← Chapters

လူသားသစ္စာဖောက်

Vol. 50 Ch. 566

လူသားသစ္စာဖောက်

Vol. 50 Ch. 566

ယွမ်မြို့ တော်ဝင်နန်းတော် အတွင်းရှိ ယာယီ အစည်းအဝေး ခန်းမတွင်...

ဂူကျင့်ကြံသူများကို တွန်းလှန်ပြီးနောက် သူတော်စင်များ အားလုံး ပြန်လည် စုစည်းနေကြသည်။ သို့သော် လေထုက အနည်းငယ် လေးလံနေသည်။

သူတော်စင်များ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ မတွေ့ရသော်လည်း အားလုံးနီးပါး ဒဏ်ရာ ရထားကြပြီး မျက်နှာ အရောင်အသွေး မကောင်းကြပေ။

ကျောက်စိမ်းတောင်ခြေ အစီအရင် ကြောင့် သူတို့ ကိုယ်ပိုင် အတွင်းအား သုံးစရာ မလိုသော်လည်း အရင်ကတည်းက ကူးစက်ထားတဲ့ အဆိပ်တွေက တဖြည်းဖြည်း ပျံ့နှံ့လာနေသည်။ ထိရောက်တဲ့ အဆိပ်ဖြေဆေး မရှိရင် သူတို့ ခန္ဓာကိုယ်တွေ အားနည်းလာပြီး ဂူကျင့်ကြံသူတွေကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။

"စီနီယာကြီး ကူ... ကျောက်စိမ်းတောင်ခြေ အစီအရင် အခြေအနေ ဘယ်လိုလဲ"

အစည်းအဝေး ခန်းမထဲမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ အသံကြောင့် အားလုံး ကူလျန်ချန် ကို လှမ်းကြည့်လိုက်ကြသည်။

ဟုတ်တယ်။ အခု သူတို့ အဆိပ်သင့်မှာကို ပူနေရမယ့် အချိန် မဟုတ်ဘူး။ အစီအရင် ပျက်စီးမှာကို ပိုပူရမယ့် အချိန်။

အစီအရင် ပျက်သွားရင် အဆိပ်ပြန်ထမှာ စောင့်နေစရာ မလိုတော့ဘူး။ ချက်ချင်း သေသွားကြမှာ။

သူတော်စင်များ၏ စိုးရိမ်သော အကြည့်များကို ရင်ဆိုင်ရင်း ကူလျန်ချန် က ပြောလိုက်သည်

"အဆင့် ၉ အစီအရင် ပညာရှင် သုံးယောက် လေ့လာနေကြပြီ မကြာခင် အဖြေထွက်လာမှာပါ"

"သုံးယောက် ဟုတ်လား" သူတော်စင် တစ်ဦးက သံသယဖြင့် မေးလိုက်သည်။

"ယွမ်မြို့မှာ စစ်ထူကျိ နဲ့ ရှုယုန်ချင်း နှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား ဆရာကြီး ချန် ရောက်လာလို့လား"

ကူလျန်ချန် ခေါင်းခါလိုက်ပြီး ဝမ်ဟုန်ဘို ကို ကြည့်ကာ ပြောလိုက်သည်။

"တတိယမြောက် ပညာရှင်က မင်း သိပါတယ် မင်းကို အဆိပ်ထုတ်ပေးတဲ့ ဆရာကျန်း လေ"

"ဆရာကျန်း ဟုတ်လား"

ဝမ်ဟုန်ဘို ကြောင်သွားသည်။

"သူက အဆင့် ၉ ဆေးပညာရှင် မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး အဆင့် ၉ အစီအရင် ပညာရှင် ဖြစ်သွားတာလဲ"

"ဟုတ်တယ် သူက အဆင့် ၉ ဆေးပညာရှင် ဟုတ်သလို အဆင့် ၉ အစီအရင် ပညာရှင်လည်း ဟုတ်တယ်"

ကျန်းပေရန် က အတတ်ပညာ နှစ်မျိုးလုံး ကျွမ်းကျင်တယ် ဆိုတာ တချို့ သိပေမဲ့ တချို့ မသိကြသေးဘူး။ ကူလျန်ချန် က တရားဝင် ထုတ်မပြောသေးလို့ ဖြစ်သည်။

ကူလျန်ချန် စကားကို ကြားလိုက်တော့ ခန်းမထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်ပညာ နှစ်မျိုးလုံးမှာ အဆင့် ၉ ရောက်တယ် ဆိုတာ မယုံနိုင်စရာပင်။

မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ဆိုတဲ့ စကားလုံးက ပါးစပ်ဖျားမှာ ရေပန်းစားလာပြန်သည်။

"တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ နှစ်မျိုးလုံး အဆင့် ၉ ရောက်တယ် ဆိုတာ... ဒါပေမဲ့ ငါ ဘာလို့ သူ့အကြောင်း တခါမှ မကြားဖူးရတာလဲ"

ဝမ်ဟုန်ဘို က ထူးဆန်းစွာ မေးလိုက်သည်။

ကူလျန်ချန် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒါကတော့ သူတော်စင်ရှီက လျှို့ဝှက်ထားတာ ကောင်းလွန်းလို့ပေါ့"

ကူလျန်ချန် စကားကြောင့် အားလုံး ရှီဟုန်ယွင် ကို လှမ်းကြည့်လိုက်ကြသည်။

ရှီဟုန်ယွင် က လက်ကာပြလိုက်သည်။

"ငါ လျှို့ဝှက်ထားတာ မဟုတ်ဘူး သူက ကိုယ့်ဘာသာ နှိမ့်ချနေတာပါ ပြီးတော့ သူ ငါ့အိမ်မှာ ဧည့်အကြီးအကဲ လုပ်တာ သိပ်မကြာသေးဘူး"

"သူက မင်းအိမ်က ဧည့်အကြီးအကဲလား" ဝမ်ဟုန်ဘို အော်လိုက်သည်။

"ဟုတ်တယ် ရှီအိမ်တော်ရဲ့ ဧည့်အကြီးအကဲ ရာထူး ယူထားတယ်"

"ဟား... မင်း ကံကောင်းလိုက်တာ"

ဝမ်ဟုန်ဘို က ရှီဟုန်ယွင် ကို မနာလိုစွာ ကြည့်လိုက်သည်။

သူတို့ ဂိုဏ်းကြီးတွေတောင် အဆင့် ၈ ပညာရှင် ငှားဖို့ ခက်ခဲတာ။ အဆင့် ၉ ဆိုတာ ဝေလာဝေး ဖြစ်သည်။

ဒါကို ရှီမိသားစုက နှစ်မျိုးလုံး ကျွမ်းကျင်တဲ့ အဆင့် ၉ ပညာရှင်ကို ငှားနိုင်တယ် ဆိုတာ မယုံနိုင်စရာပင်။

ရှီမိသားစုက ရှေးဟောင်း မိသားစု ဖြစ်ပေမဲ့ ထိပ်တန်း ဂိုဏ်းလေးဂိုဏ်း နဲ့ ယှဉ်ရင် အများကြီး ကွာခြားသည်။

သာမန် စည်းကမ်းချက်တွေနဲ့ ကမ်းလှမ်းရင် ဒီလို ပါရမီရှင်မျိုး ရနိုင်စရာ အကြောင်း မရှိပေ။ ထိပ်တန်း ဂိုဏ်းလေးဂိုဏ်း ဆီ သွားရင် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရမှာ သေချာသည်။

ဒါကြောင့် ရှီမိသားစုနဲ့ ဒီလူငယ်လေး ကြားမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိမှာ သေချာသည်။

တခြား သူတော်စင်များလည်း ရှီဟုန်ယွင်ကို သံသယ မျက်လုံးများဖြင့် ကြည့်နေကြသည်။ ရှီဟုန်ယွင် ဘယ်လို နည်းလမ်း သုံးပြီး ဆွဲဆောင်လိုက်လဲ သိချင်နေကြသည်။

ရှီဟုန်ယွင် ကတော့ မုတ်ဆိတ်မွေးကို သပ်ပြီး အေးဆေး နေလိုက်သည်။ သူများတွေ ဘာထင်ထင် ဂရုမစိုက်ပေ။

တကယ်တမ်းကျတော့ ရှီဟုန်ယွင် ကိုယ်တိုင်လည်း ဒီကိစ္စကို ခဏခဏ တွေးမိသည်။

ကျန်းပေရန် ရှီမိသားစုကို ဝင်လာတဲ့ အကြောင်းပြချက်တွေ ရှိပေမဲ့ အခု သူ့အရည်အချင်းကို ကြည့်ရင် သူ မနေချင်ရင် ဆွဲထားလို့ ရမှာ မဟုတ်ဘူး။

သူ့အရည်အချင်းနဲ့ ဆိုရင် ရှီဟုန်ယွင်ထက် ပိုစွမ်းတဲ့ သူတော်စင်ကို အလွယ်တကူ ရှာလို့ ရသည်။

ဒါပေမဲ့ ကျန်းပေရန်က ရှီမိသားစု အတွက် ကြိုးကြိုးစားစား လုပ်ပေးနေတော့ ရှီဟုန်ယွင် ကလည်း သူ့မှာ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိမယ်လို့ ယူဆလိုက်သည်။ သူ မပြောရင် ကိုယ်လည်း မမေးတော့ဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဆက်ဆံနေလိုက်သည်။

"သူ အစီအရင်ကို ပြင်နိုင်မှာလား"

နောက်ထပ် သူတော်စင် တစ်ဦးက မေးလိုက်သည်။ အခု အတင်းအဖျင်း ပြောနေရမည့် အချိန် မဟုတ်ပေ။ အပြင်မှာ မီးလောင်နေပြီ။

ကူလျန်ချန် လည်း မသေချာပေမဲ့ အားလုံး စိတ်ဓာတ်မကျအောင် ပြောလိုက်သည်.

"သူ့ရဲ့ အစီအရင် ပညာက အပ်စိုက်ပညာလောက် မညံ့ဘူး စိတ်ချပါ ငါတို့ကို အံ့သြသွားအောင် လုပ်ပြလိမ့်မယ်လို့ ယုံကြည်တယ်"

ကူလျန်ချန် စကားကြောင့် အားလုံး နည်းနည်း စိတ်အေးသွားသည်။

သူတော်စင် အများစုက ကျန်းပေရန် ကယ်တင်ပေးခဲ့တာ ဆိုတော့ သူ့အရည်အချင်းကို ယုံကြည်ကြသည်။ အသက်ငယ်လို့ ဆိုပြီး အထင်မသေးကြတော့ပေ။

ပထမ အံ့ဖွယ်ကိစ္စကို လုပ်ပြနိုင်ခဲ့ရင် ဒုတိယ အံ့ဖွယ်ကိစ္စကိုလည်း လုပ်နိုင်မှာပါပဲ။

မလုပ်နိုင်ရင်လည်း သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။ သူ့ကိုပဲ အားကိုးရတော့မှာ။

"ဟူး..." သူတော်စင် တစ်ဦး သက်ပြင်းချလိုက်သည်။

"စီနီယာ ယွမ် ဘာဖြစ်လို့လဲ" ကူလျန်ချန် မေးလိုက်သည်။

ယွမ်ရို့ က ခေါင်းခါလိုက်သည်။

"ဒီလောက် လူကြီးတွေ စုနေပြီး ကောင်လေး တစ်ယောက်ကို အားကိုးနေရတာ ကံတရားက တရားမမျှတဘူးလို့ တွေးမိလို့ပါ"

ယွမ်ရို့ စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

ဟုတ်တယ်။ ပုံမှန်ဆိုရင် သူတို့က တိုင်းပြည် ခြောက်ပြည်လုံးမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ……

ဒါပေမဲ့ အခုတော့ ဒီလောက်ထိ အခြေအနေ ဆိုးရွားနေပြီ။

ခဏကြာတော့ ယွမ်ရို့ မတ်တတ်ရပ်လိုက်ပြီး ရှီဟုန်ယွင်ကို ပြောလိုက်သည်။

"ငါ့ကိုယ်စား ဆရာကျန်း ကို ကျေးဇူးတင်စကား ပြောပေးပါ ငါ သွားပြီး ဒဏ်ရာ ကုလိုက်ဦးမယ်"

"ကောင်းပြီ ပြောပေးပါ့မယ်"

ရှီဟုန်ယွင် ခေါင်းညိတ်လိုက်သည်။

တခြား သူတော်စင်များလည်း နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ သူတို့လည်း ယွမ်ရို့ လိုပဲ မှာကြားသွားကြသည်။

ရှီဟုန်ယွင် နားထဲမှာတော့ ဒီစကားတွေက ကျန်းပေရန်ကို လုယူဖို့ ပြင်ဆင်နေကြပြီ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေသည်။

‘ဟူး... ပြဿနာပဲ’

ရှီဟုန်ယွင် ခေါင်းကိုက်သွားသည်။ အရင်က ကျန်းပေရန်နဲ့ ကောင်းကောင်း ဆက်ဆံခဲ့သင့်တယ်လို့ နောင်တရမိသည်။

ဒါပေမဲ့ သူ့အပြစ် မဟုတ်ပါဘူး။ ကောင်လေးက အရမ်း နှိမ့်ချလွန်းတော့ သူက ထိန်းချုပ်လို့ ရမယ် ထင်နေတာ။ အခုတော့ သူက ပြန်ထိန်းချုပ်ခံလိုက်ရပြီ။

...

ယွမ်မြို့ရိုးပေါ်တွင် ကျန်းပေရန်သည် စစ်ထူကျိတို့နှင့် အတူ အစီအရင် လမ်းကြောင်းများကို စစ်ဆေးနေသည်။

လျှောက်ကြည့်ရင်း ကျန်းပေရန် တစ်ခုခု သတိထားမိလိုက်သည်။

‘တစ်ယောက်ယောက်က ဖျက်ဆီးဖို့ ကြိုးစားထားတာပဲ...’

သိပ်မသိသာအောင် လုပ်ထားပြီး သဲလွန်စ ဖျောက်ထားပေမဲ့ ကျန်းပေရန် သတိထားမိသည်။ ဖျက်ဆီးသူရဲ့ အစီအရင် ပညာ အဆင့် သိပ်မမြင့်လို့ အဓိက နေရာကို မထိခိုက်ခဲ့တာ။ ဒါကြောင့် အစီအရင် မပျက်စီးသေးတာ။

ဒါပေမဲ့ လုံးဝ မထိခိုက်ဘူးတော့ မဟုတ်ဘူး။ အခုလို အားနည်းလာတာက ဖျက်ဆီးမှုကြောင့်လည်း ပါသည်။

ကျန်းပေရန် ပြောပြဖို့ ပြင်လိုက်စဉ် စနစ် သတိပေးချက် ပေါ်လာသည်။

【ရွေးချယ်မှု ၁ - အစီအရင် ဖျက်ဆီးခံထားရကြောင်း စစ်ထူကျိ နှင့် ရှုယုန်ချင်း ကို ပြောပြရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အထက်တန်း နဂါးတောအုပ် ပုံရိပ်ယောင်ကျမ်း】

【ရွေးချယ်မှု ၂ - ဘာမှ မပြောဘဲ နေရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁】

‘ဟင်...’

“ဟင်”

‘ဒီ ရွေးချယ်မှုက သတင်းအချက်အလက်တွေ အများကြီး ပေးနေပါလား’

ကျန်းပေရန် အနောက်က နှစ်ယောက်ကို သံသယ မျက်လုံးဖြင့် ကြည့်လိုက်သည်။

‘ဒီ မျက်ခုံးမွေးထူကြီး နှစ်ယောက်က လူသား သစ္စာဖောက်တွေလား’

‘မဟုတ်ဘူး မဟုတ်ဘူး’

ကျန်းပေရန် ခေါင်းခါလိုက်သည်။

‘တကယ်လို့ သူတို့ လုပ်တာ ဆိုရင် ဒီလောက် မညံ့ဘူး။ သူတို့သာ ဖျက်ဆီးချင်ရင် အစီအရင် ပျက်စီးသွားတာ ကြာပြီ’

ဆိုလိုတာက သူတို့ကို မပြောပြရခြင်း အကြောင်းရင်းက သူတို့က လူဆိုး မဟုတ်လို့။ ဒါပေမဲ့ သူတို့ကို ပြောပြလိုက်ရင် လူဆိုးတွေ ရိပ်မိသွားနိုင်လို့ ဖြစ်မည်။

‘ဒါဆိုရင် အတွင်းသစ္စာဖောက် ရှိနေတာပေါ့’

ကျန်းပေရန် ခေါင်းကုတ်လိုက်သည်။ ယွမ်မြို့ထဲမှာ လူသား သစ္စာဖောက် ရှိနေတယ်။ ပြီးတော့ လူတိုင်းကို သေလမ်းပို့မယ့် သစ္စာဖောက် ဖြစ်လေသည်။

ခဏ စဉ်းစားပြီးနောက် ကျန်းပေရန် ရွေးချယ်မှု ၂ ကို ရွေးလိုက်သည်။

ထို့နောက် စစ်ထူကျိ တို့ ဘက် လှည့်ပြီး ပြောလိုက်သည်။

"အစီအရင် အခြေအနေကို ကျွန်တော် နားလည်ပါပြီ ဒီည ပြင်ဆင်စရာတွေ လုပ်ပြီး မနက်ဖြန် ကျရင် ပြင်ဆင်ပေးပါ့မယ်"

"ပေရန်လေး... တကယ် ယုံကြည်မှု ရှိရဲ့လား"

စစ်ထူကျိ စိုးရိမ်တကြီး မေးလိုက်သည်။

"စိတ်ချပါ စီနီယာကြီးတို့ ကျွန်တော်က မသေချာတဲ့ ကိစ္စ ဘယ်တော့မှ မလုပ်ပါဘူး"

ပြောပြီးသည်နှင့် ကျန်းပေရန် လက်ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။

"သွားလိုက်ပါဦးမယ်"

ကျန်းပေရန် ထွက်သွားတာကို ကြည့်ပြီး ရှုယုန်ချင်း က စစ်ထူကျိကို မေးလိုက်သည်။

"တကယ်ပဲ သူ့လက်ထဲ အပ်လိုက်တော့မှာလား"

စစ်ထူကျိ ပြန်ကြည့်လိုက်သည်။

"ငါတို့မှာ ရာနှုန်းပြည့် သေချာမှု မရှိဘူးလေ မင်းရော ရှိလို့လား"

"..."

ခဏတာ တိတ်ဆိတ်ပြီးနောက် ရှုယုန်ချင်း ခေါင်းခါလိုက်သည်။

"အခု အခြေအနေ အရ ရွေးချယ်စရာ မရှိတော့ဘူး သူ့ရဲ့ အဆောင်ပညာကိုပဲ ယုံကြည်ရတော့မှာပေါ့"

စောစောက စစ်ဆေးတုန်းက ကျန်းပေရန်က တောက်ပသော ကျောက်တုံး အဆောင် ကို ဘယ်လို သုံးမလဲ ဆိုတာ ရှင်းပြခဲ့သည်။

သူတို့နှစ်ယောက်က အစီအရင် ပညာ ကျွမ်းကျင်ပေမဲ့ အဆောင်ပညာ ကျွမ်းကျင်သူတွေ မဟုတ်တော့ နားမလည်ကြပေ။

ဒါပေမဲ့ ကျန်းပေရန်ရဲ့ ယုံကြည်မှု ရှိတဲ့ ရှင်းပြချက်တွေကြောင့် ဖြစ်နိုင်မယ်လို့ ထင်မိသည်။

ဒီအချိန်မှာ ခန့်မှန်းချက်နဲ့ လုပ်ရတာ အန္တရာယ် များပေမဲ့ တခြား နည်းလမ်း မရှိတော့ဘူးလေ။ ကိုယ်တိုင် လုပ်ရင် မသေချာတော့ သေချာတယ် ဆိုတဲ့သူကို လွှဲပေးရုံပဲ ရှိတာပေါ့။

"နောက်ထပ် အံ့ဖွယ် ကိစ္စတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပေါ့"

စစ်ထူကျိ ပြောပြီး လှည့်ထွက်သွားသည်။

ညနက်သန်းခေါင်။

ကျန်းပေရန် သူ့အခန်းသို့ ပြန်ရောက်လာပြီး အကြောဆန့်လိုက်သည်။

အဆိပ်ဖြေဆေး စတင် လေ့လာကတည်းက ကောင်းကောင်း မအိပ်ရသေးဘူး။ ဒီနေ့တော့ တခြား ဆေးပညာရှင်တွေကို နားခိုင်းပြီး သူလည်း ပြန်လာခဲ့တာ။

တိုင်းပြည် တစ်ခုလုံးရဲ့ မြို့တော် ဆိုတော့ ယာယီ တည်းခိုခန်း ဆိုပေမဲ့ အပြင်အဆင် ကောင်းမွန်သည်။

ကျန်းပေရန် ကုတင်ပေါ် ပစ်လှဲလိုက်ပြီး မကြာမီ အိပ်ပျော်သွားသည်။

နောက်တစ်စက္ကန့်တွင် မည်းနက်သော အရိပ်တစ်ခု ကျန်းပေရန် ကုတင်ဘေးသို့ ရောက်လာသည်။ ဘာမှ မပြောဘဲ ကျန်းပေရန် ခေါင်းကို ရိုက်ချလိုက်သည်။

"တုန်ခါစေ"

"ဝိညာဉ်"

"စွမ်းအင်ဖြိုခွဲ"

"နဂါးဟိန်းသံ"

...

လက်ဝါး ကျန်းပေရန် မျက်နှာပေါ် မကျခင်မှာပင် အခန်းထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူရိပ် ရှစ်ခု ပြေးထွက်လာသည်။

ခန္ဓာကိုယ် တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသော ယွမ်ရို့ မျက်လုံးပြူးသွားသည်။ ဘာလို့ သူတော်စင်တွေ အများကြီး ဒီမှာ စောင့်နေကြတာလဲ နားမလည်နိုင် ဖြစ်သွားသည်။

‘သေနာကောင်လေး’

သူ့လက်ဝါး ရိုက်လို့ မရတော့မှန်း သိလိုက်ရသဖြင့် ယွမ်ရို့သည် ကိုယ့်အတွင်းအား ကိုယ် ဖောက်ခွဲပစ်ရန် ပြင်လိုက်စဉ် ကျောဘက်မှ လက်ဝါးတစ်ချက် ထိမှန်သွားသည်။

"ဖွင့်"

ဒီလက်ဝါးချက်ကြောင့် ယွမ်ရို့၏ အတွင်းအား စုစည်းမှု ပျက်စီးသွားသည်။ ပြန်လည် စုစည်းရန် ပြင်လိုက်စဉ် ကျန်းပေရန် ထရပ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ပုရွက်ဆိတ်နက် အပ် ၂၄ ချောင်း ထုတ်ယူလိုက်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းပေရန်သည် အပ် ၂၄ ချောင်းလုံးကို ယွမ်ရို့၏ သွေးကြော အချက်အချာ နေရာများတွင် စိုက်လိုက်သည်။

"ရပါပြီ စီနီယာကြီးတို့... သူ အတွင်းအား စုစည်းလို့ မရတော့ပါဘူး"

ကျန်းပေရန် အပ်အိတ်ကို သိမ်းလိုက်ပြီး ပြောလိုက်သည်။

ကျန်းပေရန် စကားကြားတော့ သူတော်စင် ရှစ်ပါးလုံး အတွင်းအား ရုပ်သိမ်းလိုက်ပြီး ယွမ်ရို့ကို စိုက်ကြည့်နေကြသည်။

"ငါတို့ထဲမှာ ဒီလို သစ္စာဖောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

ချောင်ကျင်းဟွာ က ယွမ်ရို့ကို တံတွေးနဲ့ ထွေးလိုက်ပြီး ကျန်းပေရန်ကို မေးလိုက်သည်။

"သူ မင်းကို သတ်မယ် ဆိုတာ ဘယ်လို သိတာလဲ"

ကျန်းပေရန် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သိလို့ သိတာပေါ့ဗျာ"

ဘယ်လို သိလဲ ဆိုရင်တော့ စနစ်ကြောင့်ပေါ့။

မနက်တုန်းက ယွမ်မြို့ထဲမှာ သစ္စာဖောက် ရှိမှန်း သိလိုက်ရပေမဲ့ ဘယ်သူလဲ ဆိုတာ မသိခဲ့ပေ။

နေ့လယ်ခင်း နားဖို့ ပြင်လိုက်တော့ စနစ် သတိပေးချက် ပေါ်လာသည်။

【ရွေးချယ်မှု ၁ - အခန်းပြန်ပြီး အိပ်စက်ရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အထက်တန်း ကျောက်စိမ်းဝိညာဉ် သိုင်းကွက်】

【ရွေးချယ်မှု ၂ - ဆေးခန်းမထဲတွင် ဆက်နေရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အနိမ့်တန်း ထိပ်တန်း ဓားသိုင်း】

【ရွေးချယ်မှု ၃ - သူတော်စင် အဆင့် ကျင့်ကြံသူများကို အကူအညီ တောင်းပြီး လုပ်ကြံသူကို ဖမ်းဆီးရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁】

ဒီ ရွေးချယ်မှုတွေ မြင်လိုက်တော့ ကျန်းပေရန် ကြက်သီးထသွားသည်။

‘ငါ့ကို သတ်မလို့လား’

နှစ်ပေါင်းများစွာ နှိမ့်ချနေခဲ့လို့ ဒီလို ရွေးချယ်မှုမျိုး မပေါ်တာ ကြာပြီ။ အခု ပေါ်လာတာကလည်း တိုက်ရိုက်ကြီး။

‘မကြာသေးခင်က အရမ်း မာန်တက်မိသွားလို့ ဖြစ်မယ်... အခုတော့ သေဘေး ကြုံနေပြီ’

ဒါပေမဲ့ မတတ်နိုင်ဘူး။ စနစ်က မာန်တက်ခိုင်းတာလေ။

အခက်တွေ့လိုက်တာ။

ရွေးချယ်မှု ၃ ကို ရွေးလိုက်ပြီးနောက် ကျန်းပေရန် အစီအစဉ် ဆွဲလိုက်သည်။

အခန်းပြန်အိပ်တာ အန္တရာယ် အရှိဆုံး ဆိုတော့ လုပ်ကြံသူက လူရှေ့သူရှေ့ မလုပ်ရဲဘူး ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် တစ်ယောက်တည်း ရှိနေချိန်က မျှားခေါ်ဖို့ အကောင်းဆုံး အချိန်ပဲ။

ဒါကြောင့် မျှားခေါ်ဖို့ လွယ်ကူသွားသည်။ ကျန်တာကတော့ ယုံကြည်ရတဲ့ လက်ထောက်တွေ ရှာဖို့ပဲ။

All Chapters