← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း။ ၁၈၃

အေးစက်လှသော အအေးဓာတ်များကို ထုတ်လွှတ်နေသည့် ဧရာမကျားကြီးကို ကြည့်ရင်း လုချွမ်းတစ်ယောက် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားရသည်။ ဆင့်ကဲပြောင်းလဲလာသည့် ဤမျိုးရိုးဗီဇပြောင်း သားရဲဆိုးများသည် ထိတ်လန့်ဖွယ်ကောင်းသော ခန္ဓာကိုယ်ခွန်အားများအပြင် လူသားဆင့်ကဲပြောင်းလဲသူများနှင့် ဆင့်ကဲဇွန်ဘီများကဲ့သို့ ထူးခြားသည့် စွမ်းအင်များကိုပါ နိုးကြားလာလိမ့်မည်ဟု သူတစ်ခါမျှ မတွေးတောခဲ့မိပေ။

လုချွမ်း အံ့အားသင့်နေစဉ်မှာပင် အေးစက်လှသော အလင်းတန်းတစ်ခုသည် လျှပ်စီး ၁ ထံသို့ မြှားတစ်စင်းကဲ့သို့ တဟုန်ထိုး ပြေးဝင်လာသည်။ ကံကောင်းထောက်မစွာဖြင့် လုချွမ်းက လျှပ်စီး ၁ ကို အချိန်မီ ထိန်းချုပ်ရှောင်တိမ်းစေလိုက်သဖြင့်သာ သီသီလေး လွတ်မြောက်သွားခဲ့ခြင်းပင်။ လျှပ်စီး ၁ အစောပိုင်းက ရပ်နေခဲ့သည့် နေရာမှာမူ ချက်ချင်းပင် ရေခဲပြင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ကျားကြီးသည် သူ၏ပါးစပ်ကို ဟကာ ကြောက်မက်ဖွယ်ကောင်းသော နှင်းခဲအစွမ်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။အုံ့မှိုင်းနေသော မိုးရေထဲတွင် ထိုအေးစက်လှသော အအေးဓာတ်မှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းနေသည်။

ဤအခိုက်အတန့်တွင် လုချွမ်း၏ ဦးရေပြားများပင် စိမ့်တက်သွားရသည်။ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှ ယခုအချိန်အထိ ဤကဲ့သို့ ပင်ကိုယ်ပါရမီစွမ်းရည်နိုးကြားနေသည့် မျိုးရိုးဗီဇပြောင်း သားရဲဆိုးမျိုးကို သူ ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရခြင်းပင်။

ယခင်က သူတွေ့ခဲ့ဖူးသမျှ မျိုးရိုးဗီဇပြောင်း သားရဲများမှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာလာခြင်း အဆင့်မှာသာ ရှိကြသော်လည်း အဆင့် ၃ သို့ တက်လှမ်းသွားသော ဤကျားကြီးမှာမူ မီးလျှံ ၁ ကဲ့သို့ပင် ဒြပ်စင်စွမ်းအင်များကို ထုတ်လွှတ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ရှူး... ရှူး...

လေထုကို ပိုင်းဖြတ်သွားသည့် အသံများနှင့်အတူ ကျားကြီး၏ ပါးစပ်အတွင်းမှ နှင်းခဲတိုက်ကွက်များ အဆက်မပြတ် ထွက်ပေါ်လာသည်။ လောလောဆယ်တွင် ဇွန်ဘီရုပ်သေးများမှာ ထိတ်လန့်တကြား ရှောင်တိမ်းနေရပြီး ထိုနှင်းခဲများ ထိမှန်သွားသည့် သစ်ပင်ကြီးများမှာလည်း ခဏချင်းမှာပင် ရေခဲရုပ်ထုကြီးများ ဖြစ်သွားကြသည်။

တိုက်ကွက်၏ ကြောက်မက်ဖွယ် အစွမ်းကြောင့် လုချွမ်းမှာ ချွေးစေးများပင် ထွက်လာသည်။ သို့သော် ဤကျားကြီးအနေဖြင့် နှင်းခဲစွမ်းအင်များကို ထုတ်လွှတ်ရန်အတွက် အားအင်

အမြောက်အမြား အသုံးပြုရပုံပင်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ထိရောက်မှုမရှိသည်ကို တွေ့သောအခါ ကျားကြီးသည် သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်လေသည်။

ထိုအခါမှသာ လုချွမ်းလည်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့ပြီး သူ၏ ဇွန်ဘီရုပ်သေးများကို အနီးကပ် တိုက်ခိုက်ရန်အတွက် အလျင်အမြန် စေခိုင်းလိုက်တော့သည်။

တိုက်ပွဲအရှိန်မှာ မိုးခြိမ်းသံကဲ့သို့ တဟုန်းဟုန်း မြည်ဟည်းနေပြီး လုချွမ်းမှာမူ အံ့ဩတုန်လှုပ်

ခြင်း၊ ထိတ်လန့်စိုးရိမ်ခြင်းတို့ဖြင့် ကြည့်ရှုနေရသည်။

ဤအဆင့် ၃ ရှိသော ကျားကြီး၏ ခွန်အားမှာ မယုံနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ လုချွမ်း၏ လက်ရုံးတစ်ဆူဖြစ်သည့် တင့်ကားအမျိုးအစား ဆင့်ကဲဇွန်ဘီ အာဖန်းပင်လျှင် ထိုကျားကြီး၏ အစွမ်းကို မနည်းအောင့်အည်းကာ ရင်ဆိုင်နေရသည်။ ကျားကြီး၏ လက်သည်းဖြင့် ရိုက်ပုတ်လိုက်တိုင်း အာဖန်း၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ လွင့်ထွက်သွားရပြီး မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

လုချွမ်း၏ အဆင့် ၃ တင့်ကားအမျိုးအစား ဇွန်ဘီတစ်ကောင်သည် ထိပ်တိုက်ခွန်အားချင်း ပြိုင်ဆိုင်ရာ၌ ဤမျှအထိ အရေးနိမ့်သွားခြင်းမှာ ယခုတစ်ကြိမ်က ပထမဦးဆုံးပင်။

“ဝူး... ဝေါင်း”

ဟိန်းဟောက်သံနှင့်အတူ ကျားကြီးသည် လေပြင်းတစ်ချက်ဝေ့လိုက်သကဲ့သို့ပင် မြေပြင်ပေါ်မှ ပြန်မထနိုင်သေးသော အာဖန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် လက်သည်းကြီးများက ထပ်မံကျရောက်လာပြန်သော်လည်း အာဖန်းသည် သူ၏ သံတုတ်ကြီးဖြင့် အသည်းအသန် ခုခံတားဆီးလိုက်နိုင်သဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

လုချွမ်းမှာလည်း ထိတ်လန့်သွားရ၏။ သူ အပင်ပန်းခံ ပြုစုပျိုးထောင်ထားခဲ့ရသော အဆင့် ၃ ဇွန်ဘီမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သံတိုသံစပုံအဖြစ် ပြောင်းလဲသွားတော့မည့်အရေးကို သူ မမျှော်လင့်ထားခဲ့ပေ။

သူ၏ရင်ထဲတွင် ဒေါသအမျက်များ တောက်လောင်လာပြီး ဧရာမဇွန်ဘီ ၁ ကို ချက်ချင်းစေခိုင်းကာ အေးစက်စက်လက်သည်းများဖြင့် ကျားကြီးကို တိုက်ခိုက်စေတော့သည်။ ဧရာမဇွန်ဘီ ၁ ၏ လက်သည်းများမှာ အမှန်တကယ်ပင် ထက်မြက်လှသဖြင့် ကျားကြီး၏ ခုခံမှုကို မကြာမီမှာပင် ထိုးဖောက်နိုင်ခဲ့သည်။ သို့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် ပိုမိုပေါက်ကွဲသွားသော ကျားကြီးသည် အရူးအမူး ပြန်လည်တိုက်ခိုက်လာရာ ဧရာမဇွန်ဘီ ၁ ပင်လျှင် နောက်သို့ ဆုတ်ခွါပေးလိုက်ရသည်။

“တောက် ဒီအဆင့် ၃ မျိုးရိုးဗီဇပြောင်းကျားက အစောပိုင်းက အဆင့် ၂ ဝက်ဝံထက် အဆပေါင်းများစွာ ပိုသန်မာနေပါလား”

“ဒီအတိုင်းသာ ဆက်သွားရင်တော့ အဆင်မပြေနိုင်တော့ဘူး...”

လုချွမ်း၏ စိတ်ထဲတွင် ပြင်းထန်သော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ဤတိုက်ပွဲသည် သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို စတင်စေခိုင်းခဲ့သည်မှ ယနေ့အထိ အခက်ခဲဆုံး တိုက်ပွဲဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူ၏ အဆင့် ၂ ဇွန်ဘီများမှာမူ ကျားကြီး၏အနားသို့ပင် မကပ်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုကျားကြီး၏ အရှိန်အဟုန်မှာ လျှပ်စီး ၁ ထက်ပင် များစွာ သာလွန်နေသောကြောင့်ပင်။

လျှပ်စီး ၁ ကဲ့သို့ လျင်မြန်ဖျတ်လတ်မှုအားသာသောဇွန်ဘီများပင်လျှင် အနီးကပ် ချဉ်းကပ်တိုက်ခိုက်ရန် မဖြစ်နိုင်ဘဲ အဝေးမှနေ၍ ဓားမြှောင်များဖြင့်သာ လှမ်းပစ်နိုင်ကြသည်။ သို့သော် ထိုတိုက်ခိုက်မှုများမှာ ကျားကြီးအတွက် အစင်းရာလေးများ ထင်ရုံမျှသာ ရှိသည်။

အစပိုင်းတွင်မူ လုချွမ်းသည် အာဖန်းနှင့် အခြားအဆင့် ၂ တင့်ကားအမျိုးအစား ဇွန်ဘီများကို အသုံးပြု၍ ကျားကြီးအား ဝိုင်းဝန်းပိတ်ဆို့ရန် ကြံစည်ခဲ့သော်လည်း ထိုသားရဲ၏ ခွန်အားကို အထင်သေးမိသွားခဲ့သည်။ ကျားကြီး၏ ပြင်းထန်လှသော လက်သည်းချက်များအောက်တွင် သူ၏ အဆင့် ၂ တင့်ကားဇွန်ဘီများမှာ လွင့်ထွက်သွားကြသည်။

ထိုမြင်ကွင်းကြောင့် လုချွမ်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဇွန်ဘီများအားလုံး ဤနေရာ၌တင် အပိုင်းပိုင်းအပြတ်ပြတ် ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုရန် ချက်ချင်းပင် တားဆီးလိုက်ရတော့သည်။

ဝုန်း ဝုန်း ဝုန်း…..

သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် ဧရာမ မီးလုံးကြီးများမှာ ကောင်းကင်ယံကို ဖြတ်သန်းကာ မှောင်အတိကျနေသော တောအုပ်ကြီးကို လင်းခနဲ ဖြစ်သွားစေသည်။ မီးလျှံ ၁ သည် အဝေးမှနေ၍ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသော်လည်း ထိရောက်မှုမှာ အလွန်နည်းပါးလှသည်။မိုးသက်မုန်တိုင်း ကျရောက်နေသည့် ရာသီဥတုက မီးလျှံ ၁ ၏ မီးစွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ အားနည်းသွားစေခဲ့သည်။

ထို့ပြင် ထိုကျားသစ်ကြီးမှာ ဆင့်ကဲပြောင်းလဲပြီးနောက် ရေခဲစွမ်းအင်ကိုပါ ထုတ်လွှတ်နိုင်စွမ်း ရှိနေသည်။ ကျားကြီးသည် သူ၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပြီးနောက် ဝင်ရောက်လာသော မီးလုံးများကို တားဆီးရန်အတွက် ရေခဲတံတိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

သူ၏ အားအကောင်းဆုံး အဝေးပစ်တိုက်ကွက်မှာလည်း အရာမထင်ဖြစ်သွားသည်ကို မြင်

လိုက်ရသောအခါ လုချွမ်း၏ စိတ်နှလုံးမှာ လေးလံသွားရတော့သည်။

"တောက် ငါ အရမ်း ပေါ့ဆသွားတာပဲ"

"အဆင့် ၃ မျိုးရိုးဗီဇပြောင်း သားရဲတစ်ကောင်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

အဆင့် ၃ သားရဲတစ်ကောင်ကို နှိမ်နင်းရန်အတွက် လုချွမ်းသည် သူ၏ အဆင့် ၃ ဇွန်ဘီအားလုံးကို ခေါ်ဆောင်လာခဲ့ပြီး အသည်းအသန် တိုက်ခိုက်ခြင်းဖြင့် အနိုင်ယူရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသားရဲတွင် ပင်ကိုယ်ပါရမီစွမ်းရည်ပါ ရှိနေလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့ပေ။

သူ၏ ဇွန်ဘီရုပ်သေးများမှာ တစ်စထက်တစ်စ နောက်သို့ ဆုတ်ပေးနေရသည်ကို ကြည့်ရင်း လုချွမ်း၏ ရင်ထဲတွင် ပို၍ပင် လေးလံထိုင်းမှိုင်းလာတော့သည်။ အကယ်၍သာ ဇွတ်မှိတ်ပြီး အသက်ပေးတိုက်ခိုက်ကြမည်ဆိုလျှင် အနိုင်ရရှိနိုင်သည် ဆိုစေဦးတော့ သူ၏ တပ်ဖွဲ့မှာလည်း အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤဇွန်ဘီများသည် လုချွမ်း အစစအရာရာ ဂရုတစိုက် စုဆောင်းထားခဲ့ရသော ရတနာများဖြစ်ရာ အဆင့် ၃ အမြုတေတစ်ခုအတွက်နှင့် အဆုံးရှုံးခံရန် မထိုက်တန်ပေ။

နေဦး

သူ တစ်ခု မေ့သွားတော့မည့်ဆဲဆဲမှာပင် သွေးဆာနေသော နွယ်ပင်တောအုပ်က ဤနေရာနှင့် မဝေးသည်ကို သတိရလိုက်သည်။ လုချွမ်း၏ ခေါင်းထဲ၌ အကြံတစ်ခု ချက်ချင်း ပေါ်လာတော့သည်။

သူသည် သူ၏ အဆင့် ၃ ဆင့်ကဲဇွန်ဘီများကို စနစ်တကျ နောက်ဆုတ်စေပြီး ထိုမျိုးရိုးဗီဇပြောင်း ကျားကြီးကို နွယ်ပင်တောအုပ်ဆီသို့ ဖြည်းဖြည်းချင်း မျှားခေါ်သွားတော့သည်။

ဇွန်ဘီရုပ်သေးများမှာ အရေးနိမ့်၍ ဆုတ်ခွာနေရဟန် ပုံစံဖမ်းလိုက်ရာ ကျားကြီးမှာလည်း သွေးဆာလာပြီးနောက် သူတို့နောက်သို့ အရူးအမူး လိုက်ပါလာခဲ့ရာ မကြာမီမှာပင် သွေးဆာနေသော နွယ်ပင်တောအုပ်၏ နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ကျားကြီးသည် တောအုပ်အတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် တပြိုင်နက် သွေးရောင်လွှမ်းနေသော နွယ်ပင်များမှာ ချက်ချင်းပင် တုံ့ပြန်လာကြတော့သည်။

ရှူး... ရှူး... ရှူး...

လေကို ပိုင်းဖြတ်သွားသည့် အသံများနှင့်အတူ သွေးနီရောင် နွယ်ပင်များမှာ ကျားကြီးထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ သို့သော်လည်း အဆင့် ၃ မျိုးရိုးဗီဇပြောင်း ကျားကြီးမှာ အလွန်တရာ ရဲရင့်ကြမ်းကြုတ်လှသဖြင့် သူ၏ လက်သည်းများဖြင့် နွယ်ပင်များကို လျင်မြန်စွာပင် ဖြတ်တောက်လိုက်သည်။

ထိုစဉ်မှာပင် လုချွမ်းသည် သူ၏ အဆင့် ၃ ဇွန်ဘီရုပ်သေးများလည်း ကိုယ်ပေါ်တွင် သွေးများ ပေကျံနေသဖြင့် နွယ်ပင်များ၏ ပစ်မှတ်ဖြစ်လာကာ ခဏချင်းမှာပင် ရစ်ပတ်ဖမ်းဆီးခြင်း ခံလိုက်ရသည်ကို သတိပြုမိလိုက်သည်။

“ငါ သူတို့ကို အထင်သေးမိသွားတာပဲ...”

ဇွန်ဘီရုပ်သေးများမှာ ရစ်ပတ်ဖမ်းဆီးခံလိုက်ရသော်လည်း လုချွမ်းမှာမူ စိုးရိမ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနွယ်ပင်များသည် ဇွန်ဘီများကို စားသုံးရန် စိတ်မဝင်စားကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ သူသည် ဇွန်ဘီများကို ရုန်းကန်ခြင်းမပြုရန် စေခိုင်းလိုက်ပြီး ထိုနွယ်ပင်များကိုသာ အဆင့် ၃ ကျားကြီးအား အစွမ်းကုန် တိုက်ခိုက်ခွင့် ပေးလိုက်တော့သည်။

ကျားကြီးသည် ဧရာမခွန်အားကြီးဖြင့် ထိုနွယ်ပင်ပင်လယ်ကြီးအတွင်း အသည်းအသန် ရုန်းကန်နေရရှာသည်။ လျှပ်စီး ၁ ၏ အာရုံခံစားမှုမှတစ်ဆင့် လုချွမ်းသည် ထိုကျားကြီးကို အံ့ဩစွာဖြင့် ကြည့်နေမိသည်။ အဆင့် ၂ ဇွန်ဘီများမှာပင် မနည်းဖြတ်တောက်ရသော နွယ်ပင်များသည် ကျားကြီး၏ လက်သည်းချက်များအောက်တွင် ဟင်းသီးဟင်းရွက်များသဖွယ်ပင် ပြတ်တောက်သွားကြရသည်။

သို့သော်လည်း သွေးဆာနေသော နွယ်ပင်တို့၏ အရေအတွက်မှာ အတိုင်းအဆမရှိ များပြားလှသဖြင့် ထိုနေရာတစ်ခုလုံးမှာ သွေးနီရောင် သမုဒ္ဒရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ကျားကြီးသည် မည်မျှပင် ဖျတ်လတ်ပါစေ ထိုဝိုင်းရံပိတ်ဆို့မှုအတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ နွယ်ပင်များက ပိုမိုဝိုင်းအုံလာသည်နှင့်အမျှ ကျားကြီး၏ ခြေလက်အင်္ဂါများမှာလည်း တဖြည်းဖြည်း ရစ်ပတ်ဖမ်းဆီးခြင်း ခံလိုက်ရတော့သည်။

သူ ပစ်လွှတ်လိုက်သော နှင်းခဲစွမ်းအင်များမှာပင် ခံနိုင်ရည်မြင့်မားလှသည့် ထိုနွယ်ပင်ဆိုးများကို အရာမထင်စေနိုင်တော့ပေ။ ကျားကြီးသည် သူ၏ ခွန်အားများကို အစွမ်းကုန် မထုတ်နိုင်တော့ဘဲ နောက်ဆုံးတွင် နွယ်ပင်အုပ်ကြီး၏ အောက်၌ အနှောင်အဖွဲ့ခံလိုက်ရကာ ကိုးကွယ်ရာမဲ့စွာဖြင့်သာ ဟိန်းဟောက်နေရသည်။

All Chapters