နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်
Vol. 16 Ch. 231
သူတို့က ပါရမီရှိပြီး အားကစားကျောင်းသားတွေ ဖြစ်ကြပေမဲ့ မာရသွန်ကို တစ်ခါမှ မပြေးဖူးကြဘူးလေ၊ အဲ့ဒါကြောင့် သူတို့မှာ ပြင်ဆင်မှု မရှိကြဘူး။ ဒီလို အကွာအဝေးမျိုးကို ပထမဆုံးအကြိမ်မှာတင် ပန်းဝင်ဖို့ဆိုတာ ဘယ်သူမှ မလွယ်ကူဘူး။
ခုနက စိတ်လှုပ်ရှားပြီး အတင်းပြေးလိုက်တဲ့ အရှိန်တွေကြောင့် သူတို့ရဲ့ ခံနိုင်ရည်ဟာ ရုတ်တရက်ဆိုသလို လျော့နည်းသွားတာပေါ့။ သူတို့ရဲ့ ခြေထောက်တွေဟာ ခဲတွေ ထည့်ထားသလိုမျိုး တစ်လှမ်းချင်းစီမှာ ပိုပြီး လေးလံလာတာ... အသက်ရှူသံတွေကလည်း ပျက်စီးနေတဲ့ ဖိုကြီးတွေအတိုင်းပဲ။
ယွီဟွေးဖေးက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။ "ဟေ့... အရှိန်မလျှော့နဲ့လေ။ ပြေးစမ်းပါဦး"
မာဂျီလီက အသက်ကို ဟုတ်ဟတ်ရှူရင်း ယွီဟွေးဖေးကို မိစ္ဆာတစ်ကောင်လို ကြည့်လိုက်တယ်။ "ခင်ဗျား... ခင်ဗျား မမောဘူးလား"
ယွီဟွေးဖေးက သူ့မေးစေ့ကို ပွတ်လိုက်ပြီး... "မောတာပေါ့... ဒါပေမဲ့ ကျွန်တော်တို့ အရှေ့တိုင်းယောက်ျားတွေကတော့ မွေးရာပါ ခံနိုင်ရည် ရှိကြတာဗျ။ ခင်ဗျားတို့လို မဟုတ်ဘူး... တောက်... တအားကို အားနည်းလွန်းတယ်"
မာဂျီလီရဲ့ မျက်လုံးတွေက ဒေါသကြောင့် နီမြန်းလာပြီး အော်လိုက်တယ်။ "ငါ ပြေးနိုင်သေးတယ်ကွ"
အဲ့ဒီနောက်မှာတော့ "ဘုန်း..." ခနဲ အသံနဲ့အတူ သူ မြေကြီးပေါ်ကို လဲကျသွားတော့တယ်...။
ဒါကို မြင်တော့ ယွီဟွေးဖေးက ရပ်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ရင်း "ပြေးလေဗျာ။ အဲ့ဒီမှာ လဲမနေနဲ့ဦး"
မာဂျီလီက အသက်ကို အားရပါးရ ရှူရင်း... "ကျွန်တော်... ကျွန်တော် မရတော့ဘူး... မလှုပ်နိုင်တော့ဘူး၊ ကျွန်တော် လက်လျှော့"
"လိုက်ပြီ" ဆိုတဲ့ စကားလုံး သူ့ပါးစပ်ထဲက ထွက်မလာခင်မှာပဲ ယွီဟွေးဖေးက သူ့ကို အတင်းဆွဲထူလိုက်တာပေါ့။ ယွီဟွေးဖေးက မာဂျီလီကို တကယ့်ကို တရားမျှတတဲ့ စိတ်ဓာတ်တွေနဲ့ အားပေးနေတဲ့ ပုံစံမျိုး လုပ်လိုက်ပြီး ပြောလိုက်တာက...။
"ပြိုင်ကွင်းဆိုတာ စစ်မြေပြင်လိုပဲ။ ခင်ဗျား ဒီလိုမျိုး လက်လျှော့လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ အခု ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တင် ကိုယ်စားပြုတာ မဟုတ်ဘူး၊ ခင်ဗျားရဲ့ နိုင်ငံကိုပါ ကိုယ်စားပြုနေတာနော်။ ခင်ဗျား မျက်နှာမပျက်အောင် လုပ်ရမယ်၊ ဆက်ပြီး ကြိုးစားရမယ်။ မဟုတ်ရင် ခင်ဗျားဟာ ခင်ဗျားရဲ့ နိုင်ငံအတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်"
မာဂျီလီကတော့ ယွီဟွေးဖေးဟာ သူ့ကို လှောင်ပြောင်မယ့်အစား ဒီလောက်အထိ အားပေးမယ်လို့ ထင်မထားဘူး။ သူက တကယ်ကို စိတ်လှုပ်ရှားသွားပြီး မျက်လုံးလေးတွေ နီလို့ ခေါင်းညိတ်ပြရှာတယ်။
"ကောင်းပြီ၊ ကျွန်တော် ဆက်ပြေးပါ့မယ်"
ယွီဟွေးဖေးက... "စိတ်မပူနဲ့၊ ပြေးသာပြေး။ ကျွန်တော် ခင်ဗျားကို ကူညီမယ်။ ကံကောင်းပါစေဗျာ"
ခေါင်းပေါ်က ဒရုန်းကြီးကတော့ ဒီမြင်ကွင်းကို အပိုင် ရိုက်ကူးထားတာပေါ့။ အထူးသဖြင့် ယွီဟွေးဖေးက တမင်ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် ကင်မရာဘက်ကို မျက်နှာမူပြီး သူ့ရဲ့ ပြိုင်ဘက်ကို အားပေးနေတဲ့ တကယ့်ကို တရားမျှတတဲ့ ပုံစံကြီးကတော့ အထင်းသားပဲ။ မာဂျီလီရဲ့ ကျေးဇူးတင်နေတဲ့ မျက်နှာလေးလည်း ပါသွားတာပေါ့။
အစီအစဉ်တင်ဆက်သူ ချိန်ယွဲ့လည်း ကြောင်သွားတာပေါ့။ သူမက နားမလည်နိုင်သလို မေးလိုက်တယ်။
"အနီရောင်ဝတ်ရုံနဲ့ ညီအစ်ကိုက လူမည်းအားကစားသမားကို အားပေးနေတာလား။ ဘာတွေ ဖြစ်ကုန်တာလဲ" ဆိုပြီးတော့ပေါ့။
အဲ့ဒီအချိန်မှာပဲ လူတစ်ယောက် ပြေးလာတယ်... အဲ့ဒါကတော့ ဌာနမှူးပဲ။
"ဒီတစ်ခါတော့ ငါပါ ဝင်ပြီး တင်ဆက်ပေးမယ်" လို့ သူက ပြောလိုက်တယ်။
ချိန်ယွဲ့ကတော့ ဆွံ့အလို့ပဲ။ ဒီဌာနမှူးကတော့ ကြည့်ရှုနှုန်းတွေ တက်လာတာ မြင်တော့ လာပြီး ဝင်ရှုပ်တာပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ ဌာနမှူးက ဟာသတွေကို ကြိုက်တဲ့သူမှန်း သူမ သိတာကြောင့် ဘာမှတော့ စိုးရိမ်မနေတော့ဘူး။
ဌာနမှူးက ဖန်သားပြင်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တာက... "ဒါဟာ တကယ်ကို အံ့သြစရာပါပဲဗျာ။ မာရသွန်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုတွေကို ကျော်လွန်တဲ့ နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်ကို ကျွန်တော် မြင်တွေ့နေရပါပြီ။ အနီရောင်ဝတ်ရုံနဲ့ ညီအစ်ကိုဟာ အစပိုင်းမှာ နည်းနည်းလေး ရိုင်းစိုင်းခဲ့ပေမဲ့ အခု သူ့ရဲ့ လုပ်ရပ်ကတော့ နိုင်ငံကြီးသား ပီသတဲ့ စိတ်ဓာတ်ကို ပြသနေတာပါ။ ပြိုင်ကွင်းမှာ ငါတို့ဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ အတူတူ ရှေ့ကို တိုးသွားကြတဲ့ မိတ်ဆွေတွေပါပဲ။ သူက ချစ်ကြည်ရေးကို ပထမ၊ ပြိုင်ဆိုင်မှုကို ဒုတိယ နေရာမှာ ထားပြီး ကူညီအားပေးဖို့ ရွေးချယ်လိုက်တာပါ"
ယွီဟွေးဖေးကတော့ ဒါကို ကြားရင် သီးသွားလောက်တယ်။ ဘယ်ကနေ ဘယ်လို နိုင်ငံတကာ စိတ်ဓာတ်တွေ ရောက်လာတာလဲ။
သူက မာဂျီလီကို ဆက်ပြေးခိုင်းချင်တာက... ခင်ဗျားတို့ရဲ့ အကန့်အသတ်ကို ရောက်နေတဲ့အချိန်မှာ အတင်းဆက်ပြီး ပြေးခိုင်းရင် ဘာဖြစ်မလဲဆိုတာ သူ သိလို့ပါပဲ။ အဲ့ဒါဟာ ခန္ဓာကိုယ်ကို လုံးဝကို ပြိုကွဲသွားစေမယ့် နည်းလမ်းပဲလေ။
ဒါပေမဲ့ သူ ခံစားလိုက်ရတာက ဒီလူကြီးရဲ့ စကားတွေက ခုနက မိန်းမရဲ့ စကားတွေထက် အများကြီး သာပါတယ်၊ အနည်းဆုံးတော့ သူ့ကို ချီးကျူးနေတာ မဟုတ်လား။ အဲ့ဒါကြောင့် ယွီဟွေးဖေးက ပြုံးလိုက်ပြီး နိုင်ငံတကာ ချစ်ကြည်ရေး သူရဲကောင်းကြီးတစ်ယောက်လို ခေါင်းကို မော့လို့ မာဂျီလီကို "ကံကောင်းပါစေ" ဆိုတဲ့ အမူအရာ ပြလိုက်ပြီး... "မြန်မြန်ပြေးကြစို့ဗျို့” လို့ အော်လိုက်တာပေါ့။
မာဂျီလီကော ဘာပြောနိုင်မှာလဲ။ သူ့ရဲ့ "ရန်သူ" က သူ့ကို အားပေးနေတယ်၊ ဒရုန်းကြီးကလည်း ကြည့်နေတယ်လေ။ သူကတော့ နောက်ဆုတ်လို့ မရတော့ဘူး။ သူက သွားကို တင်းတင်းကြိတ်ပြီး ပြေးတော့တာပဲ...။
ဆယ်မိနစ်လောက် ကြာတော့ ဟိုင်းနီးယားတို့တစ်သိုက်လည်း တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြပြန်ရော။ တစ်ယောက်ချင်းစီကို ယွီဟွေးဖေးက အတင်းဆွဲထူပြီး အားပေးစကားတွေ ပြောလို့ အတင်းဆက်ပြီး ပြေးခိုင်းတာပေါ့ဗျာ။
နာရီဝက်လောက် ကြာသွားတဲ့အခါမှာတော့ မာဂျီလီက ထပ်ပြီး လဲကျသွားပြန်ရော၊ သူကတော့ ဘယ်လိုမှ မထရတော့ဘူး။
ယွီဟွေးဖေးက... "အဲ့ဒီလို မလုပ်ပါနဲ့ဗျာ၊ ထပါဦး"
မာဂျီလီက ခေါင်းခါပြီး... "ကျွန်တော် မရတော့ဘူး... တကယ်ကြီး မရတော့ဘူး"
ဒါကိုမြင်တော့ ဌာနမှူးက စိတ်လှုပ်ရှားစွာနဲ့ ပြောပြန်တယ်...။ "နိုင်ငံတကာ သူငယ်ချင်းကတော့ ထပ်ပြီး လဲကျသွားပြန်ပါပြီ။ သူ ဆက်မပြေးနိုင်တော့တာလား။ အမလေးဗျာ... ကျွန်တော်တို့ရဲ့ တရားမျှတတဲ့ အနီရောင်ဝတ်ရုံနဲ့ ညီအစ်ကိုကတော့ ထပ်ပြီး သွားနေပြန်ပါပြီ။ သူ ထပ်ပြီး ကူညီဦးမှာလား။ တကယ်ပါပဲ... သူ့ရဲ့ လုပ်ရပ်ကတော့ မျှော်လင့်မထားပေမဲ့ တကယ့်ကို ကျိုးကြောင်းဆီလျော်လှပါတယ်။ တရုတ်လူမျိုးတစ်ယောက်အနေနဲ့ ဒါဟာ တကယ့်ကို သဘောထားကြီးတဲ့ နိုင်ငံတကာ စိတ်ဓာတ်ပဲ ဖြစ်ရပါမယ်"
ယွီဟွေးဖေးလည်း ဒီလောက်အထိ ချီးကျူးခံရတော့ နည်းနည်းတော့ ရှက်သွားတာပေါ့၊ သူ့ရဲ့ မျက်နှာအသားက ထူပေမဲ့လည်း နည်းနည်းတော့ နီလာတာပေါ့ဗျာ။ ဒါပေမဲ့ သူက မာဂျီလီကို ငုံ့ကြည့်ပြီး... "ခင်ဗျား တကယ်ကြီး မပြေးနိုင်တော့ဘူးလား"
မာဂျီလီက... "တကယ်ကြီး မရတော့လို့ပါ..."
"အဲ့ဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ တစ်ကမ္ဘာလုံးက ကြည့်နေတာလေ။ အဲ့ဒီမှာ လဲနေတာက တအားကို အရှက်ရစရာကြီးဗျ။ ဒါကိုသာ ခင်ဗျားတို့ နိုင်ငံမှာ လွှင့်လိုက်ရင်... ခင်ဗျားရဲ့ မျက်နှာတင် မကဘူး၊ အတွင်းခံပါ ပျောက်သွားလိမ့်မယ်" လို့ ယွီဟွေးဖေးက ဆွပေးလိုက်တာပေါ့။
မာဂျီလီက နှစ်ကြိမ်လောက် ကြိုးစားကြည့်ပေမဲ့ မထနိုင်ဘူး...။
ယွီဟွေးဖေးက... "ကျွန်တော်တို့ ခင်ဗျားကို ဆွဲပြီး ပြေးမယ်လေ၊ ဘယ်လိုလဲ" လို့ မေးလိုက်တယ်။
မာဂျီလီက ခေါင်းညိတ်ပြပြီး ယွီဟွေးဖေးကို ကျေးဇူးတင်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်ရှုနေတာပေါ့...။ "ကျေးဇူးတင်ပါတယ်ဗျာ"
"မလိုပါဘူးဗျာ... ဒီနေ့တော့ ခင်ဗျားကို နိုင်ငံကြီးသားတွေရဲ့ သဘောထားကြီးမှုကို ခံစားစေရမယ်။ နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်ကို ခင်ဗျား နားလည်သွားစေရမယ်။ အစ်ကိုကြီးလန့်... အလုပ်စကြစို့ဗျို့” လို့ ယွီဟွေးဖေးက အော်လိုက်တယ်။
နွားကျောင်းသား ကလည်း... "သိပြီဗျို့” လို့ ပြန်အော်တာပေါ့။
အဲ့ဒီကောင်က အဆင်သင့်ပဲ၊ သူ့ဆီမှာ ကြိုးတစ်ချောင်း ပါလာတာကိုး။ အရင်က ယွီဟွေးဖေးကို ဆွဲခဲ့သလိုမျိုးပဲ၊ အခု မာဂျီလီနဲ့ ဟိုင်းနီးယားကို ကြိုးနဲ့ချည်ပြီး ရှေ့ကို အတင်းဆွဲတော့တာပဲ။
ယွီဟွေးဖေးနဲ့ သရဲဖြူကတော့ တစ်ဖက်တစ်ချက်ကနေ ပခုံးကို တွဲပေးထားပြီး သူတို့ လဲမကျအောင်၊ ခြေထောက်တွေက အလိုအလျောက် လှုပ်ရှားနေအောင် လုပ်ပေးထားတာပေါ့။
ဒါကို မြင်တော့ ဌာနမှူးက ထပ်ပြီး အော်ပြန်ရော...။ "ရင်နင့်စရာ ကောင်းလိုက်တာဗျာ။ အားလုံး မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံသားဟာ သူ့ရဲ့ ကိုယ်ပိုင်ပြိုင်ပွဲနဲ့ ယွမ်တစ်သန်း ဆုငွေကို စွန့်လွှတ်ပြီး နိုင်ငံခြားသူငယ်ချင်းကို စိတ်ရင်းမှန်နဲ့ ကူညီနေတာပါ။ ဒါဟာ တစ်ကိုယ်စာနဲ့ မိသားစုထက် ကျော်လွန်သွားတဲ့... တကယ့်ကို နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်ပဲ ဖြစ်ပါတယ်”
ပရိသတ်တွေကတော့ ဌာနမှူးက တအားကြီး ချီးကျူးနေတယ်လို့ ထင်ပေမဲ့လည်း စဉ်းစားကြည့်တော့ ဒါဟာ တကယ်ကို ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရတာပေါ့။
ဒါပေမဲ့ မာဂျီလီကတော့ ငိုတော့မလို ဖြစ်နေပြီ။ ဒီလိုမျိုး တွဲပေးထားရင်တောင်မှ ပြေးဖို့အတွက်က ခံနိုင်ရည် လိုသေးတာလေ။ သူ့ရဲ့ အားအင်တွေက မလိုက်နိုင်တော့ဘူး... သူ့ရဲ့ ခန္ဓာကိုယ်ထဲက အဆီအနှစ်တွေက ကုန်ခန်းသွားပြီ...။
နောက်ဆုံးတော့ မာဂျီလီက အော်ငိုပါတော့တယ်...။ "ငါ့ကို ချပေးပါတော့။ ငါ မပြေးတော့ဘူး။ ငါ မရတော့ဘူး၊ ငါ့ခြေထောက်တွေ ကျိုးကုန်ပြီ”
ဟိုင်းနီးယားကလည်း အော်တယ်... "ကျွန်တော်လည်း မရတော့ဘူး။ ချပေးကြပါတော့”
ယွီဟွေးဖေးကတော့ တကယ့်ကို တရားမျှတတဲ့ ပုံစံကြီးနဲ့... "ဘယ်လိုလုပ်ပြီး မရဘူးလို့ ပြောရတာလဲဗျာ။ ယောက်ျားတစ်ယောက်က မရဘူးလို့ ဘယ်ပြောရမလဲ။ ဆက်ပြေးပါ၊ ကျွန်တော် ကူညီပါ့မယ်။ လန့်အစ်ကိုကြီး... အရှိန်မြှင့်စမ်းဗျို့”
ဒါကို ကြားတော့ မာဂျီလီက အော်ဟစ်တော့တာပဲ... "မလုပ်နဲ့။ အရှိန်မမြှင့်နဲ့။ ငါ တကယ်... တကယ်ကြီး မရတော့လို့ပါ... အိုက်ယား... မပြေးပါနဲ့တော့။ ငါ သေတော့မှာ”
ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘူး။ သူက မာဂျီလီကို ရှေ့ကို အတင်းဆွဲပြေးရင်းနဲ့ အော်နေတာကတော့... "နိုင်ငံတကာ ချစ်ကြည်ရေးအတွက်... အတူတူ ချီတက်ကြစို့ဗျို့”
တီဗွီရှေ့က လူအများအပြားကလည်း ချီးကျူးနေကြတာပေါ့။
"ဒီကောင်လေးကတော့ တကယ့်ကို တော်တယ်ဗျာ”
"တစ်ယောက်တည်း ပြေးတာတောင် မောနေတာကို ဝတ်ရုံရှည်ကြီးနဲ့ ပြေးနေရတဲ့အပြင် တခြားလူကိုပါ ကူညီပေးနေသေးတယ်လား။ သူ့ရဲ့ ခံနိုင်ရည်ကတော့ အံ့သြစရာပဲ။ သူသာ ဒီလူမည်းတွေကို မဆွဲထားရင် ကျိန်းသေပေါက် နံပါတ် ၁၀ အတွင်း ဝင်မှာပဲ"
"ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို မြင့်မြတ်ပါတယ်... ဒါပေမဲ့... ဘာဖြစ်လို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ"
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ခံစားရတယ်ဗျ။ ဘာဖြစ်လို့ ဟိုလူမည်းက ငိုနေသလို ဖြစ်နေရတာလဲ"
"စိတ်လှုပ်ရှားလွန်းလို့ ငိုတာ ဖြစ်မှာပေါ့"
"ဖြစ်နိုင်တယ်..."
ဒါပေမဲ့ တချို့ကလည်း ယွီဟွေးဖေးကို ဆဲကြသေးတာပေါ့။
"ဒီလောက် ခံနိုင်ရည်ရှိရင် ကိုယ့်နိုင်ငံသား အချင်းချင်းကို ကူညီပါလား၊ ဘာဖြစ်လို့ နိုင်ငံခြားသားကို ကူညီနေတာလဲ" ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲပြီး ငြင်းခုံနေကြတာပေါ့ဗျာ။
ယွီဟွေးဖေးကတော့ ဒါတွေကို ဘာမှမသိဘူး။ သူက မာဂျီလီကို တိုးတိုးလေး ပြောပြီး ရယ်နေတာက... "မငိုပါနဲ့ဗျာ။ နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားလိုက်။ နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားလိုက်ရင် ခင်ဗျားရဲ့ ဒီခြေထောက်တွေဟာ နောက်တစ်ခါ ဘယ်တော့မှ ပြန်မတ်တပ်ရပ်စရာ မလိုတော့ဘူးလို့ ကျွန်တော် အာမခံတယ်ဗျ။ အဲ့ဒီလိုဆိုရင် ခင်ဗျားလည်း လူတွေကို လိုက်ပြီး နှောင့်ယှက်လို့ မရတော့ဘူးပေါ့..."
မာဂျီလီရဲ့ မျက်လုံးတွေဟာ ကြောက်လန့်တကြားနဲ့ ယွီဟွေးဖေးကို စိုက်ကြည့်နေတာပေါ့။
"ခင်ဗျား... ခင်ဗျား ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာလား"
ယွီဟွေးဖေးက... "အဲ့ဒီလို မပြောပါနဲ့ဗျာ။ ကျွန်တော် ခင်ဗျားကို ကူညီနေတာပါ... ဒါဟာ နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်၊ နိုင်ငံကြီးသားတွေရဲ့ စိတ်အားထက်သန်မှုဗျ။ နားလည်လား" လို့ ပြန်ပြောတာပေါ့။
မာဂျီလီကတော့ တစ်စက်ကလေးတောင် မယုံပါဘူး။ သူက အော်ဟစ်တော့တာပဲ။
"ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်တော် မပြေးနိုင်တော့ဘူး။ ကျွန်တော် မရတော့ဘူးဗျို့”
မာဂျီလီ အဲ့ဒီတော့မှ သိလိုက်တာက သူတို့ဟာ အဓိကအစုအဖွဲ့ကြီးကနေ တော်တော်လေးကို ဝေးကွာသွားပြီဆိုတာပါပဲ။ ယွီဟွေးဖေးတို့ အဖွဲ့နဲ့ သူတို့နှစ်ယောက်ပဲ ရှိတာလေ။ ဒရုန်းကြီးမှာလည်း အသံဖမ်းစက် မပါဘူး၊ ပါရင်တောင်မှ ဒရုန်းရဲ့ ပန်ကာသံတွေကြောင့် ဘာမှကြားရမှာ မဟုတ်ဘူး။ သူ ဘာတွေ အော်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။
အဲ့ဒီအစား သူ အော်ဟစ်နေတာကို မြင်တော့ ဌာနမှူးက ပိုပြီး သဘောကျနေတာပေါ့...။ "နိုင်ငံတကာ သူငယ်ချင်းကတော့ တော်တော်လေးကို ပျော်နေပုံရတယ်ဗျ။ ကြည့်စမ်းပါဦး... သူ အော်ဟစ်နေတဲ့ ပုံစံက တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်ထားတာပဲ။ သူ တကယ်ကြီး စိတ်လှုပ်ရှားနေတာ ဖြစ်ရမယ်”
ဒါကို ကြားတော့ မာဂျီလီမှာတော့ အဲ့ဒီ ငတုံးဌာနမှူးကို အသေသတ်လိုက်ချင်စိတ် ပေါက်သွားတာပေါ့။ ဒါပေမဲ့ သူ့မှာ ခွန်အား မရှိတော့ဘူး။ လက်ခလယ်တောင် မထောင်နိုင်တော့တာကိုး...။
မာဂျီလီ တစ်ယောက် ငိုယိုနေတဲ့အချိန်မှာ ယွီဟွေးဖေးကတော့ ရယ်မောရင်းနဲ့ သူ့ကို ပြေးဖို့ ကူညီပေးနေတာပေါ့။ ကြည့်ရတာ နှစ်ပေါင်းများစွာ မိုးခေါင်နေပြီးမှ မိန်းကလေးတစ်ယောက်ကို ဖမ်းမိသွားတဲ့ တောဓားပြကြီးအတိုင်းပဲ... သူကတော့ အပျော်ကြီး ပျော်နေတာ။
လမ်းဘေးမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေကလည်း အဝေးကနေ မာဂျီလီကို တွဲထားတာ မြင်ပြီး သူ တစ်ခုခု ပြောနေတာကို တွေ့လိုက်ရတာပေါ့။ ဒါပေမဲ့ ဒီကောင်က မောလွန်းလို့ အော်တောင် မအော်နိုင်တော့ဘူးလေ၊ သူ ကြိုးစားသမျှဟာ အသံဗလံလောက်ပဲ ထွက်တာ။ စေတနာ့ဝန်ထမ်းတွေကလည်း စိတ်လှုပ်ရှားစွာနဲ့ အော်ပြောကြတယ်...။
"ဘာမှပြောမနေပါနဲ့တော့ဗျာ။ ကျွန်တော်တို့ သိပါတယ်၊ အကုန်လုံး မြင်နေရတယ်။ ခင်ဗျားတို့ဟာ တကယ့်ကို လေးစားစရာ ကောင်းတဲ့သူတွေပါ။ အားလုံးပဲ သတိထားကြပါဦး... တကယ့်ကို နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ် အပြည့်အဝရှိတဲ့ အားကစားသမားတွေ လာနေပါပြီ။ သူတို့ကို လက်ခုပ်တီးပြီး အားပေးကြရအောင်ဗျာ”
အဲ့ဒီလိုနဲ့ပဲ လှပတဲ့ စေတနာ့ဝန်ထမ်းလေးတွေရဲ့ အကြည့်တွေနဲ့ လက်ခုပ်သံတွေကြားမှာ ယွီဟွေးဖေးဟာ မာဂျီလီကို ဆွဲခေါ်သွားပါတော့တယ်။ မာဂျီလီကတော့ မျက်ရည်တွေနဲ့ နောက်ကို လှည့်ကြည့်ပြီး "ကယ်ကြပါ..." လို့ ပြောချင်နေပေမဲ့ ခွန်အားကတော့ မရှိတော့ဘူး။
စေတနာ့ဝန်ထမ်းတွေ လက်ခုပ်တီးနေတုန်းမှာပဲ... ဝတ်ရုံဖြူနဲ့ အရပ်ရှည်ရှည် ပါးပါးနဲ့ လူတစ်ယောက်ဟာ လူမည်းတစ်ယောက်ကို ခြေထောက်ကနေ ဆွဲပြီးခေါ်သွားတာကို တွေ့လိုက်ရပြန်ရော။ အဲ့ဒီလူမည်းက ကတ်ထူပြားတစ်ခုပေါ်မှာ လဲလျောင်းနေပြီး သူတို့ဘေးကနေ ဝှတ်ခနဲ ကျော်သွားတာပေါ့...။
အဲ့ဒီခဏအတွင်းမှာတင် စေတနာ့ဝန်ထမ်းတွေ အားလုံး ကြောင်သွားကြရော...။ "ဒါ... ဒါက နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်နဲ့ မတူတော့ဘူး ထင်တယ်။ သူ့ကို ကယ်ကြပါဦး”
သူတို့ ဘာလုပ်ရမှန်း မသိခင်မှာပဲ တက္ကသိုလ်ကျောင်းသား စေတနာ့ဝန်ထမ်း အနည်းငယ်ဟာ ချွေ့ကျွယ်နဲ့ တိကျန့်တို့ သူတို့ဆီကို ပြေးလာတာကို တွေ့လိုက်ရတယ်။ သူတို့က လူမည်းနှစ်ယောက်စီကို ဆွဲလာကြတာ၊ အဲ့ဒီ လေးယောက်လုံးဟာ ပါးစပ်ကနေ အမြှုပ်တွေတောင် ထွက်နေကြပြီ။
"ဒါ... သူတို့ ဆက်မပြေးနိုင်တော့ဘူး” လို့ အမျိုးသမီး အသံလေးတစ်ခုက ထိတ်လန့်တကြား အော်လိုက်တာပေါ့။
ချွေ့ကျွယ်က သူတို့ကို ပြုံးပြလိုက်ပြီး အဲ့ဒီလူလေးယောက်ကို ချပေးလိုက်တယ်။ "သူတို့ လမ်းမှာ သတိလစ်နေတာ မြင်လို့ ကျွန်တော်တို့က ဆွဲလာပေးတာပါ။ ကျန်တာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်ဗျာ။ ကံကောင်းပါစေ။ ကျေးဇူးတင်စရာ မလိုပါဘူး... နိုင်ငံကြီးသား တစ်ယောက်အနေနဲ့ ဒီလိုမျိုးမြင်တွေ့ရင် ကူညီရမှာက ကျွန်တော့် တာဝန်ပါပဲ။ သွားပြီဗျို့”
ပြောပြောဆိုဆိုနဲ့ ချွေ့ကျွယ်က ပြေးထွက်ဖို့လုပ်နေချိန် မိန်းကလေးတစ်ယောက်က လှမ်းအော်တယ်...။
"ရှေ့က ဝတ်ရုံဖြူနဲ့ ညီအစ်ကိုက တစ်ယောက်ကို ဆွဲသွားသေးတယ်ရှင်”
ချွေ့ကျွယ် ကြောင်သွားပြီးမှ ရယ်လိုက်တယ်...။ "ဪ... အဲ့ဒီ ညီအစ်ကိုလား။ သူက... အဲ... သူ့မျက်လုံးက နည်းနည်းလေး စွေနေတာဆိုတော့ကာ ခင်ဗျားတို့ကို မမြင်လိုက်တာ ဖြစ်မှာပါ။ မဟုတ်ရင် သူလည်း ဒီမှာပဲ ထားခဲ့မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြိုင်ပွဲ ဆက်ပြေးရဦးမယ်၊ သွားပြီဗျို့” ဆိုပြီး လစ်ထွက်သွားတာပေါ့။
တိကျန့်က ခေါင်းလေးကုတ်ပြီး ကျောင်းသူလေးတွေကို ကြောက်လန့်တကြား တစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောဘဲ နောက်ကနေ လိုက်သွားရှာတာပေါ့။ စေတနာ့ဝန်ထမ်း မိန်းကလေးတွေကတော့ သူတို့ရဲ့ ကျောပြင်ကို ကြည့်ပြီး ကြောင်နေကြတုန်းပဲ၊ နောက်မှ သတိဝင်လာပြီး အဲ့ဒီလူတွေကို ကယ်ဖို့ အမြန်လှမ်းခေါ်ကြရတာပေါ့။
ပြင်ပလူတွေရဲ့ မျက်လုံးထဲမှာတော့ ချွေ့ကျွယ်တို့ဟာ သူရဲကောင်းတွေပေါ့၊ လဲကျနေတဲ့သူတွေကို ကူညီပြီး စေတနာ့ဝန်ထမ်းတွေဆီ ပို့ပေးခဲ့တာကိုး။
ဌာနမှူးကတော့ ထပ်ပြီး စကားတွေ ဖောင်ဖွဲ့နေပြန်ပါတယ်...။ "ရင်နင့်စရာ ကောင်းလိုက်တာဗျာ။ ဒီပြိုင်ပွဲဟာ ကျွန်တော်တို့ရဲ့ မျက်စိကို တကယ်ကြီး ပွင့်စေခဲ့ပါပြီ။ ငါတို့ လူမျိုးတွေမှာ စိတ်ဓာတ်မရှိဘူးလို့ ဘယ်သူပြောလဲ။ စိတ်ဓာတ်မရှိတဲ့သူက ဒီလိုမျိုး လုပ်ရပ်ကို လုပ်နိုင်ပါ့မလား"
မာဂျီလီကတော့ သတိမလစ်တလစ် ဖြစ်နေပေမဲ့ သူ့ရဲ့ နောက်ဆုံးခွန်အားကို သုံးပြီး တိုးတိုးလေး ပြောလိုက်တာကတော့... "ဒါဟာ လူသားတစ်ယောက် လုပ်မယ့် အလုပ်လားဗျာ..."
ယွီဟွေးဖေးက... "စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်တို့ ခဏလောက် ထပ်ပြေးလို့ ရသေးတယ်"
"ခင်ဗျား အမေကို" အဲ့ဒါကတော့ မာဂျီလီရဲ့ နောက်ဆုံးသော တိုက်ပွဲဝင်စကားပဲ ဖြစ်ပါတော့တယ်။
ချွေ့ကျွယ်က သရဲဖြူကို လိုက်မီသွားပြီး ဟိုင်းနီးယားရဲ့ ကျောပြင်က ပွန်းပဲ့ဒဏ်ရာတွေ ရနေတာကို တွေ့လိုက်ရတော့ သူက အမြန်ပြောလိုက်တယ်။ "ရှေ့မှာ စေတနာ့ဝန်ထမ်းတွေ ရှိတယ်၊ အဲ့ဒီမှာပဲ ချခဲ့တော့။ မင်းထပ်ပြီး ဆွဲသွားရင်တော့ ဒါဟာ တမင်သက်သက် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်သွားလိမ့်မယ်၊ ငါတို့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်တယ်"
ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ကြားတော့ သရဲဖြူက ဘာမှစဉ်းစားမနေတော့ဘဲ အဲ့ဒီလူကို ချက်ချင်းဆိုသလို လွှတ်ချလိုက်တော့ ချွေ့ကျွယ်က ဆဲလိုက်ပါလေရော။
"သောက်ကျိုးနည်း... မင်းကလည်း ဒီအတိုင်းကြီး လွှတ်ချလိုက်ရလား" ပြီးတော့ သူက ဒဏ်ရာတွေနဲ့ သေလုမျောပါးဖြစ်နေတဲ့ ဟိုင်းနီးယားကို ဝန်ဆောင်မှုပေးတဲ့ နေရာက စေတနာ့ဝန်ထမ်းတွေဆီကို ဆွဲခေါ်သွားပေးပြီး သူက ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံကြီးနဲ့ ပြောလိုက်တယ်။
"ဆောရီးဗျာ... ကျွန်တော်လည်း အားကုန်နေပြီ... ဟူး... လမ်းမှာ နည်းနည်းပါးပါး ထိခိုက်မိတာတွေကိုတော့ ရှောင်လွှဲဖို့ ခက်ခဲသွားတာပေါ့"
"ခင်ဗျား ဒီလောက်အထိ ပြေးလာရတာ အားအင်တွေ တော်တော်လေး ကုန်နေမှာပဲ။ ဒါတောင်မှ တခြားလူကို ကူညီဖို့ စဉ်းစားသေးတယ်... ခင်ဗျားဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့သူပဲဗျာ။ ကံကောင်းပါစေ၊ ခင်ဗျား ပထမဆု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ... ခင်ဗျားဟာ ဒီပြိုင်ကွင်းမှာ အလှဆုံးလူသားပါပဲ" လို့ အဖွဲ့ခေါင်းဆောင် အမျိုးသမီးကြီးက ချွေ့ကျွယ်ကို မျက်လုံးလေးတွေ အရောင်တောက်ပြီး ကြည့်ရင်း ပြောရှာတယ်။
ချွေ့ကျွယ်မှာတော့ သူမရဲ့ ကြီးမားလှတဲ့ လက်ဖဝါးကြီးထဲကနေ သူ့လက်ကို မနည်းပြန်ဆွဲထုတ်လိုက်ရပြီး သူက မေးကြည့်လိုက်တာပေါ့။ "ခင်ဗျား ဘာဘာသာရပ် သင်တာလဲဗျ။ အဲ့ဒီ ဆုပ်ကိုင်အားကတော့... ဟဲဟဲ"
"ဘော်လီဘော” လို့ အဲ့ဒီဆရာမကြီးက စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောတာပေါ့။
ချွေ့ကျွယ်လည်း လှည့်ကြည့်ပြီး အစွမ်းကုန် ပြေးထွက်သွားတော့တယ်။ သူ့ရဲ့ အရှိန်ကတော့ ပြောမနေပါနဲ့တော့...။
"ဆရာမ... ကျွန်တော် ထင်တာကတော့ သူ ပထမဆု ရလောက်တယ်ဗျ။ အဲ့ဒီ အရှိန်ကတော့ တကယ့်ကို မခေဘူး" ဆိုပြီးတော့ ကျန်ခဲ့တဲ့သူတွေက ပြောနေကြတော့တယ်။