← Chapters

တစ်ဖွဲ့လုံး အပြတ်ရှင်းခြင်း

Vol. 16 Ch. 235

တစ်ဖွဲ့လုံး အပြတ်ရှင်းခြင်း

Vol. 16 Ch. 235

သူ့နောက်ကနေ တပည့်တစ်အုပ်စုဟာ "ကျေးဇူးပြုပြီး သင်ကြားပေးပါဦး” လို့ အော်ဟစ်ပြီး ပြေးဝင်လာကြတာပေါ့ဗျာ။ အဲ့ဒီနောက်မှာတော့ သူတို့အားလုံးဟာ တပြိုင်နက်တည်း ကြောင်တောင်တောင်ကြီး ဖြစ်ကုန်ကြတော့တယ်။

သူတို့ စိတ်ကူးယဉ်ထားတဲ့ တိုက်ကွမ်ဒို သင်တန်းသားတွေကတော့ အဲ့ဒီမှာ မရှိပါဘူးဗျာ။ အဲ့ဒီအစား ကုတင်တန်းတွေပေါ်မှာ မျက်နှာဖုံးမျိုးစုံ တပ်ထားတဲ့ အမျိုးသမီးတွေက ထိုင်ကြည့်နေကြတာပေါ့။ သူတို့ မျှော်လင့်ထားသလို အော်သံတွေလည်း ထွက်မလာဘူး။ ဒေါသတွေ ပြည့်နှက်နေတဲ့ စိုက်ကြည့်မှုတွေပဲ ရှိနေတာပေါ့။

အပြင်က သတင်းထောက်တွေက ဒါကို မြင်တာနဲ့ ချက်ချင်းဆိုသလို မီတာနှစ်ဆယ်လောက် နောက်ကို ဆုတ်သွားကြတာပေါ့။ လုစန်းကတော့ နားမလည်နိုင်သလိုနဲ့... "ဘာလို့ ဒီလောက်အဝေးကြီးမှာ သွားပုန်းနေတာလဲ။ မိန်းမတစ်အုပ်စုပဲ မဟုတ်လား" လို့ မေးရှာတယ်။

သတင်းထောက်တစ်ယောက်က ရယ်ပြီး... "နင်က ကိုရီးယားကဆိုတော့ တရုတ်အမျိုးသမီးတွေအကြောင်း နားမလည်သေးဘူးဗျ။ တစ်ခါတလေကျရင် မိန်းမတွေက ယောက်ျားတွေထက် အများကြီး ပိုကြမ်းတတ်တယ်။ အထူးသဖြင့် အရှေ့မြောက်ပိုင်းက မိန်းမတွေပေါ့..."

လုစန်းက သံသယဖြစ်နေတုန်းမှာပဲ အော်သံတွေ ဆူညံသွားတာပေါ့ဗျာ။ သူတို့ မြင်လိုက်ရတာက ကင်ဇေဝူးနဲ့ သူ့တပည့်တွေဟာ ထိတ်လန့်တကြားနဲ့ အပြင်ကို ပြေးထွက်လာကြတာပါပဲ။ သူတို့နောက်ကနေ ဒေါက်မြင့်ဖိနပ်တွေ၊ ထိုင်ခုံတွေနဲ့ လက်သည်းနီဘူးတွေက လေထဲမှာ ပျံဝဲပြီး လိုက်လာကြတာပေါ့။

အမျိုးသမီးတစ်ယောက်က ဓားတစ်ချောင်းကို ဝှေ့ယမ်းပြီး အပြင်ကို ပြေးထွက်လာကာ အော်ဟစ်နေတာကတော့... "နင်က ရုပ်ဖြောင့်တယ် ဟုတ်လား။ ယုံချင်ယုံ၊ မယုံချင်နေ... ဒီအမယ်ကြီးက နင့်ကို အထဲဆွဲခေါ်သွားပြီး အပြတ်ရှင်းပစ်မယ်”

လုစန်းကတော့ မှင်တက်သွားတာပေါ့။ သတင်းထောက်တွေကတော့ ဘာမှမမြင်သလိုမျိုး မျက်နှာလွှဲထားကြတာဗျ။ လုစန်းကတော့ မျက်နှာလွှဲတာ နည်းနည်းလေး နောက်ကျသွားတယ်လေ။ အဲ့ဒီအမျိုးသမီးက သူမကို လှည့်ကြည့်ပြီး... "နင် ဘာကြည့်နေတာလဲ" လို့ ဟောက်လိုက်တာပေါ့။

လုစန်းကတော့ ဦးနှောက်ကို အမြန်သုံးလိုက်ရတယ်။ သူမက "ကြည့်တော့ ဘာဖြစ်လဲ" လို့ ပြောလို့မရမှန်း သိတာကြောင့်... "ကျွန်မက မိန်းမလှလေးတစ်ယောက်ကို ကြည့်နေတာပါ..." လို့ ပြောလိုက်ရတာပေါ့။

"နင် ငါ့ကိုလာပြီး ပရောပရည် လုပ်နေတာလား။ အဲ့ဒီမှာပဲ ရပ်လိုက်စမ်း” အဲ့ဒီအမျိုးသမီးက အတင်းပြေးလာတော့တာပဲ။

လုစန်းလည်း လစ်ပြီပေါ့ဗျာ၊ သူမက အော်ဟစ်ပြီး ပြေးတာကတော့... "ကျွန်မ ပရောပရည် လုပ်တာ မဟုတ်ဘူးရှင်။ အထင်မှားတာပါ။ ဒါ အထင်မှားတာပါ”

သတင်းထောက်တွေကတော့ ခေါင်းလေးတွေ ခါနေကြတာပေါ့။ "ဒီကောင်တွေက ကြိုပြီး စုံစမ်းမလာကြဘူးလား။ ဒီဆိုင်က သေးတယ်ဆိုပေမဲ့ အထဲက အမျိုးသမီးတွေက အရင်တုန်းက လူမိုက်တွေ ဖြစ်ခဲ့ကြတာဗျ... အဟွတ်... သွားကြစို့၊ ဟိုဘက်က နေရာမှ မှန်မှာပါ" လို့ ပြောတာပေါ့။

ကင်ဇေဝူးတို့ အုပ်စုလည်း အသည်းအသန် ပြေးထွက်လာကြတာပေါ့ဗျာ။ အမျိုးသမီးတွေ လိုက်မလာတော့တာ မြင်မှပဲ သူတို့ သက်ပြင်းချနိုင်တော့တာ။

"တအား ကြောက်စရာ ကောင်းတာပဲ..."

"အဲ့ဒါတွေက တကယ်ပဲ မိန်းမတွေလားဗျာ"

"တအား ကြမ်းတာပဲ..."

"တရုတ်ယောက်ျားတွေကတော့ တော်တော်လေး သနားဖို့ ကောင်းတာပဲ"

"ဟုတ်တယ်ဗျာ၊ ငါတို့နိုင်ငံက မိန်းကလေးတွေက ပိုပြီး ချစ်စရာ ကောင်းသေးတယ်"

"ဟေ့... ဟေ့... ဟိုမှာရှိတဲ့ တစ်ယောက်ကလည်း ချစ်စရာ ကောင်းသားပဲဗျ" လို့ တစ်ယောက်က ရယ်ကျဲကျဲနဲ့ လှမ်းပြောလိုက်တယ်။

သူတို့ မော့ကြည့်လိုက်တော့ ဆံပင်အရှည်ကြီးနဲ့၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှ၊ မျက်နှာလေးကလည်း တကယ့်ကို စင်ကြယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက် သူတို့ဆီကို လမ်းလျှောက်လာတာ မြင်လိုက်ရတယ်။ သူမဘေးမှာတော့ အနီရောင်ဝတ်ရုံနဲ့ ယောက်ျားတစ်ယောက် ပါလာတာပေါ့။ အဲ့ဒီယောက်ျားက ပိုပိုပြီး မြန်မြန် လမ်းလျှောက်နေပြီး မိန်းကလေးကတော့ နားမလည်နိုင်သလို ဖြစ်နေရှာတာ။

သူတို့ ဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ အနီရောင်ဝတ်ရုံနဲ့ လူက ကင်ဇေဝူးကို တစ်ချက်ကြည့်ပြီး ဝါးခနဲ ရယ်မောလိုက်တာပေါ့။

ကင်ဇေဝူးက... "မင်း ဘာရယ်တာလဲ" လို့ မေးလိုက်ချိန် ယွီဟွေးဖေးက... "မိတ်ဆွေ... ခင်ဗျားမျက်နှာပေါ်က မိတ်ကပ်လေးတွေကတော့... ဟဲဟဲ၊ ကြည့်လို့ကောင်းသားဗျ" လို့ ပြန်ပြောတာပေါ့။

ကင်ဇေဝူးက ချက်ချင်းပဲ ဖုန်းနဲ့ ဆယ်ဖီရိုက်ပြီး ကြည့်လိုက်တယ်။ သူ သေသေချာချာ မမြင်ရသေးခင်မှာပဲ သူ့နောက်ကနေ အော်သံတစ်ချက် ကြားလိုက်ရတယ်ဗျ။ သူ့တပည့်တစ်ယောက်ဟာ လေထဲမှာ ဝဲပျံပြီး ကန်ထုတ်ခံလိုက်ရတာပေါ့။ အဲ့ဒီလို လုပ်လိုက်တာကတော့ အနီရောင်ဝတ်ရုံနဲ့ လူပါပဲ၊ သူက ဆဲနေတာကတော့... "ထပ်ပြီး လက်လှမ်းရဲရင် ငါ မင်းကို အသေသတ်မယ်”

ကင်ဇေဝူး မျက်မှောင်ကြုတ်သွားတာပေါ့။ "ဘာဖြစ်တာလဲ"

"ပတ်ဘူချီက ဟိုမိန်းကလေးရဲ့ ဆံပင်ကို လှမ်းဖို့ ကြိုးစားလိုက်တာပါ" လို့ တစ်ယောက်က တိုးတိုးလေး ပြောပြရှာတယ်။

ကင်ဇေဝူးက လျှောက်သွားလိုက်တာပေါ့။ ယွီဟွေးဖေးက နှာခေါင်းရှုံ့ပြီး... "ဘာလဲဗျ… ချမလို့လား" လို့ မေးလိုက်ပေမယ့် ကင်ဇေဝူးက လက်လှမ်းပြီး ပတ်ဘူချီကို ဖြတ်ရိုက်လိုက်တယ်။

"တောင်းပန်လိုက်စမ်း”

ပတ်ဘူချီက သူ့မျက်နှာကို ကိုင်ပြီး၊ ပါးစပ်က သွေးတွေကို သုတ်လိုက်ကာ ယွီဟွေးဖေးနဲ့ စုန့်ချင်းကို ဦးညွှတ်ပြီး... "တောင်းပန်ပါတယ်" လို့ ပြောရှာတယ်။

ယွီဟွေးဖေးက ဒီကောင်က ဒီလောက်အထိ စည်းကမ်းရှိလိမ့်မယ်လို့ မထင်ထားဘူး။ သူက လက်ယမ်းပြပြီး... "ထားလိုက်ပါတော့ဗျာ။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့" လို့ ပြောလိုက်တယ်။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ရင်းနှီးနေတဲ့ မျက်နှာအချို့ကို သတိထားမိသွားတာပေါ့။ ဒါတွေက ခုနက သင်တန်းကျောင်းကို လာပြီး စိန်ခေါ်ရာမှာ ရှုံးနိမ့်ခဲ့တဲ့သူတွေ မဟုတ်လား။ သူတို့ရဲ့ အဝတ်အစားတွေက နည်းနည်းလေး ဖရိုဖရဲ ဖြစ်နေပြီး လက်သည်းနီဗူးတွေ၊ ဒေါက်မြင့်ဖိနပ်ရာတွေ ပါနေတာကို ကြည့်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူ ရိပ်မိလိုက်တာပေါ့။

သူက စပ်စုချင်တာနဲ့ မေးလိုက်တယ်... "ခင်ဗျားတို့က... သင်တန်းကျောင်းကို သွားပြီး စိန်ခေါ်မလို့လား"

ကင်ဇေဝူးက ခေါင်းညိတ်ပြတယ်... "ဟုတ်ပါတယ်ဗျာ။ လူကြီးမင်းက လုံဖင်တိုက်ကွမ်ဒိုသင်တန်းကျောင်းကို သိလား" လို့ မေးတာပေါ့။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး... "သိတာပေါ့ဗျာ။ ရှေ့ကို တည့်တည့်သာ ဆက်သွားလိုက်၊ မကြာခင် ရောက်ပါလိမ့်မယ်။ ကံကောင်းပါစေဗျာ... ဪ... ဒါနဲ့၊ ကျွန်တော် ခင်ဗျားတို့အတွက် လူနာတင်ကား ခေါ်ပေးထားရမလား"

ကင်ဇေဝူးက ခေါင်းကို မော့လို့ ဂုဏ်ယူစွာနဲ့ ကြည့်လိုက်တယ်။ သူက ယွီဟွေးဖေးကို ကြည့်နေသလိုမျိုး ရှိပေမဲ့ သူ့ရဲ့ အကြည့်တွေက စုန့်ချင်းဆီမှာတင် ရပ်နေတာပဲ။ သူက ကျိန်းသေပေါက် အနိုင်ရမယ်လို့ ယုံကြည်နေတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တာက...

"မလိုပါဘူးဗျာ။ ကျွန်တော်တို့ကတော့ သူတို့ကို ညှာတာပေးဖို့ ကြိုးစားမှာပါ၊ ဆေးရုံရောက်တဲ့အထိတော့ မလုပ်ပါဘူး"

ယွီဟွေးဖေးက နှာခေါင်းကို ပွတ်လိုက်ပြီး... "အင်း... ကဲ... အဲ့ဒါဆိုရင်လည်း ကံကောင်းပါစေဗျာ" လို့ ပြောပြီး စုန့်ချင်းကို ဆွဲခေါ်သွားတော့တယ်။

သူတို့ရဲ့ ကျောပြင်ကို ကြည့်ပြီး ကင်ဇေဝူးက အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ "ငါက... ဟိုတရုတ်ထက် ပိုပြီး ရုပ်ဖြောင့်တယ် မဟုတ်လား"

"ဟုတ်ပါတယ် ဆရာ"

"ငါက သူ့ထက် ပိုပြီး သန်မာတယ် မဟုတ်လား"

"ကျိန်းသေပေါက် သန်မာတာပေါ့ ဆရာ”

"ငါက ဟိုနတ်ဘုရားမလေးနဲ့ သူထက် ပိုပြီး လိုက်ဖက်တယ် မဟုတ်လား"

"ဟုတ်ကဲ့ပါ ဆရာ"

ကင်ဇေဝူးက... "ကောင်းပြီ။ ဒီနေ့ တိုက်ပွဲပြီးရင်တော့ ငါက ကူလင်းတစ်မြို့လုံးမှာ နာမည်ကြီးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ဂုဏ်သတင်းနဲ့ သူမဆီကို သွားတွေ့မယ်။ သူမက ငါ့ကို ငြင်းလိမ့်မယ်လို့ မထင်ဘူး..."

အားလုံးက ရယ်မောလိုက်ကြတယ်။ ကင်ဇေဝူးက ပြုံးပြီး... "သွားကြစို့။ ဒီနေ့တော့ ငါတို့ရဲ့ နာမည်ကို တည်ဆောက်ကြမယ်"

"သွားကြစို့”

"မင်းတို့တွေ ထပ်လာပြန်ပြီလား။ ထပ်ပြီး အော်နေကြပြန်ပြီ။ ယွမ်ငါးဆယ် ဒဏ်ငွေဆောင်စမ်း” လုံခြုံရေးအစောင့်ကြီး ပြန်ရောက်လာပြန်ပြီဗျာ။

ကင်ဇေဝူး ကြောင်တောင်တောင်ကြီး ဖြစ်နေပေမဲ့ နောက်ဆုံးတော့ တစ်ယောက်ကို ဒဏ်ငွေဆောင်ဖို့ ထားခဲ့ပြီး ကျန်တဲ့သူတွေကတော့ တိတ်တဆိတ် ထွက်သွားကြရတာပေါ့။ အဘိုးကြီးက ပိုက်ဆံကို ကြည့်ပြီး... "သူတို့ တကယ်ကြီး ပေးတာပဲဗျာ... တစ်ရာလို့ ပြောလိုက်ရမှာ" လို့ ညည်းတွားနေတာပေါ့။

ကင်ဇေဝူး နောက်ဆုံးတော့ လုံဖင်သင်တန်းကျောင်းကို ရောက်လာပါပြီ။ ဒီတစ်ခါတော့ သူက ဆိုင်းဘုတ်ကို သေသေချာချာ စစ်ဆေးပြီး သူ့တပည့်တွေကိုလည်း အတူတူ စစ်ဆေးခိုင်းတာပေါ့။ နောက်ဆုံးတော့ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး အော်လိုက်တယ်။

"ကိုရီးယားနိုင်ငံက ကင်ဇေဝူးကနေပြီးတော့ စိန်..."

သူ စကားမဆုံးသေးခင်မှာပဲ အဖြူရောင် လူရိပ်တစ်ခုက ဝှတ်ခနဲ ပြေးထွက်လာပြီး သူ့ကို မြေကြီးပေါ်ကို ဖိချလိုက်ကာ လက်သီးတွေနဲ့ တရစပ် ထိုးရင်း အော်နေတာကတော့... "မင်း ပြောဦးမလား… မင်း ပြောဦးမလား”

တပည့်တွေ ကြောင်သွားတာပေါ့။ သူတို့ သတိဝင်လာတဲ့အချိန်မှာပဲ အရပ်နှစ်မီတာလောက်ရှိတဲ့ လူတစ်ယောက်က ပြေးထွက်လာပြီး သူတို့ထဲက တစ်ယောက်ကို ဆွဲကိုင်ကာ အော်လိုက်တာက... "နတ်ဘုရားမကြီးက ရင်ဘတ်ပြားတယ် မဟုတ်လား” တဲ့။

အဲ့ဒီတပည့် ကြောင်သွားတာပေါ့... "ခင်ဗျား ရူးနေတာလား"

"မင်းက ငါ့ကို ဆဲရဲတယ် ဟုတ်လား။ မင်းက နတ်ဘုရားမကြီးရဲ့ ကြံရာပါလား။ ကောင်းကင်စစ်သည်တော်တို့ရေ... ဒါကို ခံစားလိုက်စမ်း”

အဲ့ဒီ ဘီလူးကြီးဟာ သူ့လက်မောင်းတွေကို မြေကောက်စက်ကြီးလိုမျိုး ဝှေ့ယမ်းလိုက်တာပေါ့။ အဲ့ဒီလူ ဆယ်ယောက်ဟာ အတူတူ တိုက်ခိုက်မလား၊ တစ်ယောက်ချင်း တိုက်ခိုက်မလား၊ ကန်မလား၊ ထိုးမလား... ဘာမှမထူးခြားဘူး၊ သူက လက်မောင်းကို တစ်ချက် ဝှေ့လိုက်ရုံပါပဲ။ သူ့လက်နဲ့ ထိမိတဲ့သူမှန်သမျှ လဲကုန်ကြသလို၊ အထိုးခံရတဲ့သူမှန်သမျှ သွေးထွက်ကုန်ကြတာပေါ့...။

နွားကျောင်းသားက ဘာဖြစ်လို့လဲမသိဘူး၊ သူတို့အားလုံးကို သင်တန်းကျောင်းထဲကို ပစ်ထည့်လိုက်ပြီး တံခါးကို ပိတ်ပစ်လိုက်တယ်။ သူက သူ့အင်္ကျီကို ချွတ်လိုက်ရင်းနဲ့ လူဆိုးကြီးတစ်ယောက်လို ပြုံးပြနေရင်း... "မင်းတို့ ခွေးဝဲစားတွေထဲက တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး” ဆိုပြီးပြောပြီးတော့ သူက အပေါ်ကို ခုန်တက်သွားတော့တယ်။

အဲ့ဒီခဏမှာတင် အခန်းထဲမှာတော့ စူးရှလှတဲ့ အော်သံတွေ၊ ဖြတ်ရိုက်သံတွေ၊ ဆဲဆိုသံတွေနဲ့ အသားကို လက်သီးနဲ့ ထိုးတဲ့ အသံတွေဟာ ဆူညံသွားတာပေါ့။ ချန်ယိုတောက်က သူ့သင်တန်းကျောင်းဟာ ထိပ်တန်း အသံလုံစနစ်ကို သုံးထားတယ်လို့ ပြောဖူးတယ်လေ။ အထဲမှာ စစ်ပွဲဖြစ်နေရင်တောင်မှ အပြင်ကနေ ဘာမှကြားရမှာ မဟုတ်ဘူးတဲ့။

အဲ့ဒါကြောင့်မို့လို့... ကင်ဇေဝူးတို့ ဘယ်လောက်ပဲ အော်အော်၊ အချည်းနှီးပါပဲ။ ဓာတ်လှေကားထဲမှာတော့ စုန့်ချင်းက ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။

"ရှင် ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက်အထိ မြန်မြန်ပြေးနေရတာလဲ" လို့ မေးရှာတာပေါ့။

ယွီဟွေးဖေးက... "ဘာမှမဟုတ်ပါဘူး။ ကြည့်ရတာ သောက်ကျင့်မကောင်းတဲ့ လူတစ်စုကတော့ အခုလောက်ဆိုရင် ပေါက်ကွဲတော့မယ် ထင်တယ်" လို့ ပြောလိုက်တာပေါ့။

"ဒါဆိုရင် ကျွန်မတို့ နောက်ပြန်လှည့်သင့်တာ မဟုတ်ဘူးလား"

"ဘာသွားလုပ်မှာလဲ"

"တစ်ယောက်ယောက်က သင်တန်းကျောင်းကို လာပြီး စိန်ခေါ်နေတာလေ။ သူတို့က မူးနေကြတာကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ"

ယွီဟွေးဖေးက ခေါင်းခါပြတယ်... "အဲ့ဒီအတွက် စိတ်မပူပါနဲ့။ အဲ့ဒီအစား သင်တန်းကျောင်းကို လာပြီး စိန်ခေါ်တဲ့သူ ရှိနေတာက ပိုတောင် ကောင်းသေးတယ်။ ငါတို့လူတွေက အထိအခိုက် နည်းသွားတာပေါ့... စကားပုံတစ်ခု ရှိတယ် မဟုတ်လားဗျာ၊ အစောကြီး ရောက်တာထက်၊ အချိန်ကိုက် ရောက်တာက ပိုကောင်းတယ်တဲ့။ သူတို့က အချိန်ကိုက် လာပြီးတော့ အထိနာခံပေးကြတာပေါ့။ အဲ့ဒီအတွက် လက်ဆောင်အနေနဲ့ ကျွန်တော် သူတို့အတွက် လူနာတင်ကား ခေါ်ပေးလိုက်ပါ့မယ်"

"ရှင်က ရှင့်သူငယ်ချင်းတွေ အရိုက်ခံရမှာ မကြောက်ဘူးလား"

"သူတို့ကို အနိုင်ယူနိုင်တဲ့သူက မမွေးသေးပါဘူးဗျာ... ကျွန်တော်ကတော့ ဂျိုနာဒို၊ အဖိုးကြီးဖူ၊ အဖိုးကြီးချန်နဲ့ ချိန်ယွဲ့တို့အတွက်ပဲ စိတ်မကောင်း ဖြစ်မိတာပါ။ ဒါပေမဲ့ ဒါကလည်း သူတို့ကိုယ်တိုင် ပြန်မသွားဘဲ နေခဲ့ကြလို့လေ။ သူတို့ ဒီနေ့တော့ တစ်ကိုယ်လုံးမှာ အမှတ်အသားတွေနဲ့ ပြန်သွားကြရမှာ ကျိန်းသေတယ်..."

စုန့်ချင်း ဆွံ့အသွားပေမဲ့ သူမကတော့ စိုးရိမ်နေတုန်းပဲ။ သူမက ယွီဟွေးဖေးကို အတင်းဆွဲခေါ်သွားတာပေါ့။ တံခါးရှေ့မှာ ရပ်နေရင်း သူမက မေးတယ်။

"တိတ်ဆိတ်နေတာပဲ။ သူတို့ မတိုက်ကြတော့ဘူး ထင်တယ်"

ယွီဟွေးဖေးက ရယ်လိုက်ပြီး... "အဖိုးကြီးချန်ရဲ့ သင်တန်းကျောင်းက အသံလုံစနစ်က တအားကောင်းတာ။ နောက်မှာပဲ နေပါ၊ ကျွန်တော်တို့ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ခိုးကြည့်ရအောင်"

ယွီဟွေးဖေးက တံခါးကို အနည်းငယ် ဖွင့်လိုက်ပါတယ်။ သူတို့ မြင်လိုက်ရတာကတော့ လူတွေအများကြီး မြေကြီးပေါ်မှာ လဲနေကြတာပါပဲ။ အဲ့ဒါကတော့ သင်တန်းကျောင်းကို လာပြီး စိန်ခေါ်တဲ့သူတွေပေါ့...။

တံခါး ပွင့်သွားတာနဲ့တင် အော်သံတွေက ဝုန်းခနဲ ထွက်လာပြီး သူတို့နှစ်ယောက်လုံး လန့်ဖျန့်သွားတာပေါ့။ တစ်ချိန်တည်းမှာပဲ မျက်လုံးကြီးတစ်လုံးက တံခါးကြားကနေ ပေါ်လာပြီး သူတို့ကို တည့်တည့်ကြီး စိုက်ကြည့်နေတာ။

"ပြေး... သွားပြီဗျို့”

ယွီဟွေးဖေးက "ပြေး" ဆိုတဲ့ စကားလုံးတောင် မဆုံးသေးဘူး၊ တံခါးက ဝုန်းခနဲ ပွင့်သွားပြီး လက်မောင်းကြီး နှစ်ဖက်က သူတို့နှစ်ယောက်လုံးကို အထဲကို အတင်းဆွဲခေါ်သွားတော့တယ်။

ယွီဟွေးဖေးက အော်တယ်... "အဖိုးကြီးဖြူ... ရပ်လိုက်စမ်း”

ဒါပေမဲ့ မူးနောက်နေတဲ့ သရဲဖြူကတော့ ဘာကိုမှ ဂရုမစိုက်တော့ဘူးဗျ။ သူကတော့ အနားမှာ ရှိနေတဲ့သူကိုပဲ ရိုက်မယ်ဆိုတဲ့ မူဝါဒအတိုင်း စုန့်ချင်းဆီကို အတင်းပြေးဝင်လာတာပေါ့။ သရဲဖြူရဲ့ အကျင့်ကို သိနေတဲ့ ယွီဟွေးဖေးက ချက်ချင်းပဲ စုန့်ချင်းရဲ့ အပေါ်ကို မှောက်ချပြီး ကာကွယ်လိုက်ရတာပေါ့ဗျာ။

စုန့်ချင်းက "ရှင် ဘာလုပ်နေတာလဲ" လို့ မေးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သရဲဖြူက ယွီဟွေးဖေးရဲ့ ကျောပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ ခေါင်းနောက်စေ့ကို လက်သီးတွေနဲ့ တရစပ် ထိုးတော့တာပဲ။

"မင်း ပြောဦးမလား…။ မင်း ပြောဦးမလား… မင်း ပြောဦးမလား…”

ယွီဟွေးဖေးက ရှောင်ဖို့ ကြိုးစားပေမဲ့ သူ ခေါင်းမော့လိုက်တိုင်း လက်သီးချက်တွေက သူ့ဦးခေါင်းခွံကို ထိမှန်နေတာလေ။ သူ့ခေါင်းကတော့ စပရင်တပ်ထားတဲ့ ကြက်ရုပ်လေးအတိုင်း ဆန်ကောက်နေသလိုမျိုး စုန့်ချင်းရဲ့ မျက်နှာပေါ်ကို ခဏခဏ ပြုတ်ကျနေတာပေါ့ဗျာ...။

"မလှုပ်နဲ့တော့ရှင်”

စုန့်ချင်းရဲ့ မျက်နှာကတော့ ယွီဟွေးဖေးရဲ့ သွားတွေနဲ့ ထိမိပြီး ဖူးယောင်တော့မလို ဖြစ်နေပြီလေ။ သူမက ယွီဟွေးဖေးရဲ့ ခေါင်းကို ဆွဲကိုင်ပြီး သူမရဲ့ မျက်နှာနဲ့ ကပ်ထားလိုက်ရတာပေါ့။

သူမရဲ့ အော်သံကို ကြားတော့ သရဲဖြူက သူမကို မြင်သွားပြီး ကြားထဲကနေ လက်သီးနဲ့ တစ်ချက် ထိုးလိုက်ပြန်ရော။

ဘုန်း...

စုန့်ချင်း အထိုးခံလိုက်ရတယ်... ယွီဟွေးဖေးက သူ့မျက်နှာကို အမြန်ပြောင်းလိုက်ပြီး သူမကို ကာကွယ်လိုက်ရတာပေါ့။

အဲ့ဒီအချိန်မှာ သရဲဖြူက တခြား ပစ်မှတ်တစ်ခုကို ရှာတွေ့သွားပုံရပြီး အော်ဟစ်ကာ ပြေးထွက်သွားချိန်ကျမှ ယွီဟွေးဖေးလည်း သက်ပြင်းချနိုင်သွားတယ်။

"ကျေးဇူးတင်မနေနဲ့ဦး။ ဒါက အဖိုးတစ်ယောက် လုပ်သင့်လုပ်ထိုက်တာပါ"

"ဒါဆိုရင် ရှင့်လက်ကို ကျွန်မအပေါ်ကနေ ဖယ်ပေးလို့ ရမလားရှင်"

စုန့်ချင်းက မျက်လုံးလှန်ပြီး မေးရှာတာပေါ့။ ယွီဟွေးဖေးကတော့ သူ့လက်က နူးညံ့တဲ့ အရာတစ်ခုကို ဖိထားမိတာ သတိထားမိလိုက်တယ်။ အထင်မမှားကြပါနဲ့ဦး... အဲ့ဒါက သူမရဲ့ ရင်ဘတ် မဟုတ်ပါဘူး။ သူမကို ကာကွယ်ဖို့အတွက် အတင်းဖက်ထားရတာဆိုတော့ကာ သူမရဲ့ ခါးအသားကို အားနဲ့ ဆုပ်ကိုင်ထားမိတာ၊ အဲ့ဒါက နာလွန်းလို့ သူမခမျာ မျက်ရည်တောင် ထွက်တော့မှာကိုး။

ယွီဟွေးဖေးကတော့ တခြား ဘာအကြံမှ မရှိပါဘူး။ သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ... "မလှုပ်နဲ့ဗျာ။ ဒါက အစပဲ ရှိသေးတာ။ လှုပ်တဲ့သူက အရိုက်ခံရမှာ..." လို့ ခြိမ်းခြောက်လိုက်ရတာပေါ့။

စုန့်ချင်းက မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းကြည့်လိုက်တော့ နွားကျောင်းသားက ခုခံဖို့ ကြိုးစားနေတဲ့ ကင်ဇေဝူးကို ယင်ကောင်တစ်ကောင်ကို ရိုက်ချသလိုမျိုး လေထဲမှာတင် ရိုက်ချလိုက်တာ တွေ့လိုက်ရတယ်။ ကင်ဇေဝူးရဲ့ ရုပ်ဖြောင့်ဖြောင့် မျက်နှာလေးကတော့ ပြားချပ်သွားပြီး နှာခေါင်းကနေ သွေးတွေက သက်တန့်တစ်ခုလိုမျိုး ပန်းထွက်နေတာပေါ့။ သရဲဖြူကလည်း လှုပ်ရှားတဲ့သူမှန်သမျှကို အတင်းလိုက်ပြီး ထိုးနေတော့တာပဲ။

ဘေးနားမှာတော့ တိကျန့်၊ ဂျိုနာဒိုနဲ့ ကျန်တဲ့သူတွေကတော့ မြေကြီးပေါ်မှာ ပြားပြားဝပ်နေကြပြီး အသက်တောင် မရှူရဲကြဘူး။ ဂျိုနာဒိုကတော့ တကယ်ကြီး မူးပြီး သတိလစ်သွားပုံရတယ်။ ကျန်တဲ့သူတွေကတော့ သေချင်ယောင်ဆောင်နေကြတာပေါ့၊ မျက်လုံးလေးတွေကတော့ လှုပ်လှုပ်လှုပ်လှုပ်နဲ့...။

ဒါတောင်မှ တိကျန့်ကလွဲလို့ ကျန်တဲ့သူတွေ အားလုံးမှာ မျက်လုံးညိုကွင်းတွေ ပါကုန်ကြပြီ။ သရဲဖြူနဲ့ တအားခင်တဲ့ ချိန်ယွဲ့တောင်မှ မလွတ်ခဲ့ပါဘူး...။

အကံဆိုးဆုံးကတော့ ချန်ယိုတောက်ပါပဲ။ သူက သရဲဖြူကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပုံရတယ်၊ သူ့မျက်နှာကတော့ ဘယ်လိုမှ ကြည့်လို့မရအောင်ကို ယောင်ကိုင်းသွားတာ။ အခုတော့ သူက စုန့်ချင်းဘက်ကို လှည့်ပြီး "ရှူး..." ဆိုတဲ့ အသံလေးလုပ်ကာ မလှုပ်ဖို့ အချက်ပြနေရှာတာပေါ့...။

"ကျွန်မ မလှုပ်ပါဘူး၊ ဒါပေမဲ့ ရှင့်ရဲ့ ဖုန်းကြီးကိုတော့ ဖယ်ပေးပါဦး။ ကျွန်မကို ထိုးနေလို့" လို့ ပြောလိုက်တာနဲ့ ယွီဟွေးဖေးရဲ့ မျက်နှာကတော့ နီမြန်းလာရော။ စုန့်ချင်းက တစ်ခုခုကို ရိပ်မိသွားပြီး... "အရှက်မရှိလိုက်တာ..." လို့ ဆဲရှာတာပေါ့။

ယွီဟွေးဖေးကတော့ ဒါဟာ အရှက်မရှိတာ မဟုတ်ဘူးလို့ ယူဆတယ်လေ။ သူ့မှာ မကောင်းတဲ့ အကြံတွေ မရှိသလို၊ စုန့်ချင်းကလည်း သူ့အပေါ်မှာ မရှိဘူးဆိုတာ သူ သိတာကိုး၊ သူတို့က အဖိုးနဲ့ မြေး သက်သက်ပဲလေ။ အဲ့ဒါကြောင့် သူက တရားမျှတတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"အရှက်မရှိတာ မဟုတ်ပါဘူး။ ဒါက သဘာဝအရ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုပါ။ ကျွန်တော့်ရဲ့ အခု အခြေအနေက ကျွန်တော် ကျန်းမာနေတယ်ဆိုတာကို သက်သေပြနေတာပဲ... ဟေ့... ဟေ့။ မလှုပ်နဲ့လေ။ အဲ့ဒီလို လှုပ်လိုက်တာက တအားကို စိတ်ကြွစေတယ်ဗျ”

"ပါးစပ်ပိတ်စမ်း”

စုန့်ချင်းက ဆဲလိုက်ပြီး ထပ်မလှုပ်ရဲတော့ဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ပေါ် တစ်ယောက် ထပ်လို့ အဲ့ဒီအတိုင်းကြီး ရှိနေကြတာပေါ့ဗျာ...။

တစ်ဖက်က လူအုပ်ကြီးကတော့ နာရီဝက်လောက်အထိ အကြိတ်အနယ် တိုက်ခိုက်နေကြပြီးမှ နောက်ဆုံးတော့ တိတ်ဆိတ်သွားတော့တယ်။ နွားကျောင်းသားနဲ့ သရဲဖြူတို့ နှစ်ယောက်လုံး လဲကျသွားတဲ့အချိန်မှာတော့ ယွီဟွေးဖေးက နောက်ဆုံးတော့ ထထိုင်လိုက်ပြီး... "ကဲ... ထကြတော့ဗျာ။ သေချင်ယောင်ဆောင်မနေကြနဲ့တော့..." လို့ ပြောလိုက်တာပေါ့။

တိကျန့်က ပထမဆုံး ခုန်ထလာတဲ့သူပဲ။ သူက သရဲဖြူရဲ့ အသက်ရှူနှုန်းကို စစ်ဆေးလိုက်ပြီး... "သူ အိပ်ပျော်သွားပြီဗျ။ အခုတော့ အဆင်ပြေသွားပါပြီ" လို့ ပြောရှာတယ်။

ဂျိုနာဒိုကလွဲလို့ ကျန်တဲ့သူတွေ အားလုံး ထထိုင်လိုက်ကြတာပေါ့။ ယွီဟွေးဖေးက သတိထားမိလိုက်တာက... "အဖိုးကြီး ချွေ ဘယ်မှာလဲဗျ"

တံခါး ပွင့်သွားပြီး ချွေ့ကျွယ်က ပြုံးပြုံးလေးနဲ့ လမ်းလျှောက်ဝင်လာတယ်။

"ခုနက အိမ်သာ သွားနေတာ... အားလုံးက... အမယ်လေး... ကြည့်ရတာ တော်တော်လေး စည်ကားနေတာပဲနော်"

"ဟဲ...ဟဲ... ။ သူတို့တွေ နာရီဝက်လောက်အထိ တိုက်ခိုက်နေကြတာဗျာ။ ခင်ဗျားက အိမ်သာထဲကို ပြုတ်ကျနေတာလား"

ယွီဟွေးဖေးက နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။ သူကတော့ ချွေ့ကျွယ် အိမ်သာသွားနေတယ်ဆိုတာကို တစ်စက်ကလေးမှ မယုံဘူး၊ အခြေအနေ မကောင်းတာ မြင်တာနဲ့ လစ်သွားတာ ကျိန်းသေတယ်လေ။

ဒါပေမဲ့ သူ့ကိုလည်း အပြစ်တင်လို့ မရပါဘူး။ ယွီဟွေးဖေးကိုယ်တိုင်လည်း လစ်ခဲ့တာပဲ မဟုတ်လား...။ ဒါကို စဉ်းစားမိတော့ ယွီဟွေးဖေးက စုန့်ချင်းကို အားနာသလို ကြည့်လိုက်တာပေါ့။ သူမကလည်း သူ့ကို အဲ့ဒီလိုပဲ ပြန်ကြည့်နေတာ။

"ရှင်က ကျွန်မဆီကနေ အမြတ်ထုတ်ခဲ့တာလေ၊ ဘာတွေ ထပ်ပြီး လိုချင်နေသေးတာလဲ"

"အဲ့ဒီလို အမြတ်ထုတ်ရမယ့်အစား ဒီလို အထိုးခံရတာကို ရှောင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်က ပိုပြီး လိုချင်မိတာပေါ့ဗျာ။ ကျွန်တော့်ခေါင်းကတော့ ကွဲထွက်တော့မလိုပဲ" လို့ ယွီဟွေးဖေးက သူ့ခေါင်းနောက်စေ့ကို ပွတ်ရင်း ညည်းတွားနေတာပေါ့။

စုန့်ချင်းက ငုံ့ကြည့်လိုက်တော့ သူ့ခေါင်းနောက်စေ့မှာ သွေးတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ သရဲဖြူကတော့ လုံးဝကို အားမနာဘဲ ထိုးခဲ့တာ ဖြစ်မှာပေါ့။

ယွီဟွေးဖေးက တိုးတိုးလေး ညည်းတွားတယ်... "အမလေးဗျာ။ နေဦး... ဒီဒဏ်ရာက လက်သီးနဲ့ ထိုးထားတဲ့ ဒဏ်ရာနဲ့ မတူဘူးဗျ”

All Chapters