ဒါက… တကယ့်ကို ချိုမြိန်နေပုံရတယ်။
Vol. 12 Ch. 202
“ခါးတယ်မလား” ရှန်းယောင်က ဆေးမည်းမည်း တစ်ပန်းကန်လုံးကို တစ်ကျိုက်တည်း သောက်ချလိုက်သည်ကိုကြည့်ရင်း ကျီကျောက်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရှင် သကြားလုံး စားမလား။”
ရှန်းယောင်က ပြုံးပြီး ခေါင်းခါသည်၊ “မခါးပါဘူး။”
“ရှင် ဆေးခါးကြီးတွေကို အများကြီး သောက်ခဲ့ရလို့လား။ ရှင့်ရဲ့ အရသာခံအာရုံတွေ ပျက်စီးကုန်ပြီလားဟင်” ကျီကျောက်က စိုးရိမ်စိတ်ဖြင့် မေးမြန်းမိသည်။
“အခုလေးတင် ရှင် သောက်လိုက်တဲ့ ဆေးရည်က အနံ့နဲ့တင် အရမ်းခါးမယ့်ပုံပဲ။”
ကျီကျောက်သည် တိတ်တဆိတ် ရှေ့သို့ တိုးကပ်လာပြီး သူ့လျှာတွင် ပြေ,င်းလဲခြင်း ရှိ မရှိ သိလိုစိတ်ဖြင့် စစ်ဆေးခဲ့သည်။
ထိုအချိန်တွင် ရှန်းယောင်သည် ရုတ်တရက် သူမ၏ လည်ပင်းကို လှမ်းဆွဲပြီး သူမ၏ နှုတ်ခမ်းများအပေါ် အနမ်းခြွေလိုက်သည်။
ခဏလောက်ကြာတော့ ကျီကျောက်သည် အနမ်းကြောင့် မူးဝေသွားပြီး လုံးဝ ကြက်သေ သေနေခဲ့သည်။
“အာ့ထောင် ကြည့်ရတာ… နည်းနည်းတော့ ချိုတယ်မလား။”
“အာ့ထောင် မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ” ရှန်းယောင်သည် သူမ၏ ချစ်စဖွယ် အမူအရာလေးကိုကြည့်ပြီး သူ့လက်ကိုမြှောက်ကာ သူမ၏ နှာခေါင်းလေးကို ခပ်ဖွဖွလေး ဆွဲညှစ်မိသည်။
“အဲဒါ မဖြစ်သင့်ဘူး။ ကျွန်မ ဒီဆေးညွှန်းကို အကြိမ်ပေါင်းများစွာ ဖတ်ဖူးတယ်။ တချို့ဆေးဖက်ဝင်အပင်တွေက ခါးတဲ့အရသာရှိတယ်။ ကျိုချက်ပြီးတဲ့အခါကျ ဆေးရည်က ဘာဖြစ်လို့ ချိုသယောင်ယောင်ဖြစ်နေရတာလဲ။”
“အာ့ထောင်၊ ဒီဆေးရည်ကို မင်းကိုယ်တိုင် ကျိုချက်ခဲ့တာလား။”
“ဟုတ်တယ်” ကျီကျောက်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
“ကိုယ် နားလည်ပြီ” ရှန်းယောင်က သူမရဲ့ မျက်လုံးတွေကို သေချာကြည့်ပြီး အလေးအနက် ပြောလိုက်သည်၊ “ဘာဖြစ်လို့လဲဆိုတော့ အာ့ထောင်က ဒီဆေးရည်ကို ကိုယ်တိုင်ကျိုထားတာကြောင့် အာ့ထောင်ရဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတယ်။ ဒါကြောင့်မို့ ဆေးရည်က ချိုနေတာလေ။”
ဖူး…
ကျီကျောက်က ရယ်ချလိုက်မိသည်။
“ကျွန်မ ရုတ်တရက် မျက်နှာပူသွားသလို ခံစားရတယ်၊ ရှင်ရော…”
“တကယ်တော့ ကိုယ်လည်း နည်းနည်း အဆင်မပြေဘူး” ရှန်းယောင်သည် မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ရယ်လိုက်မိကြပြန်သည်။
“နင်တို့နှစ်ယောက် ဘာတွေပြောနေကြလို့ အရမ်းပျော်နေကြတာလဲ။”
အကြီးဆုံးမရီးရှန်းက သူမ၏ ဖောင်းကားနေသော ဗိုက်ကို ပင့်မပြီး တံခါးကို ခေါက်လာခဲ့သည်။
“အကြီးဆုံးမရီး” ကျီကျောက်သည် အမြန်လှည့်ကြည့်ပြီး သူမကို အိမ်ထဲ တွဲခေါ်လိုက်သည်။
“အပြင်မှာ အေးတယ်။ ဘာဖြစ်လို့ အခန်းထဲမှာ နားနားနေနေ မနေတာလဲ။”
“ငါ ထမင်းစားပြီးတာနဲ့ အိပ်လိုက်၊ အိပ်ပြီးတာနဲ့ စားလိုက်လုပ်ပြီး အချိန်ကုန်နေတာလေ။ ငါ အိမ်ပြန်ရောက်ကတည်းက ငါ့မျက်နှာက အဆပေါင်းများစွာ ပိုဝိုင်းလာတယ်” အကြီးဆုံးမရီးရှန်းက မနေနိုင်ဘဲ အထွန့်တက်မိသည်၊ “အာ့ထောင် တကယ်တော့ ငါ နင့်ကို မေးစရာရှိလို့ ရောက်လာတာ။”
“ဘာမေးမလို့လဲ။”
“ဒီမနက် ရှီလျို့ရွာကို ငါတို့ရှန်းဟယ်ရွာနဲ့ ပေါင်းစည်းတော့မယ်လို့ ငါတို့မိဘတွေဆီကနေ ငါကြားခဲ့တယ်။ အဲ့လိုဆိုရင် မြေတွေကို သေချာပေါက် ပြန်စီစဉ်လိမ့်မယ်” အကြီးဆုံးမရီးရှန်းက ကျီကျောက်၏ မျက်လုံးများကို ကြည့်ပြီး ရိုးသားစွာ ပြောခဲ့သည်၊ “တကယ်တော့ ငါ တခြား ဘာကိုမှ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ငါ အခုလေးတင် ထမင်းစားတုန်းက ချန်ချန်ကို တွေ့ခဲ့တယ်။”
“ချန်ချန်က အရမ်းတော်ပြီး ဉာဏ်ကောင်းတယ်လို့ ငါတို့အမေဆီကနေ ကြားခဲ့တယ်။ ဒါပေမယ့် ငါ မှတ်မိတာမှန်ရင် ချန်ချန်ရဲ့ အိမ်ထောင်စုစာရင်းက ငါတို့အိမ်ထဲကို လုံးလုံးလျားလျား မပြောင်းရွေ့ရသေးဘူးမလား” အကြီးဆုံးမရီးရှန်းက သူမကို ကြင်နာစွာ သတိပေးသည်။
“အာ့ထောင် နင် ချန်ချန့်ကို အနာဂတ်မှာ တော်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုရင် အိမ်ထောင်စုစာရင်းကို ပြောင်းလဲဖို့ လိုတယ်လို့ မထင်မိဘူးလား။”
ကျီကျောက်သည် ဒါကို တကယ် မတွေးမိပေ။ “အကြီးဆုံးမရီး ကျေးဇူးပါနော်။ တကယ်လို့ အစ်မသာ သတိမပေးရင် ညီမ ဒါကို တွေးမိမှာ မဟုတ်ဘူး။”
“နင်က အရမ်းအလုပ်များနေတာကိုး။ နင် ဆိုင်ဖွင့်ဖို့ ပြေးလွှားနေရတယ်၊ ဆီစက်ကိုလည်း ကူညီပေးရတယ်။ နင်က ဒါကို ဘယ်လိုလုပ် တွေးမိနိုင်မှာလဲ” အကြီးဆုံးမရီးရှန်းက နို့လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြောလာခဲ့သည်၊ “ဒါပေမယ့် ချန်ချန်က ရှီလျို့ရွာသားလေ။ ယုတ္တိကျကျပြောရရင် ကျီမိသားစုရဲ့ ယခင်မြေယာပိုင်ဆိုင်မှုတွေကို သူ့အမည်နဲ့ လွှဲပြောင်းထားသင့်တယ်။”
“အာ့ထောင် ရွာနှစ်ရွာ မပေါင်းစည်းခင် ကျီချန်ရဲ့ အမည်အောက်မှာရှိတဲ့ လယ်ယာမြေနဲ့ ပိုင်ဆိုင်မှုတွေကို ဖြေရှင်းထားသင့်တယ်လို့ ငါထင်တယ်။ အဆုံးမှာ သူက အဖိုးကျီရဲ့ တစ်ဦးတည်းသော သွေးသားရင်းပဲလေ။”
“ညီမ နားလည်ပါပြီ” ကျီကျောက်က အသာလေး ခေါင်းညိတ်ပြသည်၊ “အကြီးဆုံးမရီး ကျေးဇူးအများကြီးတင်ပါတယ်။”
“ငါတို့က မိသားစုတွေပဲလေ။ နင် ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး” အကြီးဆုံးမရီးရှန်းက အမြန်လက်ဝှေ့ယမ်းလိုက်သည်၊ “ကောင်းပြီ၊ ငါ ဆက်မထိုင်တော့ဘူး။ ငါ အခန်းထဲပြန်ပြီး နားလိုက်ဦးမယ်။ ဒါနဲ့ စကားမစပ်၊ နင် ငါတို့အတွက် ဒီညစာကို ချဉ်ဖတ်နဲ့ ငါးဟင်း ချက်ကျွေးမယ်လို့ ပြောခဲ့တယ်မလား။”
“ဟုတ်တယ်” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်သည်၊ “ငါးတွေ တစ်ဝက်ကျော်ကျော်လောက် ကျန်သေးတော့ အမေနဲ့ ညီမ ဒီည ချဉ်ဖတ်နဲ့ ငါးဟင်း ချက်ကြမယ်လို့ ဆွေးနွေးထားတယ်။”
“ကောင်းပြီ” အကြီးဆုံးမရီးရှန်းက သူမ၏ မျက်လုံးတွေ မှေးကျဉ်းလုမတတ် ပြုံလိုက်သည်၊ “အာ့ထောင်၊ နင့်ဟင်းတွေက အရမ်းအရသာရှိတယ်။”
ကျီကျောက်က ချီးကျူးတာကို အပြုံးလေးဖြင့် လက်ခံလိုက်သည်။
နေ့လည်ခင်းနေရောင်သည် နွေးထွေးပြီး လင်းချင်းသည်။ တံစက်မြိတ်ကို ဖုံးအုပ်ထားသော အဖြူရောင်နှင်းများသည် တဖြည်းဖြည်း အရည်ပျော်ကာ တံစက်မြိတ်တစ်လျှောက် တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။
တံစက်မြိတ်မှ တွဲလျောင်းကျနေသော ရေခဲချွန်များသည် နေရောင်ခြည်၏ အလင်းယိုင်မှုအောက်တွင် တလက်လက် တောက်ပနေသော အလင်းရောင်ကို ပေးစွမ်းနေသည်။
မွန်းလွဲ ၁ နာရီထိုးခါနီးတွင် ကျီချန်သည် ကျီကျောက်၏ အခန်းထဲသို့ ရောက်လာပြီး “အစ်မ” ဟု နာခံမှုရှိစွာ အော်ခေါ်လိုက်သည်။
“နင် အေးနေလား” ကျီကျောက်က ကျီချန်၏ ခေါင်းလေးပေါ် မီးခိုးရောင်ဦးထုပ်လေးကို ဆောင်းပေးပြီး တိုးတိုးလေး မေးလိုက်သည်။
“သားမှာ ဦးထုပ်နဲ့ဆိုတော့ မအေးပါဘူး” ကျီချန်က နာခံမှုရှိစွာ ခေါင်းခါပြသည်။
“လိမ္မာတဲ့ ကလေးလေး” ကျီကျောက်က သူ့ပါးပြင်လေးကို ချစ်စနိုးဖြင့် ဖွဖွလေး ဆွဲလိုက်ကာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးတွေက ပိုလို့တောင် ချိုမြိန်လာခဲ့သည်။
မောင်နှမနှစ်ယောက်ကြားက နွေးထွေးတဲ့ ဆက်ဆံရေးကို မြင်လိုက်ရတောင့် ရှန်းယောင်က မျက်ခုံးပင့်ပြီး သူတို့ကို တိုးတိုးလေး သတိပေးသည်။
“အာ့ထောင်၊ ချန်ချန်၊ အိမ်ကို စောစောပြန်လာခဲ့ကြနော်။”
“စိတ်မပူပါနဲ့” ကျီကျောက်က အလွန်အေးဆေးသောပုံစံဖြင့် လက်ပြလိုက်သည်။ ထို့နောက် သူမသည် ကျီချန်၏ လက်ကို ဆွဲကာ ရှန်းမိသားစုအိမ်ခြံဝင်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းတာ့လန်သည် ရထားလုံးကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။ “တတိယခယ်မလေး၊ ချန်ချန်၊ နင်တို့ အဆင်သင့်ဖြစ်ပြီလား။ မြန်မြန်လေး ရထားလုံးထဲ ဝင်လာခဲ့ချေ။”
“ကျေးဇူးပါ အစ်ကိုကြီး”
“အာ့ထောင်၊ ငါကသာ နင့်ကို ကျေးဇူးတင်ရမှာပါ။ အစောတုန်းက…”
“ဒါတွေအားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ” ကျီကျောက်က အပြုံးဖြင့် စကားဆိုသည်၊ “ဘာပဲဖြစ်ဖြစ် ညီမက နောက်ကျရင် အစ်ကိုကြီး ဒုက္ခပေးရဦးမှာပဲ။ လမ်းမှာ နှင်းတွေက အရည်ပျော်နေပြီ။ တကယ်လို့ ညီမတို့သာ လမ်းလျှောက်ပြန်ရင် သေချာပေါက် ဖိနပ်စိုကုန်လိမ့်မယ်။ ဒါကို ကြိုမြင်ပြီး ရထားလုံးငှားပြီး လိုက်ပို့ပေးတဲ့ အစ်ကိုကြီးကိုပဲ ကျေးဇူးတင်ရမယ်။”
“နှင်းတွေကျထားတဲ့လမ်းက ချောနေမှာကို စိုးရိမ်တယ်၊ နွားလှည်းနဲ့ဆို အရမ်းခုန်နေလိမ့်မယ်၊ ဒါကြောင့် နင့်မရီးကို ပြန်ခေါ်လာဖို့ ရထားလုံးကို ငှားရမ်းခဲ့တာလေ။ ဒါက အတော်လေး အသုံးဝင်မယ်လို့ ငါမထင်ထားဘူး” ရှန်းတာ့လန်က ခေါင်းကုတ်ပြီး မိုက်မဲစွာ ပြုံးလိုက်သည်။
“အဲဒါကြောင့် အစ်ကိုကြီးက အမြင်အကောင်းဆုံးလို့ ညီမ ပြောတာပေါ့” ကျီကျောက်က ပြုံးပြီး သူ့ကို ချီးကျူးလိုက်သည်၊ “ဒါပေမယ့် အခုက နောက်ကျနေပြီဆိုတော့ အစ်ကိုကြီး ညီမတို့ အခုထွက်လိုက်ကြရအောင်လား။ ရှီလျို့ရွာကို မသွားခင် ညီမ ချန်ချန်ကိုခေါ်ပြီး အဖိုးကို သွားကန်တော့ချင်တယ်။”
“ကောင်းပြီ၊ ရထားလုံးထဲက ဝင်ကြချေ။”
နာရီဝက်မပြည့်ခင်မှာပဲ ကျီကျောက်က ကျီချန်ကို အဖိုးကျီရဲ့ အုတ်ဂူဆီ ခေါ်သွားခဲ့သည်။
“မြေကြီးက အေးနေတော့ ဒူးမထောက်နဲ့တော့” ကျီကျောက်က မြေကြီးပေါ် ဒူးထောက်တော့မည့် ကျီချန်ကိုတားပြီး သက်ပြင်းချလိုက်သည်၊ “အဖိုး နားလည်မှာပါ။”
ကျီချန်က ဘာမှ မပြောပေ။ အဲဒီအစား သူက ကျီကျောက်နံဘေးနားမှာ နာခံမှုရှိစွာ ငုတ်တုတ်ထိုင်နေခဲ့သည်။ ငွေစက္ကူမီးရှို့ပေးပြီးနောက် ကျီကျောက်သည် သူမ ပြင်ဆင်လာသည့် ကြက်ကင်နှင့် အစာသွပ်မုန့်များကို အဖိုးကျီ၏ အုတ်ဂူရှေ့တွင် ခင်းကျင်းပြင်ဆင်လိုက်သည်။ ကျီကျောက်သည် ငိုရှိုက်နေရင်း သူမ၏ မျက်လုံးတွေ နီရဲလာခဲ့သည်၊ “အဖိုး၊ ချန်ချန်နဲ့ သမီး အဖိုးတွေ့ဖို့ ရောက်လာတယ်။”
လေအေးများတိုက်ခတ်လာပြီး သင်္ချိုင်းနှစ်ဖက်ရှိ ပေါင်းပင်များ ညင်သာစွာ လှုပ်ယမ်းသွားသည်၊ “အဖိုး စိတ်မပူပါနဲ့။ နောင်မှာ သမီး ချန်ချန်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်။”
ကျီကျောက်သည် သူမ၏ မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်ဖယ်ပြီး တိုးတိုးလေး ပြောသည်၊ “ပြီးတော့ ချန်ချန်က အရမ်း လိမ္မာတယ်။ အရင်ကထက် ပိုပြီး သွက်လက်လာတယ်။ ဒါနဲ့ စကားမစပ်၊ ချန်ချန်ကလေ ကဗျာတွေကိုတောင် ရွတ်ဆိုနိုင်နေပြီ။”
မောင်နှမနှစ်ယောက်သား အဖိုးကျီ၏ သင်္ချိုင်းရှေ့တွင် အချိန်အတော်ကြာအောင် နေခဲ့ပြီး နောက်ဆုံးတွင် တွန့်ဆုတ်စွာဖြင့် ထွက်ခွာလာခဲ့ကြသည်။
“အစ်မ မငိုပါနဲ့” ရထားလုံးပေါ်မှာ ကျီချန်က ကျီကျောက်၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး တိုးတိုးလေး ပြောသည်။
***