နှင်းတိမ်လွှာမြို့မှ ဓားပျံဂိုဏ်း။
Vol. 71 Ch. 850
ထိုလူငယ်ကိုမြင်ချိန်၌ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤသည်မှာဓားပျံဂိုဏ်းမှ အတွင်းတပည့်တစ်ယောက်ပေပင်။ ဓားပျံဂိုဏ်း ဟူသည် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ကြီး၏ လက်အောက်ခံအင်အားစုဖြစ်၏။
ယင်းကြောင့် လူတိုင်းသည် သနားကြင်နာမှုများဖြင့် ဖအေနှင့်သမီးထံ ပြန်ကြည့်လိုက်လေသည်။
မီးခိုးရောင်ဝတ်အမျိုးသားက ဤပြဿနာသည် မည်၍မည်မျှဆိုးရွားသွားမှန်း သဘောပေါက်သွားပြီး ချက်ချင်း ဦးညွှတ် လိုက်ကာ၊
“ ကလေးက ငယ်ရွယ်ပါသေးတယ် ... လောကကြီးအကြောင်း နားမလည်သေးပါဘူး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေး။ ”
-ဟု တောင်းပန်၏။
သူ့အသံများသည် ကြောက်ရွံ့မှုကြောင့် တုန်ခါနေချေပြီ။ ငွေရောင်ဝတ်စုံဝတ်ထားသော လူငယ်က ဝိုင်တစ်ခွက်ကို သောက်လိုက်ပြီး၊
“ မင်းရဲ့သမီးကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးနိုင်ပေမယ့် သူမလျှာကိုတော့ ချန်ထားပြီး ထွက်သွားခိုင်းလိုက်ပါ ... ။ ”
-ဟု တုန့်ပြန်လိုက်သည်။
မီးခိုးရောင်ဝတ်ဆင်ထားသော အမျိုးသားခမျာ မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ရင် သွားတော့၏။ ချက်ချင်း မြေပြင်ပေါ် ဒူးထောက် လိုက်ကာ ကရုဏာပြရန် တောင်းပန်သည်။
မိန်းကလေးသည် တုန်တုန်ရီရီနှင့် မှင်သပ်စွာရပ်နေခဲ့၏။ စကားတစ်ခွန်းတည်းနှင့် အဘယ့်ကြောင့် ဤကပ်ဘေးကြီး ကျဆင်း လာသည်ကို သူမ နားမလည်နိုင်သေးချေ။
ဓားပျံဂိုဏ်းသည် နှင်းတိမ်လွှာမြို့နှင့် မိုင်သုံးရာမျှသာဝေးသည်။ ထို့ကြောင့်မြို့သည် ဓားပျံဂိုဏ်းလက်အောက်တွင် ရှိသည်ဟုဆိုက လွန်အံ့မထင်ချေ။
ထိုအခြေအနေမျိုးတွင် မည်သူမဆို ဖအေနှင့်သမီးကို ကူညီရန်မဝံ့သည်မှာ သဘာဝ ဖြစ်၏။
“ အာယောင်း၊ သူ့ကိုကူညီလိုက်။ ”
ငွေရောင်ဝတ်ရုံဝတ် လူငယ်က စိတ်မရှည်တော့ဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ သခင်လေး ... ။ ”
တံခါးဝကို ပိတ်ဆို့ထားသော အနက်ရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ပြီး လျှောက်လှမ်းလာ၏။
“ မလုပ်နဲ့ ... ငါ့သမီးကို မထိနဲ့။ ”
မိန်းကလေး၏ ဖခင်သည် ချက်ချင်းထရပ်ကာ အနက်ဝတ်အမျိုးသားကို တားဆီးတော့၏။
“ ဖယ်စမ်း ... ။ ”
သို့သော် အနက်ဝတ်အမျိုးသားက လက်ဝှေ့ယမ်းလိုက်ရာ လူလတ်ပိုင်းအရွယ် ထိုအမျိုးသားသည် စားပွဲခုံတစ်လုံးပေါ် လွင့်စင်ပြုတ်ကျသွားလေသည်။
“ ဖေဖေ ... ။ ”
မိန်းကလေးက ထိတ်လန့်သွားပြီး ငိုကြွေးလေသည်။ အန်ကဝတ်အမျိုးသားက သူမအနားရောက်ရှိလာကာ၊
“ ကလေးမလေး ... ပါးစပ်စည်းကမ်းမရှိရင် ကပ်ဘေးကိုဦးတည်စေတယ်ဆိုတာ မှတ်ထားပါ ဒီနေ့ မင်းရဲ့လျှာကိုပဲဖြတ်ပြီး အပြစ်ဒဏ်ပေးတာ ငါ့သခင်လေး ကရုဏာတရားကြီးမားနေလို့ပဲ မဟုတ်ရင် မင်းအသက်နဲ့ ပေးဆပ်ရမယ်။”
အနက်ရောင်ဝတ်အမျိုးသား၏ လက်ချောင်းထိပ်တွင် ထက်ရှလွန်းသော ဓားရောင်ဝါတစ်ခု ဖြစ်ပေါ်လာ၏။
“ မလုပ်နဲ့ ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်လုံးများပြူးကျယ်လျက် လုံးဝ စိတ်ဓါတ် ကျသွားတော့သည်။
“ မင်းလို ကျင့်ကြံသူတစ်ယောက်က အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာလား ဓားပျံဂိုဏ်းက ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ။ ”
ရုတ်တရက် အေးစက်သော လှောင်ပြောင်သံနှင့်အတူ လူရိပ်တစ်ရိပ် တည်ခိုခန်းအတွင်း လှမ်းဝင်လာသည်။
အနက်ရောင်ဝတ် အမျိုးသားခမျာ ချက်ချင်းတောင့်တင်းသွားပြီး လှုပ်မရတော့ချေ။ တစ်စုံတစ်ရာသည် သူ့ကျင့်ကြံမှုအုတ်မြစ်အပေါ် ပိတ်ဆို့လိုက်ချေပြီ။ ယင်းသည် သူ့အတွက် နောက်ဆုံးအသိသာဖြစ်၏။
“ ဘောင်း ... ။ ”
ခန္ဓာကိုယ်သည် အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ဓားအလင်းများထွက်လာကာ အမှုန်အဖြစ် ပြောင်းလဲသွားတော့သည်။
ဤမြင်ကွင်းသည် ရက်စက်ပြီး ကြီးစိုးလွန်းသောကြောင့် လူအုပ်ကြီးသာမက ဓားပျံဂိုဏ်းမှ သခင်လေးဆိုသူသည်ပင် မျက်လုံးပြူးသွားတော့၏။
“ မင်း ဓားပျံဂိုဏ်းက တပည့်တစ်ယောက်ကို သတ်ရဲလား။ ”
ငွေရောင်ဝတ်လူငယ်က သတိဝင်လာပြီး အော်ငေါက်လိုက်သည်။ ဝင်ရောက်လာသူသည် ဆံပင်ဖြူဖြူနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် မိန်းကလေးကိုပြုံးပြလျက် လက်ဝှေ့ရမ်းလိုက်တော့၏။
ငွေရောင်ဝတ်လူငယ်ခမျာ အပိုင်းအစများအဖြစ်ပြောင်းလဲ ပျက်ပြယ်သွား ချေပြီ။ သည့်နောက် ကော်ငမလေး ပါးပြင်ကို ညှစ်ကာ၊
“ သွား ... မင်းဖေဖေကို ထူပေးလိုက်ဦး မြန်မြန် ... ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုမြင်ကွင်းကြောင့် ပိန်းပိန်ပါးပါးနှင့် တည်ခိုးခန်းပိုင်ရှင်သည် လှမ်းထွက်လာခဲ့ပြီး၊
“ မိတ်ဆွေ ... ငါ့စကားတွေက ကြားလို့မကောင်းပေမယ့် ပြောပါရစေ မင်း သူတို့ကို မသတ်သင့်ဘူး။ ”
-ဟု ပြောကြားလာ၏။
“ ဘာလို့လဲ သူတို့က သေဖို့မထိုက်တန်ဘူးလို့ မင်းထင်နေတာလား။ ”
ဆံပင်ဖြူလူငယ်မှ ပြန်မေးသည်။ တည်းခိုခန်းပိုင်ရှင်က ခေါင်းကို အမြန်ခါယမ်း ပြလိုက်သ၏။
“ မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး ... နှင်းတိမ်လွှာမြို့က ဓားပျံဂိုဏးရဲ့ အာဏာစက် အောက်မှာရှိနေရတဲ့မြို့ပါ ... မင်းကတော့ အဲဒီအဖေနဲ့သမီးကို ဒီနေ့ကယ်တင်ပြီး ...
... ထွက်သွားနိုင်ပေမယ့် သူတို့က တစ်သက်လုံးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး သူတို့အတွက် ပိုဆိုးတဲ့ကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ”
“ မှန်တယ် ... ဓားပျံဂိုဏ်းက သူတို့သားအဖကို ချမ်းသာပေးမှာ မဟုတ်ဘူး ... ။ ”
တခြားလူများသည်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်ကြ၏။ ဤသည်မှာစစ်မှန်သော အမှန်တရားပေပင်။
ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် ဒေါသထွက်စေသော်လည်း မည်သူမျှဝင်မစွက်ဝံ့ သည်မှာ ထိုအချင်းအရာကြောင့်ဖြစ်၏။ မည်သူ မဆို အဆုံးမရှိ ပြဿနာများကို မလိုချင်ချေ။
“ ကောင်းပြီ ... ဒါဆိုရင် နေမထွက်ခင် ဓားပျံဂိုဏ်းဆိုတာ ဒီကမ္ဘာကြီးပေါ်ကနေ အပြီး ပျောက်ကွယ်သွားလိမ့်မယ်။ ”
ထို့နောက် တည်းခိုခန်းအတွင်း တိတ်ဆိတ်စွာထိုင်နေသော လူငယ်အနားသို့ လျှောက်လှမ်းသွားကာ၊
“ ဆရာ ... ဒီတပည့်က နှုတ်ဆက်ပါတယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
လူတိုင်း မျက်လုံးပြူးလျက် အသက်မဲ့ကုန်တော့၏။ စုရီမှခေါင်းညိတ်လျက် ထရပ်လိုက်ကာ၊
“ သွားကြစို့ ... ။ ”
-ဟု ဆိုလိုက်သည်။
သည့်နောက် မည်သည့် အပိုစကားမျှ မဆိုတော့ဘဲ လက်နှစ်ဖက်နောက်ပို့လျက်ဖြင့် လှမ်းထွက်သွား၏။ ဆံပင်ဖြူဖြူနှင့် လူငယ်က ခေါင်းညိတ်လျက် ရိုကျိုးစွာလိုက်ပါသွားသည်။
ဤသည်မှာ ယွီလောင်ဖြစ်၏။ စုရီမှ ဆက်သွယ်ရေးတံဆိပ်သုံးကာ သူ့ကိုဆက်သွယ် လာခြင်းကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ ယခု ဆရာနှင့်တပည့် တွေ့ဆုံပြီဖြစ်၏။
သူတို့နှစ်ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးနောက် တည်းခိုခန်းရှိ လေထုသည် ပြန်လည် သက်ဝင်လာတော့သည်။
ဧကရာဇ်တစ်ပါးမှ တစ်ချိန်လုံး တိတ်ဆိတ်စွာထိုင်နေသော လူငယ်ကိုဆရာဟု ခေါ်၏။ ကျောက်စိမ်းရောင်ဝတ် လူငယ်သည် မည်မျှမြင့်မြတ်နေသနည်း။
“ ဒီနေ့ည ဓားပျံဂိုဏ်းကို ဖယ်ရှားတာမျိုးဖြစ်လာနိုင်မလား။ ”
အဆုံးတွင် တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ တိုးတိုးလေးရေရွတ်သည်။ သို့သော် ထိုစကားအပေါ် တုန့်ပြန်မည့်သူမရှိဘဲ မကြားသကဲ့သို့ လူတိုင်းတိတ်ဆိတ်နေသဖြင့် သတိဝင်လာပြီး သူသည်လည်း ချက်ချင်း ပါးစပ်ပိတ်သွားတော့၏။
ညသည် မှောမိုက်ပြီး အေးစက်နေ၏။ ထက်ရှသောလေဓားများအောက်တွင် ဆရာနှင့် တပည့် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။
“ဆရာ ... မကြာသေးမီက ကောလဟာလတစ်ပုဒ် ပျံ့နှံ့နေပါတယ်။ ”
ယွီလောင်မှ မမေးဘဲ မနေနိုင်တော့ချေ။
“ ပင်းမိုက ငါ့ကိုအရိုင်းမြေတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် ကြေငြာနေတာပြ အဲဒီအတွက် ရှင်းပြနေစရာ မလိုပါဘူး။ ”
စုရီက ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။ ယွီလောင်မှ ခေါင်းညိတ်လိုက်၏။
“ ငါမင်းကို စုံစမ်းခိုင်းထားတာနဲ့ ပတ်သက်ပြီး မင်းတစ်ခုခုသိရပြီလား။ ”
စုရီမှ မေးမြန်းသည်။ မရဏကမ္ဘာတွင် ပဉ္စမတပည့်နှင့် အဠမတပည့်သတင်းအကြောင်း သဲလွန်စရှာဖွေရန် အမိန့်ပေးထား၏။ ယွီလောင်မှ ခေါင်းညိတ်သည်။
“ တပည့် အနည်းအကျဉ်းလောက် သိထားပါတယ် ... မကြာသေးခင်က ဝမ်မိသားစု ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ် ...
... သူတို့က ဆရာ့ရဲ့ခန့်မှန်းချက်နဲ့ ကိုက်ညီပါတယ် စီနီယာအစ်ကိုဝမ်ချွဲ မသေးဘူး ထင်ပါတယ်။”
ထိုစကားကြောင့် စုရီတစ်ယောက် ပြုံးရွှင်သွားချေပြီ။ တစ်ဆက်တည်းမှာပင် အဝေးသို့ ငေးမောလျက်၊
“ ငါသိတယ် သူတော်စင်ခန္ဓာကိုယ် ပိုင်ရှင်တွေက ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ ကလေးတစ်ယောက်ပဲ ဒီလောက်လွယ်လွယ် သေနိုင်မှာမဟုတ်ဘူး ... ။ ”
-ဟု ရေရွတ်လိုက်တော့သည်။