အခန်း (၂၁၇)
Vol. 13 Ch. 217
ထျန်ချင်းဟုခေါ်သော မျောက်နှင့်တူသောလူသည် မသိစိတ်က သူ့တင်ပါးများကို ထိလိုက်သည်။ သူ့လက်ထဲက သွေးများကိုမြင်တော့ သူ အရမ်းထိတ်လန့်သွားပြီး မူးမေ့လုမတတ်ဖြစ်သွားခဲ့သည်။
“အာ…” ကျီကျောက်က ရုတ်တရက် ထအော်လိုက်သည်၊ “ရှန်းယောင် အဲဒီလူရဲ့ လက်မောင်းကို တစ်ချက်ကြည့်ပါဦး။ အဲဒါက ဆရာ တစ်ခါက ပြောဖူးတဲ့ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါလက္ခဏာမလား။”
လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါလား။
ဒီစကားလုံးကို ကြားတဲ့သူတိုင်း မသိစိတ်က နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားကြသည်။ ရှန်းယောင်သည် အာ့ထောင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ဖြစ်ပျက်နေတာကို နားလည်သဘောပေါက်သွားသည်။
“အာ့ထောင်” ရှန်းယောင်က သူမကို ကူကယ်ရာမဲ့စွာ ခေါင်းခါပြသည်။
“ကျွန်မပြောတာ မှားသွားလို့လားဟင်” ကျီကျောက်သည် ထိတ်လန့်တကြား ပါးစပ်ကို အုပ်လိုက်သော်လည်း သူ့မျက်လုံးတွေက အလွန်အပြစ်ကင်းစင်နေ၏။
ထျန်ချင်းသည် ကာလသားရောဂါဖြစ်နိုင်သည်ဟု ကြားသောအခါ သူ ထိတ်လန့်သွားသည်။
သူသည် မြေပြင်မှ အမြန်ထကာ ထျန်ရှို့အယ်အား ညှိုးငယ်သောအမူအရာဖြင့် စိုက်ကြည့်နေသည်၊ “ဒေါ်လေးရှို့အယ် ခင်ဗျားကို ကျုပ်ကို ဘယ်လိုလုပ်ရက်ရတာလဲ။”
“နင်… နင်… နင်… နင် ဘာတွေပြောနေတာလဲ။ ထွက်သွား” ထျိန်ရှို့အယ်သည် ထျန်ချင်းကို သတိပေးသည့်အကြည့်ဖြင့် လှမ်းကြည့်ပြီး ရှောင်ဖယ်ဖို့ ကြိုးစားသည်။
သို့ရာတွင် ထျန်ကွမ်းရှန်းသည် မိုက်မဲတဲ့သူမဟုတ်ပေ။ ဒီလောက် သိသာနေသော လော်လီဖောက်ပြားမှုကို သူ မမြင်ဘဲ ဘယ်နေပါ့မလဲ။
သူက ထောင့်နားမှာ မှီထားသော တံမြက်စည်းကို ကောက်ကိုင်ပြီး ထျန်ချင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်၊ “ခွေးကောင်၊ မင်းက တကယ့်ကို ခိုးနည်းသိတဲ့ လူယုတ်မာပဲ။”
“ဦးလေးကွမ်းရှန့်၊ ရပ်ပါ၊ ရပ်ပါတော့။”
ဆိုးဆိုးရွားရွား အရိုက်ခံရပြီးနောက် ထျန်ချင်းသည် တံခါးဆီသို့ တွားသွားထွက်ဖို့ ကြံရွယ်သော်လည်း အထဲကို ဝင်လာသော ထျန်ကွမ်းအန်ကို ဝင်တိုက်မိသွားသည်။
အုစ်…
“အစ်ကိုကြီး ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ” ထျန်ကွမ်းရှန့်သည် သူ့လက်ထဲက တံမြက်စည်းကို အမြန်ချလိုက်ပြီး ချက်ချင်းဆိုသလို ရှေ့တက်သွားခဲ့သည်။
“ကွမ်းရှန့်၊ မင်းရဲ့ ကလေးက ရူးသွားပြီ။ ငါက သူ့အဖေလို့ အခိုင်အမာပြောနေတယ်” ထျန်ကွမ်းအန်က စိုးရိမ်တကြီး ပြောလာခဲ့သည်၊ “မြန်မြန် သွားကြည့်လိုက်ဦး။ သူ အခု ငါ့အိမ်မှာ ပြဿနာရှာနေတယ်။”
“ရှောင်ထုန်က တကယ်ရူးသွားတာလား” ထျန်ချင်းသည် မထိန်းနိုင်ဘဲ ပြောလိုက်မိသည်၊ “သူက ဒေါ်လေးရှို့အယ်နဲ့ အဖေတို့ တိတ်တိတ်လေး မွေးထားတာ မဟုတ်ဘူးလား။ မဟုတ်ရင်က သူက ကြုံရာကျပန်းလူကို သူ့အဖေကို လိုက်ခေါ်ပါ့မလား။”
ဤစကားလုံးများသည် မိုးခြိမ်းသံနှင့် မခြားနားပေ။
ထျန်ကွမ်းရှန့်နှင့် ရှန်းမိသားစုဝင်အားလုံး ထိတ်လန့်သွားကြသည်။
“မင်း… မင်း အခုလေးတင် ဘာပြောလိုက်တာလဲ” ထျန်ကွမ်းရှန့်သည် သူ့အမြင်အာရုံတွေ မှောင်မိုက်သွားပြီး သူ့ခန္ဓာကိုယ် လဲပြိုကျသွားတော့မလို ခံစားလိုက်ရသည်။ ထျန်ရှို့အယ်၏ အပြစ်ရှိတဲ့ အမူအရာကို မြင်လိုက်ရတော့ သူ လုံးဝ မေ့လဲသွားခဲ့သည်။
ဤဟာသပြဇာတ်က တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
မသိလိုက်ဘဲ နေဝင်ရီတရော ဖြစ်လာခဲ့ပြီ။
ကျီကျောက်သည် ထျန်မိသားစု၏ မီးဖိုချောင်ကို ငှားကာ ရိုးရှင်းသော နှမ်းကိတ်မုန့် အနည်းငယ်ကို ပြုလုပ်ခဲ့သည်။
“မင်းသိတာ ကြာပြီလား” ရှန်းယောင်သည် နှမ်းကိတ်မုန့်စားနေသော ကျီကျောက်ကိုကြည့်ပြီး တိုးတိုးလေး မေးသည်၊ “ဟင့်အင်း၊ ပြီးခဲ့တဲ့ညက ကျွန်မ အိပ်မက် ထပ်မက်ခဲ့တာလေ။”
ကျီကျောက်က သူ့ကို ပြုံးပြသည်။
“ကျွန်မအိပ်မက်ထဲက အကြောင်းအရာတွေကို ရှင်သိချင်လား” ကျီကျောက်သည် နှမ်းကိတ်မုန့်ကို ကိုက်ပြီး ချိုသာစွာ ပြုံးလိုက်သည်။
“အင်း” ရှန်းယောင် ခေါင်းညိတ်သည်။
“အိပ်မက်ထဲမှာ ကျွန်မက အမေ့ကို အဖော်ပြုပြီး ထျန်ကျားစွင်ရွာကို လိုက်သွားတယ်။ အဖိုးက အမေ့ကို ပိုက်ဆံချေးပေးဖို့ပြောပေမယ့် အမေက ချက်ချင်း သဘောမတူခဲ့ဘူး။ ထျန်ရှို့အယ်က နာကျည်းစိတ်နဲ့ အမေ့ အကြိုက်ဆုံး ကြက်ဥမြေပဲထဲကို တစ်ခုခု ထည့်လိုက်တယ်။ နောက်တော့ အမေနဲ့ ကျွန်မ မူးလဲသွားကြတယ်။ ပြီးတော့ အမေနိုးလာချိန်မှာ ထျန်ချင်းက အမေ့ဘေးမှာ ကိုယ်လုံးတီးနဲ့ လဲလျောင်းနေတယ်။ အဲဒီနောက်မှာ ထျန်မိသားစုခန်းမက ဘိုးဘေးတွေ အားလုံး ရောက်လာကြတယ်…”
ကျီကျောက်က အေးအေးဆေးဆေး ပြောနေပေမယ့် ရှန်းယောင်ကတော့ သူ့လက်သီးတွေကို တင်းတင်းမဆုပ်မိဘဲ မနေနိုင်ခဲ့ဘူး။
“အမေ့ကို ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနစ်သတ်လုနီးပါးပဲ။ အမေက အသက်ရှင်ချင်တာမို့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့တယ်။ ကျွန်မ အိပ်မက်ကနေ မနိုးခင်မှာ ရွံစရာကောင်းတဲ့ မြင်ကွင်းတချို့ ကျွန်မရှေ့မှာ ပေါ်လာခဲ့တယ်။”
ကျီကျောက်က မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့သည်၊ “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျွန်မတို့အဖိုးက တစ်စုံတစ်ယောက်ရဲ့ သားတွေကို ပြုစုပျိုးထောင်ဖို့ ကူညီပေးခဲ့ရတာ ဖြစ်နိုင်တယ်…”
ထျန်ရှို့အယ်သည် ရုန့်ရင်းကြမ်းတမ်းသူဖြစ်ရုံသာမက ညစ်ညမ်းပြီး အရှက်မရှိသူလည်း ဖြစ်သည်။
“အဲ့တာကြောင့် ကျွန်မ အစ်ကိုကြီးကို နှစ်ခုလောက် ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ” ကျီကျောက်က အသံတိုးတိုးနှင့် ရှင်းပြသည်။
“ရှန်းယောင် ရှင် ကျွန်မရဲ့ လုပ်ရပ်အတွက် အပြစ်မတင်ပါဘူးနော်၊ ဟုတ်တယ်မလား” ကျီကျောက်က သူ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်ပြီး အသံတိုးတိုးနှင့် ရှင်းပြပေးသည်၊ “အစကတော့ ကျွန်မ ရှင့်ကို အကုန်ပြောပြချင်ပေမယ့် အိပ်မက်ထဲက အကြောင်းအရာတွေကို ကျွန်မ ထုတ်ပြောလိုက်တာနဲ့ ကျွန်မရဲ့ လည်ချောင်းထဲကနေ မခံမရပ်နိုင်လောက်အောင် နာကျင်ရတယ်ဆိုတာ ရှင်သိပါတယ်။ အဲ့တာကြောင့် ကျွန်မ ဒီအကြပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းကို ကိုယ်တိုင် ရှာဖွေဖြေရှင်းပြီးမှ အိပ်မက်ရဲ့ အကြောင်းအရာကို ပြောပြနိုင်တယ်။”
“အာ့ထောင် ကိုယ်မင်းကို အပြစ်မတင်ပါဘူး” ရှန်းယောင်က သူမနှင့် အကြည့်ချင်းဆုံပြီး သူ့လေသံက ပို၍ပင် နူးညံ့လာခဲ့သည်၊ “ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်မင်းကို အရမ်းကျေးဇူးတင်တယ်။”
အာ့ထောင်သာ အိပ်မက်ထဲမှာ အနာဂတ်ကို ကြိုမမြင်နိုင်ခဲ့ဘူးဆိုရင် အမေ တစ်ခုခုဖြစ်သွားမှာ စိုးကြောက်မိသည်။
“ဒါဆို ကျွန်မတို့ဘာဆက်လုပ်ကြမလဲ” ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မေးသည်၊ “အခု ဒီအခြေအနေအထိ ဖြစ်လာပြီဆိုတော့ ထျန်ရှို့အယ်က ကွာရှင်းပြတ်စဲခံရမှာ သေချာတယ် ဒါမှမဟုတ် သူ့ကို ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနစ်သတ်ခံရလောက်တယ်မလား။”
“မဖြစ်နိုင်ဘူး” ရှန်းယောင်က ပြတ်ပြတ်သားသား ခေါင်းခါပြသည်။
“ဘာလို့ မဖြစ်နိုင်တာလဲ။ ထျန်ရှို့အယ်က အဖိုးရဲ့ နောက်ကွယ်မှာ လော်လီဖောက်ပြားနေတာ သိသာထင်ရှားတယ်လေ။ ဒီအချိန်မှာတောင် အဖိုးက ဒါကို ဘာမှ မသိသလို ဟန်ဆောင်နေချင်သေးတာလား” ကျီကျောက်သည် ဒီအကြောင်းကို ပိုတွေးလေလေ သူမ နားမလည်နိုင်လေလေပင်။
“တခါတရံမှာ လူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အမှန်တရားထက် ကြောင်သူတော်တွေရဲ့ လိမ်ညာမှုကို ပိုယုံကြည်ချင်ကြတယ်။”
ရှန်းယောင်က တိုးသဲ့စွာ သက်ပြင်းချလိုက်သည်။
ရှန်းယောင် မျှော်လင့်ထားသည့်အတိုင်း ထျန်ရှို့အယ်က အရာအားလုံးကို ဝန်ခံပြီးနောက် ထျန်ကွမ်းရှန့်သည် တင်းမာသောမျက်နှာထားဖြင့် ဘာမှ မပြောပေ။
“တာ့ကျွမ်းနဲ့ ရှောင်ထုန်က ငါ့သားတွေလား။”
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထျန်ကွမ်းရှန့်သည် လေးလေးနက်နက် သက်ပြင်းချကာ ဒီမေးခွန်းကို ပျော့ညံ့စွာ မေးလိုက်သည်။
“ဟုတ်တယ်” ထျန်ရှို့အယ်က အရှက်မဲ့စွာ ပြန်ပြောလာခဲ့သည်၊ “အစ်ကိုကွမ်းရှန့် ရှင်က ကျွန်မထက် ဆယ်နှစ်ကြီးတယ်။ ကျွန်မ ရှင့်ကို လှည့်စားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် ကျွန်မ အရမ်းအထီးကျန်တယ်။ ရှင်က ကျန်းမာရေးမကောင်းဘူး။ ကျွန်မ နောင်တမရချင်ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်မ ထျန်ရှို့အယ်က အစ်ကိုထျန်ကွမ်းရှန့်ရဲ့ ဇနီး ဖြစ်နေတုန်းပဲမို့ ကျွန်မ ရှင့်ကို ပြုစုစောင့်ရှောက်ပေးမှာပါ။”
ထျန်ရှို့အယ်က သူမ၏ ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်သည်၊ “ရှင် ဒီကိစ္စကို စိတ်ထဲမထားသရွေ့ ကျွန်မ သူတို့နဲ့ အဆက်အသွယ်ဖြတ်မယ်လို့ ကတိပေးတယ်။”
ထျန်ကွမ်းရှန့်သည် လေးလေးနက်နက် သက်ပြင်းချပြီး နှစ်နာရီအတွင်းမှာပဲ သူ့နားထင်ပေါ်မှာ ဆံပင်ဖြူတွေ ပိုများလာခဲ့သည်။
“နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ လန်ဟွာက ကံဆိုးလွန်းတာကြောင့် ဒီကိစ္စ ဖြစ်ရတာပဲ။ သူမသာ အိမ်မပြန်လာခဲ့ဘူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်” ထျန်ရှို့အယ်သည် ဒီအကြောင်းကို ပိုတွေးလေလေ သူမ ဒေါသဖြစ်လာလေလေပင်။ သူမက ကျောက်လန်ဟွာအပေါ် ဤအရာအားလုံးကို အရှက်မဲ့စွာပင် အပြစ်ပုံချလိုက်သည်။
“ကျွန်မအမြင်ပြောရရင် သူ့ကို နောင်မှာ အိမ်ပြန်လာခွင့်မပြုတာ ပိုကောင်းလိမ့်မယ်။”
ထျန်ကွမ်းရှန့်သည် စိတ်ပျက်လက်ပျက် သူ့မျက်လုံးတွေကိုမှိတ်ထားပေမယ့် ထျန်ရှို့အယ်ကတော့ သူ့ဘေးနားမှာ တွတ်ထိုးနေဆဲပါပဲ။
ဘုန်း…။
ထျန်ကွမ်းရှန့်သည် ဒေါသတကြီးဖြင့် စားပွဲပေါ်မှ ပန်းကန်လုံးကြီးကို ယူကာ သူမခေါင်းပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်သည်။
အပြာရောင်ပန်းကန်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကကာ အပိုင်းပိုင်း အစစ ကွဲအက်သွားခဲ့သည်။
ထျန်ရှို့အယ်၏ ခေါင်းသည် အကြီးကြီး ပေါက်သွားခဲ့ပြီး သွေးများ ယိုစီးကျလာသည်။
“အရှက်မရှိတဲ့ ခွေးမ၊ နင့်အမှားကို အခုထိ ဝန်မခံချင်သေးဘူးလား။”
ထျန်ကွမ်းရှန့်သည် ဒီအကြောင်းကို တွေးရင်း ပိုပိုပြီး ဒေါသထွက်လာကာ မြေပြင်ပေါ်ရှိ ပန်းကန်ကွဲစကို ကောက်ယူပြီး ထျန်ရှို့အယ်ရဲ့ လည်ပင်းကို ဖြတ်ဖို့ ကြိုးစားလိုက်သည်။
“သွားသေလိုက်စမ်း၊ မိန်းမယုတ်။”
“အဖေ” အိမ်အပြင်မှာ စောင့်နေတဲ့ ကျောက်လန်ဟွာက ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားတော့ အလျင်အမြန် ပြေးဝင်သွားသည်၊ “အဖေ၊ အဲ့လို မလုပ်ပါနဲ့။ လူ့အသက်သတ်ဖြတ်တာက ဥပဒေကို ချိုးဖောက်တာပဲ။”
“ဥပဒေကို ချိုးဖောက်တာလား။ ငါ အခု အဲဒါကို ဂရုမစိုက်နိုင်တော့ဘူး။ ဒီမိန်းမယုတ်ကို ငါနဲ့အတူ ငရဲပြည်ကို ခေါ်သွားလိုက်မယ်။”
***