“ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မကို သင်ကြားပြသပေးပါဦး”
Vol. 12 Ch. 200
“လူကြီးမင်း ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်” ရှန်းယောင်က ပြုံးပြီး တိုးတိုးလေး ပြန်ဖြေသည်။
“ထားလိုက်တော့။ မင်း ဆုံးဖြတ်ချက်က ခိုင်မာနေတယ်ဆိုတော့ ငါ ဘာမှ ထပ်မပြောတော့ဘူး။”
အချိန်အတော်ကြာ အတူနေထိုင်လာပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်းယောင်က ဘယ်လောက်တောင် ခေါင်းမာလဲဆိုတာကို ကောင်းကောင်းနားလည်ခဲ့သည်။
“ရှန်းယောင်” ကျီကျောက်က သူ့လက်ကို ညင်သာစွာ ဆွဲကိုင်ပြီး တိုးတိုးလေး အကြံပေးသည်။
“အာ့ထောင် စိတ်မပူပါနဲ့” ရှန်းယောင်က သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး သူမကို အသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“ရှင် တကယ်နာလိမ့်မယ်…” ကျီကျောက်က သူ့ကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးတွေ နီမြန်းလာခဲ့သည်။
“ကိုယ် အာ့ထောင်ရဲ့ လက်ကို ကိုင်ထားသရွေ့ နာကျင်မှာ မဟုတ်ဘူး။”
“အဓိပ္ပါယ်မရှိလိုက်တာ”
ကျီကျောက်က သူ့ကိုကြည့်ရင်း ဒေါသစိတ်ရော ရယ်ချင်စိတ်ပါ တစ်ပြိုင်နက် ခံစားလိုက်ရသည်။
“ဒီနေ့ မနက်စာမှာ အချဉ်မပါဘူးဆိုတာ ငါမှတ်မိပါတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က မနေနိုင်ဘဲ အထွန့်တက်လိုက်သည်၊ “ဘာဖြစ်လို့များ အခု ငါ့သွားက ချဉ်လွန်းလို့ ကျဉ်နေတယ်လို့ ခံစားနေရတာလဲ”
“လူကြီးမင်း၊ တကယ်လို့ လူကြီးမင်း အချဉ်ကဲတဲ့ အစားအစာတွေ စားချင်တယ်ဆိုရင် ကျွန်မ မနက်ဖြန်မနက်ကျရင် ချဉ်ဖတ်များများ ပြင်ဆင်ထားပေးပါ့မယ်” ကျီကျောက်က မျက်နှာနီနီလေးဖြင့် ပြောလာခဲ့သည်။
“ဟင့်အင်း၊ ငါ အချဉ်ကဲတဲ့ အစားအစာတွေ မကြိုက်ဘူး။”
ရယ်စရာလေးတွေပြောပြီးနောက်မှာတော့ လေထုက အရင်ကလို မတင်းမာတော့ဘူး။
ချွန်ထက်သော ဓားသည် အသားကို ဖြတ်သွားသည့်အခိုက်တွင် ရှန်းယောင်သည် နာကျင်မှုကြောင့် မျက်လုံးမှိတ်လိုက်သည်။
အဆိုပါ နာကျင်မှု ဝေဒနာက နာရီဝက်ကြာတယ်။
“ငါမျှော်လင့်ထားသလိုပဲ၊ ရွှေမှုန့်ရဲ့ ဆေးအာနိသင်က လုံးဝ မရှင်းလင်းသေးဘူး၊ ဒါကြောင့် မင်းဒဏ်ရာနားမှာ ပုပ်နေတဲ့ အသားသစ်တွေ ပေါ်လာခဲ့တယ်” နတ်ဆေးသမားတော် ရှန်းဟယ်က အသားပုပ်တွေကို ဖယ်ရှားရင်း ရှင်းပြပေးခဲ့သည်၊ “ဒါပေမယ့် အသားသစ်တွေကို ပုပ်သွားစေတဲ့ ကြာချိန်က နည်းသွားတယ်၊ ငါ အရင်တစ်ခေါက်က အသုံးပြုခဲ့တဲ့ ဆေးမှုန့်က သက်ရောက်မှုရှိခဲ့တယ်။”
“ကောင်မလေး၊ ငါ့ကို ငါ့ဆေးသေတ္တာထဲက ခရမ်းရောင်ပုလင်းလေး ယူလာခဲ့ပေးဦး။”
ကျီကျောက်က အမြန်သွားယူပေးသည်၊ “လူကြီးမင်း ဒါလေးလား။”
အဆိုပါ ပုလင်းလေးက ဘူးသီးလေးလို ခရမ်းရင့်ရောင်ပုလင်းလေးဖြစ်ကာ အရမ်းတန်ဖိုးကြီးမယ့်ပုံပေါ်သည်။
“ဟုတ်ကဲ့”
နတ်ဆေးသမားတော် ရှန်းဟယ်က အသာအယာ ခေါင်းညိတ်သည်၊ “အထဲက ဆေးပြားတွေကို လက်ထဲ သွန်ချလိုက်။”
ကျီကျောက်က သူပြောတဲ့အတိုင်း ချက်ချင်း လိုက်လုပ်သည်။
ထိုအချိန်တွင် လက်သည်းအရွယ်ရှိ နှင်းဆီနီရောင်ဆေးပြားသည် အမှန်တကယ်ပင် မွှေးရနံ့သင်းသင်းလေး ရှိနေသည်။
“လူကြီးမင်း ဒီဆေးက အရမ်းမွှေးတယ်။”
“ဒီနျဉ်ရှန်းဆေးပြားကို ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးပဲ” နတ်ဆေးသမားတော် ရှန်းဟယ်က လေးနက်သော အသံဖြင့် ရှင်းပြသည်၊ “ဒီနျဉ်ရှန်းဆေးပြားကို သန့်စင်ဖို့ ဆေးဖက်ဝင်အပင် ရာနဲ့ချီ လိုအပ်ပြီး အနှစ်တစ်ရာမှ တစ်ကြိမ်သာ ပွင့်တဲ့ ကောင်းကင်ဘုံနှင်းကြာပွင့်ကို လိုအပ်တယ်။”
နတ်ဆေးသမားတော် ရှန်းဟယ်သည် နျဉ်ရှန်းဆေးပြားကို ချေမွပြီး ရှန်းယောင်၏ ဘယ်ဘက်ဒူးခေါင်းဒဏ်ရာကို အညီအမျှ လိမ်းပေးလိုက်သည်။
ထို့နောက် ဒဏ်ရာကို သေသေချာချာ သန့်စင်ပြီး နောက်ဆုံးတွင် ပတ်တီးကို ထပ်မံ ပတ်ပေးလိုက်သည်။
ထိုအချိန်တွင် ရှန်းယောင်သည် နာကျင်မှုဝေဒနာကြောင့် ချွေးဒီးဒီးကျနေပြီဖြစ်သည်။
ဒါပေမယ့် သူ အသိရှိနေတုန်းပါပဲ။
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့ဆုံးဖြတ်ချက် ပြတ်သားမှုကို အတော်လေး လေးစားမိကြောင်း ဝန်ခံလိုမိသည်။
“ဒါဆို အခုကစပြီး မင်းကိုယ်မင်း ဂရုစိုက်ပါ။ မထင်မှတ်တာတွေ မဖြစ်လာဘူးဆိုရင် မီးပုံးပွဲတော်ပြီးရင် မင်း လမ်းပြန်လျှောက်နိုင်လိမ့်မယ်” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်မှ သွေးများကို ဆေးကြောနေရင်း “မင်း လမ်းစလျှောက်နိုင်ရင် အရမ်းကြီး မလျှောက်နဲ့ဦး။ ပထမလဝက်မှာ ဒီအခန်းထဲပဲ ပတ်လျှောက်နေလိုက်ဦး။ မင်း လမ်းလျှောက်တိုင်း ဆယ့်ငါးမိနစ်ထက်ပိုပြီး လမ်းမလျှောက်နဲ့။ နောက်မှ မင်းအတွက် လိမ်းဆေးကို ငါပြင်ပေးမယ်။ ပြင်ပလိမ်းဆေးကို တစ်နေ့ တစ်ကြိမ် ပြောင်းရမယ်။ သောက်ဆေးကတော့ မနက်နဲ့ ညနေတွေမှာ သောက်ရမယ်။ မီးပုံးပွဲတော်ပြီးရင် ဆက်သောက်ဖို့ မလိုတော့ဘူး။”
“အားလုံးကို မှတ်မိလား။”
“ဟုတ်ကဲ့” ကျီကျောက်က အားတက်သရော ခေါင်းညိတ်သည်။
“ကောင်မလေး၊ နင် အရင်တစ်ခေါက်က ချက်တဲ့ အမဲခြောက်အစပ်ကြော်က သိပ်မဆိုးဘူး။ ငါ့အတွက် နည်းနည်းလောက် ပြင်ပေးဦး။”
“လူကြီးမင်း၊ ထွက်သွားတော့မှာလား” ကျီကျောက်သည် သူ ဘာကိုဆိုလိုသည်ကို နားလည်သဘောပေါက်ပြီး ကမန်းကတန်း မေးလိုက်မိသည်။
“အင်း”
“နှစ်သစ်နီးလာပြီဆိုတော့ ငါ အိမ်ပြန်ရမယ့်အချိန်ရောက်ပြီ” နတ်ဆေးသမားတော် ရှန်းဟယ်က ပြုံးပြုံးလေး ပြောလိုက်သည်၊ “ကောင်မလေး၊ ငါ ဒီနေ့ စိတ်ပျော်နေတယ်။ ရှန်းဟယ်ရွာသားတွေကို ငါ သွေးခုန်နှုန်း စမ်းသပ်ပေးမယ်လို့ သွားပြီး ကြေငြာမောင်းခတ်ချေ။”
“လူကြီးမင်း တကယ်ပြောတာလား။”
“ငါ နင့်ကို ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ။”
ကျီကျောက်က အမြန်ပြေးထွက်သွားခဲ့သည်။
ထိုသတင်းကို ကြားလိုက်ရသော ရွာသားများသည် ရှန်းမိသားစု ခြံအပြင်ဘက်တွင် လူတန်းရှည်ကြီးလိုက် တန်းစီနေကြသည်။
ရှန်းယောင် ဆေးသောက်ပြီး အိပ်ပျော်သွားပြီးနောက် ကျီကျောက်သည် ချက်ချင်းပင် စုတ်တံနှင့် စာရေးစက္ကူကိုယူပြီး နတ်ဆေးသမားတော် ရှန်းဟယ်အနားတွင် နာခံမှုရှိစွာ ရပ်လိုက်သည်။
“လူနာကို ကုသရာမှာ စကားလုံး လေးလုံးပေါ် မူတည်တယ် - ကြည့်၊ ကြား၊ မေး၊ ခံစား တဲ့။” နတ်ဆေးသမားတော် ရှန်းဟယ်က ရွာသားများ၏ သွေးခုန်နှုန်းကို စမ်းသပ်ရင်း ရှင်းပြသည်၊ “ကြည့်ဆိုတာက သူတို့ရဲ့ အသားအရေကို စစ်ဆေးကြည့်တာကို ရည်ညွှန်းတယ်၊ ကြားဆိုတာက သူတို့ရဲ့ အသက်ရှုသံကို နားထောင်ကြည့်တာကို ရည်ညွှန်းတယ်၊ မေးဆိုတာက သူတို့ ဖြစ်ပျက်နေတဲ့ ရောဂါလက္ခဏာအကြောင်းကို ရည်ညွှန်းတယ်၊ ခံစားဆိုတာက သူတို့ရဲ့ သွေးခုန်နှုန်းကို ခံစားကြည့်ရတာကို ရည်ညွှန်းတယ်။”
“အခက်ခဲဆုံးအပိုင်းကတော့ ‘ခံစား’ ဆိုတဲ့ စကားလုံးပဲ။ ခံစားကြည့်တာက လူနာရဲ့ လက်ကောက်ဝတ်အပေါ် နင့်လက်ချောင်းကိုတင်ပြီး လူနာရဲ့ သွေးခုန်နှုန်း ပြောင်းလဲမှုကို ခံစားကြည့်ရမယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ဆက်ပြောသည်၊ “သမားတော်တစ်ယောက်အနေနဲ့ နင်က သွေးခုန်နှုန်းပြောင်းလဲမှုတွေကို သတိပြုမိမှသာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်တာ ဆုတ်ယုတ်တာတွေကို ခွဲခြားသိမြင်နိုင်လိမ့်မယ်။”
“ပုံမှန်သွေးခုန်နှုန်းအခြေအနေမှာ ခွင်း၊ ကွမ်းနဲ့ ချီ ဆိုတဲ့ အပိုင်းသုံးပိုင်းစလုံးမှာ ခုန်နေရမယ်။ သူတို့က ပေါ့ပါးနေတာ၊ နစ်မြှုပ်နေတာ၊ အခုန်မြန်နေတာ ဒါမှမဟုတ် ယိမ်းယိုင်နေတာမျိုးဆို မကောင်းဘူး။ သူတို့က တည်ငြိမ်နေတာ၊ ပျော့ပျောင်းနေပြီး အားကောင်းတယ်ဆို ကောင်းတယ်။ သူတို့က အသက်တစ်ရှိုက်မှာ လေးကြိမ် ငါးကြိမ်လောက် ခုန်နေရမယ်။ အဲ့တာမှ ပုံမှန်သွေးခုန်နှုန်းလို့သတ်မှတ်နိုင်လိမ့်မယ်။”
ကျီကျောက်သည် ဂရုတစိုက် နားထောင်ပြီး နတ်ဆေးသမားတော် ရှန်းဟယ်က ပြောသမျှကို ဂရုတစိုက် ချရေးလိုက်သည်။
မသိလိုက်ခင်မှာပဲ နေဝင်ရီတရော ဖြစ်သွားခဲ့ပြီ။
နတ်ဆေးသမားတော် ရှန်းဟယ်က အနည်းငယ် မောပန်းကာ ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်သည်။
“ကောင်မလေး၊ နင် အရင်က ငါ့ကို နင့်ဆရာဖြစ်စေချင်ခဲ့တာမလား” သူမ မှတ်သားထားသော မှတ်စုများကို တစ်ချက် ဖတ်ကြည့်ပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်က မျက်ခုံးပင့်လိုက်သည်။
“နင်က အရမ်းလေးနက်ပြီး သင်ယူချင်စိတ်ပြင်းပြနေတာကို ငါမြင်တယ်။ ဒါကြောင့် ငါ နင့်ကို အခွင့်အရေးတစ်ခု ပေးမယ်။”
“ဆရာ ကျေးဇူးပြုပြီး ကျွန်မကို လမ်းညွှန်ပြသပေးပါဦး” ကျီကျောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကောင်မလေး၊ နင် ငါ့ကို အခု ဆရာအဖြစ် သတ်မှတ်ဖို့က စောလွန်းသေးတယ်။ ငါ့မှာ ဆေးဖက်ဝင်အပင်တွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ် တစ်အုပ် ရှိတယ်။ အဲ့စာအုပ်ထဲမှာ ဆေးဖက်ဝင်အပင် ရာနဲ့ချီပါဝင်ပြီး သူတို့ရဲ့ အာနိသင်တွေကို မှတ်တမ်းတင်ထားတယ်။ မနက်ဖြန် ငါ မထွက်သွားခင် နင် အဲ့စာအုပ်ကို လေ့လာမှတ်သားနိုင်မယ်ဆိုရင် ငါ နင့်ကို တပည့်အဖြစ် လက်ခံပေးမယ်” နတ်ဆေးသမားတော် ရှန်းဟယ်က စားပွဲပေါ်ရှိ ဆေးသေတ္တာထဲမှ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး သူမကို ပေးလိုက်သည်။
“ကောင်းပါပြီ” ကျီကျောက်က ဝမ်းသာအားရ သဘောတူလိုက်သည်။
မိသားစု ညစာ စားပြီးနောက် ကျီကျောက်သည် ဆေးဖက်ဝင်အပင်များမှတ်တမ်းစာအုပ်ကို ဖတ်ရှုလေ့လာနေခဲ့သည်။ ထိုအချိန်မှာပဲ ရှန်းယောင်က အိပ်ရာနိုးလာခဲ့သည်။
“ရှန်းယောင် ရှင့်မှာ အကြံကောင်းလေးများ ရှိမလား” ကျီကျောက်က ဝမ်းနည်းပူဆွေးနေဟန်ဖြင့် စာအုပ်ကို မြှောက်ပြလိုက်သည်၊ “ကျွန်မ ဒီစာအုပ်ကို ဖတ်နေတာ တစ်နာရီလောက် ရှိပြီ၊ ကျွန်မခေါင်းလည်း ပူထူနေပြီ။ ဒီဆေးဖက်ဝင်အပင်များမှတ်တမ်းစာအုပ်မှာလေ ကျွန်မ တစ်ခါမှတောင် မကြားဖူးတဲ့ ဆေးဖက်ဝင်အပင်တွေတောင် ပါတယ်။”
“ဆေးစာအုပ်တွေက နားလည်ရသိပ်ခက်တယ်” ရှန်းယောင်က သူမကို ညင်သာစွာ နှစ်သိမ့်ပေးသည်၊ “အာ့ထောင် အဲ့တာတွေကို တကယ်ပဲ အလွတ်မမှတ်နိုင်ဘူးဆိုရင် မင်း ကိုယ့်ကိုယ်ကို ဖိအားပေးမနေပါနဲ့လား။”
“ကျွန်မ ဆေးပညာကို တကယ်စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျွန်မ ဒီနယ်ပယ်မှာ ပါရမီမပါပုံပဲ” ကျီကျောက်က ထိုင်ခုံပေါ် လှဲချလိုက်ပြီး သူမကိုယ်သူမ လှောင်ရယ်ရယ်လိုက်သည်။
“ဒါပေမယ့် အာ့ထောင်က အချက်အပြုတ်မှာ အရမ်းတော်တယ်လေ” ရှန်းယောင်က တိုးတိုးလေး ချီးကျူးလိုက်သည်၊ “အားသာချက် အားနည်းချက်ဆိုတာ အမြဲရှိတယ်။ အာ့ထောင်၊ မင်းရဲ့ အားသာချက်တွေကို ကြည့်ပြီး လေ့လာသင်ယူရမယ်။”
“အမှန်ပဲ” ကျီကျောက်သည် သူမ၏ အချက်အပြုတ်စွမ်းရည်အကြောင်းကို ထုတ်ပြောလာတော့ ယုံကြည်မှုအချို့ ပြန်ရလာခဲ့သည်၊ “ကံမကောင်းစွာပဲ ဆေးစာအုပ်တွေနဲ့ ဟင်းချက်နည်းစာအုပ်တွေက ကွာခြားနေတယ်။”
“ဟင်းချက်နည်းတွေလား” ရှန်းယောင်က မျက်မှောင်ကြုတ်ပြီး စဉ်းစားကြည့်လိုက်သည်၊ “အာ့ထောင် မင်းလက်ထဲက ဆေးစာအုပ်က ဟင်းချက်နည်းစာအုပ်သာဆိုရင် မင်း အလွတ်မှတ်သားနိုင်မယ်လို့ ထင်လား။”
“ဒါပေါ့” ကျီကျောက်က သူမ၏ ရင်ဘတ်ကို ဂုဏ်ယူဝံ့ကြွားစွာ ပုတ်လိုက်သည်၊ “ကျွန်မက ဟင်းချက်နည်းတွေ လေ့လာရတာ အကြိုက်ဆုံးပဲ၊ တစ်ချက်ကြည့်လိုက်တာနဲ့ ဆယ်ကြောင်းလောက်ကို မှတ်သားနိုင်တယ်။”
“ဒါဆို မင်းလက်ထဲက ဆေးစာအုပ်ကို ဟင်းချက်နည်းစာအုပ်အဖြစ် ပြောင်းလိုက်ကြရအောင်” ရှန်းယောင်သည် သူ့စိတ်ထဲမှာ အတွေးတစ်ခု ရှိနေပြီဖြစ်သည်။
“တကယ်တော့ ဆေးဖက်ဝင်အပင်တွေနဲ့ ဟင်းချက်တဲ့ ပါဝင်ပစ္စည်းတွေက တူညီတဲ့ အရင်းအမြစ်ကနေ ဆင်းသက်လာတာပဲလေ” ကျီကျောက်၏ ဗလာကျင်းနေသော အကြည့်ကို မြင်တော့ ရှန်းယောင်က စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်၊ “ဥပမာအားဖြင့် လီလီ၊ ကြာစေ့ ဒါတွေကို အစာအိမ်နာဆေးအဖြစ် အသုံးပြုလို့ရသလို ဟင်းချက်လို့လည်းရတယ်၊ ဟုတ်တယ်မလား။”
***