ဓားသမားအဖြစ် ဂုဏ်ပြုထားကြသည်။
“ ဖရူး ... ။ ”
ရုတ်တရက် ဖြူဖွေးသောစာကလေး တစ်ကောင်သည် လေဟုန်စီးလျက် သူမဘေးရှိ လက်ရန်းပေါ် ဆင်းသက်ရပ်နားလာ၏။
“ သခင် ... အပြင်မှာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ် စုရီလို့ခေါ်တဲ့လူတစ်ဦးက သူ့ကိုယ်သူ စုရွှမ်ကြွယ်ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ ”
စာကလေးအသံက ဆူညံသွားသည်။ ထိုသတင်းကြောင့် ချင်းတန်ခမျာ အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး စာကလေးထံကြည့်၏။၊
“ ဆက်ပြောပါဦး။ ”
ဝိညာဉ်စာကလေးက မဆိုင်းမတွဘဲ အရိုင်းမြေကိုးပါး၌ပျံ့နှံ့နေသော ကောလာဟလ အပေါ် အသေးစိတ် ရှင်းပြလာတော့၏။
အကြောင်းစုံကို ကြားသိပြီးနောက် ချင်းတန်တစ်ယောက် တိတ်ဆိတ်သွားခဲ့သည်။ အေးစက်လွန်းသော သူမ၏နှလုံးသားတွင် လှိုင်းဂယက်အချို့ဖြစ်ပေါ်လာ၏။
ထို့နောက် ကျောက်စိမ်းကဲ့သို့ ဖြူစင်သန့်ရှင်းနေသော လက်ချောင်းများဖြင့် စာကလေး၏ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးကာ၊
“ ငါ့ဆရာအဖြစ် အသွင်ယူဝံ့တဲ့ တစ်စုံတစ်ယောက် ရှိလာလိမ့်မယ်လို့ ငါတခါမှ မမျှော်လင့်ထားခဲ့ဘူး ပြောပါဦး ...
... အဲဒီ စုရီဆိုတဲ့လူက သေမှာ မကြောက်တာလား ဒါမှမဟုတ် သူမှာတခြား ရည်ရွယ်ချက်တွေ ရှိနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။ ဝိညာဉ်စာကလေးက တုန့်ဆိုင်းခြင်းမရှိဘဲ၊
“ သူတစ်ခုခု ကြံစည်နေတာ ကျိန်းသေပါတယ် သခင်။ ”
-ဟု တုန့်ပြန်သည်။
ချင်းတန်၏ မျက်ဝန်းများတွင် လျှို့ဝှက်ဆန်းကြယ်လွန်းသော အရိပ်အမြွက် အချို့ ဖြတ်ပြေးသွားပြီး၊
“ ဟောင်ယောင်းကို သတ်တယ်၊ ယွီလောင်ကို ထိန်းချုပ်တယ် မဟာမိတ်အဖွဲ့ကို ရန်စတယ် ... စိတ်ဝင်စားစရာပဲ ဒီလူက ဘာကိုလိုချင်နေတာလဲ။ ”
-ဟု ညည်းတွားတော့၏။
စာကလေးမှ စကားမဆိုနိုင်တော့ချေ။ တစ်စုံတစ်ဦးသည် မည်မျှပင်ရူးသွပ်နေပါစေ နတ်ဓားရှင်အဖြစ် ဟန်ဆောင်ခြင်းဖြင့် အကျိုးဆက်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိရှိထားကြ၏။
သို့သော် ထိုစုရီဆိုသူသည် သေခြင်းကို မကြောက်သည်သာမက နတ်ဓားရှင်တပည့်ကို သတ်ကာ ကျန်တစ်ယောက်ကို ကျွန်ပြုထား ချေပြီ။ ဤသည်မှာ မောက်မာလွန်း၏။
“ ဒါပေမယ့် ... ဟောင်ယောင်း သေသင့်တယ်လို့ မင်းထင်လား။ ”
ချင်းတန်က စာကလေးကိုကြည့်ကာ ပြုံးလျက်မေး၏။ စာကလေးမှ အလျင်အမြန် ခေါင်းညိတ်ပြပြီး၊
“ မှန်ပါတယ် ... သူ့လိုနတ်ကြေးမုံကို ခိုးယူပြီး ... ပင်းမိုနဲ့ပြင်ပရန်သူတွေကိုဂူဗိမာန်ထဲ ခေါ်သွင်းလာခဲ့တဲ့လူတစ်ယောက်ရဲ့ သေခြင်းက သနားစရာမရှိပါဘူး။ ”
-ဟု မှတ်ချက်ပေး ထောက်ခံလိုက်၏။
သို့သော် ချင်းတန်မျက်နှာတွင် ရှုပ်ထွေးနေသော အရိပ်အယောင်များ ထွက်ပေါ်လာကာ သက်ပြင်းချလိုက်၏။
“ သူ ... တကယ်ပဲ သေသင့်တဲ့လူပါ၊ ဒါပေမယ့် ငါ့ဆရာသာ အသက်ရှင်နေသေးရင် ဟောင်ယောင်းက သစ္စာဖောက်ဆိုတာကို သိရင်တောင် ... သူ့ကိုသတ်ပစ်တဲ့အထိ ရက်စက်နိုင်မှာ မဟုတ်ဘူး။ ”
ထိုစကားကြောင့် စာကလေးမှ အံ့အားသင့်သွားပြီး၊
“ ဒါပေမဲ့ ဟောင်ယောင်းလို သစ္စာဖောက်တစ်ယောက်က သေသင့်တာပဲ မဟုတ်ဘူးလား။ ”
-ဟု ပြန်မေး၏။
“ မင်း နားမလည်ပါဘူး ... ဟောင်ယောင်းက ဆရာ့အတွက် သားတစ်ယောက်လိုပါပဲ ဆရာက သူ့အပေါ် အများကြီး မျှော်လင့်ထားခဲ့တာ ...
... သူ သစ္စာဖောက်ရင်တောင် ဆရာက သူ့ရဲ့ကျင့်ကြံမှုကိုဖျက်ဆီးပြီးတော့ ဂိုဏ်းကနေ နှင်ထုတ်ရုံပဲလုပ်မယ်ဆိုတာ ငါသိတယ် သူ့ကို သတ်ဖို့အထိ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး။ ”
ထို့နောက် ချင်းတန်က စကားကို ရပ်လိုက်ပြီး ခေါင်းခါပြကာ၊
“ မေ့လိုက်ပါ သူ့အကြောင်း ဆက်မပြောကြရအောင်။ ”
-ဟု ဆိုလိုက်၏။ ထို့ကြောင့် ဝိညာဉ်စာကလေးက လမ်းကြောင်းပြောင်းကာ၊
“ သခင်မလေး ... အဲဒီစုရီဆိုတဲ့ လူကိုဘယ်လိုမြင်လဲ။ ”
-ဟု မေးလိုက်သည်။
ချင်းတန်က ချက်ချင်းမဖြေသေးဘဲ သူမ၏လက်ကိုဝေ့ယမ်းကာ ကြိမ်ကုလားထိုင် တစ်လုံးကိုထုတ်ယူလျက် သက်သောင့်သက်သာ အသွင်ဖြင့် လှဲလျောင်းလိုက်သည်။
ထို့နောက် ဝိုင်အိုးတစ်လုံးထုတ်ကာ သောက်သုံးတော့၏။ အဆိုပါ မြင်ကွင်းသည် စာကလေးကို မှင်သပ်သွားစေသည်။
ဤသည်မှာ နတ်ဓားရှင်တစ်ယောက် ချန်ထားခဲ့သောကုလားထိုင်ဖြစ်၏။ ချင်းတန်မှ ထိုကုလားထိုင်ပေါ်တွင် ဝိုင်သောက်နေသော ပုံစံသည် သူမဆရာသခင်နှင့် အလွန်အမင်း တူညီနေချေပြီ။
“ ပင်းမိုက အရမ်းအလျင်လိုနေတယ် ဒီလိုသတင်းကိုကြေညာပြီး အဲဒီစုရီအပေါ် သူ့ရဲ့ရန်သူအဖြစ် သတ်မှတ်လိုက်တာဟာ စိတ်ဝင်စားစရာပဲ မဟုတ်လား။ ”
သူမအသံသည် တောအုပ်အတွင်းမှ စီးဆင်းနေသော စိမ့်စမ်းရေများကဲ့သို့ ချိုမြိန်ကာ အေးစက်နေ၏။ ကုလားထိုင်ပေါ်တွင်မှီလျက် ကောင်းကင်ကြီးထံ ငေးကြည့်ကာ၊
“ ပင်းမိုဆိုတာ အမြဲတမ်းတည်ငြိမ်ပြီး သတိကြီးတတ်တဲ့လူပဲ အခုလိုပေါ်ပေါ်ထင်ထင် ရပ်တည်ချက်ကို ထုတ်ပြလိုက်တာက သူ့ရဲ့ အကျင့်စရိုက်နဲ့ မကိုက်ညီဘူး ...
... ငါ ထင်တာ မမှားဘူးဆိုရင် သူဟာ အဲဒီစုရီရဲ့နောက်ခံကို သိထားပြီးသားဖြစ်ရမယ် ဒါကြောင့် ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီးမှ သူ လှုပ်ရှားလို့ပြောနိုင်တယ်။ ”
“ ဒါဆိုရင် သစ္စာဖောက်ပင်းမိုက အဲဒီစုရီဆိုတဲ့လူတစ်နေ့ ရောက်လာမယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားတယ်လို့ဆိုတာလား။ ”
ဝိညာဉ်စာကလေးက ထိတ်လန့်တကြား မေးမြန်းလာ၏။
“ ဟုတ်တယ် ... ။ ”
ချင်းတန်မှ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏လှပလွန်းသောမျက်နှာ၌ ထူးဆန်းသည့် အမူအရာတစ်ခုဖြစ်ပေါ်လာသည်။
“ လွန်ခဲ့တဲ့ဆယ်နှစ်က ပင်းမိုဟာ ဟောင်ယောင်းနဲ့ ယွီလော့တို့ကို ဝင်စားခြင်း သံသရာရဲ့ လျှို့ဝှက်ချက်တွေရှာဖို့ မရဏ ကမ္ဘာဆီစေလွှတ်ခဲ့တယ် ...
... ဒီနေ့မှာတော့ ဟောင်ယောင်း အသတ်ခံရပြီး ယွီလောင်က အညံ့ခံသွားတယ် ဒီလိုအခြေအနေမျိုးမှာ စုရီကိုအခုလိုချက်ချင်း ပစ်မှတ်ထားလိုက်တာက စုရီဘယ်သူလဲဆိုတာ သူသိနေတယ်လို့ မထင်ဘူးလား။ ”
ဝိညာဉ်စာကလေးတစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
“ သခင် ... ဒါက တကယ်ပဲ ရှုူပ်ထွေးစေပါတယ် စုရီကိုဆရာဘိုးဘေးပုံစံ အသွင်ယူထားတဲ့ လူမှန်းမသိရင် ... ငါလည်း တကယ်ပဲ သူ့ကို ဆရာဘိုးဘေး ဝင်စားသူအဖြစ် ထင်မှားမိပါလိမ့်မယ် ...
... ဘာလို့လဲဆို စုရီစာ ဆရာဘိုးဘေးရဲ့ ကျင့်ကြံမှုနဲ့တာအိုတွေကို သူ့လက်ဖဝါးပေါ်က အကြောင်းအရာတွေအလား သိနေတယ်။ ”
“ ဖရူး ... ။ ”
ထိုစကားကြောင့် ချင်းတန်မှ ပြုံးသည်။ ဝိညာဉ်စာငှက်က လက်ရန်းပေါ်မှ ပျံသန်းကာ ကုလားထိုင်အပေါ် ဆင်းသက်လိုက်၏။
“ မုသားတွေကို အမှန်တရားအဖြစ် လူတွေအသိအမှတ်ပြုလိုက်တဲ့အခါ အမှန်ဟာ မုသားဖြစ်သွားတတ်ပါတယ် ...
... ဘယ်အချိန်ကစပြီး ဒီပင်းမိုဟာ တစ်စုံတစ်ယောက်အပေါ် အတု၊ အစစ်ဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်ရသွားတာလဲ ငါသိချင်တယ်။ ”
သူမ၏ ခံ့ညားလွန်းသောအသံတွင် လှောင်ပြောင်ရိပ်များပါဝင်နေ၏။ စာငှက်ခမျာ ခဏမျှ တိတ်ဆိတ်သွားလေသည်။ သူ့ရင်ထဲ နားမလည်နိုင်သော ခံစားချက်များရှိနေ၏။
ထို့အချိန်တွင် ချင်းတန်၏ရောင်ဝါမှာ ပိုမိုတောက်ပလျက် မျက်ဝန်းများ ကြယ်တာရာ ကဲ့သို့ လင်းလက်သွားတော့သည်။
ဝိုင်အိုးကို မော့သောက်လျက် ထရပ်လိုက်ကာ ပျင်းရိဖွယ်အမူအရာများ လုံးဝ ပျောက်ကွယ်သွားကာ လျှောက်လှမ်းသွား၏။
ထိုအသွင်အပြင်သည် ကမ္ဘာကြီးကို ငုံ့ကြည့်နေသော ကောင်းကင်နတ်ဘုရားအလား သာလွန်မြင့်မြတ်သည့် လေထုကို ပေးဆောင်နေသည်။
ထိုသို့သော် ကျက်သရေသည် စာငှက်အတွက် ငေးမော မှင်သပ်သွားစေ၏။ သူ့သခင်သည် တစ်စုံတစ်ခုကို သဘောပေါက်၍ ရှင်းလင်းသွားသည့် အသွင်မျိုးပြသနေသည်။
အထူးသဖြင့် လေးလံလှသော ဝန်းထုတ်ဝန်ပိုးကြီးဖယ်ရှားခံလိုက်ရသည့် ပေါ့ပါးကျေနပ်မှုမျိုးပေပင်။ ဤနှစ်များအတွင်း ရှားပါးလွန်းသော အမူအရာဖြစ်၏။
“ စာငှက်လေး ... ငါ့ကို ခဏလောက် တစ်ယောက်တည်း ထားခဲ့ပေးပါဦး။ ”
ထိုစဉ် ချင်းတန်က လက်ဝေ့ယမ်းကာ ပြောသည်။ စာကလေးခမျာ မည်သည့်စကားမျှ မတုန့်ပြန်နိုင်မီ စွမ်းအားတစ်ခုသည် အဝေးသို့ သယ်ဆောင်ခြင်းခံလိုက်ရတော့၏။
ချင်းတန်က တစ်ဦးတည်းသာ ကျန်ရစ်တော့သည့်အချိန်တွင် ဖိအားများမှ လွတ်မြောက်သွားသကဲ့သို့ သက်တောင့် သက်သာ ဖြစ်လာလေသည်။
“ ပင်းမို ... မင်း ... ဒီလိုမုန်တိုင်းကြီးကို ဖန်တီးလိုက်တာဟာ စုရီဆိုတဲ့သူက ငါတို့ဆရာ ပြန်ဝင်စားလာတာလို့ သံသယဝင်နေတာ မဟုတ်လား ...
... ဒါကြောင့် မင်းက ငါ့ကိုအသုံးချပြီး စမ်းသပ်ချင်နေတာပဲ ဒီနည်းလမ်းက ရန်သူကို ဓားငှားသတ်ပစ်ဖို့ ကြံရွယ်ခြင်းပဲ ... တကယ့်ကို လိမ္မာပါးနပ်ပါပေတယ် ...
... ဒါပေမဲ့ စိတ်မကောင်းစရာက ... ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ငါ ကြိုတင် သိထားတယ်ဆိုရင် မင်းဘာဆက်လုပ်မလဲ။ ”
သည့်နောက် သူမ၏နီမြန်းသော နှုတ်ခမ်းများတွင် အေးစက်စက်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာချေပြီ။ ယနေ့သည် သူမအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရသော နေ့တစ်နေပေပင်။
“ ဒါပေမဲ့ မင်းရဲ့သတိပေးမှုအတွက်တော့ ကျေးဇူးတင်ပါတယ် ... အခု ငါဘာတွေပြင်ဆင် ရမလဲဆိုတာ နားလည်လာပြီ။ ”
ချင်းတန်က တစ်ယောက်တည်း စကားပြောနေစဉ် ရုတ်တရက်ဝေးကွာသော ကောင်းကင်ကြီးထံမှ အလင်းတန်းတစ်ခု ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။
“ ဝှီး ... ။ ”
ခဏအတွင်းမှာပင် ကြယ်တာရာတစ်စင်းအလား တောက်ပသော အလင်းတန်းတစ်ခုသည် သူမအနားသို့ ကျဆင်းလာ၏။
ယင်းသည် အစိမ်းရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးဖြစ်ချေပြီ။ ထိုအမျိုးသားက ပြုံးပြလျက်၊
“ ချင်းတန် ... ကောလာဟလတွေကို ကြားပြီးပြီလား။ ”
-ဟု မေးမြန်းလာတော့သည်။
ချင်းတန်က သူ့ကိုတစ်ချက်ကြည့်ကာ တိမ်ပင်လယ်ထံ ပြန်လည်ငေးမောလျက်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ဤအမူအရာကြောင့် အမျိုးသားခမျာ အပြုံးများ ခဏမျှ တောင့်တင်းသွားသော်လည်း ချက်ချင်း ရယ်မောတော့သည်။
“ ဟားဟားဟား မင်းရဲ့ ဆရာသခင်အဖြစ် အယောင်ဆောင်ဝံ့တဲ့လူမိုက်မျိုး ဒီကမ္ဘာကြီးမှာ တကယ်ရှိနေတာပဲ ...
... ဒီလူ သေမှာ မကြောက်ဘူးထင်တယ် ဒါပေမယ့် ကောလာဟလတွေအရ အဲဒီလူက ဟောင်ယောင်းနဲ့ ယွီလောင်ကို အနိုင်ယူခဲ့တာ ဆိုတော့ အစွမ်းအစရှိနေပုံပဲ။ ”
“ မင်းမှာ ... တခြားကိစ္စမရှိရင် ထွက်သွားပါ။”
ချင်းတန်က သူ့စကားများကို စိတ်မဝင်စားဘဲ ပြတ်သားစွာမောင်းထုတ်ခဲ့၏။ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားခမျာ မျက်မှောင်ကြုတ်သွားလေသည်။
“ ချင်းတန် ... ဒီနှစ်တွေမှာ လူတွေက မင်းကိုသစ္စာဖောက်အဖြစ် မြင်နေကြတာကို မင်းလည်းသိပါတယ် ...
... အခု ကောလဟာလတွေက လူတွေရဲ့အမြင်ကို ပြောင်းလဲဖို့ အခွင့်အရေး ကောင်းပဲမဟုတ်လား။ ”
ချင်းတန်က မျက်ခုံးပင့်လျက် ပြန်လှည့်ကြည့်ကာ၊
“ မင်း ဘာပြောချင်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါတို့ဒီအခွင့်အရေးကို အသုံးချပြီး အဲဒီအတုအယောင်ကို သတ်ပစ်လိုက်ရအောင် အဲဒါဆိုရင် မင်းဟာ သစ္စာဖောက် ...
... မဟုတ်ဘူး ဆိုတာကို သက်သေပြပြီး ဖြစ်သွားလိမ့်မယ်ဘယ်လိုလဲ မင်းသဘောတူရင် ငါကိုယ်တိုင်လှုပ်ရှားပြီး အဲဒီစုရီခေါင်းကို ယူလာပေးမယ်။ ”
ချင်းတန်က တုန့်ပြန်ခြင်းမပြုချေ။ အစိမ်းရောင်ဝတ်အမျိုးသားကို စိုက်ကြည့်ပြီး လှောင်ပြုံးတစ်ပွင့်ပေါ်လာကာ၊
“ ငါက ဘာလို့လူတွေရဲ့အမြင်ကို ဂရုစိုက်ရမှာလဲ ... ပြီးတော့ ငါကသစ္စာဖောက် မဟုတ်ကြောင်း ဘာလို့သက်သေပြရမှာလဲ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
“ မင်းက ကြယ်မြစ်ဂိုဏ်းရဲ့ သံတမန်တစ်ယောက်ပဲ ကောင်းကင်လှိုဏ်ဂူရဲ့ တပည့်မဟုတ်ဘူး ငါတို့ရဲ့အတွင်းရေးတွေကို ဝင်မစွက်ဖက်ပါနဲ့ ...
... မင်း ဒီလိုတွေသာ ဆက်လုပ်နေရင် ငါတို့ကြားမှာအဆင်မပြေမှုပဲ ဖြစ်လာလိမ့်မယ် မင်းရဲ့ အကန့်အသတ်ကို သတိရပါ။ ”
ထို့နောက် သူမသည် အရာရာကို လျစ်လျူရှုလျက် ပြာသာဒ်ဆောင်အပြင်သို့ လှမ်းထွက်သွားတော့၏။
အေးစက်သောလေထုသည် အစိမ်းရောင်ဝတ်အမျိုးသား အနီးတဝိုက်တွင် ဝေ့ဝဲကျန်ရစ်ခဲ့ပြီး သူမပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
“ အရမ်းမာနကြီးတယ်။ ”
အစိမ်းရောင်ဝတ် အမျိုးသားခမျာ မျက်နှာပျက်ယွင်းလျက် ဒေါသဖြင့်လက်သီးများ ဆုပ်ကိုင်လိုက်တော့၏။