စွန့်စားမှု
Vol. 50 Ch. 573
ယွမ်ရို့ကို အကြိမ်ကြိမ် စစ်ဆေးသော်လည်း ဘာမှ မတွေ့ရသဖြင့် ကျန်းပေရန် လက်လျော့လိုက်သည်။
ဒါပေမဲ့ ယွမ်ရို့က ဂူကောင် ထိန်းချုပ်ခံထားရတယ် ဆိုတာကိုတော့ သူ ယုံကြည်မြဲ ယုံကြည်နေဆဲ ဖြစ်သည်။ သူ့ရဲ့ ဂူပညာ အဆင့်က မလုံလောက်လို့ ရှာမတွေ့တာ ဖြစ်မည်။
ကိုယ့်ဘာသာ မတတ်နိုင်တဲ့အဆုံး ချူယန်ဇယ် ကို သတိရလိုက်သည်။
ဂူကောင်တွေ အကြောင်း သူက ကိုယ့်ထက် ပိုသိမှာ သေချာသည်။
ရှုထောင့် တစ်မျိုး ပြောင်းပြီး စစ်ဆေးခိုင်းရင် တွေ့နိုင်လောက်သည်။
ချူယန်ဇယ် ကို ခေါ်လာဖို့က မခက်ခဲပေ။ သူ့အဆင့်အတန်းနဲ့ ယင်လင်းယန် ရဲ့ ဆက်ဆံပုံကို ကြည့်ရင် လွယ်ကူသည်။
"စစ်ဆေးဖို့ ပျံသန်းစံအိမ် တစ်လုံး ယူလာမယ်" လို့ ပြောရင် သဘာဝကျတာပဲ။
ထင်ထားတဲ့ အတိုင်းပါပဲ။ ယင်လင်းယန် က ဘာမှ မမေးဘဲ ခွင့်ပြုလိုက်သည်။
"မင်း လုပ်ချင်တာ လုပ်ပါ ငါက အပြင်လူ မဝင်အောင်ပဲ တာဝန်ယူပေးမှာ"
နားလည်မှု ရှိလိုက်တဲ့ လူကြီး…..
တခြား သူတော်စင်တွေလို စမ်းသပ်တာ၊ သွေးတိုးစမ်းတာတွေ မလုပ်ဘဲ ရိုးသားတဲ့ ယင်လင်းယန် ကို ကျန်းပေရန် သဘောကျသွားသည်။
‘ပေါင်းလို့ရမယ့် လူပဲ’
ယွမ်ရို့ ရှိတဲ့ အခန်းကို ပြန်ရောက်တာနဲ့ ချူယန်ဇယ် ကို ပျံသန်းစံအိမ် ထဲက ခေါ်ထုတ်လိုက်သည်။
"ဆရာ"
ချူယန်ဇယ် က ထွက်လာတာနဲ့ ကျန်းပေရန်ကို အရိုအသေ ပေးလိုက်သည်။
ကျန်းပေရန် ခေါင်းညိတ်ပြီး ယွမ်ရို့ကို ညွှန်ပြလိုက်သည်။
"သူ့ကို စစ်ဆေးကြည့်စမ်း ဂူကောင်တွေ ရှိလားလို့"
"ဟုတ်ကဲ့ပါ"
ချူယန်ဇယ် က ယွမ်ရို့ နားသွားပြီး လက်တင်ကာ စစ်ဆေးလိုက်သည်။
အမွှေးတိုင် တစ်တိုင်စာကြာပြီးနောက် ချူယန်ဇယ် ကိုယ်ပေါ်မှာ အမွေးအမျှင်တွေ၊ အာရုံခံ အမျှင်တွေ ထွက်လာသည်။ သူက ကျန်းပေရန် ဘက် လှည့်ပြီး ပြောလိုက်သည်
"ဆရာ... သူ့ကိုယ်ထဲမှာ ဂူကောင် အရိပ်အယောင် လုံးဝ မတွေ့ပါဘူး"
"မရှိဘူးလား..." ကျန်းပေရန် ညည်းတွားလိုက်သည်။
"ထပ်စမ်းကြည့်ပါဦး"
"ဟုတ်ကဲ့"
ချူယန်ဇယ် က ထပ်မံ ကြိုးစားကြည့်သည်။
ချူယန်ဇယ် ကိုယ်ပေါ်မှာ အာရုံခံ အမျှင်တွေ ပိုများလာတာ မြင်တော့ ကျန်းပေရန် တွေးတောမိသည်။
ချူယန်ဇယ် မတွေ့ရင်တောင် သူ့ကိုယ်ထဲက ဧကရာဇ်ဂူကောင် က တုံ့ပြန်မှု ပြသင့်သည်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။
ကျန်းပေရန် ဘာလုပ်ရမှန်း မသိတော့ပေ။
နည်းလမ်းပေါင်းစုံ သုံးကြည့်ပြီ။ ဘာမှ မတွေ့ဘူး။ တခြား ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ လုပ်ထားတာလား။
ဒါပေမဲ့ ဖြစ်နိုင်ချေ နည်းသည်။ ဂူကောင် ထိန်းချုပ်ခံထားရတာပဲ ဖြစ်ဖို့များသည်။
အရင်က တွေးမိတဲ့ အတွေးတစ်ခု ပြန်ပေါ်လာသည်။
ဂူကျင့်ကြံသူတွေကြားမှာ "အဆင့် ၁၀" ဂူပညာရှင် ရှိနေတာလား။
အဆင့် ၉ ပညာရှင်တွေတောင် အဆင့် ၈ ပညာရှင်တွေ နားမလည်နိုင်တဲ့ အရာတွေ လုပ်နိုင်တယ် ဆိုရင် "အဆင့် ၁၀" ပညာရှင် ဆိုရင် ပိုဆိုးမှာပေါ့။
ဒါကြောင့် သူ ဘာမှ ရှာမတွေ့တာ ဖြစ်မည်။
အဆိပ်မြူတွေက Bug ဖြစ်နေသလိုမျိုး ယွမ်ရို့ ကိစ္စကလည်း Bug ဖြစ်နေသည်။
‘ဟူး... ခက်လိုက်တာ’
...
"ဆရာ... တပည့် ဘာမှ ရှာမတွေ့ပါဘူး သူ့ကိုယ်ထဲမှာ ဂူကောင် ရှိခဲ့ဖူးတဲ့ လက္ခဏာတောင် မရှိပါဘူး"
နာရီဝက် ကြာတော့ ချူယန်ဇယ် က ခေါင်းငုံ့ပြီး ပြောလိုက်သည်။
"ကိစ္စမရှိဘူး ပြန်နားလိုက်ဦး"
ချူယန်ဇယ် သက်ပြင်းချပြီး ပျံသန်းစံအိမ် ထဲ ပြန်ဝင်သွားသည်။
ကျန်းပေရန် သက်ပြင်းချလိုက်သည်။
"ဒီလို ဆိုရင်တော့ ရိုးရှင်းတဲ့ နည်းလမ်းပဲ သုံးရတော့မယ်"
အခန်းထဲက ထွက်လာပြီး ယင်လင်းယန် ကို နှုတ်ဆက်ကာ ကူလျန်ချန် ကို သွားရှာလိုက်သည်။
ကျန်းပေရန် ရောက်လာတာ မြင်တော့ ကူလျန်ချန် ဝမ်းသာသွားသည်။
"ယွမ်ရို့ ကိစ္စ အဆင်ပြေသွားပြီလား"
ကျန်းပေရန် ခေါင်းခါလိုက်သည်။
"စိတ်ပျက်စေမိတဲ့ အတွက် တောင်းပန်ပါတယ် ဘာမှ မမေးနိုင်ခဲ့ဘူး"
ကူလျန်ချန် စိတ်ပျက်သွားပေမဲ့ ထုတ်မပြဘဲ မေးလိုက်သည်။
"ဒါဆို ဆေးဝါးဘက်မှာ တိုးတက်မှု ရှိလား"
"မရှိသေးပါဘူး"
ကျန်းပေရန် ရဲ့ ရိုးသားတဲ့ အဖြေကြောင့် ကူလျန်ချန် သက်ပြင်းချလိုက်သည်။
"ဒါဆို ဆရာကျန်း လာတာ ဘာကိစ္စ ရှိလို့လဲ"
"ကျွန်တော် အပြင်ထွက်ပြီး လေ့လာချင်လို့ပါ စိတ်ကူးသစ်တွေ ရမလားလို့ပါ"
ဒါက ကျန်းပေရန် စဉ်းစားထားတဲ့ "ရိုးရှင်းတဲ့ နည်းလမ်း" ပဲ။
ယွမ်မြို့ထဲမှာ သူ့ကို ရန်ပြုမယ့်သူ မရှိတော့ဘူး။ ရွေးချယ်မှုတွေ မပေါ်တော့ဘူး။
ရွေးချယ်မှု မပေါ်ရင် သူ အစွမ်းမထက်လာနိုင်တော့ဘူး။
လက်ရှိ အရည်အချင်းနဲ့ အဆိပ်မြူကို မဖြေရှင်းနိုင်ရင် အဆင့်မြှင့်မှ ရမယ်။ ဂူအဆိပ် အမှတ်တွေ တိုးလာရင် ယွမ်ရို့ ကိစ္စရော အဆိပ်မြူ ကိစ္စရော ဖြေရှင်းနိုင်လာလိမ့်မည်။
ပြီးတော့ မုန်စစ်ပေ ကိုလည်း ခေါ်သွားရမယ်။ အဆိပ်မြူထဲမှာ သူက လမ်းပြကောင်း ဖြစ်နိုင်တယ်။
ဒါကြောင့် အပြင်ထွက်တာက အကောင်းဆုံးပဲ။
ဒါပေမဲ့ ကူလျန်ချန် က ချက်ချင်း ငြင်းလိုက်သည်။
"မဖြစ်ဘူး လုံးဝ မဖြစ်ဘူး"
ကူလျန်ချန် ငြင်းမယ် ဆိုတာ သိပြီးသား။ အခုချိန်မှာ ကျန်းပေရန်က ယွမ်မြို့ အတွက် အရေးအကြီးဆုံး လူသား ဖြစ်နေပြီ။ သူ တစ်ခုခု ဖြစ်သွားရင် ဘယ်သူမှ တာဝန်မယူနိုင်ဘူး။
ဒါကြောင့် ကျန်းပေရန်က ကြိုတင် ပြင်ဆင်ထားတဲ့ စကားလုံးတွေ ပြောလိုက်သည်။
"စီနီယာကြီး ကူ... ကျွန်တော်တို့က သေလမ်း ရောက်နေတာလေ သေလမ်းက လွတ်ချင်ရင် စွန့်စားရမှာပေါ့ သားရဲတွင်း မဝင်ရင် သားရဲ ဘယ်ဖမ်းမိမလဲ အဆိပ်မြူထဲ မဝင်ရင် စာရွက်ပေါ်က အဖြေပဲ ရမှာပေါ့"
ကျန်းပေရန် စကားက မှန်နေပေမဲ့ ကူလျန်ချန် တွန့်ဆုတ်နေသည်။
ကျန်းပေရန် ရှိနေရင် အဆိပ်မြူနဲ့ ယွမ်ရို့ ကိစ္စ မဖြေရှင်းနိုင်ရင်တောင် အစီအရင် ပြင်ပေးနိုင်သေးတယ်လေ။ နောက်ထပ် ပြဿနာတွေ တက်လာရင်လည်း ဖြေရှင်းပေးနိုင်သေးတယ်။
ဒါပေမဲ့ ကျန်းပေရန် ပြောသလို အဓိက ပြဿနာက အဆိပ်မြူပဲ။ အဆိပ်မြူ မပျောက်သရွေ့ ဘာလုပ်လုပ် အလကားပဲ။
"ငါ စဉ်းစားပါရစေဦး"
ကူလျန်ချန် စဉ်းစားခန်း ဝင်သွားသည်။
‘ဟူး... တော်လွန်းတာလည်း ခက်တာပဲ’
လူတိုင်းက သူ့ကို စောင့်ကြည့်နေတော့ ခိုးထွက်လို့ မရဘူး။ ဒါကြောင့် ခွင့်တောင်းရတာ။
ကူလျန်ချန် ငြင်းတာလည်း မဆန်းပါဘူး။ အဓိက ထောက်တိုင်ကြီးကို ဘယ်သူက အဆုံးရှုံးခံမလဲ။
"ဟူး..."
အတော်ကြာ စဉ်းစားပြီးနောက် ကူလျန်ချန် ပြောလိုက်သည်။
"ဆရာကျန်း က သွားချင်တယ် ဆိုမှတော့ ငါ တားလို့ မရဘူး ဒါပေမဲ့ ငါ့မှာ အကြံတစ်ခု ရှိတယ် ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ်"
ကျန်းပေရန် အံ့သြသွားသည်။ လူလွှတ်ပြီး စောင့်ရှောက်ခိုင်းမယ် ထင်ထားတာ။ ကိုယ်တိုင် လိုက်မယ်တဲ့။
"စီနီယာကြီး ကူ က ယွမ်မြို့ရဲ့ ခေါင်းဆောင်လေ ဘယ်လိုလုပ်ပြီး..."
"မပြောနဲ့တော့ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် ငါ လိုက်ခဲ့မယ် ဒါမှမဟုတ် မင်း မသွားရဘူး ကြိုက်တာ ရွေး"
‘အာဏာရှင် ဆန်လိုက်တာ...’
စိတ်ထဲတွင် ညည်းတွားလိုက်ပြီး ကျန်းပေရန် လက်ခံလိုက်သည်။
"ဒါဆိုရင်တော့ စီနီယာကြီး ကူ ကို ဒုက္ခပေးရတော့မှာပေါ့"
"ကောင်းပြီ"
ကူလျန်ချန် က ကျန်းပေရန် ပခုံးကို ပုတ်လိုက်သည်။
"တစ်ခုခု ဖြစ်လာရင် ငါ အနောက်ကနေ ကာကွယ်ပေးထားမယ် မင်း ထွက်ပြေးရုံပဲ"
ဒီစကားက လေးနက်လွန်းသည်။ ကျန်းပေရန် မှင်သက်သွားသည်။
ကူလျန်ချန် ဘယ်လောက် စွမ်းလဲ မသိပေမဲ့ သူတော်စင်တွေ အားလုံး လေးစားတာကို ကြည့်ရင် အစွမ်းထက်မှာ သေချာသည်။
သူ့စကားကို နားထောင်ကြည့်ရင် ယွမ်မြို့ကို ကာကွယ်ဖို့ ဘယ်လောက် အလေးထားလဲ ဆိုတာ သိသာသည်။
ကျန်းပေရန်က ယွမ်မြို့ အတွက် သူ့ထက် ပိုအရေးကြီးတယ်လို့ သဘောထားနေသည်။
ဒါကြောင့် သူ့အသက် ပေးပြီး ကာကွယ်ပေးမယ် ပြောနေတာ။
‘တကယ့် နိုင်ငံချစ်စိတ်ပဲ...’
ကျန်းပေရန် ဂါရဝပြုလိုက်သည်။
"စိတ်ချပါ စီနီယာကြီး ကူ... ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကောင်းပြီ မင်း နားလည်ရင် ပြီးတာပဲ ဘယ်တော့ သွားမလဲ"
"အဆင်သင့် ဖြစ်နေပါပြီ စီနီယာကြီး ကူ အဆင်ပြေရင် အခု သွားကြမလား"
"ကောင်းပြီ ဒါဆို ငါ လူသွားစုလိုက်ဦးမယ် တစ်နာရီ ကြာရင် မြောက်ဘက် တံခါးမှာ ဆုံကြမယ်"
"ဟုတ်ကဲ့ပါ ဂျူနီယာ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လိုက်ပါဦးမယ်"
ကူလျန်ချန် ထွက်သွားပြီးနောက် ကျန်းပေရန် ပျံသန်းစံအိမ် ပေါ် တက်လိုက်သည်။
"မြောက်ဘက် တံခါးကို မောင်းတော့"
ကျန်းပေရန်က ရှီဖုန်းလန် ကို ပြောလိုက်သည်။
"အိုကေ"
ရှီဖုန်းလန် က ပျံသန်းစံအိမ် ကို မောင်းနှင်လိုက်သည်။
ဧည့်ခန်း ရောက်တော့ ချူယန်ဇယ် ကို လှမ်းခေါ်လိုက်သည်။
"ဆရာ... ဘာခိုင်းစရာ ရှိလဲ"
"အပေါ်ထပ် တက်ပြီး အခန်းတစ်ခန်းမှာ ပုန်းနေ ငါ မခေါ်မချင်း ထွက်မလာနဲ့"
"ဗျာ..."
ချူယန်ဇယ် မျက်နှာ ငယ်သွားသည်။ အခုမှ အလုပ်လုပ်ရမယ် ထင်နေတာ။
"ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး သွားပါ့မယ်" ချူယန်ဇယ် အပေါ်ထပ် တက်သွားသည်။
ချူယန်ဇယ် ပုန်းနေပြီးနောက် ကျန်းပေရန် က အစီအရင်တွေ ပြင်ဆင်လိုက်သည်။ ကူလျန်ချန် ရောက်လာရင် ချူယန်ဇယ် ကို မတွေ့အောင် ဖုံးကွယ်ထားလိုက်သည်။
ပြီးတော့ ရှီဖုန်းလန် ကို မေးလိုက်သည်။
"လင်းတန်း ဘယ်မှာလဲ"
"ဪ... သူ နေမကောင်းလို့ အခန်းထဲမှာ အနားယူနေတယ်"
"နေမကောင်းဘူး..."
"အင်း မျက်နှာ အရောင် မကောင်းဘူး ငါ မင်းကို လာပြောမလို့ပဲ သူက မနှောင့်ယှက်ပါနဲ့ ဆိုလို့ မပြောဖြစ်တာ"
"သိပြီ"
ကျန်းပေရန် အပေါ်ထပ် တက်သွားပြီး ရှဲ့လင်းတန်း အခန်းတံခါး ခေါက်လိုက်သည်။
တံခါးပွင့်လာပြီး ရှဲ့လင်းတန်း ထွက်လာသည်။
"သခင်လေး... ပြန်လာပြီလား အဟွတ် အဟွတ်"
ရှဲ့လင်းတန်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေတာ မြင်တော့ ကျန်းပေရန် ပြောလိုက်သည်။
"သွား... သွားအိပ်တော့"
"ရပါတယ်... လက်ဖက်ရည် ဖျော်ပေးပါ့မယ်"
"သွားအိပ်လို့"
ကျန်းပေရန် အသံမာမာနဲ့ ပြောလိုက်တော့ ရှဲ့လင်းတန်း ကုတင်ပေါ် ပြန်တက်သွားသည်။
စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်လိုက်တော့ ကျန်းပေရန် အံ့သြသွားသည်။
ရှရှားလင်းက ကျင့်ကြံသူ ဖြစ်နေပြီလေ။ ဖျားနာတယ် ဆိုတာ မရှိသင့်ဘူး။
ပျံသန်းစံအိမ်ထဲမှာ ဆိုတော့ အဆိပ်သင့်စရာလည်း မရှိဘူး။
ဒါပေမဲ့ စစ်ဆေးကြည့်တော့မှ သိလိုက်ရသည်။ အဆိပ်မြူတွေက ပျံသန်းစံအိမ် အကာအကွယ်ကို ဖောက်ပြီး ဝင်ရောက်လာတာ။
‘တကယ် ကြောက်စရာ ကောင်းတာပဲ’
ကျန်းပေရန် ဆေးပုလင်း တစ်လုံး ထုတ်ပေးလိုက်သည်။
"ဒီရက်ပိုင်း အတွင်းအား မသုံးနဲ့ နေမကောင်းရင် ဒီဆေး သောက်လိုက်"
ရှဲ့လင်းတန်းလို လူတွေက သနားစရာ အကောင်းဆုံးပဲ။ သာမန်လူ မဟုတ်လို့ အဆိပ်သင့်တယ်။ သူတော်စင် မဟုတ်လို့ ခံနိုင်ရည် မရှိဘူး။
"ကျေးဇူးတင်ပါတယ် သခင်လေး"
"အိပ်တော့... ဝိညာဉ်စွမ်းအင် မရှူနဲ့ ထမင်းများများ စား အဲဒါဆို သက်သာလိမ့်မယ်"
မှာကြားပြီးနောက် ကျန်းပေရန် ထွက်လာခဲ့သည်။
ဧည့်ခန်း ရောက်တော့ ရှီဖုန်းလန် ကို ပြောလိုက်သည်။
"ခဏနေရင် ဧည့်သည် ရောက်လာလိမ့်မယ် ဘယ်သူက ဘာမေးမေး စကား နှစ်လုံးထက် ပိုမပြောနဲ့"
"နှစ်လုံးလား" ရှီဖုန်းလန် မျက်တောင် ခတ်လိုက်သည်။
"နှစ်လုံးက ဘယ်လောက်ရမှာလဲ"
"မလောက်ရင် ငါ ဖြည့်ပြောပေးမယ်"
"အိုကေ သိပြီ"
ကျန်းပေရန် ဘာလို့ ဒီလို ခိုင်းလဲ မသိပေမဲ့ လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ပြီးတော့ မိစ္ဆာကောင် နှစ်ကောင်ကို ကြည့်လိုက်သည်။
သူတို့ကိုတော့ ပုန်းခိုင်းစရာ မလိုဘူး။ ကူလျန်ချန် က သူတို့နဲ့ စကားပြောမှာ မဟုတ်ဘူး။
ပြီးတော့ ဒီကောင်တွေ ရှိနေတာက သူ့အဆင့်အတန်းကို ပိုမြင့်စေသည်။
အဆင့် ၇၊ အဆင့် ၈ မိစ္ဆာကောင်တွေကို ယဉ်ပါးအောင် လုပ်ထားနိုင်တာ သူတော်စင်တွေတောင် မလုပ်နိုင်ဘူးလေ။
နောက်ဆုံး မုန်စစ်ပေ ကို ကြည့်လိုက်သည်။
"နေကောင်းလား"
မုန်စစ်ပေ အံ့သြသွားသည်။
"ကောင်းပါတယ် ဘာမှ မဖြစ်ပါဘူး"
"ကောင်းပြီ"
မုန်စစ်ပေ ကိုတော့ ပါးစပ်ပိတ်ခိုင်းစရာ မလိုဘူး။ သူက ကျန်းပေရန် အကြောင်း ဘာမှ မသိဘူးလေ။
ပြီးတော့ အပြင်ရောက်ရင် သူက လမ်းပြပေးရမှာ။
‘ကဲ... အားလုံး အဆင်သင့် ဖြစ်ပြီ’ ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။