အခန်း (၁၉၀)
Vol. 19 Ch. 190
အခန်း။ ၁၉၀
ကျန်းဟိုင် အသက်ရှင်ကျန်ရစ်သူများ စခန်း။
ကျန်းနန်မြို့ပြနယ်မြေနှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာပြီးနောက် ဝမ်လေးသည် သူသိရှိထားသော သတင်းအချက်အလက်များကို ချက်ချင်းပင် အစီရင်ခံ တင်ပြခဲ့သည်။
သူသည် ထိပ်တန်းဆင့်ကဲတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် သိပ်မကြာမီမှာပင် ကျန်းဟိုင် အခြေစိုက်စခန်း၏ အမြင့်ဆုံး တပ်မှူးကြီးထံသို့ ထိုသတင်း ရောက်ရှိသွားခဲ့သည်။ တပ်မှူးကြီးသည် အစီရင်ခံစာကြောင့် အံ့အားသင့်သွားရပြီး ဝမ်လေးကို ချက်ချင်းပင် ခေါ်ယူတွေ့ဆုံခဲ့လေသည်။
ရုံးခန်းအတွင်း၌ “ခေါင်းဆောင်ဝမ်... ခင်ဗျားပြောတဲ့ စကားတွေက အမှန်ပဲလား”
စစ်ဘက်ဆိုင်ရာ ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမြင့်ဆုံးတပ်မှူးကြီးသည် ဝမ်လေးကို စေ့စေ့ကြည့်ကာ မေးမြန်းလိုက်သည်။ ဤသတင်းကို လက်ခံရရှိထားသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း အကြောင်းအရာကို ပြန်လည်သုံးသပ်သည့်အခါတွင် တပ်မှူးကြီးအနေဖြင့် ယုံကြည်ရန် ခဲယဉ်းနေဆဲပင်။
ဇွန်ဘီတွေက ကားမောင်းနေတယ် ဟုတ်လား။
ရိက္ခာတွေကိုတောင် သယ်ယူပို့ဆောင်နေကြတယ်တဲ့လား။
အကယ်၍ ဤအချက်များမှာ အမှန်တကယ် ဖြစ်ပွားနေသည်ဆိုပါက ထိုဇွန်ဘီများသည် အသိဉာဏ်များ နိုးထလာပြီဟု ဆိုလိုခြင်းပင်။
သို့သော် သာမန်ဇွန်ဘီများသည် အသိဉာဏ်ရှိလာအောင် ဆင့်ကဲပြောင်းလဲနိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် ဤဇွန်ဘီများကို နောက်ကွယ်မှနေ၍ ဇွန်ဘီဘုရင်တစ်ကောင်က လျှို့ဝှက်စွာ အမိန့်ပေးစေခိုင်းနေခြင်း ဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားနေသည်။
“ဟုတ်ကဲ့ပါ တပ်မှူးကြီး”
ဝမ်လေးသည် မဆိုင်းမတွဘဲ ခေါင်းညိတ်ကာ အတည်ပြု ဖြေကြားလိုက်သည်။
“အဲဒီအခြေအနေကို အသေးစိတ် ပြန်ပြီးတော့ ရှင်းပြပေးနိုင်မလား”
တပ်မှူးကြီးသည် မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ ဖြစ်နေပုံရသည်။ အကယ်၍ ဝမ်လေးတို့အဖွဲ့သည် ထိုသို့ ကြိုးကိုင်ခံထားရသော ဇွန်ဘီများကို ကိုယ်တိုင်တွေ့မြင်ခဲ့သည်ဆိုပါက ဇွန်ဘီဘုရင် အနေဖြင့် သူတို့ကို ဘာလို့ အလွတ်ပေးလိုက်တာလဲ။ ဇွန်ဘီဘုရင်၏ အသိဉာဏ်မှာ နိမ့်ကျလှသည်မဟုတ်ရာ သူ၏ အခြေအနေကို ဝမ်လေးတို့အား သိခွင့်ပေးရန်မှာ အကြောင်းမရှိပေ။
“အဲဒီအချိန်တုန်းက ကျွန်တော်တို့အဖွဲ့က ရဟတ်ယာဉ်နဲ့ ကျန်းနန်မြို့ပြနယ်မြေထဲကို ဆင်းသက်ခဲ့တာပါ။ ကျွန်တော်တို့ ဇွန်ဘီအမြောက်အမြားကို သုတ်သင်ခဲ့ပေမဲ့ ဆင့်ကဲဇွန်ဘီတစ်ကောင်တောင် မတွေ့ခဲ့ရပါဘူး...”
ဝမ်လေးသည် ကျန်းနန်မြို့သို့ ရောက်ရှိချိန်မှစ၍ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်အစီအစဉ်များကို တပ်မှူးကြီးအား အစအဆုံး ပြန်လည်တင်ပြတော့သည်။ အသက်ရှင်ကျန်ရစ်သူများအပေါ် အနည်းငယ် ကြမ်းတမ်းစွာ ဆက်ဆံခဲ့သည်များကိုသာ ချန်လှပ်ထားပြီး ကျန်ရှိသော အချက်အလက်အားလုံးကို သူ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဝမ်လေး၏ စကားအဆုံးတွင် တပ်မှူးကြီး၏ မျက်မှောင်မှာ ပိုမိုတွန့်ချိုးသွားပြီး စဉ်းစားမရနိုင်သော ပဟေဠိများဖြင့် ပြည့်နှက်သွားသည်။ဝမ်လေး တင်ပြသွားသော အချက်များထဲတွင် စုံစမ်းစစ်ဆေးရန် လိုအပ်သည့်အချက်များစွာ ပါဝင်နေသောကြောင့်ပင်။
တပ်မှူးကြီးမှာ စဉ်းစားခန်းဝင်နေသဖြင့် အခန်းအတွင်းမှာ တိတ်ဆိတ်ကာ ဖိအားပေးနေသကဲ့သို့ ခံစားရသည်။ ခေတ္တအကြာတွင် တပ်မှူးကြီးသည် ဝမ်လေးကို စေ့စေ့ကြည့်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။
“ခေါင်းဆောင်ဝမ်... ခင်ဗျားပြောချင်တာက ကျန်းနန်မြို့ထဲကို ရောက်သွားတဲ့အခါ အဲဒီမှာ ရှိနေသင့်တဲ့ ဆင့်ကဲဇွန်ဘီတွေအားလုံး လျှို့ဝှက်စွာ ပျောက်ကွယ်နေတာကို တွေ့ခဲ့ရတာပေါ့ဟုတ်လား”
“နောက်ပြီးတော့... ဇွန်ဘီတွေ ကားမောင်းတာနဲ့ ရိက္ခာသယ်နေတာတွေကို ခင်ဗျားကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာတော့ မဟုတ်ဘူး မှန်ရဲ့လား”
ဆင့်ကဲဇွန်ဘီများသည် သာမန်ဇွန်ဘီများမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ရာ အကြောင်းအရင်းမရှိဘဲ လုံးဝကွယ်ပျောက်သွားရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။
တပ်မှူးကြီး၏ အမြင်တွင်မူ ဤဆင့်ကဲဇွန်ဘီများသည် တစ်စုံတစ်ဦး၏ အမဲလိုက်ခြင်းကို ခံလိုက်ရခြင်း သို့မဟုတ် အမှောင်ထုအတွင်း ပုန်းအောင်းနေသော အရာတစ်ခုခုက စုစည်းသိမ်းဆည်းထားခြင်းသာ ဖြစ်ရပေမည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ဇွန်ဘီဘုရင်တစ်ကောင်၏ ဝိသေသလက္ခဏာများနှင့် အလွန်ပင် ကိုက်ညီနေသည်။
သို့သော် ဝမ်လေးကိုယ်တိုင်မှာမူ ဇွန်ဘီများ၏ ထူးခြားသော လှုပ်ရှားမှုများကို မျက်မြင်တွေ့ရှိခဲ့ခြင်း မရှိဘဲ အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အပေါ်တွင်သာ အခြေခံထားသဖြင့် အမှန်တရားကို အချိန်တိုအတွင်း ဆုံးဖြတ်ရန် ခဲယဉ်းနေဆဲပင်။ သို့သော်လည်း တပ်မှူးကြီးသည် ဤကိစ္စကို အမှန်ဟု ယုံကြည်ရန် ဝန်မလေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆင့်ကဲဇွန်ဘီများ လုံးဝပျောက်ကွယ်နေသည့်အချက်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များမှာ တစ်ခုနှင့်တစ်ခု အထောက်အထား ခိုင်လုံနေပြီး ဇွန်ဘီဘုရင် ရှိနေကြောင်းကို ပြတ်သားစွာ သက်သေပြနေသောကြောင့်ပင်။
"တပ်မှူးကြီး... အသက်ရှင်ကျန်ရစ်သူ အများအပြား ဒါကို မြင်ခဲ့ကြတာပါ။ အခု အဲဒီလူတွေကို စခန်းမြို့တော်ဆီ လွှဲပြောင်းထားပြီးပြီမို့ သူတို့ကို ခေါ်ယူစစ်ဆေးပြီး အတည်ပြုနိုင်ပါတယ်"
ဝမ်လေးက အလောတကြီး တင်ပြလိုက်သည်။ သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဒုက္ခသည်များက လိမ်ညာပြောဆိုမည်မဟုတ်ဘူးဟု သူ ယုံကြည်နေသည်။
ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် ဖြစ်ရပ်မှာ ဇွန်ဘီဘုရင်ကြောင့် မဟုတ်လျှင် အခြားဘယ်အရာ ဖြစ်နိုင်ဦးမှာလဲ။ ဝမ်လေးသည် သူ၏ အသင်းဖော်နှစ်ဦး သေဆုံးသွားရခြင်းမှာလည်း ဤဇွန်ဘီဘုရင်၏ လက်ချက်ဖြစ်မည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်နေမိသည်။ သူ၏ နယ်မြေအတွင်းသို့ ကျူးကျော်မလာရန် သတိပေးလိုခြင်း သို့မဟုတ် အမြန်ဆုံး ထွက်ခွာသွားစေလိုခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဝမ်လေးနှင့် ကျန်ရှိသော အသင်းဖော်များ အသက်ဘေးမှ လွတ်မြောက်လာခဲ့ခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်နိုင်သည်ဟု သူ တွေးတောမိသည်။ အကယ်၍ သူ၏ တွေးထင်ချက်သာ မှန်ကန်ပါက ကျန်းနန်မြို့ပြတွင် ပုန်းအောင်းနေသော ဇွန်ဘီဘုရင်၏ အသိဉာဏ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ဝမ်လေးသည် သူတို့အဖွဲ့၏ စွမ်းအားကို ဇွန်ဘီဘုရင်က ကြောက်ရွံ့သဖြင့် အကုန်အစင် မသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်ရလောက်အောင် မာန်မာန မကြီးပေ။ ဇွန်ဘီလှိုင်းလုံးကြီးကိုပင် စေခိုင်းနိုင်စွမ်းရှိသူအတွက် ဝမ်လေးတို့အဖွဲ့ကို သုတ်သင်ရန်မှာ ခဲယဉ်းလှသည်မဟုတ်ပေ။
သူတို့၏နောက်ကွယ်တွင် ကျန်းဟိုင် အခြေစိုက်စခန်းဟူသော အင်အားကြီးအဖွဲ့အစည်း ရှိနေသည်ကို ဇွန်ဘီဘုရင်က ထည့်သွင်းစဉ်းစားခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။
တပ်မှူးကြီး၏ အမြင်တွင် ဤဇွန်ဘီဘုရင်သည် အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ခြင်းဖြင့် ကျန်းဟိုင်အခြေစိုက်စခန်း၏ အာရုံစိုက်မှုကို ကျန်းနန်မြို့ပြနယ်မြေဆီသို့ မဆွဲဆောင်လိုခြင်းသာ ဖြစ်ပေလိမ့်မည်။
စင်စစ်အားဖြင့် ဤဇွန်ဘီဘုရင်သည် အင်အားစုဆောင်းဆဲ အခြေအနေတွင်သာ ရှိနေသေးပြီး လူသားတို့၏ မျက်စိအောက်သို့ ရောက်ရှိသွားရန် သေချာပေါက် အလိုမရှိပေ။ ဤအချက်
သည်ပင် ဝမ်လေးတို့အဖွဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ခြင်း၏ အဓိကသော့ချက်ပင်။
“ဒါက ခင်ဗျားကိုယ်တိုင် မြင်ခဲ့တာမဟုတ်တော့ အလောတကြီး ကောက်ချက်ချလို့တော့ မရသေးဘူး။ ဒါပေမဲ့ ဆင့်ကဲဇွန်ဘီတွေအားလုံး ပျောက်ကွယ်နေတယ်ဆိုတဲ့အချက်ကတော့ သံသယဖြစ်စရာ အရမ်းကောင်းနေတယ်။ ဇွန်ဘီဘုရင်တစ်ကောင် နောက်ကွယ်မှာ ရှိနေဖို့ ရာခိုင်နှုန်း တော်တော်များနေပြီ”
“စခန်းမြို့တော်အနေနဲ့ ကိုယ်ပျောက်စွမ်းရည်ရှင်တွေနဲ့ပဲ သီးသန့်ဖွဲ့စည်းထားတဲ့ ကိုယ်
ပျောက်တပ်ဖွဲ့တစ်ခုကို စေလွှတ်ပြီး အသေးစိတ် ထပ်မံစုံစမ်းခိုင်းမယ်”
“တကယ်လို့ ဇွန်ဘီဘုရင်ရဲ့ အရိပ်အယောင်ကိုသာ အမှန်တကယ် ရှာတွေ့ခဲ့မယ်ဆိုရင် ခေါင်းဆောင်ဝမ်... ခင်ဗျားက စခန်းမြို့တော်အတွက် ကြီးမားတဲ့ အကျိုးပြုမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေကို သေချာပေါက် ရရှိစေရမယ်”
တပ်မှူးကြီးသည် အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောကြားလိုက်သည်။ ဤကိစ္စကို စခန်းမြို့တော်အနေဖြင့် လျစ်လျူရှုထား၍ မရနိုင်ပေ။ အကယ်၍ ဤသတင်းမှာ မှားယွင်းနေပါက ကိစ္စမရှိသော်လည်း မှန်ကန်နေပါက ကျန်းဟိုင်အခြေစိုက်စခန်း၏ အနီးအနားတွင် လူသားများကို ချောင်းမြောင်းနေသော ဇွန်ဘီဘုရင်တစ်ကောင် ရှိနေသည်ဟု ဆိုလိုခြင်းပင်။
ထိုသို့သော အခြေအနေမျိုးတွင် ကျန်းဟိုင်အခြေစိုက်စခန်း၏ လုံခြုံရေးမှာ ဝံပုလွေတွင်းထဲ၌ နေထိုင်နေရသကဲ့သို့ အန္တရာယ်ကြီးလှသည်။ဇွန်ဘီဘုရင်၏ ခြိမ်းခြောက်မှုကို နေ့စဉ်နှင့်
အမျှ ခံနေရမည်ဖြစ်ပြီး ရန်သူသည် အချိန်မရွေး ကြီးမားသော ဇွန်ဘီလှိုင်းလုံးကြီးကို စေလွှတ်ကာ ကျန်းဟိုင်အခြေစိုက်စခန်းကို အမှုန့်ခြေပစ်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဇွန်ဘီဘုရင် ရှိနေကြောင်း အတည်ပြုနိုင်သည်နှင့်တစ်ပြိုင်နက် ကျန်းဟိုင်အခြေစိုက်စခန်းသည် ၎င်းပုန်းအောင်းရာနေရာကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ကာ ဇွန်ဘီလှိုင်းလုံးကြီး မဖြစ်ပေါ်မီ ကြိုတင်သုတ်သင်ရှင်းလင်းရမည် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် တပ်မှူးကြီး။ ကျွန်တော်ကတော့ စခန်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်လို့ တင်ပြခဲ့တာပါ၊ ဆုလာဘ်တွေကိုတော့ တစ်ခါမှ ထည့်မတွေးခဲ့ပါဘူး”
ဝမ်လေးက နှိမ့်ချစွာ ပြောလိုက်သည်။
ထို့နောက် ဝမ်လေးက အကြံပြုချက်တစ်ခု ထပ်ပေးလိုက်သည်။
“တပ်မှူးကြီး... ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်။ ကိုယ်ပျောက်တပ်ဖွဲ့ကို သယ်ဆောင်မယ့် ရဟတ်ယာဉ်ကို ကျန်းနန်မြို့ပေါ်မှာ တိုက်ရိုက်မဆင်းစေချင်ပါဘူး။ မဟုတ်ရင် ဇွန်ဘီဘုရင်ကို လန့်သွားအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်”
ဝမ်လေး၏ အမြင်တွင် သူတို့အဖွဲ့ကို ဇွန်ဘီဘုရင်က သတိပြုမိသွားခြင်းမှာ ရဟတ်ယာဉ်၏ ဆူညံသံကြောင့်ဖြစ်ပြီး ထိုအချက်ကြောင့်ပင် သူ၏ အသင်းဖော်နှစ်ဦးမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ယူဆထားသည်။ ဇွန်ဘီဘုရင်သည် ကျန်းနန်မြို့၏ တစ်နေရာရာတွင် ပုန်းအောင်းနေမည်ဖြစ်ရာ ရဟတ်ယာဉ်သံ ကြားသည်နှင့် ၎င်း၏ အာရုံစိုက်မှုကို ခံရမည်မှာ အသေအချာပင်။ ယခင်အဖွဲ့၏ အမှားမျိုးကို ကိုယ်ပျောက်တပ်ဖွဲ့အနေဖြင့် ထပ်မံမကြုံတွေ့စေရန် သူက သတိပေးလိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီ... ငါ အဲဒီအတိုင်း သူတို့ကို အကြောင်းကြားလိုက်မယ်”
ဝမ်လေး၏ အကြံပြုချက်ကို ကြားသောအခါ တပ်မှူးကြီးသည်လည်း ဝမ်လေး၏ သံသယကို ကောင်းစွာ နားလည်သွားပြီး ခေတ္တမျှ စဉ်းစားကာ ချက်ချင်းပင် သဘောတူလိုက်သည်။