သင်တန်းကျောင်းကို စိန်ခေါ်ခြင်း
Vol. 16 Ch. 234
"ဟေ့... ကြည့်ရတာ ခင်ဗျားရဲ့ ဝမ်းကွဲညီအစ်ကိုနဲ့ ဟိုမိန်းကလေးကြားမှာ တစ်ခုခုတော့ ရှိနေပြီ ထင်တယ်နော်..."
ဂျိုနာဒိုက ရယ်ကျဲကျဲနဲ့ လှမ်းပြောနေတော့ ယွီဟွေးဖေးက သရဲဖြူကို တစ်ချက်ကြည့်လိုက်တာပေါ့။ အဲ့ဒီကောင်ရဲ့ ဝိညာဉ်နတ်မင်း ဆိုတဲ့ အဆင့်အတန်းနဲ့ဆိုရင်တော့ ဒါမျိုးတွေကို စိတ်ထဲရှိမှာ မဟုတ်ဘူး။ ပြီးတော့ ချိန်ယွဲ့ကို ကြည့်လိုက်ပြီးမှ ယွီဟွဲ့ဖေးက ပြန်ပြောလိုက်တယ်။
"စိတ်မပူပါနဲ့ဗျာ"
"ဒီလိုမိန်းကလေးမျိုးနဲ့ဆိုရင် ဘယ်သူမဆို ခင်သွားပြီဆိုတာနဲ့ သွေးသောက်ညီအစ်ကိုတွေပဲ ဖြစ်သွားကြတာဗျ"
ဒါကို ကြားတော့ စုန့်ချင်းက မျက်စောင်းကြီး ထိုးလိုက်တာပေါ့။
"ရှင်ကလည်း ဘာတွေ ပြောနေတာလဲ။ သူမရဲ့ ရုပ်ရည်က တကယ့်ကို လှပါတယ်ရှင်။ အကယ်၍ သူမသာ ဆံပင်အရှည်ထားလိုက်မယ်ဆိုရင်တော့ တကယ့်ကို ရင်သပ်ရှုမောစရာ အလှမျိုး ဖြစ်သွားမှာ။ အဲ့ဒီအချိန်ကျရင် ရှင့်လို လူပျိုသိုးကြီးတွေ တံတွေးတောက်တောက် ကျကုန်ကြဦးမယ်..."
ယွီဟွေးဖေးကလည်း မျက်လုံးလှန်ပြပြီး... "ပါးစပ်ကို ထိန်းပြောစမ်းပါ မြေးမလေးရာ။ ယုံချင်ယုံ၊ မယုံချင်နေ... မနက်ဖြန်ကျရင် ငါ မင်းအတွက် အဖွားတစ်ယောက်လောက် ရှာပေးလိုက်ရမလား"
စုန့်ချင်းက ဟွန့်ခနဲ လုပ်ပြီး သူ့ကို လျစ်လျူရှုလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်တယ်။
"ဂျိုနာဒိုရှင့်... ရှင်က သူဌေးယွီနဲ့ ပြောစရာ ကိစ္စရှိတယ်ဆို..."
ဂျိုနာဒိုက သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီး "ဟုတ်သားပဲ၊ ကျွန်တော် မေ့တော့မလို့"
သူက ဘဏ်ကတ်တစ်ခု ထုတ်ပြီး ယွီဟွေးဖေးကို ကမ်းပေးလိုက်တယ်။
"ဒါက အန်းကျိက ခင်ဗျားကို ပေးခိုင်းလိုက်တာပါ"
ယွီဟွေးဖေး ကြောင်သွားတာပေါ့။ "သူက ဒါကို ကျွန်တော့်ကို ဘာပေးတာလဲဗျ"
ဂျိုနာဒိုက ပြုံးလိုက်ပြီး... "အန်းကျိက ပြောပါတယ်၊ သူဟာ သူ့ဘဝမှာ တစ်ခါလောက်ပဲ ပထမဆုကို ရယူချင်ခဲ့တာပါတဲ့။ အဲ့ဒါဟာ သူ့သမီးလေး အန်နာ့ရဲ့ လေးနှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပေးချင်လို့ပါ။ ဒီလက်ဆောင်ဟာ တကယ့်ကို တန်ဖိုးရှိလွန်းပြီး သူ့သမီးအတွက်ရော၊ သူ့အတွက်ရော တစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေး ဖြစ်နေလို့ပါ... အဲ့ဒါကြောင့်လည်း သူဟာ အရှက်ကို ဘေးဖယ်ထားပြီး အသက်နဲ့လဲပြီး တိုက်ပွဲဝင်ခဲ့တာ"
"သူ မထင်ထားတာကတော့... ခင်ဗျားသာ သူ့ကို အနိုင်မပေးခဲ့ရင် အန်နာ့ရဲ့ ဆန္ဒကို သူ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလေ။ သူက ဆုဖလားကိုတော့ ယူလိုက်ပါပြီ၊ ဒါပေမဲ့ ဆုငွေကိုတော့ သူ မယူနိုင်ပါဘူး။ ပြီးတော့... ခင်ဗျားက တော်တော်လေး ပိုက်ဆံပြတ်နေပုံရတယ်လို့ သူက ပြောသွားတယ်ဗျ"
ယွီဟွေးဖေး တောင့်ခနဲ ဖြစ်သွားတာပေါ့။ သူက စုန့်ချင်းကို ဆွဲပြီး မေးတော့တာပဲ။ "မြေး... အဟွတ်... ရှောင်ချင်း... ငါ့မျက်နှာကို ကြည့်စမ်း။ သေသေချာချာ ကြည့်စမ်းပါဦး"
စုန့်ချင်းက နားမလည်သလိုနဲ့... "ဘာကြည့်ရမှာလဲ"
"ငါ့မျက်နှာပေါ်မှာ ဆင်းရဲသားဆိုတဲ့ စကားလုံးကြီး ရေးထားလားလို့။ အန်းကျိက ငါ့ကို တစ်ခါပဲ တွေ့ဖူးတာကို ငါက ပိုက်ဆံမရှိတဲ့ကောင်မှန်း သူက ဘယ်လိုလုပ် မြင်သွားတာလဲ"
စုန့်ချင်းနဲ့ ကျန်တဲ့သူတွေ ဒါကို ကြားတော့ တဝါးဝါး တဟားဟားနဲ့ ရယ်မောကုန်ကြတာပေါ့။ ချိန်ယွဲ့က ရယ်ရင်းနဲ့... "မျက်နှာပေါ်မှာ ရေးမထားပါဘူးဗျာ၊ ဒါပေမဲ့ ခုနက အန်းကျိကို ပိုက်ဆံပေးမယ် လုပ်တုန်းက ခင်ဗျားရဲ့ မျက်နှာမှာ ပေါ်လာတဲ့ အသားထဲက သွေးထွက်မတတ် နာကျင်နေတဲ့ အမူအရာကြီးကတော့လေ... ပိုက်ဆံ နည်းနည်းပါးပါး ရှိတဲ့သူဆိုရင် အဲ့ဒီလောက်ကြီး နာကျင်မှာ မဟုတ်ဘူးဗျ။ ဘယ်သူက ခင်ဗျားကို မရိပ်မိဘဲ နေမလဲ"
ယွီဟွေးဖေး "@#¥@%……"
ဂျိုနာဒိုက ကတ်ကို ယွီဟွေးဖေးရှေ့မှာ ချပေးလိုက်တယ်... "ယူထားလိုက်ပါဗျာ။ ဒါကို အန်းကျိရဲ့ ကျေးဇူးတင်လွှာလို့ပဲ သတ်မှတ်လိုက်ပါ"
ယွီဟွေးဖေးက စားပွဲပေါ်က ကတ်ကို ကြည့်ပြီး ညည်းညူနေမိပါလေရောလား... "တစ်ခုလောက် ပြောကြစမ်းပါဦးဗျာ။ ဒါကို ငါ ယူသင့်လား၊ မယူသင့်ဘူးလား။ အကယ်၍ ငါ ယူလိုက်ရင် ငါက ပိုက်ဆံမရှိတဲ့ ဆင်းရဲသားကြီးဆိုတာကို ဝန်ခံလိုက်သလို ဖြစ်သွားမှာ မဟုတ်လား။ ငါတို့ရဲ့ နိုင်ငံခြားသူငယ်ချင်းတွေက ငါ့ကို အထင်သေးသွားကြမှာလား"
"ရှင်က အဲ့ဒီလို လူမျိုး မဟုတ်လို့လား"
စုန့်ချင်းက နောက်လိုက်တော့ ယွီဟွေးဖေးရဲ့ မျက်လုံးတွေက လှန်တက်သွားတာပေါ့။ အားလုံးက သူ ရန်တွေ့ဦးမယ် ထင်ထားတာ၊ ဒါပေမဲ့ သူက အဲ့ဒီကတ်ကို ဝှတ်ခနဲ ဆွဲယူလိုက်ပြီး ပြောလိုက်တာက... "ဟုတ်သားပဲ။ အားလုံးလည်း သိနေကြပြီဆိုတော့ကာ ငါလည်း ဖုံးကွယ်မနေတော့ပါဘူးဗျာ။ အမှန်အတိုင်း ဝန်ခံလိုက်ပါ့မယ် ငါက ဆင်းရဲသားပါ၊ ဒါကိုတော့ ဘာမှတတ်နိုင်ဘူးဗျို့”
အားလုံးက ရယ်မောလိုက်ကြတာပေါ့။ ချွေ့ကျွယ်က... "သူ့ကို အပြစ်မတင်ပါနဲ့၊ ရှောင်ယွီခမျာ တကယ်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရရှာတာပါ" လို့ ဝင်ပြောပေးတယ်။
ဒါကို ကြားတော့ ဂျိုနာဒိုက နားမလည်နိုင်သလို မေးတယ်... "ဘယ်လိုမျိုး ခက်ခဲတာလဲဗျ"
ချွေ့ကျွယ်က ရှင်းပြရှာတယ်... "ရှောင်ယွီရဲ့ အဖိုးကြီး မဆုံးခင်မှာ သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ သူ့မြေးလေးကို အဲ့ဒီ အာဇာနည်ဗိမာန် သင်္ချိုင်းတော်ကြီးမှာ ဆက်ပြီး စောင့်ရှောက်ခိုင်းဖို့ပါပဲ။ ဒါပေမဲ့ လူပျိုလူလွတ် အရွယ်ကောင်းကြီးမှာ ဘယ်သူကများ အဲ့ဒီ တောနက် တောင်နက်ကြီးထဲမှာ မြှုပ်နှံခံချင်ပါ့မလဲ။ တစ်လကို ယွမ်တစ်ထောင်တည်းနဲ့လေ။ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက်ဆိုရင် ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စပေါ့။ ဒါပေမဲ့ ရှောင်ယွီကတော့ ဇဝေဇဝါ မဖြစ်ဘဲ နေခဲ့ရှာတာ"
ဒါကို ကြားလိုက်ရတဲ့အချိန်မှာ ဒီအကြောင်းကို မသိကြသေးတဲ့ ချန်ယိုတောက်၊ ဌာနမှူးဖူ၊ ချိန်ယွဲ့နဲ့ ဂျိုနာဒိုတို့ဟာ ယွီဟွေးဖေးကို အကြည့်သစ်တွေနဲ့ ကြည့်လိုက်ကြတာပေါ့။
ယွီဟွေးဖေးကိုယ်တိုင်တောင် ကြောင်သွားတယ်၊ သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လေးစားမိသွားလေရဲ့။
ချွေ့ကျွယ်က ဆက်ပြောတယ်... "ကျွန်တော်တို့ မထင်ထားတာကတော့ အဖိုးကြီး ဆုံးသွားပေမဲ့လည်း ကြီးမားလှတဲ့ အကြွေးနွံကြီးကို ထားခဲ့တာပါပဲ။ ယွမ်ရှစ်သိန်းကျော်ဗျ... သူက သူ့မိဘတွေကိုတောင် မပြောဘဲ ဒီဝန်ထုပ်ဝန်ပိုးကြီးကို တစ်ကိုယ်တည်း ထမ်းပိုးနေတာပါ"
လူတိုင်းက ယွီဟွေးဖေးကို ကြည့်တဲ့ အကြည့်တွေဟာ ပိုပြီးတော့ လေးစားမှုတွေနဲ့ ပြည့်နှက်လာတာပေါ့။
ယွီဟွေးဖေးကတော့ ကြောင်တောင်တောင်ကြီး ဖြစ်နေပြီး စဉ်းစားမိတာက... 'အမလေးဗျာ၊ ငါက တကယ်ကြီး ဒီလောက် မြင့်မြတ်တာလား' ဆိုပြီးတော့ပေါ့။ နွားကျောင်းသား၊ တိကျန့်နဲ့ သရဲဖြူတို့ရဲ့ မထီမဲ့မြင် အကြည့်တွေကို မြင်လိုက်ရတော့မှ သူ သတိရသွားတာ... သူက စေတနာ့ဝန်ထမ်း မဟုတ်ဘူး။ သူက အဲ့ဒီမှာ နေဖို့ အလိမ်ခံလိုက်ရတာလေ။
အဲ့ဒီနောက်မှာတော့ အဲ့ဒီကောင်က ရိုးသားဖြောင့်မတ်တဲ့ အပြုံးလေးကို ပြုံးပြရင်း မျက်နှာညှိုးညှိုးလေးနဲ့ပဲ အစားအသောက်တွေကို ဆက်စားနေတော့တာပေါ့။
ဌာနမှူးဖူက... "ညီလေးယွီက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတာ၊ ပိုပြီး အံ့သြစရာကောင်းတာကတော့ အေးအေးဆေးဆေး နေနိုင်တာပါပဲ။ မလွယ်ဘူးဗျာ" လို့ ချီးကျူးရှာတယ်။
ယွီဟွေးဖေးကတော့ ခိုးရယ်ချင်ပေမဲ့ ကြွားလိုက်ရင် တစ်ခုခုနဲ့ ထိမှန်မှာစိုးလို့ မနည်းထိန်းထားရတာပေါ့။
ချွေ့ကျွယ်က ဆက်ပြောပြန်တယ်... "အကြွေးကတော့ ထားလိုက်ပါတော့၊ အဓိကကတော့ သူဟာ တောင်ပေါ်က ဆွေမျိုးအချို့ကိုလည်း ခေါ်ယူပြီး အတူတူ ကျွေးမွေးစောင့်ရှောက်နေတာပါပဲ။ ဒီလူတွေ အားလုံးက သင်္ချိုင်းရှေ့က တည်းခိုခန်းလေးတစ်ခုကိုပဲ အားကိုးပြီး အသက်မွေးနေကြရတာလေ။ အဲ့ဒါက လွယ်ပါ့မလား။ သူသာ ခြိုးခြံချွေတာပြီး စေးနှဲမနေဘူးဆိုရင်တော့ အားလုံးဟာ ငတ်ကုန်ကြမှာပေါ့"
ဒါကို ကြားတော့ အားလုံးရဲ့ မျက်လုံးတွေဟာ တောက်ပလာပြီး နိုင်ငံတော်အဆင့် စံပြပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေကြတာပေါ့။
ယွီဟွေးဖေးကတော့... "အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ" လို့ ခပ်အေးအေးပဲ ပြန်ပြောလိုက်တာပေါ့။
စုန့်ချင်းလည်း ယွီဟွေးဖေးရဲ့ အကြောင်းကို အခုမှပဲ အသေးစိတ် သိလိုက်ရတာ။ သူမရဲ့ အကြည့်တွေကလည်း ပြောင်းလဲသွားပြီး နောက်ဆုံးတော့ သက်ပြင်းချလိုက်ကာ... "ရှင်က ဘာဖြစ်လို့ ဒီလောက် စေးနှဲနေရတာလဲဆိုတာ အခုမှပဲ နားလည်တော့တယ်" လို့ ပြောရှာတယ်။
ချွေ့ကျွယ်က ထပ်ဖြည့်ပြောတယ်... "ဟုတ်တယ်... ဘယ်သူကမှ မငယ်ချင်ကြဘူး၊ ဘယ်သူကမှလည်း ရူးရူးမိုက်မိုက် မနေချင်ကြဘူးလေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တချို့လူတွေကတော့ ပခုံးပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ မွေးဖွားလာကြပြီး အစောကြီးကတည်းက လူကြီးဖြစ်လာကြရတာပေါ့"
စကားဝိုင်းကတော့ တော်တော်လေးကို လေးနက်သွားတာပေါ့။ ယောက်ျားတွေကတော့ အဆင်ပြေပေမဲ့ စုန့်ချင်းနဲ့ ချိန်ယွဲ့တို့ကတော့ ယွီဟွေးဖေးကို သနားစရာကောင်းတဲ့ ခွေးလေခွေးလွင့်လေးတစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်နေကြတာ။
ယွီဟွေးဖေးက ချက်ချင်းပဲ ဖန်ခွက်ကို မြှောက်လိုက်ပြီး... "စကားအပိုတွေ ရပ်လိုက်ကြရအောင်ဗျာ၊ သောက်ကြမယ်”
"ဒီတစ်ခွက်ကတော့ သူဌေးယွီအတွက်ဗျို့” လို့ ဌာနမှူးဖူက အော်ပြောလိုက်တယ်။
အားလုံးက ဖန်ခွက်တွေကို မြှောက်လိုက်ကြတယ်... "သူဌေးယွီအတွက်”
ယွီဟွေးဖေးကော ဘာပြောနိုင်မှာလဲ။ သူကတော့ သောက်ပြီပေါ့။ ဒါပေမဲ့ သူကတော့ သတိကို အမြဲကပ်ထားပါတယ်၊ သရဲဖြူနဲ့ နွားကျောင်းသားတို့ ဘယ်လောက်အထိ သောက်နေလဲဆိုတာကို ခိုးပြီး ရေတွက်နေတာ။ ဘယ်အချိန်မှာ ထွက်ပြေးရမလဲဆိုတာကို တွက်ချက်နေတာကိုး။ တစ်ချိန်တည်းမှာပဲ သူက တိကျန့်ကိုလည်း မျက်တောင်မခတ် စောင့်ကြည့်နေတာ။ သူ သိတာကတော့ ဒီကလေးက ကြည့်ရတာ အပြစ်ကင်းစင်ပေမဲ့ တကယ့်ကို တွက်ချက်မှုမှာတော့ ထိပ်တန်းပဲလေ။ ဟိုတစ်ခေါက် ကိစ္စဖြစ်ကတည်းက သူတို့ ဘယ်လောက်ပဲ သောက်သောက်၊ တိကျန့်ကတော့ ဘယ်တော့မှ ပြဿနာထဲမှာ မပါဘူး။
အကယ်၍ တိကျန့်သာ လှုပ်ရှားလိုက်ရင် ယွီဟွေးဖေးကတော့ ပထမဆုံး ထွက်ပြေးမယ့်သူပဲ။ ဒါပေမဲ့ အချိန်နဲ့ သောက်ထားတာတွေကို တွက်ကြည့်ရင်တော့ နွားကျောင်းသားနဲ့ သရဲဖြူတို့ကတော့... နီးနေပြီ။
အဲ့ဒီအချိန်မှာပဲ လူအုပ်ကြီးတစ်ခုဟာ လုံဖင်တိုက်ကွမ်ဒိုသင်တန်းကျောင်းဆီကို အရှိန်အဟုန်နဲ့ ချီတက်လာကြတာပေါ့။ ရှေ့ဆုံးကနေ ဦးဆောင်လာတာကတော့ ကြည့်ရတာ တော်တော်လေး ကြမ်းပုံရတဲ့ တောင်ကိုရီးယား ယောက်ျားတစ်ယောက်ပေါ့။ သူ့နောက်မှာတော့ အဖြူရောင် တိုက်ကွမ်ဒို ဝတ်စုံတွေ ဝတ်ထားပြီး ကြည့်ရတာ တော်တော်လေး ခက်ထန်နေတဲ့ လူအုပ်ကြီးပေါ့ဗျာ။
သူတို့နဲ့အတူ ကင်မရာတွေ ကိုင်ထားတဲ့ သတင်းထောက်အချို့လည်း ပါလာကြတယ်၊ ဒါပေမဲ့ နာမည်ကြီး သတင်းဌာနတွေတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး သတင်းဌာနတစ်ခုက သတင်းထောက်တစ်ယောက်ကတော့ ပါလာပြီး သူ့ခေါင်းဆောင်ကို ပြောနေတယ်။
"မစ္စတာ ကင်ဇေဝူးရှင့်... ရှင်ကိုယ်တိုင် တကယ်ကြီး လှုပ်ရှားဖို့ လိုလို့လား။ ရှင်က လေယာဉ်ပေါ်က ဆင်းခါစပဲ ရှိသေးတယ်၊ မနားရသေးဘူးလေ။ ပြီးတော့ ဒါက ဒုတိယတန်းစား ကိုယ်ခံပညာ သင်တန်းကျောင်းလေးတစ်ခုပဲ မဟုတ်လား"
ကင်ဇေဝူးက ခေါင်းကို မော့လို့ ဂုဏ်ယူစွာနဲ့ ပြောလိုက်တာက... "ဒုတိယတန်းစား ဖြစ်ဖြစ်၊ မဖြစ်ဖြစ်... သူတို့က ငါ့ရဲ့ တပည့်တွေကို ရိုက်ခဲ့တာလေ။ သူတို့ အကျိုးဆက်ကို ခံစားရမယ်။ နောက်ပြီးတော့ တရုတ်လူမျိုးတွေ ပြောတဲ့ စကားပုံတစ်ခု ရှိတယ်... သိန်းငှက်တစ်ကောင်ဟာ ယုန်တစ်ကောင်ကို ဖမ်းရင်တောင် သူ့ရဲ့ ခွန်အားအားလုံးကို သုံးရတယ်တဲ့။ ငါ့ရဲ့ လက်ထဲမှာ ရှုံးနိမ့်ရတာကိုက သူ့အတွက် ဂုဏ်ယူစရာပဲ ဖြစ်ရမယ်"
သတင်းထောက်မလေးက ခေါင်းညိတ်ပြတယ်... "မစ္စတာကင် ပြောတာ မှန်ပါတယ်ရှင်။ ရှင့်ရဲ့ တိုက်ကွမ်ဒို ကျွမ်းကျင်မှုနဲ့ဆိုရင်တော့ ဒီလို ဒုတိယတန်းစား တစ်ယောက်ကို ကိုင်တွယ်ဖို့ကတော့ အေးဆေးပါပဲ" လို့ ပြောရှာတယ်။
ကင်ဇေဝူးကတော့ နှိမ့်ချမနေတော့ဘဲ ခေါင်းပဲ ညိတ်ပြလိုက်တာပေါ့။ အဲ့ဒီနောက်မှာ လုစန်းလို့ အမည်ရတဲ့ သတင်းထောက်မလေးက ကင်မရာဘက်ကို လှည့်ပြီး... "အခု မြင်တွေ့ရမှာကတော့ ကိုရီးယားနိုင်ငံရဲ့ လက်ရွေးစင် ချန်ပီယံဟောင်း၊ တိုက်ကွမ်ဒို ပါရမီရှင် မစ္စတာ ကင်ဇေဝူးကနေပြီးတော့ ကူလင်းမြို့ရဲ့ ထိပ်တန်းသင်တန်းကျောင်း ဆရာ ချန်ယိုတောက်ကို ဘယ်လိုမျိုး နှိမ်နင်းမလဲဆိုတာပါပဲ။ မိတ်ဆွေတို့ စိတ်လှုပ်ရှားနေကြပြီ မဟုတ်လား။ ကျွန်မကတော့ တကယ်ကို စိတ်လှုပ်ရှားနေပါပြီ။ မစ္စတာကင်ရဲ့ ဘယ်သူမှ မတားဆီးနိုင်တဲ့ အစွမ်းတွေကို ကျွန်မ ထပ်ပြီး မြင်တွေ့ရတော့မှာပါ။ ကိုရီးယားသားတို့ရဲ့ စွမ်းအားပေါ့”
ကျန်တဲ့ သတင်းထောက်အချို့ကတော့ မျက်မှောင်ကြုတ်ကုန်ကြတာပေါ့။ သူတို့က သတင်းလာယူဖို့ ပိုက်ဆံရထားကြပေမဲ့ ကိုယ့်နိုင်ငံသား အချင်းချင်းကို ဒီလောက်အထိ နှိမ်ချနေတာ ကြားရတော့ စိတ်ထဲမှာတော့ မသက်သာဘူးလေ။ တစ်ယောက်က တိုးတိုးလေး ပြောတယ်...။
"သူသာ ရှုံးသွားရင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ"
နောက်တစ်ယောက်က... "သူက ကျိန်းသေပေါက် နိုင်မယ်လို့ ယုံကြည်လို့ ဒီလောက်အထိ အော်နေတာ ဖြစ်မှာပေါ့ဗျာ။ ဟို လုစန်း ဆိုတဲ့ မိန်းမကို ကြည့်ဦး... အပျံစားပဲ။ တကယ်တော့ ကူလင်းက ဒေသခံဆရာတစ်ယောက်ကို စိန်ခေါ်တာကို ဒီလောက်အထိ ကြွားနေစရာ လိုလို့လား။ သူသာ တကယ်တော်ရင် ငါတို့နိုင်ငံရဲ့ ချန်ပီယံကို သွားစိန်ခေါ်ပါလား။ အသေသတ်ခံရမှာ ကျိန်းသေတယ်” လို့ ပြောတာပေါ့။
အုပ်စုကြီးဟာ သင်တန်းကျောင်းရှိတဲ့ အဆောက်အဦးရဲ့ မြေညီထပ်ကို ရောက်လာပြီး ဓာတ်လှေကားရှေ့မှာ ရပ်လိုက်ကြတာပေါ့။ ကင်ဇေဝူးက ဓာတ်လှေကားကို စောင့်နေရင်းနဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ သင်တန်းကျောင်းကို အောင်နိုင်ပြီး လူစုခွဲပစ်လိုက်မယ့် မြင်ကွင်းတွေကို အကြိမ်ကြိမ် စိတ်ကူးယဉ်နေတာပေါ့ဗျာ။ ဒီတိုက်ပွဲရဲ့ ရွှေတန်ဖိုးက မမြင့်မားဘူးဆိုရင်တောင်မှ သူဟာ နိုင်ငံခြားက သင်တန်းကျောင်းတစ်ခုကို ဖြိုချလိုက်တာလေ။ တရုတ်ပြည်မှာ တရုတ်လူမျိုးတစ်ယောက်ကို အနိုင်ယူရတာဟာ တကယ့်ကို ရင်ခုန်စရာ ကောင်းပြီး ဂုဏ်ယူစရာပဲ မဟုတ်လား။
ဒီနေရာမှာ အနိုင်ရလိုက်မယ်ဆိုရင် သူ့ရဲ့ သင်တန်းကျောင်းဟာ ဒီမြို့ဟောင်းကြီးမှာ နံပါတ်တစ် ဖြစ်သွားမှာ ကျိန်းသေတယ်။ အဲ့ဒီကျရင် သူ ကျောင်းဖွင့်ပြီး သူ့အဖိုးကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်ပြလို့ ရပြီလေ။ အဲ့ဒါကြောင့် သူဟာ ကျိန်းသေပေါက် နိုင်မှဖြစ်သလို၊ သတင်းတွေထဲမှာလည်း ပါမှဖြစ်မှာ။ သူ့အဖိုး မှားနေပြီး သူက မှန်နေတယ်ဆိုတာကို တစ်ကမ္ဘာလုံး သိစေချင်တာကိုး။
တုံခနဲ မြည်သံနဲ့အတူ ဓာတ်လှေကားတံခါး ပွင့်သွားတယ်။ ကင်ဇေဝူးလည်း အသက်ကို ပြင်းပြင်းရှူပြီး ဝင်ဖို့ ပြင်လိုက်ပေမဲ့... အထဲမှာတော့ သက်ကြီးရွယ်အို တစ်အုပ်စုကြီးက သူ့ကို ပြုံးပြပြီး ရပ်နေကြတာဗျ။ သူ သိလိုက်ရတာက ဓာတ်လှေကားက အောက်က ကားပါကင်ကို သွားမှာလေ။ သူက ခပ်ပြုံးပြုံးလေး လုပ်လိုက်တော့ အဘိုးအဘွားတွေကလည်း ပြန်ပြုံးပြကြပြီး တံခါးက ပြန်ပိတ်သွားတာပေါ့။
သူက သူ့ရဲ့ အောင်မြင်မယ့် အခိုက်အတန့်တွေကို ထပ်ပြီး စိတ်ကူးယဉ်နေပြန်ရော...
တုံ...
တံခါးက ထပ်ပွင့်လာပြန်ပါတယ်။ သူ ရှေ့ကို တိုးလိုက်ပေမဲ့ အထဲမှာ လူတွေက ကြပ်ညပ်နေတာပဲ။
"တောင်းပန်ပါတယ်ဗျာ"
သူက ယဉ်ကျေးပျူငှာတဲ့ အပြုံးလေးနဲ့ ပြောလိုက်တော့ လူတွေကလည်း ပြန်ပြုံးပြကြပြီး တံခါးက ပြန်ပိတ်သွားပြန်ရော။ သူလည်း ဆက်စောင့်နေရတာပေါ့...
တုံ...
တံခါး ပွင့်လာပြန်ရော။ အထဲမှာ လူသိပ်မရှိပေမဲ့ အောက်ကို ဆင်းမှာ။ သူ ဇဝေဇဝါ ဖြစ်နေတုန်း ဘေးနားက အန်တီကြီးတစ်ယောက်က မေးတယ်...။
"မောင်ရင်... အပေါ်တက်မှာလား။ မတက်ရင် ဖယ်ဦးလေ"
သူက ဖယ်ပေးလိုက်တော့ အန်တီကြီး တစ်အုပ်စုက ဝုန်းခနဲ ဝင်သွားကြတာပေါ့။ ဓာတ်လှေကားက အောက်ကို ဆင်းသွားပြန်ရော။ ကင်ဇေဝူးလည်း မျက်မှောင်ကြုတ်သွားတာပေါ့။ လုစန်းက... "တရုတ်ပြည်မှာက လူတွေ တအားများတာပဲနော်..." လို့ တိုးတိုးလေး ပြောရှာတယ်။
တုံ...
တံခါးက ထပ်ပွင့်လာပြန်ရော။ "မောင်ရင်... အပေါ်တက်မလား" တဲ့။ ခုနက အန်တီကြီးတွေက သူ့ကို ပြုံးပြပြီး ဝင်ခဲ့ဖို့ ဖိတ်ခေါ်နေတာ။ အဘွားတွေက အောက်ကို ဆင်းသွားတာ မဟုတ်ဘူး၊ သူတို့က နေရာ ကြိုယူထားကြတာကိုး။
လူတစ်ယောက်စာပဲ ကျန်တဲ့ နေရာလေးကို ကြည့်လိုက်ပြီး သူ့နောက်က အုပ်စုကြီးကို ပြန်ကြည့်ကာ ကင်ဇေဝူးက မျက်နှာပျက်ပျက်နဲ့ ပြောလိုက်တယ်...။
"ခင်ဗျားတို့ပဲ အရင်သွားကြပါ"
အဲ့တော့ အဘွားတွေလည်း အပေါ်ကို တက်သွားကြတာပေါ့။ ကင်မဇေဝူးကတော့ တိုက်ပွဲအကြောင်း စိတ်ကူးမယဉ်နိုင်တော့ဘူး။ သူက သူ့တပည့်တွေကို လှည့်ပြောလိုက်တယ်။
"နောက်တစ်ခါ တံခါးပွင့်လာရင် အပေါ်တက်တက်၊ အောက်ဆင်းဆင်း... အတင်းတိုးဝင်ကြစမ်း။ နားလည်လား"
"ဟုတ်ကဲ့ပါ ဆရာ”
တံခါး ပွင့်လာပါတယ်။ ကင်ဇေဝူး ဝင်လိုက်တဲ့အချိန်မှာပဲ... တီ... တီ... တီ... ဆိုပြီး အချက်ပေးသံကြီး မြည်လာတာပေါ့။
"မောင်ရင်ရေ... လူများနေပြီဗျ။ အတင်းမတိုးနဲ့တော့။ နောက်တစ်ခါမှ စီးတော့..."
လူတစ်ယောက်က လှမ်းအော်လိုက်တော့ ကင်ဇေဝူးရဲ့ မျက်နှာဟာ နီမြန်းလာတာပေါ့။ ဘာမှမတတ်နိုင်တဲ့အဆုံး သူက အသက်ကို ပြင်းပြင်းရှူပြီး ပြန်ထွက်ခဲ့ရတာပေါ့ဗျာ။ အဲ့ဒီအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်က ပြေးဝင်သွားပြန်ရော။
ကင်ဇေဝူးက... "လူပြည့်နေပြီဗျ" လို့ ပြောလိုက်ပေမဲ့ ဓာတ်လှေကားက အချက်ပေးသံ မမြည်ဘူး။
အဲ့ဒီလူက ကင်ဇေဝူးကို ပြုံးကြည့်ပြီး... "မောင်ရင်... ကိုယ်အလေးချိန် နည်းနည်းလောက် လျှော့ဦးမှ ဖြစ်မယ်နော်"
ကင်ဇေဝူးရဲ့ မျက်နှာကတော့ မည်းကုပ်နေပြီး မျက်လုံးတွေကလည်း နီလာတာပေါ့။ ဒီဓာတ်လှေကားက သူ့ကို အနိုင်ကျင့်နေတာပဲ။
တပည့်တစ်ယောက်က အကြံပေးတယ်... "ဆရာ... ကျွန်တော်တို့ အောက်က ကားပါကင်မှာ သွားစောင့်ကြမလားဗျ"
ကင်ဇေဝူးက သွားကို တင်းတင်းကြိတ်ပြီး... "ငါ မယုံဘူးကွာ။ ဓာတ်လှေကား တစ်စီးကိုတောင် ငါ မစီးနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး”
တုံ။ လူပြည့်။ တုံ။ လူပြည့်။ တုံ။ လူပြည့်။ တုံ။ တီ... တီ... တီ... လူများနေပြီ။
နာရီဝက်လောက် ကြာသွားတဲ့အခါမှာတော့ ကင်ဇေဝူးက အော်ဟစ်တော့တာပဲ... "ဒါ ဘယ်လို သရဲဓာတ်လှေကားလဲဗျာ”
ဖြတ်သွားတဲ့ စားပွဲထိုးတစ်ယောက်က... "လူကြီးမင်းရှင်... ဟိုဘက်မှာလည်း နောက်ထပ် ဓာတ်လှေကား တစ်စီး ရှိပါသေးတယ်ရှင်" လို့ ပြောလိုက်ချိန် ကင်ဇေဝူး ကြောင်သွားတာပေါ့။ သူက ထောင့်ဘက်ကို လှည့်ကြည့်လိုက်တော့ လူတွေအများကြီး အဲ့ဒီဘက်ကို သွားနေကြတာ တွေ့လိုက်ရတယ်။ နောက်ထပ် ဓာတ်လှေကား တစ်စီး ရှိနေသေးတာကိုး။ သူကတော့ ပြိုလဲတော့မလို ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့ အစောကြီးကတည်းက မပြောတာလဲ။
သူက သွားကို တင်းတင်းကြိတ်ပြီး... "ကျေးဇူးတင်ပါတယ်..." လို့ပဲ ပြောလိုက်ရတာပေါ့။
သူတို့ အဲ့ဒီဘက်ကို လျှောက်သွားကြပြီး ဆယ်လှမ်းတောင် မဝေးသေးဘူး၊ သတင်းထောက်တစ်ယောက်က... "မစ္စတာကင်... ဒီမှာ ဓာတ်လှေကား ရောက်နေပြီ၊ အထဲမှာ လူတစ်ယောက်မှ မရှိဘူးဗျ" လို့ ပြောလိုက်တာပေါ့။
ကင်ဇေဝူးကတော့ ငိုတောင် ငိုချင်သွားပြီ။
"ပြန်သွားကြမယ်”
အုပ်စုကြီးဟာ အတင်းပြေးသွားကြပြီး တံခါးပိတ်ခါနီးမှာပဲ အထဲကို ဝင်နိုင်လိုက်ကြတာပေါ့။ ကင်ဇေဝူးလည်း အသက်ကို ဝအောင် ရှူလိုက်ပြီး... "အားလုံးပဲ... ငါတို့ရဲ့ ဒေါသတွေကို ခွန်အားအဖြစ် ပြောင်းလဲလိုက်ကြစမ်း။ အပေါ်ရောက်တာနဲ့ သူတို့ကို အသေသတ်ကြစမ်း”
"ဟုတ်ကဲ့ပါ ဆရာ”
သူတို့အားလုံး ဒေါသထွက်နေကြပြီလေ။ သူတို့က ခရီးဝေးကနေ လာခဲ့ကြတာ၊ ဒီနေ့မှ တရုတ်ပြည်ကို ရောက်တာလေ။ တရုတ်ပြည်မှာ လူများတယ်ဆိုတာ သိပေမဲ့ ဒီလောက်အထိ များလိမ့်မယ်လို့တော့ သူတို့ မထင်ထားဘူး။ ဓာတ်လှေကား စီးဖို့ နာရီဝက်လောက် စောင့်ရတယ်ဆိုတာကတော့... သူတို့က ဒီကံဆိုးမှုတွေ အားလုံးဟာ ချန်ယိုတောက်ကြောင့် ဖြစ်ရတာလို့ ယူဆလိုက်ကြတာပေါ့။
တံခါး ပွင့်သွားတာနဲ့ ကင်ဇေဝူးက ခပ်တိုးတိုး ကျိန်းလိုက်တယ်...။
"သွားကြစို့”
"သွားကြစို့” လို့ တပည့်တွေကလည်း အော်လိုက်ကြတာ... ကြည့်ရတာ လူငယ်ဆန်ပေမဲ့ အရှိန်အဟုန်ကတော့ အပြည့်ပဲ။
အဲ့ဒီအချိန်မှာပဲ သက်ကြီးရွယ်အို လုံခြုံရေးအစောင့်တစ်ယောက်က လမ်းလျှောက်လာပြီး နံရံပေါ်က "တိတ်ဆိတ်စွာနေပါ"ဆိုတဲ့ စာလုံးကြီးတွေကို လက်ညှိုးထိုးပြတယ်။
"မအော်နဲ့ဗျာ။ ထပ်အော်ရင် ဒဏ်ငွေဆောင်ရလိမ့်မယ်"
ကင်ဇေဝူးတို့တစ်သိုက် အဲ့ဒီဆိုင်းဘုတ်ကို မျက်လုံးပြူးပြီး ကြည့်နေကြတာပေါ့။ နောက်ဆုံးတော့ သူတို့လည်း သွားကို တင်းတင်းကြိတ်ပြီး ရှေ့ကို ဆက်လျှောက်သွားကြရတာပေါ့ဗျာ။ သူတို့နောက်က သတင်းထောက်တွေကတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလို့ ပြိုလဲတော့မလို ဖြစ်နေကြပြီ။
ဒေါသတွေကတော့ ရင်ထဲမှာ မီးတောက်နေပြီပေါ့ဗျာ။ ကင်ဇေဝူးဟာ ဆိုင်းဘုတ်တွေအတိုင်း လိုက်သွားပြီး လုံဖင်ကိုယ်ခံပညာသင်တန်းကျောင်းဆီကို ချီတက်သွားတာပေါ့။ သူက ဆိုင်းဘုတ်အသေးလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်တော့တယ်။
"ကိုရီးယားနိုင်ငံက ကင်ဇေဝူးကနေပြီးတော့ စိန်ခေါ်ဖို့ ရောက်လာပြီဗျို့”