အီမိုဂျီ အုပ်စုကြီး
Vol. 16 Ch. 228
ယွီဟွေးဖေးက ချွေ့ကျွယ်တို့ဆီ ပြန်ရောက်သွားချိန် သူတို့အားလုံးက စုရပ်မှာ ရပ်နေကြပြီး ချန်ယိုတောက်ဆီကနေ ပြိုင်ပွဲဝင် နံပါတ်ပြားတွေကို လက်ခံရယူနေကြတာပေါ့။
စုန့်ချင်းလည်း ရောက်လာပါပြီဗျာ။ သူမက ခန္ဓာကိုယ်အလှကို အထင်းသား ပေါ်လွင်စေတဲ့ အားကစားဝတ်စုံလေးကို ဝတ်ထားတာ။ သူမ ပေါ်လာတာနဲ့တင် အဲ့ဒီမှာရှိနေတဲ့ အမျိုးသားတွေ အားလုံးရဲ့ အကြည့်တွေက သူမဆီကိုပဲ ရောက်ကုန်တာပေါ့။ အမျိုးသမီးတွေတောင်မှ ဒီလို တောက်ပတဲ့ မိန်းကလေးကို ကြည့်ပြီး မျက်လုံးတွေ အရောင်တောက်သွားကြတာပေါ့ဗျာ။
တချို့ဆိုရင် စုန့်ချင်းကို ဘဏ်ဓားပြတိုက်မှုမှာ သတ္တိရှိရှိ ကူညီခဲ့တဲ့သူရဲကောင်းမလေးအဖြစ် မှတ်မိသွားကြပြီး သူမဆီကို ချဉ်းကပ်ချင်နေကြသေးတာ။
ဒါပေမဲ့ နွားကျောင်းသားကတော့ မျက်နှာကြီး မှောင်ကုပ်ပြီး ဘုရားကျောင်းက စောင့်ရှောက်တဲ့ နတ်မင်းကြီးလိုမျိုး ရပ်နေတာဆိုတော့ကာ... ဘယ်သူမှ အနားကို မကပ်ရဲကြဘူးပေါ့ဗျာ။
သူတို့ မသိတာကတော့ နွားကျောင်းသားက သူတို့ကို ခြောက်လှန့်ချင်လို့ မျက်နှာကြီး မှောင်နေတာ မဟုတ်ဘူး၊ သူတို့ရဲ့ စစ်မှန်တဲ့အဖွဲ့ထဲမှာ မိန်းမတစ်ယောက် ပါနေတာဟာ ကံမကောင်းဘူးလို့ သူက ယူဆနေလို့ပါပဲ။
ယွီဟွေးဖေးကတော့ ဒါတွေကို ဂရုမစိုက်ဘဲ စုန့်ချင်းကို မေးလိုက်ပါတယ်။
"မြေးမလေး... တကယ်ကြီး ပြေးမှာလား။ ပြေးနိုင်ပါ့မလားဗျာ။ မပြေးနိုင်ရင် အစောကြီးကတည်းက နောက်ဆုတ်လိုက်ပါဦး..."
စုန့်ချင်းက မျက်စောင်းလေးတစ်ချက် ထိုးလိုက်ပြီး... "ကျွန်မ မာရသွန်တော့ တစ်ခါမှ မပြေးဖူးဘူး၊ ဒါပေမဲ့ လေ့ကျင့်ခန်းတော့ ပုံမှန်လုပ်တယ်လေ။ ၁၀ ကီလိုမီတာလောက်ကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ၄၂ ကီလိုမီတာဆိုတာကတော့ တကယ်ကို စိန်ခေါ်မှုပါပဲ။ ဘာပဲဖြစ်ဖြစ်လေ... ပြေးနိုင်သလောက် ပြေးမယ်၊ မောရင် နားမယ်၊ ဘယ်လိုမှ မရတော့ဘူးဆိုရင်လည်း လမ်းလျှောက်ပြီး အဆုံးထိ သွားမှာပေါ့။ ရှင့်ကျတော့ကော..."
သူမ စကားက ရပ်သွားတာပေါ့။ မဟာတံတိုင်းတုန်းက လူမိုက်ယာဉ်မောင်း တစ်ဒါဇင်လောက်ကို ခွေးပြေးသလို ပြေးအောင် လုပ်ခဲ့တဲ့ ယွီဟွေးဖေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သူမက မှတ်မိနေတာကိုး။
နောက်ဆုံးတော့ စုန့်ချင်းက... "ကံကောင်းပါစေရှင်" လို့ပဲ ပြောလိုက်ပါတော့တယ်။
ယွီဟွေးဖေးနဲ့ ကျန်တဲ့သူတွေကတော့ တပြိုင်နက်တည်း အော်လိုက်ကြတာက... "ပိုက်ဆံတွေအတွက် ရှေ့သို့... ချီတက်ကြဟေ့"
သူတို့ရဲ့ အော်သံကြောင့် လူအတော်များများက လှည့်ကြည့်ကုန်ကြတာပေါ့။ အဲ့ဒီအချိန်မှာပဲ စေတနာ့ဝန်ထမ်းတွေ ရေဝေနေတာကို မြင်တော့ ယွီဟွေးဖေးက... "ကျွန်တော် သွားပြီး အားလုံးအတွက် ရေသွားယူလိုက်ဦးမယ်" လို့ ပြောလိုက်တယ်။ ကျန်တဲ့သူတွေကလည်း ခေါင်းညိတ်ပြကြတာပေါ့။
ယွီဟွေးဖေးက ရေဘူးတစ်ဘူးကို လှမ်းယူလိုက်တဲ့အချိန်မှာပဲ ကြီးမားတဲ့ လူမည်းလက်ကြီးတစ်ဖက်က သူ့ထက်အရင် ဦးအောင် ယူလိုက်တာကို တွေ့လိုက်ရတယ်။
ယွီဟွေးဖေး ခေါင်းမော့ကြည့်လိုက်တော့ မျက်လုံးတွေ အရောင်တောက်သွားတာပေါ့။ အဲ့ဒီလူက လူမည်းတစ်ယောက် ဖြစ်ပေမဲ့ ခံစားချက်ကတော့ တခြားစီပဲဗျာ။ ကြည့်ရတာ တကယ့်ကို ခန့်ညားတယ်၊ မျက်နှာမှာလည်း ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ နှိမ့်ချတဲ့ စိတ်ဓာတ်လည်း ရှိပုံရတယ်။
ယွီဟွေးဖေး ကြည့်နေတာ မြင်တော့ အဲ့ဒီလူက နည်းနည်းလေး ရှက်သွားပုံရပြီး ရေဘူးကို လှမ်းပေးလိုက်တယ်။
"ဆောရီးဗျာ... ခင်ဗျား အရင်သောက်ပါ"
ယွီဟွေးဖေးက ပြုံးလိုက်ပြီး... "ဧည့်သည်က အရင်ဦးစားပေးပါပဲဗျာ၊ ခင်ဗျားပဲ သောက်ပါ။ မိတ်ဆွေ... ခင်ဗျားရဲ့ တရုတ်စကားက တော်တော်လေး ကောင်းတာပဲ"
အဲ့ဒီလူက... "ကျွန်တော် တရုတ်ပြည်ကို ကြိုက်တယ် သဘောကျဗျ။ တရုတ်စကားကို နှစ်နှစ်လောက် လေ့လာခဲ့တာ၊ အခြေခံ ပြောဆိုဆက်သွယ်မှုလောက်ကတော့ ရပါတယ်" လို့ ပြန်ပြောရှာတယ်။
သူတို့နှစ်ယောက် ရေဘူးတစ်ဘူးစီကိုင်ပြီး သောက်ရင်းနဲ့ ခဏလောက် စကားပြောဖြစ်ကြတာပေါ့။ ယွီဟွေးဖေး အံ့သြသွားတာကတော့ ဒီလူဟာ ချန်ယိုတောက် ပြောခဲ့တဲ့ ပရိုအားကစားသမား ကမ္ဘာ့အဆင့် ဒုတိယဆုရထားတဲ့ ဂျိုနာဒိုဖြစ်နေလို့ပါပဲ။
အဲ့ဒီအချိန်မှာပဲ လူဖြူအားကစားသမားတစ်ယောက် လမ်းလျှောက်လာပြီး ဂျိုနာဒိုကို တစ်ချက်ကြည့်လို့ ခေါင်းညိတ်နှုတ်ဆက်သွားတယ်။ ယွီဟွေးဖေးကိုတော့ လုံးဝကို လျစ်လျူရှုထားတာပေါ့။ အဲ့ဒီလူရဲ့ အကြည့်တွေက အေးစက်နေတယ်။ မထီမဲ့မြင် လုပ်တာမျိုး မဟုတ်ပေမဲ့ ဘာခံစားချက်မှလည်း မရှိဘူး။ ဒါဟာ လုံးဝ လျစ်လျူရှုတာမျိုး မဟုတ်ဘဲနဲ့ တစ်ကိုယ်တည်း အထီးကျန်နေတဲ့ ခံစားချက်မျိုးပေါ့။ သူ့ရဲ့ မျက်လုံးအိမ် အနက်ရှိုင်းဆုံးထဲမှာတော့ ရူးသွပ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ တစေ့တစောင်း ရှိနေတာကို ယွီဟွေးဖေး မြင်လိုက်ရတယ်။
သူက ယွီဟွေးဖေးကိုတင် မဟုတ်ဘူး၊ တခြားပြိုင်ပွဲဝင်တွေကိုလည်း အေးစက်စက်ပဲ။ နှုတ်ဆက်ရင်တောင်မှ သူ့ရဲ့ ဝိညာဉ် ပျောက်ဆုံးနေသလိုမျိုး ခံစားရတာပေါ့။
ဒါပေမဲ့ ယွီဟွေးဖေး သိလိုက်တာတစ်ခုကတော့ ဒီလူဟာ လူသေလို ဖြစ်နေပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ ပထမဆုကို ရယူချင်တဲ့ ဆန္ဒကတော့ အဲ့ဒီကွင်းထဲက ဘယ်သူ့ထက်မဆို ပိုပြီး ပြင်းထန်နေမှာ ကျိန်းသေတယ် ဆိုတာပါပဲ။
ယွီဟွေးဖေးက မေးလိုက်တယ်... "ဒီလောက် မာန်တက်နေတဲ့ကောင်က ဘယ်သူလဲဗျ"
ဂျိုနာဒိုက... "သူ့နာမည်က အန်းကျိဗျ၊ အရင်က ဘုရင်တစ်ပါးပေါ့။ သူ့ရဲ့ မိသားစုကိစ္စတွေကြောင့် အားကစားလောကကနေ ခဏလောက် ပျောက်ကွယ်သွားတာ။ အခု ပြန်လာတာကတော့ ဆုတစ်ခုခု ယူပြီး သူ့ရဲ့ နေရာကို ပြန်တိုက်ယူချင်လို့ ဖြစ်မှာပါ" လို့ ရှင်းပြတယ်။
ယွီဟွေးဖေးက... "ဪ... သူက အန်းကျိလား။ အကယ်၍ ကျွန်တော်ကသာ အနိုင်ရမယ့်သူကို ရွေးရမယ်ဆိုရင်တော့ ဟိုကောင့်ထက် ခင်ဗျားကိုပဲ ရွေးမှာဗျ"
ဒါကို ကြားတော့ ဂျိုနာဒိုက တဖြီးဖြီးနဲ့ ပြုံးလိုက်တာ... သွားလေးတွေက ဖြူဖွေးနေတာပဲ။
"ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားကော... ဘယ်လို ဆုမျိုးကို မှန်းထားလဲ"
ယွီဟွေးဖေးကတော့ ကိုယ့်လူတွေရှေ့မှာဆိုရင်တော့ ကြွားတာ ဝါတာ လုပ်ချင်ပေမဲ့ နိုင်ငံခြားသူငယ်ချင်းတွေ ရှေ့မှာတော့ တရုတ်လူမျိုးတို့ရဲ့ နှိမ့်ချတဲ့ ရိုးရာဓလေ့ကို ထိန်းလိုက်တာပေါ့ဗျာ။
"ကျွန်တော့် ဝတ်စုံကိုပဲ ကြည့်ဦးဗျ။ ကျွန်တော်က ဆုရဖို့ ကြိုးစားမယ့်သူနဲ့ တူလို့လား။ ကျွန်တော်က အပျော်ပြေးတာပါဗျာ... ကိုယ်ပျော်ရင် ပြီးတာပဲ"
ဂျိုနာဒိုလည်း ရယ်မောလိုက်တာပေါ့။ ဒီဝတ်စုံကြီးနဲ့ကတော့ ဆုရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူလည်း နားလည်တာကိုး။ တစ်ယောက်ယောက်က ဂျိုနာဒိုကို လှမ်းခေါ်လိုက်တော့ သူက အဲ့ဒီဘက်ကို ထွက်သွားတာပေါ့။
ယွီဟွေးဖေးလည်း အားလုံးအတွက် ရေတွေယူပြီး ထွက်သွားဖို့ လုပ်တဲ့အချိန်မှာပဲ... ဟော... လူရိပ်တွေ ပေါ်လာပြန်ပြီ။ လူအနည်းငယ်က သူ့ကို ချက်ချင်း ဝိုင်းလိုက်ကြတော့ ယွီဟွေးဖေး ကြည့်လိုက်ချိန် ရယ်ချင်သွားရော။ ဘာကြောင့်လဲဆိုတော့ ဟိုတစ်နေ့က အရက်ဆိုင်မှာ သူ ဆုံးမခဲ့တဲ့ လူမည်းတစ်သိုက် ဖြစ်နေလို့ပါပဲ။
စုန့်ချင်းကို လာပြီး နှောင့်ယှက်ခဲ့တဲ့၊ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတစ်ခုရဲ့ မင်းသားလို့ ပြောခဲ့တဲ့ အရပ်ရှည်ရှည် ပါးပါးနဲ့ကောင် မာဂျီလီကို သူ မှတ်မိနေတာကိုး။
ယွီဟွေးဖေး လုံးဝ မယုံနိုင်တာကတော့... မာဂျီလီဘက်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ မာဂျီလီကိုယ်တိုင်က သတိလစ်အောင် လုပ်ပြီး အမှိုက်သရိုက်လိုမျိုး ပစ်ထားခဲ့တဲ့ အဲ့ဒီအမျိုးသမီးဟာ အခု သူ့ဘေးနားမှာ ပြန်ပြီး ရပ်နေတာကိုပါပဲ။ အဲ့ဒီတုန်းက ကိစ္စတွေကို သူက လုံးဝ မေ့သွားသလိုမျိုးပဲ။
မာဂျီလီရဲ့ လက်မောင်းကို တွယ်ကပ်ထားတဲ့ သူမကို ကြည့်ပြီး ယွီဟွေးဖေးခမျာမှာတော့ ရွံရှာလွန်းလို့ အန်ချင်စိတ်တောင် ပေါက်သွားတာပေါ့။ ဒီမိန်းမမှာ ဦးနှောက်မရှိတာလား၊ ဒါမှမဟုတ် သူများ နှိပ်စက်တာကိုခံချင်တဲ့ စိတ်ဝေဒနာ ခံစားနေရတာလား မသိဘူး။
ဘာပဲဖြစ်ဖြစ် ယွီဟွေးဖေးကတော့ ဂရုမစိုက်ပါဘူး။ သူက မာဂျီလီကို မျက်လုံးလေး မှေးကြည့်ပြီး... "ဘာကိစ္စရှိလို့လဲ" လို့ မေးလိုက်တယ်။
မာဂျီလီက လက်ပိုက်ပြီး မေးစေ့ကို မော့လို့... သူ့နောက်က လူငါးခြောက်ယောက်ကို အားကိုးပြီး ယွီဟွေးဖေးကို အထက်စီးကနေ ကြည့်လိုက်တယ်။
"ကလေးလေး... မင်း ဟိုတစ်ခေါက်က တော်တော်လေး မြန်မြန်ပြေးနိုင်ခဲ့တယ်နော်။ ဒီတစ်ခါတော့ မင်း ဘယ်ကို ပြေးနိုင်ဦးမလဲဆိုတာ ငါကြည့်ရသေးတာပေါ့"
ယွီဟွေးဖေးကတော့ ရယ်ချင်တာပေါ့။ ဒီကောင်က သူ့မျက်နှာကို ဆယ်ဖို့အတွက် အမှန်တရားကိုတောင် လိမ်ညာပြောနေတာကိုး။ သူ စဉ်းစားမိတာက... 'ဂျိုနာဒိုကျတော့ တကယ့် လူကြီးလူကောင်း ပီသပြီး ယဉ်ကျေးလိုက်တာ၊ ဒီကောင်ကျတော့ လူ့အဖျင်း၊ လူ့အမှိုက် ဖြစ်နေရတာလဲ' ဆိုတာပါပဲ။
"ကျွန်တော် မပြေးပါဘူး။ လာလေ... အားလုံး အတူတူ လာခဲ့ကြ"
မာဂျီလီက... "ကလေးလေး..." လို့ စပြောလိုက်ချိန်မှာတင်... "လူမည်းလေးရေ... မင်းက ဘယ်သူ့ကို 'ကလေးလေး' လို့ ခေါ်နေတာလဲ" ဆိုတဲ့ ခပ်ရင့်ရင့် အသံကြီးက မာဂျီလီရဲ့ နောက်ကနေ ထွက်ပေါ်လာတာပေါ့။
မာဂျီလီ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်တော့... "ဘယ်ကကောင်က လာပြီး ဝင်ရှုပ်နေတ... အဟွတ်... အဟွတ်... မင်္ဂလာပါ လူကြီးမင်း"
မာဂျီလီရဲ့ နောက်မှာ ရပ်နေတာကတော့ ကျွန်တော်တို့ရဲ့ နွားကျောင်းသားကြီးပေါ့ဗျာ။ အရပ်က နှစ်မီတာလောက်ရှိပြီး ကြွက်သားတွေကလည်း ထွက်နေတာ... တကယ့် တောင်ကြီးတစ်လုံးလို ရပ်နေတာဆိုတော့ကာ... မာဂျီလီအပေါ်မှာ သက်ရောက်တဲ့ ဖိအားကတော့ ပြောမနေပါနဲ့တော့။