← Chapters

တောဝက်က သူ့ဘာသာသူ တံခါးပိတ်နိုင်လို့လား

Vol. 13 Ch. 216

တောဝက်က သူ့ဘာသာသူ တံခါးပိတ်နိုင်လို့လား

Vol. 13 Ch. 216

“အဖိုး၊ အမေ၊ သမီး မီးဖိုချောင်ထဲ သွားကူလိုက်ဦးမယ်။”

ကျီကျောက်က အပြုံးဖြင့် မီးဖိုချောင်ထဲ ဝင်သွားသည်။

မြေပဲချိန်နေသော ထျန်ရှို့အယ်သည် သူမကို မြင်တော့ မကျေမနပ် မျက်မှောင်ကြုတ်သွားသည်။

“နင် ဘာလာလုပ်တာလဲ။ ထွက်သွား။”

“ရှင် ကျွန်မတို့ကို အဆိပ်ခတ်နေမလားလို့ ဒီမှာ တစ်ချက် လာစစ်ကြည့်တာ။”

“ကောင်မစုတ်လေး နင် ဘာပြောနေတာလဲ” ထျန်ရှို့အယ်က အံ့အားသင့်သွားပြီး သူမမျက်နှာပေါ်ရှိ အမူအရာက ပိုလို့တောင် တုန်လှုပ်ချောက်ချားသွားသည်။

“ကျွန်မက ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ။ ရှင် ဘာဖြစ်လို့ ဒီလောက်လန့်သွားရတာလဲ” ထျန်ရှို့အယ်သည် တမင်တကာ ဒေါသထွက်သလို စကားဆိုလိုက်သည်၊ “နင့်ကို ဒီမှာ မကြိုဆိုဘူး။ မြန်မြန်ထွက်သွား”

“ကောင်းပြီလေ” ကျီကျောက်က နာခံမှုရှိစွာ ပြန်ဖြေလိုက်သည်။

သူမ တကယ်ထွက်သွားတာကိုမြင်တော့ ထျန်ရှို့အယ်က ပိုလို့တောင် ခံစားချက် ဆိုးရွားသွားသည်။

ဒီလျှာစောင်းထက်တဲ့ ကောင်မစုတ်လေးက တစ်ခုခုကို ရှာတွေ့သွားခဲ့တာလား။

သို့သော် သူမသည် မည်သူမျှ မတွေ့နိုင်အောင် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။

ကျီကျောက်သည် မီးဖိုချောင်မှ ထွက်လာပြီးနောက် သူမ ချက်ချင်း မထွက်ခွာခဲ့ပေ။

အဲဒီအစား သူမသည် မီးဖိုချောင်နံရံခြေရင်းကို လျှောက်သွားပြီး ဖြည်းဖြည်းလေး ငုတ်တုတ်ထိုင်ချလိုက်သည်။

တိုက်ဆိုင်စွာပင်၊ သူမ၏ ပုံရိပ်ကို လုံးဝ ဖုံးကွယ်ပေးနိုင်သည့် ဇောက်နက်နက် ရေဇလားကြီး တစ်ခု ရှိသည်။

မနေ့ညက မြင်မက်ခဲ့တဲ့ အိပ်မက်က အရမ်းရွံဖို့ကောင်းတယ်။

သူမ၏ အိပ်မက်ထဲတွင် စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းတစ်ခုကို မြင်မက်ခဲ့သည်။

ယခုအချိန်မှာတော့ သူမသည် ထိုမြင်ကွင်းဖြစ်မလာစေရန် စိတ်ရှည်ရှည်နှင့် တိတ်တိတ်လေး စောင့်ဆိုင်းရန်သာ လိုအပ်သည်။

အခြားတစ်ဖက်တွင်မူ။

ထျန်ကွမ်းရှန့်၏ စကားကိုကြားပြီးနောက် ကျောက်လန်ဟွာ မျက်မှောင်ကြုတ်လိုက်သည်။

“လျန်းခြောက်ဆယ်လား။”

“ဟုတ်တယ်” ထျန်ကွမ်းရှန့်က စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်၊ “လန်ဟွာ၊ နင့်မောင်လေးနှစ်ယောက်က မငယ်တော့ဘူး၊ အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီ။ ဒါကို နင်လည်း သိပါတယ်။ ဒီနှစ်တစ်လျှောက် ငါလည်း ပိုက်ဆံနည်းနည်းစုဆောင်းထားပေမယ့် နင့်မောင်အကြီးဆုံးအတွက် သတို့သမီးဘက်ကနေ တောင်းတဲ့ သတို့သမီးကြေးက လျန်းသုံးဆယ်တဲ့။ ငါ့သားနှစ်ယောက်စလုံးရဲ့ သတို့သမီးကြေးက တန်းတူဖြစ်သင့်တယ်လို့ ငါထင်တယ်။”

“ပြီးတော့၊ နင်လည်း ငါတို့အိမ်ကို မြင်တာပဲ။ မီးဖိုချောင်နဲ့ အိမ်အရှေ့ဘက်တောင်ပံနားမှာ အမိုးတွေပေါက်နေတယ်။ ဒီအိမ်ကို ပြန်ပြင်ဖို့လိုတယ်။”

“ဒါပေမယ့် ငွေလျန်းခြောက်ဆယ်က အရမ်းများလွန်းတယ်။”

“လန်ဟွာ၊ မင်းအခက်တွေ့နေမယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါမင်းကို ငွေချေးစာချုပ်တစ်စောင်ရေးပေးဖို့ ဆန္ဒရှိတယ်၊ အဲ့စာချုပ်မှာ နင့်မောင်နှစ်ယောက်ကိုပါ လက်ဗွေနှိပ်ခိုင်းပေးမယ်။ မင်း ဘယ်လိုထင်လဲ။”

“အဖေ၊ သမီးတစ်ယောက်တည်း ဒါကို ဆုံးဖြတ်ချက်ချလို့ မဖြစ်ဘူး။ သမီးပြန်ရောက်တဲ့အခါ တာ့ရှန်နဲ့ ဒီအကြောင်းကို ဆွေးနွေးလိုက်ပါ့မယ်။”

“ဒါပေါ့။ ဒါဆို မင်း တာ့ရှန်နဲ့ ကောင်းကောင်းဆွေးနွေးကြည့်လိုက်ပါ။ တာ့ရှန်က ကြင်နာပြီး ရိုးသားတဲ့ ကောင်လေးပဲ။ သူက သေချာပေါက် သဘောတူလိမ့်မယ်” ထျန်ကွမ်းရှန့်က သူ့ဆေးတံကို ခေါက်ပြီး ဖြည်းညှင်းစွာပြောသည်၊ “လန်ဟွာ၊ ငါမင်းကို ဒီနှစ်တစ်လျှောက်လုံး နှိမ့်ချနေထိုင်စေခဲ့မိတယ်။ ပြောရရင် အဲဒီတုန်းက မင်းရဲ့ မျိုးရိုးနာမည်ကို ပြောင်းခွင့်ပြုတာကလွဲလို့ ငါ့မှာ အခြားရွေးချယ်စရာမရှိခဲ့ဘူး။”

“ဒီနှစ်တွေမှာ ငါ ဒီအကြောင်းကို ပြန်တွေးတိုင်း စိတ်မကောင်းဖြစ်မိတယ်” ထျန်ကွမ်းရှန့်သည် စကားပြောလေလေ ပိုဝမ်းနည်းလာလေလေ ခံစားရသည်၊ “မင်းစိတ်ထဲမှာ ငါ့ကို မုန်းနေလောက်တယ်၊ ဟုတ်တယ်မလား။”

“မဟုတ်ပါဘူး” ကျောက်လန်ဟွာက ခေါင်းကို ညင်သာစွာ ခါလိုက်သည်၊ “အဖေက သမီးအပေါ် အရမ်းကောင်းပါတယ်” ထိုအချိန် နယ်လှည့်တာအိုဘုန်းတော်ကြီးက ကျောက်လန်ဟွာဟာ မွေးမိခင်၊ ဖခင်ကို ကံဆိုးစေလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့စဉ်က ထျန်မိသားစု၏ ဘိုးဘွားခန်းမမှ အကြီးအကဲများသည် သူမကို ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနစ်သတ်ဖြတ်ပစ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တကယ်တော့ သူတို့အမြင်မှာ မိန်းကလေးတွေရဲ့ ဘဝဟာ တကယ် ဈေးပေါပေသည်။ မိဘကို ကောင်းကျိုးမပေးတဲ့ မိန်းကလေးကို မစောင့်ရှောက်ပေးနိုင်ဘူး။

အဆုံးမှာတော့ ထျန်ကွမ်းရှန့်ဟာ သူမအသက်ကို ကယ်တင်နိုင်စေရန်အလို့ငှာ မျိုးရိုးနာမည်ကို ပြောင်းလဲဖို့ အကြံပေးခဲ့သည်။

ကျောက်လန်ဟွာရဲ့ နှလုံးသားထဲမှာ သူမအဖေက သူမကို အမြဲကာကွယ်ပေးတယ်လို့မှတ်ယူထားသည်။

“ငွေလျန်း ( ၆၀ ) က အရမ်းများတယ်ဆိုတာ ငါသိတယ်။ နင့်မောင်ငယ်နှစ်ယောက် လစာတိုးလာတဲ့အခါကျရင် ငါတို့ နင့်ပိုက်ဆံကို သေချာပေါက် ပြန်ဆပ်ပေးပါ့မယ်။”

“ဒါနဲ့ စကားမစပ်၊ တာ့လန်ရဲ့ အစာသွပ်မုန့်ဆိုင်က စီးပွားရေး ပိုကောင်းပြီးရင်း ပိုကောင်းလာတယ်လို့ငါကြားတယ်။”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စီးပွားရေး တကယ်ဆိုးရွားခဲ့တယ်။ တာ့လန်တို့လင်မယားက အတော်လေး ရုန်းကန်ကြိုးစားခဲ့ရတယ်” ကျောက်လန်ဟွာက သူမ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချပြီး တိုးတိုးလေး ပြောသည်၊ “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း၊ အာ့လန်က သူ့အလုပ်သင်ကာလကို ပြီးမြောက်ခဲ့ပြီးပြီဆိုတော့ သမီးတို့မိသားစု ပိုကောင်းလာပါလိမ့်မယ်။”

“ပိုကောင်းလာမယ်ဆိုတာ အကောင်းဆုံးပဲ။”

“ဟုတ်တယ်” ကျောက်လန်ဟွာက ပြုံးပြီး ဂရုတစိုက် မေးလိုက်သည်၊ “ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အဖေ ချောင်းဆိုးတာ အတော်လေး ဆိုးရွားတယ်လို့ ဒေါ်လေးကျူးက ပြောတယ်။ အခုရော ပိုကောင်းလာပြီလား။ သမားတော်ရော ပြကြည့်ထားသေးလား။”

“ဒါက နှစ်အတော်ကြာ ဖြစ်ပျက်နေတဲ့ ဝေဒနာဟောင်းပဲ” ထျန်ကွမ်းရှန့်က သူ့လက်ကို မထူးခြားသလို ဝှေ့ယမ်းပြီး ပြောလိုက်သည်၊ “ရာသီဥတုက ပူနွေးလာတဲ့အခါကျရင် ပိုကောင်းလာလိမ့်မယ်။”

ပိုက်ဆံချေးတဲ့အကြောင်းအရာကို ပြောဆိုပြီးနောက် သားအဖနှစ်ယောက်သား တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။

“သမီး မီးဖိုချောင်ထဲကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်” ကျောက်လန်ဟွာက ခဏလောက်စဉ်းစားပြီး မတ်တပ်ထရပ်လိုက်သည်။

“အတူသွားကြမယ်။”

ထိုအချိန်တွင် မီးဖိုချောင်ပြတင်းပေါက် အပြင်ဘက် နံရံအောက်တွင် ထိုင်စောင့်နေသော ကျီကျောက်သည် မီးဖိုချောင်ထဲမှ ထွက်လာသော အသံများကို ကြားလိုက်ရသဖြင့် သူမ၏ နားရွက်များကို ရွံရှာစွာ ဖုံးအုပ်ထားမိသည်။ ထို့နောက် သူမသည် တံခါးနားကို ခြေဖျားထောက်လျှောက်ကာ သော့ခတ်လိုက်သည်။

မီးဖိုချောင်ထဲတွင် ထျန်ရှို့အယ်ဟာ လူတစ်ယောက်နှင့် ဖော်ပြလို့ငှာမစွမ်းသာသော ကိစ္စရပ်တစ်ခုကို အတူလုပ်ဆောင်နေခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်အတွင်း သူမ ပြုလုပ်လိုက်တဲ့ အသံတွေက တကယ့်ကို ရွံရှာစရာပါပဲ။

“လန်ဟွာ”

“အမေ”

ရှန်းတာ့ရှန်သည် ရှန်းတာ့လန်နှင့် ရှန်းယောင်တို့ကို ဦးဆောင်းပြီး ထျန်မိသားစုအိမ်ထဲသို့ ဝင်လာခဲ့သည်။

“တာ့ရှန် ရှင် ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ။”

“သိပ်မကြာသေးခင်က ထျန်ကျားစွင်ရွာမှာ တောဝက်နဲ့ မြွေပါတွေ မကြာခဏ ပေါ်လာတတ်တယ်လို့ ဦးလေးကျူးဆီကနေ ငါကြားတယ်။ ဒါနဲ့ မင်းတို့ကို စိတ်ပူပြီး လိုက်ခဲ့တာလေ” ရှန်းတာ့ရှန်က ကျောက်လန်ဟွာ၏ ရှေ့သို့ ကမန်းကတန်း လျှောက်လာခဲ့သည်၊ “တောဝက်ရိုင်းတွေ တံခါးဝဆီ ပြေးလာတာလား။”

“တောဝက်လား” ထျန်ကွမ်းရှန့်သည်လည်း ကြက်သေသေသွားသည်၊ “ငါတော့ မကြာသေးမီက တောဝက်ရိုင်းတွေအကြောင်း တစ်ခါမှ မကြားမိပါဘူး။”

“သားကြီး၊ ဘာဖြစ်တာလဲ” ရှန်းတာ့ရှန်းက ခေါင်းငိုက်စိုက်ဖြစ်နေသော ရှန်းတာ့လန်ကို မသိစိတ်က လှည့်ကြည့်လိုက်သည်။

“အာ့ထောင်က ကျွန်တော့်ကို ပြောလို့။”

“အာ့ထောင်ကလား။”

ထိုအခါမှသာ ကျောက်လန်ဟွာသည် အာ့ထောင်တစ်ယောက် ပျောက်နေမှန်း သိလိုက်ရသည်။

“အမေ” ကျီကျောက်သည် လူအုပ်ရှေ့သို့ ပြေးဝင်လာခဲ့သည်၊ “တောဝက်ရိုင်း တကယ်ရှိတယ်။ သမီး အခုလေးတင် မြင်လိုက်တာ။ အနက်ရောင် တောဝက်ရိုင်းကြီးတစ်ကောင် မီးဖိုချောင်ထဲကို ပြေးဝင်သွားတယ်။”

“ငါ ပေါက်ပြားယူလာခဲ့တယ်။”

“ငါက ကြိုးယူလာရမလား။”

“ဘာပဲဖြစ်ဖြစ် ဒီတောဝက်ကို ဒီနေ့ ရအောင် ဖမ်းရမယ်။”

“ခဏနေဦး” အခြားအမျိုးသား စိတ်လှုပ်ရှားနေချိန်တွင် ရှန်းယောင်က ရုတ်တရက် ထအော်လိုက်သည်၊ “တောဝက်ရိုင်းက တံခါးကို သူ့ဘာသာသူ ပိတ်နိုင်လို့လား။”

ထိုအချိန်တွင် မီးဖိုချောင်ထဲတွင် လော်လီဖောက်ပြားနေသည့် ထျန်ရှို့အယ်သည် သူမ၏ နှလုံးသား ခုန်ထွက်တော့မလို ခံစားလိုက်ရသည်။

“ကောင်စုတ်လေး၊ နင့်အဖေ အိမ်က မထွက်ခင် နင်ငါ့ကို လာရှာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”

“ဒေါ်လေးရှို့အယ် ကျုပ် ခင်ဗျားကို လွမ်းလို့လေ။”

ထျန်ရှို့အယ်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသောလူက ညစ်ညမ်းသော အပြုံးဖြင့် “ဒေါ်လေးရှို့အယ် ကြောက်နေတာလား။” ဟု မေးလိုက်သည်။

“ငါ အသက်ရှင်လာလာ ကြာပြီ။ ဒီအသက်အရွယ်အထိ ငါ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး။”

ထျန်ရှို့အယ်သည် သူမအပေါ်တွင် လဲလျောင်းနေသော အမျိုးသားကို တွန်းဖယ်ပြီး သူမ၏ အင်္ကျီကို အမြန်ပြန်ဝတ်လိုက်သည်။ ထို့နောက် သူမသည် ဆံပင်ကို စုစည်းပြီး တံခါးကို အမြန်ဖွင့်လိုက်သည်။

“ဘာတွေ ဆူညံပွက်လောရိုက်နေတာလဲ။”

ထျန်ရှို့အယ်က မကျေမနပ်နဲ့ တံတွေးထွေးလိုက်သည်၊ “ငါ အခုလေးတင် ထမင်းချက်နေတာ။ နင်တို့တွေ ဘာဖြစ်လို့ ဒီနားမှာ ဆူညံပူညံလာလုပ်နေတာလဲ။”

“ရှန်းယောင် အဖွားက အရမ်းကြမ်းတမ်းလွန်းတယ်…” ကျီကျောက်သည် ရှန်းယောင်၏ နောက်မှာ ပုန်းလိုက်ကာ ဝမ်းနည်းတဲ့အမူအရာနဲ့ ပြောလိုက်သည်၊ “ဒါပေမယ့် တောဝက်ကြီး မီးဖိုချောင်ထဲ ပြေးဝင်သွားတာ ကျွန်မ တကယ် မြင်လိုက်ရတယ်။”

“ထွက်သွား” ထျန်ရှို့အယ်သည် ခါးထောက်ပြီး ကျီကျောက်ကို မျက်စောင်းထိုးလိုက်သည်။

“ရှန်းယောင်၊ ကြည့်ပါဦး။ ပြတင်းပေါက်နားမှာ အဲဒီ တောဝက်ရိုင်း မဟုတ်ဘူးလား။”

ကျီကျောက် ထိုသို့ ပြောပြီးသည်နှင့် တပြိုင်နက် နာကျင်စွာ အော်ဟစ်လိုက်သံကို လူတိုင်း ကြားလိုက်ရသည်။

“ဝမ်းကွဲအစ်ကိုထျန်ချင်း” ကျောက်လန်ဟွာက အနက်ရောင်ပုံရိပ်ကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိပြီး သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်၊ “ဝမ်းကွဲအစ်ကို ငါ့မိသားစုရဲ့ မီးဖိုချောင်ထဲကို ဘာဖြစ်လို့ ရောက်နေတာလဲ။”

“ကျွတ်စ် ကျွတ်စ်…” ထျန်ချင်းသည် စကားစပြောလုဆဲဆဲမှာပင် သူ့နောက်မှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသဖြင့် ကျွတ်သပ်လိုက်မိသည်။

***

All Chapters