← Chapters

နတ်ဆိုးတစ်သောင်းတောင် ... ။

Vol. 71 Ch. 852

နတ်ဆိုးတစ်သောင်းတောင် ... ။

Vol. 71 Ch. 852

နတ်ဆိုးတစ်သောင်းတောင်တန်းသည် အရိုင်းမြေကိုးပါးအတွင်း အန္တရာယ်အများဆုံး ယိုကျင့်ကြံသူနှင့် နတ်ဆိုးများရှင်သန်နေထိုင်ရာ အရပ်ဒေသကြီးဖြစ်သည်။

ရှေးဦးခေတ်ကတည်းက ဤတောင်တန်းကြီးကို နတ်ဆိုးကျင့်ကြံသူများ အတွက် မြင့်မြတ်မြေအဖြစ်သတ်မှတ်ကြ၏။

မိုင်ပေါင်း ကိုးသိန်းကျော် ရှည်လျားလှပြီး မရေမတွက်နိုင်သော တစ္ဆေသရဲမျာား၊ နတ်ဆိုး သားရဲများနှင့် အခြားသောသတ္တဝါများ ပုန်းအောင်းနေတတ်သည်။

တောင်တန်းကြီး၏ ဗဟိုဒေသတွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဧကရာဇ် ကိုးပါးမှအုပ်စိုး၏။

တစ်ပါးစီသည် နတ်ဆိုးသားရဲပေါင်း ထောင်သောင်းမကအုပ်စိုးကာ နယ်မြေများကို အသီးသီး ခွဲဝေစိုးမိုးထားသည်။ ခွန်အားအရာ၌ အရိုင်းမြေကိုးပါးရှိ ထိပ်တန်းဂိုဏ်းများနှင့်ပင် ယှဉ်ပြိုင်နိုင်၏။

အစွမ်းအထက်ဆုံးသော နတ်ဆိုးမှာ ထင်းရှူးတောဘုရင် နတ်ဆိုးဧကရာဇ်ဖြစ်ပြီး ရွှမ်ဟဲအဆင့်သို့ ရောက်ရှိထားသည်။

ကောလာဟလများအရ သူ၏ လက်အောက်တွင် ဧကရာဇ်အဆင့် နတ်ဆိုး သားရဲကြီး ခြောက်ဆယ့်လေးပါးရှိနေ၏။

ထို့ကြောင့် အရိုင်းမြေကိုးပါး၏ ငရဲဘုံကြီးအဖြစ် ထိုနတ်ဆိုးတောင်တန်းကြီးကို တင်စားကြသည်။ လူသားကျင့်ကြံသူများသည် ဤတောင်တန်းကြီးအတွင်းသို့ ခြေချဝံ့ခြင်း မရှိကြချေ။

အကြောင်းမှာ ရှင်းလင်းလှသည်။ အလွန်အမင်းအန္တရာယ်များပြီး ကျင့်ကြံသူများ မဆိုနှင့် ဧကရာဇ်များသည်ပင် အသက်ရှင်လျက် ပြန်ထွက်လာရန်ခက်ခဲချေပြီ။

သို့သော် စုရီအတွက်မူ ဤတောင်တန်းကြီးသည် နေအိမ်ခြံဝင်းအလား ထူးခြားမှုမရှိခဲ့ချေ။ ဤသည်မှာ အရိုင်းမြေ၏ စစ်မှန်သော အုပ်စိုးရှင်တစ်ပါးပေပင်။

ရွှမ်ဟွမ်ကြယ်စုအတွင်း မည်သည့် တားမြစ်ဒေသကြီးမဆို ဘုရင်တစ်ပါးကဲ့သို့ ဝင်ရောက်သွားလာဝံ့ချေသည်။

ဤနတ်ဆိုးတစ်သောင်း တောင်တန်း သည်လည်း ချွင်းချက်မရှိချေ။ တောင်တန်းကြီး တလျှောက် မြူခိုးများရစ်သိုင်းကာ အုံ့မှိုင်း ဆိတ်သုဉ်းနေသည်။

မိုင်ကိုးသိန်းကျယ်ဝန်းသော ဤတောနက်အတွင်း၌ သစ်ပင်ဝါးပင်များထံမှ မွေးဖွားလာသော သဘာဝဝိညာဉ်များ၊ ငှက်များ၊ နတ်ဆိုးသားရဲများနှင့် ထူးဆန်းလွန်းသည့် သရဲတစ္ဆေများ ပြည့်နှက်နေ၏။

“ ဝုန်း ... ။ ”

ပေတစ်ထောင်ရှည်လျားသော မြွေနက်ကြီးတစ်ကောင်သည် ရေကန်အတွင်းမှ တိုးထွက်ကာ ရွှေရောင်ငှက်ကြီးတစ်ကောင်ထံ ကိုက်ခဲ၍ ရေအောက်သို့ ဆွဲချသွားသည်။

ရေမျက်နှာပြင်အနှံ့ သွေးရောင်များ ဖုံးလွှမ်းသွားကာ များမကြာခင် ပြန်လည် တိတ်ဆိတ်သွားတော့၏။

ထိုမြင်ကွင်းနှင့်အဝေး တောင်စောင်း တစ်နေရာတွင် သွေးနီရောင်မျောက်ဝံများသည် အုပ်စုလိုက် ဟိန်းဟောက်သံများ ပြုနေကြရာ ကောင်းကင်ကိုပင် တုန်ခါလာစေ၏။

ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် မြေကြီးနှင့် ကျောက်တုံးကျောက်ခဲများစွာတို့ လွင့်စင်နေကာ ရန်လိုသောအငွေ့အသက်များ ကောင်းကင်ပေါ် ထိုးတက်နေ၏။

သူတို့၏ အုပ်စုဖွဲ့ခြင်းခံရသော် ရွှမ်ကျောက်အဆင့်ရှိ ဧကရာဇ်များသည်ပင် အလွယ်တကူ သေဆုံးနိုင်မည်။

ထိုကဲ့သို့သော မြင်ကွင်းများသည် နတ်ဆိုးတစ်သောင်း တောင်တန်းကြီးအတွင်း၌ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေခဲ့သော သာမန်ဖြစ်ရပ်များသာပေပင်။

ရွှမ်ကျောက်အဆင့်နှင့် ညီမျှသော တစ္ဆေမျက်နှာငှက်နတ်ဆိုးကြီး တစ်ကောင်သည် တောအုပ်ကိုဖြတ်ကာ ပျံသန်းနေစဉ် ဓားအလင်း တစ်ချက် ဖျပ်ခနဲဝင်းလက်သွားသည်။

ဦးခေါင်းတစ်ခုလုံး ကြေမွှလျက် ခန္ဓာကိုယ်ကြီးသည် သွေးများပန်းထွက်လာကာ မြေပြင်ပေါ်သို့ ဝရုန်းသုန်းကားပြုတ်ကျလာ၏။

သို့သော် မြေပြင်သို့ မကျမီမှာပင် လက်တစ်ဖက်က လှမ်း၍ ဖမ်းယူလိုက်၏။

“ ခဏနားကြရအောင် ... ဒီနတ်ဆိုးရဲ့ အရသာက အရမ်းနူးညံ့တယ်။ ”

စုရီက ငှက်သားရဲ့ကို ယွီလောင်ထံ ပစ်ပေးလိုက်၏။ ထို့နောက် စမ်းချောင်းဘေးသို့ လျှောက်လှမ်းသွားကာ ကြိမ်ကုလားထိုင်ကို ထုတ်ယူလျက် သက်သောင့်သက်သာ အနားယူလိုက်တော့သည်။

ဤသည်မှာ နတ်ဆိုးတစ်သောင်း တောင်တန်းသို့ ရောက်ရှိနေသည့် တတိယနေ့ ဖြစ်သည်။ လမ်းတလျှောက် နတ်ဆိုးများစွာနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော် အများစုသည် အားနည်း လွန်းလှသည်။

ယွီလောင်က မီးပုံဖိုလိုက်ကာ ငှက်သားရဲ့၏အနူးညံ့ဆုံးသော အသားပိုင်းကို ကင်လျက် စုရီကိုစကားလှမ်းပြောလိုက်သည်။

“ ဆရာ ... ကျွန်တော်တို့ လမ်းတစ်လျှောက်မှာ သားရဲတွေအများကြီး သတ်ခဲ့သလို ... ခြေရာလက်ရာတွေကိုလည်း မဖျောက်ခဲ့ပါဘူး ...

... တကယ်လို့သာဒီခရီးက ပင်းမိုရဲ့ ထောင်ခြောက်ဆိုရင် မီးတိမ်ဂူရဲ့အဲဒီနွားမိစ္ဆာက ကျွန်တော်တို့လာနေတာ သိနေလောက်ပါပြီ။ ”

“ အင်း ... ။ ”

စုရီက ဂရုမစိုက်ဘဲ တုန့်ပြန်သည်။ တစ်စုံတစ်ဦးသည် လုံလောက်အောင်သန်မာ နေပါက အခြားလှည့်ကွက်များမလိုချေ။ တစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်၏။

“ ဒါပေမယ့် ဝမ်မိသားစုဝင်တွေက ဒီကိစ္စကိုသိပုံမရဘူး သူတို့အစ်ကိုဝမ်ချွယ်ကို ကယ်ဖို့ရောက်နေကြပြီလို့ ကြားတယ်။ ”

ယွီလောင်မှ သက်ပြင်းချသည်။ ထိုစကားအပေါ် စုရီတစ်ယောက် ခဏမျှစဉ်းစား ပြီးနောက်၊

“ ဝမ်မိသားစု အကြီးအကဲတွေဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ သူတွေမဟုတ်ဘူး သူတို့လည်း ဒီတောင်တန်းကြီးရဲ့ အန္တရာယ်ကိုသိပါတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

များမကြာမီ အသားကင်ရနံ့များ လေထဲမွှေးပျံ့လာကာ ဆရာတပည့်နှစ်ဦးသည် မီးပုံဘေး၌ ဝိုင်ဖွဲ့စားသောက်တော့သည်။

စားသောက်ပြီးနောက် ခရီးဆက်ရန် ပြင်လိုက်စဉ် ကောင်းကင်ယံတွင် အဖိုးအိုတစ်ဦး အသည်းအသန် ပြေးလွှားလာနေသည်ကို မြင်လိုက်ရသည်။

သူ့နောက်တွင် အနီရောင်ပုရွက်ဆိတ်များ ထောင်ပေါင်းများ ပျံသန်းလိုက်ပါနေ၏။ အဖိုးအို ခမျာ အဝတ်အစားများ စုတ်ပြတ်လျက်ဖြင့် သွေးချင်းချင်းနီနေသည်။

အနီရောင်ပုရွက်ဆိတ်များသည် အလွန်ကြီးမားကာ ရုပ်ဆိုးပြီး ရွံ့စရာကောင်း၏။ ကြောင်တစ်ကောင်ခန့် အရွယ်အစားရှိကာ ကြေးနီများဖြင့် သွန်းလုပ်ထားသကဲ့သို့ မာကျောနေသည်။

‌ရွေ့လျားမှုသည် လျှပ်စီးများအလား လျင်မြန်ပြီး မီးပင်လယ်ကြီးလိုက်ပါနေသကဲ့သို့ ထင်မှတ်ရချေ၏။

“ ကြေးနီမီးတောက်ပုရွက်ဆိတ်။ ”

ဤသည်မှာ ကမ္ဘာဦးမျိုးစိတ်ဖြစ်၏။ ၎င်းတို့သည် မွေးရာပါမီးဆိပ်ကို အသုံးချနိုင်စွမ်း ရှိကြသည်။ မီးအဆိပ်သည် ပြင်းပျလွန်းသဖြင့် ဧကရာဇ်များသာ အကိုက်ခံရသော် ဝိညာဉ် ပျက်ပြယ်သေဆုံးနိုင်၏။

“ ဒါ ဝမ်မိသားစုအကြီးအကဲဝမ်ကျော့ဖူပဲ။ ”

ယွီလောင်က အဖိုးအိုကို မြင်ချိန်တွင်အံ့အားသင့်သွား၏။ ထိုစဉ်မှာပင် ကြောက်စရာကောင်းလှသည့် နောက်ထပ် ပုံရိပ်ကြီးထွက်ပေါ်လာသည်။

“ မကောင်းတော့ဘူး။ ”

“ ဝူး ... ။ ”

ပေတစ်ထောင်ရှည်သော မြွေနက်ကြီးတစ်ကောင်သည် လေထုအလယ် ရုတ်တရက် ပျံတက်လျက် ဝမ်ကျော့ဖူ၏ လမ်းကိုပိတ်ဆို့လိုက်ခြင်းပေပင်။

ဝမ်ကျော့ဖူခမျာ ထိတ်လန့်သွားပြီး လမ်းကြောင်းပြောင်းရန် ကြိုးစားသော်လည်း ကြေးနီမီးတောက် ပုရွက်ဆိတ်များသည် ပတ်ပတ်လည်၌ ဝိုင်းရံထားနှင့်ပြီဖြစ်၏။

“ ရွှီး ... ။ ”

မြွေနက်ကြီးက မိုးခြိမ်းသံကဲ့သို့ တွန်သံပြုဟိန်းဟောက်လျက် ဝမ်ကျော့ဖူအပေါ် တစ်ကိုက်တည်း မျိုးချတော့သည်။ ထိုစဉ် ဓားအလင်းတစ်ချက် လင်းလက်လာ၏။

စုရီမှ ရပ်ကြည့်မနေနိုင်တော့ချေ။ အိမ်မက်ဆန်သော လရောင်ခြည်အလင်းများ အမှောင်ထုအတွင်း ပြည့်လျှံသွားသည်။

“ ဘောင်း ... ဘောင်း ... ။ ”

ဓားရောင်ဝါသည် ပုတ်ဆွေးနေသည့် သစ်သားတုံးကိုပုဆိန်ဖြင့် ခွဲလျလိုက်သကဲ့သို့ မြွေနက်ကြီး ခန္ဓာကိုယ်အပေါ် အပိုင်းပိုင်း ပြတ်တောက်သွားစေ၏။

အစိတ်အပိုင်းများထံမှ သွေးများ ရေတံခွန်အလားကျဆင်းလျက် မြေပြင်ပေါ် ပြုတ်ကျလာချေပြီ။

“ ဟမ့် ... ။ ”

“ ဝှစ် ... ။ ”

ဤသည်မှာ အဆုံး မဟုတ်သေးချေ။ စုရီသည် လေထဲလှမ်းတက်ကာ လျှပ်စီးအလား ဓားချက်များကို ဝှေ့ရမ်းပစ်လိုက်သည်။ ဓားချက် တိုင်းသည် ကြေးနီမီးတောက်ပုရွက်ဆိတ်များကို တိကျစွာ ထိုးဖောက်သွားတော့၏။

မျက်တောင်သုံးကြိမ်ခတ်စာအတွင်း၌ ပုရွက်ဆိတ်အုပ်ကြီးခမျာ သုတ်သင်ခံလိုက်ရပြီး ဖြစ်လေသည်။ ဝမ်ကျော့ဖူတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူ့အတွက် သေဘေးကြီးတစ်ခုလို ကြီးမားလှသောအန္တရာယ်များသည် ဤလူငယ် အတွက် မျက်တောင်တစ်ခတ်စာအတွင်းသာ ဖြေရှင်းရသည်လော။

“ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ... ။ ”

ဝမ်ကျော့ဖူတစ်ယောက် အိပ်မက်မှ နိုးထသည့်အလား လက်ချောင်းများအချင်းချင်း ယှက်သိုင်းကာ ဦးညွှတ်လိုက်သည်။ စုရီက အသာအယာ ခေါင်းညိတ်ပြကာ၊

“ ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး။ ”

-ဟု တုန့်ပြန်လျက် ကုလားထိုင်ပေါ် ပြန်လည်ဆင်းသက်လိုက်တော့၏။ ယွီလောင်မှ ပြုံးလျက်၊

“ စီနီယာ အဆင်ပြေရဲ့လား။ ”

-ဟု မေးမြန်းလိုက်သည်။

ဤဝမ်ကျိုးဖူသည် ဝမ်ချွယ်၏စီနီယာ ဖြစ်သကဲ့သို့ ဝမ်မိသားစုတွင်လည်း အဆင့်မြင့် အကြီးအကဲရာထူးကို ရရှိထား၏။ ထို့ကြောင့် လေးစားစွာ ဆက်ဆံခြင်းပေပင်။

ဝမ်ကျိုးဖူက ယွီလောင်ကို သတိထားမိချိန်တွင် အံ့အားသင့်စွာဖြင့် မြေပြင် ပေါ်သို့ ဆင်းသက်လာ၏။

“ တာအိုယွီလောင် ... မင်းဒီမှာ ဘာလုပ်နေတာလဲ။ ”

“ ငါ့ဆရာနဲ့ ငါက ... စီနီယာအစ်ကိုဝမ်ချွယ်ကိုကယ်ဖို့ အတွက် လာတာပါ။ ”

“ မင်းရဲ့ဆရာ ... ဟုတ်လား။ ”

ဝမ်ကျိုးဖူတစ်ယောက် တုန်လှုပ်သွားပြီး မျက်ဝန်းများ ပြူးကျယ်သွား၏။ ဆိုလိုသည်မှာ သူ့အသက်ကို ကယ်တင်ခဲ့သော ထိုလူငယ်သည် မယုံနိုင်စရာ ပုဂ္ဂိုလ်ကြီးဖြစ်ချေပြီ။

“ စီနီယာ ... ငါမင်းကိုနတ်ဓားရှင်လို့ ခေါ်ရမလား ဒါမှမဟုတ် စုရီလို့ ခေါ်ရမလား။ ”

ဤမတိုင်မီ အရိုင်းမြေကိုးပါးကို လှုပ်ခတ်သွားစေသည့် ကောလာဟလများစွာ သူ ကြားထားသည်။ ယင်းကြောင့် မရေမရာ ဖြစ်နေခြင်းဖြစ်၏။

“ စီနီယာ ... ကောလာဟလတွေကို တကယ်ပဲ ယုံကြည်နေတာလား ... ငါဆရာသာ မဟုတ်ရင် ... ဘယ်သူက အစ်ကိုဝမ်ချွယ်ကို ကယ်တင်ဖို့ ဒီခရီးဆီလာမှာလဲ။ ”

ဝမ်ကျိုးဖူတစ်ယောက် ချက်ချင်းပင် အနေခက်သွားကာ၊

“ ငါဒီလို စိတ်မျိုးမှရိပါဘူး ... ကျေးဇူးကန်းတတ်တဲ့သူလည်း မဟုတ်ပါဘူး ရုတ်တရက် ဝေခွဲမရဖြစ်သွားလို့ပါ ... ခွင့်လွှတ်ပေးပါ စီနီယာ။ ”

-ဟု ချက်ချင်းတောင်းပန်တော့၏။

စုရီက လက်ဝေ့ယမ်းလိုက်ကာ၊

“ ငါဘယ်သူဖြစ်ဖြစ် မင်းအသက်ကို ကယ်တင်ခဲ့တယ် ဒါကြောင့် ငါတို့စကားပြောဖို့ အချိန်ပေးနိုင်မလား ... ။ ”

“ ဝှစ် ... ။ ”

စကားမဆုံးခင်မှာပင် စုရီသည် တစ်စုံတစ်ရာအပေါ် အာရုံခံစားမိသွားခဲ့ကာ မျက်ဝန်းများအေးစက်သွားပြီး လရိပ်ဓားဖြင့် အနောက်တောင်ဘက် ကောင်းကင်ယံသို့ ခုတ်ပိုင်းချလိုက်သည်။

“ ဖရူး ... ။ ”

ဝေးကွာလှသော လေဟာနယ်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ လက်မအရွယ်ခန့် ခရမ်းရောင်ပိုးဖလံတစ်ကောင်သည် ချက်ချင်း အဝေးသို့ပျံပြေးရန် ကြိုးစားတော့၏။

သို့သော် မအောင်မြင်ချေ။ လရောင်ခြည်အလား ဓားအလင်းတန်းတစ်ခုက သူ့အပေါ် အမှုန့်များဖြစ်သွားအောင် ပြောင်းလဲ လိုက်ချေပြီ။

“ ဒါ ... ခရမ်းရောင်တောင်ပံပိုးဖလံပဲ ... ဒီလိုပိုးဖလံကိုအသုံးချပြီး တစ်စုံတစ်ဦးက သူ့ရဲ့ မျက်လုံးတွေအဖြစ် အသုံးချနိုင်တယ် ... ပိုးဖလံ မြင်နေသမျှအရာအားလုံး သူမြင်နိုင်တယ်။ ”

“ ဒါဆို ... ။ ”

စုရီမှ ရှင်းပြလိုက်သည်။ ဝမ်ကျိုးဖူက မျက်ခုံးပင့်လိုက်တော့၏။ စုရီမှ ခေါင်းညိတ်ကာ၊

“ မင်းကိုလိုက်လံတိုက်ခိုက်ဖို့နဲ့ ... ငါရဲ့ ကယ်တင်ခြင်းခံရတာကို တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ သိရှိနေပါပြီ။ ”

-ဟု ရှင်းပြလိုက်တော့သည်။

All Chapters