အခန်း (၁၈၈)
Vol. 19 Ch. 188
အခန်း။ ၁၈၈
ကြေညာချက်ကို ဖတ်ရှုပြီးနောက် သူတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး အချင်းချင်း၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော ထိတ်လန့်တုန်လှုပ်မှုများကို မြင်တွေ့နေရသည်။
ထို့နောက် ဝမ်လေးသည် သူ၏အသင်းဖော်နှစ်ဦးကို ဦးဆောင်ကာ အတွင်းမြို့သို့ အလျင်အမြန် ဝင်ရောက်ခဲ့သည်။ အသင်းဖော်နှစ်ဦးကို အနားယူရန် စီစဉ်ပေးခဲ့ပြီးနောက် သူကိုယ်တိုင်မှာမူ စခန်းမြို့တော်၏ ရုံးလုပ်ငန်းဆိုင်ရာ ဧရိယာသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။
သိပ်မကြာလိုက်မီမှာပင်...
အစည်းအဝေးခန်းမတစ်ခုအတွင်း၌ ဝမ်လေးသည် စခန်းမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် အလတ်တန်းစားအရွယ် အမျိုးသားတစ်ဦးသည် ဝမ်လေးဝင်လာသည်ကို မြင်သောအခါ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ရှေ့သို့ လျှောက်လှမ်းလာကာ ဝမ်လေးကို လက်ဆွဲနှုတ်ဆက်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ခေါင်းဆောင်ဝမ်... ပြန်လာတာကို ကြိုဆိုပါတယ်ဗျာ"
"အရာရှိကြီး... ကျွန်တော် စခန်းရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိသလို ဖြစ်သွားပြီ..."
ဝမ်လေးမှာ ပြောစရာ စကားလုံး ပျောက်ရှနေမိသည်။ ယခုတစ်ခေါက် သူတို့အဖွဲ့၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် အလွန်ညံ့ဖျင်းခဲ့သည် မဟုတ်ပါလား။ အရာရှိကြီး၏ ကြိုဆိုမှုကို လက်ခံရန် သူ ဘယ်လို မျက်နှာသာရနိုင်မှာလဲ။
ဤသည်မှာ ကမ္ဘာပျက်ကပ် ကာလဖြစ်သည်။ ကမ္ဘာမပျက်မီ အချိန်ကဆိုလျှင် လူငါးဦးပါသော အဖွဲ့ငယ်လေးတစ်ခုတွင် အဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းမှာ ရာထူးမှ ထုတ်ပယ်မခံရလျှင်ပင် ပြင်းထန်သော အပြစ်ပေးမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
"ခေါင်းဆောင်ဝမ်... ခင်ဗျားတို့အဖွဲ့ရဲ့ အခြေအနေကို ကျွန်တော် သိပြီးပါပြီ။ ခင်ဗျားအတွက် ခက်ခဲလိမ့်မယ်ဆိုတာလည်း ကျွန်တော် နားလည်ပါတယ်။ အဲဒီရဲဘော်တွေရဲ့ စတေးမှုအတွက် ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ခင်ဗျားရော ကျွန်တော်ရော ဒါကို ကျင့်သားရအောင် ကြိုးစားရလိမ့်မယ်။
ဘာလို့လဲဆိုတော့ မြို့ပြင်ထွက်ပြီး တာဝန်ထမ်းဆောင်တဲ့အခါ အကျအဆုံးဆိုတာ ရှောင်လွှဲလို့မရဘူးလေ။ ကျွန်တော်တို့ စခန်းမြို့တော်အနေနဲ့ လုပ်ပေးနိုင်တာကတော့ အဲဒီရဲဘော်တွေ ကောင်းမွန်စွာ အနားယူနိုင်ဖို့ သူတို့ရဲ့ မိသားစုဝင်တွေကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးဖို့ပဲ ရှိပါတယ်"
စခန်း၏ အဆင့်မြင့်အရာရှိကြီးမှာလည်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဝမ်လေးကို နှစ်သိမ့်စကား ပြောလိုက်သည်။
ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာပြီးနောက် သေခြင်းတရားဆိုသည်မှာ နေ့စဉ်မြင်တွေ့နေရသော သာမန်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ စခန်းမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများအနေဖြင့်လည်း စခန်းတည်ငြိမ်ရေးကို အစွမ်းကုန်ထိန်းသိမ်းရန်၊ ဆင့်ကဲတပ်ဖွဲ့များအတွက် လိုအပ်သော ထောက်ပံ့မှုများပေးရန်နှင့် ဆင့်ကဲပြောင်းလဲသူများ၏ အကျအဆုံးနှုန်းကို လျှော့ချရန်သာ တတ်နိုင်ကြတော့သည်။
သို့သော် မြို့ပြင်ထွက်သည့် တာဝန်များတွင် အကျအဆုံး လုံးဝမရှိစေရန် တားဆီးဖို့ဆိုသည်မှာမူ မဖြစ်နိုင်သလောက်ပင်။
"အရာရှိကြီး... ကျွန်တော် နားလည်ပါတယ်"
ဝမ်လေးက ခေါင်းညိတ်လိုက်သည်။ သူသည် သူ့မျက်စိရှေ့တွင် လူများသေဆုံးသည်ကို တစ်ခါမျှမကြုံဖူးသူမဟုတ်သဖြင့် ဤခံစားချက်ကို သေချာပေါက် တောင့်ခံနိုင်စွမ်းရှိသည်။
ယခုတစ်ခေါက် သူ၏အသင်းဖော်နှစ်ဦး သေဆုံးမှုမှာမူ အတော်ပင် ရင်လေးစရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူက မည်သူမည်ဝါဖြစ်သည်ကိုပင် သူတို့ မသိလိုက်ရသောကြောင့်ပင်။ ထို့ကြောင့် နောင်တစ်ချိန်တွင် ထိုအသင်းဖော်နှစ်ဦးအတွက် ကလဲ့စားချေရန်နှင့် ဤကိစ္စ၏နောက်ကွယ်မှ စက်ဆုပ်ဖွယ်ကောင်းသောသူကို ဖော်ထုတ်ရန် သူ စိတ်ထဲမှ တိတ်တဆိတ် ကြုံးဝါးလိုက်မိသည်။
"ခင်ဗျား ဒီလိုတွေးနိုင်တာ ဝမ်းသာပါတယ်။ စခန်းမြို့တော်မှာ ခင်ဗျားလို ထူးချွန်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက် မရှိလို့မဖြစ်ဘူးလေ"
အဆင့်မြင့်အရာရှိကြီးက ခေါင်းညိတ်ကာ ပြုံးလျက်ပြောသည်။ စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူတိုင်းသည် စခန်းမြို့တော်အတွက် တန်ဖိုးဖြတ်မရသော ရတနာများပင်။
ထိုစဉ် ဝမ်လေးသည် ပြင်ပမြို့တွင် မြင်တွေ့ခဲ့ရသော ကြေညာချက်ကို သတိရသွားကာ အလောတကြီး မေးမြန်းလိုက်သည်။
"ဒါနဲ့ အရာရှိကြီး... အပြင်မှာကပ်ထားတဲ့ ကြေညာချက်ကို ကျွန်တော် ခုနက မြင်ခဲ့ပါတယ်။ ဒီဇွန်ဘီလှိုင်းလုံးကြီးက ဘယ်တုန်းက ဖြစ်သွားတာလဲ အခု အင်ပါယာမြို့တော်ရဲ့ အခြေအနေက ဘယ်လိုရှိလဲဗျ"
ကြေညာချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသဖြင့် အဆင့်မြင့်အရာရှိများထံတွင် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ ရှိမည်ကို ဝမ်လေး သိနေသည်။
"အဲဒါကိုပဲ ကျွန်တော် ပြောပြမလို့ပါ လာ... မြန်မြန် ထိုင်ပါဦး"
အရာရှိကြီးသည် ဝမ်လေးကို အစည်းအဝေးစားပွဲတွင် ထိုင်စေပြီးနောက် အင်ပါယာမြို့တော်မှ ပေးပို့လာသော ဗီဒီယိုမှတ်တမ်းကို စတင်ပြသလိုက်သည်။
အင်ပါယာမြို့တော်ဆီသို့ ဦးတည်ကာ အဆုံးအစမရှိ တိုးဝှေ့လာနေသော ဇွန်ဘီလှိုင်းလုံးကြီး၏ ပုံရိပ်ကိုကြည့်ရင်း ဝမ်လေးမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။ ဤဇွန်ဘီလှိုင်းလုံးကြီးမှာ လမ်းကြောင်းတစ်ခုလုံးရှိသမျှကို ဝါးမြိုဖျက်ဆီးလာသော ရေကြီးမှုကြီးတစ်ခုနှင့်ပင် တူလှသည်။ ၎င်းတို့အကြားတွင် ဆင့်ကဲဇွန်ဘီများစွာ ပါဝင်နေပြီး ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေကြရာ ဘေးနားရှိ သာမန်ဇွန်ဘီများမှာ အနားပင်မကပ်ရဲကြချေ။
ဇွန်ဘီအုပ်ကြီးအတွင်းမှ ထွက်ပေါ်လာသော ဟောက်သံများမှာလည်း ငရဲပြည်ရှိ တစ္ဆေပေါင်းသောင်းခြောက်ထောင်၏ အော်ဟစ်သံများကဲ့သို့ပင် အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်လေး စိတ်မအေးနိုင်ဘဲ ဖြစ်နေမိသည်။ အကယ်၍ ဤဇွန်ဘီလှိုင်းလုံးကြီးက အင်ပါယာမြို့တော်ကို မဟုတ်ဘဲ ကျန်းဟိုင် အခြေစိုက်စခန်းမြို့တော်ကို တိုက်ခိုက်လာခဲ့လျှင် သူတို့ ခုခံနိုင်ပါ့မလားဟု တွေးတောနေမိသည်။
စိတ်ထဲတွင် ချိန်ဆကြည့်ပြီးနောက် ဝမ်လေး၏ရင်ထဲတွင် မကောင်းသော အငွေ့အသက်များ ချက်ချင်း ခံစားလိုက်ရသည်။ ကျန်းဟိုင် အခြေစိုက်စခန်း၏ အင်အားမှာ မနည်းလှသော်လည်း ဤမျှအဆင့်ရှိသော ဇွန်ဘီလှိုင်းလုံးကြီးကို ခုခံနိုင်ရန်မှာမူ အလွန်ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလှိုင်းလုံးကြီးထဲတွင် သာမန်ဇွန်ဘီများသာမက ဆင့်ကဲဇွန်ဘီများစွာလည်း ပါဝင်နေပြီး ၎င်းတို့မှာ ကိုင်တွယ်ရ အလွန်ခက်ခဲသော ရန်သူတော်များ ဖြစ်နေသောကြောင့်ပင်။
“ဒါက ဇွန်ဘီလှိုင်းလုံးကြီးရဲ့ အရှိန်အဝါပေါ့... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်လေးသည် အရာရှိကြီးကို ကြည့်ကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီအုပ်ကြီးနှင့် ရင်ဆိုင်ရပါက သာမန်ဇွန်ဘီများကို မြက်ပင်ရိတ်သကဲ့သို့ သတ်ဖြတ်နိုင်သော သူကဲ့သို့ စွမ်းအားကြီးဆင့်ကဲပြောင်းလဲသူပင်လျှင် ခဏချင်းအတွင်း၌ပင် ဝါးမြိုခြင်း ခံရပေလိမ့်မည်။
“သိပ်ပြီး စိုးရိမ်မနေပါနဲ့ ဇွန်ဘီဘုရင်တစ်ကောင်ရှိမှသာ ဒီလို ဇွန်ဘီလှိုင်းလုံးကြီးကို ဖန်တီးနိုင်တာပါ။ ဒီလိုဇွန်ဘီမျိုးက အရမ်းရှားပါးတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့ ကျန်းဟိုင် အခြေစိုက်စခန်းဝန်းကျင်မှာ ဒီလိုဇွန်ဘီမျိုးရဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး”
ဝမ်လေး ထိတ်လန့်သွားပုံရသည်ကို မြင်သောအခါ အဆင့်မြင့်အရာရှိကြီးက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ အမှန်စင်စစ် ဤအရာရှိကြီးများသည်ပင် ဤဗီဒီယိုမှတ်တမ်းကို စတင်မြင်တွေ့စဉ်က ဝမ်လေးထက်ပင် ပို၍ ထိတ်လန့်ခဲ့ကြခြင်း ဖြစ်သည်။
“ဇွန်ဘီဘုရင် ဟုတ်လား”
ဝမ်လေးသည် ကြေညာချက်ထဲမှ ဇွန်ဘီဘုရင်၏ အစွမ်းအကြောင်းကို ပြန်တွေးမိသည်။ ၎င်းသည် တိုက်ပွဲတွင် အခြားဇွန်ဘီများကို စနစ်တကျ ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့သော ဇွန်ဘီမျိုးသည် အင်အားသုံး၍ ဝိုင်းရံတိုက်ခိုက်တတ်သဖြင့် သူတို့ကဲ့သို့ ဆင့်ကဲတပ်ဖွဲ့များအတွက် အလွန်အန္တရာယ်များလှသည်။ တစ်ကြိမ်တစ်ခါ ပစ်မှတ်ထားခံရပြီဆိုလျှင် ဇွန်ဘီအုပ်ကြီးက ဝိုင်းဝန်းပိတ်ဆို့ကာ သူတို့၏ ခွန်အားများကို ကုန်ခမ်းသွားအောင် လုပ်ဆောင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့၏ တစ်ဦးချင်းစွမ်းရည်မှာ အဆင့် ၂ သို့မဟုတ် အဆင့် ၃ ဆင့်ကဲဇွန်ဘီများကို သတ်ဖြတ်နိုင်လောက်အောင် သန်မာနေစေကာမူ အဆုံးမရှိသော သာမန်ဇွန်ဘီများ၏ အင်အားသုံး တိုက်ခိုက်မှုအောက်တွင် ပင်ပန်းနွမ်းနယ်၍ သေဆုံးသွားကြရမည်သာ။
“ဩော်... ဒါနဲ့ ခေါင်းဆောင်ဝမ် ဇွန်ဘီဘုရင်ဆိုတာက သိမြင်နားလည်နိုင်စွမ်း မြင့်မားတယ်။ တခြားဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ် ပြီးတော့ သေရမှာကို အရမ်းကြောက်တတ်ကြတယ်။ ပုံမှန်အားဖြင့် သူတို့က အမှောင်ထဲမှာ ပုန်းအောင်းနေပြီး ဇွန်ဘီတွေကိုပဲ တိုက်ခိုက်ဖို့ အမိန့်ပေးတတ်ကြတာပါ”
အရာရှိကြီးက ဆက်ရှင်းပြသည်။
“ခေါင်းဆောင်ဝမ်... ခင်ဗျားရော တာဝန်ထမ်းဆောင်ရင်းနဲ့ ဒီလိုမျိုး အခြေအနေမျိုးတွေ ကြုံခဲ့ရတာ ရှိလား”
“ဆိုလိုတာက... ဇွန်ဘီတွေ စနစ်တကျ ပူးပေါင်းတိုက်ခိုက်တာမျိုးလား”
အဆင့်မြင့်အရာရှိကြီးက မေးလိုက်သည်။
အင်ပါယာမြို့တော်မှ ဇွန်ဘီလှိုင်းလုံးကြီးသတင်း ရရှိကတည်းက စခန်း၏ အထက်လူကြီးများမှာ အတော်ပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သူတို့အနီးအနားတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီမျိုး ပေါ်လာမည်ကို အလွန်ကြောက်ရွံ့နေကြခြင်းပင်။ ကျန်းဟိုင်စခန်းသည် အင်ပါယာမြို့တော်ကဲ့သို့ အင်အားတောင့်တင်းသည်မဟုတ်ရာ ဇွန်ဘီလှိုင်းလုံးကြီး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခဲယဉ်းလှသည်။
“မရှိပါဘူး အရာရှိကြီး...”
ဝမ်လေးက ခေါင်းခါပြလိုက်သည်။ ထို့နောက် ခါးသီးစွာပြုံးရင်း “အရာရှိကြီးကလည်း နောက်နေတာပဲ။ တကယ်လို့ ကျွန်တော်သာ အဲဒီလိုကောင်မျိုးနဲ့ တွေ့ခဲ့ရင် အခုလို အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်သည်။
ဝမ်လေး၏ စကားကြောင့် အရာရှိကြီးမှာလည်း အံ့ဩပုံမရပေ။ သူသည် ပြုံးလျက် ဝမ်လေး၏ ပုခုံးကို ပုတ်ကာ နွေးထွေးစွာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ခင်ဗျား တော်တော်လေး ပင်ပန်းလာပြီပဲ။ ပြန်ပြီးတော့ ကောင်းကောင်း အနားယူလိုက်ပါဦး”
“ဟုတ်ကဲ့ပါ”
ဝမ်လေးသည် မတ်တပ်ရပ်၍ အလေးပြုကာ လှည့်ထွက်ခဲ့သည်။ သို့သော် အစည်းအဝေးခန်းမအပြင်ဘက်သို့ ရောက်သောအခါ ဝမ်လေး၏ ခြေလှမ်းများ တန့်သွားပြီး မျက်နှာပျက်သွားတော့သည်။ ကျန်းနန်မြို့ပြနယ်မြေတွင် သူတွေ့ခဲ့ရသော ထူးဆန်းသည့် ဖြစ်ရပ်များကို ရုတ်တရက် သတိရသွားခြင်းပင်။
အသိဉာဏ်မရှိတဲ့ ဇွန်ဘီတွေက ရုတ်တရက် ကားမောင်းနေကြတယ်... ရိက္ခာတွေ သယ်ယူနေကြတယ်...
ဝမ်လေးသည် ဇွန်ဘီပေါင်း မရေမတွက်နိုင်အောင် သတ်ခဲ့ဖူးသော်လည်း ဇွန်ဘီများက ဤကဲ့သို့ လုပ်ဆောင်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အမှန်စင်စစ် ဇွန်ဘီများမှာ ရိက္ခာလည်း မလိုအပ်ပေ။
ဒါဆိုရင် ...ဒီဇွန်ဘီတွေရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ကြိုးကိုင်နေတာလား။
သူတို့သည် လူသားများကဲ့သို့ ပြုမူနေခြင်းမှာ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုက အမိန့်ပေးနေတာကြောင့်လား။
ထို့ပြင် သူ၏ အသင်းဖော်နှစ်ဦးမှာလည်း မည်သူမှ မသိလိုက်ဘဲ တိတ်တဆိတ် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ တိုက်ခိုက်သူကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။ အလောင်းများကို ကြိုးဆွဲချ၍ ရန်စသည့် လုပ်ရပ်မှာ လူသား ဆင့်ကဲပြောင်းလဲသူ များသာ လုပ်နိုင်မည့် အလုပ်ဖြစ်သဖြင့် သူသည် ယခင်က လူသားများ၏ လက်ချက်ဟုသာ သံသယဝင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတော့ အခြေအနေက ပြောင်းလဲသွားပြီ...
ဝမ်လေးသည် ဆက်တွေးလေ ပို၍ မှားယွင်းနေသည်ဟု ခံစားရလေ ဖြစ်နေသည်။ ရှိသင့်ပါလျက်နှင့် လျှို့ဝှက်စွာ ပျောက်ကွယ်နေသော ဆင့်ကဲဇွန်ဘီများအကြောင်းကိုပါ ပေါင်းစပ်တွေးတောမိသောအခါ သူ၏ မျက်စိသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။
“ဒါဆိုရင်... ကျန်းနန်မြို့ပြနယ်မြေထဲမှာ ဇွန်ဘီဘုရင် တစ်ကောင် ပုန်းအောင်းနေတာများလား”