← Chapters

လက်ခလယ်ရဲ့ အစွမ်း

Vol. 16 Ch. 230

လက်ခလယ်ရဲ့ အစွမ်း

Vol. 16 Ch. 230

ပြိုင်ပွဲစီစဉ်သူတွေက လူတွေ လမ်းတစ်ဝက်မှာ ပျင်းနေကြမှာစိုးလို့များလား မသိဘူး၊ လမ်းဘေးတစ်လျှောက်မှာ စပီကာတွေကို အကွာအဝေးတစ်ခုစီ ခြားပြီး တပ်ဆင်ထားကြသဗျ။ အဲ့ဒီ စပီကာတွေကနေပြီးတော့ ဒေသတွင်း ရေဒီယိုအသံလွှင့်ဌာနရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လွှင့်ပေးနေတာပေါ့။

ယွီဟွေးဖေးက အစီအစဉ်တင်ဆက်သူရဲ့ အသံကို ကြားလိုက်တာနဲ့တင်... ဒါဟာ ခုနက သတင်းထောက်မလေး ချိန်ယွဲ့ရဲ့ အသံမှန်း သိလိုက်ပြီ။ ကံကောင်းတာတစ်ခုကတော့ သူမဟာ သူတို့ကို သတိထားမိပုံ မရဘူး၊ အဲ့ဒါက သူတို့အတွက်တော့ တော်တော်လေးကို အဆင်ပြေသွားတာပေါ့။ အနည်းဆုံးတော့ သူတို့ မဟုတ်တာလုပ်မယ်ဆိုရင်တောင်မှ အဖမ်းမခံရလောက်ဘူး မဟုတ်လား။

အဲ့ဒီအချိန်မှာပဲ ဒရုန်းတစ်စီးဟာ ခေါင်းပေါ်ကနေ ဝဲပျံသွားပြန်ရော။ အဲ့ဒီ ဒရုန်းက လမ်းဖြတ်သွားရုံတင် ဖြစ်ပေမဲ့ ခဏလေးအတွင်းမှာတင် သူတို့ရဲ့ ဆဋ္ဌမမြောက် အစုအဖွဲ့ကြီးကို ကင်မရာထဲမှာ ဖမ်းယူမိသွားတာပေါ့။ ချက်ချင်းဆိုသလိုပဲ ရေဒီယိုထဲက အသံက ပြောင်းလဲသွားတယ်။

"အားလုံး အခု မြင်တွေ့လိုက်ရတာကတော့ ဆဋ္ဌမမြောက် အစုအဖွဲ့ကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဝတ်ရုံရှည်ကြီးတွေနဲ့ လူတွေကတော့... ကြည့်ရတာ သိပ်ပြီးတော့ လေးလေးစားစား ရှိပုံမရပါဘူး။ ဒါပေမဲ့ သူတို့ ဒီလောက်အထိ တောင့်ခံနိုင်တာကတော့ တကယ့်ကို အံ့သြစရာပါပဲ။ သူတို့ကို ပန်းဝင်တဲ့နေရာမှာ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်..."

သူမရဲ့ လေသံကတော့ တကယ့်ကို ခနဲ့တဲ့တဲ့၊ သရော်တော်တော် လေသံကြီးပေါ့။ စကားလုံးတိုင်းရဲ့ ကြားထဲမှာ "ဟဲဟဲ" ဆိုတဲ့ လှောင်ပြုံးကြီးက ပါနေသလိုပဲ။

ယွီဟွေးဖေးကကော ဘာလုပ်မှာလဲ။ သူကတော့ ဘာမှစဉ်းစားမနေဘူးဗျ၊ လက်ကို မြှောက်လိုက်ပြီး ဒရုန်းကြီးကို လက်ခလယ်ကြီး တည့်တည့်ကို ထောင်ပြလိုက်တော့တာပဲ။

တကယ့်ကိုပဲ... ခုနကအထိ အေးအေးဆေးဆေး စကားပြောနေတဲ့ အစီအစဉ်တင်ဆက်သူမလေးဟာ ချက်ချင်းဆိုသလို စကားတွေ ထစ်ကုန်တာပေါ့။ တီဗွီရှေ့က လူအုပ်ကြီးကတော့ ထပ်ပြီး ရယ်မောလိုက်ကြပြန်ရော။

"အမလေးဗျာ... ဒီကောင်ကတော့ လုပ်ပြန်ပြီ။ ဟားဟားဟား... ဟို သတင်းထောက်မလေးတော့ ဒေါသထွက်လွန်းလို့ သေတော့မှာပဲ မဟုတ်လား"

ယွီဟွေးဖေးတို့ အဖွဲ့ကတော့ ဆဋ္ဌမမြောက် အစုအဖွဲ့မှာ ရှိနေတာ။ သူတို့က အစကတည်းက မြန်မြန်မပြေးခဲ့ကြဘူးလေ။ ပထမဆုံး အစုအဖွဲ့မှာ ပါတဲ့သူတွေကတော့ အစောကြီးကတည်းက ပြုတ်ကုန်ကြပြီ၊ အခုဆိုရင် အဆင့်တွေက အတည်ဖြစ်နေပြီ။ အပေါ်အဆင့်က လူတွေကို လိုက်မီဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့ ကိစ္စပေါ့။

ဒီအဆင့်မှာတော့ လူတိုင်းရဲ့ ခံနိုင်ရည်ဟာ အကန့်အသတ်ကို ရောက်နေပြီ။ ချန်ယိုတောက်နဲ့ စုန့်ချင်းတို့တောင်မှ အသက်ကို မနည်းရှူနေရပြီး ရှေ့ကို မနည်းတိုးနေကြရတာကိုး။ ဟိုင်းနီးယား၊ မာဂျီလီတို့တစ်သိုက်လည်း အသက်ကို ဟုတ်ဟတ်ရှူနေကြရတာပေါ့။

သူတို့ရဲ့ စိတ်ဓာတ်ကို ပိုပြီး ပြိုကွဲစေတာကတော့... သူတို့ အထင်သေးခဲ့တဲ့ အဲ့ဒီ ဝတ်ရုံရှည်နဲ့ ငပေါတွေဟာ မျက်နှာလေးတောင် မနီတဲ့အပြင် အသက်ရှူသံလည်း မမှန်တာမျိုး မရှိဘူး။ အဲ့ဒီအစား သူတို့က ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေပြောပြီး ပြေးနေကြတာ၊ တစ်ခါတလေဆိုရင် ခုန်ပြီး သစ်ကိုင်းတွေကိုတောင် လှမ်းဆွဲနေကြသေး။

ဒါကို မြင်တော့ မာဂျီလီရဲ့ စိတ်ထဲမှာတော့ သူ့အိတ်ထဲက ယွမ်ငါးသောင်းဟာ အန္တရာယ်ရှိနေပြီလို့ ခံစားလိုက်ရတာပေါ့။

"ငါ မယုံဘူးကွာ။ ဒီဝတ်ရုံရှည်နဲ့ အရှေ့တိုင်းသားတွေကို ငါ မမီဘူးဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က ဟန်ဆောင်နေတာ ဖြစ်မှာ၊ ဒါက ငါတို့ကို စိတ်ဓာတ်ကျအောင် လုပ်နေတဲ့ နည်းဗျူဟာပဲ" လို့ မာဂျီလီက ကိုယ့်ကိုယ်ကိုယ် ပြန်ချော့နေတာပေါ့။

မာချောင်ကတော့ အဝေးကြီးမှာ ကျန်ရစ်ခဲ့ပြီ၊ သူ ပြေးနေသေးလားဆိုတာတောင် မသိရတော့ဘူး။ မာဂျီလီရဲ့ ဘေးနားမှာတော့ သူ့ရဲ့ လူမည်းညီအစ်ကို အနည်းငယ်ပဲ ကျန်တော့တာ။ အဲ့ဒီလူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မာဂျီလီက အော်လိုက်တယ်။

"ယွီဟွေးဖေး... မင်း ငါနဲ့ အရှိန်မြှင့်ပြိုင်ရဲလား"

ယွီဟွေးဖေးက ပြုံးလိုက်ပြီး... "ရတာပေါ့ဗျာ၊ သွားကြစို့" လို့ ပြန်ပြောတာပေါ့။

မာဂျီလီက... "ကောင်းပြီ။ ဘယ်သူ အရင်လဲကျမလဲ ကြည့်ရသေးတာပေါ့"

ယွီဟွေးဖေးက ခေါင်းညိတ်ပြပြီး... "သဘောပဲလေ၊ ပြေးကြတာပေါ့"

မာဂျီလီက အရှိန်စတင် မြှင့်တင်လိုက်ချိန် ယွီဟွေးဖေးကတော့ နောက်ကို လှည့်ကြည့်ပြီး နွားကျောင်းသားတို့ကို လက်ယမ်းပြလိုက်တယ်... "သွားကြစို့၊ အရှိန်မြှင့်ကြဟေ့" ဆိုပြီးတော့ပေါ့။

ချွေ့ကျွယ်က ရယ်လိုက်ပြီး... "သူက ငါတို့ရဲ့ ခံနိုင်ရည်ကို အမြန်ပြေးခိုင်းပြီး ကုန်အောင် လုပ်ချင်နေတာပေါ့... နောက်ဆုံး အဖြေရှာချင်နေပြီ ထင်တယ်"

သရဲဖြူက သက်ပြင်းချလိုက်ပြီး... "ငါ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ လမ်းဆုံးကို ဒီလောက်အထိ အတင်းသွားချင်နေတဲ့သူမျိုးကို တွေ့ရခဲပါတယ်"

အဲ့ဒီနောက်မှာတော့ အဖွဲ့ကြီးတစ်ခုလုံးဟာ တပြိုင်နက်တည်း အရှိန်မြှင့်လိုက်ကြပေမဲ့ မာဂျီလီရဲ့ ဘေးနားမှာပဲ ကပ်ပြီး ပြေးနေကြတာ။ မာဂျီလီက ဘယ်လောက်ပဲ အားကုန်သုံးပြီး ပြေးပါစေ၊ ယွီဟွေးဖေးကတော့ သူ့ဘေးနားမှာတင် ရှိနေတုန်းပဲ။

ဟိုင်းနီးယားတို့ကတော့ ယွီဟွေးဖေးကို ပိတ်ဆို့ပြီး သူ့ရဲ့ အရှိန်ကို မမှန်အောင် လုပ်ဖို့ ကြံစည်ထားကြတာပဲ။ ဒါပေမဲ့ သူတို့ ရှေ့မှာတော့ ဝတ်ရုံဖြူနဲ့ လူတစ်ယောက်က ကခုန်သလိုမျိုး ပြေးနေတာဆိုတော့ကာ... သူတို့ကိုယ်တိုင်ပဲ အရှိန်မမှန် ဖြစ်ကုန်ကြတာပေါ့။

ယွီဟွေးဖေးနဲ့ မာဂျီလီတို့ကတော့ ပိုပိုပြီး မြန်လာကြပြီး တဖြည်းဖြည်းနဲ့ တခြားလူတွေ မလိုက်နိုင်တဲ့အထိ ဝေးသွားကြတာပေါ့ဗျာ။

လူအုပ်ကြီးကတော့ ဆွံ့အကုန်ကြပြီ။ သူတို့ စဉ်းစားမိတာက... "အမလေးဗျာ... ဒီကောင်က တကယ့် အရှေ့တိုင်းသား ဟုတ်ရဲ့လား။ ဘယ်လိုများ ဒီလောက်အထိ ပြေးနိုင်ရတာလဲ"

မာဂျီလီလည်း ကြောင်တောင်တောင်ကြီး ဖြစ်နေပြီ... ဒါပေမဲ့ သူ့မှာတော့ ကြွားထားသလောက် ခံနိုင်ရည်ကတော့ ရှိသား။ သူက အသက်ကို အောင့်ပြီး ပြေးလိုက်တာ... ယွီဟွေးဖေးနဲ့ သူဟာ ပဉ္စမမြောက် အစုအဖွဲ့ထဲကိုတောင် ရောက်သွားတာပေါ့။

ဒီမြင်ကွင်းကိုတော့ ခုနက ပြန်လာတဲ့ ဒရုန်းကြီးက ရိုက်ကူးမိသွားပြန်ရော။ အစီအစဉ်တင်ဆက်သူ ချိန်ယွဲ့ကတော့ ယွီဟွေးဖေးတို့ ဆဋ္ဌမအဆင့်မှာပဲ တန့်နေတာကို လှောင်ဖို့ အသက်ကို အောင့်ထားပုံရတယ်။ အခု သူတို့ ပဉ္စမအဆင့်ကို ရောက်သွားတာ မြင်တော့ သူမ ကြောင်သွားတာပေါ့။ သူမရဲ့ စိတ်ထဲမှာတော့ သူတို့ဟာ ပြုတ်တော့မယ့် အခြေအနေကို ရောက်နေပြီလို့ ထင်ထားတာကိုး။ ဒါပေမဲ့ သူမက ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ပါတယ်...။

"အားလုံး မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ဝတ်ရုံညီအစ်ကိုများဟာ တကယ်ပဲ အရှိန်မြှင့်ပြီး ပဉ္စမအဆင့်ကို လိုက်မီသွားပါပြီ။ အမလေး... သူတို့ ဘာတွေ စဉ်းစားနေလဲ ကျွန်မ မသိတော့ဘူး။ ပြိုင်ပွဲက တစ်ဝက်ပဲ ကျန်သေးတာကို သူတို့က အားကုန်သုံးပြီး ပြေးနေကြတာ... သူတို့ရဲ့ ခံနိုင်ရည်အပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ရှိနေကြတာလဲ။ ပရိုအားကစားသမားတွေတောင်မှ ဒီလိုမျိုး ပြေးရဲကြမယ် မထင်ဘူး"

ယွီဟွေးဖေးကတော့ ဒါကို အတိုင်းသား ကြားနေရတာပေါ့။ သူမက သူ့ရဲ့ ကျွမ်းကျင်မှု မရှိတာကို လှောင်နေတာလေ။ အဲ့ဒါကြောင့်မို့လို့ သူက ဘာမှအားနာမနေဘဲ ဒရုန်းကြီးကို နောက်တစ်ကြိမ် လက်ခလယ်ကြီး ထောင်ပြလိုက်ပြန်ရော။

အဲ့ဒီအချိန်မှာ ပဉ္စမအဆင့်က လူတွေကလည်း မပျော်ကြဘူး။ ဘာကို ဆိုလိုတာလဲ။ ဒီအမျိုးသမီးက သူတို့ဟာ အဆင့်မရှိတဲ့ ဝတ်ရုံရှည်နဲ့ လူတွေကိုတောင် မမီတဲ့ အသုံးမကျတဲ့ကောင်တွေလို့ ပြောနေတာလား။

ယွီဟွေးဖေးက အနီရောင်ဝတ်ရုံကြီးနဲ့ သူတို့ကို ကျော်သွားတဲ့အချိန်မှာ သူတို့မျက်နှာတွေဟာ မကောင်းတော့ဘူး။ ဒုတိယမြောက် အစိမ်းရောင်ဝတ်ရုံနဲ့ လူ ကျော်သွားတဲ့အချိန်မှာတော့ ပိုပြီး ဆိုးသွားတာပေါ့။ တတိယမြောက် ရှေးဟောင်းဝတ်စုံနဲ့ ကြွက်သားကြီးတွေနဲ့ လူ ကျော်သွားတဲ့အချိန်မှာတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းထားရတယ်...။

"ဒါက ဝတ်စုံတိုပါ၊ ဝတ်ရုံရှည် မဟုတ်ဘူး... အဆင်ပြေပါတယ်" ဆိုပြီးတော့ပေါ့။

ဒါပေမဲ့ ဝတ်ရုံဖြူနဲ့ လူတစ်ယောက်က သူတို့ဘေးကနေ ဝှတ်ခနဲ ကျော်တက်သွားတဲ့ အချိန်မှာတော့ သူတို့ ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။

"တောက်... ပရိုတွေ ကျော်သွားတာကတော့ ထားပါတော့၊ ဒီကောင်တွေက ဘာလဲ။ ငါတို့က ဝတ်ရုံရှည်နဲ့ လူတွေထက်တောင် နှေးနေတာလား"

"ပြေးကြဟေ့၊ ပြေးကြ... ငါတို့သာ မပြေးရင် ဟိုသတင်းထောက်မလေးရဲ့ လှောင်တာကို ခံရပြီး သေကုန်တော့မှာပဲ။ ဂရုမစိုက်ဘူးဗျာ... ပြေးမယ်"

အဲ့ဒီနောက်မှာတော့ လူတိုင်းက ဝိုင်းဆဲပြီး အရှိန်မြှင့်ကြတော့တာပဲ။ ပြီးတော့ အားလုံးက တိုင်ပင်ထားသလိုမျိုး ဒရုန်းကြီးကို လက်ခလယ်ကြီးတွေ ဝိုင်းထောင်ပြလိုက်ကြချိန်မှာ ချိန်ယွဲ့ရဲ့ ဆံပင်တွေဟာ ဒေါသကြောင့် ထောင်ထွက်မတတ် ဖြစ်သွားတာရော။

တစ်ချိန်တည်းမှာပဲ ပရိသတ်တွေကတော့ တဝါးဝါး တဟားဟားနဲ့ ရယ်လိုက်ကြတာ... "ဒီလိုမျိုး ပြိုင်ပွဲမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူးဗျို့" လို့ အော်နေကြတာပေါ့။

ဒီဒေသတွင်း မာရသွန်ပြိုင်ပွဲလေးဟာ လူသိပ်မသိခဲ့ပေမဲ့ အခုတော့ ပရိသတ်တွေ အမြောက်အမြား ရောက်လာကြပါပြီ။ ကြည့်ရှုနှုန်းတွေ တက်လာတာ မြင်တော့ ဌာနမှူးက ဒရုန်းမောင်းတဲ့သူကို အတင်းအချက်ပြတယ်။

"အခွင့်အရေး ရရင် ရသလို ဟိုဝတ်ရုံနဲ့ လူတွေကိုပဲ ရိုက်စမ်း”

ချိန်ယွဲ့ကတော့ ဘေးနားက လူတွေကို တိုးတိုးလေး ပြောနေတာက... "အဲ့ဒီ ငပေါတွေကို မရိုက်အောင် ကြိုးစားပါ၊ သူတို့ကို ငါ ထပ်ပြီး မမြင်ချင်တော့ဘူး" တဲ့။

ဒရုန်းမောင်းတဲ့သူကတော့ ဆွံ့အလို့ပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ ဌာနမှူးရဲ့ အမိန့်ကို နားထောင်ရတာပေါ့။ အဲ့ဒါကြောင့် ဒရုန်းကြီးဟာ အဓိက အစုအဖွဲ့ကြီးရဲ့ အပေါ်မှာ ဝဲပျံရင်း ခဏခဏ ကြည့်နေတော့တာပဲ။

ချိန်ယွဲ့ကတော့ ဒရုန်းမောင်းသူကို မျက်စောင်းကြီး ထိုးလိုက်ပြီး အဲ့ဒီ "အနီရောင်ဝတ်ရုံနဲ့ လူမိုက်" ကို ဘယ်လိုမျိုး သိက္ခာချရမလဲဆိုတာကို အပိုင်ကိုင်ပြီး စဉ်းစားနေတော့တာပေါ့။

ပဉ္စမအဆင့်က လူတွေကတော့ အစွမ်းကုန် ကြိုးစားနေကြပေမဲ့ ယွီဟွေးဖေးတို့ အဖွဲ့ကို မမီကြဘူး။ တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်လာကြပြီး လက်လျှော့ချင်နေကြပြီ။

အဲ့ဒီအချိန်မှာပဲ ဝတ်ရုံရှည်နဲ့ ကလေးလေးတစ်ယောက်ဟာ သူတို့ကို ဝှတ်ခနဲ ကျော်သွားပြန်ရော။ သူက ပြေးနေရင်းနဲ့ သူတို့ကို လှည့်ကြည့်ပြီး ခပ်အေးအေးပဲ ပြောသွားတာက... "နှေးလိုက်တဲ့ သက်ကြီးရွယ်အို အဘိုးအုပ်စုကြီးပဲ"

"သက်... သက်ကြီးရွယ်အို ဟုတ်လား"

၂၃ နှစ်အရွယ် လူငယ်လေးတစ်ယောက် ကြောင်သွားပြီးမှ ဒေါသတကြီးနဲ့ အော်လိုက်တယ်...။

"မင်းကမှ သက်ကြီးရွယ်အိုကွ။ မင်းတစ်မိသားစုလုံး သက်ကြီးရွယ်အိုပဲ။ အရှိန်မြှင့်ကြဟေ့"

ကျန်တဲ့သူတွေကလည်း အသက်ကြီးတဲ့သူတွေ မဟုတ်ဘူး၊ ၁၈ နှစ်တွေကော၊ ၂၀ ကျော်တွေကော အများကြီးပဲ။ တိကျန့်ရဲ့ စကားတစ်ခွန်းကတော့ သူတို့ကို တကယ့်ကို ဆွပေးလိုက်သလိုပဲ။

သူတို့က သက်လုံးကို ချန်မထားတော့ဘဲ "ချစ်ကြည်ရေးက ပထမ၊ ပြိုင်ဆိုင်မှုက ဒုတိယ" ဆိုတာတွေကို မေ့ပစ်လိုက်ကြပြီး ကြက်သွေးထိုးခံထားရသလိုမျိုး အတင်းအော်ပြီး အရှိန်မြှင့်ပြေးကြတော့တာနဲ့ ဒီလူတွေဟာ ဝတ်ရုံနဲ့ လူတွေ၊ လူမည်းအုပ်စုတွေဆီကို ချက်ချင်းဆိုသလို လိုက်မီသွားကြတာပေါ့။

ယွီဟွေးဖေးက ဒေါသထွက်နေတဲ့ နွားသိုးတွေလို အော်ပြေးလာတဲ့ လူတွေကို ကြည့်ပြီး တိကျန့်ကို နားမလည်နိုင်သလို မေးလိုက်တယ်...။

"မင်း သူတို့ကို ဘာလုပ်လိုက်တာလဲဗျ၊ ဘာဖြစ်လို့ ဒီလောက်တောင် ပေါက်ကွဲနေကြတာလဲ"

"ကျွန်တော် ဘာမှမလုပ်ပါဘူး။ အဘိုးကြီး တစ်အုပ်စုက တအားနှေးနေတာနဲ့ စကားတစ်ခွန်းလောက်ပဲ ပြောလိုက်တာပါ" လို့ တိကျန့်က အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ပြောရှာတယ်။

"အဘိုးကြီး... အဘိုးကြီးက ခင်ဗျားရဲ့ ခဲအိုကြီးလေ။ ကျွန်တော်က ၁၈ နှစ်ပဲ ရှိသေးတာ" လို့ လူငယ်တစ်ယောက်က ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တာပေါ့။

အမျိုးသမီးတစ်ယောက်ကလည်း ဘေးကနေ အော်တယ်... "ဒီအမယ်ကြီးက ၂၀ ပဲ ရှိသေးတယ်။ နင်ကမှ အဘိုးကြီး"

တိကျန့်က သူမကို တစ်ချက်ကြည့်လိုက်ပြီး... "ဪ... အဖွားကြီးတစ်ယောက်လည်း ပါလာတာပဲ"

"အား... ငါ့ကို မဆွဲနဲ့၊ သူ့ကို ငါ သတ်ပစ်မယ်" လို့ အဲ့ဒီအမျိုးသမီးကအော်ပြီး တိကျန့်နောက်ကို အရှိန်မြှင့်လိုက်တာချိန် တိကျန့်ကတော့ အရှိန်မြှင့်ပြီး လစ်ထွက်သွားတော့တာပဲ။

"တိကျန့်... ငါ့မြေးမလေးကော ဘယ်မှာလဲ"

"သူနဲ့ ချန်ယိုတောက်ကတော့ ပြိုင်ပွဲကနေ ထွက်သွားကြပြီ။ သူတို့ ဆက်မပြေးနိုင်တော့ဘူးလေ"

စုန့်ချင်းနဲ့ ချန်ယိုတောက်တို့ အတူတူရှိနေတာ သိရတော့ ယွီဟွေးဖေးလည်း စိတ်အေးသွားတာပေါ့။ သူက မာဂျီလီဘက်ကို လှည့်ကြည့်ပြီး မေးလိုက်လေရဲ့။

"ဟေ့... ခင်ဗျား ထမင်းမစားလာဘူးလား။ နည်းနည်းလောက် အရှိန်မြှင့်ဦးလေ"

မာဂျီလီ ကြောင်သွားတာပေါ့။ သူက အခုတောင် အမြန်ပြေးနေတာလေ၊ သူက ထပ်ပြီး မြန်ချင်သေးတာလား။ ဒါပေမဲ့ ယွီဟွေးဖေးရဲ့ ရွံစရာကောင်းတဲ့ အကြည့်ကို မြင်တော့ သူလည်း ဒေါသတကြီးနဲ့ အော်ပြီး ထပ်ပြီး အရှိန်မြှင့်ပြန်ရော။

ယွီဟွေးဖေးကလည်း အရှိန်မြှင့်တယ်၊ တိကျန့်ကလည်း မြှင့်တယ်၊ ဝတ်ရုံနဲ့ လူတွေလည်း မြှင့်တယ်... နောက်ဆုံးတော့ "ဝတ်ရုံနဲ့ ငပေါတွေ" ရဲ့ အစော်ကားကို မခံနိုင်တဲ့ လူအုပ်ကြီးကလည်း အတင်းအော်ပြေးကြတော့တာပေါ့။ "ငါတို့ကို မစော်ကားနဲ့ဟေ့” ဆိုပြီးတော့ပေါ့ဗျာ။

အဲ့ဒီလိုနဲ့ပဲ ပဉ္စမအဆင့်က လူတွေဟာ စတုတ္ထအဆင့်ကို ချက်ချင်းဆိုသလို လိုက်မီသွားကြပါတော့တယ်။ ဒရုန်းကြီးက ဖြတ်သွားတဲ့အချိန်မှာ ချိန်ယွဲ့ကတော့ ဆွံ့အလို့ပဲ။ ဒီကောင်တွေက တကယ်ကြီး စတုတ္ထအဆင့်ကို ရောက်သွားတာလား... သူမက စကားအများကြီး မပြောချင်တော့ဘဲ ခပ်တိုတိုပဲ ပြောလိုက်ပါတယ်။

"ဪ... ဝတ်ရုံညီအစ်ကိုများ စတုတ္ထအဆင့်ကို ရောက်သွားပါပြီ။ အံ့သြစရာပဲ၊ အံ့သြစရာပဲ... သူတို့ ဘယ်လောက်အထိ ထပ်ပြီး တောင့်ခံနိုင်ဦးမလဲဆိုတာ ကြည့်ကြရသေးတာပေါ့။ ဟဲဟဲဟဲ..."

ဒါကို ကြားတော့ ယွီဟွေးဖေးက ဘာမှစဉ်းစားမနေဘဲ သူမကို လက်ခလယ်ကြီး ထပ်ထောင်ပြလိုက်ပြန်ရော။

စတုတ္ထအဆင့်က လူတွေကတော့ သူက ဒရုန်းကို ထောင်ပြတာမှန်း မသိကြဘူးဗျ။ သူတို့ မြင်လိုက်ရတာက အနီရောင်ဝတ်ရုံနဲ့ကောင်က သူတို့ရှေ့ကို တက်သွားပြီး လက်ခလယ်ကြီး ထောင်ပြလိုက်တာပဲ။ အဲ့ဒီအချိန်မှာတင် စတုတ္ထအဆင့်က လူတွေဟာ ပေါက်ကွဲကုန်ကြတာပေါ့။

အားလုံးက အော်ဟစ်ပြီး အရှိန်မြှင့်ကြသလို လက်ခလယ်ကြီးတွေကိုလည်း တပြိုင်နက်တည်း ထောင်ပြလိုက်ကြတာပေါ့ဗျာ။

ဒါကို မြင်တော့ ပဉ္စမအဆင့်က လူတွေက စတုတ္ထအဆင့်က လူတွေဟာ သူတို့ဘက်ကနေ ကာကွယ်ပေးပြီး အစီအစဉ်တင်ဆက်သူမရဲ့ လှောင်ပြောင်မှုကို တုံ့ပြန်နေတာလို့ ထင်သွားကြတာပေါ့။ အဲ့ဒါကြောင့် တစ်ယောက်ပြီးတစ်ယောက် လက်ခလယ်ကြီးတွေ ထပ်ထောင်ပြလိုက်ကြပြန်ရော... ဆဋ္ဌမအဆင့်မှာ ကျန်ခဲ့တဲ့သူတွေကလည်း နောက်ကျမှာစိုးလို့ လိုက်ပြီး ထောင်ပြကြတာပေါ့ဗျာ။

ချိန်ယွဲ့ကတော့ အောက်မှာ လက်ခလယ်ပေါင်း ၁၀၀ ကျော်လောက် လှုပ်ယမ်းနေတာကို မြင်လိုက်ရတာပေါ့။ အဲ့ဒီမြင်ကွင်းဟာ လေတိုက်တဲ့အခါ လှုပ်ယမ်းနေတဲ့ မြက်ခင်းပြင်ကြီးအတိုင်းပဲ။ သူမကတော့ ယွီဟွေးဖေးကို ဝင်တိုက်ပြီး သတ်ပစ်ချင်စိတ်တောင် ပေါက်နေပြီ။ သူမက သွားကို တင်းတင်းကြိတ်ပြီး ပြောလိုက်တယ်။

"သွား... သွား... သူတို့ကို မရိုက်နဲ့တော့"

တီဗွီရှေ့က ပရိသတ်တွေကတော့ ရယ်လွန်းလို့ သေတော့မှာပဲ။ အတင်းပဲ ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှနေကြတာကြောင့် ကြည့်ရှုနှုန်းတွေကလည်း ပိုပြီး တက်လာတာပေါ့။

မကြာခင်မှာပဲ သူတို့ တတိယမြောက် အစုအဖွဲ့ကို လိုက်မီသွားကြပြန်ရော။ ဒီတစ်ခါတော့ ဒရုန်းကြီးက မလာတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီမှာရှိနေတဲ့သူတွေက ကျွမ်းကျင်သူတွေ ဒါမှမဟုတ် တစ်ပိုင်းကျွမ်းကျင်သူပရိုတွေဆိုတော့ကာ... ကျွမ်းကျင်မှုမရှိဘဲ လာပြီး ဂေါက်တောက်တောက် လုပ်နေတဲ့ အဖွဲ့က ကျော်တက်သွားတာကို သူတို့လည်း မကြိုက်ကြဘူး။ ဒါပေမဲ့ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းပြီး သူတို့ရဲ့ အရှိန်ကိုပဲ ထိန်းထားကြတာပေါ့။

အဲ့ဒီအချိန်မှာ ကိုရင်လေးတစ်ပါးက သူတို့ဘေးကနေ ပြေးသွားရင်းနဲ့ ရယ်ကျဲကျဲနဲ့ ပြောသွားတာက... "အဘိုးကြီး တစ်သိုက်ကလည်း တအားနှေးနေတာပဲ"

"မင်း ဘာပြောလိုက်တယ်"

"နောက်တစ်ခါ ထပ်ပြောကြည့်စမ်း"

"လိုက်ဖမ်းကြဟေ့"

"ဒါက စော်ကားတာပဲ၊ ငါတို့ ဒါကို လက်မခံနိုင်ဘူး၊ လိုက်ကြစို့"

အဲ့ဒီလိုနဲ့ပဲ တတိယအဆင့်က လူတွေလည်း လမ်းမှားသွားကြပြီး အရှိန်မြှင့်ပြေးကြပါတော့တယ်...။

ဒုတိယအဆင့်မှာတော့ ကျွမ်းကျင်မှုမရှိတဲ့သူတွေ မကျန်တော့ဘူး။ အားလုံးက မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် မာရသွန်အားကစားသမားတွေပဲ။ မာဂျီလီ လျှာကြီးထွက်ပြီး အသက်ကို မနည်းရှူနေတာကို မြင်တော့ သူတို့က ပြုံးနေကြတာပေါ့။ ဒီကောင်ကတော့ လမ်းဆုံးကို ရောက်နေပြီ၊ စိုးရိမ်စရာ မရှိဘူးလို့ သူတို့က ယူဆထားတာကိုး။ သူတို့က ကိုယ့်အရှိန်ကိုပဲ မှန်မှန်လေး ပြေးနေကြတာ... ဒါဟာ ပရိုတွေရဲ့ လက္ခဏာပဲ။

ဒါပေမဲ့ ယွီဟွေးဖေးလို ဝတ်ရုံရှည်ကြီးတွေနဲ့ကောင်တွေ လိုက်မီလာတာ မြင်တော့ သူတို့မျက်နှာတွေက တစ်မျိုးကြီး ဖြစ်သွားတာပေါ့။ အဲ့ဒီနောက်မှာတော့ အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းတစ်ယောက်၊ ဝတ်ရုံဖြူနဲ့ လူငယ်တစ်ယောက်၊ ပြီးတော့ ဝတ်ရုံဖြူနဲ့ ကလေးလေးတစ်ယောက်က သူတို့ကို ကျော်သွားတာ မြင်လိုက်ရတဲ့အချိန်မှာတော့ သူတို့လည်း ဘယ်လိုမှ မထိန်းနိုင်တော့ဘူး...။

အထူးသဖြင့် အဲ့ဒီကလေးလေးက သူတို့ကို လှည့်ကြည့်ပြီး... "အဘိုးကြီးတို့က မနက်ခင်း လမ်းလျှောက်ထွက်နေတာလား" လို့ မေးလိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့ ဆံပင်တွေဟာ ဒေါသကြောင့် ထောင်ထွက်ကုန်ကြတာပေါ့။

အဲ့ဒီအချိန်မှာပဲ ဒရုန်းကြီးက ပျံလာပြန်ရော။ ချိန်ယွဲ့ဟာ ယွီဟွေးဖေးတို့ အဖွဲ့ ဒုတိယအဆင့်အထိ ရောက်လာတာကို မြင်တော့ ကြောင်သွားတာပေါ့။

သူမက အားကစားသတင်းတင်ဆက်သူတစ်ယောက် ဖြစ်တဲ့အတွက် မာရသွန်ရဲ့ အခက်ခဲဆုံးအပိုင်းဟာ နောက်ဆုံးအပိုင်း ဖြစ်တယ်ဆိုတာ သူမ သိတယ်လေ။ အဲ့ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်က အကန့်အသတ်ကို ရောက်နေပြီ၊ ဒါဟာ ကိုယ်ခန္ဓာထက် စိတ်ဓာတ်ခိုင်မာမှုက ပိုပြီးအရေးကြီးတဲ့ အချိန်လေ။

ကျွမ်းကျင်အားကစားသမားတွေတောင်မှ အလေးချိန် တစ်အောင်စချင်းစီကို လျှော့ချပြီး သွားကိုတင်းတင်းကြိတ် တောင့်ခံရတဲ့အချိန်ပေါ့။ ဒီဝတ်ရုံရှည်နဲ့ လူတွေက ဘယ်လိုလုပ်ပြီး လိုက်မီနေရတာလဲ။ ဒါဟာ တကယ်ကို မယုံနိုင်စရာပဲ။

သူမဟာ သရဲဖြူက ဒုတိယဆု ယူမယ်လို့ ပြောခဲ့တာရယ်၊ ယွီဟွေးဖေးက နံပါတ် ၁၀ ယူမယ်လို့ ပြောခဲ့တာတွေကို သတိရသွားတာပေါ့။ သူမကတော့ ဆွံ့အလို့ပဲ။ သူမရဲ့ စိတ်ထဲမှာ ရူးသွပ်လှတဲ့ အတွေးတစ်ခု ဝင်လာတာက... "သူတို့ တကယ်ကြီး လုပ်နိုင်မှာလား" ဆိုတာပါပဲ။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက လက်ကို မြှောက်လိုက်ပြီး လေထဲမှာ လက်ခလယ်ကြီးကို လှုပ်ယမ်းပြလိုက်ပြန်ရော။ ချိန်ယွဲ့ဟာ စတူဒီယိုထဲမှာတင် ဆဲပစ်လိုက်တော့တာပဲ။

"ဒီကောင်အယုတ်တမာ... ဒီတစ်ခါတော့ ငါ ဘာမှမပြောရသေးဘူးနော်"

ယွီဟွေးဖေးလည်း ကြောင်သွားတာပေါ့။ ဒီတစ်ခါတော့ သူက သူမကို တကယ်ကြီး မှားပြီး စော်ကားလိုက်မိတာပဲ။ ဒါပေမဲ့ သူကတော့ ဂရုမစိုက်ပါဘူး၊ အကျင့်ပါနေတာဆိုတော့ကာ လက်ခလယ်ကြီးကိုပဲ ဆက်ပြီး လှုပ်ယမ်းနေတာပေါ့။

ဒုတိယအဆင့်က လူတွေကလည်း သူက အစီအစဉ်တင်ဆက်သူကို လုပ်နေတာမှန်း မသိကြဘူး။ သူတို့ မြင်လိုက်ရတာက ရှေ့မှာ လက်ခလယ်ကြီး ထောင်ပြနေတာဆိုတော့ကာ... နောက်က အဖွဲ့တွေအတိုင်းပဲ ထင်သွားကြရော။ "ဒီကောင်က ငါတို့ကို စော်ကားနေတာပဲ" ဆိုပြီးတော့ပေါ့။

အဲ့ဒီနောက်မှာတော့ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့်မှာ ကျန်ခဲ့တဲ့သူတွေ အားလုံးက လက်ခလယ်ကြီးတွေ ဝိုင်းပြီး ထောင်ပြလိုက်ကြပါတော့တယ်။ သူတို့အားလုံးမှာ ရည်ရွယ်ချက် ကိုယ်စီ ရှိကြပေမဲ့ ချိန်ယွဲ့အတွက်တော့ ဒါတွေအားလုံးဟာ သူမဆီကိုပဲ ဦးတည်နေသလိုမျိုး ခံစားရတာပဲ။ သူမကတော့ သွေးတောင် အန်တော့မလို ဖြစ်နေပြီ။

"ဒါက တကယ့်ကို သက်သက်အနိုင်ကျင့်တာပဲ"

တီဗွီရှေ့က လူတွေကတော့ ရယ်လွန်းလို့ အရူးတွေလို ဖြစ်ကုန်ကြပြီ။ ကြည့်ရှုနှုန်းတွေကလည်း ထပ်ပြီး ထိုးတက်သွားပြန်ရော။

အဲ့ဒီ ပွက်ပွက်ရိုက်မှုတွေ ပြီးသွားတဲ့အခါမှာတော့ ကျွမ်းကျင်အားကစားသမားတွေက အရင်ဆုံး စိတ်ကို ပြန်ထိန်းလိုက်ကြတယ်။ သူတို့က အသက်ရှူနှုန်းကို ပြန်ညှိပြီး အရှိန်ကို လျှော့ချလိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ အားအင်တွေကို ချန်ထားဖို့ လိုတာကိုး။ ပန်းတိုင်က အဝေးကြီး ကျန်သေးတယ်ဆိုတာ သူတို့ သိတာပေါ့၊ အခု အရှိန်မြှင့်တာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲလေ။ သူတို့က အဲ့ဒီ ငပေါတစ်သိုက်ကြောင့် သူတို့ရဲ့ အရှိန်ကို အပျက်မခံနိုင်ကြဘူး။

မာဂျီလီနဲ့ ဟိုင်းနီးယားတို့လည်း အရှိန်လျှော့လိုက်ကြရပါပြီ၊ သူတို့ကတော့ တကယ်ကို မပြေးနိုင်တော့တာကိုး။

All Chapters