← Chapters

တိုက်ကြီးများအကြားက ချစ်ခြင်းမေတ္တာ

Vol. 16 Ch. 232

တိုက်ကြီးများအကြားက ချစ်ခြင်းမေတ္တာ

Vol. 16 Ch. 232

ဟိုက အမျိုးသမီးဆရာမကြီးကတော့ မျက်လုံးလေးတွေ မှေးကြည့်ပြီး ပြောရှာတယ်။ "အဲ့ဒီလူက ကြည့်ရတာ တော်တော်လေး ရုပ်ဖြောင့်တယ်နော်"

ကျောင်းသူလေးတွေခမျာမှာတော့... "@#¥%……" ဘာပြောရမှန်းမသိ ဆွံ့အလို့ပေါ့။

ယွီဟွေးဖေးကလည်း ဒီမြင်ကွင်းကို လှမ်းမြင်လိုက်တာပေါ့။ သူက ရယ်ကျဲကျဲနဲ့ လှည့်ကြည့်ပြီး... "အဖိုးကြီး ချွေ့ကျွယ်ရေ... ဟိုဆရာမကြီးကလည်း ရုပ်ရည်က မဆိုးပါဘူးဗျာ။ မျက်နှာလေးက ခပ်စတုရန်းဆန်ဆန်၊ ခပ်ထောင့်ထောင့်လေးနဲ့ဆိုတော့ ကြည့်ရတာ တကယ့်ကို ရိုးသားဖြောင့်မတ်ပြီး အားကိုးထိုက်တဲ့ ပုံစံလေး။ ခင်ဗျားပဲ သူ့ကို ယူလိုက်ပါလား" လို့ နောက်လိုက်တာပေါ့။

"လစ်လိုက်စမ်း” လို့ ချွေ့ကျွယ်က စိတ်တိုတိုနဲ့ ပြန်အော်လိုက်တယ်။ ပြီးတော့ သူက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်တာပေါ့။

"ကိုယ်ရေးကိုယ်တာ ကိစ္စတွေကတော့ ပြီးသွားပြီ။ အခုက ဆုရဖို့ ကြိုးစားရမယ့်အချိန် မဟုတ်လား။ အရင်မှတ်တမ်းတွေအရဆိုရင် ကမ္ဘာ့အဆင့် ပရိုတွေဟာ မာရသွန်တစ်ခုလုံးကို နှစ်နာရီကျော်လေးနဲ့တင် ပန်းဝင်ကြတာမလား။ အချိန်က သိပ်မကျန်တော့ဘူးနော်..."

ယွီဟွေးဖေးကလည်း သဘောတူတယ်။ "ဟုတ်တယ်... အရှိန်မြှင့်ဖို့ အချိန်ရောက်ပြီ။ သွားကြစို့၊ သူတို့ကို လိုက်ဖမ်းကြမယ်။ အကယ်၍ ကျွန်တော်တို့သာ ပထမဆုကို မယူဘူးဆိုရင်တော့ ဒါကို ဂျိုနာဒိုအတွက်ပဲ ချန်ထားပေးလိုက်ကြတာပေါ့"

သရဲဖြူက နားမလည်နိုင်သလို မေးတယ်... "ဘာဖြစ်လို့လဲ"

ယွီဟွေးဖေးက... "ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော်က သူ့ကို ကြည့်ရတာ ခင်ဖို့ကောင်းတယ်လို့ ထင်လို့ပါ" လို့ ပြန်ပြောတာပေါ့။

"ကောင်းပြီလေ"

ကျန်တဲ့သူတွေကလည်း ဘာမှကန့်ကွက်မနေတော့ဘူး။ သူတို့က ကိုယ့်နိုင်ငံသား အချင်းချင်း ဆုမပေးချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ပြိုင်ပွဲမှာ တကယ့်ကို ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ ပြည်တွင်းအားကစားသမားတွေ မပါလာလို့ပဲ။ ပထမဆုံး အစုအဖွဲ့မှာတော့ နိုင်ငံခြားသား နှစ်ယောက်ရဲ့ အားပြိုင်မှုပဲ ရှိနေတာကိုး။

အဲ့ဒီလိုနဲ့ ယွီဟွေးဖေးတို့တစ်သိုက်ဟာ အရှိန်ကို စတင်မြှင့်လိုက်ကြတာ... ပိုပိုပြီးတော့ မြန်လာလိုက်တာ။ ဒါပေမဲ့ ဒရုန်းကြီး သူတို့နားကို ကပ်လာပြီဆိုရင်တော့ အဲ့ဒီအုပ်စုကြီးဟာ ချက်ချင်းဆိုသလို အရှိန်လျှော့လိုက်ပြီး အပျော်တမ်း လမ်းလျှောက်ပြေးနေတဲ့ ပုံစံမျိုး လုပ်ပြလိုက်ကြပြန်ရော။

ဒါပေမဲ့ မကြာခင်မှာပဲ ချိန်ယွဲ့က တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားတာမို့ သူမက ဌာနမှူးကို ပြောလိုက်တယ်။ "တစ်ခုခုတော့ မှားနေပြီ။ ကျွန်မတို့ သူတို့ကို ရိုက်နေတဲ့အချိန်မှာ သူတို့က နှေးနှေးလေး ပြေးနေတာ။ ဒါပေမဲ့ ကင်မရာအပြင်ဘက် ရောက်သွားတာနဲ့ သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက် အဝေးကြီးအထိ လိုက်မီသွားရတာလဲ"

ဌာနမှူးလည်း တစ်ခုခုတော့ ဟုတ်နေပြီဆိုတာ ရိပ်မိသွားတာပေါ့။ သူက ဒရုန်းမောင်းတဲ့သူကို အမိန့်ပေးလိုက်တယ်...။

"အဲ့ဒီအုပ်စုကိုပဲ အမြဲတမ်း စောင့်ကြည့်ပြီး လိုက်ရိုက်စမ်း”

ယွီဟွေးဖေးတို့မှာတော့ ဘာမှတတ်နိုင်တော့ဘူးလေ...။ "ထားလိုက်တော့ဗျာ၊ ပြေးရုံပဲရှိတော့တာပဲ။ ဆုရဖို့က ပိုအရေးကြီးတယ်" လို့ ယွီဟွေးဖေးက အမိန့်ပေးလိုက်ပါတော့တယ်။

အဲ့ဒီမှာတင် အုပ်စုကြီးဟာ သူတို့ရဲ့ စွမ်းအားတွေကို မဖုံးကွယ်တော့ဘဲ အရှိန်အပြည့်နဲ့ ပြေးထွက်သွားကြတာပေါ့။ ကြည့်ရှုသူအားလုံးဟာ မှင်တက်သွားစေမယ့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။ သူတို့ အထင်အသေးဆုံးဖြစ်တဲ့ အဲ့ဒီအဖွဲ့ကြီးဟာ အရှိန်ကို တဟုန်ထိုး မြှင့်တင်လိုက်တာ... စက္ကန့်နဲ့အမျှ ပိုပိုပြီး မြန်လာတာပေါ့။

ဒါဟာ မာရသွန်ပြေးတာနဲ့ မတူတော့ဘဲ မီတာတစ်ရာ အပြေးပြိုင်ပွဲအတိုင်းပဲ။ ယွီဟွေးဖေးလည်း အခုမှပဲ သိလိုက်ရတော့တယ်... ဟိုတစ်လောက သေလုမျောပါးဖြစ်အောင် လေ့ကျင့်ခဲ့ရတာတွေက သူ့ကို ဘာတွေ ပေးဆပ်ခဲ့လဲဆိုတာပေါ့။ ခံနိုင်ရည်ပိုင်းမှာဆိုရင် သူဟာ ရုပ်ပိုင်းဆိုင်ရာအရ တကယ့်ကို အကြီးအကျယ် ပြောင်းလဲသွားတာ။ အလေးမပါဘဲ ပြေးရတာဆိုတော့ ဒီလောက်အထိ ပြေးလာတာတောင်မှ သူက နည်းနည်းလေးပဲ မောသလို ခံစားရတာ။ သူ့ဆီမှာ အားအင်တွေက တောင်ပုံရာပုံ ကျန်နေသေးတာကိုး။

ကျန်တဲ့သူတွေကတော့ ပြောမနေပါနဲ့တော့... သူတို့က လူသားမဟုတ်တဲ့သူတွေ၊ ဒါမှမဟုတ် နှစ်ပေါင်းရှစ်ရာလောက် အသက်ရှင်လာတဲ့ ဂမ္ဘီရလူသားတွေဆိုတော့ သူတို့ရဲ့ ခွန်အားကတော့ ပိုပြီး ကြောက်စရာ ကောင်းတာပေါ့။

အဲ့ဒီအုပ်စုကြီးဟာ အသည်းအသန် လိုက်ဖမ်းလိုက်ကြတာ... ဆယ်မိနစ်လောက် ကြာတော့ ပထမဆုံး အစုအဖွဲ့မှာရှိနေတဲ့ ဂျိုနာဒိုနဲ့ အန်းကျိတို့ကို လှမ်းမြင်လိုက်ရပြီ။ အဲ့ဒီနှစ်ယောက်ကတော့ ပခုံးချင်းယှဉ်ပြီး အကြိတ်အနယ် ပြေးနေကြတာပေါ့။

"အမလေးဗျာ။ သူတို့တွေ ပထမအုပ်စုကို လိုက်မီတော့မယ်ဗျို့။ ဖြစ်နိုင်ပါ့မလား... မာရသွန် ပထမဆုဖလားကြီးဟာ ငါတို့ ကူလင်းမှာပဲ ကျန်ရစ်တော့မှာလား" လို့ ဌာနမှူးက စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တာပေါ့။

ချိန်ယွဲ့လည်း ရင်ခုန်နေပြီ။ အဲ့ဒီ ဝတ်ရုံနဲ့ လူတွေကို သူမ ဘယ်လောက်ပဲ မုန်းမုန်း၊ အခု အခြေအနေကတော့ တခြားစီလေ။ ရှေ့က လူနှစ်ယောက်လုံးက နိုင်ငံခြားသားတွေ၊ အကယ်၍ ကိုယ့်နိုင်ငံသား တစ်ယောက်ယောက်ကသာ ရှေ့ကို တက်မလာဘူးဆိုရင် ဒီပြည်တွင်းပြိုင်ပွဲကြီးရဲ့ အမြင့်ဆုံးဆုဟာ နိုင်ငံခြားသား လက်ထဲကို ရောက်သွားမှာကိုး။ ကိုယ့်နိုင်ငံက ထိပ်တန်း အားကစားသမားတွေ ဘာအကြောင်းကြောင့်ပဲ မလာနိုင်နိုင်၊ ဒါကြီးကတော့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာပေါ့။

အကယ်၍ အဲ့ဒီအချိန်မှာ နာမည်ကျော် အားကစားသမား တစ်ယောက်မှ မပါဘဲနဲ့ တစ်ယောက်ယောက်ကသာ ထွက်လာပြီး ဆုဖလားကြီးကို ယူသွားနိုင်မယ်ဆိုရင်တော့... ဒါဟာ တကယ့်ကို မြေငလျင်လှုပ်သလိုမျိုး ဂယက်ထသွားမယ့် သတင်းထူးကြီး ဖြစ်သွားမှာ ကျိန်းသေတယ်။

အဲ့ဒီအချိန်မှာ ချိန်ယွဲ့ဟာ ယွီဟွေးဖေးကို ပထမဆုံးအကြိမ်အဖြစ် လှောင်ပြောင်တာမျိုး မလုပ်တော့ဘူး။ သူမက ဘာမှလည်း မဝေဖန်ရဲတော့ဘူး၊ တကယ်တော့ ဘာပြောရမှန်းတောင် မသိတော့တာ... စကားမှားသွားပြီး အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်သွားမှာ စိုးလို့လေ။ ဌာနမှူးလည်း တိတ်ဆိတ်သွားပြီး ဖန်သားပြင်ကိုပဲ စိတ်လှုပ်ရှားစွာနဲ့ စိုက်ကြည့်နေတော့တာပဲ။

ပန်းတိုင်ကလည်း သိပ်မဝေးတော့ဘူး။ ဒီသစ်တောလမ်းလေးကို ကျော်သွားတာနဲ့တင် ပန်းဝင်မယ့်နေရာကို မြင်ရတော့မှာကိုး။

အဲ့ဒီအချိန်မှာပဲ ဒရုန်းကြီးက ဘက်ထရီအားနည်းသွားလို့ ပြန်လာရတော့တယ်... အားလုံးက ရှေ့က လမ်းပြကားမှာ တပ်ထားတဲ့ ကင်မရာကနေပဲ စောင့်ကြည့်နေရတာပေါ့။

ဂျိုနာဒိုကတော့ ကြည့်ရတာ အခြေအနေ ပိုကောင်းပုံရတယ်၊ သူ့မျက်နှာမှာလည်း အပြုံးလေး ပါနေသေးတာဆိုတော့ကာ... သူ့ဆီမှာ လျှို့ဝှက်လက်နက် တစ်ခုခု ရှိနေဦးမှာပဲ။ ဒါပေမဲ့ အန်းကျိရဲ့ မျက်နှာကတော့ ဖြူဖျော့နေပြီ... သူဟာ သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီဆိုတာ ထင်ရှားနေတာပေါ့။

ကွေ့တစ်ခုအရောက်မှာတော့ ပြေးနေတဲ့သူတွေဟာ ကင်မရာရဲ့ အမြင်အာရုံကနေ ခဏလေး ပျောက်ကွယ်သွားတာပေါ့။ အဲ့ဒီ ခဏလေးအတွင်းမှာတင် အန်းကျိဟာ ရုတ်တရက် လှုပ်ရှားလိုက်ပြီး ခြေထောက်ကို ထိုးထုတ်လိုက်ကာ ဂျိုနာဒိုကို တိုက်ချပစ်လိုက်တယ်။

ဂျိုနာဒိုကတော့ အန်းကျိဟာ ဒီလိုမျိုး အောက်တန်းကျတဲ့ အလုပ်ကို လုပ်လိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ။ သူဟာ ခလုတ်တိုက်သွားပြီး မြေကြီးပေါ်ကို "ဘုန်း..." ခနဲ လဲကျသွားတော့တယ်။

ရှေ့မှာ ပြောခဲ့သလိုပဲ... မာရသွန်ရဲ့ နောက်ဆုံးအပိုင်းဟာ ခန္ဓာကိုယ်ထက် စိတ်ဓာတ်က ပိုအရေးကြီးတာ။ ဂျိုနာဒိုတောင်မှ သူ့ရဲ့ စိတ်ဓာတ်နဲ့ပဲ တောင့်ခံနေရတာလေ။ အခုလို လဲကျသွားတဲ့အချိန်မှာ သူ့ရဲ့ စိတ်ဓာတ်က ယိုင်နဲ့သွားပြီး ခန္ဓာကိုယ်က မောပန်းမှုတွေက ချက်ချင်းဆိုသလို သူ့ကို တိုက်ခိုက်တော့တာပေါ့။ သူဟာ ခဏလောက်အထိ ပြန်မထနိုင်တော့ဘူး။

အန်းကျိက သူ့ကို လှည့်ကြည့်ပြီး ပြောလိုက်တာက... "ဆောရီးဗျာ။ ကျွန်တော် နိုင်မှဖြစ်မှာ။ ကျွန်တော် အရာအားလုံးကို လောင်းကြေးထပ်ရမယ်ဆိုရင်တောင်၊ ကျွန်တော်ဟာ လူယုတ်မာတစ်ယောက် ဖြစ်သွားမယ်ဆိုရင်တောင်မှပေါ့။ နောက်မှ... ကျွန်တော့်ရဲ့ အသက်ကို ခင်ဗျားကို ပေးပါ့မယ်... တကယ်ကို ဆောရီးပါ”

ပြောပြီးတာနဲ့ အန်းကျိက ရှေ့ကို ဆက်ပြေးသွားတော့တာပေါ့။

ဂျိုနာဒိုက ဆဲလိုက်တယ်... "ဒီသောက်ကျင့်ယုတ်ကောင်ကတော့ကွာ”

ကံမကောင်းတာက အန်းကျိကတော့ လှည့်မကြည့်တော့ဘူး... ဒီမြင်ကွင်းကို ကင်မရာက မရိုက်မိလိုက်ပေမဲ့ ယွီဟွေးဖေးတို့ကတော့ အတိုင်းသား မြင်လိုက်ရတာဆိုတော့ ယွီဟွေးဖေးလည်း ချက်ချင်းဆိုသလို ဒေါသထွက်သွားတာပေါ့။

"တောက်... ဒီကောင်ကတော့ တကယ့်ကို အရှက်မရှိလိုက်တာဗျာ”

ယွီဟွေးဖေးက အရှိန်မြှင့်ပြီး လိုက်မီသွားတယ်။ "ဂျိုနာဒို... အဆင်ပြေရဲ့လားဗျ။ ကျွန်တော် ဆွဲထူပေးမယ်"

ဂျိုနာဒိုက... "ကျေးဇူးပဲ၊ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ထလိုက်ပါ့မယ်။ ခင်ဗျားတို့ မြန်မြန်ပြေးကြပါ၊ ဒုတိယဆုက ရှေ့မှာတင် ရှိနေပြီ..."

"ဒုတိယဆုလား။ မဟုတ်ဘူးဗျ... ဂျိုနာဒို။ ကျွန်တော်တို့က ဒုတိယဆုတင် မဟုတ်ဘူး၊ ပထမကနေ ပဉ္စမအထိ အကုန်ယူမှာဗျ။ ဟို အန်းကျိဆိုတဲ့ကောင်ကိုတော့ နံပါတ် (၆) နေရာမှာပဲ အေးအေးဆေးဆေး နေခိုင်းလိုက်ကြတာပေါ့" ပြောပြီးတာနဲ့ ယွီဟွေးဖေးက အရှိန်မြှင့်ဖို့ ပြင်လိုက်တာပေါ့။

ဂျိုနာဒိုလည်း အဲ့ဒီတော့မှ ယွီဟွေးဖေးတို့ အဖွဲ့ဟာ အားအင်တွေ ပြည့်နှက်နေတုန်းပဲဆိုတာ သိသွားတာ။ သူက ယွီဟွေးဖေးရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး တစ်ခုခု ပြောလိုက်တယ်။ ဒါကို ကြားတော့ ယွီဟွေးဖေး မျက်မှောင်ကြုတ်သွားတာပေါ့။

"နားလည်ပြီဗျ။ ကံကောင်းပါစေ သူငယ်ချင်း"

ပြောပြီးတာနဲ့ ယွီဟွေးဖေးက ရှေ့ကို ပြေးထွက်သွားပါတော့တယ်။ ချွေ့ကျွယ်ကလည်း လိုက်မီလာပြီး မေးတာပေါ့...။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"

ယွီဟွေးဖေးက... "ကျွန်တော်ကတော့ ပထမကနေ ပဉ္စမအထိ အကုန်သိမ်းချင်တာဗျာ။ ကျွန်တော်ကတော့ ပထမယူမယ်"

ချွေ့ကျွယ်က ပြန်ပြောတယ်... "ခင်ဗျားရဲ့ ခွန်အားနဲ့ဆိုရင် ဒီပြိုင်ပွဲမှာ ပထမရဖို့က ပြဿနာမရှိပါဘူးဗျာ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ လူသိမခံရအောင် နေဖို့တော့ လိုလိမ့်မယ်..."

ယွီဟွေးဖေးက ခေါင်းညိတ်ပြရင်း... "ဒါပေမဲ့လေ..."

"ဟင်... ဘာဖြစ်လို့လဲ" လို့ ချွေ့ကျွယ်က မေးတာပေါ့။

အန်းကျိကတော့ မီတာငါးဆယ်လောက်ပဲ ဝေးတော့တဲ့ ပန်းဝင်မယ့်နေရာကို စိုက်ကြည့်နေတာပေါ့။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေ ရောပြွမ်းနေတဲ့ ခံစားချက်ပေါင်းစုံ ရှိနေတာပေါ့။ လူအုပ်ကြီးက သူ့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ အံ့သြသွားကြပေမဲ့ ချီးကျူးသံတွေကတော့ ဆူညံသွားတာပေါ့။

အန်းကျိကတော့ ကြည့်ရတာ အထီးကျန်ပြီး လောကဒဏ်ကို ခံစားနေရတဲ့ ပုံစံမျိုးပေါ့၊ ဒါပေမဲ့ သူကတော့ အရှိန်ကို အစွမ်းကုန် မြှင့်နေတုန်းပဲ။

"ဟော”

အဲ့ဒီအချိန်မှာပဲ အံ့သြတုန်လှုပ်သွားတဲ့ အော်သံကြီး ထွက်ပေါ်လာတာပဲ။ အန်းကျိက လူတွေအားလုံး သူ့ရဲ့ နောက်ကို မှင်တက်ပြီး ကြည့်နေကြတာ သတိထားမိလိုက်တယ်။ သူလည်း ဇဝေဇဝါ ဖြစ်သွားတာပေါ့။ သူ့နောက်မှာလား... ဂျိုနာဒို လိုက်မီလာတာလား... သူက တရုတ်စကား နားမလည်တော့ သူတို့ ဘာတွေ ပြောနေလဲ မသိဘူး... ဒါပေမဲ့ တစ်ခုခု ပြောင်းလဲသွားပြီဆိုတာတော့ သူ သိလိုက်တယ်။ အန်းကျိကတော့ အသက်နဲ့လဲပြီး အစွမ်းကုန် ပြေးတော့တာပဲ။

ဒါပေမဲ့...

ဝှစ်...။

လူရိပ်တစ်ခုက သူ့ဘေးကနေ ကျော်သွားပြန်ရော။ အဲ့ဒါကတော့ အနီရောင်ဝတ်ရုံနဲ့ လူပေါ့ဗျာ။ အဲ့ဒီလူက သူ့ကို လှည့်ကြည့်ပြီး ခပ်အေးအေးလေး ပြုံးပြသွားတာ...

"မဖြစ်နိုင်တာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူး... အဲ့ဒါ ငါ့ရဲ့ ပထမဆုလေ” လို့ အန်းကျိက စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်ရှာတယ်။

ဝှစ်...

နောက်ထပ် လူရိပ်တစ်ခု ကျော်သွားပြန်ပြီ။ ဝတ်ရုံဖြူနဲ့ လူပဲ။

"ငါ့ရဲ့ ဒုတိယဆု။ ငါ့ရဲ့ ဒုတိယဆု” လို့ အန်းကျိက အော်ပြန်ရော။

ဝှစ်...

ဝတ်ရုံဖြူနဲ့ ကလေးလေးတစ်ယောက် ကျော်သွားပြန်ပြီ။

"မလုပ်နဲ့”

အန်းကျိက အင်္ဂလိပ်လို အော်ပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ သူက ရှိသမျှ ခွန်အားတွေ အကုန်သုံးနေတာတောင်မှ အဲ့ဒီထက် မြန်မြန် မပြေးနိုင်တော့ဘူးကိုး။

ဝှစ်...

ဝတ်ရုံစိမ်းနဲ့ လူလတ်ပိုင်းတစ်ယောက် ကျော်သွားပြန်ရော။ ဒါကို မြင်တော့ အန်းကျိကတော့ တကယ့်ကို စိတ်ပျက်သွားပြီ... သူ့ရဲ့ မျက်လုံးတွေတောင် အရောင်မှိန်သွားတာပေါ့။ အနီရောင်ဝတ်ရုံနဲ့ လူက ပထမဆုံး ပန်းဝင်သွားတာ မြင်လိုက်ရတဲ့အချိန်မှာ သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး မျက်ရည်တွေကလည်း တားမရအောင် စီးကျလာတော့တယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ လူတွေရဲ့ အံ့သြသံတွေက ထပ်ပြီးထွက်ပေါ်လာပြန်ရော။ အန်းကျိရဲ့ နှလုံးသားကတော့ သေလူတစ်ယောက်လို ဖြစ်နေပါပြီ။ နောက်ထပ် တစ်ယောက်ယောက် လိုက်မီလာတာလား။ လိုက်မီပါစေလေ... ဆက်ပြေးနေလည်း အပိုပဲ မဟုတ်လား။

သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့... အဲ့ဒီ ဝတ်ရုံနဲ့ လူတွေဟာ ပန်းဝင်မယ့်နေရာမှာ စုရပ်ပြီး ရပ်နေကြတာကို တွေ့လိုက်ရတယ်။ သူတို့က ပန်းဝင်မယ့်စည်းကို မကျော်ကြဘူးဆိုတော့ အန်းကျိလည်း ကြောင်သွားတာပေါ့။

"ခင်ဗျားတို့..."

ယွီဟွေးဖေးက သူ့ကို ခေါင်းလေးဆတ်ပြပြီး ဒီကိုလာဖို့ အချက်ပြလိုက်တယ်။ အန်းကျိလည်း နားမလည်သလို ကြည့်နေတုန်းမှာပဲ ယွီဟွေးဖေးက ပြောလိုက်တာက... "မှတ်ထားပါဗျာ... ဒီပထမဆုဟာ ခင်ဗျားက အန်နာကို ပေးမယ့် လက်ဆောင်တင် မဟုတ်ပါဘူး။ ဒါဟာ သမုဒ္ဒရာ တစ်ဖက်ကမ်းက ကျွန်တော်တို့ဆီက လက်ဆောင်ရယ်၊ တခြားတိုက်ကြီးက ဂျိုနာဒိုဆီက လက်ဆောင်ရယ်လည်း ပါဝင်ပါတယ်ဗျာ။ ဒီလက်ဆောင်လေးကို မင်းသမီးလေးက သဘောကျပြီး အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်"

အန်းကျိက တရုတ်စကား နားမလည်ပေမဲ့ ဘေးနားက စေတနာ့ဝန်ထမ်း တစ်ယောက်က သတိဝင်လာပြီး ချက်ချင်း ဘာသာပြန်ပေးလိုက်တာပေါ့။ ဒါကို ကြားတော့ ၁.၈ မီတာကျော် အရပ်ရှိတဲ့ ယောက်ျားကြီးဟာ မျက်လုံးတွေ ချက်ချင်း နီမြန်းလာပြီး ယွီဟွေးဖေးကို အရိုအသေပေးပြီး ဦးညွှတ်လိုက်တော့တယ်။

ယွီဟွေးဖေးက ဘေးကို ရှောင်လိုက်ပြီး... "မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့က အန်နာ့အတွက်ပဲ စိတ်မကောင်း ဖြစ်တာပါ၊ ခင်ဗျားအတွက် မဟုတ်ဘူး။ ခင်ဗျား တကယ်ကြီး ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ဂျိုနာဒိုကိုပဲ ကျေးဇူးတင်လိုက်ပါ။ သူက ခင်ဗျားနဲ့ ပထမဆုကို လုဖို့ လုံးဝ စိတ်မကူးခဲ့ဘူးလေ"

အန်းကျိက နောက်ကို လှည့်ကြည့်လိုက်တော့ ဂျိုနာဒိုက ဖြည်းဖြည်းချင်း ပြေးလာတာကို တွေ့လိုက်ရတယ်။ အန်းကျိ လှည့်ကြည့်တာ မြင်တော့ ဂျိုနာဒိုက သူ့ကို တဖြီးဖြီးနဲ့ ပြုံးပြလိုက်တာပေါ့ဗျာ။ သူ့ရဲ့ လူမည်းအသားအရည်နဲ့ဆိုတော့ သွားလေးတွေက တကယ့်ကို ဖြူဖွေးနေတာပဲ။

အဲ့ဒီအချိန်မှာ သရဲဖြူက တိုးတိုးလေး ပြောတယ်... "အဖိုးကြီး လူမည်းရဲ့ သွားတွေက ဘာဖြစ်လို့ ဒီလောက်တောင် ဖြူနေတာလဲလို့ စဉ်းစားနေတာ... ကြည့်ရတာ အဝတ်အစားကြောင့် ဖြစ်မှာပဲ..."

ယွီဟွေးဖေးကတော့... "#@……"

နောက်ဆုံးတော့ အားလုံးရဲ့ အကြည့်တွေကြားမှာ အန်းကျိက ပန်းဝင်စည်းကို အရင်ဆုံး ကျော်ဖြတ်သွားတော့တယ်။ အဲ့ဒီခဏမှာတင် တစ်ကွင်းလုံးမှာ လက်ခုပ်သံတွေ၊ ချီးကျူးသံတွေဟာ ဆူညံသွားတာပေါ့။

အစီအစဉ်တင်ဆက်သူ ချိန်ယွဲ့နဲ့ ဌာနမှူးတို့လည်း ပြုံးနေကြတာပဲ။ ဌာနမှူးက... "ဆုဖလားကြီးက ကူလင်းမှာ မကျန်ရစ်ခဲ့ပေမဲ့ ကျွန်တော် တစ်ခု မေးချင်တာကတော့... ဒါဟာ ဘယ်လို စိတ်ဓာတ်မျိုးလဲဗျာ"

"နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်” လို့ အဲ့ဒီအချိန်မှာတင် ကြည့်ရှုသူတွေ၊ ပြိုင်ပွဲဝင်တွေနဲ့ တီဗွီရှေ့က လူတွေအားလုံးက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့တယ်။

မာရသွန်ပြိုင်ပွဲရဲ့ ဆုပေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အဆင့်အတန်း ခွဲခြားထားတဲ့ စင်မြင့် မဟုတ်ဘဲနဲ့ ညီညာနေတဲ့ စင်မြင့်တစ်ခုကိုပဲ သုံးလိုက်ရတာပေါ့။ ဒါဟာ နောက်ဆုံးမိနစ်မှာမှ ပြောင်းလဲလိုက်တာ။

ယွီဟွေးဖေးတို့ အဖွဲ့လည်း သူတို့ ဖြစ်ချင်တဲ့အတိုင်း ဒုတိယကနေ ဆဋ္ဌမအထိ အကုန်သိမ်းပိုက်နိုင်ခဲ့သလို အန်းကျိကတော့ ပထမဆုကို ရသွားတာပေါ့။ ချိန်ယွဲ့က သူ့ကို အင်တာဗျူးတဲ့အချိန်မှာ သူ ငိုရှာတယ်။ သူက ဆုဖလားကြီးကို မြှောက်ပြပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်လေရဲ့။

"အန်နာရေ... မြင်လားသမီး။ အဖေ သမီးကို မလိမ်ပါဘူး။ အဖေ တကယ်ကြီး ချန်ပီယံဆုကို ယူနိုင်ခဲ့ပြီ။ ဒီဆုဖလားကြီးဟာ သမုဒ္ဒရာ တစ်ဖက်ကမ်းက ဦးဦးတွေ၊ ဒေါ်ဒေါ်တွေရဲ့ မေတ္တာတွေနဲ့အတူ သမီးရဲ့ ၄ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပို့ပေးလိုက်တာပါ။ သမီး သဘောကျပါစေလို့ ဆုတောင်းပေးပါတယ်၊ အဲ့ဒီ မေတ္တာတွေက သမီးကို စောင့်ရှောက်ပြီး ရောဂါဝေဒနာတွေကို အမြန်ဆုံး အောင်နိုင်ပါစေဗျာ။ အဖေ သမီးကို ချစ်တယ်..."

ပြီးတော့ အန်းကျိက အားလုံးကို ဦးညွှတ်ပြီး... "အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ” လို့ ပြောလိုက်တော့ လက်ခုပ်သံတွေက တစ်ကွင်းလုံးမှာ ဟိန်းသွားတာပေါ့။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ရုတ်တရက် မေးလိုက်တယ်... "ဟေ့ သူငယ်ချင်း... ခင်ဗျားမှာ ပိုက်ဆံ ပြတ်နေလို့လား"

အန်းကျိ ကြောင်သွားတာပေါ့။ ချိန်ယွဲ့က ယွီဟွေးဖေးအတွက် ဘာသာပြန်ပေးလိုက်တော့ အန်းကျိက ခေါင်းခါပြရှာတယ်။ သူက ပိုက်ဆံပြတ်တယ်လို့လည်း မပြောသလို၊ မပြတ်ဘူးလို့လည်း မပြောဘူး။

"အခုအချိန်မှာ ကျွန်တော့်အတွက် ပိုက်ဆံက အသုံးမဝင်တော့ပါဘူး။ ဒီဆုဖလားကြီး ရှိနေတာနဲ့တင် လုံလောက်ပါပြီ။ ကျေးဇူးတင်ပါတယ်..."

ယွီဟွေးဖေး သက်ပြင်းချလိုက်မိတယ်။ ကြည့်ရတာ ဂျိုနာဒို ပြောတာ မှန်ပုံရတယ်။ အန်နာဟာ ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ ကုလို့ မရတော့ဘူးလေ။ ယွီဟွေးဖေး အနေနဲ့ အန်းကျိကို နားလည်ပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အန်နာ့အတွက် သူမရဲ့ ဖခင် ပထမရတာကို မြင်တွေ့ရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်နေမှာကိုး။ အဲ့ဒါကြောင့် ဒီပထမဆုဟာ သူတို့နှစ်ယောက်လုံးအတွက် တကယ့်ကို အရေးကြီးလွန်းနေတာပေါ့။ သမီးဖြစ်သူကို ပေးထားတဲ့ ကတိကို တည်ဖို့အတွက် ဒီဖခင်ဟာ သူ့ရဲ့ သိက္ခာတွေကို ဘေးဖယ်ထားပြီး အသက်နဲ့လဲပြီး ဒီအခွင့်အရေးကို အရယူခဲ့တာလေ။

ဒါဟာ သမီးအပေါ်မှာ ထားတဲ့ ဖခင်တစ်ယောက်ရဲ့ ကတိ၊ ရောဂါဝေဒနာတွေအပေါ်မှာ ဘာမှမတတ်နိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ အားကိုးရာမဲ့မှု၊ ပြီးတော့ သမီးအပေါ်မှာ ထားတဲ့ အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတော့တယ်။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးရဲ့ ရှေ့ကို မိုက်ခရိုဖုန်းကြီး ရောက်လာပြန်ရော။

"လူကြီးမင်းရှင်... ရှင်က နံပါတ် (၁၀) လောက်ပဲ ယူမယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘာဖြစ်လို့ အခု ဒုတိယဆုကြီး ရသွားရတာလဲရှင်"

ချိန်ယွဲ့က ပြုံးပြုံးလေး မေးလိုက်တာပါ။ ဒီတစ်ခါတော့ သူမရဲ့ မျက်လုံးထဲမှာ ယွီဟွေးဖေးအပေါ် မုန်းတီးမှုတွေ မရှိတော့ဘဲ လေးစားမှုတွေပဲ ရှိနေတာပေါ့။

ယွီဟွေးဖေးက ဂျိုနာဒိုကို တစ်ချက်ကြည့်လိုက်ပြီး... "သူက ခလုတ်တိုက်တာကိုးဗျ။ ကျွန်တော့်ရှေ့က လူတွေကို သူက ခလုတ်တိုက်ချပစ်လိုက်တော့ ကျွန်တော်ကလည်း... ခင်ဗျားတို့ သိတဲ့အတိုင်းပဲပေါ့ဗျာ"

ဂျိုနာဒိုကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့... "ဒါကြီးကို ကျွန်တော့်ကို လာပြီး အပြစ်ပုံချလို့ ရမလားဗျာ" လို့ ပြောလိုက်တော့ အားလုံးက ရယ်မောကုန်ကြတာပေါ့။

ယွီဟွေးဖေးက ဆက်ပြီး နောက်ပြောင်လိုက်ပါသေးတယ်။ "ဟုတ်ပါရဲ့ဗျာ... သူ့ကို အပြစ်တင်လို့ မရပါဘူး။ အဓိကကတော့ ကျွန်တော်က ရုပ်ဖြောင့်နေပြီး ကောင်းကင်ကြီးက ကျွန်တော့်ကို စောင့်ရှောက်နေလို့ပါ။ ကျွန်တော်သာ နည်းနည်းလေး ပိုပြီး ရက်စက်လိုက်ရင် ပထမတောင် ရသွားလောက်တယ်ဗျ"

"တကယ့်ကို အရှက်မရှိတဲ့ကောင်”

အားလုံးက တပြိုင်နက်တည်း ဝိုင်းအော်ကြပေမဲ့ အားလုံးက ရယ်နေကြတာပေါ့ဗျာ။ ဒါပေမဲ့ ချွင်းချက်တော့ ရှိတာပေါ့ဗျာ... မာဂျီလီတို့ အုပ်စုကတော့ တကယ့်ကို ဆဲနေကြတာ။ အထူးသဖြင့် ယွီဟွေးဖေးက ကြွားနေတာ ကြားလိုက်ရတဲ့အချိန်မှာပေါ့။

"ကျွန်တော့် ညီအစ်ကိုတွေကလည်း လူကောင်းတွေပါဗျာ။ လမ်းမှာဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံခြားသူငယ်ချင်းတွေကို အသည်းအသန် ကူညီပေးခဲ့ကြတာ။ သူတို့ကိုယ်တိုင် မပြေးနိုင်တော့တဲ့ အချိန်မှာတောင်မှ စေတနာ့ဝန်ထမ်းတွေဆီကို အတင်းဆွဲခေါ်သွားပေးခဲ့ကြတာဗျ။ အင်း... ဒီလို စရိုက်ကောင်းတွေ ရှိနေတော့ ကောင်းကင်ကြီးကတောင် ကျွန်တော်တို့ကို ချစ်နေတာပေါ့ဗျာ"

မာဂျီလီနဲ့ ဟိုင်းနီးယားတို့ကတော့ သွားကို တင်းတင်းကြိတ်နေကြတာပေါ့။ "ခင်ဗျား အမေကို” လို့ သူတို့ တကယ်ကို အော်ဆဲချင်ပေမဲ့ ဘယ်သူက သူတို့စကားကို ယုံပါ့မလဲ။ အစောပိုင်းက မာဂျီလီက ယွီဟွေးဖေးတို့ဟာ လူကောင်းတွေ မဟုတ်ဘူးလို့ ပြောလိုက်တာကိုတင် စေတနာ့ဝန်ထမ်းတွေက သူ့ကို ဝိုင်းကြည့်လိုက်ကြတာ... သူတို့သာ အလုပ်တာဝန် မရှိရင် သူ့ကို တောင်အောက်ကို ကန်ချပစ်လောက်တယ်ဗျ။ အခုတော့ သူတို့ခမျာ ဘာမှမပြောရဲတော့ဘူးပေါ့။

အဲ့ဒီအချိန်မှာ မာချောင် ရောက်လာတယ်၊ သူမက ဖုန်းကိုကိုင်ပြီး နားမလည်နိုင်သလို ဖြစ်နေတာ။ သူမက ချောင်ယွမ်ကို ဖုန်းခေါ်နေပေမဲ့ ဟိုဘက်က မကိုင်ဘူးလေ။

"ချောင်ယွမ် ဘယ်မှာလဲ။ ဘာဖြစ်လို့ ငါ့ကို လာပြီး ဂရုမစိုက်ရတာလဲ" လို့ ဟိုင်းနီးယားက သူ့ရည်းစားကို သတိရသွားပြီး မေးတာပေါ့။ မာချောင်က ခေါင်းခါပြတယ်...။

"မသိဘူး။ သူ့ဆီ ဖုန်းခေါ်လို့ မရဘူး"

အဲ့ဒီအချိန်မှာပဲ မာချောင်ဆီကို ချောင်ယွမ်ဆီက စာတစ်စောင် ရောက်လာတယ်...။ "ငါ ပျော်ပြီးပြီ။ အခုကစပြီးတော့ ငါ အေးအေးဆေးဆေး စာပဲ လေ့လာတော့မယ်"

မာချောင်က ဟိုင်းနီးယားကို ဖုန်းပြလိုက်တော့ သူက ချက်ချင်းဆိုသလို ပေါက်ကွဲသွားတာပေါ့။ "ဒီစောက်မိန်းမ။ ဒီတရုတ်မယုတ်”

ဒါကို ကြားတော့ ဘေးနားက စေတနာ့ဝန်ထမ်း ကျောင်းသူလေးက ဒေါသထွက်သွားပြီး သူ့ကို ကန်ပစ်လိုက်တာပေါ့။

"နင် ဘာပြောလိုက်တယ်။ ယုံချင်ယုံ၊ မယုံချင်နေ... နင့်ကို ငါ အခု အပြတ်ရှင်းပစ်မယ်”

နောက်ထပ် မိန်းကလေးတစ်ယောက်ကလည်း အုတ်ခဲတစ်လုံးကို လှမ်းယူလိုက်တယ်...။ "ငါ့ကို မတားနဲ့။ ဒီလို ပါးစပ်သရမ်းတဲ့ကောင်ကို ငါ အုတ်ခဲနဲ့ ထုပစ်မယ်။ ငါတို့က ကူညီပေးတာကို သူက ငါတို့ လူမျိုးတွေကို လာပြီး ဆဲနေသေးတယ်”

အမျိုးသား စေတနာ့ဝန်ထမ်း နှစ်ယောက်ကလည်း ဒေါသထွက်နေပေမဲ့ မိန်းကလေးတွေကိုတော့ မနည်းဆွဲထားရတာပေါ့။

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့... ကိုယ့်ဘာသာကိုယ် မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့ပဲ ကိုင်တွယ်လိုက်ပါ့မယ်"

အဲ့ဒီနောက်မှာတော့ သူတို့ထဲက တစ်ယောက်က ရှေ့ကို တက်သွားပြီး လူနာထမ်းစင်ကြီးကို မှောက်ချပစ်လိုက်တော့ ဟိုင်းနီးယားခမျာ မြေကြီးပေါ်ကို "ဘုန်း..." ခနဲကျသွားတော့ ဟိုင်းနီးယားက အော်တယ်။

"နင်တို့ကို ငါ တရားစွဲမယ်”

All Chapters