← Chapters

အခန်းစစ်ဆေးခြင်း

Vol. 16 Ch. 236

အခန်းစစ်ဆေးခြင်း

Vol. 16 Ch. 236

ယွီဟွေးဖေးကတော့ သူ့ခေါင်းက ဒဏ်ရာ ဘာကြောင့်ဖြစ်ရလဲဆိုတာကို သွားပြီး စုံစမ်းဖို့ လုပ်နေပေမဲ့ စုန့်ချင်းက သူ့ကို အတင်းဆွဲထားတာပေါ့။

"လျှောက်မသွားနဲ့ဦးလေ။ သွေးတွေ ထွက်နေတာကို ဘာလို့ လျှောက်ပြေးနေရတာလဲ။ သေချင်လို့လား။ အရင်ဆုံး ပတ်တီးစီးဦးမှပေါ့..."

စုန့်ချင်း အနေနဲ့လည်း ခုနက အမြတ်ထုတ်ခံလိုက်ရတာဟာ အခြေအနေအရ မလွှဲမရှောင်သာ ဖြစ်ခဲ့တာမှန်း နားလည်တယ်။ သူမကလည်း လောကဝတ်ကို နားလည်တဲ့သူဆိုတော့ကာ ဒီလို ကိစ္စသေးသေးလေးတွေကို အရေးတယူ လုပ်မနေတော့ဘူး။ ဒါပေမဲ့ ယွီဟွေးဖေးဟာ သူမအတွက် လက်သီးချက်တွေကို ခေါင်းနဲ့ ခံပေးခဲ့လို့ သွေးတွေ သံရဲရဲ ဖြစ်နေတာ မြင်ရတော့ သူမရဲ့ စိတ်ထဲမှာ အားနာစိတ်လေး ဝင်လာပြီး ဂရုစိုက်ပေးချင်နေတာပေါ့။

ယွီဟွေးဖေးကတော့ အကြိမ်ပေါင်းများစွာ သေဖူးတဲ့သူဆိုတော့ကာ ဒီလို ဒဏ်ရာအသေးအဖွဲလေးကို ဘယ်ဂရုစိုက်ပါ့မလဲ။ သူကတော့ သူ့ခေါင်းကို သူ ပြန်ထုပစ်လိုက်ချင်စိတ်တောင် ပေါက်နေတာလေ။ ဘာလို့လဲဆိုတော့ သူပြန်လည်ရှင်သန်လာရင် သူ့ရဲ့ ကိုယ်တိုင်ကုစားနိုင်စွမ်းက ဆေးဝါးတွေထက် အဆပေါင်းများစွာ မြန်ဆန်နေတာကိုး။

သူက စုန့်ချင်းရဲ့ စိုးရိမ်မှုကို ဂရုမစိုက်ဘဲ သရဲဖြူဆီကို ပြေးသွားပြီး စစ်ဆေးကြည့်လိုက်တာပေါ့။ အဲ့ဒီတော့မှ သူ သတိထားမိလိုက်တာက... ဟောဗျာ။ ဒီကောင်ရဲ့ လက်မှာ လက်စွပ်တစ်ကွင်း ပါနေတာပဲ။ အဲ့ဒါကမှ လူခေါင်းပုံစံ လက်စွပ်ကြီး။

"အမလေးဗျာ။ ဒါကြီးကို ဘယ်သူက ပေးလိုက်တာလဲ"

ချိန်ယွဲ့ကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ လက်ကိုမြှောက်ပြပြီး ငိုတော့မလို လေသံနဲ့ ပြောရှာတယ်။

"သူက ကျွန်မရဲ့ လက်စွပ်ကို ကြည့်ပြီး ပျော်စရာကောင်းတယ်ဆိုလို့ ခဏ ငှားဝတ်ကြည့်တာလေ၊ ပြီးတော့ သူ ရူးသွားတာပဲ... ပြောပါဦး၊ သူက သရဲပူးနေတာလား။ အဲ့ဒီလက်စွပ်က တော်တော်လေးကို ချောက်ချားစရာ ကောင်းတယ်လို့ ကြားဖူးတယ်..."

ယွီဟွေးဖေးက လက်စွပ်ကို ကြည့်လိုက်၊ သရဲဖြူကို ကြည့်လိုက်နဲ့ နောက်ဆုံးတော့ ချိန်ယွဲ့ရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်...။

"စိတ်မပူပါနဲ့ဗျာ။ ဘယ်လောက်ပဲ ချောက်ချားစရာကောင်းတဲ့ လက်စွပ်ဖြစ်ဖြစ်၊ သူ့ကိုတော့ လာပြီး ပူးရဲမှာ မဟုတ်ပါဘူး..."

ယွီဟွေးဖေးက အခု အဖိုးကြီးဖြူနဲ့ ချိန်ယွဲ့တို့ရဲ့ အခြေအနေကို ရုတ်တရက် စဉ်းစားမိသွားတာပေါ့။ အကယ်၍ သူသာ အမှန်အတိုင်း ပြောလိုက်ရင် သူတို့ကြားက ရင်ခုန်စရာ ခံစားချက်လေးတွေ ပျက်စီးသွားမှာ စိုးတာနဲ့ပဲ... "အင်း... ကြည့်ရတာ ဒါက တကယ်ကြီး ချောက်ချားစရာ ကောင်းပုံရတယ်။ နောက်ကျရင် ဒါကို လွှင့်ပစ်လိုက်တော့" လို့ ပြောလိုက်တာပေါ့။

ချိန်ယွဲ့ကလည်း ခေါင်းကို တငြိမ့်ငြိမ့်နဲ့... "ဟုတ်တယ်၊ လမ်းဘေးဆိုင်က ပစ္စည်းတွေဆိုတာ တကယ်ကို အရည်အသွေး မရှိတာပဲ..." လို့ ဆဲနေသေးတာ။ ယွီဟွေးဖေးခမျာမှာတော့ လမ်းဘေးမှာ ပစ္စည်းရောင်းနေတဲ့ ညီအစ်ကိုတွေအတွက် စိတ်မကောင်း ဖြစ်မိတာပေါ့။ ပစ္စည်းလည်း ရောင်းရသေးတယ်၊ အပြစ်တင်တာလည်း ခံရသေးတယ်လေ။

ဂျိုနာဒိုကတော့ တကယ်ကြီး မူးပြီး အိပ်ပျော်နေတာ အခုထိ နိုးမလာသေးဘူး။ သူ့ရဲ့ အသားအရောင်ကလည်း မွေးရာပါ ညိုမည်းနေတော့ကာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေက သိပ်မပေါ်ဘူး၊ နည်းနည်းလေး ဖူးယောင်နေတာလောက်ပဲ။ ယွီဟွေးဖေးမှာတော့ ပထမဆုံးအကြိမ်အဖြစ် တခြားလူမျိုးတွေရဲ့ အသားအရောင် အားသာချက်ကို မနာလို ဖြစ်သွားတာပေါ့...။

ချန်ယိုတောက်ကတော့ ထထိုင်လိုက်တာနဲ့ ပထမဆုံးလုပ်တာက အရက်ပုလင်းကို ဆွဲပြီး မော့လိုက်တာပါပဲ။ လှုပ်ရှားလိုက်တာနဲ့ ဒဏ်ရာတွေကို ဆွဲလိုက်သလို ဖြစ်သွားလို့ "အာ့... အား..." နဲ့ အော်နေရရှာတာပေါ့။

"သူဌေးယွီရေ... ခင်ဗျားရဲ့ ဝမ်းကွဲညီအစ်ကိုတွေက ဘာဖြစ်လို့ ဒီလောက်တောင် ကြမ်းရတာလဲဗျာ။ နောက်ကျရင် ကျွန်တော့်ဆီမှာ နည်းပြ လာလုပ်ခိုင်းပါဦး၊ ကျွန်တော် လစာ အများကြီး ပေးပါ့မယ်"

ယွီဟွေးဖေးက... "အဲ့ဒါကတော့... နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့ဗျာ။ အခုတော့ ဟို စိန်ခေါ်တဲ့သူတွေဘယ်လိုနေလဲ သွားကြည့်လိုက်ဦး... ခင်ဗျား သူတို့ကို ကျေးဇူးတင်သင့်တယ်ဗျ။ အမှန်အတိုင်း ပြောရရင် သူတို့က ကျွန်တော်တို့အတွက် မိုးကြိုးလွှဲသလိုမျိုး အထိနာခံပေးခဲ့ကြတာလေ။ တစ်နည်းအားဖြင့် ပြောရရင်တော့ သူရဲကောင်းဆန်တဲ့လုပ်ရပ် ပေါ့ဗျာ"

ချန်ယိုတောက်က ကင်ဇေဝူးကို ဆွဲထူလိုက်တယ်။ သူက နွားကျောင်းသားနဲ့ တိုက်ရိုက် တိုးခဲ့တာဆိုတော့ကာ... ရုပ်တောင် ပျက်နေပြီ။ အစကတော့ တကယ့်ကို ရုပ်ဖြောင့်တဲ့ မင်းသားလေးလို မျက်နှာလေးဟာ အခုတော့ အဆီပြန်နေတဲ့ အမဲသားလုံးကြီးအတိုင်း ဖူးယောင်နေတာပေါ့။

သူက မူးဝေပြီး မျက်လုံးဖွင့်လိုက်ပေမဲ့ မျက်တောင်လေး နည်းနည်းပဲ ပွင့်လာတာ။ သူက သနားစရာကောင်းတဲ့ လေသံနဲ့ မေးရှာတယ်။

"ကျွန်တော်... ဘယ်ရောက်နေတာလဲ"

နောက်ဆုံးတော့ ယွီဟွေးဖေးက ကင်ဇေဝူးကို အောက်ထပ်ကို ထမ်းချသွားပြီး လူနာတင်ကားပေါ်ကို တင်ပေးလိုက်ရတာပေါ့။ ကင်ဇေဝူးကတော့ မူးနောက်နေတဲ့ ကြားကနေ ယွီဟွေးဖေးရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ညည်းတွားနေလေရဲ့။

"ဘယ်တော့မှ... ငါ တရုတ်ပြည်ကို ဘယ်တော့မှ ထပ်မလာတော့ဘူး။ ငါတို့က စမ်းသပ်တိုက်ခိုက်မယ်လို့ပဲ သဘောတူထားတာလေ၊ ဒါပေမဲ့ အဲ့ဒီလူတွေရဲ့ လက်ချက်ကတော့ တအားကို အောက်တန်းကျလွန်းတယ်..."

ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောလိုက်ပါတယ်... "အဲ့ဒီလို မပြောပါနဲ့ဗျာ။ ချန်ယိုတောက်က ဒီသင်တန်းကျောင်းကို တည်ထောင်နိုင်ဖို့အတွက် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ကိုယ်ခံပညာတွေကို လေ့ကျင့်ခဲ့ရတာ၊ တခြားသူတွေကို ရိုက်ခဲ့ရသလို ကိုယ်တိုင်လည်း အရိုက်ခံခဲ့ရတာဗျ"

"အခု ခင်ဗျားက ရုတ်တရက် ရောက်လာပြီး သူ့ရဲ့ တပည့်တွေရှေ့မှာတင် တံခါးကို ကန်ဖွင့်ပြီး စိန်ခေါ်ချင်တယ်ဆိုတော့ကာ... ခင်ဗျား စဉ်းစားကြည့်ဖူးလား၊ အကယ်၍ ခင်ဗျားသာ နိုင်သွားရင် သူက ဒီသင်တန်းကျောင်းကို ဆက်ဖွင့်လို့ ရပါဦးမလား။ ဒါက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပဲဗျ။ ခင်ဗျားက သူ့ရဲ့ ထမင်းအိုးကို လာရိုက်ခွဲပြီး သူ့ရဲ့ ဘဝကို လာဖျက်ဆီးနေတာလေ"

"သူကကော ခင်ဗျားကို အသက်နဲ့လဲပြီး မတိုက်ခိုက်ဘဲ နေပါ့မလား။ ခင်ဗျား ဒီတစ်ခါ အသက်ရှင်နေသေးတာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်ပါဦးဗျာ၊ နောက်တစ်ခါဆိုရင်တော့ ကျွန်တော် နာရေးကူညီမှုအသင်းကိုပဲ ဖုန်းဆက်ရတော့မယ်"

ဒါကို ကြားတော့ ကင်ဇေဝူးလည်း ကြောင်သွားတာပေါ့။ သင်တန်းကျောင်းတွေကို စိန်ခေါ်တာဟာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ထုံးစံဆိုပေမဲ့ သူဟာ ရှုံးနိမ့်သွားတဲ့သူက သင်တန်းကျောင်း ပိတ်လိုက်ရပြီးနောက်မှာ ဘယ်လိုမျိုး အသက်ဆက်ရှင်မလဲဆိုတဲ့ ကိစ္စကိုတော့ တကယ်ကြီး ထည့်မတွက်ခဲ့မိဘူးလေ။

ယွီဟွေးဖေးက သူ့ပခုံးကို ပုတ်လိုက်တော့ ကင်ဇေဝူးခမျာမှာတော့ နာကျင်လွန်းလို့ အော်ဟစ်တော့တာပဲ... "ညင်ညင်သာသာ... ညင်ညင်သာသာ လုပ်ပါဗျာ...”

ယွီဟွေးဖေးက... "ကြည့်စမ်းပါဦး... ဒါက ခင်ဗျားကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော်တို့ ပထမဆုံး တွေ့တုန်းက ကျွန်တော် လူနာတင်ကား ခေါ်ပေးမယ်လို့ ပြောခဲ့သားပဲ၊ ခင်ဗျားက ငြင်းခဲ့တာလေ။ အကယ်၍ ကျွန်တော်တို့သာ စောစောစီးစီး ခေါ်လိုက်ရင် ခင်ဗျား အခုလောက်ဆိုရင် ဆေးကုသမှု ခံယူနေရပြီ မဟုတ်လား"

ကင်ဇေဝူးလည်း မျက်လုံးလှန်ပြလိုက်တာပေါ့။ သူကတော့ သူကိုယ်တိုင် အရိုက်ခံရမယ့်သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ။ သူက သက်ပြင်းချလိုက်ပြီး ယွီဟွေးဖေးကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ်... ကျွန်တော့်ကို လူနာတင်ကားပေါ် တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ယွီဟွေးဖေးရဲ့ မျက်နှာကတော့ နီမြန်းလာတာပေါ့၊ စိတ်ထဲကနေလည်း ကျိတ်ပြောနေတာက... အကယ်၍ မင်းကို ရိုက်တဲ့သူတွေဟာ ငါ့ရဲ့ ညီအစ်ကိုတွေမှန်းသာ မင်းသိရင် မင်း ငါ့ရဲ့ ဘိုးဘေးတွေကိုပါ ကျေးဇူးတင်ဦးမလားပဲ ဆိုပြီးတော့ပေါ့။

လူနာတင်ကား ထွက်သွားတာကို ကြည့်ပြီး ယွီဟွေးဖေးက ညည်းတွားလိုက်တယ်။

"သူတို့ရဲ့ ဆေးရုံစရိတ်ကတော့ တော်တော်လေး ကုန်ဦးမှာပဲ"

သူ့နောက်က လိုက်လာတဲ့သူတွေကလည်း တငြိမ့်ငြိမ့်နဲ့ ထောက်ခံကြတာပေါ့။ ယွီဟွေးဖေးက မျက်လုံးညိုကွင်းကြီးနဲ့ ဖြစ်နေတဲ့ စုန့်ချင်းကို လှည့်ကြည့်ပြီး ရယ်မောလိုက်တယ်။

"နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပြီးမှ ပြန်ပါလား။ အခုလို ပုံစံကြီးနဲ့ ပြန်သွားရင် ကျွန်တော့်ရဲ့ အစ်ကိုကြီးက ကျွန်တော့်ကို လာပြီး သတ်လိမ့်မယ်ဗျ" လို့ နောက်လိုက်တာပေါ့။

စုန့်ချင်းက ဝါးခနဲ ရယ်လိုက်ပြီး... "ကျွန်မလည်း အခုချက်ချင်းတော့ မပြန်နိုင်သေးပါဘူးရှင်။ ရှင့်ရဲ့ ဒဏ်ရာကိုလည်း ပတ်တီးစီးပေးပါရစေဦး။ သွေးတွေ တအားထွက်နေလို့လေ"

ယွီဟွေးဖေးလည်း မငြင်းတော့ဘဲ စုန့်ချင်းကိုပဲ လုပ်ချင်ရာ လုပ်ခိုင်းလိုက်တာပေါ့။ ဒါပေမဲ့ သူက သူမရဲ့ ဆေးပညာကျွမ်းကျင်မှုကို တအားကြီး အထင်ကြီးသွားမိတာဗျ။ သူ့ခေါင်းနောက်စေ့မှာ ဒဏ်ရာအနည်းငယ်ပဲ ရှိတာလေ၊ သူကတော့ ပိုးသတ်ဆေးလေး ထည့်လိုက်မယ်၊ ဆံပင်လေး နည်းနည်း ရိတ်လိုက်မယ်၊ ပြီးရင် ပတ်တီးလေး နှစ်ခုလောက် ကပ်လိုက်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ စုန့်ချင်းကတော့ သူ့ကို တကယ့်ကို မမ်မီတစ်ယောက်အတိုင်း ပတ်တီးတွေနဲ့ ပတ်ပစ်လိုက်တာဗျာ၊ မျက်လုံးနှစ်လုံးပဲ ဖော်ထားတော့တာပဲ။

ယွီဟွေးဖေးက သူမကို တကယ့်ကို စိတ်ပျက်လက်ပျက် အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တာက... "နောက်ကျရင်လေ... ကဖို့ပဲ စဉ်းစားပါဗျာ။ ဘာပဲဖြစ်ဖြစ် ဆေးပညာကိုတော့ လုံးဝ မလေ့လာပါနဲ့ဦး။ နိုင်ငံတော်ရဲ့ အနာဂတ် လူငယ်လေးတွေကိုတော့ ချမ်းသာပေးလိုက်ပါဦးဗျာ"

စုန့်ချင်းက မျက်လုံးလှန်ပြလိုက်ပြီး... "လူတွေ အများကြီးက ကျွန်မရဲ့ ဂရုစိုက်မှုကို ခံချင်နေကြတာပါရှင်၊ ကျွန်မက မလုပ်ပေးတာ။ ရှင်ကမှ အခွင့်အရေး ရထားပြီးတော့ လာပြီး ဂျောက်ဂျက် လုပ်မနေနဲ့ဦး..."

"အမလေးဗျာ... ကျွန်တော်က ဂျောက်ဂျက် လုပ်တာလား။ ကျွန်တော့်ရဲ့ မြေးမလေးက ကျွန်တော့်ကို ဂရုစိုက်ပေးနေတာလေ၊ ကျွန်တော်ကတော့ ဂုဏ်ယူရမှာပေါ့” လို့ ယွီဟွေးဖေးက အော်လိုက်တာပေါ့။

အဲ့ဒီအချိန်မှာပဲ တစ်ဖက်ကနေ အသံတစ်ချက် ထွက်လာတယ်...။ "နောက်တစ်ခါ ထပ်ပြီး အဆက်အသွယ် မလုပ်ကြတာက ပိုကောင်းမယ် ထင်တယ်။ သွားပြီဟေး"

ယွီဟွေးဖေး မော့ကြည့်လိုက်တော့ ချိန်ယွဲ့က အသည်းအသန် ပြေးထွက်သွားတာကို တွေ့လိုက်ရတယ်။ သရဲဖြူကတော့ အပြစ်ကင်းစင်တဲ့ ပုံစံနဲ့ ရပ်နေပြီး ခေါင်းကို ကုတ်လို့ ယွီဟွေးဖေးကို ကြည့်နေတာပေါ့။

"ဟို စိန်ခေါ်တဲ့သူတွေက တကယ်ကြီး အဲ့ဒီလောက် တော်ကြတာလားဗျာ။ ခင်ဗျားတို့ အားလုံးကို အရိုက်ခံလိုက်ရတာလား"

ယွီဟွေးဖေးက သူ့နှာခေါင်းကို သူ ပြန်ပွတ်လိုက်ပေမဲ့... ဟောဗျာ၊ ခေါင်းတစ်ခုလုံးကို ပတ်တီးတွေနဲ့ ပတ်ထားတာဆိုတော့ကာ နှာခေါင်းကိုတောင် ရှာမတွေ့တော့ဘူးဗျ။ သူက အပြစ်ကင်းစင်တဲ့ ပုံစံနဲ့ ရှိနေတဲ့ သရဲဖြူကို ကြည့်ပြီးပြောလိုက်လေရဲ့။

"အဖိုးကြီးဖြူရေ... ခင်ဗျား အရက်ကို ထပ်မသောက်ပါနဲ့တော့ဗျာ။ ဒါက တကယ့်ကို... အသက်အန္တရာယ် ရှိလွန်းတယ်ဗျ။ နောက်ပြီးတော့ လက်စွပ်တွေကိုလည်း မဝတ်ပါနဲ့တော့၊ ဟုတ်ပြီလား။ တခြားသူတွေ ဝတ်ရင်တော့ ဒါက လက်စွပ်ပေါ့ဗျာ၊ ခင်ဗျား ဝတ်ရင်တော့ ဒါက သံလက်သီးကွင်းဖြစ်သွားပြီဗျ။ ဒါက လူသတ်လက်နက်ကြီးဗျ၊ သိလား"

သရဲဖြူကတော့ တကယ့်ကို ဇဝေဇဝါ ဖြစ်နေရှာတာပေါ့...။

အပေါ်ထပ်မှာတော့ နွားကျောင်းသားကလည်း ထထိုင်လိုက်ပြီး သူ့ခေါင်းကို သူ ပြန်ပွတ်နေတာ။ စားပွဲပေါ်က မလဲကျသေးတဲ့ အရက်ပုလင်းတွေကို ကြည့်ပြီး သူက ပြောလိုက်တာက... "လာကြဗျာ... ဆက်ပြီး သောက်ကြရအောင်" တဲ့။

ကြည့်ရတာ ဒီကောင်က ခုနက ဘာဖြစ်ခဲ့လဲဆိုတာကို လုံးဝ မသိသေးတာ သေချာတယ်။ ဒါကို ကြားတော့ ကျန်တဲ့သူတွေက မီတာအတော်များများအထိ နောက်ကို ဆုတ်သွားကြပြီး ခေါင်းတွေကို အသည်းအသန် ခါပြကြတာပေါ့။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့ဗျာ။ ခင်ဗျားရဲ့ စေတနာကိုတော့ နားလည်ပါတယ်၊ ဒါပေမဲ့ ထပ်ပြီးတော့တော့ မသောက်ကြရအောင်ဗျာ"

နောက်နေ့ မနက်မှာတော့ ဂျိုနာဒို နိုးလာပါပြီ။ သူက ယွီဟွေးဖေးဆီကို ဖုန်းဆက်တာပေါ့။

"ကျွန်တော့်ရဲ့ မျက်ခွံက တစ်ခုခုနဲ့ အကိုက်ခံထားရသလိုပဲဗျာ၊ တအားကို စပ်ပြီး ပူနေတာပဲ"

ယွီဟွေးဖေးကော ဘာပြောနိုင်မှာလဲ။ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး... "အဲ... ကူလင်းမှာက ဒီရာသီဆိုရင် အဲ့ဒီလိုပါပဲဗျာ။ ညဘက်ဆိုရင် ထူးဆန်းတဲ့ ပိုးကောင်လေးတွေက မျက်နှာပေါ် လာတွားသွားတတ်ပြီး ဖူးယောင်သွားတတ်တာ။ ဒါပေမဲ့ အဆင်ပြေပါတယ်ဗျာ၊ နှစ်ရက်လောက်ဆိုရင် သက်သာသွားမှာပါ..." လို့ လိမ်လိုက်တာပေါ့။

"ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ဘာမှ မစိုးရိမ်ရဘူးဆိုရင်ပေါ့။ ဒါနဲ့... ဟိုဘဏ်ကတ်ရဲ့ လျှို့ဝှက်နံပါတ်ကတော့ ၅၅၅၆၆၆ ဗျ။ မနေ့က ပြောဖို့ မေ့သွားလို့... နောက်ပြီးတော့ ကျွန်တော့်ရဲ့ လေယာဉ်က ဒီနေ့ နေ့လည် ၁၂ နာရီမှာ ထွက်မှာဆိုတော့ကာ အားလုံးကို မနှုတ်ဆက်တော့ပါဘူးဗျာ။ ကျွန်တော် အရင်သွားနှင့်ပြီ..." လို့ ဂျိုနာဒိုက ပြောရှာတယ်။

ယွီဟွေးဖေးက ခေါင်းညိတ်ပြပြီး... "ကောင်းပြီလေဗျာ။ ခင်ဗျားက လေယာဉ်စီးမှာဆိုတော့ လေပြေလေညင်း တိုက်ပါစေလို့တော့ မဆုတောင်းတော့ဘူးဗျ။ ဘေးကင်းကင်းနဲ့ ခရီးရောက်ပါစေ..."

"သိပြီဗျာ။ နောက်မှ အဆက်အသွယ် လုပ်ကြတာပေါ့"

ဖုန်းချလိုက်တော့မှ ယွီဟွေးဖေး သက်ပြင်းချနိုင်တော့တာပေါ့။ ဒါက တရုတ်ပြည်က အင်အားကြီးလာလို့ပါဗျာ၊ အရင်ခေတ်ကသာဆိုရင်တော့ အဲ့ဒီ လက်သီးချက် နှစ်ချက်က နိုင်ငံတကာ ပြဿနာကြီးအထိ ဖြစ်သွားနိုင်တာလေ။

မကြာခင်မှာပဲ စုန့်ချင်းက ယွီဟွေးဖေးရဲ့ တံခါးကို လာခေါက်တာပေါ့။ သူ တံခါးဖွင့်လိုက်တော့ မရယ်ဘဲ မနေနိုင်တော့ဘူး။ သူမရဲ့ မျက်နှာကတော့ အညိုအမည်းစွဲနေတုန်းပဲ၊ အဓိကကတော့ မျက်လုံးတစ်ဖက်တည်းက ညိုမည်းနေတာဆိုတော့ကာ ကြည့်ရတာ တကယ့်ကို အနေခက်စရာကြီး။

စုန့်ချင်းက မျက်လုံးလှန်ပြပြီး... "ဟေ့... ရှင် အခု ပိုက်ဆံတွေ ရှိနေပြီ မဟုတ်လား။ ကျွန်မကို ပျော်စရာနေရာ တစ်နေရာရာမပို့တော့ဘူးလား" လို့ မေးတာပေါ့။

ယွီဟွေးဖေးက လက်ဝါးချင်း ရိုက်လိုက်ပြီး... "သွားကြတာပေါ့ဗျာ။ ကျိန်းသေပေါက်ပေါ့။ ကျွန်တော် စီစဉ်လိုက်ပါ့မယ်” လို့ ပြောလိုက်တယ်။

စုန့်ချင်းလည်း သူက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တာကို အံ့သြသွားတာပေါ့... ဒါပေမဲ့ နောက်တစ်ခဏမှာတော့ သူမဟာ ကလေးအုပ်စုကြီးကြားမှာ ရပ်နေပြီး ရှေ့မှာရှိတဲ့ ပျော်ရွှင်စရာ ရဲတိုက်ကြီးကို ကြည့်ကာ ယွီဟွေးဖေးကို တကယ့်ကို သနားစရာကောင်းတဲ့ အကြည့်နဲ့ ပြန်ကြည့်နေတာပေါ့။

ယွီဟွေးဖေးက လက်ယမ်းပြပြီး... "သွားလေ၊ သွားလေ။ ကျွန်တော် ဒီကနေ စောင့်ကြည့်နေမယ်။ ကံကောင်းပါစေဗျာ။ စိတ်ကြိုက် ကစားစမ်းပါ၊ ကျွန်တော်တို့မှာ ပိုက်ဆံရှိတယ်ဗျ။ တစ်နေ့လုံး ကစားရင်တောင် အဆင်ပြေပါတယ်..."

ဘေးနားက ပိုက်ဆံကောက်နေတဲ့ အန်တီကြီးက ဝင်ပြောလိုက်တာက... "ဒါက ယွမ်တစ်ဆယ်ပေးရင် တစ်နေကုန် ကစားလို့ရတာလေ။ ဒီလောက်အထိ ကြွားမနေပါနဲ့ဦးလား"

ယွီဟွေးဖေးရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလို အနေခက်သွားတာပေါ့... အဲ့ဒီအချိန်မှာပဲ သူ့ဖုန်း မြည်လာတယ်။

"ဟဲလို... ဪ... သူဌေးချန်လားဗျ။ ဘာကိစ္စရှိလို့လဲ… ကြည့်စမ်းပါဦးဗျာ... စကားအပိုတွေ ပြောမနေပါနဲ့တော့။ ခင်ဗျားက ကျွန်တော့်ကို အကြွေးပြန်ဆပ်ခိုင်းချင်တာ မဟုတ်လား။ ပြဿနာ မရှိပါဘူး... ခဏလေး စောင့်ဦး၊ ကျွန်တော် အခု သွားထုတ်လိုက်ဦးမယ်။ နောက်ပြီးတော့ ကျွန်တော့်ဆီကနေ အကြွေးရဖို့ ရှိတဲ့ အဘိုးတွေ၊ ဦးလေးတွေ အားလုံးကို ပြောလိုက်ပါ။ ဟုတ်တယ်... ကျွန်တော့်ရဲ့ တံခါးရှေ့မှာ လာစောင့်ခိုင်းလိုက်ဗျာ။ ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ အကုန်လုံးကို ပြန်ဆပ်မယ်။ ဟဲဟဲ... ကျွန်တော် ပိုက်ဆံလေး နည်းနည်း ရလာလို့ဗျာ။ ဟုတ်ပြီ... အဲ့ဒါဆိုရင် ခင်ဗျားပဲ စီစဉ်လိုက်တော့နော်"

ဒါကို ကြားတော့ စုန့်ချင်းက ဘေးကနေ ကပ်မေးတယ်... "တစ်ယောက်ယောက်က အကြွေးတောင်းနေတာလား"

ယွီဟွေးဖေးကတော့ စိတ်မဆိုးပါဘူး၊ သူက ပွင့်ပွင့်လင်းလင်းပဲ ပြောပြရှာတယ်။ "သူတို့တွေ နှစ်သစ်ကူးတုန်းက လာမတောင်းတာကိုပဲ ကျေးဇူးတင်ရမှာဗျ။ အခု နှစ်သစ်ကူးပြီးသွားပြီ၊ ကျွန်တော့်ဆီမှာလည်း ပိုက်ဆံ ရှိနေပြီဆိုတော့ တောင်းတာကတော့ သဘာဝပါပဲ။ ဘယ်လိုလဲ… ဆက်ပြီး ကစားဦးမလား… အကယ်၍ ကစားချင်သေးရင်တော့ နည်းနည်းလောက် ထပ်ကစားဦးလေ၊ မကစားတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ အတူတူ ပိုက်ဆံသွားထုတ်ကြမလား" လို့ မေးတာပေါ့။

စုန့်ချင်းက နောက်လိုက်တယ်... "ကောင်းပြီလေ။ ဒီတစ်ခါတော့ ကျွန်မတို့ရဲ့ ကံက ပိုကောင်းပြီး ဘဏ်ဓားပြတွေနဲ့ ထပ်မတိုးဖို့ပဲ မျှော်လင့်ရတာပေါ့"

ဒါက ယွီဟွေးဖေးကို သတိပေးလိုက်သလို ဖြစ်သွားတာပေါ့။ သူက ချက်ချင်းပဲ စုန့်ချင်းကို ဟိုတယ်ကို ပြန်ခေါ်သွားပြီး တံခါးတွေကို တစ်ခန်းချင်း လိုက်ခေါက်တော့တာပဲ။

"အစ်ကိုကြီးလန့်၊ အစ်ကိုကြီးလန့်... မြန်မြန်ထွက်ခဲ့ဦးဗျို့” လို့ ယွီဟွေးဖေးက အော်လိုက်တာပေါ့။

နွားကျောင်းသားကတော့ ညည်းညူနေလေရဲ့... "ဘာတွေ အော်နေတာလဲ။ ငါ မထနိုင်သေးဘူး။ ဘယ်လိုမှ မထနိုင်ဘူး"

"အမလေးဗျာ... ခင်ဗျားကတော့ အိပ်ရာထဲမှာ ပျင်းဖို့ သင်လာတာလား။ ဘာလဲ... အထဲမှာ မိန်းကလေးတစ်ယောက်ယောက် ရှိနေလို့လား"

စုန့်ချင်းရဲ့ မျက်နှာဟာ နီမြန်းလာပြီး... "အရှက်မရှိလိုက်တာ" လို့ ဆဲရှာတာပေါ့။

ယွီဟွေးဖေးက သူမကို တစ်ချက်ကြည့်လိုက်ပြီး... "ခင်ဗျားက ဘာလို့ မျက်နှာနီနေတာလဲ။ ခင်ဗျားရဲ့ အခန်းထဲမှာကော ယောက်ျားတစ်ယောက် ရှိနေလို့လား" လို့ ပြန်မေးတာပေါ့။

"လစ်စမ်းပါ” လို့ စုန့်ချင်းက ဆဲလိုက်ပြန်ရော။

နွားကျောင်းသားရဲ့ တံခါးကို ခေါက်လို့ မရတာနဲ့ပဲ သူက ချွေ့ကျွယ်ရဲ့ အခန်းကို သွားတာပေါ့။ ထင်ထားတဲ့အတိုင်းပါပဲ၊ ချွေ့ကျွယ်ကတော့ အားကိုးထိုက်တဲ့သူပဲ။ သူ တံခါးမခေါက်ခင်မှာတင် ချွေ့ကျွယ်က ထွက်လာပြီး ပြုံးပြရှာတယ်။

"မင်းရဲ့ အော်သံကြီးကို ကြားရကတည်းက ပြန်လာပြီဆိုတာ ငါသိတယ်။ သွားကြတော့မလား" လို့ မေးတာပေါ့။

ယွီဟွေးဖေးက... "မသွားသေးဘူးဗျ။ အခု ကျွန်တော်တို့မှာ ပိုက်ဆံတွေ ရှိနေပြီ မဟုတ်လား။ ပိုက်ဆံကို တစ်ယောက်တည်း သွားထုတ်ဖို့ဆိုတာ ဘေးမကင်းဘူးလို့ ကျွန်တော် ယူဆတယ်ဗျ၊ အဲ့ဒါကြောင့် အားလုံးကို အတူတူ ခေါ်သွားမလို့ပါ။ ဘာပဲဖြစ်ဖြစ် စုစုပေါင်းက ယွမ်တစ်သန်းနီးပါး ရှိတာလေ၊ ဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူးဗျ" လို့ ရှင်းပြတာပေါ့။

စုန့်ချင်းက... "ရှင်က အကုန်လုံးကို ထုတ်မလို့လား" လို့ မေးရှာတယ်။

"ဟုတ်တယ်ဗျ။ အကယ်၍ အကုန်လုံး ထုတ်လိုက်ရင်တောင်မှ နောက်ဆုံးမှာ အများကြီး ကျန်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျွန်တော့်နေရာက ဝေးတယ်လေ၊ မြို့ထဲကို သွားဖို့တင် ယွမ်ငါးကျပ် ကုန်တယ်။ အသွားအပြန်ဆိုရင် တစ်ဆယ်ပေါ့။ ပြီးတော့ ဘတ်စ်ကားခကလည်း..."

"ကဲပါ၊ တွက်မနေပါနဲ့တော့။ လူတွေကိုသာ မြန်မြန်ခေါ်စမ်းပါ..." လို့ စုန့်ချင်းကတော့ ဒီကပ်စေးနဲကြီးကို တကယ့်ကို အရှုံးပေးလိုက်ရပါပြီ။

ယွီဟွေးဖေးက တိကျန့်ရဲ့ တံခါးကို သွားခေါက်ပြန်ရော။ ဒါပေမဲ့ အဲ့ဒီကလေးက တံခါးကို မဖွင့်ပေးဘဲ အော်နေတာကတော့... "ကျွန်တော်က စောင်မိစ္ဆာရဲ့ ဖမ်းစားခြင်းကို ခံထားရလို့ဗျ။ မထနိုင်ဘူး။ တခြားလူတွေကို အရင်သွားခေါ်ဦးလေ..." တဲ့ဗျာ။

ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ၊ "ဒီအရွယ်လေးနဲ့ မိန်းကလေးတွေကို ရှာတတ်နေပြီ" လို့ ညည်းတွားလိုက်တော့ စုန့်ချင်းဆီက နောက်ထပ် မျက်စောင်းထိုးတာကို ခံလိုက်ရပြန်ရော။

သရဲဖြူရဲ့ တံခါးကို သွားခေါက်လိုက်တော့ အထဲကနေ အသည်းအသန် အိပ်ရာက ထနေတဲ့ အသံတွေ ကြားလိုက်ရတယ်။ သရဲဖြူရဲ့ အသံကလည်း ထူးထူးဆန်းဆန်းကို တုန်ရင်နေတာ။

"ရှောင်ယွီရေ... အဲ... အဲ့ဒါ၊ ငါလည်း ဖမ်းစားခံထားရလို့။ နောက်မှ ပြောကြရအောင်၊ ငါ စောင်မိစ္ဆာနဲ့ နောက်ထပ် အချီသုံးရာလောက် ထပ်ပြီး တိုက်ခိုက်ရဦးမယ်”

ယွီဟွေးဖေး စဉ်းစားမိတာက... 'ဘာဖြစ်လို့ အားလုံးက သူတို့ရဲ့ စောင်တွေနဲ့ ဒီလောက်အထိ တိုက်ပွဲဝင်နေကြရတာလဲ' ဆိုတာပါပဲ။

ချွေ့ကျွယ်က ပြုံးလိုက်ပြီး... "သူတို့ကို ရယ်မနေပါနဲ့။ တောင်ပေါ်ကနေ ထွက်လာကတည်းက သူတို့ ဒီလောက် ကောင်းမွန်တဲ့ ကုတင်တွေပေါ်မှာ တစ်ခါမှ မအိပ်ဖူးကြဘူးလေ။ သူတို့ အပြင်ကို မထွက်ချင်တာကတော့ သဘာဝပါပဲ..." လို့ ပြောရှာတယ်။

ယွီဟွေးဖေး ရုတ်တရက် နားလည်သွားတာပေါ့။ အိမ်မှာဆိုရင်တော့ သူတို့က အုတ်စင်ကုတင်ပေါ်မှာပဲ အိပ်ကြတာလေ။ သက်သောင့်သက်သာ ရှိတယ်ဆိုပေမဲ့ မာတယ်။ ကုတင်မာမာပေါ်မှာ အကြာကြီး အိပ်လာခဲ့တဲ့သူတွေအတွက် ကုတင်နုနုလေးကတော့ တကယ့်ကို ခံစားချက် တခြားစီပေါ့။ ဒါပေမဲ့ ပြောင်းပြန်လည်း ဖြစ်နိုင်တယ်၊ ကုတင်နုနုပေါ်မှာ အမြဲအိပ်တဲ့သူကလည်း အုတ်စင်ကုတင်ပေါ်မှာ အိပ်ရရင် တကယ့်ကို သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရမှာပေါ့။ ယေဘုယျအားဖြင့် ပြောရရင်တော့ ယွီဟွေးဖေးရဲ့ အိမ်က အခြေအနေကတော့ ဒီကြယ်ငါးပွင့်ဟိုတယ်တွေလောက်တော့ မကောင်းတာ အမှန်ပါပဲ။

ဘာမှမတတ်နိုင်တဲ့အဆုံး ယွီဟွေးဖေးက နွားကျောင်းသားရဲ့ တံခါးကို ထပ်သွားခေါက်တာပေါ့။ ဘာသံမှ ပြန်မကြားရဘူး။ တိကျန့်ရဲ့ တံခါးကို သွားခေါက်ပြန်ရော။ ဘာသံမှ မကြားရပြန်ဘူး။

စုန့်ချင်းက ပြုံးပြီး... "ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား" လို့ မေးတာပေါ့။

ယွီဟွေးဖေးက ရယ်လိုက်ပြီး... "နင့်ရဲ့ အဖိုးက ဘာမှမတတ်နိုင်ဘူးလို့ ထင်နေတာလား။ ခဏလေး စောင့်ဦး..." လို့ ပြောလိုက်တယ်။

ခဏအကြာမှာတော့ ယွီဟွေးဖေးက အခန်းသန့်ရှင်းရေးလုပ်တဲ့ အန်တီကြီးတစ်ယောက်ကို ခေါ်လာတာပေါ့။

"အန်တီကြီးခင်ဗျာ... ဒီအခန်းသုံးခန်းကို ကျေးဇူးပြုပြီး ဖွင့်ပေးပါဦးဗျာ။ ဆောရီးပါပဲ... ဒီကောင်တွေက မနေ့က အရက်သောက်ပြီးတော့ တအားကို ဂျောက်ဂျက် လုပ်နေကြလို့ပါ... အကယ်၍ အန်တီ စိတ်ပူရင်တော့ ကျွန်တော် အထဲဝင်ပြီး သူတို့ကို ခေါ်တာကို ဒီကနေ ကြည့်နေလို့ ရပါတယ်ဗျာ"

အန်တီကြီးက ပြုံးလိုက်ပြီး သော့ကတ်တစ်ခု ထုတ်ကာ တံခါးကို ဖွင့်ပေးလိုက်ပါတော့ ယွီဟွေးဖေးက နွားကျောင်းသားရဲ့ အခန်းထဲကို ပထမဆုံး ပြေးဝင်သွားတာပေါ့။

"အစ်ကိုကြီးလန့်... ခင်ဗျားရဲ့ ဖင်ကို အိပ်ရာပေါ်ကနေ မြန်မြန် မလိုက်စမ်းပါနဲ့ဗျာ”

အားနဲ့ ဆွဲလိုက်တော့ စောင်ကြီးက လန်သွားတာပေါ့ဗျာ။ အဲ့ဒီခဏမှာတင် ယွီဟွေးဖေးဟာ သူဟာ အရှေ့ပင်လယ်က နဂါးနန်းတော်ထဲကို ရောက်သွားသလား၊ ဒါမှမဟုတ် ဟွာကော်တောင်ပေါ်ကို ရောက်သွားသလားလို့ ခံစားလိုက်ရတယ်။ သူ မြင်လိုက်ရတာကတော့ အဲ့ဒီ ကောင်းကင်ဒေါက်တိုင်ကြီး၊ ပင်လယ်ပြင်ကို တည်ငြိမ်စေတဲ့ အပ်၊ ဒါမှမဟုတ် နတ်လှံတံကြီးကိုပါပဲ။

သူ့နောက်က လိုက်လာတဲ့ စုန့်ချင်းနဲ့ အန်တီကြီးတို့ဟာ ချက်ချင်းဆိုသလို မျက်နှာတွေ နီမြန်းသွားကြတာပေါ့။ အန်တီကြီးကတော့ ဒီလို တိုက်ပွဲပေါင်းများစွာကို ကြုံဖူးတဲ့ ဝါရင့်ကြီးဆိုတော့ကာ ခပ်အေးအေးပဲ လှည့်ထွက်သွားပြီး ညည်းတွားနေလေရဲ့။

"အမလေးတော်... ကောင်းကင်ဘုံကြီးရယ်..."

စုန့်ချင်းကတော့ အော်တော့မလို့ ဖြစ်သွားပေမဲ့ နွားကျောင်းသားက ပိုပြီး မြန်မြန် အော်လိုက်တာပေါ့... "အမလေးဗျို့” တဲ့။

နွားကျောင်းသားက သူ့ရဲ့ နတ်လှံတံကြီးကို အမြန်ပဲ ဖုံးလိုက်ပြီး အိပ်မက်ကနေ နိုးလာသလိုမျိုး အော်နေလေရဲ့။

"မင်းတို့ ဘာလို့ အထဲဝင်လာကြတာလဲ"

ယွီဟွေးဖေးလည်း သူ စောင်ကို တအားကြီး ဆွဲလှန်မိသွားမှန်း သိလိုက်တာပေါ့။ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး... "အဲ... ခင်ဗျားက မနေ့ညက ဘာလို့ တံခါးကို မပိတ်ထားတာလဲဗျ။ တစ်ချက်တွန်းလိုက်တာနဲ့ ပွင့်သွားတာပဲ" လို့ ပြောလိုက်တာပေါ့။

နွားကျောင်းသားက သူ့ကို သံသယနဲ့ ကြည့်ပြီး... "ငါ မပိတ်ထားဘူးလား"

ယွီဟွေးဖေးက စုန့်ချင်းကို ဖနောင့်နဲ့ တစ်ချက် ကန်လိုက်တယ်။ စုန့်ချင်းကလည်း ထစ်ထစ်ငေါ့ငေါ့နဲ့... "မ... မ... မပိတ်ထားဘူးရှင့်" လို့ ပြောလိုက်ရရှာတာပေါ့။

All Chapters