← Chapters

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း။ ၁၈၆

ဧရာမဇွန်ဘီ ၁ ကို အားကစားကွင်း၌ ဆက်လက်စောင့်ကြပ်စေခဲ့ပြီးနောက် လုချွမ်းသည် အဆင့် ၂ အမြုတေ ၁၀ ခုကို ယူဆောင်ကာ ချင်းရွှေခြံဝင်းသို့ ပြန်လာခဲ့သည်။ ခြံဝင်းတံခါးဝသို့ ရောက်ရှိချိန်တွင် အာဖန်းသည် ဧရာမ သံပတ်တုတ်ကြီးကို ကိုင်ဆောင်ကာ တံခါးစောင့်အဖြစ် မားမားမတ်မတ် ရှိနေဆဲပင်။

ထို့နောက် လုချွမ်းသည် သူ၏လက်အောက်ရှိ အဆင့် ၂ ဇွန်ဘီရုပ်သေး ၃ ကောင်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။ သူသည် ရှေ့တွင်ရှိနေသော တင့်ကားအမျိုးအစား ဇွန်ဘီရုပ်သေး ၃ ကောင်အား လက်ထဲရှိ အဆင့် ၂ အမြုတေများကို ကျွေးမွေးလိုက်တော့သည်။

အမြုတေများကို ဝါးမြိုလိုက်သည်နှင့် တပြိုင်နက် ထိုဇွန်ဘီ ၃ ကောင်၏ တောင်ကြီးများသဖွယ် ထွားကျိုင်းလှသော ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်လာကြသည်။ အမြုတေများမှ ထွက်ပေါ်လာသော ဧရာမစွမ်းအင်များသည် ဇွန်ဘီရုပ်သေးများ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် အားဖြည့်ပေးနေပြီး အဆင့် ၃ သို့ ကူးပြောင်းနိုင်ရန် တွန်းအားပေးနေတော့သည်။

“အူ…ဂါးးးးး”

ခန္ဓာကိုယ်အတွင်း၌ အဆုံးအစမရှိသော စွမ်းအင်များ ရုန်းကန်လှုပ်ရှားလာရာ တင့်ကားအမျိုးအစား ဇွန်ဘီ ၃ ကောင်မှာ ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ အဆင့် ၃ ဇွန်ဘီများ၏ ဖိအားမှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

၎င်းတို့၏ အရှိန်အဝါမှာ သိသိသာသာ ပြင်းထန်လာသည်နှင့်အမျှ ထိုဇွန်ဘီ ၃ ကောင်၏ ပုံသဏ္ဌာန်မှာလည်း တာဖန်းနှင့် အာဖန်းတို့၏ ပုံစံသို့ လျင်မြန်စွာ ကူးပြောင်းလာတော့သည်။ သူတို့၏ လက်မောင်းများမှာ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ တောင့်တင်းကာ ဧရာမ တံခါးချပ်ကြီးများအလား ထူထဲလှပြီး အပေါ်ယံတွင်လည်း မှောင်ရိပ်သန်းနေသော အနက်ရောင် အကြေးခွံမာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ထိုခဏမှာပင် လုချွမ်း၏အနားတွင်ရှိနေသော တာဖန်း၊ အာဖန်းနှင့် မီးလျှံ ၁ တို့သည် အဆင့်တက်ခါစ တင့်ကားအမျိုးအစား ဇွန်ဘီ ၃ ကောင်ကို ချက်ချင်းပင် ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြတော့သည်။ အာဖန်းသည် သူ၏ သံပတ်တုတ်ကြီးကို အရှိန်အဟုန်ပြင်းစွာ ဝှေ့ယမ်းလိုက်ပြီး အလယ်တွင်ရှိသော ဇွန်ဘီ၏ ဦးခေါင်းကို အားကုန်လွှဲ၍ ရိုက်ချလိုက်လေသည်။

ဝုန်း….

ခဏချင်းမှာပင် ထိုတင့်ကားအမျိုးအစား ဇွန်ဘီ၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး ဦးခေါင်းခွံများ ကြေမွကာ အသားစများလည်း လွင့်စင်သွားတော့သည်။ ၎င်း၏ ဦးခေါင်းမှာ ရိုက်ခွဲခံလိုက်ရသော သစ်သီးတစ်လုံးကဲ့သို့ပင် ပုံပျက်ပန်းပျက် ဖြစ်သွားရပြီးနောက် ထိုဇွန်ဘီမှာ မြေပြင်ပေါ်သို့ ကိုးကွယ်ရာမဲ့စွာဖြင့် လဲကျကာ သေဆုံးသွားတော့သည်။

တာဖန်းသည် သူ၏ သံတုတ်ကြီးကို အသုံးပြု၍ တင့်ကားအမျိုးအစား ဇွန်ဘီ၏ ဦးခေါင်းကို ကလော်ထုတ်လိုက်ရာ ဝါကျင်ကျင်အရောင်ရှိသော အဆင့် ၃ အမြုတေတစ်ခု ထွက်ပေါ်လာသည်။

တစ်ဖက်တွင်လည်း အာဖန်းက လေထုကို ပိုင်းဖြတ်ကာ နားကွဲမတတ် အသံကြီးဖြင့် ထပ်မံထိုးနှက်လိုက်ရာ ဘယ်ဘက်ရှိ ဇွန်ဘီ၏ မျက်နှာမှာ သွေးချင်းချင်းနီကာ ပုံပျက်ပန်းပျက် ဖြစ်သွားရသည်။ ဦးခေါင်းခွံမှာလည်း အက်ကွဲသွားပြီး ထိုဇွန်ဘီမှာ မြေပြင်ပေါ်သို့ ခွေခေါက်၍ လဲကျသွားတော့သည်။

ဘုန်း ဘုန်း ဘုန်း…..

အာဖန်းသည် အလျှော့မပေးဘဲ ပြိုင်ဘက်၏ ဦးခေါင်းကို တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ထုနှက်နေတော့သည်။ ဦးနှောက်အစိပ်အပိုင်းများနှင့် သွေးများမှာလည်း အပြင်သို့ တလဟော စီးထွက်လာပြီး နောက်ဆုံးတွင် ဦးခေါင်းခွံမှာ အပိုင်းပိုင်းအပြတ်ပြတ် ကြေမွသွားကာ အတွင်းရှိ အမြုတေမှာ ပေါ်ထွက်လာခဲ့လေသည်။

ထိုစဉ်မှာပင် မီးလျှံ ၁ သည် အချိန်အတော်ကြာ စုစည်းထားသော ဧရာမ မီးလုံးကြီးကို ညာဘက်ရှိ ဇွန်ဘီ၏ ဦးခေါင်းထံသို့ ပစ်လွှတ်လိုက်တော့သည်။

ဝုန်း

မီးလုံးနှင့် ဦးခေါင်း ထိတွေ့မိသည်နှင့် တပြိုင်နက် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး တောက်လောင်နေသော မီးလျှံများအောက်တွင် ထိုဇွန်ဘီ၏ မျက်နှာမှာ လုံးဝ ပုံပျက်သွားရသည်။ မျက်နှာပေါ်ရှိ ခြောက်ကပ်နေသော အသားစများမှာလည်း ပြင်းထန်လှသော အပူရှိန်ကြောင့် တဖြည်းဖြည်း အရည်ပျော်ကျလာတော့သည်။

မီးလျှံ ၁ က မီးလုံးများကို တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ပစ်လွှတ်လိုက်ရာ ထိုဇွန်ဘီ၏ ဦးခေါင်းမှာ မီးလောင်ကျွမ်းထားသော နီမြန်းမြန်း ဦးခေါင်းခွံသက်သက်သာ ကျန်ရှိတော့သည်။ နောက်ထပ် မီးလုံးတစ်လုံး ထပ်မံထိမှန်သွားချိန်တွင်မူ ကြွပ်ဆတ်နေသော ဦးခေါင်းခွံမှာ ပေါက်ကွဲထွက်သွားပြီး အတွင်းမှ အမြုတေသည် မီးလောင်ထားသော ဦးနှောက်အစစနှင့် အရိုးစအချို့နှင့်အတူ အပြင်သို့ လွင့်ထွက်လာခဲ့လေတော့သည်။

မကြာမီမှာပင် လုချွမ်းသည် လက်ထဲရှိ အဆင့် ၃ အမြုတေ သုံးခုကို ကြည့်ရင်း သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ဤအမြုတေ သုံးခုကိုသာ ဝါးမြိုလိုက်ပါက သူသည် အဆင့် ၄ သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှ ယနေ့အထိ ဤမျှ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း အဆင့် ၄ သို့ ရောက်ရှိသူကို သူ တစ်ခါမျှ မတွေ့ဖူးသေးပေ။

"ငါက ဒီကမ္ဘာပေါ်မှာ အဆင့် ၄ ကို ပထမဦးဆုံး ရောက်တဲ့သူ ဖြစ်လာမလားပဲ"

လုချွမ်း ကိုယ့်ကိုယ်ကိုယ် ရေရွတ်မိသည်။

သူသည် တာဖန်းနှင့် အခြားသူများကို ခြံဝင်းအတွင်း မည်သူမျှ အနားမကပ်နိုင်ရန် သေသေချာချာ စောင့်ကြပ်ခိုင်းလိုက်ပြီးနောက် အဆင့် ၃ အမြုတေ သုံးခုနှင့် မြေလျှိုး ၁ ကို ခေါ်ဆောင်ကာ အိပ်ခန်းအတွင်းသို့ ဝင်လိုက်သည်။ မြေလျှိုး ၁ ကို အနားတွင် ထားရှိရခြင်းမှာ သူ အဆင့်တက်နေစဉ်အတွင်း မတော်တဆ တစ်စုံတစ်ခု ဖြစ်လာခဲ့ပါက မြေအောက်မှတစ်ဆင့် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်နိုင်ရန်အတွက်ပင်။

လုချွမ်းသည် အဆင့် ၃ အမြုတေ သုံးခုနှင့် အစောပိုင်းက ရရှိထားသော မျိုးရိုးဗီဇပြောင်း ကျားသစ်ကြီး၏ အမြုတေတို့ကို တစ်ပြိုင်နက်တည်း ဝါးမြိုချလိုက်တော့သည်။

ဝုန်း….

ချက်ချင်းဆိုသလိုပင် အမြုတေလေးခုမှာ လုချွမ်း၏ ခန္ဓာကိုယ်အတွင်း အရည်ပျော်သွားပြီး ၎င်းတို့မှ ထွက်ပေါ်လာသော စွမ်းအင်များသည် ကြမ်းတမ်းသော ရေစီးကြောင်းကြီးတစ်ခုအလား သူ၏ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မတတ် ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားလာတော့သည်။

လုချွမ်း၏ တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး ကြွက်သားများမှာလည်း နာကျင်မှုကြောင့် လိမ်ဖည်နေတော့သည်။ ပါးစပ်မှလည်း ဝေဒနာပြင်းစွာဖြင့် ညည်းတွားသံများ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မရေမတွက်နိုင်သော ပုရွက်ဆိတ်များက ဝိုင်းဝန်းကိုက်ခဲနေသကဲ့သို့ ခံစားနေရပြီး ဦးခေါင်းမှာလည်း တူဖြင့် အဆက်မပြတ် အဖောက်ခံနေရသကဲ့သို့ ပေါက်ကွဲထွက်လုမတတ် နာကျင်နေလေသည်။

သို့သော် ဤပြင်းထန်လှသော ဝေဒနာများ၏ နောက်ကွယ်တွင်မူ အမြုတေများမှ ပေးစွမ်းသည့် စွမ်းအင်များက လုချွမ်း၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများကို အဆက်မပြတ် လုပ်ဆောင်ပေးနေခြင်းပင်။

အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအင်များသည် စမ်းရေအလား ပြောင်းလဲသွားကာ သူ၏ စိတ်အာရုံနှင့် ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်သွားပြီး သူ၏ ဖြစ်တည်မှုကို စတင်ပြောင်းလဲစေသည်။

လုချွမ်း၏ အရှိန်အဝါမှာ သိသိသာသာ အားကောင်းလာသော်လည်း သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာမူ ကြီးမားသော ပြောင်းလဲမှု မရှိခဲ့ပေ။ သို့သော်ငြားလည်း သူ၏ ကြွက်သားမျှင် တစ်ခုချင်းစီမှာ သံမဏိကဲ့သို့ ကျစ်လျစ်ခိုင်မာလာကာ ပျော့ပျောင်းကျုံ့နိုင်စွမ်းလည်း ပိုမိုအားကောင်းလာခဲ့သည်။ အရိုးများမှာမူ ဝါကျင်ကျင်အရောင်မှ ကျောက်စိမ်းကဲ့သို့ ဖြူစင်တောက်ပသော အရောင်သို့ ပြောင်းလဲသွားပြီး မှိန်ပျပျ အလင်းတန်းများပင် ထွက်ပေါ်နေတော့သည်။

အမှန်စင်စစ် ဤပြောင်းလဲမှုများမှာ ခန္ဓာကိုယ်အတွင်းပိုင်း၌သာ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းကြည့်ရုံမျှဖြင့် သိသာထင်ရှားလှသည်တော့ မဟုတ်ပေ။

အကယ်၍ လုချွမ်း၏ အပြင်ပန်း ပြောင်းလဲမှုကို အကျဉ်းချုပ်ရမည်ဆိုပါက သူသည် လူသားတစ်ဦးနှင့် ပိုမိုတူညီလာခြင်းပင်။ သူ၏ အသားအရေမှာ တဖြည်းဖြည်း ဖြူစင်ချောမွေ့လာသော်လည်း သွေးလည်ပတ်မှု မရှိသဖြင့် လူသားများကဲ့သို့ ပန်းရောင်သန်းနေခြင်းတော့ မရှိပေ။

ဦးခေါင်းတွင်လည်း နက်မှောင်ထူထပ်သော ဆံပင်များ ပေါက်ရောက်လာရာ နောက်ကျောမှ ကြည့်မည်ဆိုပါက အသားဖြူဖြူ လူသားတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။ အထင်ရှားဆုံးသော မျက်နှာမှာမူ ကမ္ဘာပျက်ကပ် မတိုင်မီက သူ၏ ရုပ်သွင်နှင့် လုံးဝနီးပါး ထပ်တူကျနေပြီး ထူးဆန်းလှသော သူ၏ မျက်ဝန်းများသည် သွေးရောင်အနီမှ နက်မှောင်သော အနီရောင်သို့ ပြောင်းလဲသွားကာ မျက်လုံးအိမ်ရှိ အဖြူရောင်အပိုင်းမှာလည်း အနီဖျော့ရောင်သို့ ကူးပြောင်းသွားခဲ့သည်။

အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ဝုန်း…..

ရုတ်တရက်ဆိုသလို လုချွမ်း၏ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ပြင်းထန်လှသော ဖိအားတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထူးခြားဆန်းပြားသော ခံစားချက်များ ချက်ချင်းပင် ပျောက်ကွယ်သွားသည်နှင့်အတူ ထုံကျင်ကိုက်ခဲနေသော လုချွမ်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့ပြီး သူ၏မျက်နှာတွင်လည်း ဝမ်းသာပီတိများဖြင့် ပြည့်နှက်သွားသည်။ ဤဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကြီးမှာ သူ့ကို သေလုမတတ် နှိပ်စက်ခဲ့ခြင်းပင်။

“အဆင့် ၄ ကို ရောက်ပြီးနောက်ပိုင်း အပြောင်းအလဲတွေက တကယ့်ကို အံ့မခန်းပဲ”

မြေပြင်ပေါ်သို့ ပစ်လှဲချလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ဤအဆင့်တက်ခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများကို လုချွမ်း စတင်ခံစားကြည့်လိုက်သည်။

အဆင့် ၄ သို့ ရောက်ရှိပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူ၏ စဉ်းစားတွေးခေါ်မှုမှာ ယခင်ကထက် ပိုမိုထက်မြက်လာပြီး အာရုံငါးပါးမှာလည်း သိသိသာသာ ထူးကဲလာခဲ့သည်။

ဤနေရာ၌ ထိုင်နေရုံမျှဖြင့် ခြံဝင်းတစ်ခုလုံးမှ ထွက်ပေါ်လာသော အနံ့အသက်ပေါင်းစုံမှာ သူ၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး ထိုရှုပ်ထွေးလှသော အနံ့များကြားမှ မည်သည့်အရာက မည်သည့်နေရာမှ လာသည်ကို သူ ကောင်းစွာ ခွဲခြားနိုင်စွမ်း ရှိနေသည်။ ထို့အတူ သူ၏ နားမှာလည်း အလွန်အမင်း ပါးလာခဲ့ပြီး မြေအောက်၌ တွားသွားနေသော ပိုးမွှားများနှင့် တီကောင်များ၏ အသံကိုပင် ကြားနေရသည်။

စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာမှုကြောင့် လုချွမ်း၏ ဇွန်ဘီရုပ်သေး ထိန်းချုပ်နိုင်သည့် အကွာအဝေး မှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ ယခင်က ၁၀ ကီလိုမီတာ ဝန်းကျင်သာ ထိန်းချုပ်နိုင်သော်လည်း ယခုအခါ ကီလိုမီတာ ၅၀ ကျော်အထိ ကျော်လွန်သွားသည်။

စိတ်ဝိညာဉ်စွမ်းအား တိုးတက်မှုများအပြင် သူ၏ ခန္ဓာကိုယ်မှာလည်း ဘက်စုံမှ မြှင့်တင်ခြင်း ခံလိုက်ရကြောင်း လုချွမ်း အထင်အရှား ခံစားမိသည်။ သူ၏ အသားအရေကို လက်သည်းဖြင့် ခပ်ဖွဖွ ကုတ်ကြည့်လိုက်ရာ ကျောက်စိမ်းကဲ့သို့ မာကျောသော ခံစားချက်ကို ရရှိစေပြီး သူ၏ ခံစစ်စွမ်းအားမှာ အဆမတန် မြင့်တက်သွားခြင်ပင်။

ခံစစ်အပြင် သူ၏ ခွန်အားမှာလည်း အံ့မခန်း တိုးတက်လာသည်ဟု လုချွမ်း ခံစားရသည်။ ခန္ဓာကိုယ်အတွင်း၌ ကုန်ဆုံးသွားခြင်းမရှိသော အားအင်များ ပြည့်နှက်နေသကဲ့သို့ပင်။ နောက်တစ်စက္ကန့်တွင် သူ၏ ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကွန်ကရစ်ကြမ်းပြင်ကို အားကုန် လွှဲထိုးလိုက်တော့သည်။

ဒုန်း….

ကျယ်လောင်လှသော အသံကြီးနှင့်အတူ လက်သီးချက် ကျရောက်ရာ ဗဟိုချက်မှနေ၍ ဘေးပတ်ပတ်လည်သို့ အက်ကြောင်းများ သိသိသာသာ ဖြာထွက်သွားတော့သည်။

All Chapters