← Chapters

အာ့ထောင် အမြန်နေကောင်းပါစေ။

Vol. 12 Ch. 197

အာ့ထောင် အမြန်နေကောင်းပါစေ။

Vol. 12 Ch. 197

ညနေစောင်းတွင် ကျောက်လန်ဟွာသည် ဆေးရည်ပန်းကန်လုံးကို အခန်းထဲသို့ ယူလာပေးခဲ့သည်။

“စန်းလန် အာ့ထောင် မနိုးသေးဘူးလား။”

“မနိုးသေးဘူး” ရှန်းယောင်က ဆေးကို ကုတင်ဘေးက စားပွဲမြင့်ပေါ် တင်လိုက်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်သည်၊ “အမေ၊ ဒုတိယအစ်ကိုရော ဘယ်လိုနေလဲ။ နေကောင်းရဲ့လား။”

“နတ်ဆေးသမားတော် ရှန်းဟယ်က မင်းဒုတိယအစ်ကိုအတွက်လည်း ဆေးတစ်ဖုံ စပ်ပေးထားတယ်။ သူလည်း ဆေးသောက်ပြီး အိပ်သွားပြီ” ကျောက်လန်ဟွာ အသံတိုးတိုးနဲ့ ပြောလိုက်သည်၊ “နင့်ဒုတိယအစ်ကို အဆင်ပြေသွားပါလိမ့်မယ်။”

“အဲ့လို ကောင်းတာပေါ့” ရှန်းယောင်က အသာလေး ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေကတော့ လုံးဝ လျော့ပါးမသွားခဲ့ပေ။

“အာ့ထောင် အမြဲ ကံကောင်းတယ်။ သူမ အဆင်ပြေသွားပါလိမ့်မယ်” ကျောက်လန်ဟွာက တိုးတိုးလေး ပြောသည်၊ “နင် အရမ်းစိတ်ပူမနေနဲ့။”

“ဟုတ်ကဲ့” ရှန်းယောင်က မှုန်ကုပ်ကုပ် ပြန်ဖြေပြီး စကားရပ်လိုက်သည်။

ကျောက်လန်ဟွာက သက်ပြင်းချပြီး လှည့်ထွက်သွားသည်။

“အာ့ထောင်” ရှန်းယောင်က အကြိမ် အနည်းငယ် ခေါ်ကြည့်လိုက်သော်လည်း ကံမကောင်းစွာပဲ ကျီကျောက်က သတိလစ်နေဆဲဖြစ်သည်။

သူမ၏ မျက်နှာက ပို၍ပို၍ နီရဲလာသည်ကိုမြင်သောအခါ ရှန်းယောင်၏ စိတ်မှာ အလွန်စိုးရိမ်ပူပန်လာခဲ့သည်။

သူက ခဏလောက် စဉ်းစားပြီး ဆေးရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်သည်။ ဆေးရည်ကို တစ်ငုံလောက် ငုံကြည့်ပြီးတော့ ကျီကျောက်၏ ပူပြင်းနေသည့် ပါးစပ်နားသို့ ဂရုတစိုက် ထိတွေ့လိုက်သည်။

ရှန်းယောင်သည် ဆေးတစ်ပန်းကန်လုံးကို နှုတ်ခမ်းချင်းတေ့၍ တိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်လာသလို ခံစားလိုက်ရသည်။

ပိုအရေးကြီးတာက သူ့ဘယ်ဘက်ခြေထောက်မှ ဒူးဆစ်က ပိုနာလာခဲ့သည်။

ရှန်းယောင်သည် အံကြိတ်ကာ ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့အိပ်မက်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဒေါသတကြီး ဖြစ်နေခဲ့သည်။

သို့သော် ရှန်းယောင်၏ သွေးထွက်သံယိုဒဏ်ရာကို မြင်တော့ သူ့ဒေါသတွေ ချက်ချင်းဆိုသလို ပြေပျောက်သွားခဲ့သည်။

“ဘာဖြစ်တာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့ဒူးနားက အပ်စိုက်မှတ်တွေကို အလျင်အမြန် နှိပ်ပြီး သူ့ဒဏ်ရာတွေကို ချက်ချင်း ကုသပေးလိုက်သည်။

“ငါ မင်းကို မတ်တပ်မရပ်ဖို့ ပြောထားတယ်မလား။ မင်း ဒီဘယ်ဘက်ခြေထောက်ကို မလိုချင်တော့ဘူးလို့ငါထင်တယ်၊ ဟုတ်လား” နတ်ဆေးသမားတော် ရှန်းဟယ်က ရှန်းယောင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆူပူကြိမ်းမောင်းသည်။

တစ်ဖက်တွင် ရှန်းယောင်က တိတ်ဆိတ်နေ၏။

အစောပိုင်းတုန်းက သူ့ရှေ့ အာ့ထောင် လဲကျသွားတာကိုမြင်ပြီး ဒီအကြောင်းကို တွေးဖို့ အချိန်မရှိတာကြောင့် အိပ်ရာကနေ လူးလဲထပြီး အာ့ထောင်ကို ကူညီဖေးမပေးခဲ့သည်။

“ဆူနေတာ ရပ်ပါတော့” ရှန်းယောင်က တိုးတိုးလေး အကြံပေးသည်၊ “လူကြီးမင်း ခဏလောက် အနားယူလိုက်ပါလား။ လည်ချောင်းလေး စိုစွတ်သွားအောင် ရေနွေးလေး သောက်ပြီးမှ ဆက်ဆူပါလား။”

“မင်း…” နတ်ဆေးသမားတော် ရှန်းဟယ် ဒေါသူပုန်ထသွားသည်၊ “နောက်တစ်ခါဆိုရင် ငါ သေချာပေါက် လုပ်ပေးတော့မှာ မဟုတ်ဘူး။ ဟမ့်…။”

“ကျေးဇူးပါ လူကြီးမင်း” ရှန်းယောင်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။

သူ့မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရတော့ နတ်ဆေးသမားတော် ရှန်းဟယ်သည် ပို၍ပင် မပျော်မရွှင် ဖြစ်သွားပုံရသည်။

သူက ဒေါသတကြီး မဲ့ရွဲ့ပြီးနောက် သူ့အခန်းဆီ ပြန်သွားကာ ပြန်အိပ်ပေသည်။

ညသန်းခေါင်ယံအချိန်တွင်။

ရှန်းယောင်သည် ကျီကျောက်၏ ဘေးတွင် ဆက်နေကာ သူမ၏ လက်လေးကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

“အာ့ထောင် မြန်မြန်နေကောင်းပါစေ။”

ရှန်းယောင်၏ လက်ချောင်းများက သူမ၏ ပါးဖောင်းဖောင်းလေးပေါ် ညင်သာစွာ ပွတ်သပ်နေပြီး သူ့၏ လေးနက်တည်ကြည်သော အသံတွင် တောင်းပန်မှု အပြည့် ရှိသည်။

နောက်တစ်နေ့ မိုးမသောက်ခင် ကျောက်လန်ဟွာက အိပ်ရာစောစောထသည်။

သူမသည် မိသားစုအတွက် မနက်စာကို မပြင်ဆင်ဘူး။ အဲဒီအစား သူမသည် ဝါးခြင်းတောင်းကို လွယ်ပြီး ရှန်းမိသားစုအိမ်ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

အပြင်မှာ မှောင်နေဆဲဖြစ်တာကြောင့် မြေကမ္ဘာဘုရားကျောင်းရဲ့ ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိဘူး။

ကျောက်လန်ဟွာသည် မြေကမ္ဘာဘုရားရုပ်တုရှေ့တွင် လေးလေးနက်နက် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ရှိခိုးကန်တော့ခဲ့သည်။ နောက်ဆုံးတွင် သူမသည် အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် အစာသွပ်မုန့်များကို ကပ်လှူပူဇော်ခဲ့သည်။

“မြေကမ္ဘာဘုရား၊ ကျေးဇူးပြုပြီး အာ့ထောင်ကို ကံအညံ့တွေ ပြေပျောက်ပြီး ဘေးကင်းကျန်းမာချမ်းသာစေဖို့ ကြည့်ရှုစောင်မပေးပါ။”

တစ်ချိန်တည်းမှာပင် ရှန်းယောင်သည် ကျီကျောက်၏ နဖူးကို ထပ်စမ်းလိုက်ပြန်သည်။ ရှန်းယောင်သည် သူမ၏ နဖူးမပူတော့ကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤညသည် ကျီကျောက်အတွက် အထူးရှည်လျားသည်။

သူမ၏ အိပ်မက်ထဲတွင် သူမ နှစ်ပေါင်းများစွာ ငှားရမ်းနေထိုင်သော အခန်းကို ပြန်ရောက်သွားခဲ့ပုံရသည်။ ကျီကျောက်သည် သူမကိုယ်သူမ ကွန်ပြူတာရှေ့တွင် အိပ်ပျော်နေတာကို မြင်လိုက်ရသည်။ သူမ စိတ်ရှုပ်ထွေးစွာနဲ့ အနားသို့ ကပ်သွားချင်နေချိန်မှာပင် စူးရှတောက်ပတဲ့ အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်လာပြီး သူမကို အနောက်သို့ ပြန်ဆုတ်သွားစေခဲ့သည်…။

အဟွတ်…၊ အဟွတ်…။

“အာ့ထောင်” ရှန်းယောင်သည် သူမအသံကိုကြားတော့ ရှေ့သို့ ကမန်းကတန်း တိုးလာခဲ့သည်၊ “မင်း နိုးလာပြီလား။”

“ရှန်းယောင်” ကျီကျောက်သည် ရင်းနှီးကျွမ်းဝင်သောအသံကိုကြားတော့ သူမ၏ လက်ကို မြှောက်ပြီး ပုံမှန်မဟုတ်စွာ နာကျင်နေသော နားထင်ကို ပွတ်သပ်လိုက်သည်။

“မင်း မသက်သာသေးဘူးလား” ရှန်းယောင်က စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်၊ “အရင်ဆုံး မလှုပ်နဲ့ဦး။ ကိုယ် လူကြီးမင်းကို တစ်ချက်သွားခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။”

“ကောင်းပြီ၊ ကောင်းပြီ။ မင်း ငါ့ကို လာဖိတ်စရာ မလိုဘူး။ ငါ ရောက်နေပြီ” နတ်ဆေးသမားတော် ရှန်းဟယ်က အခန်းတံခါးဝကို ဖြတ်ကျော်ပြီး ဝင်ရောက်လာခဲ့သည်။

ဘာမှ မပြောဘဲ သူက ကျီကျောက်၏ ညာဘက် လက်ကောက်ဝတ်ကို ဆွဲယူပြီး သွေးခုန်နှုန်း စမ်းသပ်လိုက်သည်။

“နင့်အဖျားက သက်သာသွားပြီ၊ နင့်သွေးခုန်နှုန်းလည်း ပုံမှန်ဖြစ်သွားပြီ။ ဒါပေမယ့် နင် ဆေးရည်ကို နောက်တစ်ရက်လောက်တော့ ထပ်သောက်သင့်သေးတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ဘာသိဘာသာ ပြောလိုက်သည်။

သူ့စိတ်တွေ သက်သာရာရသွားတာကို သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး။

“ကျေးဇူးပါ လူကြီးမင်း” ကျီကျောက်သည် ကျေးဇူးတင်သည့် အပြုံးကို အားတင်းပြီး ပြုံးပြလိုက်သော်လည်း သူမ၏ အမူအရာက အနည်းငယ် ဆိုးရွားနေဆဲပင်။ “ဒါပေမယ့် လူကြီးမင်း ကျွန်မ ခေါင်းအရမ်းကိုက်သလို ခံစားနေရတယ်။”

“မလှုပ်နဲ့” နတ်ဆေးသမားတော် ရှန်းဟယ်က သူမ၏ လက်ကောက်ဝတ်ကို အတင်းဆွဲကိုင်လိုက်ပြီး သူမ၏ ဦးခေါင်းကို သေချာစစ်ဆေးလိုက်ပေမယ့် နောက်ဆုံးမှာတော့ ဒဏ်ရာကို ရှာမတွေ့ခဲ့ဘူး။

သူ ခဏလောက် စဉ်းစားပြီး သူ့အိတ်ထဲက ငွေအပ်တွေကို ထုတ်ယူလိုက်ကာ သူမ၏ နားထင်နှင့် ခေါင်းနောက်ဘက်ရှိ အပ်စိုက်မှတ်တွေထဲ ထိုးစိုက်လိုက်သည်။

တဖြည်းဖြည်းနဲ့ ကျီကျောက်က ပိုပြီး သက်တောင့်သက်သာ ဖြစ်လာသလို ခံစားရပြီး သူ့ခေါင်းက အရမ်းမကိုက်တော့ဘူး။

“အရမ်း အတွေးမများနဲ့၊ စိတ်အားမငယ်နဲ့” vနတ်ဆေးသမားတော် ရှန်းဟယ်က လေးလေးနက်နက် သတိပေးသည်၊ “မင်း ခေါင်းမကိုက်ချင်ရင် မျက်စိမှိတ်ပြီး ဆက်အနားယူချေ။”

“ဟုတ်ကဲ့”

ကျီကျောက်သည် ချက်ချင်းဆိုသလို နာခံမှုရှိစွာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။

ခဏအကြာတွင် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ၏ ခေါင်းထဲ ထိုးစိုက်ထားသော ငွေအပ်များကို ဂရုတစိုက် ဆွဲထုတ်လိုက်သည်။

“အာ့ထောင် အိပ်ပျော်သွားပြီလား” ရှန်းယောင်က သူ့အသံကို အမြန်လျှော့ပြီး ဂရုတစိုက် မေးလိုက်သည်။

“အင်း” နတ်ဆေးသမားတော် ရှန်းဟယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်၊ “သူ အအေးမိပြီး အဖျားနည်းနည်းဝင်သွားတယ်။ သူမ အခု များများ အနားယူဖို့ လိုအပ်နေသေးတယ်။”

ရှန်းယောင်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကျီကျောက်ကို ကောင်းကောင်း ဂရုစိုက်ပေးမယ်လို့ စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

ပင်မခန်းတွင်။

ရှန်းတာ့လန်သည် ခေါင်းငိုက်စိုက်ချကာ သူ့ကိုယ့်သူ လေးလေးနက်နက် ပြန်သုံးသပ်နေသည်။

“တကယ်လို့ အဖေနဲ့ အာ့ထောင်သာ စိတ်ပိုင်းမဖြတ်ထားရင်၊ ဒုတိယညီလေး …ဖြစ်သွားမှာကို ငါကြောက်မိတယ်” ရှန်းတာ့လန်က ဒီအကြောင်းကို ပိုတွေးလေလေ အပြစ်ရှိသလို ခံစားလာရလေလေပင်။ “ဒါတွေအားလုံး ငါ့အမှားတွေပဲ။ ငါ့ကြောင့်သာ မဟုတ်ရင်…”

“ကောင်းပြီ၊ မင်း သိပ်အများကြီး တွေးမနေနဲ့တော့” ရှန်းတာ့ရှန်က သူ့ပခုံးကို ပုတ်ပြီး ညင်သာစွာ နှစ်သိမ့်ပေးသည်၊ “ကံကောင်းထောက်မလို့ အာ့လန် ဒီတစ်ခေါက် ဘေးကင်းလုံခြုံသွားပြီ။”

“ဒါပေမယ့် တတိယခယ်မလေးက ဖျားနေသေးတယ်” ရှန်းတာ့လန်သည် ဒါကိုတွေးမိပြီး အပြစ်ရှိသလို ခံစားနေမိသည်၊ “အဖေ တတိယခယ်မလေး နေပြန်ကောင်းရင် ကျွန်တော် သူ့ကို တောင်းပန်လိုက်ပါ့မယ်။”

“ဒီအတိုင်းပဲ တောင်းပန်လို့ ဘယ်ဖြစ်ပါ့မလဲ” အကြီးဆုံးမရီးရှန်းက ဒေါသတကြီး နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် သူမသည် အိတ်ကပ်ထဲက ပိုက်ဆံတချို့ကို ထုတ်ယူပြီး နှုတ်ဆိတ်နေတဲ့ ကျောက်လန်ဟွာကို ပေးလိုက်သည်၊ “ဆိုင်စီးပွားရေး ပြန်ကောင်းလာတာ အာ့ထောင်ရဲ့ ကျေးဇူးတွေကြောင့်ပဲ။ အမေ သမီး ပိုက်ဆံ နည်းနည်း စုဆောင်းထားနိုင်ခဲ့တယ်။ အာ့ထောင်ရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေဖို့ ပစ္စည်းကောင်းလေးတွေ ဝယ်ဖို့ အမေ သမီးကို ကူညီပေးနိုင်မလား။”

“အစတုန်းကတော့ သမီးကိုယ်တိုင် သွားချင်ပေမယ့် အခု သမီးက ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အပြင်ထွက်ရတာ အဆင်မပြေဘူး။ အမေ့ကိုပဲ သမီး ဒုက္ခပေးရပါဦးမယ်” အကြီးဆုံးမရီးရှန်းက သူမ၏ သဘောထားကို ရိုးစင်းစွာ ဖော်ပြခဲ့သည်၊ “အမေ၊ တကယ်တော့ တာ့လန်လည်း စိတ်မကောင်းပါဘူး။ မနေ့ညက သူ တစ်ညလုံး အိပ်မပျော်ဘူးလေ…။”

***

All Chapters