ဒီဘဝ ငါမင်းရဲ့ခွေးလေးဖြစ်ပါရစေ ... ။
Vol. 71 Ch. 851
“ ဝမ်ချွယ် ... ။ ”
ထိုတပည့်သည် ဓားတာအိုတွင် မွေးရာပါပါရမီရှိပြီး ပဉ္စမမြောက် တပည့်ဖြစ်၏။ ရိုးသားဖြောင့်မတ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေတတ်ချေပြီ။
သူ့မျိုးရိုးသည် ထူးခြားသော အဆင့်အတန်းရှိကာ အရိုင်းမြေ၌ ရှေးအကျဆုံး မျိုးနွယ်စုတစ်ခုဖြစ်သော အလယ်ပိုင်း ဒေသကြီး၏ ဝမ်မိသားစုပေပင်။
အသက်အရွယ်အားဖြင့် (၁၃)နှစ်အရွယ်၌ တောင်တံခါးအပြင်ဘက်ကို ရောက်ရှိလာခဲ့ကာ အရက်စက်ဆုံးနှင့် အပြင်းထန်ဆုံးသော စမ်းသပ်မှုကို တောင်းဆို၏။
နှလုံးသားနှင့် ဓားစမ်းသပ်ခြင်းတွင် ခုနစ်ရက်ခုနစ်ညလုံးလုံးပိတ်မိနေခဲ့ကာ အဆုံး၌ သွေးများဖြင့် ယိမ်းထိုးထွက်လာခဲ့သည်။
ထိုစဉ်က ဘာလိုချင်လဲဟူသော သူ့မေးခွန်းကို ဓားတာအိုဟု ပြတ်သားစွာဖြင့် ပြန်ဖြေခဲ့သည်။ ဤသို့ပြောကြားနေစဉ် လူငယ် မျက်ဝန်းများသည် ကြယ်တာရာတစ်စင်းကဲ့သို့ တောက်ပနေချေပြီ။
ထို့ကြောင့် ဝမ်ချွယ် သေဆုံးသည့် သတင်းအပေါ် လက်မခံလိုခြင်းလည်းဖြစ်၏။
“ ဝမ်မိသားစုက စီနီယာအစ်ကို သေဆုံးမှုအပေါ် လုံးဝလက်မလျော့ဘဲ ဒီနှစ်တွေ တလျှောက်လုံး အဆက်မပြတ် စုံစမ်းစစ်ခဲ့ပါတယ် ...
... မကြာသေးမီက သူတို့ရဲ့ အကြီးအကဲတစ်ဦး နတ်ဆိုးတစ်သောင်းတောင် ကနေ ပြန်လာပြီး အစ်ကိုဝမ်ချွဲကို အပြာရောင် နွားမိစ္ဆာဧကရာဇ်က ဖမ်းဆီးသွားတယ်လို့ သံသယရှိကြောင်း ပြောကြားခဲ့ပါတယ်။ ”
“ နွားမိစ္ဆာဧကရာဇ်လား ... ။ ”
စုရီမှ မျက်ခုံးများ တွန့်ကွေးသွားပြီး ထိုနာမည်ကို အနည်းငယ်ရင်းနှီးသလိုခံစား လိုက်ရလေသည်။
“ မီးတိမ်ဂူထဲမှာ နေထိုင်တဲ့ နွားပြာကြီးလား ... ။ ”
စုရီမှ မေးမြန်းလိုက်သည်။
“ ဟုတ်ပါတယ် အဲဒီနွားထီးအိုကြီးပါပဲ။ ”
ယွီလောင်က ခေါင်းညိတ်သည်။
“ ထူးဆန်းတယ် ... နတ်ဆိုးတစ်သောင်း တောင်တန်းကို ရောက်ဖူးပါတယ် အဲဒီတုန်းက နွားပြာကြီးက သူ့ကိုယ်သူ နတ်ဆိုး တောင်တန်းရဲ့ ...
... နဝမမြောက် ဧကရာဇ်အဖြစ် ခံယူထားပေမယ့် အလယ်အလတ် ရွှမ်ယုအဆင့် ဧကရာဇ်အဆင့်ပဲ ရှိပါသေးတယ် ဒီလောက် အစွမ်းထက်လှတာ မဟုတ်ဘူး။ ”
စုရီတစ်ယောက် နားလည်ရခက်သွား၏။
“ ဝမ်ချွဲရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်သင့်တယ် ဒီနွားထီးက ဘယ်လိုလုပ် သူ့ကိုဖမ်းမိသွားရတာလဲ။ ”
“ ဝမ်မိသားစုကလည်း ထူးဆန်းတယ်လို့ ထင်နေကြပြီး မကြာသေးခင်က စုံစမ်းဖို့အတွက် လူအချို့စေလွှတ်လိုက်ပါတယ်။ ”
ယွီယောင်စကားကြောင့် စုရီက မျက်ခုံးပင့်လိုက်သည်။
“ ငါ အရိုင်းမြေကိုးပါးကို ... ပြန်ရောက်တာမကြာသေးဘူး ... အခုတော့ ဝမ်ချွဲအသက်ရှင်နေသေးတယ်ဆိုတဲ့ သတင်း ထွက်လာတယ် ဒါကတိုက်ဆိုင်လွန်းတယ်လို့ မင်းမထင်ဘူးလား။ ”
“ ဆရာ ... တစ်ယောက်ယောက်က ထောင်ချောက်ဆင်ထားတယ်လို့ သံသယ ရှိနေတာလား။ ”
“ ဝမ်ချွဲသတင်း မင်းဘယ်တုန်းက ကြားတာလဲ။ ”
ယွီလောင်မှ ခဏမျှစဉ်းစားပြီး၊
“ လွန်ခဲ့တဲ့ လဝက်လောက်က။ ”
-ဟု ပြန်ဖြေ၏။
စုရီတစ်ယောက် နားမလည်နိုင်သည့် အကြည့်များဖြင့် အေးစက်စက်အလင်းများ တောက်ပလာသည်။
“ လွန်ခဲ့တဲ့(၁၅)ရက်တုန်းက ငါ့ရဲ့သစ္စာဖောက်တပည့်က ... ငါ့ကိုရန်သူအဖြစ် ကြေငြာခဲ့တယ် ... မကြာဘူး ဝမ်ချွဲရဲ့သတင်း ချက်ချင်းထွက်ပေါ်လာတယ် ... အဲဒါက တကယ်ကိုတိုက်ဆိုင်မှုပဲ ... ။ ”
ယွီလောင်မှ အံ့အားသင့်သွား၏။
“ ပင်းမိုရဲ့ ထောင်ချောက် ... ။ ”
“ ဖြစ်နိုင်တယ် ... ။ ”
စုရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူ ဘယ်လောက် စေ့စပ်သေချာလဲ ဆိုတာကို ထောက်ရှုရင် ငါ့ပြန်ရောက်လာတာနဲ့ မင်းရဲ့မောင်နှမတွေကို စုံစမ်းလိမ့်မယ်လို့ သူမျှော်လင့်ထားပြီးဖြစ်လိမ့်မယ် ...
... ဒါကြောင့် ဝမ်ချွဲရဲ့တည်နေရာနဲ့ ငါ့အာရုံကိုဆွဲဆောင်ဖို့ ထောင်ချောက်အဖြစ် အသုံးပြုနေတာပဲ။ ”
“ ပင်းမိုက စီနီယာအစ်ကိုဝမ်ချွဲရဲ့ အသက်ကိုအသုံးချပြီးတော့ ထောင်ချောက်ဆင် နေတာလား အရမ်းလွန်သွားပြီ။ ”
ယွီလောင်အမူအရာသည် အနည်းငယ် မနှစ်မြို့ဖွယ်ရာဖြစ်သွား၏။
“ အရင်ဆုံး ဓားပျံဂိုဏ်းကို ... ဖြေရှင်းကြရအောင် ပြီးရင် နတ်ဆိုးတစ်သောင်း တောင်တန်းကို ဆက်သွားကြမယ်။ ”
“ဆရာ ... ဒါက ထောင်ချောက်ဆိုတာ သိသာနေတာပဲ ဘာလို့ကိုယ့်ကိုယ်ကိုအန္တရာယ် ဖြစ်စေချင်ရတာလဲ။ ”
“ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ပဉ္စမမြောက်အစ်ကိုကို ငါတို့ကယ်တင်ရမယ် သူ့ကို တစ်ခုခုဖြစ်ခံလို့မရဘူး။ ”
စကားဆုံးသည်နှင့် လေထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ပြေးထွက်သွားတော့သည်။ ယွီလောင်ခမျာ တောင့်တင်းသွားပြီး နှလုံးသား တုန်လှုပ်သွားတော့၏။ ဆရာသခင်သည် မပြောင်းလဲသေးချေ။
တပည့်များအတွက် မီးပင်လယ်ကိုပင် ဖြတ်သန်းဝံ့နေသေးသည်။ ထို့နောက် မည်သည့် အရာမျှ မစဉ်းစားတော့ဘဲ စုရီနောက်သို့ လိုက်ပါပျံသန်းသွားတော့၏။
ကောင်းကင်သိုးထိန်း ဝိညာဉ်တောင်။ ဤသည်မှာ ဓားပျံဂိုဏ်းတည်ရှိရာအရပ်ဖြစ်၏။ ကောင်းကင်ရှိကြယ်ရောင်များက မှိန်ဖျော့သော အလင်းများဖြင့် တောင်တန်းကြီးအပေါ် အုပ်မိုးထားတော့သည်။
ခန်းမကြီးတစ်ခုအတွင်း ဓားပျံဂိုဏ်း၏ ခေါင်းဆောင်ဟုန်ရှန်ဖန်းက လူးလားခေါက်တုံ့ လျှောက်လှမ်းသွားနေ၏။
အနီရောင်တာအိုဝတ်ရုံရှည်ကြီးသည် တဖျပ်ဖျပ်လွင်မျောလိုက်ပါနေပြီး ထည်ဝါသော အသွင်အပြင်မျိုး ပေးစွမ်းလေသည်။ သို့သော် သတိထားကြည့်ပါက သူ့မျက်နှာပေါ်တွင် မှိုင်းညို့နေသော အရိပ်အချို့ရှိနေ၏။
“ ဒီညလေတိုက်နေတာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ”
ဟုန်ရှန်ဖန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ ဟုန်ရှန်ဖန်း ... လေတိုက်လို့ အနှောင့်အယှက် ဖြစ်နေတာလား ဒါမှမဟုတ် ဒေါသထွက်နေတာလား။ ”
အခန်းအတွင်းထိုင်နေသော ပိန်ပိန်ပါးပါးအဘိုးကြီးသည် ခေါင်းခါယမ်းပြီး၊
“ ဂိုဏ်းခေါင်းဆောင်၊ ခင်ဗျား အတွေးလွန်နေတာများလား။ ”
-ဟု ထပ်ပြောသည်။
ဟုန်ရှန်ဖန်းက သူ့ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ကာ လေးနက်လွန်းသော အသွင်အပြင်ဖြင့်၊
“ ငါဘယ်လိုလုပ် အတွေးလွန်ရမှာလဲ အဲဒီစုရီဆိုတဲ့လူက နတ်ဓားရှင်ပြန်ဝင်စားတာ ဖြစ်နိုင်ပါတယ်။ ”
ပိန်ပိန်ပါးပါးအဘိုးကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အဆုံးတွင် ရယ်မောလိုက် တော့သည်။
“ ဟားဟားဟား ... ပင်းမိုက နတ်ဓားရှင်ရဲ့တပည့်ကြီးပဲ စုရီဆိုတဲ့ လူငယ်ကို အယောင်ဆောင်လို့ သူပြောလာရင် ဒါက သေချာပေါက် အယောင်ဆောင်ပါပဲ။ ”
ဟုန်ရှန်ဖန်း၏ မျက်ဝန်းများ တောက်ပသွားပြီး အေးစက်စက် နှာခေါင်းရှုံ့ လိုက်တော့သည်။
“ ဟမ့် ... စုရီက တကယ့်ပဲ နတ်ဓားရှင်ဆိုရင်တောင် ပင်းမိုကဝန်ခံရဲမယ်လို့ ထင်နေလား ...
... တကယ်တော့ ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ကြီးကို သူ့ဆရာအမည်နဲ့တည်ထောင်ခဲ့တာ မဟုတ်ဘူးလား ... သူသာ အဲဒီလိုဝန်ခံဝံ့ရင် သူ ဘာဖြစ်သွားမယ် ထင်လဲ ...
... ဒါ့ပြင် ဟောင်ယောင်းကိုသတ်ပစ်ပြီး ယွီလောင်ကိုအစေခံအဖြစ် သိမ်းသွင်းသွားတယ် ဒါက နတ်ဓားရှင်မဟုတ်ရင် ... ဘယ်သူကများ မဟာမိတ်အဖွဲ့ကို အပြစ်ပြုချင်မှာလဲ။ ”
သို့တိုင် ပိန်ပိန်ပါးပါး အကြီးအကဲက လျစ်လျူရှုထားပြီး၊
“ ဂိုဏ်းခေါင်းဆောင်၊ မင်းတကယ်ကို အတွေးလွန်နေတာ မကြာသေးခင် ပင်းမိုကနေ ငါတို့ကိုမပတ်သက်ဘဲ ဘေးကနေရပ်ကြည့်နေဖို့ စာပို့လာတယ် မဟုတ်လား ...
... အဲဒီကလေး စုရီကို သူကိုင်တွယ်နိုင်လို့ ဒီလိုလုပ်နေတာပါ ဆိုလိုတာကကောင်းကင်ကြီး ပြိုကျသွားရင်တောင် ငါတို့နဲ့မဆိုင်ပါဘူး ...
... ထားပါတော့ စုရီက နတ်ဓားရှင် ပြန်ဝင်စားလာသူဖြစ်နေဦး သူ့မှာ အတိတ်ဘဝ ကျင့်ကြံမှုမျိုးရှိနေသေးတာ မဟုတ်ပါဘူး ... ။ ”
ထိုစကားကြောင့် ဓားပျံဂိုဏ်းချုပ် ဟုန်ရှန်ဖန်းမှ တိတ်ဆိတ်သွား၏။ ပိန်ပိန်ပါးပါး အဘိုးကြီးက ရေနွေးကြမ်းခွက်ကိုမြှောက်လျက် ဖြည်းဖြည်းချင်းသောက်လိုက်သည်။
“ ဒီအခြေအနေအရ ဓားပျံဂိုဏ်းက ဘာကိုစိုးရိမ်နေရမှာလဲ ငါတို့ဒီမုန်တိုင်းကြီးကို စောင့်ကြည့်ရုံပဲ မဟုတ်လား။ ”
ဤတစ်ကြိမ်တွင် ဟုန်ရှန်ဖန်းက လေးပင်သော သက်ပြင်းကိုချလိုက်တော့သည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့်၊
“ သိုင်းဦးလေး ... အဲဒီတုန်းက ငါတို့တွေ ပင်းမိုနဲ့အတူ ကျူးကျော်ခဲ့တာကို ဒီကောင်းကင် အောက်က လူတိုင်း သိနေကြပါတယ် ... ဒါကို စဉ်းစားမိတိုင်း မသက်မသာ ခံစားရတယ်။ ”
-ဟု ဝန်ခံလိုက်၏။
သူသည် ဘုန်းကျက်အသရေရှိသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း ယခု အချိန်တွင် များစွာဖြူဖျော့ထိတ်လန့်နေသည်။
ထိုမြင်ကွင်းကို ပိန်ပိန်ပါးပါးအဘိုးကြီးက လှေင်ပြောင်ခြင်းမပြုချေ။ အတိတ်ကာလတွင် နတ်ဓားရှင်သည် မည်မျှအစွမ်းထက်ကြောင်းကို လူတိုင်း သိရှိထားသည်။
ဓားတစ်လက်၊ လူတစ်ယောက်၊ ကောင်းကင်ကြီးအောက်၌ ပြိုင်ဘက်ကင်းပြီး ကြီးစိုးလွန်း၏။ နတ်ဆိုးအိုကြီးများသည်ပင် သူနှင့်မျက်ဝန်းချင်း ဆုံလိုခြင်း မရှိကြချေ။
အဆုံး၌ ပိန်ပိန်ပါးပါးအဘိုးကြီးက တည်ငြိမ်စွာဖြင့် သက်ပြင်းချလိုက်တော့သည်။
“ ငါတို့သိတဲ့ စုရွှမ်ကြွယ်က ကွယ်လွန်သွားတာကြာပါပြီ ဒီလောကမှာ သူ ပြန်ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး ...
... ပြန်လည်မွေးဖွားလာရင်တောင် နတ်ဓားရှင်မဟုတ်ဘူး ဒီအတွက် ... ငါတို့တွေ ကြောက်နေစရာမလိုပါဘူး။ ”
ယင်းသည် ဟောင်ရှန်ဖန်းအတွက် နှစ်သိမ့်ခြင်းမည်သော်လည်း သူ့ကိုယ်သူလည်း ချွင်းချက်မရှိချေ။
“ ဟုတ်လား ... ဒါဆိုရင် မင်းတကယ်ပဲ... မင်းပြောသလောက် ရဲရင့်မှုရှိ၊မရှိ ငါကြည့်ပါရစေ။ ”
ထိုစဉ်တိုက်ခတ်နေသော လေအေးများ ရပ်တန့်သွားပြီး ခန်းမအပြင်မှ အေးစက်သော အသံတစ်သံ ရုတ်ချည်းထွက်ပေါ်လာ၏။
“ ဘယ်သူလဲ ... ။ ”
ယင်းသည် ပေါ့ပေါ့ပါးပါးမျှသာ ဖြစ်သော်လည်း ဟုန်ရှန်ဖန်းနှင့် ထိုအဘိုးကြီးတို့ နှစ်ယောက်စလုံးကို ထိတ်လန့်တကြား လှည့်ကြည့်လာစေသည်။
ဤသည်မှာ ဓားပျံဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရှေးဟောင်းဝင်္ကပါဖြင့် ဖုံးလွှမ်းထား၏။
ရွှမ်ယုအဆင့် ဧကရာဇ်များသည်ပင် ချိုးဖောက်ဝင်ရောက်လာသော် ပိတ်ဆို့ကာ သတ်ပစ်ရန် လုံလောက်၏။
ယခုမူ ထို့သို့သောလူစိမ်းများသည် တံခါးဝရောက်လာနေသဖြင့် ဟုန်ရှန်ဖန်းနှင့် သူ့ သိုင်းဦးလေးတို့သည် အံ့သြထိတ်လန့်သွား သည်မှာ သာမန်ပေပင်။
ညသည် ရေစီးကြောင်းကဲ့သို့ တိတ်ဆိတ်စွာစီးမျောနေပြီး ထိုပုံရိပ်နှစ်ခုသည် ခန်းမထဲ ဖြည်းညှင်းသွာ ဝင်ရောက်လာ၏။
ဦးဆောင်သူသည် ကျောက်စိမ်းရောင် ဝတ်ဆင်ထားသော လူငယ်ဖြစ်ပြီး လက်နှစ်ဖက် နောက်သို့ ပို့ထား၏။ လမ်းလျှောက်ပုံမှာ သူ၏ ကိုယ်ပိုင်ခြံဝင်းထဲ လေညှင်းခံနေသလိုပေပင်။ ဖြည်းဖြည်းနှင့် အေးအေးလူလူဖြစ်သည်။
သူ့နောက်တွင် ဆံပင်ဖြူဖြူနှင့် လူငယ်တစ်ယောက်လိုက်ပါလာ၏။ ဟုန်ရှန်ဖန်း ခမျာ ထိုလူငယ်ကို မြင်ချိန်တွင် မျက်ဝန်းများ ပြူးကျယ်သွားတော့သည်။
“ တာအိုယွီ ... ။ ”
တစ်ဆက်တည်းမှာပင် မယုံကြည်နိုင်ဟန်ဖြင့် ယွီလောင်ကိုကြည့်ကာ စကားများပျောက်ဆုံးသွား၏။ သိုင်းဦးလေး အဘိုးကြီးသည်လည်း မျက်နှာပျက်ယွင်း သွားလေသည်။ သို့သော် ချက်ချင်းပင် တည်ငြိမ်ဟန်ပြုလျက်၊
“ ယွီလောင် ... မင်းကိုစုရီဆိုတဲ့လူငယ်က အစေခံအဖြစ် လှည့်စားချုပ်ကိုင်ထားတယ်လို့ သတင်းကြီးနေတယ် အဲဒါဟုတ်သလား။ ”
-ဟု မေးမြန်းတော့၏။
“ ဟမ့် ... ငါ့ဆရာက ဘာလို့ ငါ့ကိုလှည့်စားချုပ်ကိုင်စရာလိုနေဦးမှာလဲ အဖိုးကြီး မင်းသေချာကြည့်ပါ။ ”
“ ဒါဆို ဒီကောင်လေးက စုရီပေါ့ ... ကောင်းပြီ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် အခုချက်ချင်း ထွက်သွားပါ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ် ... ငါတို့ဓားပျံဂိုဏ်းက ဒီအရေးမှာရောနှောဖို့ ဆန္ဒမရှိဘူး။ ”
ယွီလောင်မှ မျက်မှောင်ကြုတ်လျက် တစ်ခုခုပြောရန်ပြင်လိုက်စဉ် စုရီက လက်ပြကာ ဟန့်တားလိုက်သည်။
“ ငါက လက်စားချေဖို့လာတာ ... စကားဖြုန်းတီးဖို့မဟုတ်ဘူး မင်းဘေးမှာရပ်ပြီး ကြည့်နေ ... ငါကိုယ်တိုင်လုပ်မယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွီလောင်တစ်ယောက် သူ့ဆရာသခင်၏ ဖောက်ခွဲလိုသော အမုန်းတရားကို ခံစားမိကာ နောက်ဆုတ်ပြီး ရပ်နေလိုက်တော့၏။
ထိုမြင်ကွင်းကြောင့် ဟုန်ရှန်ဖန်းက စိုးရိမ်ထိတ်လန့်လာလေသည်။ သူ့သိုင်းဦးလေး အဖိုးကြီးမှ ခေါင်းရမ်းလျက်၊
“ မင်းသေချင်နေတဲ့အတွက် ငါမင်းကိုမတားတော့ဘူး ... ။ ”
-ဟု ပြောကြားလိုက်၏။ ထို့နောက် ဟုန်ရှန်ဖန်းထံ လှည့်ကြည့်ကာ စကားပြောရန် ပြင်လိုက်တော့သည်။
“ ဂိုဏ်းချုပ် ... ဒီကောင်လေးက ရွှမ်ကျောက်အဆင့်မှာပဲ ရှိပါသေးတယ် ဘာကို တွန့်ဆုတ်နေတာလဲ ငါတို့နှစ်ယောက် ပူးပေါင်းပြီး ... ။ ”
“ ရွှပ် ... ။ ”
“ ဒုန်း ... ။ ”
သူ့စကားမဆုံးခင်မှာပင် ဓားရောင်တစ်ချက်လက်သွားပြီး အဖိုးကြီး၏ ဦးခေါင်းပြတ်ကြီးသည် ဟုန်ရှန်ဖန်း ခြေထောက် ရှေ့သို့ လှိမ့်ဆင်းသွားတော့၏။
“ သိုင်းဦးလေး ... ။ ”
ဟုန်ရှန်ဖန်းတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ ကြောက်ရွံ့မှုကြောင့် သွေးလည်ပတ်မှု အေးခဲသွားချေပြီ။ ထို့နောက် ချက်ချင်းသတိဝင်လာပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။
“ စီနီယာ ... ငါ ... ငါ့ကိုချမ်းသာပေးပါ ငါဒီဘဝ မင်းရဲ့ခွေးလေးဖြစ်ပါရစေ။ ”
“ သစ္စာဖောက်ခွေးတွေ ငါမလိုဘူး။ ”
“ ရွှပ် ... ။ ”
“ ဘောင်း ... ။ ”
ဟုန်ရှန်ဖန်းတစ်ယောက် ကြမ်းပြင်ပေါ် ဒူးထောက်မကျခင်မှာပင် သူ့ဦးခေါင်းကြီးသည် လှမ်းဆင်းကျသွားသည်။
များမကြာခင် ခန္ဓာကိုယ်ကြီးနှင့် ဦးခေါင်းထံပါးမှ ဓားအလင်းများတိုးထွက်လာပြီး အမှုန်အဖြစ်သို့ ပေါက်ကွဲသွားတော့သည်။