← Chapters

အခန်း (၁၀၅၁-၁၀၅၃)

Vol. 71 Ch. 1051-1053

အခန်း (၁၀၅၁-၁၀၅၃)

Vol. 71 Ch. 1051-1053

အခန်း (၁၀၅၁) ဧည့်ခံပွဲကြီး စတင်ခြင်း

နေဝင်ရီတရော ဆည်းဆာချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ တစ်နေ့တာလုံး တိုက်ခတ်ခဲ့သော မိုးသက်မုန်တိုင်းမှာလည်း အဆုံးတွင် ငြိမ်သက်သွားခဲ့လေသည်။ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးရေကြောင့် လမ်းမကြီးများမှာ ဖုန်အညစ်အကြေး ကင်းစင်ကာ သန့်ရှင်းတောက်ပနေကြသည်။

မြို့လယ်ခေါင်ရှိ မြို့စားမင်းအိမ်တော်ကြီးတွင်မူ မီးအိမ်များကို စောစီးစွာ ထွန်းညှိထားကြလေသည်။ အိမ်တော်ထိန်းနှင့် အစေခံများသည် ဟိုဟိုဒီဒီ ပြေးလွှားအလုပ်ရှုပ်နေကြကာ ဤခမ်းနားထည်ဝါသော အိမ်တော်ကြီးအား သက်ဝင်လှုပ်ရှားစေခဲ့သည်။

ယခုတစ်ကြိမ် ကျင်းပသော မြို့စားမင်း၏ ညစာစားပွဲမှာ ရှေးယခင်ကနှင့်မတူဘဲ ထူးကဲခမ်းနားကြီးကျယ်လှပေသည်။ မြို့စားမင်းနှင့် ရင်းနှီးသော ဂုဏ်သရေရှိ မိသားစုများကို ဖိတ်ကြားထားရုံသာမက အဝေ့းတစ်နေရာမှ အာဏာရှိသူများကိုပါ ဖိတ်ကြားထားခြင်းဖြစ်သည်။

ထို့ကြောင့် နေမဝင်သေးသော်လည်း မြို့စားမင်းအိမ်တော် အပြင်ဘက် လမ်းမကြီးမှာ စည်ကားသိုက်မြိုက်နေပြီဖြစ်သည်။ အရပ်မျက်နှာ အသီးသီးမှ ဇိမ်ခံရထားလုံးများ ပျံသန်းရောက်ရှိလာကြသော်လည်း မည်မျှပင် ရာထူးကြီးမားပါစေ အိမ်တော်ရှေ့တွင် ဆင်း၍ ခြေလျင်လျှောက်ဝင်ကြရသည်မှာ အိမ်ရှင်အပေါ် လေးစားမှုပြသခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ရှားပါးလှသော ဤပွဲလမ်းသဘင်ကို ကြည့်ရှုရန် စောင့်ဆိုင်းနေသူများလည်း လမ်းဘေးဝဲယာတွင် ပြည့်နှက်နေကြသည်။

"ဟိုမှာ ကြည့်စမ်း... ကျူးမိသားစုက လူတွေပါလား!"

"ဟော... ယန် မိသားစုလည်း ရောက်လာကြပြီဟေ့!"

ဧည့်သည်များမှာ ပုံမှန်အားဖြင့် တွေ့ရခဲသော အရေးပါအရာရောက်သူများ ဖြစ်ကြသဖြင့် ဘေးမှကြည့်နေသူများထံမှ အံသြသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေလေသည်။

ထိုစဉ် အလွန်ခမ်းနားသော လှည်းတန်းတစ်ခု ဆိုက်ရောက်လာသည်။ လှည်းပေါ်မှ ဆင်းသက်လာသူမှာ ဆံပင်ဖြူဖွေးနေသော်လည်း ကျက်သရေရှိပြီး မာန်အပြည့်ရှိသည့် အဘွားအိုတစ်ဦး ဖြစ်လေသည်။ သူမသည် ပတ်ဝန်းကျင်တစ်ခုလုံးကို မောက်မာသော အကြည့်ဖြင့် တစ်ချက်ဝေ့့ကြည့်လိုက်ပြီးနောက် မြို့စားမင်းအိမ်တော်ထဲသို့ ခေါင်းမော့ရင်ကော့ကာ ဝင်ရောက်သွားလေသည်။

သူမ ဝင်သွားပြီးသည်နှင့် ဘေးမှကြည့်နေသော လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဟေ့လူ... ခုနက ဝင်သွားတဲ့ အဘွားကြီးက ဘယ်သူလဲဗျ"

"မင်းမသိဘူးလား... ငါတို့မြို့မှာ ဘယ်အဘွားကြီးက ဒီလိုရာထူးမျိုး ရနိုင်မှာမို့လို့လဲ... ကျိုးမိသားစုက သခင်မကြီးကျိုးပေါ့ကွ"

ထိုစကားကြောင့် လူအများ၏ မျက်နှာထားများမှာ ထူးဆန်းသွားကြလေသည်။

"ဪ.. ဟိုတလောက လူကြားထဲ အရှက်ကွဲခဲ့တဲ့ သခင်မကြီးကျိုးဆိုတာ သူကိုး"

ကျိုးမိသားစုတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ ကျိန်စာသင့်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်ရာ ဤလူများလည်း သိရှိထားကြသည်မှာ မလွဲဧကန်ဖြစ်သည်။

"ကျွတ်... ငါကြည့်ရတာတော့ သူက ဘာမှထူးခြားပုံ မပေါ်ပါလား"

တစ်စုံတစ်ယောက်က ၀င်ပြောလိုက်သည်။

"ဟီးဟီး... အခုလောလောဆယ်တော့ မင်း ဘာမှထူးခြားတာ တွေ့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းမသိဘူးလား... သူ့ကို ပါးရိုက်ရဲခဲ့တဲ့လူကလည်း ဖိတ်ကြားခံထားရပြီး မကြာခင် ရောက်လာတော့မယ်တဲ့၊ ဒီညစာစားပွဲကတော့ တော်တော်လေး ကြမ်းမယ့်ပုံပဲ"

လူများမှာ တီးတိုးပြောဆို ဆွေးနွေးနေကြလေသည်။ သခင်မကြီးကျိုးမှာမူ ထိုလေသံများကို မကြားပေ။ ထိုအချိန်တွင် သူမသည် ဧည့်ခံပွဲခန်းမရှိ ဂုဏ်သရေရှိ ဧည့်သည်တော်ခုံတွင် မာနထောင်လွှားစွာ ထိုင်နေပြီး သူမနှင့်အတူ ပါလာသော သခင်မကျိုးနှင့် ကျိုးယာတို့အား ရံဖန်ရံခါ တီးတိုးစကား ပြောနေလေသည်။

"ထျန်းဖူက လူတွေ ဘာလို့ အခုထိ အရိပ်အယောင် မတွေ့ရသေးတာလဲ"

သခင်မကြီးကျိုးက စိတ်မရှည်သော လေသံဖြင့် မေးလိုက်သည်။ ယခုအခါ ခန်းမကြီးတစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်နေပြီး ဧည့်သည်အများစုလည်း ရောက်ရှိနေပြီဖြစ်ရာ ဧည့်ခံပွဲခန်းမကြီးမှာ အထူးစည်ကားနေသော်လည်း ထျန်းဖူအဆောင်တော်မှ လူများကိုမူ မတွေ့ရသေးပေ။

သခင်မကျိုးက လေသံတိုးတိုးဖြင့် နှိမ့်သိမ့်လာသည်။

"သခင်မကြီး... စိတ်မပူပါနဲ့၊ ဒီပွဲက အရမ်းအရေးကြီးတယ်၊ ပြီးတော့ ရွှယ်အန်း ဆိုတဲ့လူလည်း လာမှာလေ... ဒါကြောင့် ရှုပေါင်အတွက် လက်စားချေဖို့ဆိုရင်တောင် ထျန်းဖူအဆောင်က လူတွေ မဖြစ်မနေ လာကြမှာပါ"

သခင်ကြီးကျိုးသည် ရွှယ်အန်း ဆိုသော အမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာထားမှာ ချက်ချင်းပင် ရုပ်ဆိုးအကျည်းတန်သွားကာ နှာခေါင်းရှုံ့လိုက်လေသည်။

"မြို့စားမင်းက အဲ့ဒီကောင်ကို ဖိတ်တယ်ဆိုတာ ငါမယုံနိုင်ဘူး"

သခင်မကျိုးက ပြုံးလိုက်သည်။

"သခင်မကြီး... ကျွန်မထင်တာကတော့ ရွှယ်အန်းသာ ဉာဏ်ရှိရင် ဒီပွဲကို လာရဲမှာ မဟုတ်ပါဘူး၊ သူက အခု ရန်သူတွေ ဝိုင်းနေပြီလေ"

သခင်မကြီးကျိုးမှာ ထိုစကားကိုကြားသော်အခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ရွှယ်အန်းက ကျင်းမိသားစု၏ သခင်လေးကို လူပုံအလယ်တွင် မီးရှို့ပစ်လိုက်သည်ဟု ကြားသိရသောအခါ သခင်မကြီးကျိုးမှာ အလွန်ဝမ်းသာသွားခဲ့လေသည်။ ကျင်းမိသားစု၏ အင်အားမှာ ကျိုးမိသားစုထက် မနိမ့်ကျသည့်အပြင် အချို့ကဏ္ဍများတွင် သာလွန်နေသေးသည်။

ယခု ရွှယ်အန်းက ထိုမျှ မာနကြီးစွာ ပြုမူခဲ့သဖြင့် ကျင်းမိသားစုနှင့် ရန်သူကြီးဖြစ်သွားခဲ့ပြီမှာ သေချာလှသည်။ ထို့ကြောင့် သူမ လက်ဖျားပင် မလှုပ်ရဘဲ တစ်စုံတစ်ယောက်က ရွှယ်အန်းကို ရှင်းပစ်ပေးပေလိမ့်မည်။ ထိုအချိန်တွင် ခန်းမအ၀င်ဝ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေပြီး လူတစ်စုမှာ ဝင်ရောက်လာကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ မျက်နှာတွင် မိတ်ကပ်များခြယ်သထားသော နွဲ့နှောင်းနှောင်းပုံစံနှင့် အမျိုးသားတစ်ဦး ဖြစ်လေသည်။ ထိုသူကို မြင်လိုက်ရသောအခါ လူအများမှာ မလန့်ဘဲ မနေနိုင်ကြတော့ပေ။

"ဟော... ဒါ ထျန်းဖူအဆောင်က စီနီယာအစ်ကို ခန်းဟွာကျန်းမဟုတ်လား"

"ထျန်းဖူဆောင်က လူတွေ ရောက်လာကြပြီဟေ့"

ထိုသို့ အံ့သြတကြီး အော်ဟစ်သံများကြားတွင် ခန်းဟွာကျန့်က ပြုံး၍ လူအုပ်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အတွင်းသို့ တည့်မတ်စွာ ဝင်လာခဲ့လေသည်။ ဤအချိန်တွင် သခင်မကြီးကျိုးလည်း မတ်တတ်ထရပ်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ဖိတ်ခေါ်လိုက်သည်။

"အရှင်ခန်း... ကျေးဇူးပြုပြီး ထိုင်ပါဦးရှင်"

ခန်းဟွာကျန့်က သူမကို တစ်ချက်ကြည့်လိုက်ပြီး အရေးမစိုက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ဪ... သခင်မကြီးကျိုးပါလား၊ ပြီးခဲ့တဲ့တခေါက်တုန်းက ကျုပ်ရဲ့ ဂျူနီယာညီလေးကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ အထူးသဖြင့် အသားတစ်စတောင် မကျန်ရအောင် လုပ်ပေးလိုက်တာဆိုတော့... တော်တော်လေး စိတ်ကူးရှိတာပဲ"

ထိုစကားများကြောင့် သခင်မကြီးကျိုး၏ အပြုံးမှာ တောင့်တင်းသွားလေသည်။

"အရှင်ခန်းကလည်း နောက်နေပါပြီ၊ ကျွန်မက အရှင်ရှုကို ဖိတ်တုန်းက ကိစ္စတချို့ ဆွေးနွေးစရာ ရှိလို့ပါ၊ နောက်ပိုင်း ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူက ကြိုသိမှာလဲ... ကျွန်မတောင် အဲ့ဒီလူလက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ရတာပါ"

သခင်မကြီးကျိုးမှာ ထိုကိစ္စနှင့် ပတ်သက်၍ သူမနှင့် မသက်ဆိုင်ကြောင်း အသည်းအသန် ရှင်းပြနေသော်လည်း ခန်းဟွာကျန့်ကမူ ပြုံးရုံသာ ပြုံးလိုက်ပြီး ဝေ့ခွဲရခက်သော စကားကို ပြောလာသည်။

"သခင်မကြီး... စိတ်လှုပ်ရှားမနေပါနဲ့ဗျာ၊ ကျုပ်က ခုနက တကယ်ပဲ ကျေးဇူးတင်စကား ပြောလိုက်တာပါ၊ ကျုပ် ဂျူနီယာညီလေးရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ ထျန်းဖူအဆောင်က သဘာဝကျကျပဲ ဆုံးဖြတ်ချက် ချပေးမှာပါ"

သခင်မကြီးကျိုးမှာ စိတ်သက်သာရာ ရသွားပြီး ထျန်းဖူဆောင်မှ စီနီယာအစ်ကိုကို မျက်နှာလုပ်ရန် ကြိုးစားလေတော့သည်။ သို့သော် ခန်းဟွာကျန့်ကမူ သူမနှင့် စကားဆက်မပြောချင်တော့ပုံ ရသည်။ သူသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် လက်ဖက်ရည်ကို စတင်သောက်သုံးနေလိုက်သည်။ ထိုအချိန်တွင် ဧည့်ခံပွဲခန်းမထဲမှ လူအများမှာလည်း တီးတိုးပြောဆိုနေကြလေသည်။

"ထျန်းဖူအဆောင်က လူတွေ အများကြီး ရောက်လာကြတယ်ဆိုတော့... ရည်ရွယ်ချက် ကောင်းမရှိတာ သေချာတယ်"

"ကျွတ် ကျွတ်... သခင်မကြီးကျိုး မျက်နှာလုပ်နေတဲ့ ရုပ်ကို တွေ့လိုက်လား၊ ဟို ရွှယ်အန်း ဆိုတဲ့ကောင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူကြံစည်နေတာ နေမှာ"

"ရွှယ်အန်း ဟုတ်လား... သခင်မကြီးကျိုးနဲ့ ရန်ဖြစ်ပြီး ထျန်းဖူဆောင်က ရှုပေါင်ကို သတ်လိုက်တဲ့လူလား"

"ဟုတ်တယ်! သူလည်း ဖိတ်ကြားခံထားရတယ်လို့ ငါကြားတယ်"

"ဟား... သူသာ အရူးမဟုတ်ရင် ဒီပွဲကို ဘယ်နည်းနဲ့မှ လာမှာ မဟုတ်ဘူးကွ"

တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။ ထိုစကားကို ကြားသောအခါ လူတိုင်းက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်၊ သူသာ လာရဲရင် သူ့ကို ပထမဆုံး အလွတ်ပေးမှာ မဟုတ်တာက ထျန်းဖူောဆောင်က လူတွေပဲ ဖြစ်လိမ့်မယ်"

"ဟေ... နေပါဦး... တစ်ယောက်ယောက် လိုနေသလိုပဲ၊ မင်းတို့ သတိမထားမိကြဘူးလား"

တစ်စုံတစ်ယောက်က ရုတ်တရက် အံ့သြစွာ မေးလိုက်သည်။

"ဘယ်သူပျောက်နေလို့လဲ"

"ကျင်းမိသားစု မရောက်သေးဘူးလေ... ဒါ တစ်ခုခု လွဲနေပြီ"

ထိုစကားကြောင့် လူအများ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကြသည်။ ရွှယ်အန်းနှင့် ကျင်းမိသားစုတို့ ယမန်နေ့က ပြဿနာတက်ခဲ့ကြသည်ကို သူတို့ ရုတ်တရက် သတိရသွားကြခြင်း ဖြစ်သည်။ မည်သူမှန်းမသိရသော ထို ရွှယ်အန်း ဆိုသူမှာ ယခုအခါ ကျိန်စာသင့်မြို့တော်ရှိ အဓိက အင်အားကြီးအဖွဲ့အစည်း အားလုံးနီးပါးကို ပြစ်မှားမိထားပုံ ရလေသည်။

"ဟူး... ဒီကောင်က သူ့ရဲ့ ခွန်အားကို မပြောနဲ့ဦး၊ ပြဿနာရှာတဲ့ နေရာမှာတော့ ပါရမီပါတာပဲကွာ"

တစ်ယောက်က သက်ပြင်းချလိုက်သည်။ လူတိုင်းသည် ထိုစကားကို လေးနက်စွာ ထောက်ခံလိုက်ကြသည်။ ရွှယ်အန်း လုံးဝပေါ်လာမည် မဟုတ်ဟု လူတိုင်း ယုံကြည်နေကြသော အချိန်တွင်ပင် မြို့စားမင်းအိမ်တော်ရှေ့ လမ်းမကြီးပေါ်၌ ရုတ်တရက် လူရိပ်အများအပြား ပေါ်ထွက်လာခဲ့သည်။

ထိုသူများသည် အပြာရောင်ဝတ်စုံများကို ညီညာစွာ ဝတ်ဆင်ထားကြပြီး ဘယ်ဘက်လက်မောင်းတွင် အနီရောင် လက်ပတ်များကို စည်းနှောင်ထားကာ တည်ကြည်လေးနက်နေကြသည်။ သူတို့၏ မျက်နှာများကို ကြည့်ခြင်းအားဖြင့် ပင်လယ်ပြင်တွင် ကျင်လည်ကျက်စားလေ့ရှိသော သင်္ဘောသားများ ဖြစ်ကြောင်း ထင်ရှားနေလေသည်။

ပုံမှန်အားဖြင့် သတိထားမိလေ့မရှိသော ဤသင်္ဘောသားအဖွဲ့ကြီးသည် ညီညာစွာ ဝတ်ဆင်၍ ခြေလှမ်းမှန်မှန်ဖြင့် လမ်းမပေါ်တွင် ချီတက်လာသည်ကို မြင်လိုက်ရသောအခါ လူအများမှာ တဖြည်းဖြည်း မျက်လုံးပြူးလာကြတော့သည်။

"ဒါ ဘာသဘောလဲဟ... ဒီသင်္ဘောသားတွေက ဆိပ်ကမ်းမှာ မနေဘဲ ဒီကို ဘာလာလုပ်ကြတာလဲ"

လူတိုင်း အံ့သြမှင်သက်နေစဉ်မှာပင် ထိုသင်္ဘောသားများ ခြံရံလာသော အနက်ရောင် မြင်းရထားတစ်စီးသည် လမ်းမကြီး၏ အဆုံးတစ်နေရာမှနေ၍ ဖြည်းညှင်းစွာနှင့် ခန့်ညားထည်ဝါစွာ မောင်းနှင်ဝင်ရောက်လာတော့သည်။

အခန်း (၁၀၅၂) - ငါ မိန်းမတွေကို အမုန်းဆုံးပဲ

လူတိုင်းသည် ထိုရထားလုံးကို ကြည့်လျက် အံ့သြမှင်သက်ကာ တိတ်ဆိတ်သွားကြသည်။ ထိုခဏ၌ မြို့စားမင်းအိမ်တော်မှ အစောင့်တစ်ဦးသည် ရှေ့သို့ထွက်လာပြီး ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။

"မြို့စားမင်းအိမ်တော်ရှေ့ ရောက်ရင် နတ်ဘုရားတောင် မြင်းပေါ်က ဆင်းရမယ်"

ဤသည်မှာ တင်းကျပ်လှသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူပင်ဖြစ်စေ၊ မည်သည့်ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ ဤလမ်းမကြီးကို ဖြတ်သန်းရာတွင် မြင်းပေါ်မှဆင်း၍ ခြေလျင်လျှောက်သွားကြရစမြဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အာဏာရှိသူများကို လေးစားမှုပြသခြင်း ဖြစ်သောကြောင့်တည်း။

သို့သော် ရထားလုံးမှာမူ တစ်ခဏမျှပင် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်ရွေ့လျား ဝင်ရောက်လာခဲ့လေသည်။

ထိုအခါ စစ်သည်တစ်စုမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းပင် တိုက်ခိုက်ရေးစစ်ကြောင်းပုံစံ နေရာယူကာ လှုပ်ရှားလိုက်ကြတော့သည်။

ဤစစ်သည်များသည် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်နည်းလမ်းများဖြင့် အထူးလေ့ကျင့်ပေးထားသူများဖြစ်ရာ တစ်ဦးချင်းစီ၏ အင်အားမှာ လွတ်မြောက်အင်မော်တယ်အဆင့်ထက် မနိမ့်ကျပေ။ အထူးသဖြင့် စစ်ကြောင်းပုံစံ ချီတက်လိုက်သောအခါ သူတို့၏ စုပေါင်းအင်အားမှာ အဆပေါင်းများစွာ တိုးပွားသွားလေသည်။

နတ်ဘုရားတစ်၀က်အဆင့် ရှိသူများပင် ဤမျှ ကောင်းစွာလေ့ကျင့်ထားသော စစ်သည်အုပ်စုနှင့် ထိပ်တိုက် မတွေ့လိုကြပေ။ သို့သော် စစ်သည်များ၏ တိုက်ခိုက်မှုအရှိန်အဝါများမှာ ရထားလုံးနှင့် ထိခါနီး ဆဲဆဲအချိန်တွင် ရထားလုံးအတွင်းမှ အေးစက်တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

"ထွက်သွားစမ်း..."

ဝုန်း!

ထိုသည်မှာ ပေါ့ပါးစွာ ပြောလိုက်သော စကားတစ်ခွန်းသာ ဖြစ်သော်လည်း ထိုစစ်သည်အုပ်စုမှာ ရင်ဘတ်ကို လေးလံသော သံတူကြီးဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ လွင့်စင်ထွက်သွားကြသည်။ ၎င်းတို့သည် အဝေ့းကြီးသို့ လွင့်စင်သွားကြပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသောအခါ မည်သူမျှ ပြန်မထနိုင်ကြတော့ပေ။

၎င်းတို့သည် အစမှအဆုံးတိုင် ရထားလုံးအတွင်းမှ မည်သည့် ထူးခြားလှုပ်ရှားမှုမျှ မတွေ့ရပေ။ ထိုထဲတွင် ပိုလျှံသော စွမ်းအားအရှိန်အဝါ အနည်းငယ်မျှပင် ထွက်ပေါ်လာခြင်း မရှိဘဲ ထွက်သွားစမ်း ဆိုသည့် ရိုးရှင်းသော စကားတစ်ခွန်းဖြင့် စစ်သည်တစ်တပ်လုံး၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်လေသည်။

ဘေးမှ ကြည့်နေကြသော လူအုပ်ကြီးမှာ မျက်လုံးပြူးကျယ်ကာ အံ့အားသင့်သွားကြသည်။ ထိုစဉ် ရထားလုံးသည် လမ်းမအတိုင်း ဖြည်းညှင်းစွာ ဆက်လက်မောင်းနှင်လာပြီး အဆုံးတွင် မြို့စားမင်းအိမ်တော် တံခါးဝရှေ့၌ တိခနဲ ရပ်တန့်သွားလေသည်။ ထို့နောက် လိုက်ကာနောက်ကွယ်မှ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်တစ်ဖက် ဆန့်ထွက်လာပြီး နောက်တစ်ခဏ၌ အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လူတိုင်း၏ ရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။

ထိုလူငယ်၏ အသွင်အပြင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။ လူငယ်သည် အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ခန့်သာ ရှိပုံရပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးပမာ ခန့်ညားပြီး ကျက်သရေရှိလှပေသည်။ သို့သော် သေချာကြည့်လိုက်သောအခါ လူအများသည် ထင်ယောင်ထင်မှား ဖြစ်သလို ခံစားလိုက်ရပြီး ဤလူငယ်၏ အသက်အမှန်ကို သူတို့ မခန့်မှန်းနိုင်မှန်း သဘောပေါက်သွားကြလေသည်။

ထိုအရာအားလုံးမှာ သူ၏ မျက်လုံးများကြောင့်ဖြစ်သည်။ ဘယ်လို မျက်လုံးမျိုးတွေပါလဲ၊ ငြိမ်သက်နေသော ပင်လယ်ပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော ကြီးမားသည့် စွမ်းအင်များ ပါဝင်နေသည့်အလား တိုက်ရိုက်မကြည့်ရဲလောက်အောင် အရှိန်အဝါ ကြီးမားလှပေသည်။

သူသည် ထိုနေရာတွင် ရပ်နေရုံသာ ဖြစ်သော်လည်း စီရင်ဆုံးဖြတ်ချက်အားလုံးကို ချမှတ်မည့် နတ်ဘုရားတစ်ပါးအလားထင်ရသည်။

လူတိုင်း သူ့ကို ကြောက်ရွံ့တုန်လှုပ်နေကြစဉ် လူငယ်က ကြီးကျယ်ခမ်းနားသော မြို့စားမင်းအိမ်တော်ကို မော့ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်လေသည်။

"ဒီနေ့က... တော်တော်လေး စည်ကားတာပဲ"

ထိုသို့ပြောရင်း လူငယ်သည် ရထားလုံးပေါ်မှ ဆင်းလိုက်သည်။

"ယန်ယန်... ဆင်းလာခဲ့... ပွဲကောင်းကြီး စတော့မယ်"

သူ၏ စကားအဆုံးတွင် ခရမ်းရောင် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရထားလုံးပေါ်မှ ဆင်းလာလေသည်။ ထိုမိန်းကလေး၏ အသွင်အပြင်ကြောင့် လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားကြသည်။

"ဟော... ဒါ ကျိုးယန်ယန်ပဲ"

"ဟုတ်တယ်... ကျိုးမိသားစုနဲ့ အဆက်အသွယ် ဖြတ်လိုက်တဲ့ မိဘမဲ့ကောင်မလေးလေ"

လူအများသည် ကျိုးယန်ယန်ကို မှတ်မိသွားကြပြီးနောက် လူငယ်ကို ကြည့်သော အကြည့်များမှာ ပိုမိုလေးနက်သွားကြတော့သည်။ ယခုအခါ သူ့ကိုယ်ပိုင်အထောက်အထားမှာ ထင်ရှားသွားပြီ ဖြစ်သည်။ သူသည် မကြာသေးမီကမှ ကျိန်စာသင့်မြို့တော်တွင် မိုးမွှေလေမွှေ လုပ်ခဲ့သော ရွှယ်အန်း မှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။

ထိုအချိန်တွင် သင်္ဘောသားများသည် လမ်းတစ်ဝက်ခန့် ပြည့်သိပ်နေသော်လည်း လမ်းဖယ်ပေးလိုက်ကြပြီး မုန်လဲ့သည် အမြန် ရှေ့တိုးလာလေသည်။

"အရှင်ရွှယ်..."

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ခေါင်းဆောင်မုန်... လမ်းတစ်လျှောက် လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျား အလျင်မလိုဘူးဆိုရင် ဒီနားမှာ ခဏလောက် စောင့်နေပေးပါဦး"

ထို့နောက် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ခေါ်ဆောင်ကာ မြို့စားမင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားလေသည်။ သူတို့နှစ်ယောက် မြို့စားမင်းအိမ်တော် တံခါးမကြီးနောက်သို့ ပျောက်ကွယ်သွားမှသာ တစ်စုံတစ်ယောက်က အံ့သြတကြီး အော်ပြောလိုက်လေသည်။

"သူ... သူ တကယ်ကြီး ဝင်သွားတာလား"

လူတိုင်း တိတ်ဆိတ်သွားကြပြန်သည်။ မုန်လဲ့သည်လည်း ရွှယ်အန်း ထွက်ခွာသွားပုံကိုကြည့်ရင်း လေးနက်သော အမူအရာဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။

အရှင်ရွှယ်... ခင်ဗျားနဲ့ ယန်ယန် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေ...

တစ်ချိန်တည်းမှာပင် ဧည့်ခံပွဲခန်းမထဲတွင် စည်ကားသိုက်မြိုက်နေလေသည်။ အရပ်ရပ်မှ ပြိုင်ဘက်များသည် စုရုံးရောက်ရှိနေကြပြီး အချင်းချင်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုနေကြသည်။ သေချာသည်မှာ သူတို့ဆွေးနွေးမှု၏ အဓိကအကြောင်းအရာမှာ မကြာမီ ပေါ်ထွက်လာတော့မည့် နတ်ဘုရားသင်္ကေတများ အကြောင်းပင် ဖြစ်သည်။

လက်တွေ့တွင်မူ သူတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် နတ်ဘုရားသင်္ကေတကို လုယူရန်မှာ မဖြစ်နိုင်ကြောင်း လူအများ နားလည်ထားကြသော်လည်း နတ်ဘုရားသက်ေသအပြင် အခြားလိုချင်စရာကောင်းသော ဆုလာဘ်များစွာ ရှိနေသေးသည် မဟုတ်ပါလား။

ရှေးဟောင်းနတ်ဘုရားများ၏ အမွေအနှစ် တစ်ခုခုကိုသာ ရယူနိုင်ခဲ့လျှင်ပင် ၎င်း၏တန်ဖိုးမှာ ဖြတ်သန်း၍ ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူတိုင်း၏ မျက်နှာထားများမှာ အနည်းငယ် စိတ်လှုပ်ရှား တက်ကြွနေကြသည်။ လူတိုင်းက ဤအခွင့်ကောင်းတွင် အကျိုးအမြတ်ရယူရန် စိတ်ကူးယဉ်နေကြလေသည်။

ထိုသို့ လူတိုင်း အတွေးလွန်နေကြစဉ်မှာပင် ရွှယ်အန်းသည် ကျိုးယန်ယန်နှင့်အတူ ခန်းမထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့လေသည်။ ၎င်းတို့၏ ဝင်ရောက်လာမှုမှာ သာမန်ကာလျှံကာသာ ဖြစ်သော်လည်း ဧည့်ခံပွဲခန်းမကြီး တစ်ခုလုံးမှာ အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားလေသည်။

ရုတ်တရက်ပင် ခန်းမတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် ငြိမ်ကျသွားသည်။

လူတိုင်းမှာ ထူးခြားမှုကို အာရုံခံမိလိုက်သောကြောင့် မော့ကြည့်လိုက်ကြပြီး အဝင်ဝဆီသို့ အာရုံစိုက်လိုက်ကြသည်။

ခန်းဟွာကျန်းနှင့် ပြုံးရွှင်စွာ စကားပြောနေသော သခင်မကြီးကျိုးသည် လေထုပြောင်းလဲသွားမှုကို ခံစားလိုက်မိလေသည်။ သူမ အဝင်ဝဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမမျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ပြင်းထန်သော မုန်းတီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ အစားထိုး ဝင်ရောက်လာတော့သည်။

အထူးသဖြင့် ကျိုးယန်ယန်၏ မျက်လုံးထဲတွင် ယခင်က သူမ မပိုင်ဆိုင်ဖူးသော တောက်ပမှုများနှင့် စစ်မှန်သော အပြုံးရိပ်များကို မြင်လိုက်ရသောအခါ သခင်မကြီးကျိုးမှာ ဒေါသကြောင့် တုန်ရီမသွားဘဲ မနေနိုင်တော့ပေ။

"ဒီကောင်မ... သူ့အမေလိုပဲ အရှက်မရှိတဲ့ မိန်းမယုတ်ပဲ"

အမှန်တကယ် ယုတ်မာသူမှာ ကျိုးယာပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက သူမသည် ကျိုးယန်ယန်ကို နှိပ်စက်ရသည်ကို ပျော်ရွှင်မှုတစ်ခုလို သဘောထားခဲ့သော်လည်း ရက်အနည်းငယ်မျှ မတွေ့ရသည့်အချိန်အတွင်း ကျိုးယန်ယန်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက ယခုအခါ သူမကို မော့ကြည့်ရန် ဖိအားပေးနေသည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤခံစားချက်ကြောင့် ကျိုးယာမှာ သွေးအန်လုမတတ် ဖြစ်သွားရပြီး မနာလိုဝန်တိုမှုများဖြင့် ကျိုးယန်ယန်ကို စိုက်ကြည့်ကာ ထိုနေရာတွင်ပင် အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေမိတော့သည်။

"အရှင်ခန်း... ဟိုကောင်လေးက ရွှယ်အန်းပဲ... ရှင်တို့ရဲ့ တပည့်ကို သတ်ခဲ့တဲ့ကောင်လေ"

သခင်မကြီးကျိုးက ရုတ်တရက်ပင် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သို့သော် သူမ ခဏစောင့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသောကြောင့် သခင်မကြီးကျိုးက အံ့သြစွာ လှမ်းကြည့်လိုက်သည်။

ခန်းဟွာကျန့်သည် ရွှယ်အန်းကို စိုက်ကြည့်နေပြီး ဖမ်းစားခံထားပုံရသကဲ့သို့ ဖြစ်နေကာ မိတ်ကပ်များဖြင့် ဖုံးကွယ်၍ မရနိုင်သော သွေးရောင်လွှမ်းသည့် အနီရောင်ရိပ်များမှာ သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

"ခန်း... အရှင်ခန်း?"

သခင်မကြီးကျိုးမှာ အနည်းငယ် လန့်သွားသည်။ ထို့နောက် လူအုပ်ကြီးကြားတွင် ဆူညံပွက်လောရိုက်သွားပြန်သည်။ လူအများက ရွှယ်အန်းကို အံ့သြမှင်သက်စွာ စိုက်ကြည့်နေကြလေသည်။

အထူးသဖြင့် ရွှယ်အန်း လာရဲမည်မဟုတ်ဟု ယုံကြည်မှုရှိရှိ ပြောဆိုခဲ့ကြသူများမှာ ယခုအခါ လုံးဝ ကြောင်အသွားကြတော့သည်။

ထိုအချိန်တွင် ခန်းဟွာကျန့်သည် သူ၏ အက်ကွဲနေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး အလွန်တရာ လောဘတက်နေသော အသံဖြင့် ရယ်မောလိုက်လေသည်။

"ရှုပေါင်ရဲ့ အလောင်းက ဘာလို့ ဒီလောက် မွှေးကြိုင်နေရတာလဲဆိုတာ အခုမှပဲ သိတော့တယ်... ဒီလို ပြိုင်ဘက်ကင်းတဲ့ လူငယ်လေးရဲ့ လက်ရာ ဖြစ်နေတာကိုး"

ထိုသို့ပြောကာ သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ ရှေ့သို့ တိုးလာခဲ့လေသည်။ လူအုပ်ကြီးသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သခင်မကြီးကျိုး၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာနေသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်လေသည်။

ထို့နောက် ခန်းဟွာကျန့်က ရွှယ်အန်းအနားသို့ ရောက်လာပြီး ပြုံးလိုက်သည်။

"ဟိုင်း... တို့ရဲ့ တပည့်လေး ရှုပေါင်ကို သတ်လိုက်တာ မင်းလားဟင်"

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ စကားမပြောရဲကြတော့ပေ။ ၎င်းတို့ မျက်လုံးအားလုံးသည် ရွှယ်အန်းထံသို့ ရောက်ရှိနေကြသည်။ ရွှယ်အန်းသည် ကျား၊မ မသဲကွဲဖြစ်နေသော ခန်းဟွာကျန့်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ်"

"ကောင်းလိုက်တာ... မင်းရဲ့ လက်ဝါးရိုက်ချက်က တကယ့်ကို ခမ်းနားတာပဲ... တို့အတွက် နောက်တစ်ခေါက်လောက် လုပ်ပြနိုင်မလား... လူတစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့ ဘယ်လို ကြေမွသွားအောင် လုပ်လိုက်တာလဲ သိချင်လွန်းလို့ပါ"

ခန်းဟွာကျန့်သည် ရူးသွပ်လုမတတ် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။

သူ့မျက်လုံးထဲမှ အရောင်အဝါမှာလည်း အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

လူအများမှာ ထျန်းဖူဆောင်မှ စီနီယာအစ်ကိုနှင့် ပတ်သက်သော ပုံပြင်များကို ပြန်လည်အမှတ်ရသွားကြပြီး ကျောချမ်းသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။ သို့သော် ရွှယ်အန်းက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"အော်... ခင်ဗျားက သရုပ်ပြတာကို လိုချင်တာလား၊ ဘယ်လိုလုပ်ရမလဲ၊ ခင်ဗျားကိုပဲ စမ်းသပ်ပြရမလား"

ခန်းဟွာကျန့်က တဟီးဟီး ရယ်မောလိုက်သည်။

"တို့ဆို မဖြစ်ပါဘူး‌လေ၊ တို့က အနာမခံနိုင်ဘူး၊ ဒီလိုဆိုရင်ကော... သူမကို သုံးလိုက်ရင် မကောင်းဘူးလား"

ခန်းဟွာကျန့်သည် ထိုသို့ပြောကာ ရွှယ်အန်း၏ နောက်ကျောဘက်ရှိ ကျိုးယန်ယန်ကို လက်ညှိုးထိုးပြလိုက်လေသည်။

"တို့က မိန်းမဆိုရင် သိပ်ကြည့်ရတာ မဟုတ်ဘူး... သူ့ကို သတ်ပြီး စမ်းသပ်ပြရင် ပိုမကောင်းဘူးလား”

အခန်း (၁၀၅၃) - ကျိန်စာသင့် ဧကရီ

ထိုခဏ၌ လေထုသည် ရုတ်တရက် အေးစက်တင်းမာသွားလေသည်။ အထူးသဖြင့် ကျိုးမိသားစုဝင်များသည် ခန်းဟွာကျန့်က ရွှယ်အန်းကို ချက်ချင်းပင် သတ်ပစ်လိုက်တော့မည်ဟု တွေးမိကာ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ရွှယ်အန်း ဒုက္ခရောက်သည်ကို မြင်လိုသော အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။

သို့သော် အခြေအနေက လူတိုင်း ထင်မှတ်ထားသည်နှင့် တခြားစီ ဖြစ်နေလေသည်။ ရွှယ်အန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရပေ။ သူသည် ခန်းဟွာကျန့်ကို ပြုံးရွှင်သော အကြည့်ဖြင့်ပင် ကြည့်လိုက်သေးသည်။

"ခင်ဗျားက တကယ်ပဲ မိန်းမတွေကို မုန်းပုံရတယ်နော်..."

ခန်းဟွာကျန့်၏ မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ဒါပေါ့... မိန်းမတွေဆိုတာ အယုတ်ညံ့ဆုံးနဲ့ အနိမ့်ကျဆုံး သတ္တဝါတွေပဲ...တို့က သူတို့ကို အမုန်းဆုံးပဲကွဲ့၊ ဖြစ်နိုင်ရင် ဒီကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတွေ အကုန်လုံးကို အခုချက်ချင်း သတ်ပစ်လိုက်ချင်တာ"

သူ၏ စကားလုံးများတွင် ပါဝင်သော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကြောင့် လူအုပ်ထဲရှိ အမျိုးသမီးအများစုမှာ မျက်နှာ ဖြူဖျော့သွားကြလေသည်။ သို့သော် ရွှယ်အန်းက ခေါင်းခါပြီး သက်ပြင်းအနည်းငယ် ချလိုက်သည်။

"တကယ်ပါပဲ... မုန်းစရာကောင်းတဲ့ လူတိုင်းမှာ သနားစရာကောင်းတဲ့ အချက်တွေ ရှိတတ်စမြဲပါလား..."

သူ့အသံမှာ မကျယ်လောင်သဖြင့် ခန်းဟွာကျန့်သာ ဝိုးတဝါး ကြားလိုက်ရသည်။ ခန်းဟွာကျန့် မျက်နှာပျက်သွားပြီး ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်စဉ် ရွှယ်အန်းက သူ့ကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ခင်ဗျားက ကျွန်တော့်ကို စမ်းသပ်ခံစေချင်လွန်းနေမှတော့ ခင်ဗျားကိုပဲ အစားထိုး သုံးလိုက်ကြတာပေါ့၊ ခင်ဗျားတို့ ဆရာတပည့်တွေ အတူတူ သေရွာခရီးသွားရတာ သင့်တော်တာပေါ့... ဘယ်လိုလဲ"

ထိုစကားများကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည်။ နူးညံ့သိမ်မွေ့ပုံရသော ဤလူငယ်က ဤမျှ ပြတ်သားရဲတင်းစွာ ပြောဆိုလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ သူသည် ထျန်းဖူအဆောင်မှ လူများနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေသည်မှာ ထင်ရှားလှပေသည်။

သို့သော် ထျန်းဖူအဆောင် ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းသည် ဖန်းထျန်းနယ်မြေရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး ဂိုဏ်းသားများစွာရှိကာ မာနကြီးသော အပြုအမူများကြောင့် ကျော်ကြားလေသည်။ ဤအမည်မသိ လူငယ်၏ လုပ်ရပ်သည် ကြီးမားသော ပြဿနာမုန်တိုင်းကို ယူဆောင်လာနိုင်လေသည်။ လူအများက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ရွှယ်အန်း၏ စကားဆုံးသည်နှင့် ခန်းဟွာကျန့်နှင့်အတူ ပါလာသော တပည့်များသည် ဒေါသတကြီး အော်ဟစ်ကြတော့သည်။

"ဒီကောင်လေးက ဘာကောင်မို့လို့ အစ်ကိုကြီးခန်းကို ဒီလိုပြောရဲတာလဲ"

"ဟုတ်တယ်... သူက ရှုပေါင်ကို သတ်ခဲ့ရုံတင်မကဘူး၊ စကားပြောတာကလည်း မာနကြီးလိုက်တာ... သူ့ကို သတ်ပစ်ကြစို့"

သူတို့ အော်ဟစ်သံများကြားတွင် ရှုပေါင်အတွက် လက်စားချေမည်ဟု ကြိမ်းဝါးထားသော လူကောင်ကြီးမှာ ဒေါသထွက်ကာ လှုပ်ရှားရန် ရှေ့တိုးလာလေသည်။ သို့‌

သော် ခန်းဟွာကျန့်က လက်ကာပြပြီး သူ့ကို တားလိုက်သည်။ လူကောင်ကြီးမှာ လန့်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"အစ်ကိုကြီး... ဒီကောင်ယုတ်က အောက်တန်းကျလိုက်တာ၊ ကျွန်တော့်ကို လုပ်ခိုင်းစမ်းပါ၊ သူ့ကို ရိုက်သတ်ပစ်လိုက်မယ်၊ ရှုပေါင်အတွက်လည်း လက်စားချေပြီးသား ဖြစ်သွားတာပေါ့"

ခန်းဟွာကျန့်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ဘာလုပ်ရမယ်ဆိုတာ သင်ပေးနေတာလား"

ထိုစကားကို ကြားသောအခါ မူလက ရန်လိုနေသော လူကောင်ကြီးမှာ လေထွက်သွားသော ဘောလုံးပမာ ရှုံ့တွသွားပြီး တစ်ကိုယ်လုံး တုန်ရီနေကာ ကြောက်လန့်တကြား ခေါင်းခါလိုက်လေသည်။

"အစ်ကိုကြီး... အစ်ကိုကြီး နားလည်မှု လွဲနေပါပြီ၊ ကျွန်တော်က ဘယ်လိုလုပ် အစ်ကိုကြီးကို ဆရာလုပ်ရဲမှာလဲ... ကျွန်တော်က ဒေါသထွက်လွန်းလို့ပါ..."

"ထွက်သွားစမ်း..."

ခန်းဟွာကျန့်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ လူကောင်ကြီးမှာ မျက်နှာငယ်လေးဖြင့် ထွက်သွားရရှာသည်။ ထို့နောက် ခန်းဟွာကျန့်က ခေါင်းမော့ကာ ရွှယ်အန်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"မင်း ဘာကို အားကိုးနေရလို့ ဒီလိုပြောရဲတာလဲတော့ တို့မသိဘူး၊ ဒါပေမဲ့ တို့မင်းကို ပြောချင်တာက ဖန်းထျန်းနယ်မြေမှာ တို့ရဲဘ ထျန်းဖူဆောင်က အသက်နဲ့ သေခြင်းတရားကို စီရင်ဆုံးဖြတ်သူတွေပဲ၊ မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီကိုရောက်လာရင် နာခံရမယ်၊ ဒီမူဝါဒကို မရေမတွက်နိုင်တဲ့ သွေးမြစ်တွေနဲ့ တည်ဆောက်ထားတာကွဲ့... မင်းနားလည်မယ်လို့ တို့ မျှော်လင့်ပါတယ်"

၎င်း ထိုသို့ပြောနေစဉ်တလျှောက်လုံး ရွှယ်အန်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ခန်းဟွာကျန့်၏ စကားကို ကြားသည့်တိုင် သူသည် ခေါင်းညိတ်၍ ပြုံးရုံသာ ပြုံးလိုက်လေသည်။

"ငါနားလည်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားလိုလူတွေနဲ့ အကျိုးအကြောင်း ရှင်းပြရတာ ငါဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့... ငါကိုယ်တိုင်က အကျိုးအကြောင်းဖြစ်နေလို့ပဲ"

ဝုန်း!

လူအုပ်ကြီးမှာ ပွက်လောရိုက်သွားကြသည်။ လူအများက ရွှယ်အန်းကို အံ့သြမှင်သက်စွာ ကြည့်လိုက်ကြသည်။ သို့သော် ကျိုးမိသားစုဝင်များကမူ ရွှယ်အန်းမှာ သေလမ်းရောက်ပြီဟု ယုံကြည်ကာ ဝမ်းသာနေကြလေသည်။ သူတို့ ထင်သည့်အတိုင်းပင်။ ခန်းဟွာကျန့်က လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းက အကျိုးအကြောင်းဟုတ်လား... ကောင်းပြီလေ၊ ဒီနေ့တော့ မင်းရဲ့ အကျိုးအကြောင်းဆိုတာကို ငါခံစားကြည့်ရသေးတာပေါ့"

သူ စကားပြောနေစဉ်တွင် ခန်းဟွာကျန့်၏ ပတ်လည်၌ အဆောင်များဖြင့် ဖွဲ့စည်းထားသော ကွင်းများစွာ ပေါ်လာလေသည်။ ထိုကွင်းများသည် အေးစက်သော အလင်းရောင်များ ထုတ်လွှတ်ပြီး လျင်မြန်စွာ လည်ပတ်နေကြသည်။

"ဒါ ထျန်းဖူဆောင်ရဲ့ ယင်သရဲဖျက်ဆီးခြင်း အဆောင်ပဲ"

တစ်စုံတစ်ယောက်က အံဩဟန် ပြုလိုက်သည်။ ရွှယ်အန်းသည် ဒေါသထွက်နေသော ခန်းဟွာကျန့်ကို ရင်ဆိုင်နေရသော်လည်း လက်ကိုနောက်ပစ်ကာ ဂရုမစိုက်သလို ရပ်နေပြီး သူ့ပတ်လည်မှ အဆောင်ကွင်းများကို စိတ်ဝင်တစားပင် ကြည့်လိုက်သေးသည်။

"နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ ဒါပေမဲ့ ကံဆိုးတာက လက်ရာမမြောက်ဘူး ဖြစ်နေတယ်"

ရွှယ်အန်းက ပေါ့ပါးစွာ မှတ်ချက်ချလိုက်သည်။ ထိုစကားကို ကြားသောအခါ ခန်းဟွာကျန့်မှာ ရွှယ်အန်းက သူ့ကို တမင်သက်သက် ရန်စနေသည်ဟု ထင်မှတ်ကာ ဒေါသအကြီးအကျယ်ထွက်သွားပြီး အော်ဟစ်ကာ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း..."

ထိုအမိန့်ကြောင့် အစတွင် ဒေါသတကြီး ဖြစ်နေသော ခန်းဟွာကျန့်မှာ အနည်းငယ် တုန်လှုပ်သွားပြီး ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ရလေသည်။ သူသည် သူ၏ ပတ်လည်မှ အဆောင်များကို ဖျက်သိမ်းလိုက်ပြီး ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်ရသည်။

တချိန်တည်းမှာပင် ခမ်းနားထည်ဝါသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဧည့်ခံပွဲခန်းမထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသဖြင့် တစ်နေရာလုံး တိတ်ဆိတ်သွားပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်သည်။

"ဧကရီကို ဂါရဝပြုပါတယ်"

"မြို့စားမင်းကို ဂါရဝပြုပါတယ်"

၎င်းတို့ အားလုံး မတ်တတ်ရပ်ပြီး ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူမှာ ကျိန်စာသင့်မြို့တော်ကို နှစ်ပေါင်းတစ်ရာကျော်ကြာ နက်နဲသော စွမ်းအားဖြင့် အုပ်ချုပ်ခဲ့သည့် ကျိန်စာသင့်ဧကရီဖြစ်သောကြောင့်ဖြစ်သည်။

ထိုအမျိုးသမီး၏ မျက်နှာကို မြူခိုးလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသဖြင့် ရုပ်သွင်ပြင်ကို သဲကွဲစွာ မမြင်ရသော်လည်း၊ ရေမြွေတစ်ကောင်ကဲ့သို့ သွယ်လျနွဲ့နှောင်းသော သူမ၏ ကိုယ်လုံးကို ကြည့်ခြင်းအားဖြင့် ဤအမျိုးသမီးသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်မည်ဟု ခန့်မှန်းနိုင်လေသည်။ ထိုစဉ် အမျိုးသမီးသည် အလယ်သို့ ဖြည်းညှင်းစွာ လျှောက်သွားရင်း ရွှယ်အန်းအနား ဖြတ်သန်းသွားချိန်တွင် ရပ်တန့်လိုက်လေသည်။

"ကျိန်စာသင့်မြို့တော်မှာ မကြာသေးခင်က မုန်တိုင်းထန်အောင် လုပ်ခဲ့တဲ့ မစ္စတာရွှယ် ဆိုတာ ရှင်ပဲဖြစ်ရမယ်"

ရွှယ်အန်းက စကားမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

"ငါက အကျိုးအကြောင်းပဲတဲ့... ဒီလိုစကားမျိုး ပြောရတာ ကျေနပ်စရာ ကောင်းပေမယ့် ရှင့်ရဲ့ ခွန်အားကိုလည်း ကိုယ့်ဘာသာ ချိန်ဆသင့်သေးတယ်၊ မဟုတ်ရင်... လေကြီးမိုးကြီးပြောလွန်းတဲ့အခါ လျှာခေါက်သွားဦးမယ်"

ထိုသို့ပြောပြီးနောက် ကျိန်စာသင့်ဧကရီသည် ရွှယ်အန်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ အတွင်းဘက်သို့ လျှောက်သွားလေသည်။ လူတိုင်းက သူမအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

နာမည်ကျော် မာနကြီးလှသော ခန်းဟွာကျန့်ပင်လျှင် လက်ကိုအောက်ချကာ ဘေးသို့ကပ်ရပ်နေရသည်။ ကျိန်စာသင့်ဧကရီက သူ့အနားမှ ဖြတ်သွားစဉ် အေးစက်စွာ ပြောလိုက်လေသည်။

"ငါ့ရဲ့ မြို့စားမင်းအိမ်တော်ထဲမှာ နောက်တစ်ခါ ထပ်ပြီးပြဿနာရှာရဲရင် မင်းတို့ ထျန်းဖူဆောင်ကို နာကျင်စေမယ့် တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းမယ်"

ခန်းဟွာကျန့်၏ မျက်လုံးများ အရောင်တစ်ချက်လက်သွားသော်လည်း ခေါင်းငုံ့ကာ လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဧကရီ ရောက်ရှိလာမှုနှင့်အတူ တစ်နေရာလုံး၏ လေထုမှာ ပြောင်းလဲသွားလေသည်။ လူအများမှာ လေးစားသမှုဖြင့် ခေါင်းငုံ့ထားကြပြီး မော့ပင် မကြည့်ရဲကြပေ။ သူမ စင်မြင့်ပေါ်သို့ တက်ရောက်ပြီး အထူးပြင်ဆင်ထားသော ထိုင်ခုံတွင် ထိုင်လိုက်မှသာ လေထုမှာ အနည်းငယ် သက်သာသွားတော့သည်။ ထို့နောက် ကျိန်စာသင့်ဧကရီက ခန်းမကို ဝေ့့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါ ဒီနေ့ မင်းတို့ကို ဘာလို့ခေါ်လိုက်တာလဲ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း သိကြမှာပါ... ဒါပေမဲ့ ငါပြောချင်တာက မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ဒီကိုရောက်လာရင် ငါသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်၊ နားလည်လား"

အားလုံးက ရိုသေစွာ ပြန်ဖြေလိုက်ကြသည်။

"ဟုတ်ကဲ့ပါ"

"ကောင်းပြီ... ဒီခွက်ကို အတူတူ မော့လိုက်ကြစို့"

ကျိန်စာသင့်ဧကရီက သူမလက်ထဲမှ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ ထိုအရာကို မြင်သော်အခါ လူများလည်း သူတို့ခွက်များကို မြှောက်ကာ တစ်ကြိုက်တည်း မော့ချလိုက်ကြလေသည်။

"ဧကရီ... ကျွန်တော်တို့ ဘယ်အချိန် လှုပ်ရှားဖို့ စီစဉ်ထားပါသလဲ"

တစ်စုံတစ်ယောက်က စိတ်မရှည်စွာ မေးလိုက်သည်။

"စိတ်မပူပါနဲ့... ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် မရောက်သေးလို့ပါ၊ ခဏလောက် ထပ်စောင့်လိုက်ကြရအောင်"

ကျိန်စာသင့်ဧကရီက အေးစက်စွာ ပြောလိုက်သည်။ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် မရောက်သေးဘူး ဟုတ်လား...

လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ကျိန်စာသင့်ဧကရီ မညါသူ့ကို ရည်ညွှန်းမှန်း မသေချာဖြစ်နေကြသည်။ သို့သော် သူမက ထိုသို့ပြောလာမှတော့ မကျေမနပ်ဖြင့် စောင့်ဆိုင်းရုံသာ ရှိတော့သည်။

ဧည့်ခံပွဲခန်းမထဲမှ လေထုမှာ လုံးဝ လျော့ရဲသွားလေသည်။ လူများသည် အုပ်စုငယ်လေးများ ဖွဲ့ကာ တီးတိုးဖြင့် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် ရွှယ်အန်းနှင့် ကျိုးယန်ယန်တို့သည် တမင် ဖယ်ကြဉ်ခံထားရသကဲ့သို့ တစ်ဖက်တွင် ရပ်နေကြသည်။ ကျိုးယန်ယန်က စိတ်မကောင်းဖြစ်ပုံရပြီး လေသံတိုးတိုးပြောလိုက်သည်။

"ဆရာ..."

ရွှယ်အန်းက ပြုံးလိုက်ပြီး နောက်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့... လောလောဆယ်တော့ ပွဲကောင်းကို စောင့်ကြည့်လိုက်ကြတာပေါ့”

All Chapters