သူမက အရမ်းကံကောင်းမှန်း သူမ သိတာပေါ့။
Vol. 12 Ch. 206
ကျီကျောက်၏ ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများကို ကြည့်ရင်း ရှန်းယောင်က အလွန်စိုးရိမ်နေသေးသည်။
“အာ့ထောင် မင်းမှာ ဘာအစီအစဉ်ရှိလဲ။”
ကျီကျောက် စကားပြောခါနီးမှာ ကျီချန်က အခန်းထဲမှာ ရှိနေတုန်းပဲဆိုတာကို ရုတ်တရက် သတိရသွားခဲ့သည်။ သူမသည် အမြန်ပြုံးပြီး ကျီချန်၏ ခေါင်းလေးကို ပွတ်သပ်ကာ ညင်သာစွာ ပြောလိုက်သည်၊ “ချန်ချန်၊ မောင်လေး အခန်းထဲ ပြန်သွားပြီး စာကြည့်နေ၊ ဟုတ်ပြီလား။”
ကျီချန်က နာခံမှုရှိစွာ ခေါင်းညိတ်သည်။ ကျီချန် အခန်းထဲမှ ထွက်သွားပြီးနောက် ကျီကျောက်သည် ရှန်းယောင်၏ လက်ကို ဆွဲကာ ကုတင်စွန်းတွင် ပြန်ထိုင်လိုက်သည်။ ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး ရေနွေးကြမ်းထဲ လက်ညိုးနှစ်ကာ ချောမွတ်သော စားပွဲပေါ်မှာ စာလုံး တစ်လုံး ရေးလိုက်သည်။
“ဟွေ့” ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ရှန်းယောင်သည် အရမ်းအံ့ဩသွားသည်။
“ယာမန်တွေ သူ့ကို ဆွဲခေါ်သွားပြီးပြီမဟုတ်ဘူးလား။”
“အဲဒါကြောင့် ကျွန်မ စိတ်ရှုပ်နေတာလေ” ကျီကျောက်က မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောသည်၊ “ကျွန်မ သတင်းစုဆောင်းဖို့ မြို့ကို သွားချင်တယ်။”
“ကိုယ်ပါ မင်းနဲ့ အတူလိုက်ခဲ့ပေးရမလား။”
“တကယ် မလိုဘူး” ကျီကျောက်က ခေါင်းကို ညင်ညင်သာသာ ခါလိုက်သည်၊ “ကျွန်မ ရှင့်ကို အိမ်မှာနေပြီး ပြန်လည်ကုစားနေဖို့ မျှော်လင့်တယ်။”
“ဒါပေမယ့် အာ့ထောင်…”
“ရှန်းယောင် ရှင် ကျွန်မကို ယုံရမယ်လေ” ကျီကျောက်က သူ့မျက်လုံးတွေကိုကြည့်ပြီး အလေးအနက် ပြောသည်၊ “ကျွန်မက သစ်ပင်ပေါ်မှာပဲ ပွင့်လန်းတဲ့ အလှပန်းမျိုး မဟုတ်ဘူး။ ကျွန်မက ရှင်ထင်ထားတာထက် ပိုသန်မာတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ရှင် ကျွန်မကို ယုံကြည်ပေးပါ၊ ဟုတ်ပြီလာ။”
“ကိုယ် ကြောက်တယ်…” အဆုံးတွင် ရှန်းယောင်က သူမ၏ ပြတ်သားသော အကြည့်များဖြင့် သိမ်းသွင်းစည်းရုံးခံလိုက်ရသည်၊ “ဒါဆို အာ့ထောင်၊ မင်း ကိုယ့်ကို ကတိပေးရမယ်။ သတင်းရတာနဲ့ အိမ်ကို တန်းပြန်လာခဲ့။ ကိုယ်တို့ အတူဆွေးနွေးကြမယ်၊ ဟုတ်ပြီလား။”
“ဟုတ်ပါပြီရှင်” ကျီကျောက်က နာခံစွာ ခေါင်းညိတ်ပြပြီး သူမ ထွက်မသွားခင် သူ့နှုတ်ခမ်းပေါ် အနမ်းပေးခဲ့ဖို့ကိုလည်း မမေ့ခဲ့ပါဘူး၊ “စိတ်မပူပါနဲ့။ ကျွန်မက အချိန်တိုင်း ကံကောင်းနေပြီးသားပဲလေ။”
ကျီကျောက် ထွက်သွားခါနီးမှာ ရှန်းတာ့လန်က ရထားလုံးကို တပ်ဆင်နေတာ တွေ့လိုက်ရသည်။
“အစ်ကိုကြီး ခရိုင်မြို့ကို ပြန်မှာလား။”
“နင့်အကြီးဆုံးမရီးက လွန်ခဲ့တဲ့ ရက်ပိုင်းက အထည်ဆိုင်ကနေ အထည်တချို့ မှာခဲ့တယ်။ ဒီနေ့ ငါတို့တွေ အဲ့အထည်တွေ သွားယူရင်း ဆိုင်ကိုလည်း တစ်ချက်လောက် ဝင်ကြည့်ချင်လို့လေ” ရှန်းတာ့လန်က အပြုံးတစ်ပွင့်ဖြင့် ရှင်းပြသည်၊ “စန်းမေ့၊ နင်လည်း အပြင်သွားမလို့လား။ ဘယ်သွားမှာလဲ။ ငါနင့်ကို လိုက်ပို့ပေးမယ်လေ။”
“ညီမလည်း ခရိုင်မြို့ကိုပဲ သွားမှာပါ” ကျီကျောက်က ပြုံးပြီး ပြောသည်။
သူမက အရမ်းကံကောင်းမှန်း သူမ သိတာပေါ့။
တင်းယွမ်ခရိုင်၊ ဟုန်ရှင်းစားသောက်ဆိုင်။
ချင်မင်ဟုန်သည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်နေသော်လည်း စားချင်စိတ် ပျောက်ဆုံးနေဆဲပင်။
လက်ထောက်ဆိုင်ရှင်ယို့သည် သူ့ရဲ့ စိတ်ပျံ့လွင့်နေသော အသွင်အပြင်ကို ကြည့်ပြီး မနေနိုင်ဘဲ ပြောမိသည်၊ “သခင်လေး၊ ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ အထူးဟင်းလျာတွေ အားလုံး စားပွဲပေါ်မှာ တည်ခင်းထားပါတယ်။ သခင်လေး လုံးဝ မစားချင်ဘူးလား။”
“ငါ့မှာ စားချင်စိတ်မရှိဘူး။ ငါ မစားချင်ဘူး။”
“ကျွန်တော်တို့တွေ အာ့ထောင်တို့အိမ်ကို သွားလည်ကြမလား။ အာ့ထောင်က ဆောင်းရာသီမှာ ဟော့ပေါ့စားရတာ အကြိုက်ဆုံးလို့ အရင်က ပြောဖူးတယ်…” လက်ထောက်ဆိုင်ရှင်ယို့က ချင်မင်ဟုန်၏ အမူအရာကို သေသေချာချာ လေ့လာဆန်းစစ်လိုက်သည်။
“မလိုဘူး” ချင်မင်ဟုန်က သူ့လက်ကို ဝှေ့ယမ်းကာ “ဒီပန်းကန်တွေအားလုံးကို သိမ်းခိုင်းလိုက်တော့။ ငါ လမ်းလျှောက်ထွက်လိုက်ဦးမယ်” ဟု စကားဆိုသည်။
ချင်မင်ဟုန်တစ်ယောက် စားသောက်ဆိုင်မှ လမ်းလျှောက်ထွက်လာချိန်တွင် မနီးမဝေးမှ အနီရောင်ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ စိတ်ဓာတ်ကျနေသည့် အမူအရာသည် ချက်ချင်းဆိုသလိုပင် အပြုံးတစ်ပွင့်ဖြင့် အစားထိုးခံလိုက်ရကာ အဆိုပါလူဆီသို့ အမြန်လျှောက်သွားခဲ့သည်။
“အာ့ထောင် မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”
ကျီကျောက်သည် ကြက်သွေးရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး အေးစက်သော လေပြင်းထဲတွင် အမြန်လျှောက်လာခဲ့သည်။
“သခင်လေးချင်”
ကျီကျောက်က အပြုံးဖြင့် ပြန်တုံ့ပြန်သည်။
စားသောက်ဆိုင်ကောင်တာရှေ့တွင် ငွေစာရင်းတွက်နေသော လက်ထောက်ဆိုင်ရှင်ယို့သည် သူ့သခင်လေး၏ ရယ်မောသံကိုကြားတော့ စပ်စုလိုစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
သခင်လေး၏ ဘေးတွင် ကျီကျောက်တစ်ယောက် လမ်းလျှောက်ရင်း လိုက်ပါလာသည်ကိုတွေ့တော့ သူ့မျက်လုံးတွေ တောက်ပသွားသည်။
“အာ့ထောင်”
“ဒုတိယအစ်ကိုယို့” ကျီကျောက်က သူ့ကို ဝမ်းသာအားရ နှုတ်ဆက်သည်။
ချင်မင်ဟုန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းဆိုသလို အေးခဲသွားသည်။
“မင်း သူ့ကိုကျ ဒုတိယအစ်ကိုယို့လို့ ချက်ချင်းတန်းခေါ်တယ်။ မင်း ဘာဖြစ်လို့ ငါ့ကိုကျ သခင်လေးလို့ပဲ ခေါ်နေသေးတာလဲ။ အာ့ထောင်၊ မင်း ငါ့ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းက သိပ်မရင်းနှီးရာကျနေတယ်မလာ။”
ချင်မင်ဟုန်သည် မည်သည့် နစ်နာမှုမျိုးကိုမှ ခံစားရဖူးသူ မဟုတ်ပေ။ ကျီကျောက်က သူ့ကို လေးလေးနက်နက် စကားနားထောင်ပြီး အစ်ကိုကြီးချင်လို့ မခေါ်မချင်း သူ့စိတ်ထဲက မကျေနပ်ချက်များကို ချက်ချင်းဆိုသလို ထုတ်ပြောလာခဲ့သည်။
ထိုအခါမှသာ သူ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
“အာ့ထောင် နှစ်ကုန်ခါနီးပြီ။ မင်း ဘာဖြစ်လို့ ခရိုင်မြို့ကို ရောက်နေတာလဲ” လက်ထောင်ဆိုင်ရှင်ယို့သည် မီးဖိုချောင်ထဲမှ ဂျင်းလက်ဖက်ရည်ကို အမြန်ယူလာပြီး ကျီကျောက်ကို ကမ်းပေးကာ စိုးရိမ်တကြီးမေးလိုက်သည်။
ဂျင်းလက်ဖက်ရည် ပန်းကန်တစ်ဝက်ကျော်လောက် သောက်ပြီးနောက် ကျီကျောက်သည် သူမ တစ်ကိုယ်လုံး ပူနွေးလာသည်ကို ခံစားလိုက်ရပြီး လက်ထောင်ဆိုင်ရှင်ယို့အား ကျေးဇူးတင်စကားဆိုခဲ့သည်၊ “တကယ်တော့ ညီမ ဒီကို စုံစမ်းမေးမြန်းချင်တာလေးတွေ ရှိလို့ မြို့တက်လာခဲ့တာပါ။”
“ခရိုင်တရားသူကြီးက ရှန်းဟယ်ရွာနဲ့ ရှီလျို့ရွာကို တစ်ရွာတည်းအဖြစ် ပေါင်းစည်းဖို့ ရည်ရွယ်ထားတယ်လို့ အစ်ကိုကြီးနဲ့ တခြားသူတွေဆီကနေ ကြားခဲ့တယ်။ အဲ့လိုဆိုရင် အရင်လယ်တွေကို ပြန်ခွဲပေးမှာလားဆိုတာ မေးချင်လို့ပါ” ကျီကျောက်သည် ကျီမိသားစုအရေးကို အတိုချုံး ရှင်းပြခဲ့သည်။ အဆုံးမှာ သူမက ခါးသီးစွာ ပြုံးကာ “တကယ်တော့ ချန်ချန်ပိုင်တဲ့ ဝေစုကို ကျီဟွေ့ လုယူသွားမှာ ညီမ စိုးရိမ်တယ်”ဟု ပြောလိုက်သည်။
“တကယ်တော့ ချန်ချန်က ကျီမိသားစု အဖိုးရဲ့ ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော သွေးသားအရင်းအချာပဲ” ကျီကျောက်က မျက်လွှာချပြီး သက်ပြင်းချသည်။ သူမ၏ လေသံမှာ စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေသည်၊ “ညီမ ချန်ချန်ပိုင်တဲ့ အခွင့်အရေးကို ကာကွယ်ပေးချင်တယ်။”
“အရင်တုန်းက ကျီဟွေ့ဟာ ညီမတို့ရှန်းဟယ်ရွာမှာရှိတဲ့ မြေကမ္ဘာဘုရားကျောင်းမှာ ပြဿနာရှာခဲ့လို့ ခရိုင်အစိုးရအရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် ကျီဟွေ့အကြောင်း စုံစမ်းဖို့ ဒီနေ့ ခရိုင်မြို့ကို ညီမ တက်လာခဲ့တာပါ” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး လက်ထောက်ဆိုင်ရှင်ယို့ကို စိုးရိမ်တကြီးကြည့်လိုက်သည်၊ “ဒုတိယအစ်ကိုယို့ အစ်ကိုက မာ့အိမ်တော်က အိမ်တော်ထိန်းနဲ့ ဆက်ဆံရေးကောင်းရှိတယ်မလား။ အစ်ကို ညီမကို တစ်ချက်လောက် မေးကြည့်ပေးနိုင်မလား။”
“အာ့ထောင် နင် ဒီကို စောစော ရောက်လာတာပဲ။ နင် အချိန်ကိုက် ရောက်လာတယ်လို့ ပြောရမယ်” လက်ထောက်ဆိုင်ရှင်ယို့က အပြုံးတစ်ပွင့်ဖြင့် ပြောသည်၊ “ငါ ဒီနေ့ နေ့လည်မှာ အိမ်တော်ထိန်းမာနဲ့ စားသောက်ဖို့ ချိန်းဆိုထားတယ်။”
“တကယ်လား” ကျီကျောက်သည် သူမကိုယ်သူမ ဒီလောက် ကံကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ “အဲ့တာဆို အဆင်ပြေတာပေါ့။ ဒီနေ့ နေ့လည်ကျရင် ညီမ ဆိုင်မှာ အရံဟင်းနည်းနည်းလောက် ကူညီချက်ပြုတ်ပေးမယ်လေ။”
“သဘောတူတယ်။”
ကျီကျောက်၏ ဟင်းချက်လက်ရာက လက်ထောက်ဆိုင်ရှင်ယို့ရဲ့ ရင်ထဲ စွဲနေပြီးသားပင်။ ကျီကျောက်ထံမှ အဆိုပါ အကြံပြုချက်ကို လက်ခံရတာကို သူ့ကို သဘာဝအတိုင်း ဝမ်းသာသွားစေသည်။
“အဟွတ် အဟွတ်” ချင်မင်ဟုန်က သူတို့နှစ်ယောက်သား ဘယ်ဟင်းပွဲက ပိုကောင်းလဲလို့ ဆွေးနွေးနေကြတာကို ကြားတော့ နှစ်ကြိမ်တိုင်တိုင် ချောင်းမဟန့်ဘဲ မနေနိုင်တော့ပေ။
နောက်ဆုံးမှာတော့ ကျီကျောက်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“အစ်ကိုချင်၊ ရှင့်လည်ချောင်း ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ရေနွေးများများ ထပ်မသောက်တာလဲ” ကျီကျောက်က သူ့မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏ ပြေပြစ်သော မျက်ခုံးတန်းများက သူမသူငယ်ချင်းအတွက် စိုးရိမ်စိတ်ဖြင့် အနည်းငယ် တွန့်ကုတ်နေခဲ့သည်။
သို့တိုင် ချင်မင်ဟုန်က ဒါကိုပင် အရမ်းပျော်ရွှင်နေမိတုန်းပင်။
“ကောင်းပါပြီ။”
“ဒါနဲ့ စကားမစပ်၊ သခင်လေးချင်၊ တင်းယွမ်ခရိုင်မှာ ဆရာကောင်းတွေ ရှိမရှိကို ရှင်သိလား။”
“ဆရာတွေလား။”
“ဟုတ်တယ်၊ ညီမ ချန်ချန့်ကို စာသင်ဖို့ ခရိုင်မြို့ကို ပို့ချင်လို့လေ။”
“တိုက်ဆိုင်လိုက်တာ၊ ငါ့မိသားစုမှာ တစ်ယောက်ရှိတယ်” ချင်မင်ဟုန်က သူ့နှုတ်ခမ်းတွေက ဖြည်းညှင်းစွာ တွန့်ကွေးပြီး ညင်ညင်သာသာ ပြောလာခဲ့သည်၊ “ဆရာစုန့်တဲ့၊ သူက ငါ ငယ်ငယ်လေးကတည်းက သင်ပေးခဲ့တာ၊ ဆရာစုန့်က စာသင်ရာမှာ ထူးချွန်ရုံတင်မကဘဲ စိတ်ထားလည်း ကောင်းတယ်။”
“တကယ်လား” ကျီကျောက်၏ မျက်လုံးတွေ ရုတ်ခြည်း တောက်ပသွားခဲ့သည်၊ “ဒါဆို အစ်ကိုချင် ညီမကို ကူညီပြီး မိတ်ဆက်ပေးနိုင်မလား။”
“ကောင်းပြီလေ” ချင်မင်ဟုန်က ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး သူ့ရှေ့ရှိ လက်ဖက်ရည်ပူပူတစ်ခွက်ကို ကောက်ယူကာ စိတ်ကျေနပ်စွာ မော့သောက်လိုက်သည်။
“ဆရာစုန့်က လူနှစ်ယောက်ကို တပြိုင်နက်တည်း သင်ပေးနိုင်မလားလို့ တွေးမိတယ်။ ရှန်းယောင်လည်း ဆရာကောင်းတစ်ယောက်လိုမယ်လို့ ညီမ ထင်တယ်။”
ဒါကိုကြားတော့ ချင်မင်ဟုန်သည် သူ့လက်ထဲက လက်ဖက်ရည်အနံ့က လုံးဝ မမွှေးတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။
တကယ်တော့ နည်းနည်းလေးတောင် ခါးနေသလိုပင်။
“ရှန်းယောင်လား။ သူလည်း ဆရာလိုနေတာလား။”
“ဟုတ်တယ်” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး ဝမ်းသာအားရ ပြောလာခဲ့သည်၊ “ရှန်းယောင်းရဲ့ ခြေထောက်တွေက ပြန်ကောင်းသွားပြီ။ သူက စာအုပ်တွေ ပြန်ကိုင်ပြီး တော်ဝင်စာမေးပွဲမှာ ဝင်ဖြေဖို့ သူ့ကိုယ်သူ နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ စီစဉ်ထားတယ်…”
***