အရိုင်းမြေကိုးပါး အသက်ဝင်လာခြင်း။
Vol. 71 Ch. 848
“ ဟမ့် ... ဒီကောင်းကင်လှိုဏ်ဂူမှာ မင်းကလွဲရင် ဘယ်သူများ ကျန်နေသေးလို့လဲ ငါတို့ကြယ်မြစ်ဂိုဏ်းသာမရှိရင် ပင်းမိုနဲ့ အဲဒီ နှလုံးသားပြခန်းက အင်အားစုတွေ ဒီနေရာကို သိမ်းပိုက်လိုက်တာကြာပါပြီ။ ”
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားက ဒေါသဖြင့်ရေရွတ်လိုက်၏။ တစ်ဖက်လူထံမှ မောက်မာအေးစက်လွန်းသော အပြုအမူသည် သူ့မာနကို ထိခိုက်စေသည်။
“ မေ့လိုက်ပါ ... နောက်ထပ် ခဏလောက်တော့ သည်းခံလိုက်မယ် ငါတို့ ဂိုဏ်းချုပ်ရဲ့ တာအိုကိုယ်ပွား မရဏကမ္ဘာကနေ ပြန်ရောက်လာတဲ့အခါကျရင်တော့ မင်းဒီလိုပဲ မောက်မာနေနိုင်ဦးမလား ငါကြည့်မယ်။ ”
စကားဆုံးသည်နှင့် အံကြိတ်လျက် ချက်ချင်းလှည့်ထွက်သွား၏။ ထိုအချိန်တွင် ချင်းတျန်သည် လေထုအလယ် ပြန်ပေါ်လာပြီး ပြုံးလျက်ပျောက်ကွယ်သွားလေသည်။
ထိုသူသည် ချင်းဖုန်းဖြစ်၏။ ကြယ်မြစ်ဂိုဏ်း၏သံတမန်ဖြစ်ပြီး ကောင်းကင် လှိုဏ်ဂူသို့ရောက်ရှိလာသည်မှာ နှစ်ပေါင်း တစ်ရာပြည့်ပေတော့မည်။
သူ့ဂိုဏ်းချုပ်သည် မရဏကမ္ဘာ ဝင်စားခြင်းရေကန်တွင် တစ်စုံတစ်ရာကို ရှာဖွေနေကြောင်း သူမ သိထား၏။
တစ်ချိန်တည်းမှာပင် စုရီသတင်းသည် အရိုင်မြေကိုးပါးရှိ အင်အားစုအသီသီးတို့ထံ ရောက်ရှိသွားချေပြီ။
ထွတ်မြတ်ကိုးပါးနန်းတော်။ ဤအင်အားစုသည် အရိုင်းမြေကိုးပါးတွင် ပထမတန်း တာအိုဂိုဏ်းကြီးဖြစ်၏။
ထိုအရပ်ရှိ တောင်တန်းကြီးအတွင်း ဝါးတောတစ်နေရာသည် ယန်စုနီဟူသော အမျိုးသမီးနေထိုင်ရာ အရပ်ဖြစ်သည်။
ကောင်းကင်နယ်မြေ ယွီမျိုးနွယ်သို့ အကူအညီပေးရန် စေလွှတ်ခြင်းခံခဲ့ရသော အမျိုးသားမှာ ဝါးတဲအိမ်တစ်လုံးရှေ့၌ ငြိမ်သက်စွာ ရပ်နေသည်။
သူ့ရှေ့တွင် ချောမောလှပသော အမျိုးသမီးနှစ်ဦးထိုင်နေ၏။ အမျိုးသားက ဆောင်းဦးရေကန်ညီလာခံတွင် ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်တင်ပြပြီးဖြစ်သည်။
မိုဟန်ထျန်း၏ ရိုင်းစိုင်းပုံကိုပြောဆိုစဉ် အမျိုးသားမှ ဒေါသထွက်နေပြီး စုရီအကြောင်း ပြောသောအခါတွင်မူ အံ့အားသင့်မှုနှင့် လေးစားမှုများ အပြည့်ရှိနေခဲ့၏။
“ ဟမ့် ... သွေးမြူမိစ္ဆာဂိုဏ်း ဝံ့သလား၊ ကြည့်ရတာ ဒီမိစ္ဆာတွေကိုသတ်ဖို့ အပြင်ထွက် အခွင့်အရေး ရှာရတော့မယ် ထင်တယ်။ ”
ယန်စုနီမှ အေးစက်စွာ ကြိမ်းမောင်း လိုက်သည်။ သူမထံမှ လူသတ်လိုသောဆန္ဒများ ပြန့်ကားလာကာ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
သူမရှေ့ရှိ ထိုအမျိုးသားခမျာ ထိတ်လန့်မှုကြောင့် ချွေးများသီးထလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စုရီကြောင့် သူ့အမှားကို ပြင်နိုင်ခဲ့၏။
မဟုတ်သော် ပထမဆုံး သင်ခန်းစာပေးခံရမည့်လူမှာ သူကိုယ်တိုင် ဖြစ်နေပေလိမ့်မည်။
ယန်စုနီသည် ဂိုဏ်းအတွင်း၌သာမက အရိုင်းမြေကိုးပါးတွင်ပင် အတောက်ပဆုံးဖြစ်ပြီး ချင်းတန်နှင့်ယှဉ်နိုင်သည်ဟု လူအများမှ သတ်မှတ်ထားကြ၏။
လက်ရှိအချိန်တွင် ထွတ်မြတ်ကိုးပါး နန်းတော်အတွင်း သူမရာထူးသည် မြင့်မားကာ အသက်အငယ်ဆုံးသော ရွှမ်ယုအကြီးအကဲ တစ်ဦးဖြစ်နေချေပြီ။
“ ရှစ်ချန် ... မင်းဘာလို့ တိတ်နေတာလဲ။ ”
ယန်စုနီက သူမဘေးတွင် အပြင်လူတစ်ယောက်လို တိတ်ဆိတ်စွာဖြင့် ထိုင်နေသောယွီရှစ်ချန်ကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။ ယွီရှစ်ချန်မှ သတိ ပြန်ဝင်လာပြီး တိုးညင်းစွာပြန်ဖြေ၏။
“ အကြီးအကဲယန် ... အဲဒီစုရီဆိုတာ ရှစ်ချန်ရဲ့တ်ဟောင်းဆွေဟောင်းပါ။ ”
“ ဟမ့် ... မင်းမိတ်ဆွေလား။ ”
ယန်စုနီမှ အံ့အားသင့်သွားသည်။ အမျိုးသားသည်လည်း ခေါင်းညိတ်လျက်ဖြင့် အတည်ပြုပေး၏။
“ ဟုတ်ပါတယ် ... တာအိုစုကလည်း ရှစ်ချန်နဲ့သူက သူငယ်ချင်းလို့ ပြောခဲ့ပါတယ်။ ”
“ ရှစ်ချန် ... မင်းတစ်ခုခု ပြောပြဖို့ရှိလား။ ”
ယန်စုနီက မေးသည်။ ယွီရှစ်ချန်မှ သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းချုပ်ကာ စုရီနှင့် ဆုံတွေ့ခဲ့ရသည်ကို ပြောပြတော့၏။
ဆီးနှင်းကဲ့သို့ဖြူစင်ပြီး အေးစက်သော ဤမိန်းကလေးသည် ဂိုဏ်းထဲရောက်ရှိတည်းက စကားနည်းလှ၏။ သို့သော် ယခုအခါတွင်မူ နွေဦးနေရောင်ခြည်အောက်မှ ရေခဲပြင်ကြီး အရည်ပျော်နေသကဲ့သို့ ရွှင်မြူးနေသည်။
ယွီရှစ်ချန် ဇာတ်လမ်း ပြီးဆုံးသွားသော အချိန်တွင် အမျိုးသားသည် မယုံနိုင်ဟန်မှင်သပ် နေတော့၏။
ဤမျှ သာမန်ကမ္ဘာငယ်လေးမှ တစ်စုံတစ်ယောက်သည် နှစ်နှစ်အတွင်း ဘီလူး တစ်ကောင်လို ကြီးပြင်းနိုင်သည်လော။
ယန်စုနီသည်လည်း ဇဝေဇဝါဖြင့် အချိန်အကြာကြီး တိတ်ဆိတ်သွား၏။ ထိုစဉ် အမျိုးသားသည် တစ်စုံတစ်ခုကို သတိရလာပြီး အနည်းငယ်တွန့်ဆုတ်စွာနှင့်၊
“ အကြီးအကဲယန် ... တာအိုစုက ရှစ်ချန်အတွက် စကားတစ်ခွန်း ပါးလိုက်ပါ သေးတယ်။ ”
-ဟု ခွင့်တောင်းတော့သည်။ ထိုစကားကြောင့် ယန်စုနီက အမျိုးသားထံ ပြန်ကြည့်ကာ၊
“ ဟမ့် ... ရှစ်ချန်အတွက်ဆိုရင် ... ငါ့ကိုဘာလို ခွင့်တောင်းနေသေးတာလဲ။ ”
-ဟု တုန့်ပြန်၏။ အမျိုးသားက ခေါင်းငုံ့လျက်၊
“ တာအိုစုက ပြောပါတယ် ... ရှစ်ချန်ကို အကြီးအကဲယန်ဆီမှာ ကျင့်ကြံခွင့်ပြုနိုင်ပေမယ့် ဆရာအဖြစ်ခံယူဖို့တော့ အလျင်စလို လုပ်စရာ မလိုသေးပါဘူးတဲ့ ... ။ ”
“ ဒါက ဘာကို ဆိုလိုတာလဲ။ ”
ထိုစကားကြားလိုက်ရချိန်တွင် ယန်စုနီတစ်ယောက် မျက်မှောင်ကြုတ် သွားတော့သည်။ အမျိုးသားက အသက်ပြင်းပြင်းရှူကာ၊
“ တာအိုစုက ... နောင်မှာ ရှစ်ချန်ရဲ့ ဓားတာအိုကို သူကိုယ်တိုင်လမ်းညွှန်ပေးမယ်လို့ ပြောပါတယ်။ ”
-ဟု ပြန်လည်ဖြေကြားလိုက်၏။
“ ဒီကောင်လေးက ငါ ရှစ်ချန်ကို လမ်းပြပေးဖို့ အရည်အချင်းမပြည့်မီဘူးလို့ ပြောချင်နေတာလား ... ရွှမ်ယုအဆင့် ဧကရာဇ် အချို့ကို သတ်နိုင်ရုံနဲ့ မောက်မာဝံ့သလား။ ”
ရုတ်ချည်း ယန်စုနီထံမှ တိုက်ပွဲဝင်ဆန္ဒများသည် မုန်တိုင်းတစ်စင်း ကဲ့သို့ ဖြစ်တည်လာသည်။ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်မှုများ ထင်ဟပ်လာ၏။
အမျိုးသားခမျာ မသက်မသာ ဖြစ်သွားလေသည်။ ထိုစဉ်ကြိုးကြာတစ်ကောင် ပျံသန်းရောက်ရှိလာပြီး သတင်းတစ်ခုကို ဝေမျှပေးလာတော့၏။
“ အကြီးအကဲယန် ... စုရီဆိုတဲ့ လူတစ်ယောက် သူ့ကိုယ်သူ နတ်ဓားရှင်လို့ အမည်ခံပြီး ... အရိုင်းမြေထဲ ဝင်လာနေတယ် ဆိုတဲ့ သတင်း ...
... ထွက်ပေါ်နေပါတယ် ... ဒါကြောင့် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့က ဒီလူကိုသတ်ပစ်ဖို့ အမိန့်ထုတ်ထားပါတယ်။ ”
ရုတ်တရက်သတင်းကြောင့် ယန်စုနီ၊ ယွီရှစ်ချန်နှင့် အမျိုးသားတို့သည် အချင်းချင်း ပြန်ကြည့်ကာ ဆွံ့အကုန်တော့၏။
“ စုရီပဲလား ... ။ ”
အချိန်အနည်းငယ်အကြာတွင် ယန်စုနီ၏မျက်ဝန်းများ တောက်ပလာပြီး၊
“ သူက ဟောင်ယောင်းကိုသတ်တယ် ယွီလောင်ကိုအညံ့ခံစေတယ် ... သူ့ကိုယ်သူ နတ်ဓားရှင်အဖြစ် ကြေငြာတယ် ... ရှစ်ချန် အဲဒီလူနဲ့ မင်းရဲ့အစ်ကိုစု တစ်ယောက်တည်း ဖြစ်နိုင်မလား ။ ”
-ဟု မေးမြန်းလိုက်၏။
ယွီရှစ်ချန်မှ ပြန်မဖြေနိုင်ချေ။ စုရီသည် အဘယ့်ကြောင့် ဤမျှကြီးမားသောအန္တရာယ်ကို ဆောင်ကျည်းနေမှန်း သိချင်နေသည်။
နတ်ဓားရှင်သည် သေဆုံးသွားပြီ ဖြစ်သော်လည်း သူ့ဂုဏ်ကျက်သရေများသည် အရိုင်းမြေတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ ထိုသို့ ဟန်ဆောင်ခြင်းသည် အရိုင်းမြေတစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်စေမည်မှာ သေချာ၏။
သို့သော် တစ်ဖက်တွင် အကြီးအကဲယန်စုနီအတွက်မူ သူမနှင့်မတူဘဲ ကွဲပြားစွာ စိတ်လှုပ်ရှားနေသည်။
“ ရှစ်ချန် ... မင်းရဲ့အစ်ကိုစုက တကယ်ပဲ နတ်ဓားရှင် ပြန်ဝင်စားလာတာ ဖြစ်နိုင်မလား။ ”
ယန်စုနီမှ ထပ်မံ မေးမြန်းသည်။ ယွီရှစ်ချန်တစ်ယောက် ဝေခွဲမရဖြစ်နေဆဲပင်။ ယင်းကြောင့် တွန့်ဆုတ်စွာဖြင့်၊
“ နတ်ဓားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတည်းက ကွယ်လွန်ခဲ့တာ မဟုတ်လား အစ်ကိုစုက အခုမှ အသက်(၂၀)ပဲ ရှိပါသေးတယ်။ ”
-ဟု ငြင်းဆန်လိုက်၏။ သို့သော် ယန်စုနီသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းရမ်း ပြလာသည်။
“ သူ့အသက်က အရေးမကြီးဘူး ... သူဟုတ်မဟုတ် အတည်ပြုနိုင်ဖို့လိုတယ် ... လာ ငါတို့သွားကြည့်ရအောင် ... ။ ”
စကားဆုံးသည်နှင့် ယန်စုနီသည် ယွီရှစ်ချန်လက်ကောက်ဝတ်ကို ဖမ်းဆွဲလျက် ထွက်ခွာရန်ပြင်တော့သည်။
“ စုနီ ... အရိုင်းမြေမှာ လေပြေတိုက်ရုံပဲ ရှိပါသေးတယ် မုန်တိုင်းထွက်မလာသေးပါဘူး မင်းဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ။ ”
ရုတ်တရက် အိုမင်းရင့်ရော်ပြီး တည်ငြိမ်လွန်းသော အသံတစ်သံ ထွက်ပေါ် လာတော့သည်။ ယန်စုနီတစ်ယောက် လေထဲ ရပ်တန့်သွားပြီး အသံထွက်ပေါ်လာရာသို့ လည်ပြန်လှည့်ကြည့်လိုက်၏။
လေဟာနယ်မှတပါး အခြားမရှိချေ။ သို့သော်တစ်ဖက်တွင် ယွီရှစ်ချန်မှာမူ ထိုအသံ၏ အရှိန်အဝါကြောင့် ရင်ထဲလေးလံလာကာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။
“ မင်္ဂလာပါ ဘိုးဘေး ... ။ ”
ဤအသံသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော အမိန့်တစ်ခုအလားပေပင်။ အမျိုးသားက တုန်တုန်ရင်ရင်ဖြင့် ချက်ချင်း ဦးညွှတ်လိုက်တော့၏။
ထွတ်မြတ်ကိုးပါးနန်းတော်တွင် အစွမ်းထက်ဘီလူးကြီးများစွာ ရှိနေသော်လည်း ဖုန်ကျူဟုအမည်တွင်သော ဤဘိုးဘေးမှာမူ စစ်မှန်သည့်ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ရွှမ်ဟဲအဆင့်သို့ရောက်ရှိနေပြီး အရိုင်းမြေကိုးပါး နယ်မြေအတွင်း၌ ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ် တည်ရှိမှုကြီးပေပင်။
( လောကီကို စိတ်မဝင်စားတော့တဲ့ ဘိုးလေးလို လူမျိုးကတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်ဆိုရင် ... အစ်ကိုစုရဲ့ နောက်ခံက တကယ်ပဲ နတ်ဓားရှင်နဲ့ပတ်သက်နေတာလား ... ။ )
ယွီရှစ်ချန်မှ တစ်ကိုယ်တည်း တွေးတောလျက် နှလုံးသားတစ်ခုလုံး တုန်ရင် လာတော့၏။ တစ်ဖက်တွင် ယန်စုနီသည် ကျေနပ်ပုံမပြသေးဘဲ၊
“ ဘိုးဘေးဖုန် ... အခုလို မုန်တိုင်းကြီးမစတင်ခင်မှာ အတည်ပြုနိုင်ရင် အကောင်းဆုံးပဲမဟုတ်လား ငါတို့ဘာကို စောင့်နေရမှာလဲ။ ”
-ဟု ပြန်လှန်မေးခွန်းထုတ်တော့သည်။
“ ဒီမုန်တိုင်းက ... အဲဒီအဖိုးကြီးစုနဲ့ တိုက်ရိုက်ပတ်သက်တာမို့ အဲဒီခွေးအိုကြီးတွေ ဘယ်လောက်တောင် ထွက်ပေါ်လာကြမယ်လို့ မင်းတွက်ဆထားလဲ ...
... အဲဒီနှစ်ပေါင်းများစွာ ရှင်သန်ပုန်းအောင်နေကြတဲ့ အိုကြီးတွေကြားမှာ မင်းအသက်ရှင်နိုင်မယ်လို့ တကယ် ယုံကြည်လား ...
... ကောင်းပြီ မင်းတို့နှစ်ယောက်လုံး ငါ့ဆီကိုလာခဲ့ပါ စုရီရဲ့အတိတ်ကိုငါသိချင်တယ် ဒီလိုနေ့မျိုးကို ငါစောင့်နေတာကြာပြီ ... ။ ”
စကားဆုံးသည်နှင့် အလင်းတန်းတစ်ခု ကောင်းကင်ယံမှကျဆင်းလာပြီး အမျိုးသမီး နှစ်ယောက်အပေါ်လွှမ်းခြုံကာ လေထုအလယ် သယ်ဆောင်သွားတော့၏။