← Chapters

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀) - နတ်ဘုရားသတ် နည်းလမ်းခြောက်သွယ် ပြန်လည်ပေါ်လာခြင်း

ကျီဝေ့နတ်ဘုရားသားတော်က ရူးသွပ်စွာ တဟားဟား ရယ်မောလိုက်လေသည်။

"ရွှယ်အန်း... ငါမင်းအတွက် ပြင်ဆင်ထားတဲ့ စားပွဲတော်ကို ဖြည်းဖြည်းချင်း ခံစားလိုက်ပါဦး၊ ဒီ ကြယ်ရောင်အတားအဆီးဆိုတာ နတ်ဘုရားနယ်မြေမှာ နံပါတ်တစ် တံဆိပ်ခတ်ခြင်း နည်းလမ်းပဲ၊ ပြီးတော့ ဒီ ကြယ်တာရာ အကျဉ်းထောင်ကို ငါ့ခမည်းတော် ကိုယ်တိုင် ဖန်တီးထားတာ... အင်မော်တယ်သခင်အဆင့်ကိုတောင် ဖမ်းချုပ်ထားနိုင်တယ်လို့ ပြောမှတ်ပြုကြတယ်"

"ပြီးတော့ ဒီကြယ်တာရာ အကျဉ်းထောင်ထဲမှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ သွေးမျိုးဆက်တွေ အကုန်လုံး တဖြည်းဖြည်း အရည်ပျော်ပြီး ငါ့ဆီကို ကူးပြောင်းလာလိမ့်မယ်၊ မင်း မျှော်လင့်ချက်မဲ့ပြီး သေသွားမယ့် ပုံစံကို ငါဖြည်းဖြည်းချင်း အရသာခံပြီး ကြည့်ဦးမယ်... ဟားဟားဟား"

ကျီဝေ့နတ်ဘုရားသားတော်သည် အောင်နိုင်သူပမာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သို့သော် ထိုအချိန်တွင် အကျဉ်းထောင်အတွင်းမှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အော်... ဟုတ်လား၊ ဒါပေမဲ့ ငါထင်တာတော့ မင်းရဲ့ ဒီလှောင်အိမ်လေးက သိပ်ပြီး အထင်ကြီးစရာ မရှိပါလား"

ထိုသို့ပြောပြီးနောက် သွယ်လျရှည်လျားသော လက်ဖဝါးတစ်စုံသည် တည့်မတ်စွာ ဆန့်ထွက်လာပြီး ဘေးတစ်ဖက်စီသို့ ဆွဲခွာလိုက်လေသည်။

ကျွတ်...

ဖျက်ဆီး၍ မရနိုင်ဟုဆိုသော ကြယ်တာရာ အကျဉ်းထောင်ကြီးသည် စက္ကူစုတ်ကဲ့သို့ နှစ်ခြမ်းကွဲသွားတော့သည်။ ကျီဝေ့ နတ်ဘုရားသားတော်မှာ ကြောင်အသွားလေသည်။

"ဒါ... ဒါက"

ရွှယ်အန်းသည် ပျံ့လွင့်သွားသော ကြယ်ရောင်များ၏ ရှေ့တွင် ရပ်လိုက်ပြီး စိတ်ဝင်စားမှု လျော့နည်းသွားပုံဖြင့် ပြောလိုက်သည်။

"ဒီထက် ဆန်းသစ်တာလေးများ မရှိတော့ဘူးလား"

"မင်း..."

ကျီဝေ့ နတ်ဘုရားသားတော်၏ မျက်နှာထားမှာ အေးစက်သွားသည်။

"မင်းက ငါထင်ထားတာထက် ပိုပြီး စွမ်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီမှာတင် ပြီးသွားပြီလို့ ထင်နေတာလား... ငါ..."

သူစကားမဆုံးမီမှာပင် အဝေ့းတွင် ရပ်နေသော ရွှယ်အန်းသည် မျက်တောင်တစ်ခတ်အတွင်း ကျီဝေ့နတ်ဘုရားသားတော်၏ ရှေ့သို့ ရောက်သွားပြီး သူ၏ ဆံပင်ကို ဆွဲကာ ခေါင်းကို ကြမ်းပြင်နှင့် ရိုက်ချလိုက်လေသည်။

"ဘုန်း ဘုန်း ဘုန်း..."

ကျယ်လောင်သော အသံများ ဆယ်ကြိမ်ကျော် ထွက်ပေါ်လာပြီးနောက် လျှို့ဝှက်နည်းလမ်းများဖြင့် ပြုလုပ်ထားသဖြင့် အလွန်မာကျောလှသော ဧည့်ခံပွဲခန်းမ၏ ကြမ်းပြင်ပေါ်တွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာလေသည်။ ထို့နောက် ရွှယ်အန်းက လွှတ်ပေးလိုက်ပြီး ရိုက်နှက်ခံရမှုကြောင့် သွေးများထွက်ကာ မူးဝေ့နေသော ကျီဝေ့နတ်ဘုရားသားတော်ကို ငုံ့ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။

"မင်း စကားများလွန်းတယ်၊ ဒေါသသိပ် မထွက်သေးလို့လား၊ အခုရော ဘယ်လိုနေလဲ၊ တော်ပြီလား... မင်းလိုချင်ရင် နောက်ထပ် နည်းနည်းလောက် ထပ်ရိုက်ပေးလို့ရသေးတယ်နော်"

ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ကျီဝေ့နတ်ဘုရားသားတော်သည် ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီး အချိန်အတော်ကြာမှ တစ်ကိုယ်လုံး တုန်ရီသွားကာ သတိပြန်ဝင်လာသည်။ ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေသော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"ရွှယ်အန်း... ခွေးကောင်..."

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ကြည့်ရတာ မင်းရဲ့ ဒေါသက အမြင့်ဆုံး ရောက်သွားပြီနဲ့ တူတယ်"

ထိုနောက်တွင် ဒေါသကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့သွားသော ကျီဝေ့ နတ်ဘုရားသားတော်သည် လုံးဝ ရူးသွပ်သွားတော့သည်။

"ကြယ်တာရာ တစ်သောင်း သေမင်းတမန်သိုင်း"

"အထီးကျန်ကြယ် သေမင်းလက်ညှိုး"

"ကြယ်ရောင်ဖမ်း ဝိညာဉ်"

...

ကြယ်တာရာ ပင်လယ်၏ လျှို့ဝှက်နည်းလမ်းမျိုးစုံသည် အလကားရနေသည့်အလား ကျီဝေ့နတ်ဘုရားသားတော်၏ လက်ထဲမှ ထွက်ပေါ်လာပြီး အားလုံးက ရွှယ်အန်းကို ပစ်မှတ်ထားနေကြသည်။ တစ်ခဏအတွင်း လေထုမှာ ဆူပွက်သွားပြီး အရှိန်အဝါသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေသည်။

ဘေးမှကြည့်နေသူများသည် အဝေ့းသို့ ဆုတ်ခွာသွားလိုက်ရပြီး ထိတ်လန့်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ထိုမြင်ကွင်းသည် ကျိန်စာသင့်မြို့တော်တစ်ခုလုံးကိုပါ လန့်သွားစေသည်။ ကျင့်ကြံခြင်းအဆင့် အနည်းငယ်ရှိသူ မည်သူမဆို အပြင်သို့ ပြေးထွက်လာပြီး ထိုမြင်ကွင်းကို အံ့သြမှင်သက်စွာ ကြည့်နေမိကြသည်။

မြို့စားမင်းအိမ်တော်ရှေ့ လမ်းမကြီးပေါ်တွင် ရွှယ်အန်းကို စောင့်နေကြသော မုန်လဲ့နှင့် အခြားသူများလည်း ကြောင်အသွားကြသည်။ အထူးသဖြင့် မုန်လဲ့ဖြစ်သည်။

သူသည် ညကောင်းကင်ယံကို လင်းထိန်သွားစေသော ပြင်းထန်တောက်ပသည့် တိုက်ကွက်များကို သူငေးကြည့်နေမိပြီး ရင်တုန်ပန်းတုန် ဖြစ်နေရှာသည်။ ကြယ်ရောင်များ လက်ခနဲဖြစ်နေချိန်တွင် ရွှယ်အန်း၏ ပုံရိပ်သည် ပင်လယ်ပြင်ကျယ်ကြီးထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ လှိုင်းလေကြားတွင် နစ်လိုက်ပေါ်လိုက် ဖြစ်နေရှာသည်။

လူကြီးမင်းရွှယ်... ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့...

မုန်လဲ့စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။

"မလုံလောက်သေးဘူး... မင်းမှာ ဒီလောက်ပဲ အားရှိတာလား"

ရွှယ်အန်းက ရုတ်တရက် အော်ပြောလိုက်သည်။

ဝုန်း

သူ၏ စကားသံသည် ကျိန်စာသင့်မြို့တော် တစ်ခုလုံးနီးပါး ပဲ့တင်ထပ်သွားလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လူအများအမြင်တွင် ရွှယ်အန်းသည် တိုက်ခိုက်မှုများကို ရှုန်းတိမ်းနေရုံသာ တတ်နိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဟု ထင်နေကြသည်။ သို့သော် သူသည် ဤသိူ့စကားများကို ပြောရဲသေးသည်။ သူ ဘာတွေ တွေးနေတာပါလိမ့်...

ကျီဝေ့ နတ်ဘုရားသားတော်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ရွှယ်အန်းကို အပိုင်းပိုင်း ချေမှုန်းပစ်ချင်နေပြီ ဖြစ်သည်။သူသည် ရွှယ်အန်း၏ စကားကို ကြားသောအခါ အော်ဟစ်လိုက်လေသည်။

"ရွှယ်မျိုးနွယ်... မင်းက ရှုန်းပဲ ရှုန်းတတ်တာလားကွ၊ မင်းသာ တကယ်စွမ်းရင် မရှုန်းဘဲနဲ့ ငါ့ကို ထိပ်တိုက်ရင်ဆိုင်စမ်းပါ"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ကောင်းပြီလေ... ရတာပေါ့"

ကျီဝေ့ နတ်ဘုရားသားတော် လန့်သွားပြီးနောက် အရူးအမူး ဝမ်းသာသွားလေသည်။ သူသည် စကားဖြင့်သာ ရန်စလိုက်ခြင်း ဖြစ်သော်လည်း ရွှယ်အန်းက သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြယ်ရောင်စုံ ကောင်းကင်ကို မော့ကြည့်ကာ လေးနက်သော အသံဖြင့် ရေရွတ်လိုက်သည်။

"ကျီဝေ့နတ်ဘုရားသားတော် ကျွန်တော်က... ကြယ်တာရာသခင်များရဲ့ စွမ်းအားကို တောင်းခံပါတယ်"

ဘုန်း!

သူ ထိုစကားကို ပြောလိုက်သည်နှင့် ကောင်းကင်မှ ကြယ်များသည် စိန်ပွင့်များကဲ့သို့ ရုတ်တရက် တောက်ပလာပြီး ခမ်းနားသော ကြယ်တာရာ စွမ်းအားများသည် ကျီဝေ့နတ်ဘုရားသားတော်ထံသို့ စုစည်းသွားကြလေသည်။ ထိုလည်ပတ်နေသော အလင်းရောင်များကြားတွင် ကျီဝေ့နတ်ဘုရားသားတော်၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာသည်။ သူ့ခေါင်းအထက်တွင် ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာလေသည်။ ထို့နောက် ကျီဝေ့နတ်ဘုရားသားတော်က လှောင်ပြုံး ပြုံးလိုက်သည်။

"ရွှယ်အန်း... ဒီနေ့တော့ ကြယ်တာရာ သခင်တွေရဲ့ သားတော်တစ်ပါးရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းမြင်စေရမယ်"

ထိုသို့ပြောပြီးနောက် သူသည် တစ်ကိုယ်လုံးရှိ ကြယ်ရောင်များကို ညာဘက်လက်သီးထံသို့ စုစည်းလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုးချလိုက်တော့သည်။ ထိုလက်သီးချက်နှင့်အတူ သူ့ခေါင်းပေါ်ရှိ ကြီးမားသော ပုံရိပ်ယောင်ကြီးများပါ လိုက်ပါလာလေသည်။

အားလုံးပေါင်းစပ်လိုက်သောအခါ ထိုထိုးချက်၏ အားကြောင့် လေဟာနယ်ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့သည်။ ဤကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရားစွမ်းအားကြောင့် လူတိုင်း၏ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

ကျိုးယန်ယန်နှင့် မုန်လဲ့တို့ အပါအဝင် လူအများက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

"အရှင်ရွှယ်"

တစ်ချိန်တည်းမှာပင် ကျိုးမိသားစုနှင့် ကျင်းရှုမန်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး အောင်နိုင်သူပမာ ရယ်မောလိုက်ကြလေသည်။ သူတို့အမြင်တွင် မည်သူမျှ ဤတိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်တောင် ဖြစ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျီဝေ့နတ်ဘုရားသားတော် ယခု အသုံးပြုနေသည်မှာ ကြယ်တာရာ အားလုံး၏ ပေါင်းစပ်စွမ်းအား ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော် ဤမျှ ပြင်းထန်သော လက်သီးချက်နှင့် ရင်ဆိုင်နေရသော်လည်း ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ဒီလက်သီးချက်က အားနည်းနည်း ပါသားပဲ... ဒါပေမဲ့ ဒီလောက်ပါပဲ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်သီးကို ဆုပ်လိုက်ပြီး ကျီဝေ့ နတ်ဘုရားသားတော်၏ လက်သီးချက်ကို တည့်တည့် ပြန်လည် ထိုးနှက်လိုက်လေသည်။ ကျီဝေ့ နတ်ဘုရားသားတော်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ယှဉ်လျှင် ရွှယ်အန်း၏ လက်သီးချက်သည် ဂယက်အနည်းငယ်မျှပင် မထဘဲ ပုံမှန်အတိုင်းသာ ရှိနေပုံရသည်။ ထိုအရာကို ကြည့်ရှုနေသူ အများအပြားမှာ စိတ်ပျက်သွားသော အမူအရာများ ပေါ်လာကြသည်။

သို့သော် အေးစက်စွာ စောင့်ကြည့်နေခဲ့သော ကျိန်စာသင့်ဧကရီမှာမူ ရုတ်တရက် မျက်နှာဖြူဖျော့သွားပြီး တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ရီလာလေသည်။

"ဒီ... ဒီလက်သီးချက်က..."

ထိုအချိန်တွင် လက်သီးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကြသည်။ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံမျိုးတောင် မထွက်ပေါ်လာပေ။ ကမ္ဘာကြီးတစ်ခုလုံး ထိုအချိန်လေးအတွင်း တိတ်ဆိတ်သွားသည့်ပမာထင်ရသည်။ သို့သော် ခဏအကြာတွင် လက်သီးချင်း ဆုံသည့်နေရာမှ တိုးညင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ခရက်...

ထို့နောက် လေဟာနယ်သည် စက္ကူပါးလေးပမာ တွန့်လိမ်ကာ ကွဲကြေသွားလေသည်။ ချက်ချင်းဆိုသလိုပင် ကျိန်စာသင့်မြို့တော် တစ်ခုလုံးကို ချေမှုန်းပစ်လုမတတ် ကြီးမားသော ဟိန်းသံကြီး ထွက်ပေါ်လာတော့သည်။

ဝုန်း!!!!

အနီးကပ် ရှိနေသူများ၏ မျက်နှာတွင် နာကျင်သော အမူအရာများ ပေါ်လာပြီး အားနည်းသူအချို့ဆိုလျှင် နားထဲမှ သွေးများပင် စီးကျလာကာ မျက်နှာများ ဖြူဆုတ်သွားကြသည်။ သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားသည်မှာ ထင်ရှားလှသည်။

တချိန်တည်းမှာပင် ကြီးမားသော လေလှိုင်းကြီး ပေါက်ကွဲထွက်လာပြီး မိုင်ပေါင်းများစွာ အကွာအဝေ့းအထိ ချက်ချင်း လွင့်စင်သွားစေသည်။ ထိုလေလှိုင်းနှင့်အတူ ပါသွားသူမှာ ကျီဝေ့နတ်ဘုရားသားတော် ဖြစ်ပြီး သူ၏ ပါးစပ်မှ သွေးများ မရပ်မနား ပန်းထွက်နေလေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ထိုမြင်ကွင်းကို မြင်လိုက်ရသူ အားလုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤအရာ

ဖြစ်သည်။ အထူးသဖြင့် ကျင်းရှုမန် ဆိုလျှင် မျက်လုံးများ ကျွတ်ထွက်လုမတတ် ဖြစ်နေသည်။ သို့သော် ၎င်းတို့သည်သည် အစစ်အမှန်ကို သူတို့ဆန္ဒအတိုင်း ပြောင်းလဲနိုင်ခြင်း မရှိပေ။

ကျီဝေ့နတ်ဘုရားသားတော်သည် မိုင်ပေါင်းများစွာ လွင့်စင်သွားပြီးနောက် အဆုံးတွင် မိမိကိုယ်ကို ပြန်လည် ထိန်းသိမ်းလိုက်နိုင်လေသည်။ သို့သော် ထိုအချိန်တွင် သူသည် စက္ကူကဲ့သို့ ဖြူဖျော့သော မျက်နှာနှင့် အလွန်အမင်း နွမ်းနယ်နေသော ပုံစံဖြင့် သနားစရာ ကောင်းနေလေသည်။

"အဲ့ဒါ ဘာလက်သီးကွက်လဲ"

ကျီဝေ့နတ်ဘုရားသားတော်သည် အဝေ့းတွင် တည်ငြိမ်စွာ ရှိနေဆဲဖြစ်သော ရွှယ်အန်းကို ကြည့်ကာ ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ ရွှယ်အန်းသည် လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်လေသည်။

"ဒီလက်သီးကွက်ကို... ငါကတော့ ပုံမှန်ဆို ကောင်းကင်မြေကြီး တုန်လှုပ်ခြင်းလို့ ခေါ်တယ်"

နတ်ဘုရားသတ် နည်းလမ်းခြောက်သွယ်က နောက်ဆုံးတော့ ပြန်ပေါ်ပေါက်လာခဲ့ပြီ…

အခန်း (၁၀၆၁) - အမိန့်ကိုနာခံစမ်း... ကြယ်တာရာပင်လယ် ဓားကို သွန်းလုပ်စေ

" ကောင်းကင်နဲ့မြေကြီး တုန်လှုပ်ခြင်း?"

ကျီဝေ့နတ်ဘုရားသားတော်သည် ထိုစကားကို သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး သူ့မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး စိတ်မပါသလို ပြောလိုက်သည်။

"ကြည့်ရတာ မင်းမှာလည်း နောက်ထပ် လှည့်ကွက်အသစ်တွေ မရှိတော့ဘူးပဲ၊ ငါလည်း ငြီးငွေ့နေပြီဆိုတော့... အဆုံးသတ်ဖို့ အချိန်တန်ပြီ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရုတ်တရက် ခေါင်းမော့ကာ ကောင်းကင်မှ ကြယ်တာရာ အပေါင်းကို ကြည့်လိုက်လေသည်။

"ခုနက သူ့ကို ကြယ်စွမ်းအားတွေ ငှားပေးလိုက်တာ... မင်းတို့ကောင်တွေလား"

ရွှယ်အန်းက အေးစက်စွာ မေးလိုက်သည်။

စိတ်ထင်၍လား မသိသော်လည်း ရွှယ်အန်း ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ကြယ်ရောင်စုံ ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး ကြယ်များမှာ မှိန်ဖျော့သွားသည့်ပမာ လူအများ ခံစားလိုက်ရသည်။

တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ထင်ရသည်။ ကျီဝေ့ နတ်ဘုရားသားတော် အနည်းငယ် လန့်သွားပြီး တုန်ရီစွာဖြင့် မေးလိုက်သည်။

"ဘာ... မင်း ဘာလုပ်မလို့လဲ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ငါ ဘာလုပ်မလို့လဲ ဟုတ်လား၊ မင်းကို သေရွာ ပို့ပေးမလို့လေ"

ထိုသို့ပြောကာ ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်ကာ အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"အခု ငါမင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်၊ မနာခံတဲ့ ကောင်တွေ... အကုန် အသတ်ခံရမယ်"

ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် ရွှယ်အန်း၏ အမိန့်ကို စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရွှယ်အန်းသည် လက်ကိုမြှောက်ကာ ကောင်းကင်သို့ ညွှန်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့အမိန့်ကို နာခံစမ်း... ကြယ်တာရာပင်လယ် ဓားကို သွန်းလုပ်စေ"

ဘုန်း

ရွှယ်အန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ကြယ်ရောင်စုံ ကောင်းကင်ကြီး တုန်လှုပ်သွားလေသည်။ ဧကရာဇ်မင်း၏ အမိန့်ကို နာခံရသော လက်အောက်ငယ်သားများကဲ့သို့ မရေမတွက်နိုင်သော ကြယ်များသည် သူတို့၏ ကြယ်ရောင်များကို ရူးသွပ်စွာ လှည့်ပတ် ပို့လွှတ်လိုက်ကြသည်။ တစ်ခဏချင်းစီအတွင်းမှာပင် စုစည်းလာသော ထိုကြယ်ရောင်များသည် ရွှယ်အန်း၏ လက်ထဲသို့ စုရောက်ရှိလာပြီးနောက် ခဲသွားပြီး ပုံသဏ္ဍာန် ပြောင်းလဲသွားကြလေသည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေကြီးကို ထောက်ထားနိုင်လောက်အောင် ကြီးမားသော ဓားကြီးတစ်လက်သည် ရွှယ်အန်း၏ လက်ထဲတွင် ထင်ရှားစွာ ပေါ်ထွက်လာလေတော့သည်။ ထိုဓားကြီးကို ကြယ်ရောင်များဖြင့် ရစ်ပတ်ထားပြီး ဓားချီများသည် ပိုးမျှင်များကဲ့သို့ နူးညံ့သိမ်မွေ့စွာ ဖြာထွက်နေသည်။ ၎င်း၏ ကြီးမားသော အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေသဖြင့် လူတိုင်း ကြောင်အသွားကြသည်။

"ဒီ... ဒီလို ဓားသိုင်းမျိုး ငါ တစ်ခါမှ မကြားဖူးဘူး"

ဓားသိုင်း လေ့ကျင့်သူ တစ်ဦးက အလွန်အမင်း ထိတ်လန့်တကြား ပြောလိုက်မိသည်။ တချိန်တည်းမှာပင် ရွှယ်အန်းသည် ပါးစပ်အဟောင်းသား ဖြစ်နေသော ကျီဝေ့နတ်ဘုရားသားတော်ကို ပြုံးပြကာ ပြောလိုက်လေသည်။

"အခု... ငါမင်းကို ခရီးပို့ပေးတော့မယ်"

"မလုပ်ပါနဲ့"

ကျီဝေ့ နတ်ဘုရားသားတော်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူသည် အဆုံးတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကို ထောက်ထားနိုင်သော ဤဓားကြီးထဲတွင် ပါဝင်နေသည့် ရိုင်းစိုင်းသော ဓားဆန္ဒကို သူခံစားမိသောကြောင့်ဖြစ်သည်။

ထိုစွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် လွှမ်းမိုးထားပြီး နတ်ဘုရားများကိုပင် ခေါင်းငုံ့စေနိုင်လေသည်။ ဤဓားချက်အောက်တွင် သူ အမှန်တကယ် သေရမည်ကို သူ သိလိုက်သည်။ သို့သော် သူ၏ အော်သံဆုံးသည်နှင့် နောက်ထပ် စကားမပြောနိုင်မီမှာပင် ရွှယ်အန်း၏ မျက်လုံးများထဲ၌ တောက်ပသော နတ်ဘုရားအလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး အေးစက်စွာ အမိန့်ပေးလိုက်လေသည်။

"သတ်စမ်း"

ဝုန်း!

သူ၏ အမိန့်နှင့်အတူ အထွတ်အထိပ် နတ်ဘုရားအရှိန်အဝါများ သယ်ဆောင်ထားသော ဤဓားကြီးသည် အောက်သို့ ခုတ်ပိုင်းချလိုက်လေသည်။ ကျီဝေ့ နတ်ဘုရားသားတော်သည် ရုန်းကန်ပြီး ထွက်ပြေးရန် ကျိုးစားသော်လည်း ဓားဆန္ဒ၏ တင်းကျပ်စွာ ပိတ်လှောင်ထားမှုကို ခံလိုက်ရပြီဖြစ်ကြောင်းနှင့် လွတ်မြောက်ရန် လမ်းမရှိတော့ကြောင်း မျှော်လင့်ချက်မဲ့စွာ သဘောပေါက်လိုက်သည်။

ဓားကြီး ကျဆင်းလာသည်ကိုသာ သူ မျှော်လင့်ချက်မဲ့စွာ ကြည့်နေနိုင်တော့သည်။ ဤဓားချက်သည် အလွန်အမင်း လျင်မြန်လှသည်။ တစ်ခဏချင်းစီအတွင်းမှာပင် ဓားအလင်းရောင်သည် သူ့ထံသို့ ရောက်ရှိလာလေသည်။ ကျီဝေ့ နတ်ဘုရားသားတော်သည် သူ၏ နောက်ဆုံးအော်သံကို ထုတ်လွှတ်လိုက်သည်။

"ရွှယ်အန်း... ငါ့ခမည်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းအဖေ ငါ့ကို လာမရှာရင်တောင် ငါက သူ့ကို သွားရှာမှာ... အဲ့ဒီအချိန်ကျရင် မင်းတို့သားအဖ မြေအောက်မှာ ပြန်ဆုံဖို့ ငါတာဝန်ယူတယ်"

"မလုပ်နဲ့"

ကျီဝေ့ နတ်ဘုရားသားတော်သည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း မကြာမီ သူ၏ အသံ ရုတ်တရက် ရပ်တန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးသည် ဤဓားချက်ကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

ထိုဓားချက်၏ အရှိန်အဝါ အကြွင်းအကျန်များသည် ပင်လယ်ပြင်သို့ တည့်တည့် ကျရောက်သွားပြီး ပင်လယ်ပြင်တွင် အလျား လီတစ်သောင်းကျော်နှင့် အနံ လီဆယ်ကျော် ကျယ်ဝန်းသော မြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ပြင်းထန်သော ဓားချီကြောင့် မြောင်းထဲရှိ ပင်လယ်ရေများသည် ချက်ချင်း အငွေ့ပျံသွားပြီး ပင်လယ်ကြမ်းပြင်ရှိ ရွှံ့နွံနှင့် သဲများကိုပင် မြင်တွေ့နေရသည်။ ဘေးနှစ်ဖက်မှ ပင်လယ်ရေများသည် ထိုကြီးမားသော ဓားကြောင်းကို ဖုံးအုပ်ရန် အတင်းတိုးဝင်လာကြသော်လည်း ပါးလွှာသော ဓားချီအလွှာတစ်ခုက တားဆီးထားလေသည်။

ထို့ကြောင့် ပင်လယ်ပြင်ထက်တွင် မိုင်ပေါင်း တစ်သောင်းကျော် ရှည်လျားပြီး ဆယ်မိုင်ကျယ်ဝန်းသော ကြီးမားသည့် လမ်းကြောင်းကြီးတစ်ခုသည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။

ပြိုင်ဘက်ကင်းသော ဤဓားချက်ကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ရွှယ်အန်းသည် ဝတ်ရုံများ လွင့်ပျံလျက် လေထဲတွင် ရပ်နေပြီး အထွတ်အထိပ် နတ်ဘုရားတစ်ပါးနှင့် တူနေလေသည်။ ထို့နောက် သူ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ကြယ်ရောင်များ စုစည်းထားသော ဓားကြီးသည် ဟိန်းသံနှင့်အတူ ကွဲကြေသွားပြီး ကြယ်ရောင်များအဖြစ် ပြန်လည်ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးထဲသို့ ပျံ့လွင့် ပျောက်ကွယ်သွားလေသည်။

ရွှယ်အန်းသည် တိတ်ဆိတ်မှုများကြားတွင် ခေါင်းငုံ့ကာ ရှိနေသူ အားလုံးကို ဝေ့့ကြည့်လိုက်သည်။ သူ၏ အကြည့်ရောက်ရာအရပ်တွင် မည်သူမျှ သူ့မျက်လုံးကို ပြန်မကြည့်ရဲကြပေ။ အထူးသဖြင့် ရွှယ်အန်းကို အမြဲ ဆန့်ကျင်ခဲ့သော ကျိုးမိသားစုနှင့် ကျင်းမိသားစုမှ လူများသည် ယခုအခါ ကြောက်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့ကာ လဲကျလုမတတ် ဖြစ်နေကြသည်။

သို့သော် ရွှယ်အန်းသည် သူတို့ကို ဂရုမစိုက်ပေ။ သူ၏ မျက်လုံးများသည် ကျိန်စာသင့်ဧကရီကို ကြည့်ပြီးနောက် ဖျော့တော့စွာ ပြုံးလိုက်လေသည်။

"အခု ငါကပဲ အကျိုးအကြောင်းပါလို့ ပြောရင် ငါ့မှာ အဲ့ဒီစကားကို သက်သေပြနိုင်တဲ့ ခွန်အား ရှိပြီလား"

ကျိန်စာသင့်ဧကရီသည် သိသိသာသာ တုန်လှုပ်သွားပြီး သူမ၏ ထိတ်လန့်မှုမှ သတိပြန်ဝင်လာကာ လေးစားစွာ ဦးညွှတ်လိုက်လေသည်။

"အရှင်... ကျွန်မကို ခွင့်လွှတ်ပါ၊ ကျွန်မက အရှင့်ရဲ့ နတ်ဘုရားစွမ်းအားကို မသိဘဲနဲ့ အဆင့်အတန်းမခွဲခြားတတ်ဘဲ ပြောဆိုမိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ"

ယခင်က ကျီဝေ့ နတ်ဘုရားသားတော်နှင့် ရင်ဆိုင်ရစဉ်ကပင် ကျိန်စာသင့်ဧကရီသည် ဤမျှ နှိမ့်ချခြင်း မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် မည်သူမျှ သူမ၏ လုပ်ရပ် လွန်ကဲသည်ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားနယ်မြေတွင် အင်အားရှိသူကို အမြဲလေးစားကြသောကြောင့် ဖြစ်သည်။

ရွှယ်အန်း၏ အင်အားကို လူတိုင်း မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်ရာ ကျိန်စာသင့်ဧကရီ၏ သဘောထားမှာ အံ့သြစရာ မဟုတ်တော့ပေ။ ရွှယ်အန်းသည် ဤသဘောတရားကို နားလည်သဖြင့် ကျိန်စာသင့်ဧကရီ၏ စကားတစ်ခွန်းအပေါ် အငြိုးအတေး ထားမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူသည် အနည်းငယ် စနောက်ချင်စိတ် ဖြစ်ပေါ်လာလေသည်။

"အော်... အပြစ်ပေးရမယ် ဟုတ်လား၊ ဘယ်လို အပြစ်ပေးရမလဲ"

ကျိန်စာသင့်ဧကရီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်သွားသည်။

"အရှင့် သဘောပါပဲရှင်"

မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော နယ်မြေကို အုပ်ချုပ်သည့် ဧကရီတစ်ပါးထံမှ ဤကဲ့သို့ စကားမျိုး ကြားရခြင်းသည် အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း မည်သည့်အမျိုးသားကိုမဆို ဘဝင်မြင့်သွားစေရန် လုံလောက်လေသည်။ ရွှယ်အန်း ရယ်မောလိုက်ပြီးနောက် ရယ်ချင်သော လေသံဖြင့် ပြောလိုက်သည်။

"ခေါင်းမော့ပြီး ငါ့ကို ကြည့်စမ်း"

ကျိန်စာသင့်ဧကရီသည် ဖြည်းညှင်းစွာ ခေါင်းမော့လာသည်။

"မင်းမျက်နှာကို ဖုံးကွယ်ထားတဲ့ မှော်အတတ်ကို ဖယ်လိုက်"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။ ကျိန်စာသင့်ဧကရီ၏ ရင်ထဲတွင် အရှက်ရမှုတစ်ခု ဖြတ်ပြေးသန်းသွားသော်လည်း ရွှယ်အန်း၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် သူမ၏ မျက်နှာကို ဖုံးကွယ်ထားသော မြူခိုးများကို မလိုလားစွာဖြင့် ဖယ်ရှားလိုက်လေသည်။

ထိုတွငိပေါ်လာသည်မှာ ကြည်လင်သန့်ရှင်းပြီး နတ်သမီးဆန်သော်လည်း ငယ်ရွယ်နုပျိုမှုများ ကျန်ရှိနေသေးသော မျက်နှာတစ်ခု ဖြစ်လေသည်။ သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြွေရုပ်မလေးနှင့်တူသော လိုလီလေးတစ်ယောက် ဖြစ်နေသည်။ ရွှယ်အန်း မျက်တောင်ခတ်လိုက်ပြီးနောက် အနည်းငယ် ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ပွတ်လိုက်မိသည်။

"အဟမ်း... မင်းက အရွယ်မရောက်သေးတဲ့ လိုလီလေး ဖြစ်နေတာကိုး၊ မင်းမျက်နှာကို မြူခိုးတွေနဲ့ ဖုံးထားတာ မဆန်းပါဘူး"

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က ထီးနန်းပေါ်မှာ ထိုင်ပြီး နယ်မြေတစ်ခုကို အုပ်ချုပ်နေတာကို တွေးကြည့်ရုံနှင့် ထိုမြင်ကွင်းသည် တော်တော်ကြည့်ရခက်မည်ဖြစ်သည်။

ရွှယ်အန်း စကားပြောနေစဉ် ကျိန်စာသင့်ဧကရီ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ပြည့်လာပြီး သူမ မျက်လုံးများကို စိတ်ပျက်လက်ပျက် မှိတ်လိုက်လေသည်။ အင်အားကြီးသူက အရာရာကို ဖန်တီးပြီး အားနည်းသူတွင် ဂုဏ်သိက္ခာဟူ၍ မရှိသော နတ်ဘုရားနယ်မြေ၏ ဥပဒေသကို သူမ ကောင်းစွာ သိရှိထားသည်။ အထူးသဖြင့် သူမသည် ရွှယ်အန်းကို ဆန့်ကျင်ပြောဆိုခဲ့ဖူးသဖြင့် ယခု ရွှယ်အန်း သူမကို ဘာပဲလုပ်လုပ် တရားမျှတသည်ဟု ယူဆရမည်။

ဒီလိုနဲ့ပဲ ပြီးဆုံးသွားပြီလား...

သူမ ဝမ်းနည်းစွာ တွေးလိုက်မိသည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏ မျက်နှာကို ပြန်လည် ဖုံးအုပ်သွားလေသည်။ ကျိန်စာသင့်ဧကရီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး ရွှယ်အန်းကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။

"အစကတော့ မင်းကို ပညာပေးချင်တာ၊ ဒါပေမဲ့ မင်းက ချစ်စရာကောင်းလွန်းနေတော့ ဒီတိုင်းပဲ ထားလိုက်ပါတော့ကွာ"

ချစ်စရာကောင်းတယ်တဲ့...

ထိုစကားလုံးကြောင့် ကျိန်စာသင့်ဧကရီမှာ တစ်ချိန်တည်းမှာပင် ရယ်ရမလို ငိုရမလို ဖြစ်သွားသော်လည်း သူမ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းစီးဆင်းသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက သူမကို ခွင့်လွှတ်လိုက်ပြီဆိုတာ သူမ သိလိုက်သောကြောင့် ဖြစ်သည်။

ထိုသို့တွေးမိသဖြင့် သူမသည် လေးစားစွာ ခေါင်းငုံ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်... အရှင်"

ရွှယ်အန်းသည် မည်သို့မှမတုန့်ပြန်ပဲ ကျောက်ရုပ်ပမာဖြစ်နေသော ကျင်းရှုမန်နှင့် သူမ၏ လူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ကဲ... အခု မင်းတို့အလှည့်ရောက်ပြီ”

အခန်း (၁၀၆၂) - စာရင်းတွေကို တစ်ခုချင်း ရှင်းရမယ်

ကျင်းရှုမန်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး အဆုံးတွင် ထိတ်လန့်မှုမှ သတိပြန်ဝင်လာကာ တစ္ဆေကို မြင်လိုက်ရသကဲ့သို့ စူးရှစွာ အော်ဟစ်လိုက်လေသည်။

"ရှင်... ရှင် နတ်ဘုရားသားတော်ကို ဘာလုပ်လိုက်တာလဲ"

ရွှယ်အန်းက နောက်ပြောင်လိုသော လေသံဖြင့် ပြောလိုက်သည်။

"နတ်ဘုရားသားတော် ဟုတ်လား? မရှိတော့ပါဘူးလေ၊ အခုချိန်ကစပြီး နတ်ဘုရားသားတော် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူသွားသင့်တဲ့ နေရာကို ငါပို့ပေးလိုက်ပြီ"

ကျင်းရှုမန်၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်အောင် စတင်တုန်ခါလာသည်။ သူမအတွက် သည်းခံနိုင်စွမ်း ကျော်လွန်သွားပြီ ဖြစ်သည်။ ကျင်းရှုမန်သည် ကျီဝေ့နတ်ဘုရားသားတော်၏ ပေါင်ကိုဖက်ရန်မည်မျှ ကျိုးစားခဲ့ရသနည်း။ ကျိုးစားမှုတိုင်းသည် အရာထင်သည်ဟူသော စကားအတိုင်း အဆုံးတွင် သူမသည် ကျီဝေ့နတ်ဘုရားသားတော်၏ အချစ်ဆုံး အစေခံ ဖြစ်လာခဲ့သည်။

ဤအရာသည် ကျင်းရှုမန်ကို အလွန်ပျော်ရွှင်စေခဲ့ပြီး သူမ၏ အနာဂတ် လမ်းကြောင်း လင်းလက်လာသည်ဟု မြင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျီဝေ့ကြယ်တာရာဘုရင်၏ တစ်ဦးတည်းသော သားဖြစ်ပြီး ကျီဝေ့ဧကရာဇ်ကြယ်ကို ဆက်ခံကာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အုပ်ချုပ်မည့်သူ ဖြစ်သောကြောင့်ဖြစ်သည်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုးသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင်ပင် ပြိုင်ဘက်ကင်းလှပေသည်။ ထို့ကြောင့် ကျီဝေ့ နတ်ဘုရားသားတော်၏ အာဏာကို အားကိုးပြီး ကျင်းရှုမန်သည် အလွန်အမင်း မာနကြီးကာ ဗိုလ်ကျခဲ့သည်။

သို့သော် ယခုအခါ သူမ၏ ကျိုးစားမှု အားလုံးသည် ရွှယ်အန်း၏ ရက်စက်စွာ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ပုံရိပ်ယောင် တစ်ခုကဲ့သို့ ပျက်စီးသွားခဲ့သည်။

ကျီဝေ့နတ်ဘုရားသားတော်သည် ကျင်းရှုမန်၏ မျက်စိရှေ့မှောက်တွင်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့သည် ကျင်းရှုမန်၏ ရင်ထဲတွင် ပြည့်နှက်သွားလေသည်။ ထိုအချိန်တွင် ကျင်းရှုန်းသည် မျက်နှာဖြူဖျော့လျက် ဘေးတွင် ရပ်နေရာမှ ရုတ်တရက် ရှေ့သို့တိုးလာပြီး ဒူးထောက်ချလိုက်လေသည်။

"အသက်ချမ်းသာပေးပါ အရှင်၊ အသက်ချမ်းသာပေးပါ၊ ဒီကိစ္စက ကျွန်တော့်သမီးကြောင့် ဖြစ်ရတာပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ"

ကျင်းရှုန်းက သနားစဖွယ် ငိုကြွေးလိုက်သည်။ ကျင်းရှုမန်သည် မိုးကျိုးပစ်ခံလိုက်ရသည့်ပမာ ခံစားသွားရပြီး သူမ၏ ဖခင်အရင်းကို ကြောင်ငေးကြည့်နေမိသည်။

"အ...အဖေ"

ကျင်းရှုန်းသည် အဆိပ်ပြင်းသော မြွေတစ်ကောင် အကိုက်ခံလိုက်ရသကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ငါ့ကို အဖေလို့ မခေါ်နဲ့၊ မင်းလို သမီးမျိုး ငါ့မှာ မရှိဘူး၊ အပြင်လောကရဲ့ နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး အရှင်ရွှယ်ကို ပြန်တိုက်ခိုက်ရဲတယ်၊ မင်းက တကယ် သေသင့်တဲ့ကောင်မပဲ"

ကျင်းရှုမန်၏ ရင်ထဲတွင် တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်တုန်းက သူမဖခင်သည် ဤကဲ့သို့ မဟုတ်ခဲ့ပေ။ အထူးသဖြင့် သူမ ကျီဝေ့ နတ်ဘုရားသားတော်၏ အစေခံ ဖြစ်လာပြီးနောက် ကျင်းရှုန်းသည် သူမကို ဖားယားပြီး အလိုလိုက်ခဲ့သည် မဟုတ်ပါလား။ သို့သော် မထင်မှတ်ထားသည်မှာ ယခုအချိန်တွင် သူ့အသက်ရှင်သန်ရေးအတွက် ပထမဆုံး အခွင့်အရေးရသည်နှင့် သူမကို ကျောခိုင်းသွားခြင်းဖြစ်သည်။

ကျင်းရှုမန်သည် ကျင်းရှုန်း၏ မျက်နှာပေါ်ရှိ ရွံရှာမှုနှင့် ကြောက်ရွံ့မှုတို့ကို မြင်သောအခါ ရုတ်တရက် အရာအားလုံးကို ရယ်စရာကောင်းသည်ဟု ထင်မြင်လာမိသည်။ ထိုရယ်စရာကောင်းမှုကြောင့် သူမသည် အထိန်းအကွပ်မဲ့စွာ ရယ်မောလိုက်လေသည်။ ရယ်သံသည် အစပိုင်းတွင် တိုးညင်းသော်လည်း တဖြည်းဖြည်း ကျယ်လောင်လာသည်။ အဆုံးတွင် ရူးသွပ်သော ရယ်သံကြီး ဖြစ်လာလေသည်။

ထိုရယ်သံကြောင့် ကျင်းရှုန်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။ ထို့နောက် သူသည် ရုတ်တရက် ထရပ်ကာ ကျင်းရှုမန်ထံသို့ ပြေးသွားပြီး ပြင်းထန်စွာ ပါးရိုက်လိုက်လေသည်။

ဖြောင်း

"ကောင်မစုတ်... မင်းက ဘာရယ်နေတာလဲ... တိတ်စမ်း"

ကျင်းရှုမန်သည် မရှုန်းတိမ်းဘဲ ထိုပါးရိုက်ချက်ကို ခံယူလိုက်သည်။ သူမ၏ ပါးပြင်သည် လေမှုတ်သွင်းလိုက်သကဲ့သို့ ရောင်ကိုင်းလာသော်လည်း သူမ၏ မျက်လုံးများသည် မျှော်လင့်ချက်မဲ့ပြီး ရူးသွပ်သော ဖျက်ဆီးလိုစိတ်များဖြင့် တောက်ပနေကာ ကျင်းရှုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

ကျင်းရှုန်းသည် ဆက်လက် ရိုက်နှက်လိုသော်လည်း သမီးဖြစ်သူ၏ အကြည့်နှင့် ရင်ဆိုင်ရသောအခါ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွားပြီး ရပ်တန့်သွားလေသည်။ ထိုအချိန်တွင် ကျင်းရှုမန်သည် လေထဲတွင် ရပ်နေဆဲဖြစ်သော ရွှယ်အန်းကို မော့ကြည့်လိုက်လေသည်။

"နတ်ဘုရားသားတော် သေပြီဆိုတော့ ကျွန်မ အရှုံးပေးပါတယ်၊ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် အရှင့်သဘောပါပဲ၊ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိပါတယ်"

ကျင်းရှုမန်သည် လက်ကိုမြှောက်ကာ သူမ၏ ဖခင်ကို လက်ညှိုးထိုးပြလိုက်ပြီး မုန်းတီးမှုအပြည့်ပါသော မျက်နှာဖြင့် ပြောလိုက်သည်။

"ကျွန်မ မသေခင်... ဒီလူ အရင်သေတာကို ကြည့်ချင်တယ်"

ကျင်းရှုန်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

"ကောင်မစုတ်... မင်းကများ ကိုယ့်အဖေကို လုပ်ကြံရဲတယ်ပေါ့"

သူ့စကားမဆုံးမီ ရွှယ်အန်းက လှောင်ပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ အရှင်"

ကျင်းရှုန်းသည် ကြောက်လွန်းသဖြင့် အသိစိတ်လွတ်မတတ် ဖြစ်နေသော မြေကြီးပေါ်တွင် ဒူးထောက်လျက် ရွှယ်အန်းကို အဆက်မပြတ် ဦးညွှတ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေလေသည်။

သို့သော် အားလုံး နောက်ကျသွားခဲ့ချေသည်။

ရွှယ်အန်းသည် ထိုကဲ့သို့သော တောင်းပန်စကားများကို နားထောင်ရန် စိတ်မဝင်စားသဖြင့် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခုသည် ကျင်းရှုန်းထံသို့ တည့်မတ်စွာ ထိုးစိုက်သွားလေသည်။ ကျင်းရှုန်းသည် မျိုးနွယ်ကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်သဖြင့် အတော်အသင့် စွမ်းအားရှိသော်လည်း ရွှယ်အန်း၏ ပေါ့ပါးစွာ ပစ်လွှတ်လိုက်သော ဓားချက်ကို ရင်ဆိုင်ရသောအခါ ရှုန်းပင် မရှုန်းနိုင်ဘဲ နှစ်ပိုင်းတိတိ ပြတ်သွားလေတော့သည်။

"အား"

ကျင်းရှုန်းသည် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဤမြင်ကွင်းကြောင့် လူအများ မျက်နှာဖြူဖျော့သွားကြသည်။ သို့သော် ရွှယ်အန်းအတွက်မူ ပိုးကောင်မွှားကောင် တစ်ကောင်ကို ချေမှုန်းလိုက်သကဲ့သို့ပင် ဖြစ်ပြီး ကျင်းရှုမန်ကို အေးဆေးစွာ ကြည့်လိုက်လေသည်။

"ကဲ... အခု ကျေနပ်ပြီလား"

ကျင်းရှုမန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"ကျေးဇူးတင်စရာ မလိုဘူး... မင်းလည်း လိုက်သွားလိုက်တော့"

ထိုစကားများနှင့်အတူ ကျင်းရှုမန်၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားပြီး သေဆုံးသွားလေတော့သည်။ ဤတွင် ကျင်းမိသားစု တစ်ခုလုံး မျိုးသုဉ်းသွားခဲ့ချေသည်။ ပင်လယ်လေမှာ တိုက်ခတ်နေသော်လည်း ဧည့်ခံပွဲခန်းမ တစ်ခုလုံးတွင် ပျံ့နှံ့နေသော သွေးညှီနံ့များကို ဖယ်ရှားနိုင်ခြင်း မရှိပေ။ လူတိုင်း၏ မျက်နှာများ ဖြူဖျော့နေကြသည်။

ရွှယ်အန်းသည် ကျိုးမိသားစုမှ လူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ၎င်းတို့သည် ရွှယ်အန်း၏ အကြည့်ကို ခံစားလိုက်ရသောအခါ ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် မသိမသာ ထွက်ပြေးရန် ကျိုးစားနေသော သခင်မကြီးကျိုးသည် ပြင်းထန်စွာ တုန်ရီသွားပြီး မူးမေ့လဲကျလုမတတ် ဖြစ်သွားလေသည်။

"အ... အရှင်..."

သူမသည် တုန်တုန်ရီရီဖြင့် တစ်စုံတစ်ခု ပြောရန် ကျိုးစားလိုက်သည်။ သို့သော် ရွှယ်အန်းသည် သူမကို အခွင့်အရေး မပေးဘဲ ကျိုးယန်ယန်ဘက်သို့ လှည့်ကြည့်ကာ ဖျော့တော့စွာ ပြုံးပြလိုက်လေသည်။

"ယန်ယန်... ဒီ ကျိုးမိသားစုက လူတွေကို မင်းလက်ထဲ အပ်လိုက်မယ်၊ သတ်ချင်လား၊ လွှတ်ပေးချင်လား... မင်းသဘောပဲ"

ကျိုးယန်ယန်သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ထို့နောက် ကျိုးယန်ယန်သည် လှည့်ကြည့်လိုက်ပြီး အစုလိုက်အပြုံလိုက် ကိုယ်မျကျုံ့ထားကြသော ကျိုးမိသားစုဝင်များကို ရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။ အမူးပြေသွားသော သခင်မကြီးကျိုးသည် မျက်နှာထား ပြောင်းလဲသွားပြီးနောက် ဟန်ဆောင်ဖားယားသော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။

"ယန်ယန်... အရင်က အဖြစ်အပျက်တွေက အဘွား အမှားတွေပါ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့က သွေးသားတော်စပ်နေကြတာပဲလေ၊ ဒီသံယောဇဉ်တွေကို ထောက်ထားပြီး ငါတို့ကို လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ကျိုးယန်ယန်သည် တိတ်ဆိတ်နေဆဲဖြစ်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ခေါင်းငုံ့ထားလေသည်။ သခင်မကြီးကျိုး၏ ရင်ထဲတွင် မျှော်လင့်ချက် ရှိလာပြီဟု ယုံကြည်ကာ ဝမ်းသာသွားလေသည်။ သူမသည် ကျိုးယန်ယန်အကြောင်း ကောင်းကောင်း နားလည်သည်ဟု ထင်ထားသည်။

ရိုးသားပြီး တကယ် သဘောထားကြီးတဲ့ ကလေးမက ဒီတစ်ခါလည်း အဲ့လိုပဲနေမှာ၊ ငါသာ သံယောဇဉ်ကျိုးကို ကောင်းကောင်း ဆွဲတတ်ရင် သေချာပေါက် လွတ်မှာပဲ၊ ပြီးရင် ပြန်ပြီးတော့တောင် သင့်မြတ်အောင် လုပ်လို့ရဦးမယ်၊ ဒါဆိုရင် ငါတို့ ကျိုးမိသားစုက အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရပြီပဲ၊ ဘယ်သူက ငါတို့ကို ရန်စရဲတော့မှာလဲ

သခင်မကြီးကျိုးသည် အတွေးများကြောင့် ပို၍ ဘဝင်မြင့်လာပြီး အပြုံးများပင် ပိုမို နွေးထွေးလာသည်။

"ယန်ယန်... အရင်က မြေး အများကြီး ခံစားခဲ့ရတယ်ဆိုတာ အဘွား သိပါတယ်၊ အားလုံးက အဘွား အမှားတွေပါ၊ အခု အဘွားက မြေးကို တောင်းပန်ပါတယ်ကွယ်"

ထိုသို့ပြောကာ သခင်မကြီးကျိုးသည် ဟန်ဆောင်ပန်ဆောင်ဖြင့် သူမပါးသူမ နှစ်ချက် ရိုက်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ယန်ယန်... အဘွားကို ခွင့်လွှတ်ပေးနိုင်မလားဟင်... အဘွား..."

"တော်တော့"

ရုတ်တရက် ခေါင်းငုံ့ထားသော ကျိုးယန်ယန်က ပြောလိုက်ပြီး ဖြည်းညှင်းစွာ မော့ကြည့်လာကာ သခင်မကြီးကျိုးကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

"နင့်ရဲ့ သံယောဇဉ် ကစားကွက်တွေက ကျွန်မအပေါ်မှာ အလုပ်မဖြစ်တော့ဘူး"

အပိုင်တွက်ထားသေည သခင်မကြီးကျိုးမှာ ကျောက်ရုပ် ဖြစ်သွားလေသည်။ ကျိုးယန်ယန်၏ အကြည့်သည် ကျိုးမိသားစုဝင် တစ်ဦးချင်းစီ၏ မျက်နှာပေါ်သို့ ရောက်ရှိသွားပြီးနောက် သူမ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဆရာပြောတာ မှန်တယ်၊ နင်တို့လိုလူတွေကို ကြောက်ရွံ့တတ်လာအောင် သင်ပေးဖို့အတွက် သွေးနဲ့ရင်းပြီး ပေးဆပ်ခိုင်းမှရမယ်"

"ပြီးတော့ နင်..."

ကျိုးယန်ယန်သည် သခင်မကြီးကျိုးကို ရွံရှာစွာ ကြည့်လိုက်လေသည်။

"နင် ဘာပဲလုပ်လုပ် သေရတော့မယ် ဆိုတဲ့ အချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"

သခင်မကြီးကျိုးသည် အံ့သြမှင်သက်စွာ ကြည့်နေမိပြီး ဤစကားများသည် သူမ၏ ရိုးသားသော မြေးမလေးထံမှ ထွက်လာသည်ကို မယုံနိုင်အောင် ဖြစ်နေလေသည်။

All Chapters