အခန်း (၁၈၇)
Vol. 19 Ch. 187
အခန်း။ ၁၈၇
ကျန်းနန်မြို့ပြနယ်မြေ။
ဂုန်း... ဂုန်း...
ယာဉ်တန်းတစ်ခုသည် လမ်းမတစ်လျှောက် ဖြည်းညှင်းစွာ မောင်းနှင်လာနေသည်။ အကယ်၍ တစ်စုံတစ်ဦးသာ ယာဉ်မောင်းများကို သေချာကြည့်မိပါက ထိုသူအားလုံးမှာ အသိစိတ်မဲ့နေသော ဇွန်ဘီများဖြစ်နေသည်ကို တွေ့ရပြီး ထိတ်လန့်သွားပေလိမ့်မည်။
ဤဇွန်ဘီများမှာ အခြားမဟုတ် လုချွမ်း၏ ဇွန်ဘီရုပ်သေးများပင်။
ယခုအခါ လုချွမ်းကိုယ်တိုင်သည် ရှေ့ဆုံးမှ ကုန်တင်ကားကြီး၏ ယာဉ်မောင်းသူနေရာတွင် မျက်လုံးများကို မှိတ်၍ ထိုင်နေသည်။ ယာဉ်တန်း ဖြတ်သန်းသွားသည့်တစ်လျှောက် သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လမ်းတစ်လျှောက်ရှိ ဇွန်ဘီအားလုံးကို ချက်ချင်းပင် ထိန်းချုပ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် လမ်းမများပေါ်တွင် ရည်ရွယ်ချက်မဲ့ လျှောက်သွားနေသော ဇွန်ဘီများသည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ အူဟောက်သံများပေးကာ ဦးတည်ချက်တစ်ခုတည်းသို့ ယိုင်တိုင်တိုင်ဖြင့် စတင်လျှောက်လှမ်းလာကြသည်။ အဆောက်အအုံများအတွင်း ပိတ်မိနေသော ဇွန်ဘီများမှာလည်း ပြတင်းပေါက်များနှင့် တံခါးများကို ရိုက်ခွဲကာ အပြင်သို့ ထွက်လာကြပြီး အခြားဇွန်ဘီအုပ်ကြီး၏ နောက်မှ လိုက်ပါလာကြတော့သည်။
မကြာမီမှာပင် ဇွန်ဘီအရေအတွက်မှာ တဖြည်းဖြည်း များပြားလာပြီး လမ်းမတိုင်းတွင် ဧရာမ ဇွန်ဘီမြစ်ကြောင်းကြီးများသဖွယ် အင်အားကြီးမားစွာ စီးဆင်းလာတော့သည်။ မကြာမီ ထိုဇွန်ဘီလှိုင်းလုံးကြီးများသည် ပင်လယ်အတွင်းသို့ စီးဝင်သွားသော မြစ်များနှယ် လုချွမ်း၏ ယာဉ်တန်းနောက်ကွယ်တွင် စုရုံးမိသွားကြပြီး အဆုံးမရှိသော ဇွန်ဘီပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤအခိုက်အတန့်တွင် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အူဟောက်သံများမှာ မိုးကြိုးပေါင်းသောင်းခြောက်ထောင် တစ်ပြိုင်နက် ခြိမ်းသံပြုလိုက်သကဲ့သို့ပင်။ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထရလောက်အောင်ပင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှု အငွေ့အသက်များမှာ လေထုထဲတွင် ဖုံးလွှမ်းသွားပြီး ကောင်းကင်ယံကြီးပင် ရုတ်တရက် မှောင်အတိ ကျသွားသကဲ့သို့ ခံစားရစေသည်။
ကုန်တင်ကား၏ ခေါင်မိုးပေါ်တွင် လုချွမ်းသည် မားမားမတ်မတ် ရပ်နေသည်။ သူ၏နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော ဇွန်ဘီစစ်တပ်ကြီးကို ကြည့်ရင်း သူ၏နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး ရင်ထဲတွင်လည်း ဂုဏ်ယူဝင့်ကြွမှုများ ဖြစ်ပေါ်နေတော့သည်။
ဤကဲ့သို့သော အဆုံးမဲ့ဇွန်ဘီစစ်တပ်ကြီးကို ပိုင်ဆိုင်ထားမှတော့ နောင်အနာဂတ်တွင် သူ့ကို ဘယ်သူက ခြိမ်းခြောက်နိုင်ဦးမှာလဲ။ အစိုးရစခန်းများမှ စစ်တပ်များ စေလွှတ်၍ ဝိုင်းဝန်းပိတ်ဆို့လျှင်ပင် ဤအတိုင်းအဆမရှိသော ဇွန်ဘီပင်လယ်ကြီးအတွင်း၌သာ နစ်မြုပ်သွားကြရမည်ပင်။
အမှန်စင်စစ် ဤသည်မှာ လုချွမ်း စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ ကျန်ရှိသော အကြောင်းရင်းမှာ ဤမျှများပြားလှသော ဇွန်ဘီများကို ပိုင်ဆိုင်ထားခြင်းဖြင့် သူ၏ အရန်စစ်သည်အင်အားမှာလည်း အခိုင်အမာ ရှိနေပြီဖြစ်သောကြောင့်ပင်။
သူ၏လက်အောက်ရှိ ဇွန်ဘီရုပ်သေးများအားလုံးသည် သာမန်ဇွန်ဘီဘဝမှ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲလာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နောင်အနာဂတ်တွင် သူ၏အင်အားစုကို ထပ်မံချဲ့ထွင်လိုပါက ဤဇွန်ဘီစစ်တပ်ကြီးက အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။
နိုင်ငံတစ်ခုဆိုသည်မှာ လူသားများဖြင့် တည်ဆောက်ထားသကဲ့သို့ အာဏာစက်တစ်ခုသည်
လည်း ထိုနည်းတူပင်။ အင်အားစုမရှိလျှင် ထိုနိုင်ငံ သို့မဟုတ် ထိုအာဏာစက်အတွက် အနာဂတ်ဆိုသည်မှာ ရှိလာမည်မဟုတ်ပေ။
"ကောင်းတယ်... သိပ်ကောင်းတယ် ဇွန်ဘီနိုင်ငံတော် ထူထောင်ဖို့ဆိုတာ လက်တစ်ကမ်းအလိုကို ရောက်နေပြီပဲ"
လုချွမ်း၏ ရင်ထဲတွင် ရည်မှန်းချက် အာသီသများ ပြင်းထန်စွာ ပေါ်ထွက်လာပြီး ဇွန်ဘီစစ်တပ်ကြီးကို ကြည့်ကာ မရပ်မနား တဟားဟား ရယ်မောနေမိသည်။
ဤသည်မှာ အစပြုခြင်းသာ ရှိသေးသည်။ သူ၏ နယ်မြေကို ကျန်းနန်မြို့ပြနယ်မြေတစ်ခုလုံးနှင့် ပတ်ဝန်းကျင် မြို့ကြီးများအထိ ချဲ့ထွင်လိုက်သည့်အခါ ပိုမိုများပြားသော ဇွန်ဘီများသည် သူ၏ လက်အောက်သို့ မလွဲမသွေ ရောက်ရှိလာကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူမျှော်လင့်ထားသော ဇွန်ဘီနိုင်ငံတော်သည် ပုံဖော်လာမည်ဖြစ်ပြီး အတိုင်းအဆမဲ့ အင်အားတောင့်တင်းလာသည်အထိ ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။
ခေတ္တအကြာတွင် လုချွမ်းသည် ဇွန်ဘီစစ်တပ်ကြီးကို လူစုခွဲရန် အမိန့်ပေးလိုက်ပြီး ကျန်းနန်
မြို့ပြနယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေစေကာ သူ၏ မျက်စိနှင့်နားများအဖြစ် အသုံးချလိုက်သည်။ နောင်တွင် မည်သည့်လူသားအင်အားစုမဆို ကျန်းနန်မြို့ကို ဖြတ်သန်းသွားလာပါက သူ၏ အကြည့်အောက်မှ လွတ်မြောက်ရန် ခဲယဉ်းသွားပေမည်။
ထို့နောက် လုချွမ်းသည် ယာဉ်တန်းကို ဦးဆောင်ကာ အားကစားကွင်းသို့ ပြန်လာပြီး အထဲရှိ ဝက်ကဲ့သို့ ဇွန်ဘီ များကို အစာကျွေးရန် ပြင်ဆင်တော့သည်။
ငါအခုလူတွေတင်မကဘူး ဇွန်ဘီတွေကိုပါရှာကျွေးနေရပြီ….
ဝမ်လေး၏ အဖွဲ့သည် သူတို့၏ တာဝန်များကို ပြီးဆုံးအောင် ထမ်းဆောင်ပြီးနောက် နောက်ဆုံးတွင် စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝမ်လေးသည် မှိုင်းညို့နေသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ရှိ စုတ်ပြဲနေသော တဲအိမ်များနှင့် အမှိုက်ပုံကြီးများကို ကြည့်ရင်း လမ်းမများပေါ်မှ နံစော်နေသော အပုပ်နံ့များကို ရှူရှိုက်မိသည့်အခါ သူ၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားလာတော့သည်။
ထိုမြင်ကွင်းများကို ဆက်မကြည့်လိုတော့သဖြင့် ဝမ်လေးသည် အဖွဲ့ဝင်တစ်ဦးနှင့်အတူ အတွင်းမြို့ရှိရာသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။ မကြာမီမှာပင် သတင်းသွားစုံစမ်းထားသော လျူယန်သည် လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ရောက်ရှိလာသည်။
"ခေါင်းဆောင်... အခြေအနေက သိပ်မကောင်းဘူး။ ကျန်တဲ့ ထိပ်တန်းဆင့်ကဲအဖွဲ့တွေအားလုံးက ဘာပြဿနာမှမရှိဘဲ သူတို့တာဝန်တွေကို ချောချောမောမော အောင်မြင်သွားကြတယ်"
လျူယန်က ရှေ့သို့တိုးကာ သတင်းပို့လိုက်ရာ ဝမ်လေး၏ မျက်နှာမှာ ပို၍ပင် အုံ့မှိုင်းသွားတော့သည်။
ကျန်းဟိုင် အခြေစိုက်စခန်းမြို့တော်တွင် ဆင့်ကဲတပ်ဖွဲ့များစွာ ရှိသော်လည်း ထိပ်တန်းအဆင့်တပ်ဖွဲ့ဟူ၍ ဆယ်ဖွဲ့သာ ရှိသည်။
ဆိုလိုသည်မှာ ကျန်းဟိုင် အသက်ရှင်ကျန်ရစ်သူများ စခန်းမှ စေလွှတ်လိုက်သော ထိပ်တန်းအဖွဲ့အားလုံးထဲတွင် ဝမ်လေး၏ အဖွဲ့တစ်ဖွဲ့တည်းသာ အကျအဆုံးနှင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
“တောက် အဲဒီကောင်... မင်းက ဘယ်သူလဲဆိုတာ ငါသိအောင် မလုပ်နဲ့”
ဤသတင်းကို ကြားလိုက်ရသောအခါ ဝမ်လေး၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည့်ကြားမှ သူတို့အဖွဲ့သာလျှင် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ လူငါးယောက် ထွက်သွားခဲ့သော်လည်း နှစ်ယောက်မှာ ပြန်မလာနိုင်တော့ပေ။ ဤရလဒ်မှာ သူ့အတွက် လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စပင်။
အခြားနေရာများတွင် အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေသော်လည်း ကျန်းနန်မြို့ပြနယ်မြေတစ်ခုတည်းသာလျှင် သရဲခြောက်နေသကဲ့သို့ ထူးထူးခြားခြား ကျရှုံးခဲ့ရသည်။ သူ၏ အသင်းဖော်များ ရက်ရက်စက်စက် အသတ်ခံခဲ့ရပုံနှင့် အမည်မသိရန်သူက ရန်စသည့်အနေဖြင့် သူတို့ကို ကြိုးဆွဲချထားခဲ့ပုံများကို ပြန်လည်တွေးတောမိတိုင်း ဝမ်လေးမှာ စိတ်မလျှော့နိုင်ဘဲ ဖြစ်နေသည်။
သူ၏ အင်အား တောင့်တင်းလာသည့်တစ်နေ့တွင် ထိုရန်သူကို သေလူမတတ် နှိပ်စက်ပြီး သေဆုံးသွားသော ရဲဘော်များအတွက် ကလဲ့စားချေမည်ဟု သူ ကြုံးဝါးလိုက်သည်။
“သွားကြစို့ အတွင်းမြို့ကို ပြန်ပြီး ဒီကိစ္စကို သတင်းပို့ရမယ်”
ဝမ်လေးသည် မတတ်သာသည့်အဆုံး ခေါင်းကို ခါယမ်းရင်း နောက်မှ အသင်းဖော်များကို ပြောလိုက်သည်။ ဤတာဝန်သည် သူတို့အဖွဲ့အတွက် အကြီးအကျယ် နစ်နာဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။ အသင်းဖော်နှစ်ဦး သေဆုံးခဲ့ရသည့်အပြင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို ကယ်ဆယ်
နိုင်ခဲ့သည်မှအပ အမြုတေတစ်ခုပင် မရရှိခဲ့ပေ။
ထို့ပြင် ကျန်းနန်မြို့ပြနယ်မြေအတွင်း မည်သည့်ဆင့်ကဲဇွန်ဘီကိုမျှ မတွေ့ရှိခဲ့ရခြင်းမှာ ဝမ်လေးကို ကျောစိမ့်သွားစေသည်။ ဤကဲ့သို့ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်မျိုးကို သူ တစ်ခါမျှ မကြုံဖူးချေ။
ကျန်းနန်မြို့ပြတွင် ဇွန်ဘီများစွာ ရှိနေသဖြင့် ဆင့်ကဲဇွန်ဘီ လုံးဝမရှိခြင်းမှာ မဖြစ်နိုင်သော ကိစ္စပင်။ သူတို့ လုံးဝ ရှာမတွေ့ခဲ့ခြင်းအပေါ်တွင် ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက် နှစ်ခုသာ ရှိသည်။
ပထမအချက်မှာ ကျန်းနန်မြို့ပြနယ်မြေအတွင်း၌ လူမသိအောင် ပုန်းအောင်းနေသော အစွမ်းထက် ဆင့်ကဲအင်အားစု တစ်ခု ရှိနေပြီး ၎င်းတို့က အမြုတေများ ရရှိရန်အတွက် ဆင့်ကဲဇွန်ဘီအားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်လိုက်ခြင်းပင်။
ဝမ်လေးသည် ဤအချက်ကို ပိုမိုယုံကြည်နေသည်။ သူ၏ အသင်းဖော်နှစ်ဦးမှာ ထိုသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ရန်စသည့်အနေဖြင့် အလောင်းများကို တံခါးဝတွင် ကြိုးဆွဲချ ပြသထားခဲ့ခြင်းဖြစ်မည်ဟု သူ တွေးတောမိသည်။
ဒုတိယအချက်မှာ ကျန်းနန်မြို့အတွင်း၌ မည်သူမျှ မသိသေးသော ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင်ဖြစ်သည့် မျိုးရိုးဗီဇပြောင်းသားရဲ သို့မဟုတ် ဆင့်ကဲဇွန်ဘီတစ်ကောင် ရှိနေပြီး ၎င်းက အခြားသော ဆင့်ကဲဇွန်ဘီအားလုံးကို သတ်ဖြတ်ကာ အမြုတေများကို ဝါးမြိုပစ်လိုက်ခြင်းပင်။
သူတို့ သုံးဦးမှာ သိပ်မဝေးလှသော နေရာသို့ ရောက်ရှိချိန်တွင် စခန်းရှိဝန်ထမ်းအချို့က လမ်းမများပေါ်၌ ကြေညာချက်များ လိုက်လံကပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ လမ်းမတိုင်းလိုလိုတွင် လူများက ကြေညာချက်များကို နေရာအနှံ့ လိုက်ကပ်နေကြခြင်း ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ ဘာလို့ ဒီလောက်တောင် အုန်းအုန်းကျွက်ကျွက် ဖြစ်နေရတာလဲ"
ဝမ်လေးအနားရှိ ယန်ရှုက အံ့ဩတကြီး ပြောလိုက်သည်။
စခန်းမှ တစ်ခါတစ်ရံ ကြေညာချက်များ ထုတ်ပြန်လေ့ရှိသော်လည်း ယခုကဲ့သို့ လူအင်အား အမြောက်အမြားသုံး၍ အကြီးအကျယ် လုပ်ဆောင်နေခြင်းမျိုးမှာ တစ်ခါမျှ မရှိခဲ့ဖူးပေ။
ဝမ်လေးနှင့် အခြားသူများ စူးစမ်းနေစဉ်မှာပင် ပြင်ပမြို့မှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အတွင်းမြို့မှ အလုပ်ခေါ်စာများဟု ထင်မှတ်ကာ ကြေညာချက်များဆီသို့ အလုအယက် ပြေးကြည့်ကြတော့သည်။ သို့သော် ခဏအကြာတွင် ထိုသူများမှာ စိတ်ပျက်လက်ပျက်ဖြင့် လူစုခွဲသွားကြသည်။
"ဟူး... အလုပ်ခေါ်စာအောက်မေ့လို့ အလကားပဲ"
"ဇွန်ဘီလှိုင်းလုံးကြီးက ငါနဲ့ ဘာဆိုင်လို့လဲ ငါ့ဗိုက်ဝဖို့က အဓိကပဲ"
"စိတ်အပင်ပန်းခံလိုက်ရတာပဲ ငါ့ကြည့်ရတာ ဒါတွေက ငါတို့ကို အငတ်ထားသတ်ဖို့ လုပ်နေကြတာနဲ့ တူတယ်..."
အသက်ရှင်ကျန်ရစ်သူများ၏ ညည်းညူသံများကို ကြားရသောအခါ ဝမ်လေး စိတ်ဝင်စားသွားပြီး သူ၏ အပေါင်းအဖော်နှစ်ဦးနှင့်အတူ ကြေညာချက်တစ်ခုအနားသို့ အမြန်ကပ်ကြည့်လိုက်သည်။ ရှေ့တွင် ရပ်နေသောသူများမှာ ဝမ်လေးတို့အုပ်စုကို မြင်သည်နှင့် လမ်းဖယ်ပေးလိုက်ကြသည်။
ဝမ်လေးသည် ကြေညာချက်ကို ဖတ်ကြည့်လိုက်ပြီးနောက် အံ့ဩသွားသည့် မျက်နှာပေး ပေါ်လာတော့သည်။
"အင်ပါယာမြို့တော်မှာ ဇွန်ဘီလှိုင်းလုံးကြီး ပေါ်လာတာလား"
"ပြီးတော့ ဆင့်ကဲဇွန်ဘီ အမျိုးအစားသစ်ဖြစ်တဲ့ ဇွန်ဘီဘုရင်တဲ့လား။ ဒီနာမည်က... ဘာလဲ သူက တခြားဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ် ဟုတ်လား"
သူတို့ သုံးဦးမှာ ဆက်လက်ဖတ်ရှုလေ ပို၍ ထိတ်လန့်သွားလေ ဖြစ်နေသည်။ ဤကြေညာချက်မှာ အားကိုးရာမဲ့နေသော သာမန်ဒုက္ခသည်များအတွက် ဘာမှမဟုတ်သော်လည်း ဝမ်လေးတို့ကဲ့သို့ ဆင့်ကဲပြောင်းလဲသူများအတွက်မူ အလွန်ပင် အရေးကြီးလှသည်။
အခြားဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းရှိသော ဇွန်ဘီဘုရင် တစ်ကောင် ရှိနေခြင်းက မြို့ပြင်ပ ကမ္ဘာကြီးကို ယခင်ကထက် ပိုမိုအန္တရာယ်များလာစေကြောင်း သူတို့ ကောင်းစွာ သိရှိလိုက်ရသည်။