ဝက်ဗိုက်သားကြက်သားဟင်း
Vol. 12 Ch. 199
မွန်းတည့်ခါနီးတွင် ရှန်းမိသားစု မီးဖိုချောင်မှ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။
ကျီကျောက် ချက်ပြုတ်ထားတဲ့ ဝက်သားဟင်းပွဲကို ပင်မခန်းရှိ စားပွဲသို့ ယူလာသောအခါတွင် အားလုံးက စူးစိုက်ကြည့်နေကြသည်။
“အာ့ထောင် နင် ဘယ်လိုချက်ထားတာလဲ။” စားပွဲပေါ်ရှိ မြေအိုးကြီး နှစ်အိုးကိုမြင်တော့ အကြီးဆုံးမရီးက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “ဒါက မွှေးမွှေးစပ်စပ် သားသတ်သမားဟင်းပွဲလေ။”
“လူတိုင်းရဲ့ အရသာနဲ့ ကိုက်ညီမှုရှိစေဖို့ သားသတ်သမားဟင်းပွဲကို နှစ်မျိုး ပြင်ဆင်ချက်ပြုတ်ထားပေးတယ်” ကျီကျောက်က အပြုံးဖြင့် ရှင်းပြသည်၊ “ဘယ်ဘက်က သမားရိုးကျ သားသတ်သမားဟင်းပွဲဖြစ်ပြီးတော့ ညာဘက်ကတော့ ဝက်ဗိုက်သားကြက်သားဟင်းပွဲပါ။”
အရသာချင်း မတူညီပေမယ့် တစ်ခုချင်းစီမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြပါသည်။
ထို့အပြင် ကျီကျောက်သည် ဝက်ကုန်းဘောင်ကြော်နှင့် ဝက်သားမြေအိုးကိုလည်း ချက်ပြုတ်ထားခဲ့သည်။
အတိုချုပ်ပြောရလျှင် စားပွဲပေါ်တင်ထားတဲ့ ပန်းကန်များသည် ရနံ့မွှေးကြိုင်ပြီး ခံတွင်းတွေ့စရာ ဟင်းပွဲများ ပြည့်နှက်နေသည်။
“အဲဒီမှာ ဒီအတိုင်း ရပ်မနေနဲ့။ မြန်မြန်လာထိုင်ပြီး စားလေ” ကျောက်လန်ဟွာ မြန်မြန်အော်ခေါ်လိုက်သည်၊ “ထိုင်ကြ၊ ထိုင်ကြ။ အာ့ထောင် တစ်မနက်လုံး အလုပ်ရှုပ်နေရတာ ပင်ပန်းနေပြီလား။ မြန်မြန်လေး လာထိုင်ပြီး စားချေ။”
“အမေ အမေတို့တွေပဲ အရင်စားနှင့်ပါ” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး တိုးတိုးလေး ရှင်းပြသည်။ “သမီး ရှန်းယောင်အတွက် ဝက်ဗိုက်သားကြက်သားဟင်းစွပ်ပြုတ် တစ်ပန်းကန် သွားပို့လိုက်ဦးမယ်။”
ကျီကျောက်၏ နောက်ကျောကိုကြည့်ပြီး အဒေါ်ကွေ့ဟွားက မချီးကျူးဘဲ မနေနိုင်ပေ၊ “ညီမလန်ဟွာ၊ ရှင်ကတော့ တကယ်ကံကောင်းတာပဲ။ ရှင့်ချွေးမ သုံးယောက်စလုံးက ရုပ်ချောသဘောမနောကောင်းလေးတွေပဲ။ ကျွန်မ တကယ်မနာလိုဖြစ်မိတယ်။”
“ဟုတ်တယ်၊ ကျွန်မလည်း အရမ်းဝမ်းသာမိတယ်။ အဲဒီကလေးတွေက တကယ်နာခံမှုရှိကြတယ်။ ကျွန်မ သူတို့အတွက် စိတ်ပူစရာ မလိုဘူး” ကျောက်လန်ဟွာက ဝမ်းသာအားရ ပြောလိုက်သည်၊ “အစ်မကွေ့ဟွား၊ ဒီအတိုင်း ရပ်မနေနဲ့။ ဒီဝက်ဗိုက်သားကြက်သားစွပ်ပြုတ်ကို မြန်မြန်လေး မြည်းကြည့်။ ကျွန်မ ကြွားတာမဟုတ်ဘူး။ ကျွန်မတို့အာ့ထောင်ရဲ့ လက်ရာက တကယ့်ကို ထိပ်တန်းအဆင့်ပဲ။”
“ဝက်ဗိုက်သားရဲ့ အရသာက လန်းဆန်းပြီး ကြက်သားက လတ်ဆတ်ပြီး နူးညံ့တယ်” ဝက်ဗိုက်သားကြက်သားစွပ်ပြုတ် တစ်ပန်းကန်ကို သောက်ပြီးနောက် ရှန်းယောင်က ချီးကျူးစကားဆိုခဲ့သည်။
“စွပ်ပြုတ်က ချိုပြီး အရသာရှိတယ်။”
“ဒါဆို ရှင် နောက်တစ်ပန်းကန် ထပ်လိုချင်သေးလား။” ကျီကျောက်က ပြုံးပြီး မေးသည်။
“ယူမှာပေါ့။”
ဝက်ဗိုက်သားကြက်သားစွပ်ပြုတ် နှစ်ပန်းကန် ဆက်တိုက်သောက်ပြီးနောက် ရှန်းယောင်သည် နောက်ထပ် ထပ်မစားနိုင်တော့ပေ။
“အာ့ထောင် မင်းရဲ့ ဟင်းချက်လက်ရာကတော့ ပိုကောင်းပြီးရင်း ကောင်းလာတော့တာပဲ” ရှန်းယောင်က စိတ်ပါလက်ပါ ချီးကျူးလိုက်ပြန်သည်။
“ရှင့်ချီးမွမ်းမှုအတွက် ကျေးဇူးပါနော်” ကျီကျောက်က မျက်လုံးလေး မှေးကျဉ်းနေအောင် ပြုံးရယ်လိုက်သည်။
နှစ်သစ်ကူးဝက်ပေါ်ပြီးနောက် ရှန်းဟယ်တစ်ရွာလုံးသည် လာမည့်နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြသည်။
ကျီကျောက်သည်လည်း ပျင်းရိမနေပါဘူး။ သူမသည် ဝက်သားနုတ်နုတ်စဉ်း အရသာနယ်ကာ ဝက်အူချောင်းထဲ အစာသွပ်ထည့်ဖို့ ကျောက်လန်ဟွာအား ကူညီလုပ်ကိုင်ပေးနေသည်။
“ငါ ဒီလိုနည်းလမ်းနဲ့ စားရတာကို တစ်ခါမှ မကြားဖူးဘူး” ဒုတိယမရီးရှန်းက ဝက်အူတွေကို ကူဆေးပေးပြီး သက်ပြင်းချလိုက်သည်၊ “အာ့ထောင်က အံ့ဩစရာကောင်းတုန်းပဲ။”
“ဒုတိယမရီး၊ ဒီနည်းလမ်းက တကယ်တော့ အဆန်းမဟုတ်ဘူး။ ဒါပေမယ့် သူ့ကို လုပ်ရတာ နည်းနည်းလက်ဝင်တော့ ဘယ်သူမှ စမ်းလုပ်ကြည့်ဖို့ ဆန္ဒမရှိကြဘူး” ကျီကျောက်က အသားခုတ်ရင်း ရှင်းပြပေးသည်၊ “ဒါပေမယ့် ဒီဝက်အူချောင်းက အခြောက်ခံပြီးသွားရင် တကယ်အရသာရှိတယ်။ သူ့ကို ပေါင်းစားမလား၊ ချက်စားမလား ဒါမှမဟုတ် ကြော်စားမလား၊ အရသာက လုံးဝ မဆိုးဘူး။”
“နှစ်သစ်ကူးပြီးရင် ဆိုင်မှာ နည်းနည်းပါးပါး ရောင်းချဖို့ ညီမ စိတ်ကူးထားတယ်” ကျီကျောက်က ပြုံးပြီး သူမ၏ အစီအစဉ် ထုတ်ဖော်ပြောခဲ့သည်၊ “တကယ်လို့ ညီမတို့ ဒါကို ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းချနိုင်ရင် ညီမတို့ လုပ်ငန်းအတိုင်းအတာကို ချဲ့ထွင်ဖို့ နည်းလမ်းတွေ ထပ်ရှာရမယ်။”
“အာ့ထောင် နင် သခင်လေးချင်နဲ့ ဆီစက် စပ်တူလုပ်ထားတယ်မလား” ဒုတိယမရီးရှန်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “အာ့ထောင် နင် အခု ဆိုင်ဖွင့်ပြီး ပင်ပန်းနေမှာကိုတောင် အလုပ်ရုံ ထပ်ဖွင့်ချင်သေးတာလား။”
“ဒုတိယမရီး အစ်မက ဘာဖြစ်လို့ ပိုက်ဆံရှာရတာကို မကြိုက်ရတာလဲ” ကျီကျောက်က မပြုံးဘဲ မနေနိုင်ပေ၊ “ညီမ မြေကမ္ဘာဘုရားကို ရွှေချပေးနိုင်ဖို့ တတ်နိုင်သလောက် မြန်မြန် ပိုက်ဆံရှာရမယ်။”
မြေကမ္ဘာဘုရား၏ ထပ်ခါထပ်ခါ သတိပေးမှုကြောင့်သာ မဟုတ်လျှင် သူမသည် ကံဆိုးခြင်းမှ ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသည့်အပြင် ရှန်းမိသားစုကိုပင် ကူညီပေးနိုင်လိမ့်မည်မဟုတ်ပေ။
အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့သည် တစ်ချိန်တည်းမှာပင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်တော့ အကြီးဆုံးမရီးရှန်းက တိုးတိုးလေး မေးလိုက်သည်၊ “အာ့ထောင်၊ တကယ်တော့ နင့်ဒုတိယမရီးနဲ့ ငါ နင့်ကို ပြောစရာ ရှိတယ်။”
“ဟုတ်၊ ပြောလေ။”
ကျီကျောက်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ ထိုအချိန်တွင် မရီးနှစ်ယောက်က သူမလက်မောင်းထဲ ထိုးထည့်ပေးလိုက်သည်။
“ဒါက…”
“နင် မိသားစုထဲ ဝင်လာတုန်းက ငါတို့သုံးယောက်ကြား အဆင်မပြေခဲ့ဘူး” အကြီးဆုံးမရီးရှန်းက ကျီကျောက်နှင့် အကြည့်ချင်းဆုံပြီး စိတ်ရင်းမှန်စွာ ပြောလာခဲ့သည်၊ “ဒါပေမယ့် ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ။ ငါတို့ အတူတူ အချိန်တွေ အများကြီး ကုန်ဆုံးပြီးတဲ့နောက်မှာ ငါတို့သမီးယောင်းမတွေရဲ့ ဆက်ဆံရေးက ညီအစ်မအရင်းတွေလိုပါပဲ။”
“ဒီပိုက်ဆံအိတ်နှစ်အိတ်ကတော့ ငါတို့ နင့်ကို ပေးတဲ့ မုန့်ဖိုးပဲ။ တစ်အိတ်မှာ နင့်ဒုတိယမရီးနဲ့ ငါပေးတဲ့ လက်ဆောင်တစ်ခုပါတယ်။ နောက်တစ်အိတ်မှာတော့ ငါတို့ အတူတူ စုဆောင်းထားတဲ့ ငွေဆယ်လျန်းပါတယ်။”
“ဒါက…၊ အကြီးဆုံးမရီး၊ ဒုတိယမရီး၊ ဘာလုပ်နေတာလဲ”
ကျီကျောက်က ပိုလို့တောင် စိတ်ရှုပ်ထွေးသွားသည်၊ “ညီမမှာ ပိုက်ဆံ မပြတ်လပ်နေပါဘူး။”
“အာ့ထောင်၊ စိတ်မပူပါနဲ့။ အကြီးဆုံးမရီးပြောတာကို အရင်နားထောင်ကြည့်လိုက်” ဒုတိယမရီးရှန်းက ပြုံးပြီး သူမကို နှစ်သိမ့်ပေးသည်။
“ငါတို့ရှန်းဟယ်ရွာရဲ့ စည်းမျဉ်းအရ မိသားစုမှာ ချွေးမအသစ်တစ်ယောက် ဝင်ရောက်လာရင် အိမ်မှာ ရှိတဲ့ မရီးတွေ၊ ခယ်မတွေက သူ့ကို ကြိုဆိုလက်ဆောင်ပေးရတယ်။ အခု ပိုက်ဆံအိတ် တစ်အိတ်ထဲက ငွေလက်ကောက်က နင့်ကို ကြိုဆိုလက်ဆောင်အဖြစ် ပေးတာ၊ နောက်တစ်အိတ်ထဲက ငွေဆယ်လျန်းကတော့ မြေကမ္ဘာဘုရားကျောင်းအတွက် ငါတို့ လှူဒါန်းတာ။”
“မြေကမ္ဘာဘုရားက နင့်ကို အိပ်မက်မပေးရင် နင့်ဒုတိယညီက ဒီဘေးဒုက္ခကနေ လွတ်မြောက်မှာမဟုတ်ဘူးလို့ ငါတို့ကို အမေပြောတယ်” ဒုတိယမရီးရှန်းက ကျီကျောက်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်၊ “ကျေးဇူးပါ အာ့ထောင်ရယ်။”
အကြီးဆုံးမရီးရှန်းက သူမကို ကြည့်ပြီး ရိုးစင်းစွာ ပြောလိုက်သည်၊ “ကျေးဇူးပါ အာ့ထောင်၊ နင့်ကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ မုန့်ဆိုင်ကလည်း ပိတ်သွားရလောက်တယ်။”
“အကြီးဆုံးမရီး၊ ဒုတိယမရီး…” ကျီကျောက်၏ မျက်နှာပေါ်ရှိ အပြုံးသည် ယခင်အတိုင်း ချိုမြနေသော်လည်း သူမ၏ အသံမှာ အနည်းငယ် ဆို့နင်နေသည်၊ “ညီမကသာ ကျေးဇူးတင်ရမယ့်သူပါ။ ညီမကို ခွင့်လွှတ်ပြီး လက်ခံပေးလို့ အစ်မတို့ကို ကျေးဇူးတင်ပါတယ်။”
ကျောက်လန်ဟွာတစ်ယောက် မီးဖိုချောင်ထဲကို လှမ်းဝင်လာတော့ သူမ၏ ရူးအအ ချွေးမသုံးယောက်သား ရယ်လိုက်ငိုလိုက်ဖြစ်နေတာကို တွေ့လိုက်ရသည်။
“ဘာဖြစ်နေတာလဲ” ကျောက်လန်ဟွာက ဤမြင်ကွင်းကိုကြည့်ပြီး ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
“အမေ” သူတို့သုံးယောက်သား တညီတညွတ်တည်း ကျောက်လန်ဟွာကို အော်ခေါ်လိုက်ကြပြီး လေထုကလည်း လိုက်လျောညီထွေရှိ၏။
အချိန်တွေကုန်တာမြန်ပြီး မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ရှန်းယောင်သည် သူ့ရဲ့ ဒုတိယအကြိမ် ကုသမှုကို ခံယူခဲ့ရသည်။
ကျီကျောက်သည် ကုတင်ဘေးတွင် စိုးရိမ်ပူပန်စွာ မတ်တပ်ရပ်နေကာ အသက်ကိုပင် ကျယ်ကျယ်မရှုဝံ့ပေ။
နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်းယောင်၏ ဘယ်ဘက်ဒူးတွင် ပတ်ထားသော ပတ်တီးကို ဂရုတစိုက် ဖြည်ပြီး ဒဏ်ရာကို သေချာစစ်ဆေးသည်။
“ဒဏ်ရာကိုကြည့်ရတာ ပျောက်ကင်းလုနီးပါးဖြစ်နေပေမယ့် ရွှေမှုန့်ရဲ့ ဆေးအာနိသင်က အရမ်းပြင်းထန်တယ်။ ငါတို့ အရေပြားကို နောက်တစ်ခါ ထပ်ပြီး ခြစ်ထုတ်သင့်တယ်လို့ငါထင်တယ်။ တကယ်လို့ အသားက ပုတ်နေရင် လွှာချလိုက်တာ အကောင်းဆုံးပဲ။”
အဲဒါကို နားထောင်လိုက်ရုံနဲ့ ကျီကျောက်ဟာ အလွန်နာကျင်ခံစားခဲ့ရသည်။
ရှန်းယောင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။
“လူကြီးမင်း စိတ်တိုင်းကျ ကုသပေးပါ။”
“ငါ မင်းအဖေကို သစ်သားချောင်း လုပ်ခိုင်းထားတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ခဏလောက်စဉ်းစားပြီး ဘေးနားရှိ စားပွဲပေါ်မှ အလွန်ချောမွတ်နေသော သစ်သားချောင်းကို ကောက်ယူပြီး ရှန်းယောင်ကို ပေးလိုက်သည်၊ “ဒီတစ်ခါ နာကျင်မှုက အရင်တစ်ခေါက်ကထက် ပိုပြင်းထန်လိမ့်မယ်၊ တကယ်လို့ မင်း နာကျင်မှုကို တောင့်မခံနိုင်ဘူးဆိုရင် ဒီသစ်သားချောင်းကို ကိုက်ဖို့ ငါအကြုံပြုချင်တယ်။”
“မလိုပါဘူးဗျာ” ရှန်းယောင်က ပြုံးပြီး ငြင်းပယ်လိုက်သည်။
“အခုအချိန်က မင်းရဲ့ သတ္တိကို ရှေ့တန်းတင်ရမယ့် အချိန် မဟုတ်ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်၊ “အခု မင်းဒူးမှာ အသားသစ်တွေ တက်လာပြီ။ မင်း အရင်က နာကျင်မှုကို ခံနိုင်ရည်ရှိတာက အရိုးတွေမှာ ရစ်ပတ်ထားတဲ့ အသားတွေက ပုပ်နေလို့ပဲ။ ဒါပေမယ့် ဒီတစ်ခါကတော့ မတူဘူး၊ မင်း နားလည်ရဲ့လား။”
***