← Chapters

အခန်း (၁၈၄)

Vol. 19 Ch. 184

အခန်း (၁၈၄)

Vol. 19 Ch. 184

အခန်း။ ၁၈၄

အချိန်ကာလ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ သွေးနီရောင် နွယ်ပင်ပင်လယ်ကြီးအတွင်း ပိတ်မိနေသော အဆင့် ၃ မျိုးရိုးဗီဇပြောင်း ကျားသစ်ကြီးမှာ အနှောင်အဖွဲ့များမှ လွတ်မြောက်ရန် အဆက်မပြတ် ဟိန်းဟောက်၍ ရုန်းကန်နေတော့သည်။ သို့သော် သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင်တော့ ထိုကျားကြီး၏ မျက်ဝန်း၌ မျှော်လင့်ချက်မဲ့နေသည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး သူ၏ ဟိန်းဟောက်သံများမှာလည်း နားမခံသာလောက်အောင် စူးရှလှသည့် အော်ဟစ်ငိုကြွေးသံများအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအသံမှာ ငရဲပြည်မှ လာသော တစ္ဆေခြောက်ခြားသံကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကြားရသူတိုင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေပေသည်။

ကျားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးရောင်လွှမ်းသော နွယ်ပင်များဖြင့် ဖုံးလွှမ်းသွားခဲ့လေပြီ။ ထက်မြက်လှသော သွေးဆာနွယ်ပင်များသည် ကျားကြီး၏ ဒဏ်ရာများ၊ ပါးစပ်နှင့် နှာခေါင်းများအတွင်းသို့ အရူးအမူး ထိုးဖောက်ဝင်ရောက်ကာ ခန္ဓာကိုယ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ စိမ့်ဝင်သွားကြသည်။ ၎င်းတို့သည် ရေကန်ထဲမှ ရေကို စုပ်စက်ဖြင့် စုပ်ယူနေသကဲ့သို့ အဆင့် ၃ သားရဲကြီး၏ သွေးများကို အငမ်းမရ စုပ်ယူနေကြတော့သည်။

မကြာမီမှာပင် တစ်ချိန်က ခန့်ညားထည်ဝါ၍ တောင့်တင်းခိုင်မာလှသော မျိုးရိုးဗီဇပြောင်း ကျားကြီးမှာ လုချွမ်း၏ မျက်စိရှေ့မှာတင် ခြောက်ကပ်ပိန်ချုံးသွားပြီး သူ၏ မျက်ဝန်းအိမ်များမှာလည်း မှေးမှိန်သွားခဲ့ရရှာသည်။ ကျားကြီး၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း တိုးညှင်းသွားပြီးနောက် နောက်ဆုံးတွင်တော့ လုံးဝ ငြိမ်သက်သွားတော့သည်။

ထူထပ်လှသော သွေးဆာနွယ်ပင်တောအုပ်မှာလည်း အလျင်အမြန်ပင် ပြန်လည်ကျုံ့ဝင်သွားကြရာ ကြီးမားလှသော သွေးရောင်နွယ်ပင် ဘောလုံးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုနွယ်ပင်များ ပြန်လည်ဖြေလျှော့သွားသည့်အခါတွင်မူ အလယ်ဗဟို၌ စုတ်ပြဲနေသော ကျားရေခွံအချို့ ကပ်ကျန်နေသည့် ဖြူစုတ်စုတ် အရိုးစုကြီးတစ်ခုကိုသာ တွေ့ရှိရတော့သည်။

အဆင့် ၃ မျိုးရိုးဗီဇပြောင်း ကျားကြီးကို ဝါးမြိုပြီးနောက်တွင် သွေးဆာနွယ်ပင်တောအုပ်၏ ကြမ်းကြုတ်မှုမှာလည်း အတော်အတန် လျော့ပါးသွားခဲ့သည်။ ၎င်းသည် ဖမ်းဆီးထားသော အာဖန်း၊ ဧရာမဇွန်ဘီနှင့် အခြားသော ဆင့်ကဲဇွန်ဘီများကိုလည်း မနှစ်မြို့သကဲ့သို့ ပြန်လည်လွှတ်ပေးလိုက်သည်။အနှောင်အဖွဲ့မှ လွတ်မြောက်လာသော အာဖန်းနှင့် အခြားသူများသည် နွယ်ပင်တောအုပ်အတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာလာကြတော့သည်။

မိုးမှာလည်း အဆက်မပြတ် ရွာသွန်းမြဲ ရွာသွန်းနေဆဲဖြစ်ရာ နွယ်ပင်တောအုပ်အတွင်း ကျန်ရှိနေသော ကျားကြီး၏ သွေးစွန်းရာများကို ဆေးကြောသန့်စင်ပေးနေသကဲ့သို့ပင်။

“ဟူး... ခွန်အားကတော့ တကယ်ကြီးမားတယ်။ ဒါပေမဲ့ ဦးနှောက်ကတော့ ပါမလာဘူး”

လုချွမ်းသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကျားကြီး၏ အရိုးစုကြီးကို စူးစိုက်ကြည့်နေလိုက်တော့သည်။

အဆင့် ၃ မျိုးရိုးဗီဇပြောင်း ကျားသစ်ကြီးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။အာဖန်း အပါအဝင် အစွမ်းထက် ဇွန်ဘီသုံးကောင် စုပေါင်းတိုက်ခိုက်သည့်တိုင် ထိုသားရဲ၏ အစွမ်းကို မယှဉ်နိုင်ခဲ့ကြချေ။

ထို့နောက် လုချွမ်းသည် သွေးဆာနွယ်ပင်တောအုပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး ကျားကြီး၏ အရိုးစုအနီးသို့ ချဉ်းကပ်လိုက်သည်။ ထို့နောက် အရိုးများကြားတွင် ဝှက်ကွယ်နေသည့် အမြုတေကို ရှာဖွေလိုက်သည်။ လုချွမ်းသည် ထိုအဆင့် ၃ အမြုတေကို မြှောက်ကိုင်ကာ သူ၏ သွေးရောင်လွှမ်းသော မျက်ဝန်းများဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေမိသည်။

ယေဘုယျအားဖြင့် အဆင့် ၃ အမြုတေများသည် ဝါကျင်ကျင်အရောင် ရှိတတ်ကြသည်။ သို့သော်လည်း ဤကျားကြီးမှာ အဆင့် ၃ သားရဲများထဲတွင်ပင် အလွန်တရာ အစွမ်းထက်လှသူ ဖြစ်ခြင်းကြောင့် သူ၏အမြုတေမှာ အစိမ်းနုရောင် သန်းနေပြီး အမြုတေ မျက်နှာပြင်ပေါ်တွင်လည်း အစိမ်းရောင် မြူခိုးလေးများ ဝဲပျံနေသကဲ့သို့ တောက်ပနေပေသည်။

လုချွမ်းသည် ကျေနပ်အားရစွာဖြင့် ကျားကြီး၏ အရိုးစုကို တစ်ချက် လှမ်းကြည့်လိုက်မိပြီး... “ဒီလောက် ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကို ဒီအတိုင်း ထားခဲ့ရမှာကတော့ တကယ့်ကို နှမြောစရာပဲ”

အမှန်တကယ်ပင် နှမြောစရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အဆင့် ၃ မျိုးရိုးဗီဇပြောင်း သားရဲ၏ အသားထဲတွင် ဧရာမ စွမ်းအင်များ ကိန်းအောင်းနေသောကြောင့်ပင်။ ထိုအသားများကိုသာ ဇွန်ဘီများကို ကျွေးမွေးနိုင်ပါက သာမန်ဇွန်ဘီမှ ဆင့်ကဲဇွန်ဘီအဖြစ်သို့ ကူးပြောင်းခြင်းကို များစွာ အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ယခု သူအသုံးပြုနေသော အဆင့် ၁ နှင့် အဆင့် ၂ သားရဲသားများထက် များစွာ ပိုမိုထိရောက်မည်မှာ အသေအချာပင်။

သို့သော်ငြားလည်း ယနေ့တွင် အဆင့် ၃ အမြုတေကို ဤမျှလွယ်လွယ်ကူကူနှင့် ရရှိခဲ့ခြင်းအပေါ် လုချွမ်း ကျေနပ်မိသည်။ အကယ်၍သာ သွေးဆာနွယ်ပင်တောအုပ် မရှိခဲ့ပါက ဤအမြုတေကို ရရှိရန် မလွယ်ကူရုံမျှမက ထိုကျားကြီး၏ တိုက်ခိုက်မှုအောက်တွင် အာဖန်းနှင့် ဧရာမဇွန်ဘီတို့ကိုပါ ဆုံးရှုံးရကာ အထိနာသွားနိုင်သည်။

သူ၏ အင်အားမှာ လုံလောက်သော အဆင့်သို့ မရောက်ရှိသေးကြောင်း လုချွမ်း ကောင်းစွာ နားလည်သွားခဲ့သည်။ ဤကျားကြီးနှင့် ရင်ဆိုင်ရစဉ်က အာဖန်းတို့ သုံးကောင်မှာ မနည်းပင် တောင့်ခံနိုင်ခဲ့ကြသော်လည်း ကျန်ရှိသော အဆင့် ၂ ဆင့်ကဲဇွန်ဘီများမှာမူ ကျားကြီး၏ လက်သည်းတစ်ချက်အောက်မှာပင် အပိုင်းပိုင်း ပြတ်သွားနိုင်သည့် အနေအထားမျိုး ဖြစ်သည်။

အကယ်၍သာ သူ၏ လက်အောက်တွင် အဆင့် ၃ ဆင့်ကဲဇွန်ဘီ ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိနေခဲ့ပါက ထိုကျားကြီးမှာ သူ့ကို မြင်သည်နှင့် လှည့်ပင်မကြည့်ဘဲ ထွက်ပြေးသွားမည်မှာ ဧကန်မလွဲပင်။

“တော်သေးတာပေါ့... ဒီသွေးဆာနွယ်ပင်တောအုပ် ရှိနေလို့ပဲ”

လုချွမ်းသည် သွေးဆာနွယ်ပင်တောအုပ်ကို ကြည့်ကာ စိတ်ထဲတွင် အလွန်တရာ ကျေနပ်အားရနေမိသည်။ ယခုကဲ့သို့ အောင်မြင်မှုရရှိခဲ့ခြင်းက သူ့အတွက် အကြံကောင်းတစ်ခုကိုလည်း ရရှိစေခဲ့သည်။ နောင်တွင် ခေါင်းခဲစရာကောင်းသော အဆင့် ၃ မျိုးရိုးဗီဇပြောင်း သားရဲများနှင့် ထပ်မံရင်ဆိုင်ရပါက ဤနည်းလမ်းကိုပင် အသုံးချနိုင်ပေသည်။

လက်ထဲရှိ အဆင့် ၃ အမြုတေကို ကြည့်ရင်း လုချွမ်း၏ သွေးရောင်လွှမ်းသော မျက်ဝန်းများက အရောင်တောက်ပလာသည်။ အကယ်၍ ဤကဲ့သို့သော အမြုတေမျိုး နောက်ထပ် အနည်းငယ်မျှသာ ရရှိမည်ဆိုပါက သူကိုယ်တိုင်ပင် ထပ်မံ၍ ဆင့်ကဲပြောင်းလဲနိုင်မည်ပင်။

ခဏအကြာတွင် လုချွမ်းသည် အမြုတေကို သိမ်းဆည်းလိုက်ပြီး သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့နှင့်အတူ နောက်ထပ် အမဲလိုက်ခရီးကို ဆက်လက်ထွက်ခွာခဲ့သည်။ သားရဲအချို့ကို ထပ်မံသတ်ဖြတ်ပြီးနောက်တွင်မူ သူသည် ဇွန်ဘီတပ်ဖွဲ့ကို ဦးဆောင်၍ ချင်းရွှေခြံဝင်းသို့ ပြန်လာခဲ့သည်။

ခြံဝင်းသို့ ရောက်သောအခါ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ သွေးညှီနံ့ နံစော်နေသော သားရဲအလောင်းများကို အပိုင်းပိုင်းဖြတ်တောက်စေကာ အချို့ကို ဂိုဒေါင်အတွင်း သိမ်းဆည်းပြီး အချို့ကိုမူ အားကစားကွင်းအတွင်းရှိ ဇွန်ဘီများကို ကျွေးမွေးရန် ယူဆောင်သွားခဲ့သည်။

ဤသို့ဖြင့် မသိမသာပင် နောက်ထပ် တစ်ပတ်ခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။ ဤရက်များအတွင်း လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို ဦးဆောင်ကာ အဝါရောင်နဂါးတောင်သို့ မကြာခဏသွား၍ အမဲလိုက်ခြင်း၊ အမြုတေများ စုဆောင်းခြင်းနှင့် ဇွန်ဘီများအတွက် သားရဲသားများ ရှာဖွေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုတစ်ပတ်အတွင်း လုချွမ်းသည် အဆင့် ၃ သားရဲဆိုးများနှင့် ထပ်မံမတွေ့ဆုံခဲ့ရသဖြင့် နွယ်ပင်တောအုပ်ကို အသုံးချကာ အဆင့်တက်ရန် ကြံစည်ထားသည့် သူ၏အစီအစဉ်မှာ အထမမြောက်ခဲ့ပေ။ သို့သော်ငြားလည်း အဆင့် ၁ နှင့် အဆင့် ၂ မျိုးရိုးဗီဇပြောင်း သားရဲများစွာကို ရရှိခဲ့ပြီး စုဆောင်းမိသော အမြုတေများကြောင့် သူ၏ အဆင့် ၂ ဇွန်ဘီရုပ်သေး အရေအတွက်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ယခုအခါ သူ၏လက်အောက်ရှိ အဆင့် ၂ ဇွန်ဘီရုပ်သေး အရေအတွက်မှာ ၃၂ ကောင်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် လျှပ်စီး ၁ ၊ မြေလျှိုး ၁ နှင့် တာဖန်းတို့သည်လည်း လုချွမ်း ထောက်ပံ့ပေးသော အဆင့် ၂ အမြုတေများစွာကို အသုံးပြုကာ အဆင့် ၃ ဆင့်ကဲဇွန်ဘီများအဖြစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ကြသည်။

အဆင့်တက်သွားပြီးနောက် လျှပ်စီး ၁ ၏ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသော်လည်း ခြေလက်များမှာမူ သိသိသာသာ ပိုမိုရှည်လျား တောင့်တင်းလာခဲ့သည်။ သူ၏ ခုန်ကူးနိုင်စွမ်းမှာလည်း အံ့မခန်း ဖြစ်လာခဲ့သလို အရှိန်အဟုန်မှာလည်း ယခင်ထက် နှစ်ဆမက ပိုမိုမြန်ဆန်လာသည်။

သူ၏လက်ထဲရှိ သံမဏိဓားမြှောင်အား ဝေ့ယမ်းလိုက်တိုင်း လေထုထဲတွင် အေးစက်စက် အလင်းတန်းများစွာ ဖြာထွက်သွားပြီး အသားထဲသို့ စူးဝင်သွားမတတ် ခံစားရစေသည်။ ဓား၏ အရှိန်မှာလည်း လျင်မြန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့်ပင် မမြင်နိုင်တော့ပေ။

တစ်ဖက်တွင်လည်း တာဖန်းသည် အာဖန်းရှိရာသို့ လျှောက်လှမ်းသွားရင်း ခန္ဓာကိုယ်မှာ ပိုမိုကြီးမားထွားကျိုင်းလာကာ တစ်ကိုယ်လုံးတွင်လည်း အနက်ရောင် အကြေးခွံ သံချပ်ကာများ ဖုံးလွှမ်းသွားခဲ့သည်။ သူသည် ချင်းရွှေခြံဝင်းကို စောင့်ကြပ်ရန်အတွက် နောက်ထပ် တံခါးစောင့်နတ်မင်းကြီး တစ်ပါးသဖွယ် ဖြစ်လာခဲ့ပြီး အာဖန်းနှင့်အတူ အပေးအယူမျှတလှသော အတွဲအဖက် ဖြစ်လာခဲ့လေသည်။

နောက်ဆုံးတစ်ယောက်မှာမူ မြေလျှိုး ၁ ဖြစ်သည်။ သူသည် ဆင့်ကဲပြောင်းလဲပြီးနောက် ခန္ဓာကိုယ်အရွယ်အစားမှာ များစွာပြောင်းလဲခြင်းမရှိသော်လည်း တစ်ကိုယ်လုံးမှာ မြေမှုန့်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ မြေဝါရောင် သန်းလာခဲ့သည်။ သို့သော် သူ၏ မြေလျှိုးနိုင်စွမ်းမှာမူ ယခင်ထက် များစွာ ပိုမိုဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် လုချွမ်းအတွက် ဤတစ်ပတ်အတွင်း ရရှိခဲ့သော အကျိုးအမြတ်မှာ ဤမျှသာ မဟုတ်ပေ။

ကျန်းနန်မြို့ပြရှိ အားကစားကွင်းကြီး၏ အတွင်းပိုင်းမှာမူ ဇွန်ဘီများ၏ အော်ဟောက်သံများနှင့် ရှုပ်ထွေးလှသော ခြေသံများကြောင့် ဆူညံပွက်လောရိုက်နေတော့သည်။ အချို့သော ဇွန်ဘီများသည် တံတိုင်းများအနားတွင် တစ်ကောင်တည်းရပ်ကာ ကွန်ကရစ်နံရံများကို သူတို့၏လက်သည်းများဖြင့် ကုတ်ခြစ်နေကြပြီး ထိုနေရာမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြသည်။

အချို့ဇွန်ဘီများမှာမူ အချင်းချင်း တိုက်ခိုက်ကိုက်ခဲနေကြပြီး သေဆုံးသွားသူကို ဝါးမြိုစားသောက်နေကြသည်။ ဇွန်ဘီအများစုမှာမူ အားကစားကွင်း အလယ်ဗဟိုတွင် ရည်ရွယ်ချက်မဲ့စွာ ဟိုဟိုဒီဒီ လျှောက်သွားနေကြလေသည်။

ဂျုန်း...

အဆင့် ၃ ဧရာမဇွန်ဘီ ၁ က တံခါးကို တွန်းဖွင့်၍ ပြင်းထန်သော အငွေ့အသက်များကို ထုတ်

လွှတ်လိုက်ရာ အားကစားကွင်းအတွင်းရှိ ဇွန်ဘီများမှာ ဧရာမဇွန်ဘီကို ကပ်ရောဂါဆိုးကြီးတစ်ခုကဲ့သို့ ကြောက်ရွံ့ကာ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ၏ အမြင်အာရုံကို အသုံးပြု၍ ဤကာလအတွင်း သူရရှိထားသော အသီးအပွင့်များကို စေ့စေ့စပ်စပ် စာရင်းစစ်ဆေးနေမိသည်။ ထိုအချိန်တွင် အဝေးတစ်နေရာရှိ ချင်းရွှေခြံဝင်း၌ ရှိနေသောဇွန်ဘီများကြောင့် လုချွမ်း၏ နှုတ်ခမ်းဖျားတွင်လည်း ကျေနပ်သောအပြုံးတစ်ခု ပေါ်လွင်နေသည်။

ယခုအခါ အားကစားကွင်းအတွင်း၌ အဆင့် ၁ ဆင့်ကဲဇွန်ဘီ အရေအတွက်မှာ ငါးဆယ်အထိ ရှိနေပြီ ဖြစ်သည်။ သားရဲသားများ ကျွေးမွေးခြင်းက ဇွန်ဘီများ ဆင့်ကဲပြောင်းလဲမှုအပေါ် သက်ရောက်မှုမှာ လုချွမ်း ခန့်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့သည်။

လုချွမ်း ကျေနပ်နေရခြင်းမှာ ဤအဆင့် ၁ ဇွန်ဘီ ငါးဆယ်ကြောင့်တင် မဟုတ်ဘဲ ထောင့်တစ်နေရာတွင် ခန့်ညားစွာ ရှိနေကြသော အဆင့် ၂ ဇွန်ဘီ အနည်းငယ်ကြောင့်လည်း ပါဝင်သည်။

“နေ့တိုင်း သားရဲဆိုးတွေကို မနားတမ်း အမဲလိုက်ခဲ့ရတာ နောက်ဆုံးတော့ အရာထင်လာပြီပဲ”

ဤမျှများပြားလှသော ရလဒ်များကို ကြည့်ရင်း လုချွမ်း မချီးကျူးဘဲ မနေနိုင်တော့ပေ။ လုချွမ်းအနေဖြင့် ဤဇွန်ဘီများကို မွေးမြူထားရခြင်းမှာ သူတို့ဆီမှရမည့် အမြုတေများအတွက်သာ….

ယခု ရရှိထားသော အမြုတေ အရေအတွက်မှာ သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို သိသိသာသာ အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော ပမာဏ ဖြစ်နေ၏။

All Chapters