← Chapters

မင်း အရင်ပြန်နှင့်လိုက်

Vol. 12 Ch. 196

မင်း အရင်ပြန်နှင့်လိုက်

Vol. 12 Ch. 196

“အာ့ထောင် နင် သေချာရဲ့လား” ရှန်းတာ့လန်က သူ့ရှေ့ရှိ နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသော လမ်းကျဉ်းလေးကို ကြည့်ရင်း သံသယဝင်စွာ မျက်မှောင်ကြုတ်လိုက်သည်၊ “ဒီလမ်းက သွားရလာရ မလွယ်ကူမှာကို ငါစိုးရိမ်တယ်။”

ကျီကျောက်က နှုတ်ခမ်းစူပြီး ဘာမှ မပြောတော့ပေ။ သူမ အိပ်မက်ထဲတွင် ဒုတိယအစ်ကိုက ဤမျှ ကျဉ်းမြောင်းသော လမ်းပေါ်တွင် အသတ်ခံခဲ့ရသည်ကို သတိရမိသည်။ ထို့ကြောင့် သူတို့သည် စွန့်စားပြီး အန္တရာယ်များသော လမ်းကို ရွေးချယ်ရပေသည်။

“ကောင်းပြီ၊ အာ့ထောင်ပြောတာကို နားထောင်လိုက်” ရှန်းတာ့ရှန်က သူ၏ အေးခဲနေသော လက်များကို ပွတ်သပ်ရင်း ခိုင်မာစွာ ပြောလိုက်သည်၊ “အာ့လန်ကိုရှာဖို့ ဒီလမ်းအတိုင်း သွားကြရအောင်။”

လှည်းသည် တစ်လမ်းလုံး ယိမ်းနွဲ့နေပြီး မြင်းခွာတွေက နှင်းထုထဲ ဖိနင်းကာ နှင်းပွင့်များကို အရည်ပျော်ကျသွားစေခဲ့သည်။

ကျီကျောက်က လှည်းကန့်လန့်ကာအနားကို ပင့်မကြည့်လိုက်တော့ အေးစက်တဲ့လေက သူမ၏ မျက်နှာကို ဖြတ်တိုက်လာခဲ့သည်။ ထိုအခါမှသာ သူမ လုံးဝ နိုးကြားလာခဲ့သည်။

မွန်းတည့်ချိန်နီးလာသဖြင့် လှည်းကို မောင်းနေသော ရှန်းတာ့လန်သည် အနည်းငယ် ပင်ပန်းနွမ်းနယ်လာခဲ့သည်။

“အဖေ၊ တတိယခယ်မလေး၊ ငါတို့သွားနေတာ နေ့တစ်ဝက်လောက်ရှိပြီ။ ငါတို့ ခဏလောက် အနားယူမယ်ဆိုရင် ဘယ်လိုလဲ။”

“ကျွန်မတို့ နားလို့ မရဘူး” ကျီကျောက်က အတင်းပြောသည်။

ဤကိစ္စသည် ဒုတိယအစ်ကိုရှန်း၏ အသက်နှင့် သက်ဆိုင်သောကြောင့် သူတို့ ဒီခရီးကို နှောင့်နှေးနေလို့ မဖြစ်ပေ။

“ဒါပေမယ့် ငါတို့ အခု သွားနေတဲ့လမ်းက အာ့လန် အိမ်ပြန်တဲ့လမ်းလို့မထင်ဘူး” ဆောင်းတွင်း အရမ်းအေးနေတဲ့အချိန်မှာ သူတို့ အပြင်ကို ခရီးထွက်ကြရသည်။ အကြောင်းတစ်ခုခုကြောင့် ရှန်းတာ့လန်သည် ဒေါသထွက်လာခဲ့သည်၊ “အဖေ စန်းလန် အိပ်မက်ဆိုး မက်တာနဲ့ပဲ ကျွန်တော်တို့တွေက အရူးတွေလို ခရီးသွားနေရမှာလား။ ပြီးတော့ အာ့ထောင် ငါ နင့်ကို လွန်ခဲ့တဲ့ ခြောက်လလောက်က ရှန်းကျီအစာသွပ်မုန့်ဆိုင်အတွက် နင့်အကူအညီတွေကို ငါ တကယ် ကျေးဇူးတင်တယ်၊ ဒါပေမယ့် အဲ့တာနဲ့ပဲ ငါ နင်နဲ့ မျောက်တစ်ကောင်လို မကစားပေးနိုင်ဘူး။ ငါတို့ နေ့တစ်ဝက်ကျော်လောက် ခရီးပြင်းနှင်လာခဲ့ပေမယ့် ငါ့မှာ အခုထိ ရေတစ်ငုံတောင် မသောက်ရသေးဘူး။”

ရှန်းတာ့လန်၏ ရင်ထဲ အကြောင်းပြချက်မရှိ ဒေါထလာခဲ့သည်။

လှည်းပေါ်တွင်ထိုင်နေသော ရှန်းတာ့ရှန်သည် စကားတစ်ခွန်းမှ မပြောပေ။ နောက်ဆုံးတွင် သူက လှည်းပေါ်မှ ခုန်ချသွားခဲ့သည်။

“အဖေ” ရှန်းတာ့လန်က စိုးရိမ်တကြီး လှမ်းအော်လိုက်သည်၊ “အဖေ ဘာလုပ်တာလဲ။”

ရှန်းတာ့ရှန်က သူ့ကို မကြည့်ဘဲ ကျီကျောက်ကို လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်၊ “အာ့ထောင် နင်လည်း အောက်ဆင်းလာခဲ့”

ဘာဖြစ်မှန်းမသိပေမယ့် ကျီကျောက်က ရှန်းတာ့ရှန်၏ ပြောစကားကို နာခံနေဆဲပါ။

“အဖေ” ရှန်းတာ့လန်က စိုးရိမ်တကြီး ခြေဆောင့်လိုက်သည်၊ “မြေကြီးပေါ်မှာ နှင်းတွေက အရမ်းထူတယ်။ အဖေနဲ့ အာ့ထောင်တို့ရဲ့ ဖိနပ်တွေက စိုကုန်လိမ့်မယ်။ အအေးမိတာက အဖေတို့ခြေထောက်ကနေ စတာပဲ။ အဖေတို့တွေ အအေးမိကုန်ရင် ဘယ်လိုလုပ်မလဲ။”

“မင်း အရင်ပြန်နှင့်” ရှန်းတာရှန်က သူ့ကို လက်ဝှေ့ယမ်းပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်၊ “အာ့ထောင်နဲ့ ငါ လမ်းဆက်လျှောက်သွားမယ်။ တကယ်လို့ မင်း ပင်ပန်းပြီး ဗိုက်ဆာရင် အိမ်ကို အရင်ပြန်ပြီး အနားယူလို့ရတယ်။”

“ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်ပါ့မလဲ” ရှန်းတာ့လန်က စိုးရိမ်တကြီးဖြင့် သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်၊ “အဖေ ကျွန်တော်မှားတာ ကျွန်တော်သိပါပြီ။ စိတ်မဆိုးပါနဲ့တော့၊ ဟုတ်ပြီလား။”

“ငါ စိတ်မဆိုးဘူး” ရှန်းတာ့ရှန်က သူ့ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်၊ “မင်း ပြန်နှင့်လိုက်။ မင်း အိမ်ပြန်ပြီး မင်းအမေကို ကူညီပေးလိုက်။ အာ့ထောင်နဲ့ ငါ လမ်းဆက်လျှောက်သွားလိုက်မယ်။”

“ဒါက…” ရှန်းတာ့လန်က စိုးရိမ်တကြီးကြည့်ကာ သူ့စိတ်ထဲတွင် ပို၍ပင် ချီတုံချတုံ ဖြစ်နေခဲ့သည်။

“အဖေ၊ အစ်ကိုကြီး၊ တစ်ချက်ကြည့်ပါဦး။ အဲ့တာက ဒုတိယအစ်ကိုမလား” လေထု လေးလံနေချိန်တွင် အမြင်စူးရှသော ကျီကျောက်သည် အဝေးမှ ပုံရိပ်တစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ကာ စိုးရိမ်တကြီး လှမ်းအော်ခေါ်လိုက်သည်၊ “ဒုတိယအစ်ကို”

ရှန်းအာ့လန်သည် တောကြီးမျက်မည်း၌ သူ့မိသားစုဝင်များ၏ အော်ခေါ်သံကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အလျင်စလို အပြေးအလွှား သွားချင်သော်လည်း ခြေချော်ပြီး တွင်းနက်ကြီးထဲသို့ တိုက်ရိုက်ကျသွားခဲ့သည်။

“အဖေ ဒုတိယအစ်ကို အောက်ပြုတ်ကျသွားပြီ။”

“မြန်မြန်၊ တစ်ချက်သွားကြည့်ရအောင်” ရှန်းတာ့ရှန်၏ နှလုံးသည် ရုတ်တရက် နစ်မြုပ်သွားပြီး ရှေ့သို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ထိုအချိန်တွင် ရှန်းအာ့လန်သည် တွင်းနက်ကြီးထဲသို့ ဆက်လက်ကျဆင်းနေပြီး ရုန်းကန်နေလေသည်။

“သား” ရှန်းတာ့ရှန်က အပြေးသွားပြီး ရှန်းအာ့လန်၏ ခြေကျင်းဝတ်ကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှန်းတာ့လန်က ပြေးလာခဲ့ပြီး ရှန်းအာ့လန်၏ အခြားခြေကျင်းဝတ်ကို လှမ်းဆွဲလိုက်သည်။

ကျီကျောက်ကလည်း ဘေးနားမှ ကူညီပေးခဲ့သည်။ သူတို့သုံးယောက်သား အလွန်အားစိုက်ထုတ်ပြီး နောက်ဆုံးတွင် သေလုမြောပါး ဖြစ်နေသော ရှန်းအာ့လန်ကို ဆွဲထုတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

ထိုအချိန်တွင် ရှန်းအာ့လန်သည် ရေခဲရေအမြောက်အများကို စုပ်ယူလိုက်မိပြီး သူ့နှုတ်ခမ်းတွေတောင် ခရမ်းရောင်ပြောင်းသွားခဲ့သည်။

“သားလေး၊ အဖေ့ကို မခြောက်ပါနဲ့။ အဖေ့ကို မခြောက်ပါနဲ့” ရှန်းတာ့ရှန်က ရှန်းအာ့လန် အသက်ရှုကြပ်နေတာကိုမြင်လိုက်ရသဖြင့် မျက်လုံးများ နီရဲလာကာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“ဒုတိယညီလေး” ရှန်းတာ့လန်လည်း ဝမ်းနည်းသွားပြီး မျက်လုံးတွေ နီလာခဲ့သည်။

“အဖေ၊ အစ်ကိုကြီး ဘေးဖယ်ပေးပါဦး” ကျီကျောက်သည် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုပြီး သူတို့နှစ်ယောက်ကို ဘေးသို့ ဆွဲဖယ်လိုက်သည်။ ထို့နောက် ရှန်းအာ့လန်၏ အခြေအနေကို သေချာစစ်ဆေးကြည့်ခဲ့သည်။ ကျီကျောက်သည် မဆိုင်းမတွ သူမ၏ လက်နှစ်ဖက်ကို ယှက်ပြီး ရှန်းအာ့လန်၏ ရင်ဘတ်ပေါ်တင်ကာ ရှေးဦးသူနာပြုစုနည်းကို စတင်လုပ်ဆောင်ခဲ့သည်။

“အာ့ထောင် နင် ဘာလုပ်နေတာလဲ” ရှန်းတာ့လန်က ကျီကျောက်၏ လုပ်ရပ်ကို မြင်တဲ့အခါ စူးစူးရဲရဲ မေးမြန်းလိုက်သည်။

“အစ်ကိုကြီး ဒုတိယအစ်ကိုကို တကယ် ကယ်ပေးချင်ရင် သူ့နှာခေါင်းကို မြန်မြန်ညှစ်ပြီး အသက်ရှုဖို့ ကူညီပေးပါ” ကျီကျောက်က စိုးရိမ်တကြီး ပြန်ဖြေပြီး သူမရဲ့ လုပ်ဆောင်ချက်တွေကို အရှိန်မြှင့်လိုက်သည်။

အဟွတ်…၊ အဟွတ်…။

သေလုမျောပါးဖြစ်နေတဲ့ ရှန်းအာ့လန်ဆီက ရုတ်တရက် အသံထွက်လာပြီးနောက် ရေခဲရေတွေ အလုတ်လိုက် ထွေးထုတ်ပြီး သူ့မျက်လုံးတွေကို ခက်ခက်ခဲခဲ ဖွင့်ကြည့်လိုက်သည်။

“အစ်ကိုကြီးလား၊ အဖေလား။”

“သားလေး နောက်ဆုံးတော့ မင်း နိုးလာပြီပဲ။ အရှင်ဘုရားကို ကျေးဇူးတင်ပါတယ်” ရှန်းတာ့ရှန်က ရှန်းအာ့လန်ကို မြေကြီးပေါ်ကနေ စိတ်လှုပ်ရှားစွာ ထူပေးလိုက်သည်၊ “တာ့လန် မင်းရဲ့ ဒုတိယညီကို မြန်မြန်သယ်သွား။ အိမ်ပြန်ရအောင်။”

“ခဏနေဦး” ကျီကျောက်က ရှင်းပြခြင်းအလျဉ်းမရှိဘဲ ရှန်းအာ့လန်၏ အပြင်ဘက် ဝတ်ရုံကို ဆွဲချွတ်ပြီး အိတ်အလေးကြီးကိုပါ ဆွဲယူကာ တွင်းထဲသို့ ပစ်ချလိုက်သည်။

“အာ့ထောင်၊ နင်…” ရှန်းအာ့လန်က ချောင်းဆိုးသွားပြန်သည်။

“ဒုတိယအစ်ကိုက သေမင်းကို ဖိတ်ခေါ်ချင်နေတာလား” ကျီကျောက်က စူးရှသောအကြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်၊ “ဒီအိတ်ထဲမှာ ဘာပါလို့လဲ၊ အဲဒါက ဒုတိယအစ်ကိုရဲ့ အသက်လောက်တော့ အရေးမကြီးဘူး။ ဒုတိယအစ်ကို၊ တကယ်လို့ အစ်ကိုသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ဒုတိယမရီး ဘာဖြစ်သွားမလဲဆိုတာ အစ်ကို စဉ်းစားကြည့်ဖူးရဲ့လား။”

ကျီကျောက်ရဲ့ စကားလုံးတွေက ဒုတိယအစ်ကိုအား ဉာဏ်အလင်းပေးခဲ့ပေသည်။

“အဖေ၊ အစ်ကိုကြီး၊ အိမ်ကို မြန်မြန်ပြန်ရအောင်။”

နေဝင်ရီတရောအချိန်နီးကပ်လာသည့်နှင့်အမျှ လှည်းသည် နောက်ဆုံးတွင် ရှန်းမိသားစုအိမ်ခြံဝင်းဆီသို့ ဆိုက်ရောက်လာခဲ့သည်။

“ဘာဖြစ်လို့ အခုမှ ပြန်လာတာလဲ” သူတို့ ဘေးကင်းစွာ ပြန်ရောက်လာတာကို မြင်တော့ ကျောက်လန်ဟွာသည် မီးဖိုချောင်ထဲကို အမြန်ပြန်သွားကာ ဂျင်းပြုတ်ရည် ပန်းကန်လုံးများကို ယူဆောင်လာပေးခဲ့သည်၊ “ဂျင်းပြုတ်ရည်ပူနေတုန်းလေး မြန်မြန်သောက်လိုက်ချေ။”

ကျီကျောက်သည် ဂျင်းပြုတ်ရည်ကို သောက်ပြီးနောက် အဝတ်အစားလဲရန် သူ့အခန်းဆီ အမြန်ပြန်သွားခဲ့သည်။

တစ်နာရီကြာပြီးနောက် ရှန်းယောင်သည် တောက်ပစွာ ပြုံးနေသော ကျီကျောက်ကို ကြည့်ကာ သူ့နှုတ်ခမ်းကို အသာလေး ကွေးညွှတ်ကာ “အာ့ထောင် ကျေးဇူးပါ” ဟု ပြောလိုက်သည်။

ကျီကျောက်သည် နှာချေလို့ မပြီးနိုင်ဘဲရှိနေ၏။ အဆုံးမှာတော့ သူမသည် ရှန်းယောင်၏ ညင်သာသော အကြည့်အောက်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“အာ့ထောင်” ရှန်းယောင်က စိုးရိမ်တကြီးနဲ့ ကုတင်ပေါ်ကနေ ထလိုက်သည်။

နောက်ထပ် တစ်နာရီ ကြာသွားခဲ့သည်။

ရှန်းယောင်သည် တိတ်ဆိတ်နေသော နတ်ဆေးသမားတော် ရှန်းဟယ်အား စိုးရိမ်တကြီးကြည့်ကာ “လူကြီးမင်း၊ အာ့ထောင် အဆင်ပြေရဲ့လား” ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“သူ့မှာ အဖျားနည်းနည်းရှိနေတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ခဏလောက် စဉ်းစားပြီး ဆေးစာတစ်စောင်ကို အမြန်ချရေးလိုက်သည်၊ “ဒီဆေးညွှန်းအတိုင်း ဆေးကို အရင်သွားဝယ်ခိုင်းလိုက်။ ဆေးရလာရင် ကျိုပြီး သူမကို တိုက်လိုက်။ ဘာမှ အထွေအထူး မရှိဘူးဆိုရင် မနက်ဖြန်မနက်လောက်ဆို အဖျားကျသွားလိမ့်မယ်။”

“ကျေးဇူးပါ လူကြီးမင်း”

“ရပါတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အနားယူရန် အခန်းကို ပြန်သွားခဲ့သည်။

ရှန်းယောင်က သူ့ဘေးမှာ လဲလျောင်းနေတဲ့ ကျီကျောက်ကို ကြည့်ရင်း သူ့မျက်ဝန်းထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့သည်…။

***

All Chapters