အခန်း (၁၀၅၇-၁၀၅၉)
Vol. 71 Ch. 1057-1059
အခန်း (၁၀၅၇) - ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံ
ကံဆိုးစွာဖြင့် အရာအားလုံး နောက်ကျသွားခဲ့ချေသည်။ အဆောင်သင်္ကေတကြီးသည် လူတိုင်း၏ ခေါင်းပေါ်တွင် အလင်းတန်းထောင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်ပြီးနောက် ထိုက်တောင်တန်းကြီး ပြိုကျလာသကဲ့သို့ ပြင်းထန်သော အားဖြင့် ဖိချလိုက်လေသည်။
ကြီးမားသော နတ်ဘုရားစွမ်းအားအောက်တွင် ထျန်းဖူအဆောင်မှ လူများသည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်ကြသည်။ တစ်စုံတစ်ယောက်သည် အရှုံးမပေးလိုသဖြင့် လက်ကိုမြှောက်ကာ ကျဆင်းလာသော အဆောင်သင်္ကေတကြီးကို တားဆီးရန် ကျိုးစားလိုက်သည်။ သို့သော် ဤတိုက်ခိုက်မှုအောက်တွင် ရုန်းကန်ခြင်းနှင့် ခုခံခြင်းအားလုံးသည် ရထားလုံးကို တားဆီးရန် ကျိုးစားနေသော ခြင်တစ်ကောင်ပမာ အချည်းနှီးသာ ဖြစ်သည်။
ကျွတ်...ဂျလွတ်...
အရိုးများ ကျိုးပဲ့သွားသံများနှင့် သွေးပျက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ၎င်းတို့ ကြည့်လိုက်သောအခါ တစ်ချိန်က တက်ကြွလှုပ်ရှားနေခဲ့သော ထျန်းဖူအဆောင်မှ လူများသည် သွေးအိုင်ထဲတွင် အသားဖတ်များ ဖြစ်သွားကြလေသည်။
တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကမ္ဘာမြေကိုပင် တုန်လှုပ်စေသော ဤတိုက်ခိုက်မှုကြောင့် လူတိုင်း ကြောင်အသွားကြသည်။ အစပိုင်းက ရွှယ်အန်းကို ရန်လိုစွာ ဝိုင်းရံထားခဲ့ကြသော ကျိုးမိသားစုနှင့် ကျင်းမိသားစုမှ လူများသည် ယခုအခါ အံ့သြမှင်သက်စွာ ငေးကြည့်နေမိကြသည်။ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်လေသည်။
"ကျိုးမိသားစုက မင်းအပိုင်... ကျင်းမိသားစုက ငါ့အပိုင်... နားလည်လား"
ကျိုးယန်ယန်သည် အနည်းငယ် လန့်သွားသော်လည်း ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကောင်းပြီ... ဒါဆို ငါအရင်စလိုက်မယ်..."
ထိုသို့ပြောကာ ရွှယ်အန်းသည် ကျင်းရှုန်းရှိရာသို့ ခြေလှမ်းလှမ်းလိုက်လေသည်။
"ဒီ... ဒီကို မလာနဲ့၊ သူ့ကို တားကြစမ်း... မြန်မြန်တားကြစမ်း"
ကျင်းရှုန်းသည် ရွှယ်အန်း၏ ရက်စက်သော တိုက်ခိုက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် အလွန်အမင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူနှင့်အတူ ပါလာသော ကျင်းမိသားစုမှ ကျွမ်းကျင်သူများ အားလုံးသည် ရှေ့သို့တိုးလာကြပြီး သူတို့၏ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း နည်းလမ်းများကို အသုံးပြုကာ ရွှယ်အန်း၏ ရှေ့တိုးလာမှုကို တားဆီးရန် ကျိုးစားကြလေသည်။
ရွှယ်အန်း၏ ဘေးပတ်လည်တွင် တောက်ပသော နတ်ဘုရားအလင်းရောင်များ ပေါက်ကွဲသွားပြီး မီးရှုမီးပန်းများ လေထဲတွင် ပွင့်သွားသည့်ပမာထင်ရသည်။
သို့သော် နတ်ဘုရားဓားအလင်းတန်း ဖြစ်စေ၊ လက်သီးနှင့် ခြေထောက် သိုင်းကွက်များဖြစ်စေ မည်သည့်အရာကမျှ ရွှယ်အန်း၏ ခြေလှမ်းကို အနည်းငယ်မျှပင် နှေးကွေးသွားအောင် မလုပ်နိုင်ကြပေ။ ရွှယ်အန်းသည် ထူးဆန်းစွာ တောက်ပနေသော ထိုအလင်းရောင်များကြားမှ အေးဆေးသက်သာ လမ်းလျှောက်လာပြီး သူ၏ အဝတ်အစားများသည် မြေကမ္ဘာမှ ဖုန်မှုန့်တစ်စက်မျှ မကပ်ငြိဘဲ နတ်ဘုရားဘုံမှ ဆင်းသက်လာသူတစ်ဦးကဲ့သို့ လွင့်ပျံနေလေသည်။
ဤအံ့ဖွယ်မြင်ကွင်းကြောင့် ဘေးမှကြည့်နေသူများ အံ့အားသင့်သွားကြသည်။ ကျင်းရှုန်းသည် ဦးရေပြားများ ကျိန်းစပ်သွားပြီး သူ့ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာကာ မသိစိတ်အရ နောက်သို့ ဆုတ်လိုက်မိသည်။ ကျင်းရှုမန်သည် တုန်လှုပ်သွားသော်လည်း လျင်မြန်စွာပင် စိတ်ကိုပြန်ထိန်းလိုက်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။
"ရှင် ဒီလောက် မာနကြီးနေတာ မဆန်းပါဘူး၊ တကယ်ပဲ အရည်အချင်းရှိတာကိုး... ဒါပေမဲ့ ရှင် သေကိုသေရမယ်"
ထိုသို့ပြောကာ ကျင်းရှုမန်သည် အဆောင်တစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ထိုအဆောင်သည် လေထဲတွင် ကြီးထွားလာပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများစွာ ထွက်ပေါ်လာကာ လက်ခနဲ ဖြစ်သွားကြသည်။ တချိန်တည်းမှာပင် ကောင်းကင်မှ ကြယ်များသည် အလင်းတန်းများကို ပစ်လွှတ်လိုက်ပြီး ထိုအဆောင်သင်္ကေတထဲသို့ စီးဝင်သွားကြသည်။ ကြယ်ရောင်များ လည်ပတ်သွားပြီး အဆောင်သင်္ကေတ ပြောင်းလဲသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအဆောင်သင်္ကေတသည် ကြက်သွေးရောင် စုတ်တံကြီးတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုစုတ်တံ ပေါ်လာသည်နှင့် အေးစက်စွာ ကြည့်နေခဲ့သော ကျိန်စာသင့်ဧကရီပင်လျှင် အံ့ဩသွားမိသည်။
"ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံ"
ကျင်းရှုမန်၏ မျက်နှာတွင် ဂုဏ်ယူသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
"မစ္စတာရွှယ်... နတ်ဘုရားသားတော် ကိုယ်တိုင်ပေးသနားထားတဲ့ နတ်ဘုရားအဆောင်နဲ့ သေရမှာမို့လို့ ရှင် ဂုဏ်ယူသင့်တယ်"
ရွှယ်အန်းသည် ဘာမှမကြားရသည့်ပမာ လေထဲတွင် ရှိနေသော ကြက်သွေးရောင် စုတ်တံကြီးကို စိုက်ကြည့်လျက် ရယ်မောလိုက်လေသည်။
"တကယ် စိတ်ဝင်စားဖို့ ကောင်းသားပဲ... မင်း ငါပြောတာကို နားမထောင်ဘူးပဲ"
ရွှယ်အန်းက တီးတိုးရေရွတ်လိုက်သည်။ သူပြုံးနေသော်လည်း မျက်လုံးများထဲတွင်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ကျင်းရှုမန်သည် ရွှယ်အန်းပြောလိုက်သည်ကို မကြားလိုက်ရသော်လည်း သူမအတွက် အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်တွင် ဤတိုက်ခိုက်မှုကို မည်သူမျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ လှောင်ပြုံး ပြုံးလိုက်သည်။
"အခုမှ နောင်တရတယ် ဆိုတာ သိလာပြီလား... နောက်ကျသွားပြီ"
ကျင်းရှုမန်သည် လက်ကို မြှောက်လိုက်ရာ စုတ်တံကြီးသည် သူမလက်ထဲသို့ ရောက်ရှိလာပြီး လေပေါ်တွင် မတ်မတ်ရပ်လိုက်လေသည်။
"စုတ်ချက်တစ်ချက်နဲ့ နတ်ဘုရားကို သုတ်သင်မယ်... ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးမယ်"
ကျင်းရှုမန်သည် စုတ်တံဖြင့် အမှတ်အသားတစ်ခု ရေးဆွဲလိုက်သည်။
ဝုန်း
ကြက်သွေးရောင် စုတ်တံကြီး၏ ထိပ်ဖျားမှ စည်းမျဉ်းဥပဒေသ စွမ်းအားများ ထွက်ပေါ်လာပြီး အရှေ့ရှိ လေဟာနယ်ကို ဖြိုခွင်းပစ်လိုက်သည်။ ထို့နောက် ကျိုးပဲ့သွားသော လေဟာနယ်ထဲတွင် ရွှယ်အန်း၏ မြူခိုးဆန်သော ပုံရိပ်တစ်ခု ပေါ်လာလေသည်။
"ဒါ... ဒါက စည်းမျဉ်းဥပဒေသ ပုံရိပ်ပဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ ကမ္ဘာလောက၏ မည်သည့်ထောင့်တွင်မဆို လူသားမျ တည်ရှိနေသမျှ ကာလပတ်လုံး ကောင်းကင်ဘုံ နိယာမအတွင်း၌ ပုံရိပ်တစ်ခု ဖြစ်ပေါ်နေစမြဲဖြစ်သည်။ ဤသည်မှာ သဘာဝတရား၏ နိယာမဖြစ်ပြီး ဆန့်ကျင်၍ မရနိုင်ပေ။
အကယ်၍ ထိုပုံရိပ်သာ ဖျက်ဆီးခံလိုက်ရပါက ထိုလူသည် လောက၏ ငြင်းပယ်ခြင်းကို ခံရမည်ဖြစ်ပြီး ကောင်းကင်ဘုံ နိယာမ၏ ရက်စက်စွာ ချေမှုန်းခြင်းကိုပင် ခံရနိုင်သည်။ သို့သော် ကောင်းကင်ဘုံ နိယာမကို ဝင်ရောက်စွက်ဖက်နိုင်သော လက်နက်များ သို့မဟုတ် အမိန့်ပြန်တမ်းများသည် အလွန်ရှားပါးပြီး နတ်ဘုရားနယ်ပယ်ရှိ အစစ်အမှန် အာဏာရှိသူများ၏ လက်ထဲတွင်သာ ရှိကြသည်။
ဤကျင်းရှုမန်သည် အစေခံတစ်ဦးသာ ဖြစ်သော်လည်း ထိုကဲ့သို့သော နတ်ဘုရားအဆောင်ကို ကိုင်တွယ်နိုင်သည်မှာ သူမ၏ နောက်ကွယ်ရှိ နတ်ဘုရားသားတော်သည် သာမန်မဟုတ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
လူတိုင်းက လေထဲတွင် ရပ်နေသော ကျင်းရှုမန်ကို ထိတ်လန့်ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ကျင်းရှုမန်သည် ထိုအရာများကို ခံစားမိသောအခါ သူမ မျက်နှာပေါ်တွင် ရူးသွပ်မှုများ ပေါ်လာလေသည်။ သူမ အနှစ်သက်ဆုံးအရာမှာ အသက်နှင့် သေခြင်းတရားကို ထိန်းချုပ်ရသည့် ခံစားမှုနှင့် သူတစ်ပါးအထက် ရောက်နေသည့် ခံစားမှုမျိုးပင် ဖြစ်သည်။
ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေပြီး ယုတ်မာစွာ ရယ်မောလိုက်လေသည်။
"သေလိုက်စမ်း"
ထို့နောက် ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံသည် ရွှယ်အန်း၏ ပုံရိပ်ယောင် မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်ချိန်ရွယ်လိုက်သည်။ ဤနတ်ဘုရားသုတ်သင် စုတ်တံအောက်တွင် ပုံရိပ်ယောင်သာ ဖျက်ဆီးခံလိုက်ရပါက ရွှယ်အန်း သေရမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ကျင်းရှုမန်၏ မျက်နှာပေါ်မှ ဝင့်ကြွားမှုများ အပြည့်အဝ မပွင့်လန်းမီမှာပင် တောက်ပနေသော ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ ကျင်းရှုမန် အနည်းငယ် လန့်သွားမိသည်။ ဘာဖြစ်တာလဲ၊ ဘာလို့ စုတ်တံက မရွေ့တော့တာလဲ...
ကျင်းရှုမန်သည် ထိတ်လန့်သံသယများနှင့်အတူ စုတ်တံကို ရွေ့စေရန် အားပိုစိုက်လိုက်မိသည်။ ထိုအချိန်မှာပင် လေဟာနယ်ထဲတွင် ပေါလောပေါ်နေသော ရွှယ်အန်း၏ ပုံရိပ်ယောင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာခဲ့လေသည်။ ထိုအေးစက်သော အကြည့်ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံသည် ဝမ်းနည်းပူဆွေးစွာ အော်မြည်သံကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ ထိပ်ဖျားတွင် အက်ကြောင်းငယ်များ ပေါ်လာလေသည်။ ကျင်းရှုမန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားလေသည်။
"မဖြစ်ဘူး..."
သို့သော် အားလုံး နောက်ကျသွားခဲ့ချေသည်။
ကျွတ်...
ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံသည် ကြယ်များအဖြစ်သို့ ပေါက်ကွဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ရွှယ်အန်း သေချာပေါက် သေရမည်ဟု ထင်ထားကြသူများသည်လည်း မအံ့သြဘဲ မနေနိုင်တော့သဖြင့် လှည့်ကြည့်လိုက်ကြသည်။ ကျိန်စာသင့်ဧကရီပင်လျှင် အဆုံးတွင် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ မတ်တတ်ထရပ်လိုက်ကာ အံ့သြသော အကြည့်များဖြင့် ရွှယ်အန်းကို ကြည့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံ၏ စွမ်းအားကို ကောင်းကောင်းသိသောကြောင့် ဖြစ်သည်။ သူမကိုယ်တိုင်ပင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက အရှုံးပေးရပေလိမ့်မည်။ ဤသည်မှာ ကျင့်ကြံခြင်းအဆင့်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ စည်းမျဉ်းဥပဒေသ စွမ်းအားကို တိုက်ရိုက်အသုံးပြုခြင်း ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် မထင်မှတ်ထားသည်မှာ ရွှယ်အန်းသည် တုတ်တုတ်မျှပင်မလှုပ်ဘဲ ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ခြင်းပင်။ ထိုတွင် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။
ထိုအရာမှာ ရွှယ်အန်း ပိုင်ဆိုင်ထားသော စည်းမျဉ်းဥပဒေသ စွမ်းအားသည် ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံထက် များစွာ သာလွန်နေခြင်းကြောင့်သာ ဖြစ်ပြီး ထိုနည်းဖြင့်သာ ထိပ်တိုက်တွေ့ချိန်တွင် ၎င်းကို ဖုန်မှုန့်အဖြစ်သို့ တိုက်ရိုက် ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။
စည်းမျဉ်းဥပဒေသ စွမ်းအားကို စုစည်းနိုင်သော ကျင့်စဉ်များနှင့် လျှို့ဝှက်နည်းလမ်းများသည် ဤ နတ်ဘုရားနယ်ပယ်တွင် အလွန်ရှားပါးပြီး ယေဘုယျအားဖြင့် အထက်ကောင်းကင်ဘုံရှိ အဆင့်မြင့် ပုဂ္ဂိုလ်များ၊ ထိပ်တန်း နတ်ဘုရားများ၏ လက်ထဲတွင်သာ ရှိတတ်သည်။ သူက ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားရတာလဲ...
ထိုအချိန်တွင် ကျိန်စာသင့်ဧကရီ၏ အတွေးများ ရှုပ်ထွေးသွားပြီး အနည်းငယ် ကြောင်အသွားလေသည်။ ကျင်းရှုမန်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူမ မြင်နေရသည်ကို မယုံကြည်နိုင်သကဲ့သို့ လည်ချောင်းထဲမှ အသံထွက်နေလေသည်။ ထို့နောက် ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတဲ့ ကွက်ကွက်လေးပဲ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းရုံ သက်သက်ပါပဲ"
"ရှင်... ရှင်က ဘယ်သူလဲ"
ကျင်းရှုမန်သည် အဆုံးတွင် သတိပြန်ဝင်လာပြီး မယုံကြည်နိုင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ငါလား၊ ငါမင်းကို ပြောပြီးပြီလေ၊ ငါ့နာမည် ရွှယ်အန်းလို့"
ထို့နောက် ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ ပျော်စရာမရှိတော့ဘူး ဆိုတော့... မင်းကို သေလမ်း ပို့ပေးလိုက်တော့မယ်"
ထိုသို့ပြောကာ ရွှယ်အန်းသည် ဖြည်းညှင်းစွာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လေသည်။ ထိုခြေလှမ်းအောက်တွင် လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ သူ့ကို တားဆီးရန် ချောင်းမြောင်းနေကြသော ကျင်းမိသားစုဝင်များသည် မမြင်ရသော လက်ကြီးတစ်ဖက်၏ ဖိချခြင်းကို ခံလိုက်ရသကဲ့သို့ တပြိုင်နက်တည်း ကြေမွသွားကြလေတော့သည်။
အခန်း (၁၀၅၈) - နတ်ဘုရားသားတော် ဆင်းသက်လာခြင်း
အမှန်တကယ်ပင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။ မည်မျှပင် သန်မာစေကာမူ ခန္ဓာကိုယ်သည် ချက်ချင်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေသည်။ သွေးများမှာလည်း စီးဆင်းသွားပြီး ရွှယ်အန်းသည် လောကကြီးနှင့် ကင်းကွာနေသော နတ်ဘုရားတစ်ပါးပမာ ထိပ်ဆုံးတွင် ရပ်နေလေသည်။ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"နောက်တစ်လှမ်း ထပ်လှမ်းလိုက်ရင် မင်းတို့အားလုံး သေရလိမ့်မယ်၊ မသေခင် ဘာပြောစရာ ရှိသေးလဲ"
ကျင်းရှုမန်သည် နတ်ဘုရားသားတော်နှင့် ရင်းနှီးသူဖြစ်သဖြင့် သူမကိုယ်သူမ ဂုဏ်သရေရှိ နတ်ဘုရားအဆင့်ဟု၍ မှတ်ယူကာ သာမန်လူသားများနှင့် မတူတော့ဟု ထင်ခဲ့သည်။ သို့သော် ယနေ့တွင် လက်တစ်ဖက် လှုပ်ရှားရုံဖြင့် မရေမတွက်နိုင်သော ရန်သူများကို ခေါင်းဖြတ်သတ်နိုင်သည့် ရွှယ်အန်းနှင့် ရင်ဆိုင်ရသောအခါ သူမသည် ပြင်းထန်ပြီး လွှမ်းမိုးသွားစေနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရတော့သည်။
ထိုကြောက်ရွံ့မှုသည် ကြီးမားလွန်းသဖြင့် သူမ၏ သွားများကို တဆတ်ဆတ် တုန်ခါသွားစေသည်။ ကျင်းရှုန်းမှာမူ ကြောက်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ကောင်းပြီ၊ ကြည့်ရတာ ပြောစရာ မရှိတော့ဘူးနဲ့ တူတယ်... နှုတ်ဆက်ပါတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်း နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ သို့သော် ထိုအချိန်အတိအကျမှာပင် ပြတင်းပေါက်အပြင်ဘက်ရှိ တောက်ပနေသော ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် ရုတ်တရက် မှိန်ဖျော့သွားလေသည်။ သို့သော် မြောက်ဘက်တည့်တည့်ရှိ ကြယ်တစ်ပွင့်သည် ရုတ်တရက် တောက်ပလာပြီး ဧည့်ခံပွဲခန်းမထဲသို့ ကြယ်ရောင်တန်းကြီး တစ်ခု တည့်မတ်စွာ ပစ်လွှတ်လိုက်လေသည်။
"ဒါ နတ်ဘုရားသားတော်ပဲ၊ နတ်ဘုရားသားတော် ဆင်းသက်လာပြီ"
ကျင်းရှုမန်က အသက်ရှူမှားမတတ် ဖြစ်သွားပြီးနောက် ရူးသွပ်လုမတတ် အော်ဟစ်လိုက်လေသည်။ ကျင်းရှုမန်၏ အော်သံကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးသည် လူလောကသို့ ကိုယ်ထင်ပြတော့မည်ဖြစ်သည်။
တချိန်တည်းမှာပင် ကျင်းရှုမန်သည် မုန်းတီးမှုအပြည့်ဖြင့် ရွှယ်အန်းကို အော်ဟစ်လိုက်လေသည်။
"နင် အရင်က တော်တော် မာနကြီးနေတယ်နော်၊ အခု နတ်ဘုရားသားတော် ဆင်းသက်လာပြီဆိုတော့ အခြေအနေကို ဘယ်လိုပြောင်းပြန်လှန်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
ထိုစကားများနှင့်အတူ ကျင်းရှုမန်သည် အောင်နိုင်သူပမ။ ရူးသွပ်စွာ ရယ်မောလိုက်လေသည်။ ရွှယ်အန်း၏ မျက်နှာထားမှာမူ အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး မျက်လုံးများထဲတွင် ရယ်ချင်စိတ် အနည်းငယ်သာ ပေါ်လာသည်။ ထို့နောက် သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေလိုက်သည်။
လူတိုင်း၏ လေးစားသမှု ပြည့်နှက်နေသော အကြည့်အောက်တွင် ကျောက်စိမ်းကဲ့သို့သော ကြယ်ရောင်များသည် လှည့်ပတ်ကာ ပယင်းရောင် သလင်းကျောက်တုံးကြီးအဖြစ် စုစည်းသွားလေသည်။ ထိုသလင်းကျောက်တုံး အတွင်းမှ လူရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ပုံရိပ်မှာ ပိုမိုထင်ရှားလာသည်နှင့်အမျှ ကြီးမားသော အရှိန်အဝါတစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မကြာမှီ အမျိုးသားတစ်ဦး၏ ပုံပန်းသဏ္ဍာန်သည် သလင်းကျောက်တုံးထဲတွင် ပေါ်လာလေသည်။ ထိုအမျိုးသားသည် ဧကရာဇ်တစ်ပါးပမာ ခန့်ညားထည်ဝါသော မျက်နှာထား ရှိလေသည်။ သူ၏ မျက်လုံးများ ပိတ်ထားသော်လည်း လွှမ်းမိုးထားသော အရှိန်အဝါကြောင့် လူအများမှာ ကြောက်ရွံ့၍ မျက်နှာဖြူဖျော့သွားကြသည်။
ကျင်းရှုမန်သည် သခင်ကိုတွေ့သော ခွေးကလေးတစ်ကောင်ကဲ့သို့ သလင်းကျောက်တုံးရှေ့တွင် လေးလေးစားစား ဒူးထောက်လိုက်ပြီး နတ်ဘုရားသားတော် ရောက်ရှိလာမှုကို ကြိုဆိုရန် ပြင်ဆင်လိုက်လေသည်။ အဆုံးတွင် မြောက်ဘက်မှ ကြယ်ကြီးသည် နောက်ထပ် အားကောင်းသော ကြယ်စွမ်းအား အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ရာ ထိုအမျိုးသား၏ နဖူးထဲသို့ တည့်တည့်ဝင်ရောက်သွားပြီး နက်နဲ၍ မြင့်မြတ်သော အမှတ်အသားတစ်ခု ဖြစ်ပေါ်လာစေသည်။
အသက်ရှုချိန် တစ်ချက်အကြာတွင် ကြယ်ရောင်သလင်းကျောက်တုံးကြီးသည် မိုးခြိမ်းသံပမာ အသံမြည်လျက် ကွဲကြေသွားလေသည်။
ခွမ်း
ထို့နောက် မျက်လုံးပိတ်ထားသော အမျိုးသားသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် ဧည့်ခံပွဲခန်းမကြီးသည် လေပွေမုန်တိုင်း တိုက်ခတ်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ကြီးမားသော အရှိန်အဝါများ နေရာအနှံ့ လွှမ်းခြုံသွားလေသည်။ အပြင်ဘက်ရှိ ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် ကြယ်များပင် မလင်းလက်ရဲတော့သကဲ့သို့ ချက်ချင်း မှိန်ဖျော့သွားသည်။
ထိုအမျိုးသား၏ မျက်လုံးများထဲတွင် မရေမတွက်နိုင်သော နက်နဲဆန်းကြယ်သည့် အဆောင်သင်္ကေတများ လက်ခနဲ ဖြတ်သန်းသွားသည်မှာ ကြည့်ရှုသူများကို မျက်စိကျိန်းစေသည်။ ဤမျှ အားကောင်းသော မြင်ကွင်းကြောင့် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြလေသည်။ ကျင်းရှုမန်၏ အသံသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
"ကြိုဆိုပါတယ် နတ်ဘုရားသားတော်"
ကျိန်စာသင့်ဧကရီသည်လည်း မတ်တတ်ထရပ်လိုက်ပြီး ခါးကိုနက်နက်ရှိုင်းရှိုင်း ကိုင်းညွှတ်ကာ ပြောလိုက်သည်။
"နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်"
နတ်ဘုရားသားတော်သည် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် နောက် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။
"ကျိန်စာသင့်ဧကရီ... နှစ်တွေအကြာကြီး မတွေ့ရတာတောင် မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပိုပြီး လှလာပါလား"
ကျိန်စာသင့်ဧကရီက ခေါင်းကို ငုံ့ထားလိုက်သည်။
"နတ်ဘုရားသားတော်က နောက်နေပါပြီ"
"ဟားဟား... ဒီလို စွန့်ပစ်ခံထားရတဲ့ နေရာမျိုးကို မင်း ဒီလောက်ကြာကြာ စောင့်ရှောက်ပေးခဲ့ရတာ မလွယ်ပါဘူးကွာ၊ ကျွတ် ကျွတ်... မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်အတွက်တော့ နှမြောစရာပဲ... ဒီလောကမှာ ပေါ်လာမယ့် အဆောင်သင်္ကေတကြောင့်သာ မဟုတ်ရင် ငါဒီကို လာမှာမဟုတ်ဘူး၊ အခု အဆောင်သင်္ကေတက မပေါ်လာသေးဘူးဆိုတော့ မင်းရဲ့ အထီးကျန်မှုကို ငါနည်းနည်းလောက် ဖြေဖျောက်ပေးရမလား... ဘယ်လိုသဘောရလဲ"
ထိုသို့ပြောကာ နတ်ဘုရားသားတော်သည် အထိန်းအကွပ်မဲ့စွာ ရယ်မောလိုက်လေသည်။ ကျိန်စာသင့်ဧကရီသည် ခေါင်းငုံ့လျက် တိတ်ဆိတ်နေကာ အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။
အတိတ်ကာလက ကျိန်စာသင့်ဧကရီသည် ကျိန်စာသင့်မြို့တော်တစ်ခုလုံး၏ အထွတ်အထိပ် အုပ်စိုးသူဖြစ်ပြီး အင်အားကြီးမားသော ထျန်းဖူအဆောင်ပင်လျှင် သူမကို လေးစားမှုရှိရှိ ဆက်ဆံခဲ့ရသည်ကို လူတိုင်းသိကြသည်။ သူမအ စကားဖြင့် ရိသဲ့သဲ့ လုပ်ဖို့မပြောနှင့်၊ မလေးမစား လုပ်သည့် အမူအရာ အနည်းငယ် ပြမိလျှင်တောင် ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သည်။
သို့သော် ယခု ဤ နတ်ဘုရားသားတော်၏ ရိသဲ့သဲ့လုပ်မှုကို ရင်ဆိုင်ရချိန်တွင် ပုံမှန်အားဖြင့် မာနကြီးသော ကျိန်စာသင့်ဧကရီသည် တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်နိုင်လေသည်။ ထို့အပြင် နတ်ဘုရားသားတော် ရောက်ရှိလာမှုနှင့်အတူ ပါလာသော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်များက ဤပုဂ္ဂိုလ်၏ နောက်ခံမှာ ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားကြောင်း သက်သေပြနေလေသည်။
ထိုအချိန်တွင် ကျင်းရှုမန်သည် ဒူးထောက်လျက်သား ရှေ့သို့ အနည်းငယ် တိုးလာပြီး နတ်ဘုရားသားတော်၏ ရှေ့မှောက်သို့ ရောက်သောအခါ သူ၏ ဖိနပ်ကို လေးစားစွာ နမ်းရှိုက်လိုက်လေသည်။ ထို့နောက် တုန်ရီစွာဖြင့် ပြောလိုက်သည်။
"နတ်ဘုရားသားတော် အရှင်..."
နတ်ဘုရားသားတော်က ကျင်းရှုမန်ကို ငုံ့ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
"ငါ့ရဲ့ အချစ်တော် အစေခံမလေး... ဘာဖြစ်လို့လဲ"
ကျင်းရှုမန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး ပြောလိုက်သည်။
"နတ်ဘုရားသားတော်အရှင်... အရှင် မှာကြားတဲ့အတိုင်း ကျွန်မ ကျိန်စာသင့်မြို့တော်ကို အရင်လာပြီး စုံစမ်းထောက်လှမ်းခဲ့ပါတယ် ဒါပေမဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ပါ"
"အော်... မတော်တဆမှု ဟုတ်လား၊ ဘာများလဲ"
"လူတစ်ချို့က ကျွန်မတို့ ကျင်းမိသားစုဝင် အများအပြားကို သတ်ဖြတ်ခဲ့ရုံသာမက အရှင် ပေးသနားထားတဲ့ ဧကရာဇ်ကြယ် နတ်ဘုရားသုတ်သင် စုတ်တံကိုပါ ချေမှုန်းပစ်လိုက်လို့ပါ"
ခွပ်
သူမ စကားဆုံးသည်နှင့် နတ်ဘုရားသားတော်က ခြေထောက်ဖြင့် ကန်ထုတ်လိုက်လေသည်။ ကျင်းရှုမန်သည် မလှုပ်ရဲပေ။ ထိုကန်ချက်ကြောင့် သူမခန္ဓာကိုယ်၏ တစ်ဝက်ခန့်မှာ ကြေမွသွားလေသည်။
ထို့နောက် နတ်ဘုရားသားတော်က အေးစက်စွာ ပြောလိုက်သည်။
"အသုံးမကျတဲ့ဟာ"
"ကျင်းရှုမန်... မင်း သိသင့်တယ်၊ မင်းလို အစေခံမျိုး ငါ့မှာ အများကြီးရှိတယ်၊ ကုတင်ပေါ်မှာ အသုံးဝင်လို့သာ မဟုတ်ရင် မင်းကို ငါဂရုစိုက်နေမှာ မဟုတ်ဘူး၊ အခု ငါပေးထားတဲ့ ပစ္စည်းကို ဖျက်ဆီးပစ်ရဲတယ်ဆိုတော့ မင်းက တကယ်သေသင့်တာပဲ"
"ဟုတ်... ဟုတ်ကဲ့ပါ နတ်ဘုရားသားတော် အရှင်ရယ် ကျေးဇူးပြုပြီး စိတ်လျှော့ပါ"
ကျင်းရှုမန်သည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း အဆက်မပြတ် ဦးညွှတ်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေလေသည်။
"ဟွန်း"
နတ်ဘုရားသားတော်က နှာခေါင်းရှုံ့လိုက်ပြီး မာနကြီးစွာ မေးလိုက်သည်။
"ပြောစမ်း... ငါပေးထားတဲ့ ပစ္စည်းကို ဘယ်သူကများ ဖျက်ဆီးရဲတာလဲ"
ထိုစကားကို ကြားသောအခါ နာကျင်မှုများကြားမှ ကျင်းရှုမန်၏ မျက်လုံးများတွင် လက်စားချေလိုစိတ်များဖြင့် ပြည့်နှက်သွားပြီး ခေါင်းမော့ကာ အဝေ့းရှိ ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်လေသည်။
"နတ်ဘုရားသားတော် အရှင်... အဲ့ဒီလူပါပဲ"
နတ်ဘုရားသားတော်သည် ရောက်ရှိလာချိန်မှစ၍ ကျိန်စာသင့်ဧကရီနှင့်သာ စကားအနည်းငယ် ပြောဆိုခဲ့ပြီး ဧည့်ခံပွဲခန်းမရှိ အခြားသူများကိုမူ လှည့်ပင်မကြည့်ခဲ့ပေ။
ကျိန်စာသင့်ဧကရီမှလွဲ၍ ကျန်လူအားလုံးသည် ပုရွက်ဆိတ်များထက် မပိုပေ။
ကျင်းရှုမန် လက်ညှိုးထိုးပြမှသာ မာနကြီးသော နတ်ဘုရားသားတော်သည် နှာခေါင်းရှုံ့လိုက်ပြီး မော့ကြည့်လိုက်လေသည်။
"ဘယ်သူကများ ရဲ..."
သူ့စကား ရုတ်တရက် ရပ်တန့်သွားသည်။ နတ်ဘုရားသားတော်သည် လက်ကိုနောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသော ရွှယ်အန်းကို ကြောင်ငေးကြည့်နေမိပြီး သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။ သို့သော် ကျင်းရှုမန်က မည်သည့်ထူးခြားမှုကိုမျှ သတိမထားမိဘဲ နာကျည်းစွာ ဆက်ပြောနေလေသည်။
"နတ်ဘုရားသားတော် အရှင်... ဒီလူက အရမ်း မာနကြီးပါတယ်၊ အရှင့်ကိုတောင် လေးစားမှု မရှိပါဘူး၊ အရှင်..."
သူမ စကားမဆုံးမီမှာပင် ရွှယ်အန်းက သက်ပြင်းအနည်းငယ် ချလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်လေသည်။
" ကျီဝေ့နတ်ဘုရားသားတော်... မတွေ့တာ ကြာပြီနော်"
မှန်ပေသည်။ ဤနေရာသို့ ဆင်းသက်လာသူမှာ ရွှယ်အန်းနှင့် ကံကြမ္မာလျှို့ဝှက်နယ်မြေတွင် တွေ့ဆုံခဲ့ဖူးသော ကျီဝေ့ နတ်ဘုရားသားတော်ပင် ဖြစ်လေသည်။ ကျီဝေ့ နတ်ဘုရားသားတော်သည် တစ်ကိုယ်လုံး တုန်ရီသွားပြီး ရွှယ်အန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။
"မင်း... မင်း..."
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သော်လည်း ထိုအပြုံးထဲတွင် အရိုးခိုက်အောင် အေးစက်သော အငွေ့အသက်များ ပါဝင်နေလေသည်။
"တကယ်တော့ မတွေ့တာကြာပြီလို့ မပြောသင့်ဘူး၊ ပုံမှန်အတိုင်းသာဆိုရင် ငါမင်းကို ပြန်မတွေ့ရတော့ဘူးလေ"
"ဘာဖြစ်လို့လဲဆိုတော့... မင်းအဖေ နတ်ဘုရား ကတိပေးထားတဲ့အတိုင်းဆိုရင် မင်းက အခုလောက်ဆို သေနေသင့်ပြီ မဟုတ်လား”
အခန်း (၁၀၅၉) - မင်း ပြန်သွားလို့ရတယ်၊ ဒါပေမဲ့ မင်းအသက်ကိုတော့ ထားခဲ့ရမယ်
ကျီဝေ့ နတ်ဘုရားသားတော်၏ မျက်နှာထားသည် အချိန်အတော်ကြာအောင် မရေမရာ ဖြစ်နေပြီးနောက် အဆုံးတွင် သူသည် ခေါင်းကို အသာငုံ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အရှင်ရွှယ်ဖြစ်နေတာကိုး... ကျီဝေ့နတ်ဘုရားသားတော်က အရှင်ရွှယ်ကို ဂါရဝပြုပါတယ်"
ဝုန်း!
တစ်နေရာလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အထူးသဖြင့် ကျီဝေ့ နတ်ဘုရားသားတော်က ရွှယ်အန်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော ကျင်းရှုမန်သည် ယခုအခါ ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားလေသည်။
အရှင်ရွှယ်တဲ့လား...၊ နတ်ဘုရားသားတော်တောင်မှ ဒီလူကို ဒီလောက်လေးစားသမှုနဲ့ ခေါ်ရတယ်ဆိုတော့ သူ့ရဲ့ နောက်ခံက ဘာများလဲ...
ကျင်းရှုမန်၏ ရင်ထဲတွင် ထိတ်လန့်မှုနှင့် သံသယများ ဒီရေအလား တိုးဝင်လာသည်။ ထိုသည်မှာ သူမ တစ်ယောက်တည်း မဟုတ်ပေ။ ကျိန်စာသင့်ဧကရီ၊ ကျင်းရှုန်း၊ ကျိုးမိသားစုဝင်များနှင့် ကျိုးယန်ယန်တို့ အားလုံးသည် ရွှယ်အန်းကို အံ့သြထိတ်လန့်သော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် ရွှယ်အန်း၏ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။ သူသည် ကျီဝေ့နတ်ဘုရားသားတော်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံသာ ကြည့်နေသည်။ ဤအသံတိတ် ဖိအားကြောင့် ကျီဝေ့နတ်ဘုရားသားတော်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားလေသည်။ အဆုံးတွင် သူသည် နောက်သို့ ခြေဝက်ခန့် ဆုတ်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
"အရှင်ရွှယ်... အရှင် ဒီမှာရှိနေတာကို ကျွန်တော် တကယ်မသိခဲ့ပါဘူး၊ သိသာသိခဲ့ရင် ဒီနတ်ဘုရားသင်္ကေတကို လုဖို့ လာမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အခု သိပြီဆိုတော့လည်း မနောက်ကျသေးပါဘူး... ကျွန်တော် အခုချက်ချင်း ဆုတ်ခွာပြီး ကြယ်တာရာ နယ်မြေ ကို တန်းပြန်လိုက်ပါ့မယ်၊ ဘယ်လိုသဘောရပါသလဲ"
ဤစကားကြောင့် ကျင်းရှုမန်နှင့် အခြားသူများ ပိုမိုတုန်လှုပ်သွားကြသည်။ သို့သော် ရွှယ်အန်းသည် စကားမပြောသေးပေ။ သူသည် စကားမပြောရုံသာမက လက်ပိုက်လျက် တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
ကျီဝေ့ နတ်ဘုရားသားတော်၏ ရင်ထဲတွင် အမည်မသိ ဒေါသမီးများ တောက်လောင်လာသည်။ သူ၏ မြင့်မြတ်သော အဆင့်အတန်းအရ သွားလေရာရာ၌ လူထောင်ပေါင်းများစွာ၏ လေးစားမှုကို ခံရသူ ဖြစ်သည်။
သူ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော တစ်ကြိမ်တည်းသော အချိန်မှာ ကံကြမ္မာ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပြီး ထိုစဉ်က ရွှယ်အန်းသည် သူ့ကို ကောင်းကောင်း ပညာပေးခဲ့လေသည်။ သူ၏ ခမည်းတော်သာ အချိန်မီ ရောက်မလာခဲ့ပါက ရွှယ်အန်းသည် လျှို့ဝှက်နည်းလမ်းကို သုံး၍ သူ၏ ခန္ဓာကိုယ်အစစ်ကို ဖျက်ဆီးပစ်ခဲ့မည်မှာ သေချာသည်။
နောက်ပိုင်းတွင် သူ၏ ခမည်းတော် တောင်းပန်မှုကြောင့် ရွှယ်အန်းက ဆက်လက်မတိုက်ခိုက်တော့သော်လည်း သူ ပြန်ရောက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခိုင်းရန် ခမည်းတော် ကျီဝေ့ကြယ်တာရာဘုရင်ကို ပြောခဲ့သည်။
ထိုသို့ ပြောခဲ့သော်လည်း ကြယ်တာရာ နယ်မြေသို့ ပြန်ရောက်သောအခါ ကြယ်တာရာဘုရင်သည် သားဖြစ်သူကို သတ်ရန် လက်မပါခဲ့ပေ။ သို့သော် နတ်ဘုရားနယ်မြေမှ နောက်ထပ် ဘယ်တော့မှ ထွက်မသွားရန် တင်းကျပ်စွာ အမိန့်ပေးခဲ့သည်။
ထိုအချိန်က ကျီဝေ့ နတ်ဘုရားသားတော်သည် မကျေမနပ် ဖြစ်ခဲ့သော်လည်း ခမည်းတော်၏ လေးနက်သော အမူအရာကို မြင်သောအခါ မလွန်ဆန်ရဲခဲ့ပေ။ သို့သော် ဤရွှယ်အန်းဆိုသူမှာ မည်သူမို့လို့ မြင့်မြတ်သော ကြယ်တာရာဘုရင်ဖြစ်သည့် သူ့ ခမည်းတော်ပင်လျှင် ၎င်းကို ဤမျှ ကြောက်ရွံ့ရသနည်းဟု မေးမြန်းခဲ့ဖူးသည်။
ထိုစဉ်က ကြယ်တာရာဘုရင်သည် အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး အဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်သော်လည်း မည်သည့်အရာမျှ ပြန်မပြောခဲ့ပေ။ ကျီဝေ့ နတ်ဘုရားသားတော်သည် ထိုကိစ္စကို အလေးအနက် မထားခဲ့ချေ။ သူသည် အချိန်အတော်ကြာ နတ်ဘုရားနယ်မြေထဲတွင် ပျော်ပါးနေခဲ့ပြီး ဤကိစ္စပြီးသွားပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် မထင်မှတ်ထားသည်မှာ ယနေ့ ဤအရိုင်းအစိုင်း နယ်မြေတွင် ရွှယ်အန်းနှင့် ထပ်မံ ဆုံတွေ့ရခြင်းပင် ဖြစ်သည်။
ထို့ကြောင့်လည်း သူ ချက်ချင်း အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ရင်ထဲတွင် ဒေါသမျထွက်နေသော်လည်း မြိုသိပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အရှင်... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး"
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက ရုတ်တရက် ပြောလိုက်လေသည်။
"နေဦး..."
ကျီဝေ့နတ်ဘုရားသားတော်၏ ကိုယ်လုံး တောင့်တင်းသွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် အတင်းဟန်ဆောင်ကာ ပြုံးလိုက်လေသည်။
"အရှင်... ဘာကိစ္စများလဲ"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"မင်း ဒီတိုင်းပဲ သွားတော့မလို့လား"
"အရှင်က တခြား ဘာများမှာစရာ ရှိလို့ပါလဲ"
သို့သော် ရွှယ်အန်း၏ နောက်ထပ်စကားသည် သူ့ကို နေရာမှာပင် ကျောက်ရုပ် ဖြစ်သွားစေခဲ့သည်။
"မင်း ပြန်သွားလို့ရတယ်၊ ဒါပေမဲ့ မင်းအသက်ကိုတော့ ထားခဲ့ရမယ်"
ဝုန်း!
ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ဤအချိန်တွင် ရွှယ်အန်းက ဤမျှ ရက်စက်ပြတ်သားစွာ ပြောဆိုလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ အထူးသဖြင့် သူ့ကိုယ်ကို အောက်ကျို့ခံဆက်ဆံခဲ့သည်ဟု ယူဆထားသော ကျီဝေ့နတ်ဘုရားသားတော်သည် ရွှယ်အန်းက သူ့လုပ်ရပ်ကို အသိအမှတ်မပြုသည့်အပြင် ရိုင်းစိုင်းစွာ ဆက်ဆံသည်ကို တွေ့လိုက်ရသောအခါ ဒေါသထွက်သွားပြီး လေသံများ အေးစက်သွားလေသည်။
"အရှင်ရွှယ်... လူတစ်ဖက်သားကို လမ်းဖွင့်ပေးသင့်တယ်ဆိုတဲ့ စကားရှိတယ်လေ၊ အရှင် အတိုင်းအတာတစ်ခုမှာ ရပ်တန့်လိုက်တာ ကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်"
ရွှယ်အန်းက ဂရုမစိုက်သလို ပြုံးလိုက်သည်။
"အတိုင်းအတာတစ်ခုမှာ ရပ်တန့်ရမယ် ဟုတ်လား... အဂ်ုတုန်းက ကံကြမ္မာ လျှို့ဝှက်နယ်မြေမှာ မင်းသေရမယ်လို့ ငါပြောခဲ့တယ်၊ ဒါကြောင့် မင်း သေကိုသေရမယ်၊ အခု မင်း အသက်ရှင်နေတာ ကြာလှပြီ ငါ ဒီအကြွေးကို မတောင်းရသေးဘူးလေ၊ အဲ့ဒါကို မင်းက ငါ့ကို ရပ်တန့်ခိုင်းနေတာလား"
ဤစကားသည် ယမ်းကျိုးကို မီးရှို့လိုက်သကဲ့သို့ဖြစ်သွားပြီး ကျီဝေ့နတ်ဘုရားသားတော်၏ ရင်ထဲတွင် ဖိနှိပ်ထားသော ဒေါသများကို ပေါက်ကွဲသွားစေသည်။
"ငါမင်းကို တကယ်ကြောက်တယ်လို့ မထင်နဲ့နော်၊ ငါ့ခမည်းတော်ကသာ နတ်ဘုရားနယ်မြေကနေ မထွက်ရဘူးလို့ အမိန့်ပေးထားလို့ မဟုတ်ရင် ငါမင်းကို သတ်ဖို့ ထွက်လာတာ ကြာလှပြီ၊ မင်းကို ဒီလို ထင်တိုင်းကြဲခွင့်ပေးထားမယ်များ ထင်နေလား"
ကျီဝေ့ နတ်ဘုရားသားတော်က ရက်စက်စွာ ပြောလိုက်လေသည်။ ရွှယ်အန်းက ပေါ့ပါးစွာ တုံ့ပြန်လိုက်သည်။
"အော်... ဟုတ်လား"
"ဒါပေါ့"
ကျီဝေ့နတ်ဘုရားသားတော်က မာနကြီးသော မျက်နှာဖြင့် ပြောလိုက်သည်။
"ရွှယ်အန်း... မင်း တော်တော်အစွမ်းကြီးတာနဲ့ ပါရမီပါတာ ငါသိတယ်၊ ဒါပေမဲ့ အရင်တုန်းက ကံကြမ္မာ လျှို့ဝှက်နယ်မြေမှာ မင်းက ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာလေ၊ အဲ့ဒီတုန်းက ဆင်းလာတာက ငါ့ရဲ့ ကိုယ်ပွားပဲ ရှိသေးတယ်၊ ဒါကြောင့် မင်းဆီက အနိုင်ယူခံလိုက်ရတာ"
"အခု နတ်ဘုရားနယ်မြေက ငါ့ရဲ့ ပိုင်နက်ပဲ၊ ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ရောက်နေတာ၊ မင်းကကော... ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက် ရောက်မှာမို့လို့လဲ၊ အလွန်ဆုံးရှိလှ စစ်မှန်အင်မော်တယ်တစ်၀က်အဆင့်ပေါ့၊ ဒီလောက် ကျင့်ကြံခြင်းအဆင့်နဲ့များ မင်းက ငါ့ကို ယှဉ်ပြိုင်ရဲတယ်ပေါ့"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ နည်းနည်းတော့ အဓိပ္ပာယ် ရှိသားပဲ"
"ဟွန့်... ငါ့ခမည်းတော်ရဲ့ အမိန့်ကြောင့် ငါမင်းကို အရင်က မျက်နှာသာ ပေးခဲ့တာ၊ ငါမင်းကို ကြောက်တယ်လို့ မထင်နဲ့၊ ဒါကို မင်းနားလည်မယ်လို့ ထင်ပါတယ်"
ကျီဝေ့နတ်ဘုရားသားတော်က မာနထောင်လွှားစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များပင် ပေါ်လာလေသည်။
ခမည်းတော်... ဒါ သားက တမင်တကာ လက်စားချေချင်လို့ မဟုတ်ဘူးနော်၊ ဒီ ရွှယ်အန်းဆိုတဲ့ကောင်က သားဆီကို သူ့ဘာသာ ရောက်လာတာ၊ ပြီးတော့ အစတုန်းက သားသူ့ကို မျက်နှာသာ အလုံအလောက် ပေးခဲ့ပါတယ်၊ သူကသာ မလျှော့ပေးခဲ့တာ၊ ဒါကြောင့် အခု သား တိုက်ခိုက်ရင် ခမည်းတော်ရဲ့ အမိန့်ကို ဖီဆန်ရာ မရောက်တော့ဘူး
ကျီဝေ့နတ်ဘုရားသားတော်၏ ရင်ထဲတွင် လက်စားချေရတော့မည်ဟူသော ခံစားချက်ကြောင့် ဘဝင်မြင့်မှုများ ပြည့်နှက်နေလေသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။
"မင်းရဲ့ ခမည်းတော်က မင်းကို ဘယ်လိုများ မှာလိုက်လို့လဲ"
"နတ်ဘုရားနယ်မြေကနေ မထွက်ဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးထားတာလေ၊ ဒါ ငါ့ကို လက်စားမချေစေချင်လို့ တားတာ မဟုတ်ရင် ဘာလဲ"
"ဒါနဲ့ ငါဘယ်သူလဲဆိုတာ သူ မင်းကို ဘယ်တုန်းကမှ မပြောပြဘူးလား"
ကျီဝေ့နတ်ဘုရားသားတော် ခေတ်တရပ်သွားသည်။
"မပြောဘူး"
ထို့နောက် သူ ထပ်မံ လှောင်ပြောင်လိုက်သည်။
"အဲ့ဒါက ဘာဖြစ်လဲ ရွှယ်အန်း၊ မင်းက အရမ်းစွမ်းချင်စွမ်းလိမ့်မယ် ဒါပေမဲ့ မင်းက အရမ်း မာနကြီးလွန်းတယ်"
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မင်း မှားနေပြီ၊ အင်အားမရှိဘဲ ကြွားဝါတာကမှ မာနကြီးတာ၊ ငါကတော့ အခု မင်းရဲ့ အသက်နဲ့ သေခြင်းတရားကို စီရင်ဆုံးဖြတ်နေတာ"
"ဒါကြောင့် မင်းအခု ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် မင်းရဲ့ ဝိညာဉ်တစ်စကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးမယ်၊ မဟုတ်ရင်တော့... မင်းဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ပြီး ဘယ်တော့မှ ဝင်စားလို့မရအောင် လုပ်ပစ်မယ်"
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ရွှယ်အန်း၏ စကားများကြောင့် အားလုံး ကြောင်အသွားကြသည်
ထို့နောက် ပွက်လောရိုက်သံများ ရေလှိုင်းကြီးကဲ့သို့ ထွက်ပေါ်လာလေသည်။
လူအများက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ ရွှယ်အန်း၏ စကားများက အလွန်အမင်း မာနကြီးလွန်းသည်ဟု ထင်မြင်ကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်း၍ ရနိုင်သော ကိစ္စကို ရွှယ်အန်းက တမင်တကာ ပြဿနာကြီးအောင် လုပ်နေသည်ဟု ယူဆကြသည်။ ဒါက ပြဿနာရှာတာ သက်သက်ပဲ...
သို့သော် ကျိုးမိသားစုနှင့် ကျင်းမိသားစုမှ လူများ၏ မျက်နှာများတွင်မူ ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာကြသည်။ အထူးသဖြင့် ကျင်းရှုမန်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ လျှံကျနေလေသည်။ သူမသည် ကျီဝေ့ နတ်ဘုရားသားတော်၏ အစေခံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့သူပီပီ သူ့စိတ်သဘောထားကို အခြားသူများထက် သူမ ပိုသိလေသည်။
ရွှယ်အန်း၏ စကားများအောက်တွင် ကျီဝေ့နတ်ဘုရားသားတော်သည် လွယ်လွယ်ကူကူ လက်လျှော့မည် မဟုတ်ကြောင်း သူမ သိနေသည်။ သူမ ထင်သည့်အတိုင်းပင် ကျီဝေ့နတ်ဘုရားသားတော်သည် ဒေါသပေါက်ကွဲသွားလေသည်။
"ရွှယ်အန်း... မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့..."
"ကြယ်တာရာ အကျဉ်းထောင်"
ကျီဝေ့နတ်ဘုရားသားတော်၏ အမိန့်နှင့်အတူ ဧည့်ခံပွဲခန်းမ၏ မျက်နှာကြက်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထို့နောက် ကြယ်များသည် အလင်းတန်းများ ဖြာကျလာပြီး ရွှယ်အန်းကို လုံးဝ လွှမ်းခြုံထားလိုက်ကာ ကြယ်မှုန်များဖြင့် ပြုလုပ်ထားသော အကျဉ်းထောင်တစ်ခု ဖြစ်ပေါ်လာတော့သည်။