← Chapters

စိတ်ဓာတ်တက်ကြွဖွယ် လူငယ်လေးများ

Vol. 16 Ch. 233

စိတ်ဓာတ်တက်ကြွဖွယ် လူငယ်လေးများ

Vol. 16 Ch. 233

"ဆောရီးဗျာ... တောင်ပေါ်လမ်းက တအားကြမ်းနေလို့ဗျ။ ခင်ဗျားကို မတော်တဆ လွှတ်ချလိုက်မိတာပါ။ ခင်ဗျား တိုင်ချင်ရင်လည်း တိုင်ပါ၊ ကျွန်တော်တို့ ဂရုမစိုက်ဘူး... ခင်ဗျား ကိုယ့်ဘာသာကိုယ် ထပြီး လမ်းလျှောက်မလား၊ ဒါမှမဟုတ် ကျွန်တော်တို့ကပဲ မတော်တဆတွေ ထပ်ဖြစ်ပြီး ထမ်းသွားပေးရမလား" လို့ အမျိုးသား စေတနာ့ဝန်ထမ်း တစ်ယောက်က ခပ်အေးအေးပဲ ပြောလိုက်တာပေါ့။

"မင်းတို့... နိုင်ငံခြားသူငယ်ချင်းတွေကို ဒီလိုပဲ ဆက်ဆံတာလား” လို့ မာဂျီလီက အော်ပြန်ရော။

"နိုင်ငံခြားသူငယ်ချင်းတွေကိုတော့ ကျွန်တော်တို့က ကောင်းကောင်းဆက်ဆံပါတယ်ဗျာ၊ ကိုယ့်လူမျိုးတွေအတိုင်းပဲပေါ့။ ဒါပေမဲ့ နိုင်ငံခြားအမှိုက်တွေကိုတော့လား... ဆောရီးဗျာ... ခင်ဗျားတို့ကို မီးရှို့မသတ်တာပဲ ကျေးဇူးတင်စမ်းပါ။ ကဲ... လစ်တော့” လို့ စေတနာ့ဝန်ထမ်းမလေးက ဆဲပစ်လိုက်တာပေါ့။

မာဂျီလီတို့တစ်သိုက်လည်း ဆွံ့အလို့ပဲ။ သူတို့ ဇဝေဇဝါ ဖြစ်ကုန်ကြပြီ။ ဒီတရုတ်လူမျိုးတွေက သူတို့ အရင်က တွေ့ဖူးတဲ့လူတွေနဲ့ တစ်စက်ကလေးမှ မတူဘူးလေ။ တအားကို ကြမ်းလွန်းတာကိုး...။

"လစ်တော့၊ လစ်တော့၊ လစ်တော့” လို့ တခြားလူတွေကလည်း ဝိုင်းအော်ကြတာပေါ့။ မာဂျီလီတို့လည်း သွားကို တင်းတင်းကြိတ်ပြီး မြေကြီးပေါ်ကနေ မနည်းလုထလို့ ယိုင်တိယိုင်တိုင်နဲ့ ထွက်သွားကြရတော့တယ်။ သူတို့ရဲ့ ကျောပြင်ကို ကြည့်ပြီး စေတနာ့ဝန်ထမ်း အနည်းငယ်က ဂျိုနာဒိုကို ကြည့်ပြီး ခေါင်းခါပြကြတယ်။

"အသားအရည်ချင်းကတော့ တူပါရဲ့ဗျာ၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက်အထိ ကွာခြားနေရတာလဲ မသိဘူး"

ဟိုဘက်မှာတော့ ချိန်ယွဲ့က ပြုံးလိုက်ပြီး... "ကဲ... အခုကော ဘာပြောချင်သေးလဲရှင်" လို့ မေးတော့ ယွီဟွေးဖေးက... "ရှိတာပေါ့ဗျာ... ပိုက်ဆံက ဘယ်တော့ပေးမှာလဲ"

အားလုံး ဆွံ့အကုန်ကြပြန်ပြီ...။

ယွီဟွေးဖေးက ချက်ချင်းပဲ ရယ်လိုက်တယ်... "နောက်တာပါဗျာ။ နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်ရှိတဲ့သူတစ်ယောက်အနေနဲ့ ပိုက်ဆံလောက်ကိုပဲ မှတ်မိနေပါ့မလား"

ဒီတော့မှ အားလုံးလည်း နားလည်သွားပြီး ရယ်မောလိုက်ကြတာပေါ့...။

ယွီဟွေးဖေးက နောက်ထပ် စကားလုံးအချို့ကို ပြောချင်ပေမဲ့ ပင်မစင်မြင့်ကြီးကို ဖြုတ်သိမ်းနေတာ မြင်လိုက်ရတာပေါ့။ ပြိုင်ပွဲစီစဉ်သူတွေကလည်း ထွက်သွားဖို့ ပြင်နေကြပြီလေ။ အဲ့တော့သူက စင်မြင့်ဘက်ကို လက်ညှိုးထိုးပြီး အော်လိုက်တယ်။

"ဟေ့... ဟေ့။ စီစဉ်သူတို့ရေ... ဒီလောက်အထိ မလောကြပါနဲ့ဦးဗျာ။ ပိုက်ဆံလေး အရင်ပေးသွားကြဦးလေ”

ပြောပြီးတာနဲ့ သူက စီစဉ်သူတွေနောက်ကို အပြေးလိုက်သွားပါတော့တယ်။ အဲ့ဒီမှာရှိနေတဲ့သူတွေကော၊ တီဗွီရှေ့က လူတွေကော အကုန်လုံးကတော့ မှင်တက်သွားကြတာပေါ့...။ တော်တော်လေးကြာမှ သူတို့က တပြိုင်နက်တည်း ဆဲလိုက်ကြတာက... "တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ”

နောက်ဆုံးတော့ ယွီဟွေးဖေးဟာ သူ ဖြစ်ချင်တဲ့အတိုင်း ဘဏ်ကတ်အချို့ကို ရလိုက်တာပေါ့။ သူကတော့ ထုံးစံအတိုင်း ဒါတွေကို ကိုယ်ပိုင်အဖြစ် သိမ်းလိုက်တာပေါ့ဗျာ၊ ဒါတွေက သရဲဖြူတို့အတွက်ပါ၊ ဒါပေမဲ့ သူကပဲ ဈေးဖိုးဝယ်ဖို့ သိမ်းထားပေးမယ်ဆိုပြီးတော့ပေါ့။

နွားကျောင်းသား၊ သရဲဖြူနဲ့ တိကျန့်တို့ကတော့ သူတို့ရဲ့ ဆုတံဆိပ်တွေကို ကိုင်ပြီး ညည်းညူနေကြချိန် ချွေ့ကျွယ်တစ်ယောက်ပဲ ဘာမှဂရုမစိုက်ဘဲ အေးအေးဆေးဆေး နေတာ။

"ပထမဆု တံဆိပ် မရလို့ စိတ်မကောင်း ဖြစ်နေတာလား" လို့ စုန့်ချင်းက ပြုံးပြီး မေးရှာတယ်။

ယွီဟွေးဖေးက ခေါင်းခါပြရင်း... "ပထမရတာ မရတာက အရေးမကြီးပါဘူးဗျာ။ အဓိကကတော့ ပထမဆုအတွက်ပေးတဲ့ ယွမ်ငါးသိန်းကြီးဗျ... အဲ့ဒါကို နှမြောလွန်းလို့ ရင်ထဲမှာ နာကျင်နေရတာ"

စုန့်ချင်းက မျက်စောင်းထိုးလိုက်ပြီး... "ကဲပါ... ဆင်းရဲသားကြီးလို ဟန်ဆောင်မနေပါနဲ့တော့။ ဒီနေ့ည အားလုံး အတူတူ ထမင်းသွားစားကြမလား" လို့ မေးတာပေါ့။

အဲ့တော့ ယွီဟွေးဖေးက ချက်ချင်းပဲ ပြန်မေးလိုက်တယ်... "ခင်ဗျား ကျွေးမှာလား"

စုန့်ချင်းက... "ရှင်က ဆုရထားတာလေ၊ ကျိန်းသေပေါက် ရှင်ပဲ ကျွေးရမှာပေါ့” လို့ ပြန်အော်တာပေါ့။

ယွီဟွေးဖေးက... "ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးဗျ" လို့ တရားမျှတတဲ့ လေသံနဲ့ ပြောလိုက်တယ်။

စုန့်ချင်း စိတ်ပျက်သွားပြီး... "ရှင်ကတော့လေ... ပိုက်ဆံတွင်းထဲ ကျနေတာလား။ တစ်ပြားလေးတောင် မရှိဘူးလား"

ယွီဟွေးဖေးက... "မြေးမလေးရေ... ခင်ဗျားကတော့ လောကကြီးရဲ့ ကုန်ကျစရိတ်တွေကို မသိသေးပါဘူး။ ကျွန်တော့်အိမ်မှာ ဆန်ဝယ်ဖို့ စောင့်နေတဲ့ ပါးစပ်တွေ အများကြီးရှိတယ်။ ကျွန်တော့် အဖိုးကြီး ဆုံးသွားတော့ ကျွန်တော့်ဆီမှာ အကြွေးတွေပဲ ထားခဲ့တာ။ ကျွန်တော်က တစ်ပြားလေးမှ မပေးချင်လို့ မဟုတ်ပါဘူး။ ပေးစရာ တစ်ပြားလေးမှ မရှိတာပါဗျာ၊ ဟုတ်ပြီလား"

စုန့်ချင်း ကြောင်သွားတာပေါ့၊ သူမက ယွီဟွေးဖေးရဲ့ အခြေအနေက ဒီလောက်အထိ သနားစရာ ကောင်းလိမ့်မယ်လို့ မထင်ထားဘူးလေ။

ချန်ယိုတောက်က ရယ်မောလိုက်ပြီး... "ကဲပါဗျာ... အခုက ကူလင်းကို ရောက်နေတာလေ၊ ဒါက ကျွန်တော့်နယ်မြေပဲ။ လာကြ... ကျွန်တော် ကျွေးပါ့မယ်။ ဒီနေ့ညတော့ အားလုံး မူးအောင် သောက်ကြတာပေါ့ဗျာ” လို့ ပြောလိုက်တယ်။

ယွီဟွေးဖေးက ချက်ချင်းပဲ... "အဖိုးကြီးဖြူရေ... စိတ်မလှုပ်ရှားနဲ့ဦး။ ခင်ဗျား အိမ်ပြန်တော့"

သရဲဖြူက... "ဘာဖြစ်လို့လဲဗျ" လို့ မေးတာပေါ့။

နွားကျောင်းသားက တဖြီးဖြီးနဲ့... "မင်းမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ် မရှိဘူးလားဗျာ။ မြန်မြန် အိမ်ပြန်တော့" လို့ ပြောလိုက်တယ်။

ယွီဟွေးဖေးက... "လန့်အစ်ကိုကြီး... သူ့အကြောင်း ပြောမနေနဲ့ဦး။ ခင်ဗျားလည်း အိမ်ပြန်တော့" လို့ ပြောပြန်ရော။

နွားကျောင်းသားက အော်တယ်... "ဘာဖြစ်လို့လဲ”

တိကျန့်က ဝင်ပြောလိုက်တယ်... "ခင်ဗျားတို့ နှစ်ယောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ် မရှိကြဘူးလား"

နွားကျောင်းသားနဲ့ သရဲဖြူတို့လည်း ဆွံ့အလို့ပဲ...။

"ကဲပါ၊ ကဲပါ။ ညီအစ်ကိုတွေ ဒီကိုလာရတာ မလွယ်ပါဘူး။ ဒီနေ့ည ကျွန်တော် ကျွေးမယ်၊ ဘယ်သူမှ ပြန်လို့မရဘူး။ အားလုံး အတူတူ သောက်ကြမယ်” လို့ ချန်ယိုတောက်က အော်ပြောလိုက်တာပေါ့။

ယွီဟွေးဖေး တစ်ခုခု ပြောချင်ပေမဲ့ ချန်ယိုတောက်ကတော့ သရဲဖြူနဲ့ နွားကျောင်းသားတို့ကိုပါ နေခိုင်းတာ။

"ဒါ... ခင်ဗျား ပြောတာနော်။ အကျိုးဆက်ကိုတော့ ခင်ဗျားပဲ တာဝန်ယူရလိမ့်မယ်..."

ချန်ယိုတောက်က အားရပါးရ ရယ်မောလိုက်ပြီး... "ဘာကြောက်စရာ ရှိလဲဗျာ။ အလွန်ဆုံးရှိလှ လူတွေ မူးလာရင် တစ်ယောက်ယောက်ကို ရိုက်မယ်၊ ဒါမှမဟုတ် ဆဲမယ်ပေါ့။ ဒါမျိုးတွေ ကျွန်တော် အများကြီး တွေ့ဖူးပါတယ်။ ညီအစ်ကိုတွေ ပျော်ပျော်ပါးပါး နေကြဖို့ပဲ အရေးကြီးတာပါ။ အကယ်၍ ခင်ဗျားက သူတို့ တစ်ခုခုကို ရိုက်ခွဲမှာ ကြောက်တယ်ဆိုရင်တော့ ကျွန်တော် တစ်ခုခုမှာပြီး ကျွန်တော့်ရဲ့ ကိုယ်ခံပညာသင်တန်းကျောင်းမှာပဲ စားကြတာပေါ့။ တံခါးပိတ်ပြီး စားကြမယ်ဆိုရင် တခြားသူတွေကိုလည်း ဒုက္ခမပေးတော့ဘူး မဟုတ်လား"

ယွီဟွေးဖေးက ရယ်လိုက်ပြီး... "ကျွန်တော်က တခြားသူတွေအတွက် ဘယ်တုန်းကမှ စိတ်မပူဖူးပါဘူးဗျာ... ခင်ဗျားကမှ ဖြစ်ချင်တာဆိုတော့လည်း ကျွန်တော်က ဖြည့်ဆည်းပေးရတာပေါ့။ သွားကြစို့ဗျို့”

ပြောရင်းနဲ့ ယွီဟွေးဖေးက ဂျိုနာဒို ထွက်လာတာကို မြင်တော့ လက်ယမ်းပြလိုက်တယ်... "အဖိုးကြီး ဂျို။ အဖိုးကြီး ဂျို”

ဂျိုနာဒိုက ယွီဟွေးဖေးကို မြင်တော့ ပြုံးပြီး ပြေးလာတာပေါ့။ "သူဌေးယွီ... ကျွန်တော်လည်း ခင်ဗျားကို လိုက်ရှာနေတာ"

"ခင်ဗျားရဲ့ ကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ဦး။ ဒီနေ့ည သောက်ဖို့ လာမလားဗျ" လို့ ယွီဟွေးဖေးက မေးလိုက်ချိန် ဂျိုနာဒိုလည်း ကြောင်သွားတာပေါ့...။

"ကြောင်မနေနဲ့ဗျာ။ ခင်ဗျား တစ်ပြားလေးမှ ကုန်စရာမလိုဘူး။ ကျွန်တော်တို့ ကျွေးမှာ” လို့ ယွီဟွေးဖေးက ပြောလိုက်တယ်။

ဂျိုနာဒိုက ရယ်မောလိုက်ပြီး... "ပိုက်ဆံကြောင့် မဟုတ်ပါဘူးဗျာ၊ အဓိကကတော့... ခင်ဗျားတို့က တအားကို ဧည့်ဝတ်ကျေလွန်းလို့ပါ"

"စကားအပိုတွေ ပြောမနေပါနဲ့ဗျာ။ လာမှာလား၊ မလာဘူးလား" လို့ ယွီဟွေးဖေးက မေးတော့ ဂျိုနာဒိုက ခေါင်းညိတ်ပြတယ်...။

"လာပါ့မယ်”

"ကဲ... အားလုံး စုံပြီ။ သွားကြစို့”

ယွီဟွေးဖေးက လက်ယမ်းပြပြီး အဖွဲ့ကြီးဟာ ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြတော့တယ်။ သူတို့ သိပ်မဝေးသေးခင်မှာပဲ ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ယောက် ပြေးလာတယ်။

"ဟေ့... ဟေ့။ အားလုံးပဲ... မလောကြပါနဲ့ဦး... ဪ... အဖိုးကြီး ချန်”

"ဌာနမှူး ဖူလားဗျ" လို့ ချန်ယိုတောက်က အံ့သြတုန်လှုပ်စွာနဲ့ မေးလိုက်တာပေါ့။

ယွီဟွေးဖေးက မေးတယ်... "သူက ဒု (ဖူ) တစ်ယောက်လားဗျ"

ချန်ယိုတောက်က ရယ်ပြီး... "သူက ဌာနမှူးကြီးပါဗျာ၊ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးအမည်က ဖူ ဖြစ်နေလို့ပါ"

ဌာနမှူးဖူကလည်း စိတ်မရှိပါဘူး၊ သူက တဖြီးဖြီးနဲ့ ရယ်နေတာ။ သူက ယွီဟွေးဖေးကို လက်ဆွဲနှုတ်ဆက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ရှာတယ်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ဖူကျိန့်ပါ။ ကူလင်း ရုပ်သံဌာနရဲ့ ဌာနမှူးပေါ့။ နောက်ထပ် သိပ်မကြာခင်မှာပဲ အနားယူတော့မှာပါ။ ခုနက ရေဒီယိုထဲကနေ နိုင်ငံတကာ ချစ်ကြည်ရေးအကြောင်း အတင်းအော်နေတဲ့သူက ကျွန်တော်ပါပဲ"

ဒါကို ကြားတော့ ယွီဟွေးဖေးနဲ့ ကျန်တဲ့သူတွေက အံ့သြတုန်လှုပ်စွာနဲ့ အော်လိုက်ကြတာက... "ခင်ဗျားကိုး”

သရဲဖြူက တိုးတိုးလေး ပြောတယ်... "ဒီအဆီတုံးကြီးက ငါ့ကို စိတ်မချမ်းသာအောင် လုပ်ခဲ့တဲ့သူပေါ့။ သူ့ကို လောကကြီးမှာ ထပ်ပြီး မနေခိုင်းသင့်တော့ဘူး... တစ်နေ့နေ့ကျရင် ငါ သူ့ကို ဆွဲခေါ်သွားမှ ဖြစ်တော့မယ်..."

ဌာနမှူးဖူကတော့ ဒါကို မကြားရှာပါဘူး၊ သူက ပြုံးပြုံးလေး ခေါင်းညိတ်ပြပြီး... "ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်ပါပဲ။ ခင်ဗျားတို့ဟာ တကယ့်ကို သူရဲကောင်းတွေ၊ တကယ့် ဂန္ထဝင်တွေ၊ တကယ့် နိုင်ငံတကာ ချစ်ကြည်ရေး စိတ်ဓာတ်ရဲ့ ပြယုဂ်တွေပါပဲ။ ကျွန်တော် ခင်ဗျားတို့ကို တအားသဘောကျတာပဲဗျာ။ ဘယ်လိုလဲ... အချိန်ရှိလား။ ကျွန်တော် ကျွေးပါ့မယ်၊ အားလုံး အတူတူ စားသောက်ကြတာပေါ့"

ချန်ယိုတောက်က... "အဖိုးကြီးဖူရေ... အဲ့ဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်ရဲ့ ဧည့်သည်တွေကို လာပြီး လုလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီနေ့ည ကျွန်တော် ကျွေးမှာပါ" လို့ ပြောတာပေါ့။

ဌာနမှူးဖူက ကြောင်သွားပြီးမှ သူ့ပေါင်ကို သူ ပြန်ရိုက်လိုက်တယ်... "အမလေးဗျာ... အဲ့ဒါဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့။ ကျွန်တော့် ပိုက်ဆံလည်း သက်သာတာပေါ့။ ဘယ်မှာ သောက်ကြမှာလဲ။ ကျွန်တော်လည်း လိုက်ခဲ့မယ်”

ယွီဟွေးဖေးတို့ကတော့ ဆွံ့အလို့ပဲ။ ဒီအဖိုးကြီးကတော့ တကယ့်ကို အရှက်မရှိတာပဲ၊ ဒါပေမဲ့... ကျွန်တော်ကတော့ အဲ့ဒီလိုလူမျိုးကို သဘောကျတယ်။ နောက်ဆုံးတော့ ဌာနမှူးဖူကလည်း နေရာတစ်ခု ရသွားပြီး သူ့ရဲ့ အလုပ်တွေကို အပြတ်ရှင်းဖို့ အမြန်ထွက်သွားရော၊ သူ အလုပ်ပြီးတာနဲ့ ချက်ချင်း ရောက်လာခဲ့မယ်ဆိုပြီးတော့ပေါ့...။

ဌာနမှူးဖူကို နှုတ်ဆက်ပြီးတဲ့နောက်မှာ အားလုံးက ချန်ယိုတောက်ရဲ့ လင်းရိုဗာကားကြီးထဲကို ဝင်ကြတာပေါ့။ ကားတစ်စီးတည်းနဲ့တော့ မဆံ့ဘူးလေ၊ အဲ့ဒါကြောင့် ယွီဟွေးဖေးကတော့ စုန့်ချင်းနဲ့အတူ တက္ကစီတစ်စီး ငှားစီးခဲ့ရတာပေါ့။

ကားထဲရောက်တော့ စုန့်ချင်းက ယွီဟွေးဖေးကို စိုက်ကြည့်ပြီး သတိပေးရှာတယ်။ "ပြင်ပလူတွေ ရှေ့မှာ ကျွန်မက ရှင့်ရဲ့ မြေးမလေးလို့ မပြောရဘူးနော်၊ ကျွန်မကလည်း ရှင့်ကို အဖိုးလို့ မခေါ်ဘူး”

တက္ကစီဒရိုင်ဘာက ဒါကို ကြားတော့ အလိုအလျောက် နောက်ကို လှည့်ကြည့်လိုက်ပြီး ထူးဆန်းတဲ့ အပြုံးကြီးကို ပြုံးလိုက်တယ်။

ယွီဟွေးဖေးက... "ဘာကြည့်တာလဲဗျ။ ကျွန်တော့်ရဲ့ မိသားစုသစ်ပင်မှာ ကျွန်တော်က အဆင့်အတန်း မြင့်လို့ပါ” လို့ ပြောလိုက်တာပေါ့။

ဒရိုင်ဘာက ရယ်လိုက်ပြီး... "အားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် အဆင့်အတန်း မြင့်တယ်လို့ ပြောကြတာပါပဲ၊ ဒါပေမဲ့ များသောအားဖြင့်ကတော့ အဖေအဆင့်လောက်ပဲ ရှိတာပါ။ မောင်ရင်ကတော့ အဖိုးအဆင့်အထိ ရောက်နေပြီဆိုတော့ တကယ်ကို မြင့်တာပဲဗျာ။ မောင်ရင်တို့ကတော့ တကယ်ကို ကစားတတ်တာပဲ..."

စုန့်ချင်းက ဒါကို ကြားတော့ သူမရဲ့ လက်စတွေကို လိပ်တင်လိုက်ပြီး တိုက်ခိုက်ဖို့ ပြင်တာပေါ့။ ယွီဟွေးဖေးက သူမကို အမြန်ပဲ ဆွဲထားရတယ်။

"ငြိမ်ငြိမ်နေပါ၊ ငြိမ်ငြိမ်နေပါ... ယွီ... အေးအေးဆေးဆေး နေစမ်းပါဦး”

"ရှင် ခုနက ဘာပြောလိုက်တာလဲ"

"ငြိမ်ငြိမ်နေပါလို့ ပြောတာလေ"

"အဲ့ဒီ နောက်က စကားလုံးကို ပြောတာ"

"အေးအေးဆေးဆေး နေပါ"

"အဲ့ဒီ ရှေ့က စကားလုံးကို ပြောတာ"

"ယွီ... အဟွတ်... အဟွတ်... အထင်မမှားပါနဲ့ဗျာ"

"ရှင့်ကို သတ်ပစ်မယ်”

"အိုက်ယား... ကယ်ကြပါဦးဗျို့။ ဒီမှာ လူတစ်ယောက်ကို ရိုက်နေလို့ဗျ... မြေးမလေးက အဖိုးကို ရိုက်နေလို့ဗျို့”

အဲ့ဒီအချိန်မှာပဲ ကားတံခါး ပွင့်သွားပြီး ယာဉ်ထိန်းရဲတစ်ယောက်က ငုံ့ကြည့်လိုက်တယ်။

"ဘယ်သူက ကယ်ပါဦးလို့ အော်နေတာလဲ"

အဲ့ဒီမှာ သူ မြင်လိုက်ရတာကတော့... နောက်ခန်းမှာ စုန့်ချင်းက ယွီဟွေးဖေးကို ဖိထားပြီး သူ့အပေါ်မှာ ထိုင်လို့ သူ့ရဲ့ လည်ပင်းကို ဆုပ်ကိုင်ထားတာပဲ။ ယာဉ်ထိန်းရဲရဲ့ မျက်နှာက နည်းနည်းလေး နီသွားတာပေါ့။

"ဒီလောက်အထိတော့ ပွင့်လင်းမနေကြပါနဲ့ဗျာ။ ဒရိုင်ဘာရဲ့ ခံစားချက်ကိုလည်း နည်းနည်းလောက် ထည့်တွက်ကြပါဦး"

ဒရိုင်ဘာကလည်း ဝင်ပြောတယ်... "ဟုတ်တယ်ဗျာ။ ခင်ဗျားတို့က ကျွန်တော့်ကို ကျွန်တော့်မိန်းမကို သတိရအောင် လုပ်နေတာပဲ..."

ယွီဟွေးဖေးနဲ့ စုန့်ချင်းတို့ကတော့... "@#……"

ယွီဟွေးဖေးနဲ့ စုန့်ချင်းတို့ဟာ တိုက်ကွမ်ဒို သင်တန်းကျောင်းဆီကို တန်းသွားကြတာပေါ့။ တံခါးထဲကို မဝင်ခင်မှာပဲ ဒဏ်ရာတွေနဲ့ ဖူးယောင်နေတဲ့ လူတစ်သိုက် ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ အထဲကို ရောက်တော့ ချန်ယိုတောက်က စားပွဲတွေကို ရှင်းလင်းနေတာပေါ့။ နွားကျောင်းသားကတော့ ထိုင်ပြီး ညည်းညူနေတာပဲ။

"ဒီကောင်တွေက တအားကို အားနည်းလွန်းတာပဲဗျာ"

ယွီဟွေးဖေးက နားမလည်နိုင်သလို မေးလိုက်တယ်... "ဘာတွေ ဖြစ်ကုန်တာလဲဗျ"

ချန်ယိုတောက်က ရယ်လိုက်ပြီး... "ဘာမှမဟုတ်ပါဘူးဗျာ... ပြိုင်ဘက်အချို့က လာပြီး သင်တန်းကျောင်းကို စိန်ခေါ်လို့ ကျွန်တော်ကပဲ နှင်ထုတ်လိုက်တာပါ" လို့ ပြောပြတယ်။

ယွီဟွေးဖေးက... "သင်တန်းကျောင်းကို လာပြီး စိန်ခေါ်တဲ့သူတွေ ခဏခဏ ရှိတတ်လားဗျ" လို့ မေးတာပေါ့။

ချန်ယိုတောက်က ခေါင်းခါပြတယ်။ "ခဏခဏတော့ မဟုတ်ပါဘူးဗျာ။ တကယ်တော့ အခုခေတ်မှာ ကိုယ်ခံပညာ သင်ကြားပေးတာက အရင်တုန်းကနဲ့ မတူတော့ဘူးဗျ”

“ဆရာနဲ့ တပည့် ဆက်ဆံရေးလိုမျိုးပေါ့၊ အရာအားလုံးက ပြောင်းလဲသွားတာ ကြာပါပြီ။ အရင်တုန်းကတော့ တပည့်တစ်ယောက်ကို မွေးထုတ်ပေးတာဟာ သားတစ်ယောက်ကို မွေးတာနဲ့ အတူတူပဲဗျာ”

“တစ်ရက် ဆရာ၊ တစ်သက် ဖခင်ဆိုတာက စကားသက်သက် မဟုတ်ဘူးဗျ။ တပည့်ရဲ့ မိသားစုမှာ တစ်ခုခု ဖြစ်ရင် ဆရာက တာဝန်ယူရသလို၊ တပည့်ကလည်း ဆရာ့ကို ကိုယ့်ဖခင်အရင်းအတိုင်း ရိုသေရတာ။ အခုခေတ်ကတော့ တခြားစီပါ... ဒါက စီးပွားရေး ဆက်ဆံရေးတစ်ခုပဲလေ။ ခင်ဗျား ပိုက်ဆံပေးတယ်၊ ကျွန်တော် သင်ပေးတယ်၊ ဒါနဲ့တင် ပြီးသွားတာပဲ”

“လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း အတူတူပါပဲ၊ အားလုံးက တပည့်မွေးတာကို ပိုက်ဆံရှာတဲ့ စီးပွားရေးတစ်ခုလိုပဲ သတ်မှတ်ထားကြတာ။ စီးပွားရေးဆိုတော့လည်း အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်ကြတာပေါ့။ ကျွန်တော်က ခင်ဗျားထက် ပိုတော်နေရင်တောင်မှ ခင်ဗျားရဲ့ စီးပွားရေးကို ကျွန်တော်က လွယ်လွယ်နဲ့တော့ လာပြီး မဖျက်ဆီးပါဘူးဗျာ"

ယွီဟွေးဖေးက... "ဒါဆိုရင် ခုနက လူတွေကောဗျ"

ချန်ယိုတောက်က... "ခုနကလူတွေလား။ အဲ့ဒီကောင်တွေက ဒီနားက ဆရာတွေ မဟုတ်ဘူးဗျ။ သူတို့က တောင်ကိုရီးယားကနေ ဒီမှာ အခြေချဖို့ လာတဲ့ မြစ်ကူးနဂါးတွေဗျ။ ကျွန်တော့် သင်တန်းကျောင်းက ဒီမြို့မှာ အကောင်းဆုံးဆိုတော့ သူတို့အတွက် ပစ်မှတ်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အဲ့ဒီကောင်တွေက ကျွန်တော့်ကို တအားအထင်သေးသွားတာဗျာ၊ အပျော်တမ်း တစ်သိုက်က လာပြီး ဟန်ရေးပြနေကြတာကိုး"

ယွီဟွေးဖေးက ခေါင်းညိတ်ပြတယ်။ တိုက်ကွမ်ဒိုဆိုတာ မူလက တောင်ကိုရီးယားကနေ လာတာလေ။ သူ့ရဲ့ အမြစ်က တရုတ်ပြည်က ဖြစ်ပေမဲ့ အခုတော့ သူ့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ပြောင်းလဲသွားပြီ။ အဲ့ဒါကြောင့် တောင်ကိုရီးယား ကိုယ်ခံပညာလို့ ခေါ်တာကတော့ မဆန်းပါဘူး။ ချန်ယိုတောက်က တိုက်ကွမ်ဒို သင်ပေးတာဆိုတော့ တောင်ကိုရီးယားက ဆရာတွေက သူတို့ရဲ့ သင်တန်းကျောင်း ဖွင့်ချင်တဲ့အခါမှာ သူ့ကို လာပြီး စိန်ခေါ်တာကတော့ ထုံးစံပါပဲ။ ဒါပေမဲ့ သူတို့ကတော့ သံပြားကြီးကို လာပြီး ကန်မိသွားကြတာပေါ့။

သူတို့ စကားပြောနေတဲ့အချိန်မှာ စုန့်ချင်းနဲ့ ကျန်တဲ့သူတွေက စားပွဲတွေကို ဝိုင်းပြင်ပေးလိုက်ကြတာပေါ့။ ပန်းကန်တွေ၊ တူတွေကလည်း အသင့်ဖြစ်နေပြီ။ မကြာခင်မှာပဲ မှာထားတဲ့ အစားအသောက်တွေ ရောက်လာတယ်။ ကြီးမားလှတဲ့ ယွမ်ယန် ဟော့ပေါ့အိုးကြီးရယ်၊ အမဲသား၊ ဆိတ်သား မျိုးစုံရယ်၊ ပြီးတော့ ရှားရှားပါးပါး မြင်းအူနဲ့ ခွေးသားတွေတောင် ပါသေးတာ။ ဒီအသားတွေကို မြင်တော့ ယွီဟွေးဖေးကတော့ ပြုံးနေတာပေါ့။

သရဲဖြူကတော့ ကောင်းကင်ကို မော့ကြည့်ပြီး ညည်းညူနေတာပေါ့... "နွား၊ မြင်း၊ ခွေးလေးတို့ရေ... ကျွန်တော့်ကို အပြစ်မတင်ကြပါနဲ့ဗျာ။ အဓိကကတော့ ဒါတွေက တအားကို မွှေးနေလို့ပါဗျာ"

ဂျိုနာဒိုက ဟော့ပေါ့ဆိုတာ မြင်တော့ မျက်လုံးတွေ အရောင်တောက်သွားတာပေါ့။ သူက ရယ်လိုက်ပြီး... "ကျွန်တော့်ဆီမှာတော့ ကောင်းကောင်းမွန်မွန် ဟော့ပေါ့စားဖို့ဆိုတာ တော်တော်လေး ခက်ခဲတာဗျ။ ဒီလိုမျိုး စားရဖို့ဆိုတာ ရှားပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော် အားမနာတော့ဘူးနော်” လို့ ပြောတာပေါ့။

ယွီဟွေးဖေးက... "အားလုံးက ကိုယ့်လူတွေပဲဗျာ၊ အားနာမနေပါနဲ့။ ကြိုက်တာစား။ အကယ်၍ မလောက်ဘူးဆိုရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထပ်မှာကြတာပေါ့”

ဒါကို ကြားတော့ ဂျိုနာဒိုကတော့ ကြောင်သွားတာပေါ့၊ ကြည့်ရတာ ဒီလိုမျိုး ဧည့်ဝတ်ပြုတဲ့ ပုံစံမျိုး သူတစ်ခါမှ မမြင်ဖူးတာ ဖြစ်မှာပါ။ စုန့်ချင်းနဲ့ ကျန်တဲ့သူတွေကတော့ ခေါင်းလေးတွေ ခါပြကြတာပေါ့၊ သူတို့ကတော့ ဒီသံကြက်ဖ စေးနှဲတဲ့သူ ယွီဟွေးဖေးရဲ့ အကြောင်းကို ကောင်းကောင်းသိနေကြတာကိုး။

သူတို့တွေ စားကြ၊ သောက်ကြ၊ စကားတွေပြောကြတာ တကယ့်ကို ပျော်စရာကောင်းတဲ့ မြင်ကွင်းလေးပေါ့ဗျာ။ အဲ့ဒီအချိန်မှာပဲ ဌာနမှူးဖူ အဆီတုံးကြီးရောက်လာပြီး လူတစ်ယောက်ကိုပါ ခေါ်လာတယ်။ ယွီဟွေးဖေး မြင်လိုက်ရတဲ့အချိန်မှာတော့ ရယ်ချင်သွားတာပေါ့... အဲ့ဒါကတော့ ဆံပင်တိုတိုနဲ့ အစီအစဉ်တင်ဆက်သူ ချိန်ယွဲ့ ပဲ ဖြစ်နေလို့ပါပဲ။

ဒါဟာ ယွီဟွေးဖေး တွေ့ဖူးတဲ့ ဒုတိယမြောက် ဆံပင်တိုတဲ့ မိန်းကလေးပေါ့။

ပထမတစ်ယောက်ကတော့ ချောက်ထဲမှာ သူတို့နဲ့အတူ သေဘေးကနေ လွတ်မြောက်ခဲ့တဲ့ ထန်ယွမ်ပေါ့ဗျာ။ ဒါပေမဲ့ ထန်ယွမ်ကတော့ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ အမြဲတမ်း ကျင်လည်နေရတဲ့သူဆိုတော့ ဆံပင်အရှည်က အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆံပင်တိုတို ထားတာလေ။ သူမရဲ့ ဆံပင်ကတော့ အခု ရှေ့မှာရှိနေတဲ့ အမျိုးသမီးရဲ့ ဆံပင်လောက်တော့ မတိုပါဘူး။

ဒီချိန်ယွဲ့ရဲ့ ဆံပင်ကတော့... တိုလွန်းလို့ ကတုံးလို့တောင် ပြောလို့ရတယ်။ တကယ့်ကို ပြားချပ်နေတာပဲ။ သူမရဲ့ မျက်နှာလေးကိုပဲ ကြည့်မယ်ဆိုရင်တော့ ရုပ်ရည်က ခန့်ညားပြီး ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ ဆံပင်ပုံစံကို ကြည့်လိုက်မယ်ဆိုရင်တော့ အားလုံးက ဒါဟာ ယောက်ျားလား၊ မိန်းမလားလို့ ဇဝေဇဝါ ဖြစ်ကုန်မှာပဲ... ပြီးတော့ သူမရဲ့ ရင်ဘတ်ကို ကြည့်လိုက်ရင်တော့ အားလုံးက ဒါဟာ နုနယ်တဲ့ အိုင်ဒေါကောင်လေးတစ်ယောက်ပဲလို့ ထင်သွားကြမှာ ကျိန်းသေတယ်။ အဲ့ဒါကြောင့်လည်း အရင်က အထင်မှားမှုတွေ ဖြစ်ခဲ့တာပေါ့။

ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ယွီဟွေးဖေးကတော့ အရှုံးမရှိပါဘူး၊ ချိန်ယွဲ့ကသာ တစ်ချိန်လုံး အထိနာခဲ့တာလေ။ အခု ချိန်ယွဲ့က စေတနာနဲ့ ရောက်လာတာဆိုတော့ ယွီဟွေးဖေးကလည်း အငြိုးအတေး ထားမနေတော့ပါဘူး။

"အဖိုးကြီးဖူရေ... မဆိုးပါဘူးဗျာ။ ရုပ်သံဌာနရဲ့ ကြယ်ပွင့်ကိုတောင် ခေါ်လာတာပဲ" လို့ ချန်ယိုတောက်က နောက်လိုက်တာပေါ့။

ဌာနမှူးဖူက... "ကျွန်တော်လည်း ဘာမှမတတ်နိုင်လို့ပါဗျာ... ခုနက အစည်းအဝေးတွေ ရှိနေတော့ ချိန်ယွဲ့ကို လွှဲပေးရမယ့် ကိစ္စတွေ အများကြီး ရှိနေလို့ပါ။ သူမလည်း ကျွန်တော်နဲ့အတူ နောက်ကျတဲ့အထိ နေခဲ့ရတာဆိုတော့ သူမကို ဗိုက်ဟောင်းလောင်းနဲ့ အိမ်ပြန်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲ့ဒါကြောင့် ခေါ်လာလိုက်တာပါ။ နောက်ပြီးတော့ ခင်ဗျားတို့လည်း သိကြပြီးသားပဲလေ။ သူမကို ခင်ဗျားတို့ရဲ့ အစားအသောက်လေး တစ်လုပ်လောက် ကျွေးဖို့ ခေါ်လာတာ... ခင်ဗျားတို့ စိတ်မရှိကြဘူး မဟုတ်လား" လို့ ပြောရှာတယ်။

ချန်ယိုတောက်က အားရပါးရ ရယ်မောလိုက်ပြီး... "ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်ရှိရဲမှာလဲဗျာ။ အကယ်၍ သူမသာ စိတ်ဆိုးသွားပြီး ကျွန်တော့်မိန်းမဆီ သွားတိုင်ရင် ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူးဗျ။ ရှောင်ယွဲ့ရေ... ထိုင်ပါဦး။ ကိုယ့်အိမ်လိုပဲ သဘောထားနော်"

ချိန်ယွဲ့ကတော့ ပုံမှန်ဆိုရင် တော်တော်လေးကို သွက်လက်တဲ့သူပါ၊ ဒါပေမဲ့ အခုအချိန်မှာတော့ သူမက နည်းနည်းလေး ရှက်နေပုံရတယ်။ သူမက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ စုန့်ချင်းရဲ့ ဘေးမှာပဲ ထိုင်လိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် မိန်းကလေးချင်း အတူတူထိုင်တာက ပိုကောင်းတာကိုး။

စုန့်ချင်းရဲ့ ဘေးမှာတော့ သရဲဖြူ ရှိနေတာပေါ့။ ချိန်ယွဲ့ ထိုင်လိုက်တာ မြင်တာနဲ့ သူက ရယ်ကျဲကျဲနဲ့ ပြောလိုက်တယ်။

"ဟေ့ ညီမလေး... ငါ ဒုတိယရမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ နင့်ကို မလိမ်ပါဘူးနော်။ ဟို လဲကျသွားတဲ့ကောင်နဲ့ ဒီကောင်လေးကို ဖယ်လိုက်မယ်ဆိုရင် ငါက ဒုတိယပဲလေ၊ ဟဲဟဲ..."

ချိန်ယွဲ့လည်း သူမ အစောပိုင်းက ခနဲ့တဲ့တဲ့ လုပ်ခဲ့တဲ့ အမူအရာတွေကို ပြန်သတိရသွားတာပေါ့။ သူမက လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး ဖန်ခွက်ကို မြှောက်လို့ ပြောလိုက်တယ်...။

"ကျွန်မက မျက်စိရှိပေမဲ့ ထိုက်ရှန်းတောင်ကို မမြင်ခဲ့မိဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒီဖန်ခွက်ကတော့ ကျွန်မရဲ့ တောင်းပန်မှုပါ" လို့ ပြောပြီး အဲ့ဒီမိန်းကလေးက ခေါင်းကို မော့လို့ တစ်ခွက်တည်းနဲ့ ကုန်အောင် သောက်ချလိုက်တော့တယ်။

သရဲဖြူလည်း ကြောင်သွားတာပေါ့။ သူက ခေါင်းလေးကုတ်ပြီး ပြောရှာတယ်... "ဟေ့... ငါတို့တွေ အဆင်ပြေပါတယ်။ ကျွန်တော် ခုနက ပြောလိုက်တာက အပြစ်တင်ဖို့ မဟုတ်ပါဘူး၊ ကျွန်တော်က သက်သက် ကြွားချင်လို့ ပြောလိုက်တာပါ" လို့ ပြောပြီး သူလည်း တစ်ခွက်တည်းနဲ့ ကုန်အောင် သောက်ချလိုက်ပြန်ရော။

သရဲဖြူရဲ့ စကားကို ကြားတော့ ချိန်ယွဲ့လည်း ကြောင်သွားတာပေါ့၊ သူမက သူ့ကို ကြည့်တဲ့ အကြည့်လေးထဲမှာတော့ ထူးဆန်းတဲ့ အရောင်လေးတစ်ခု ပါဝင်နေသလိုပဲ။

နွားကျောင်းသားနဲ့ တိကျန့်တို့ကတော့ မိန်းမတွေနဲ့ စကားပြောရတာ မကြိုက်တဲ့သူတွေဆိုတော့ ချိန်ယွဲ့ကို သိပ်ပြီး စကားမပြောကြဘူး။ စုန့်ချင်းကိုယ်တိုင်ကလည်း ခပ်အေးအေးပဲလေ၊ သူမက သိတဲ့သူတွေနဲ့ဆိုရင်တော့ စကားပြောပေမဲ့ သူစိမ်းတွေနဲ့ဆိုရင်တော့ နည်းနည်းလေး ခပ်စိမ်းစိမ်း နေတတ်တာ။ ဌာနမှူးဖူကတော့ ချန်ယိုတောက်နဲ့ တိုးတိုးတိတ်တိတ် စကားပြောနေတာ... စီးပွားရေးအကြောင်းတွေ ဆွေးနွေးနေပုံရပြီး ဒီဘက်ကို ကြည့်ဖို့ အချိန်မရှိဘူး။

ယွီဟွေးဖေးနဲ့ ဂျိုနာဒိုကတော့ အတူတူ ထိုင်နေကြတာပေါ့။ နှစ်ယောက်လုံးက ဟော့ပေါ့မစားရတာ ကြာပြီဖြစ်တဲ့ အငမ်းမရ ကြောင်ကြီးတွေဆိုတော့ကာ အခုအချိန်မှာ အစားအသောက်တွေထဲမှာပဲ ခေါင်းနှစ်ထားကြပြီး ချိန်ယွဲ့ကို ဂရုစိုက်ဖို့ အချိန်မရှိကြဘူး။

ဒါပေမဲ့ ချိန်ယွဲ့နဲ့ သရဲဖြူတို့ကတော့ တော်တော်လေးကို အဆင်ပြေသွားကြတယ်။ သူတို့ စကားပြောလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေပဲ။ အစပိုင်းမှာ နည်းနည်းလေး အနေခက်နေပေမဲ့ မကြာခင်မှာပဲ သူတို့ဟာ ညီအစ်ကိုတွေလိုမျိုး စကားတွေ ဖောင်ဖွဲ့နေကြတော့တယ်။

All Chapters