အခန်း (၁၈၅)
Vol. 19 Ch. 185
အခန်း။ ၁၈၅
“ရိတ်သိမ်းချိန် တန်ပြီ”
အားကစားကွင်းအတွင်းရှိ ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း လုချွမ်းသည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
အကယ်၍ အဆင့်မြင့်ဇွန်ဘီများက ဖိနှိပ်ချုပ်ကိုင်ထားခြင်း မရှိပါက ဤဇွန်ဘီများသည် သူတို့ကိုယ်တိုင် အဆင့်တက်လှမ်းနိုင်ရန်အတွက် အချင်းချင်း တိုက်ခိုက်ခြင်း၊ ဝါးမြိုခြင်းတို့ကို ဗီဇအရ ပြုလုပ်ကြမည်သာ ဖြစ်သည်။ အားကစားကွင်းအတွင်းရှိ အဆင့် ၂ ဆင့်ကဲဇွန်ဘီ အနည်းငယ်မှာလည်း ဤနည်းလမ်းဖြင့်ပင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားသော ဤအားကစားကွင်းကြီးမှာ ခိုင်ခံ့သည်ဟု ထင်ရသော်လည်း ဆင့်ကဲဇွန်ဘီများ၏ အဆက်မပြတ် တိုက်ခိုက်ဖျက်ဆီးမှုဒဏ်ကိုမူ ကြာရှည်ခံနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ဖျက်ဆီးအား ပိုမိုပြင်းထန်သော အဆင့် ၂ ဆင့်ကဲဇွန်ဘီများသည် နံရံများကို လက်သီးဖြင့် တစ်ချက်ထိုးရုံမျှဖြင့် အပေါက်ကြီးများ ဖြစ်သွားစေနိုင်ရာ အချိန်ကြာလာသည်နှင့်အမျှ အခြေအနေမှာ ပိုမိုဆိုးရွားလာမည်ပင်။
အကယ်၍ အဆင့် ၂ ဇွန်ဘီများသာ ပိုမိုများပြားလာပါက ဤအားကစားကွင်းကြီးတစ်ခုလုံးကို ထိုကောင်များက ဖြိုချဖျက်ဆီးပစ်လိမ့်မည်ဟု လုချွမ်း သံသယရှိနေသည်။ ထို့ကြောင့်ပင် လုချွမ်းသည် သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသော ဤဆင့်ကဲဇွန်ဘီများကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤအမြုတေများသည် သူ့အတွက် များစွာ အသုံးဝင်သည်။ သူကိုယ်တိုင် ကျွေးမွေးပြုစုထားသည့် ဝက်များကို ပြန်လည်အသုံးချရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ မျိုးရိုးဗီဇပြောင်း သားရဲသားများကို အမြောက်အမြား စားသုံးခဲ့ပြီးဖြစ်ရာ ဤဆင့်ကဲဇွန်ဘီများအနေဖြင့် သူတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်ရမည့်အချိန်ပင်။
နာရီဝက်ခန့်အကြာတွင် လုချွမ်းသည် ချီချီလေးအတွက် ထမင်းပြင်ဆင်ပေးခဲ့ပြီး ကျောင်းစာများကို သေသေချာချာ လုပ်ရန် မှာကြားခဲ့ပြီးနောက် အားကစားကွင်းသို့ ကိုယ်တိုင် ထွက်ခွာလာခဲ့သည်။
အားကစားကွင်းရှေ့သို့ ရောက်သောအခါ လုချွမ်းသည် ကားပေါ်မှဆင်း၍ အရှေ့ဘက်တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် စိတ်အာရုံကို တစ်ချက် စုစည်းလိုက်ပြီး အထဲရှိ ဆင့်ကဲဇွန်ဘီအချို့ကို တိုက်ရိုက်ထိန်းချုပ်ကာ ဇွန်ဘီရုပ်သေးများအဖြစ်သို့ ချက်ချင်းပင် ကူးပြောင်းလိုက်တော့သည်။
ချက်ချင်းပင် အစောပိုင်းက သောင်းကျန်းနေကြသည့် ဆင့်ကဲဇွန်ဘီများသည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ ငြိမ်ကျသွားကြပြီး ဇွန်ဘီအုပ်ကြီးကြားမှ စနစ်တကျ တိုးထွက်ကာ အားကစားကွင်းအပြင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြတော့သည်။
အားကစားကွင်းအပြင်ဘက်သို့ ရောက်သောအခါ လုချွမ်းသည် ထိုဇွန်ဘီရုပ်သေးများကို အတန်းလိုက်၊ အုပ်စုလိုက် သေသေချာချာ ခွဲခြား၍ တန်းစီခိုင်းလိုက်သည်။ အားကစားကွင်းအတွင်း ကျန်ရှိနေခဲ့သော အဆင့် ၁ ဆင့်ကဲဇွန်ဘီများမှာမူ လုချွမ်းအတွက် လိုအပ်သော အမြုတေများကို ပေးစွမ်းမည့် အရင်းအမြစ်များသာ ဖြစ်လာကြတော့မည်။
နောက်တစ်စက္ကန့်တွင် လုချွမ်းသည် ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့ကို အထဲသို့ ထိုးဖောက်ဝင်ရောက်ရန် စေခိုင်းလိုက်တော့သည်။
ဂျုန်း... ဂျုန်း...
ဧရာမဇွန်ဘီ ၁ ခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာသည်။ ဧရာမဇွန်ဘီ ၁ သည် ကြမ်းကြုတ်သောအရှိန်အဝါများကို ထုတ်လွှတ်ရင်း တောင့်တင်းလှသော ကြွက်သားကြီးများဖြင့် ဇွန်ဘီအုပ်ကြီးကို တိုးဝှေ့ဝင်ရောက်သွားပြီး လမ်းတွင်ပိတ်နေသမျှကို သူ၏ သန်စွမ်းသော ခန္ဓာကိုယ်ဖြင့် လွင့်စင်သွားအောင် တွန်းဖယ်ပစ်လိုက်သည်။
လွင့်ထွက်သွားသော ဇွန်ဘီများသည် အခြားဇွန်ဘီအုပ်ကြီးပေါ်သို့ ကျရောက်ကာ လဲပြိုသွားစေသဖြင့် အားကစားကွင်းအတွင်း ပိုမိုဖရိုဖရဲ ဖြစ်သွားရသည်။ ထိုစဉ်မှာပင် ဧရာမဇွန်ဘီ ၁ သည် သတ္တုရောင်တလက်လက် တောက်ပနေသော သူ၏ လက်သည်းကြီးများကို ဝေ့ယမ်းလိုက်ရာ လေထုထဲတွင် အေးစက်စက် အလင်းတန်းများ ပေါ်ထွက်လာပြီး လက်သည်းချက်တစ်ခုချင်းစီက လေထုကို ပေါက်ကွဲစေမတတ် စူးရှသောအသံများကို ထုတ်လွှတ်နေတော့သည်။
ဝင်ရောက်လာသော ဧရာမဇွန်ဘီ ၁ ကို မြင်လိုက်ရသည့် အဆင့် ၁ ဆင့်ကဲဇွန်ဘီများသည် ဗီဇအရ ထိတ်လန့်တကြား အော်ဟောက်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။ သို့သော် ထိုဇွန်ဘီများ၏ အရှိန်အဟုန်မှာ အဆင့် ၃ ရှိသော ဧရာမဇွန်ဘီ ၁ ကို မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ သိပ်မဝေးလှသော နေရာ၌ပင် ဖမ်းဆီးခြင်းခံလိုက်ရပြီး ဧရာမဇွန်ဘီ ၁ ၏ ထက်မြက်သော လက်သည်းချက်များက သူတို့ထံ ကျရောက်လာတော့သည်။
အေးစက်စက် အလင်းတန်းများ လင်းလက်သွားပြီးနောက် ထွက်ပြေးနေကြသော အဆင့် ၁ ဆင့်ကဲဇွန်ဘီများသည် ချက်ချင်းပင် အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖြဲခြင်း ခံလိုက်ရကာ နက်မှောင်သော သွေးညှီသားများမှာလည်း လေထဲတွင် လွင့်စင်သွားကြရသည်။
လျှပ်စီး ၁ ၏ အရှိန်အဟုန်မှာမူ အမှန်တကယ်ပင် လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။သူ၏ သွယ်လျသော ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအလား ဖရိုဖရဲဖြစ်နေသော ဇွန်ဘီအုပ်ကြီးကြားတွင် ဟိုဟိုဒီဒီ ဖြတ်သန်းသွားလာနေပြီး လက်ထဲရှိ သံမဏိဓားမြှောင်ကလည်း စူးရှလှသော ဓားအလင်းတန်းများကို ဖန်တီးနေတော့သည်။
ဧရာမဇွန်ဘီ ၁ ၏ သတ်ဖြတ်မှုမှ လွတ်မြောက်လာသော အဆင့် ၁ ဆင့်ကဲဇွန်ဘီများသည် သူတို့၏ လည်ပင်းထက်သို့ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပြီး နောက်တစ်ခဏ၌ ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေး ပြုတ်ကျကုန်တော့သည်။
အားကစားကွင်းကြီးတစ်ခုလုံးမှာ ဇွန်ဘီများ၏ ကြောက်လန့်တကြား အော်ဟောက်သံများနှင့် ထက်မြက်သော ဓားချက်များက အသားများကို ပိုင်းဖြတ်သွားသည့် ဗုတ်ဗုတ်သံများဖြင့် ဟိန်းထွက်နေတော့သည်။
မိနစ်အနည်းငယ်မျှ ကြာပြီးနောက်တွင် ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့သည် အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာလာကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စုတ်ပြဲနေသော အသားစများနှင့် နက်မှောင်သည့် သွေးပုပ်များ ပေကျံနေပြီး ပြင်းထန်သော အပုပ်နံ့များလည်း လှိုင်ထွက်နေတော့သည်။
သတ်ဖြတ်မှုဒဏ်ကို ခံလိုက်ရသော ဇွန်ဘီအုပ်ကြီးမှာမူ ယခုအခါ အလွန်အမင်း ထိတ်လန့်သွားကြကာ အချင်းချင်း ပူးကပ်၍ အစုလိုက်အပြုံလိုက်ကြီး ဖြစ်နေကြသည်။ သူတို့ထက် မြင့်မားလှသော ဩဇာအာဏာနှင့် ဖိနှိပ်မှုအရှိန်အဝါကြောင့် ဇွန်ဘီများ၏ ခန္ဓာကိုယ်များမှာ ဗီဇအရ တုန်ရင်နေကြပြီး မည်သည့်အော်ဟောက်သံမျှပင် မပြုလုပ်ရဲကြတော့ပေ။
တံခါးအပြင်ဘက်မှနေ၍ ဤမြင်ကွင်းအားလုံးကို စောင့်ကြည့်နေသော လုချွမ်းသည် ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့ထံမှ အဆင့် ၁ အမြုတေ အခု ၃၀ ကို လက်ခံရရှိလိုက်သည်။
“ကဲ... အခုတော့ ဒီအမြုတေတွေကို အသုံးချရမယ့်အချိန်ပဲ”
ဧရာမဇွန်ဘီ ၁ ၏ လက်ဖဝါးပေါ်ရှိ အမြုတေ ၃၀ ကို ကြည့်ရင်း လုချွမ်း၏ အကြည့်မှာ အနားတွင်ရှိနေသော အဆင့် ၁ ဇွန်ဘီရုပ်သေးများထံသို့ ရောက်ရှိသွားသည်။ ဤဇွန်ဘီရုပ်သေးများသည် အားကစားကွင်းအတွင်းမှ လတ်တလောမှပင် ကူးပြောင်းထားသူများ ဖြစ်ကြသည်။
ထို့နောက် လုချွမ်းသည် အနားရှိ လျင်မြန်ဖျတ်လတ်သောဇွန်ဘီ တစ်ကောင်ကို ရွေးချယ်ကာ ရှေ့သို့ထွက်လာစေပြီး အမြုတေများကို ကျွေးမွေးတော့သည်။ အနီရောင်အမြုတေ သုံးခုကို ဝါးမြိုလိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော စွမ်းအင်များမှာ ၎င်း၏ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး အစိတ်အပိုင်းတိုင်းကို စတင်ပြောင်းလဲစေတော့သည်။
“ဝူး... ဝေါ”
ရှေ့မှ ဇွန်ဘီမှာ ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်ပြီး ခန္ဓာကိုယ်မှာ စတင်တုန်ရီလာကာ ပိုမိုရှည်လျားထွားကျိုင်းလာသည်။ ကြွက်သားများမှာလည်း တဖြည်းဖြည်း ဖောင်းကြွလာတော့သည်။
၎င်းမှာ ဆင့်ကဲပြောင်းလဲနေခြင်းပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လုချွမ်း၏ရင်ထဲတွင် ဝမ်းသာအားရမှုများ ပြည့်နှက်သွားသည်။ အမှန်တကယ်ပင် သိပ်မကြာလိုက်မီမှာပင် ထိုဇွန်ဘီမှာ အဆင့် ၂ ရှိသော လျင်မြန်ဖြတ်လတ်သောဇွန်ဘီတစ်ကောင်အဖြစ်သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားတော့သည်။
ထို့နောက် လုချွမ်းသည် ထိုဇွန်ဘီကို ဂရုမစိုက်တော့ဘဲ ထိုနေရာ၌ပင် ရပ်နေစေကာ အခြားအဆင့် ၁ ဆင့်ကဲဇွန်ဘီတစ်ကောင်ကို ထပ်မံထွက်လာစေပြန်သည်။
လုချွမ်းသည် ထိုဇွန်ဘီကိုလည်း အမြုတေများ ထပ်မံကျွေးမွေးပြန်သည်။ အဆင့် ၂ ဇွန်ဘီတစ်ကောင် ပေါ်ထွက်လာတိုင်း လုချွမ်းသည် နောက်ထပ်အဆင့် ၁ ဇွန်ဘီတစ်ကောင်ကို ရှေ့သို့ခေါ်ထုတ်ကာ အမြုတေများကို အဆက်မပြတ် ကျွေးမွေးနေတော့သည်။ လုချွမ်း၏လက်ထဲရှိ အဆင့် ၁ အမြုတေ ၃၀ လုံး ကုန်ဆုံးသွားချိန်တွင်မူ သူသည် အဆင့် ၂ ဇွန်ဘီရုပ်သေး ၁၀ ကောင်ကို အောင်မြင်စွာ ရရှိခဲ့လေပြီ။
၎င်းတို့မှာ အဆင့် ၂ တင့်ကားအမျိုးအစား ၇ ကောင်နှင့် အဆင့် ၂ ဖျတ်လတ်မှုအမျိုးအစား ၃ ကောင်တို့ ဖြစ်ကြသည်။ လုချွမ်းသည် ထိုအဆင့် ၂ ဇွန်ဘီရုပ်သေး ၁၀ ကောင်လုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။
ထိုစဉ် လုချွမ်း၏ စိတ်အာရုံတစ်ခုနှင့်အတူ...
သူ့နောက်တွင် ရပ်နေသော ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့သည် ချက်ချင်းပင် ထိုဇွန်ဘီအုပ်စုထဲသို့ ဒဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ ၎င်းတို့သည် မိမိကိုယ်ကို ခုခံနိုင်စွမ်းမရှိသည့် အဆင့် ၂ ဇွန်ဘီရုပ်သေး ၁၀ ကောင်ကို လက်သည်းများ၊ ဓားမြှောင်များဖြင့် အပိုင်းပိုင်းဖြတ်တောက်ကာ ဦးခေါင်းများကို ရိုက်ခွဲ၍ အတွင်းရှိ အဆင့် ၂ အမြုတေများကို ထုတ်ယူတော့သည်။
လုချွမ်းသည် ဤသတ်ဖြတ်မှုကို အေးအေးဆေးဆေးပင် ကြည့်နေခဲ့သည်။ သူ အဆင့် ၄ သို့ တက်လှမ်းရန်အတွက် အလိုအပ်ဆုံးအရာမှာ အဆင့် ၃ အမြုတေများ ဖြစ်သည်။ အဆင့် ၃ အမြုတေများကို ရရှိရန်အတွက် အဆင့် ၃ သားရဲဆိုးများ သို့မဟုတ် ဆင့်ကဲဇွန်ဘီများထံမှ ရယူရန်အပြင် အခြားနည်းလမ်းတစ်ခုရှိသေးသည်မှာ သူ၏ ကိုယ်ပိုင်အဆင့် ၃ ဇွန်ဘီရုပ်သေးများထံမှ ပြန်လည်ရယူခြင်းပင်။
အဆင့် ၃ ဇွန်ဘီရုပ်သေးတစ်ကောင် ဖန်တီးရန်အတွက် အဆင့် ၂ ဇွန်ဘီများ အဆင့်တက်ရန် လိုအပ်ပြီး ထိုသို့ဖြစ်ရန် အဆင့် ၂ အမြုတေများ လိုအပ်သည်။ထို့ကြောင့်ပင် ဤအဆင့် ၂ ဇွန်ဘီ ၁၀ ကောင်မှာ သူ့အတွက် အဆင့် ၂ အမြုတေများ ပေးစွမ်းရမည့် အရင်းအမြစ်များသာ ဖြစ်လာခဲ့ကြရသည်။
မကြာမီမှာပင် လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ထံမှ အဆင့် ၂ အမြုတေ ၁၀ ခုကို လက်ခံရရှိလိုက်ရာ သူ၏မျက်ဝန်းများမှာ ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဒါဆိုရင်တော့ လုံလောက်ပြီပဲ...”
ပုံမှန်အားဖြင့် အဆင့် ၂ ဇွန်ဘီတစ်ကောင် အဆင့် ၃ သို့ တက်လှမ်းရန် အဆင့် ၂ အမြုတေ ၃ ခု လိုအပ်ကြောင်း လုချွမ်း ယခင်ကတည်းက လက်တွေ့စမ်းသပ် သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် အရာအားလုံး အဆင်ပြေမည်ဆိုပါက လုချွမ်းအနေဖြင့် အဆင့် ၃ ဇွန်ဘီရုပ်သေး ၃ ကောင်ကို ယာယီအားဖြင့် ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။
ဤသည်မှာ လုချွမ်း တစ်ပတ်ကျော်ကြာ အပင်ပန်းခံ အားထုတ်ခဲ့မှု၏ အမြင့်ဆုံး ရလဒ်ပင်။ ထိုအဆင့် ၃ ဇွန်ဘီရုပ်သေး ၃ ကောင်မှာ အဆင့် ၃ အမြုတေ ၃ ခုနှင့် အတူတူပင်ဖြစ်ရာ ၎င်းကို မျိုးရိုးဗီဇပြောင်းကျားကြီးထံမှရရှိသော အမြုတေနှင့် ပေါင်းစပ်လိုက်ပါက လုချွမ်းကို အဆင့် ၄ သို့ ပို့ဆောင်ပေးရန် လုံလောက်သော ပမာဏ ဖြစ်သည်။
အဆင့် ၄ သို့ တက်လှမ်းပြီးနောက် သူ၏ ပင်ကိုယ်ပါရမီစွမ်းရည်များ မည်မျှအထိ တိုးတက်လာမည်ကို တွေးတောရင်း လုချွမ်းတစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။