← Chapters

အာ့ထောင် မရှိဘူးလား။

Vol. 13 Ch. 208

အာ့ထောင် မရှိဘူးလား။

Vol. 13 Ch. 208

“မင်း အဆင်ပြေရဲ့လား” ချင်မင်ဟုန်က ကျီကျောက်ရဲ့ နံဘေးကို ပြေးသွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်၊ “မင်း ဒဏ်ရာရသွားတာလား။”

“ညီမ အဆင်ပြေပါတယ်” ကျီကျောက်က ခေါင်းမော့ကြည့်ကာ ပြုံးပြလိုက်သည်။ သို့သော် ကျီဟွေ့ထံမှ အရိုက်ခံလိုက်ရသော သူမ၏ ပါးပြင်မှာ အလွန်နာကျင်နေခဲ့သည်။

“မင်းမျက်နှာ…”

“အဆင်ပြေပါတယ်။”

ကျီကျောက်သည် ကျီဟွေ့က ဝါးတုတ်ကိုမြှောက်ပြီး ချင်မင်ဟုန်၏ ခေါင်းနောက်ဘက်သို့ လွှဲရိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စိတ်ပျက်အားငယ်စွာဖြင့် ကျီဟွေ့၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ချင်မင်ဟုန်ကို ချက်ချင်း လှမ်းဆွဲလိုက်သည်။

“ရှောင်ချင်တာလား” ကျီဟွေ့က လှောင်ရယ်လိုက်သည်။ ကျီဟွေ့သည် သူ့အိတ်ကပ်ထဲက ချွန်ထက်တဲ့ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ ကျီကျောက်အား တည့်တည့်ထိုးလိုက်သည်။

ရွှစ်…

ချွန်ထက်သောဓားသည် သူမ၏ ပခုံးပေါ်ရှိ အဝတ်များကို ဖြတ်တောက်ပစ်လိုက်သည်။

လှပကျော့ရှင်းသော ပခုံးပေါ်၌ သိသာထင်ရှားသည့် အနီရောင် ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။

ချင်မင်ဟုန် လုံးဝ ဒေါသတကြီး ဖြစ်သွားသည်။ သူက ကျီဟွေ့ရဲ့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။

ထို့နောက် ဓားမြှောင်ကိုင်ထားသည့် ကျီဟွေ့၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။

“မင်းက သေချင်နေတယ်ဆိုမှာတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

နောက်ဆုံးတွင် ကျီဟွေ့နှင့် သူ့လူတွေကို အနက်ရောင်ဝတ် လျှို့ဝှက်ဆန်းကြယ်သော လူတစ်စုက ခေါ်ဆောင်သွားခဲ့သည်။

ဘေးဥပဒ်မှ လွတ်မြောက်သွားသော ကျီကျောက်သည် အသက်ပြင်းပြင်းရှုကာ ချင်မင်ဟုန်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်၊ “အစ်ကိုချင် ကျေးဇူးပါ။”

ချင်မင်ဟုန်သည် သူမ၏ မျက်နှာနှင့် ပခုံးပေါ်ရှိ ဒဏ်ရာများကို ကြည့်ပြီး ပိုလို့တောင် စိတ်မကောင်းဖြစ်မိသည်။

ချင်မင်ဟုန်သည် ခဏလောက် စဉ်းစားပြီးနောက် သူ့အပေါ်အင်္ကျီကို အမြန်ချွတ်လိုက်သည်။ သူက ကျီကျောက်၏ ပခုံးပေါ် လွှမ်းပေးချင်ပေမယ့် ကျီကျောက်က သူ့ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

“ညီမ မအေးပါဘူး။”

“မင်းပခုံးတွေ…” ချင်မင်ဟုန်က သူမ၏ ပခုံးကို ညွှန်ပြပြီး ညင်သာစွာ မေးမြန်းသည်၊ “မင်း ဒီအတိုင်း ထွက်သွားမလို့လား။”

“ညီမ အဆင်ပြေပါတယ်” ကျီကျောက်က ပြုံးပြီး သူမ၏ စကပ်အနားစကို ဖြဲကာ ပခုံးဒဏ်ရာတဝိုက်ကို ပတ်လိုက်သည်။

“နှစ်သစ်နီးလာပြီဆိုတော့ ဆေးခန်းတွေ ပိတ်ကုန်ပြီ” ချင်မင်ဟုန်က ခဏလောက် စဉ်းစားပြီးနောက် တိုးတိုးလေး အကြံပေးသည်၊ “ငါ့အိမ်မှာ သမားတော်ရှိတယ်။ မင်း…”

“ညီမ အဆင်ပြေပါတယ်။ ညီမ ဆိုးဆိုးရွားရွား မထိခိုက်သွားဘူး။”

“မင်း ဒီလိုပြန်သွားရင် ရှန်းယောင် စိတ်မပူမှာ သေချာလား” ချင်မင်ဟုန်သည် ကျီကျောက်က သူနှင့် အတတ်နိုင်ဆုံး အကွာအဝေးခြားဖို့ ကြိုးစားနေတာကို မြင်လိုက်ရတဲ့အခါ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။

ရှန်းယောင်ကို သူမ အရမ်းဂရုစိုက်တာပဲလား။

မျှော်လင့်ထားသည့်အတိုင်း ရှန်းယောင် စိတ်ပူနေလိမ့်မည်ကိုကြားသောအခါ ကျီကျောက် တုန်လှုပ်သွားသည်။

ကျီကျောက်သည် ဒါကိုတွေးပြီး အပေးအယူတစ်ခု ပြောလာခဲ့သည်။

“အစ်ကိုချင်၊ သမားတော်ကို စားသောက်ဆိုင်ဆီ ဖိတ်ပေးဖို့ ညီမ အစ်ကို့ကို အပူကပ်လို့ရမလား။ ညီမ သူ့ကို စားသောက်ဆိုင်မှာ စောင့်နေလိုက်မယ်လေ၊ ဒါဆို အဆင်ပြေမလား”

ကျီကျောက်သည် သူ့မျက်လုံးတွေကိုကြည့်ပြီး ရိုးသားစွာ တောင်းဆိုခဲ့သည်။

ချင်မင်ဟုန်က ခေါင်းကို အသာညိတ်ပြသည်။

ကျွတ်စ်…

ကျီကျောက် ထွက်ခွာခါနီးမှာ သူမ၏ ခြေကျင်းဝတ်က အဆစ်လွဲသွားမှန်း သိလိုက်ရသည်။

“ဘာဖြစ်တာလဲ” ချင်မင်ဟုန်က တစ်ခုခုမှားနေတာကို သတိပြုမိပြီး မသိစိတ်က နောက်ကို ပြန်လှည့်ကြည့်သည်။ သူသည် ကျီကျောက်ရဲ့ နာကျင်လွန်းလို့ မျက်မှောင်ကြုတ်နေတဲ့ အမူအရာကို မြင်တွေ့သွားသည်။

“ညီမရဲ့ ခြေကျင်းဝတ် အဆစ်လွဲသွားထင်တယ်” ကျီကျောက်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် ညီမ အဆင်ပြေပါတယ်။ ညီမ သည်းခံပြီး လမ်းလျှောက်နိုင်သေးတယ်။”

“ငါ မင်းကို ကူတွဲပေးမယ်။”

ကျီကျောက် ပြန်မဖြေခင် ချင်မင်ဟုန်က သူမရဲ့ ပခုံးကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပြီးသားပင်။

“ဒါက…”

“ရှန်းယောင်ရဲ့ နားလည်မှုလွဲတာနဲ့ ယှဉ်လိုက်ရင် ရှန်းယောင် မင်းကို ပိုပြီး စိတ်ပူစေချင်သလား။ သူ့ခြေထောက်က ပြန်ကောင်းသွားပြီး မင်းက ဒုက္ခိတဖြစ်ချင်တာလား” ချင်မင်ဟုန်သည် သူမက သူ့အား တမင်တကာ ရှောင်ဖယ်နေသည်ကိုကြည့်ပြီး သူ့ရင်ထဲတွင် အမည်မသိ မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်ကို ခံစားလိုက်ရသည်။

ကျီကျောက်က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားပြီး အဆုံးတွင် ဘာမှ မပြောပေ။

ချင်မင်ဟုန်၏ အချိန်မီ ရောက်ရှိလာခြင်းကြောင့် သူမ အကယ်ခံခဲ့ရသည်။

ထိုအကြောင်းကို ပြောရလျှင် ချင်မင်ဟုန်သည် သူမ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ပြီး သူ့ကြင်နာမှုကို ထပ်ခါတလဲလဲ ငြင်းဆိုမိတာက သူမ အမှန်တကယ်ပင် ကျေးဇူးကန်းရာရောက်ပေသည်။

“… အစ်ကိုချင်၊ ကျေးဇူးပါ။”

ထိုအခါမှသာ ချင်မင်ဟုန်သည် သူ့စိတ်ထဲမှ ဒေါသ အနည်းငယ် လျော့ပါးသွားသည်ကို ခံစားလိုက်ရပြီး ကျီကျောက်ကို ကူတွဲပြီး စားသောက်ဆိုင်ဆီသို့ လျှောက်သွားခဲ့သည်။

“လန်ဟွာတို့မိသားစုက တတိယချွေးမ အာ့ထောင်မလား” ခရိုင်မြို့သို့ ကုန်စည်ပို့ဆောင်ရန် ရောက်ရှိလာသော ကျီကွေ့ဟွားသည် ကျီကျောက်၏ ဘေးတိုက်ပုံရိပ်ကို တစ်ချက်လှမ်းမြင်လိုက်သည်။ သူမသည် မသိစိတ်အရ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူမ အမြင်မှားတာ မဟုတ်ကြောင်း အတည်ပြုပြီးနောက် အနည်းငယ် ဇဝေဇဝါဖြစ်မိသွားသည်။

ဟုန်ရှင်းစားသောက်ဆိုင်။

လက်ထောက်ဆိုင်ရှင်ယို့နှင့် မာထုန်တို့သည် အရက်မူးပြီး အိမ်ပြန်သွားကြသည်။

ချင်မင်ဟုန်က ကျီကျောက်ကို ခန်းမထဲမှာ ထိုင်ဖို့ ကူညီပေးခဲ့သည်၊ “ငါ အစေခံတစ်ဦးကို အိမ်ပြန်လွှတ်ပြီး သမားတော် သွားပင့်ခိုင်းထားတယ်။”

“ဟုတ်ကဲ့” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။

သို့သော် သူမ ပြုံးလိုက်သောအခါတွင် သူမ၏ မျက်နှာမှာ နာကျင်သွားသည်။

နာရီဝက်လောက်ကြာတော့ သမားတော် ရောက်လာသည်။

ကံကောင်းထောက်မစွာဖြင့် ကျီကျောက်သည် အပေါ်ယံဒဏ်ရာများသာ ရရှိခဲ့ပြီး သူမ၏ ကြွက်သားများနှင့် အရိုးများကို မထိခိုက်ခဲ့ပေ။

သမားတော်က သူမရဲ့ ခြေဆစ်ကို ပြန်တည့်ပေးပြီးနောက်တွင် ဆေးအဆီ တစ်ပုလင်း ပေးခဲ့သည်။

“တစ်နေ့ကို နှစ်ကြိမ်လိမ်းပေး။ ဒဏ်ရာကို ဆေးမလိမ်းခင် နင့်လက်တွေကို သေချာဆေးကြောပြီးမှ လိမ်းပေးရမယ်။”

“ကောင်းပါပြီ၊ ကျေးဇူးပါ၊ သမားတော်လူကြီးမင်း”

ကျီကျောက်သည် လေးထောင့် စားပွဲတွင် ထိုင်ကာ အတွေးများနေသည်။

အကယ်၍ သူမ ဒီလိုမျက်နှာနဲ့ ပြန်သွားမယ်ဆိုရင် ရှန်းယောင်နဲ့ တခြားသူတွေ စိတ်ပူသွားမှာ သေချာတယ်။ ထို့အပြင် ကျီဟွေ့နှင့် ပတ်သက်သည့်ကိစ္စကို ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးပေ။ အချိန်အတော်ကြာစဉ်းစားကြည့်ပြီးနောက် ကျီကျောက်သည် စကားတစ်ခွန်းမှ မပြောဘဲ ဘေးတွင် ထိုင်နေသော ချင်မင်ဟုန်ကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“အစ်ကိုချင်၊ ညီမကို အကူအညီတစ်ခုလောက် ပေးနိုင်မလား။”

နေဝင်ရီတရောအချိန်နီးကပ်လာသည့်တိုင် ကျီကျောက် အိမ်မပြန်သေးပေ။

တစ်နည်းနည်းနဲ့ ရှန်းယောင် စိတ်မအေးသလို ခံစားရသည်။

“နင် ဆေးသောက်လိုက်ဦး” ကျောက်လန်ဟွာသည် ဆေးရည်ပန်းကန်လုံးကို အခန်းထဲ ယူလာပေးသည်။ သူမသည် သားဖြစ်သူ၏ အာရုံလွင့်နေသောအမူအရာကို မြင်သောအခါ စနောက်ကျီစယ်လိုက်သည်။

“နင် အာ့ထောင်ကို လွမ်းနေတာလား။”

ရှန်းယောင်သည် ဆေးပန်းကန်လုံးကို တိတ်တဆိတ်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

သို့သော် သူ့နားရွက်ထိပ်ဖျားများက သိသိသာသာ နီရဲနေသည်။

“အာ့ထောင်က လူလွှတ်ပြီး ပြောလိုက်တယ်မလား။ သူမ ဒီနေ့ လုပ်စရာရှိလို့ နောက်ကျမယ်တဲ့။ ငါ‌တော့ သူမ စားသောက်ဆိုင်မှာ နှစ်ရက်လောက် နေရမှာကို စိုးမိတယ်” ကျီကျောက်အကြောင်းကိုပြောတဲ့အခါ ကျောက်လန်ဟွာ၏ လေသံမှာ ချစ်မေတ္တာတွေအပြည့်ရှိသည်၊ “ဒါပေမယ့် ဒီနေ့ အရမ်းအေးတယ်။ စားသောက်ဆိုင်က စောင်တွေက မထူမှာ စိုးတယ်။”

ရှန်းယောင်က မျက်လွှာချပြီး ဘာမှ ပြန်မပြောပေမယ့် ကျီကျောက်ကို ကျောက်လန်ဟွာထက်ပင် သူက ပိုစိုးရိမ်နေမိသည်။

“လန်ဟွာ၊ လန်ဟွာ၊ နင် အိမ်မှာ ရှိလား။”

ခြံတံခါးအပြင်ဘက်တွင် အသားလုံးကြော်ပန်းကန်ကို ကိုင်ဆောင်ထားသည့် ကျီကွေ့ဟွားက ကျယ်လောင်စွာ လှမ်းအော်ခေါ်နေသည်။

“လာပြီ။”

“ငါတို့မိသားစုက အခုလေးတင် အသားလုံးကြော်ထားတာ၊ အခုထိ ပူနေတုန်းပဲ။ ငါနင့်အတွက် တစ်ပန်းကန် အထူးလာပို့ပေးတာ။ နင်တို့မိသားစု အခုထိ ညစာမစားရသေးဘူးမလား။ မြည်းကြည့်ပါဦး။”

“ကောင်းပြီ၊ ငါ တစ်ခုလောက် မြည်းကြည့်လိုက်မယ်” ကျောက်လန်ဟွာက အသားလုံးကြော်ပန်းကန်ကို ဝမ်းသာအားရ လှမ်းယူလိုက်သည်၊ “အရသာရှိတယ်၊ တကယ်အရသာရှိတယ်။”

“ဟုတ်တယ်၊ အရသာရှိတယ်မလား” ကျီကွေ့ဟွားက ပြုံးပြုံးလေး ပြောသည်၊ “အရင်တုန်းက ငါ့အမျိုးသားကလေ ငါကြော်တဲ့ အသားလုံးကြော်ဆို ငန်သလေး ချဉ်သလေးနဲ့ မကြိုက်ဘူး။ ဒီနှစ်တော့ ကျီကျောက် သင်ပေးတဲ့ နည်းလမ်းနဲ့ ကြော်လိုက်တာ ငါ တစ်ခါတည်း အောင်မြင်သွားခဲ့တယ်။ ကျီကျောက်ကို ကျေးဇူးတင်ရမယ်။ ငါ့အမျိုးသားလည်း အတော်လေး ကြိုက်သွားတယ်။ ဒါနဲ့ စကားမစပ်၊ အာ့ထောင်ရော ဘယ်မှာလဲ။ ငါ သူ့ကိုလည်း မြည်းကြည့်စေချင်တယ်။”

“အာ့ထောင်က အိမ်မှာ မရှိဘူး။ မနက်ဖြန်ကျမှ သူ့ကို မြည်းခိုင်းလိုက်မယ်လေ။”

“အိမ်မှာ မရှိဘူးလား” ကျီကွေ့ဟွားက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်သွားသည်၊ “ဒါဆို ငါ နေ့ခင်းတုန်းက ခရိုင်မြို့လမ်းကြားမှာ တွေ့ခဲ့သူက အာ့ထောင် ဖြစ်နေမလားပဲ။”

“ဘယ်လမ်းကြားလဲ။”

“ငါ့အမျိုးသားကို ကုန်ပစ္စည်းတွေ ကူပို့ပေးဖို့ ခရိုင်မြို့ကို လိုက်သွားတုန်းက ငါ အာ့ထောင်ကို လှမ်းတွေ့လိုက်တယ်။ သူ့ဘေးမှာ အတော်လေးချောတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ သူက အာ့ထောင်ကို ကူတွဲပေးနေရတယ်၊ ဒါပေမယ့် အဲဒီလူက ခြေထောက်ထော့နဲ့ထော့နဲ့ ဖြစ်နေတာဆိုတော့ ငါက အာ့ထောင် မဟုတ်လောက်ဘူးလို့ ထင်လိုက်တာ။ ဒါပေမယ့် ငါလည်း မသေချာပါဘူးဟယ်။”

ရှန်းယောင်သည် သူတို့နှစ်ယောက်၏ စကားစမြည်ပြောတာကို ကြားလိုက်ရချိန်တွင် သူ့နှလုံးသား ရုတ်တရက် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

***

All Chapters