ကားဝယ်ခြင်း
Vol. 17 Ch. 243
အဲ့ဒီ ပီကာချူးရုပ်လေးဟာ တကယ့်ကို ပြီးပြည့်စုံလှတဲ့ ဒါမှမဟုတ် တကယ့်ကို ကောက်ကျစ်လှတဲ့ နေရာမှာ သွားပြီး ပုံနှိပ်ထားတာ။ သူ့ရဲ့ နီရဲနေတဲ့ ပါးဖောင်းဖောင်း နှစ်ဖက်ဟာ အဲ့ဒီတောင်ကုန်းကြီးနှစ်လုံးရဲ့ ထိပ်မှာ အတိအကျ သွားကျနေတာဆိုတော့ကာ... ပြားချပ်ချပ် 2D ပုံရိပ်လေးဟာ ဝုန်းခနဲ ဖောင်းကြွလာပြီး တကယ့်ကို 3D အထူးပြုလုပ်ချက်ကြီးအတိုင်း ဖြစ်သွားတာပေါ့။
ဆိုင်ရှင်ခမျာမှာတော့ သူ့ဘာသာသူ တိုးတိုးလေး ညည်းတွားနေရှာတယ်...
"ငါ... ငါ ဒါကို ယွမ်နှစ်ဆယ်တည်းနဲ့ ဆက်ရောင်းလို့ မဖြစ်တော့ဘူး။ နောက်တစ်ခါကျရင်တော့ ဈေးတင်မှ ဖြစ်တော့မယ်"
ယွီဟွေးဖေးကတော့ အက်ဖရိုဒိုက် ယွီတချွေအတွက် ဂျင်းဘောင်းဘီတစ်ထည်၊ ဂါဝန်တစ်ထည်နဲ့ ချည်ထိုးဆွယ်တာ တစ်ထည်ကိုပါ ဆက်ဝယ်ပေးလိုက်တယ်။ မျက်နှာလိုက်တယ်လို့ အပြောမခံရအောင် သရဲဖြူ အတွက်လည်း ဝတ်စုံတစ်စုံ ရွေးပေးလိုက်သေးတာပေါ့။
သံကြိုးတွေနဲ့ အလှဆင်ထားတဲ့ အနက်ရောင် သားရေဂျာကင်ကြီးကို ရွေးပေးလိုက်တာဆိုတော့ကာ ကြည့်ရတာ တကယ့်ကို လမ်းဘေးလူမိုက်စတိုင်လ်အတိုင်းပါပဲ။ ယွီဟွေးဖေးက အဖိုးကြီးဖြူရဲ့ ဆံပင်ကိုသာ ဝါဝါဝင်းဝင်း ဆိုးပေးပြီး နှာခေါင်းကွင်းပါ တပ်ပေးလိုက်ရင်တော့ကာ လမ်းမပေါ်ထွက်ပြီး ဆက်ကြေးတောင်းလို့တောင် ရမယ်လို့ စိတ်ကူးယဉ်နေသေးတာ။
သရဲနက် မနာလိုမဖြစ်ရအောင်လည်း အဲ့ဒီစတိုင်လ်အတိုင်း ဆိုဒ်အသေးလေး တစ်စုံ ဝယ်ပေးလိုက်သလို၊ တိကျန့်အတွက်လည်း ကလေးဝတ်စုံ တစ်စုံကိုပါ ဆွဲလာခဲ့တာပေါ့။
နောက်ဆုံးမှာတော့ နွားကျောင်းသား အတွက်ပေါ့။ ယွီဟွေးဖေးက သူ့ကို မြို့ထဲက ကုန်တိုက်ကြီးတွေ အကုန်လုံးကို လိုက်ခေါ်သွားပေမဲ့ သူ ဝတ်လို့ရမယ့် အရာတစ်ခုမှ ရှာမတွေ့ဘူး။ အရပ်နှစ်မီတာရှိတဲ့သူအတွက် အဝတ်အစားမရောင်းလို့ မဟုတ်ဘူး။ အရပ်ကလည်းရှည်၊ ကြွက်သားတွေကလည်း နွားသိုးတစ်ကောင်လို ထွက်နေတဲ့သူမျိုးဆိုတာကတော့ တကယ့်ကို ရှားပါးမျိုးစိတ် မဟုတ်လား။ နွားကျောင်းသားကလည်း ကုတ်အင်္ကျီဝတ်စုံကလွဲလို့ ကျန်တာ မဝတ်ဘူးလို့ ဇွဲကောင်းနေတော့ကာ အသင့်ချုပ်ပြီးသားတွေထဲမှာတော့ တော်တာ ရှာမတွေ့တော့ဘူးပေါ့။
နောက်ဆုံးတော့ ယွီဟွေးဖေးက ဟိုဟိုဒီဒီ စုံစမ်းကြည့်ပြီး ဈေးသက်သာတဲ့ အပ်ချုပ်ဆိုင်လေး တစ်ဆိုင်ကို ရှာတွေ့သွားရော။ ဆိုင်ရှင်က နွားကျောင်းသားကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ပထမဆုံး ပြောလိုက်တဲ့ စကားကတော့... "ဒါကတော့ အထူးအခကြေးငွေ ထပ်ပေးရလိမ့်မယ်" တဲ့။
ယွီဟွေးဖေးကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားပါ။ စီးပွားရေးလုပ်ငန်းငယ်လေးတွေမှာတော့ အသားစက ဈေးနှုန်းကို အများကြီး သက်ရောက်တာကိုး။ သူက နားလည်ပါတယ်လို့ ပြောလိုက်ပေမဲ့... ပိုက်ဆံရှင်းရမယ့် အချိန်မှာတော့ သူ့ရင်ထဲမှာ တကယ်ကို နာကျင်နေရတာ။ အထူးချုပ် ဝတ်စုံတစ်စုံကို ယွမ်တစ်ထောင်ငါးရာတောင် ပေးရတာလေ... ကံကောင်းတာက ဆိုင်ရှင်က အထူးချုပ် ရှပ်အင်္ကျီ နှစ်ထည်ကို လက်ဆောင်ထည့်ပေးမယ်လို့ သဘောတူလိုက်တာကြောင့် ယွီဟွေးဖေးလည်း အောင့်အည်းသည်းခံပြီး ပေးလိုက်ရတာပေါ့။
ငွေပေးခြေလို့ပြီးခါနီးမှာတင် ဆိုင်ရှင်က ပြုံးပြုံးလေးနဲ့ နောက်ခန်းထဲကနေ ဆိုဒ်အကြီးကြီး ဝတ်စုံတစ်စုံကို ယူလာတယ်။
"သူဌေးလေး... ဖောက်သည်တစ်ယောက်က ဒါကို လာမှာထားတာ၊ ဒါပေမဲ့ သူက အရေးပေါ်ကိစ္စရှိလို့ အခုလောလောဆယ် လာမယူနိုင်သေးဘူး။ ဒီလူ နှစ်ယောက် ကိုယ်လုံးကိုယ်ပေါက်က ဆင်တူသလိုပဲ။ စမ်းဝတ်ကြည့်မလား"
နွားကျောင်းသားက အဝတ်အစားတွေကို ယူပြီး အထဲဝင်သွားတာပေါ့။ မိနစ်အနည်းငယ်ကြာလို့ သူ အပြင်ထွက်လာတဲ့ အချိန်မှာတော့ ယွီဟွေးဖေးတောင် သူ့ကို မမှတ်မိတော့ဘူးဗျ...။ နွားကျောင်းသားမှာက တကယ့်ကို အံ့သြစရာကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိနေတာလေ။
တကယ့်ကို V-Shape ကိုယ်လုံးကြီးနဲ့ ပေါက်ကွဲထွက်တော့မယ့် ကြွက်သားတွေနဲ့။ သူ့ရဲ့ မျက်နှာကလည်း တည်ကြည်ခက်ထန်နေပြီး၊ လောကကြီးကို မထီမဲ့မြင် လုပ်တဲ့ ပုံစံနဲ့ အာဏာပိုင်တွေကို အဖက်မလုပ်တဲ့ အရှိန်အဝါတွေ ရှိနေတာ။ အဲ့ဒီ ဝတ်စုံကြီးနဲ့ ရပ်နေတာ မြင်တော့... ဆိုင်ရှင်ကတောင် အလိုအလျောက် နေကာမျက်မှန်တစ်စုံကို လှမ်းပေးလိုက်မိတာပေါ့။
ယွီဟွေးဖေးနဲ့ ဆိုင်ရှင်တို့ နှစ်ယောက်လုံးဟာ တပြိုင်နက်တည်း အော်လိုက်ကြတာက...
"အမလေးဗျို့... သူကတော့ အခုချက်ချင်း လူမြင်ကွင်းထွက်ပြီး အနုပညာ အလုပ်လုပ်လို့ ရပြီဟ”
ခံစားချက်ကတော့ အဲ့ဒီအတိုင်းပါပဲ။ ဒီလောက်အထိ အရှိန်အဝါကြီးနေတာကို နွားကျောင်းသားက စူပါစတားတစ်ယောက် မဖြစ်တာဟာ တကယ့်ကို နှမြောစရာကြီး။ အနည်းဆုံးတော့ သူဟာ ထိပ်တန်း သက်တော်စောင့် တစ်ယောက် ဒါမှမဟုတ် ကမ္ဘာ့အဆင့် မော်ဒယ်လ်တစ်ယောက် ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ယွီဟွေးဖေး သိတာကတော့ နွားကျောင်းသားက ဒါတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူ့အတွက်တော့ အနုပညာရှင်ဆိုတာ အဆင့်နိမ့် ဖျော်ဖြေရေးသမားတွေပဲလေ။
အကယ်၍ ကျောက်စိမ်းနတ်မင်းကြီးရဲ့ သမက်တော်ကများ အနုပညာလောကထဲ ရောက်သွားရင်တော့... ကျောက်စိမ်းနတ်မင်းကြီးကိုယ်တိုင် ဆင်းလာပြီး နောက်နေ့မှာတင် သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မှာ ကျိန်းသေတယ်။
အဲ့ဒီစတိုင်လ်ကို ပြည့်စုံသွားအောင် ယွီဟွေးဖေးက နွားကျောင်းသားကို သားရေဖိနပ် သွားဝယ်ပေးလိုက်ပါသေးတယ်။ ဆိုဒ်ကတော့ ၅၀ ဗျို့... အဲ့ဒါတွေက ခြေထောက်တွေ မဟုတ်ပါဘူး၊ အသက်ကယ်လှေ နှစ်စီးအတိုင်းပါပဲ။ တော်တော်လေးကို အသည်းအသန် ရှာခဲ့ရပေမဲ့ ယွီဟွေးဖေးက နောက်ဆုံးတော့ ဉာဏ်ရသွားပြီး အထူးချုပ် ဖိနပ်ဆိုင်ကိုပဲ တန်းသွားလိုက်တာပေါ့။ နောက်ထပ် ယွမ်ရာဂဏန်းလောက်တော့ ပါသွားပြန်တာပေါ့။
ဈေးထဲက ထွက်လာတဲ့ အချိန်မှာ ယွီဟွေးဖေးက ညည်းတွားနေလေရဲ့။
"အားလုံးက ဒီနေရာက ဈေးသက်သာတယ်လို့ ပြောကြတာ။ သက်သာတာက ခင်ဗျားအဘိုးပဲဗျာ”
အဝတ်အစားတွေကိစ္စ ပြီးသွားတော့ ယွီဟွေးဖေးက မူလကတော့ ထမင်းသွားစားဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ သူ့ဘေးက စပ်စုတတ်တဲ့ ကလေးကြီးနှစ်ယောက်ကို ကြည့်ပြီးတော့ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်ရတယ်။ သူတို့ ပရိဘောဂဈေးကို သွားပြီး ဈေးအသက်သာဆုံး ဆင်းမွန်းကုတင်မွေ့ရာအချို့ကို ဝယ်လိုက်ကြပြီး၊ အဲ့ဒီနောက်မှာတော့ တစ်ပတ်ရစ် ကားဈေးကွက်ဆီကို တဟုန်ထိုး ပြေးသွားလိုက်ကြတော့တယ်။
တကယ်တော့ ယွီဟွေးဖေးမှာ ကားအသစ်ဝယ်ဖို့ စိတ်ကူး မရှိဘူး။ သူ့မှာ ယွမ်တစ်သိန်းကျော် ရှိနေရင်တောင်မှ သူက ကျည်ဆန်တိုင်းကို ချွေတာရမယ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတာကိုး။ ကားဝင်းထဲမှာ ခဏလောက် လျှောက်ကြည့်နေပေမဲ့ ဘာမှ အဆင်မပြေဖြစ်နေတုန်း... အသံတစ်ချက် ထွက်လာတာပေါ့။
"ယွီဟွေးဖေး။ ရှဲ့ပီအန်း။ အစ်ကိုလန့်"
ယွီဟွေးဖေး တောင့်ခနဲ ဖြစ်သွားတာပေါ့။ ဒီနေရာမှာ သူ့ကို ဘယ်သူက သိနေတာလဲ။ သူ လှည့်ကြည့်လိုက်တော့ ယောက်ျားလျာ စတိုင်လ် သတင်းထောက်မလေး ချိန်ယွဲ့ကို တွေ့လိုက်ရတယ်။ သူမရဲ့ အကြည့်တွေက ယွီဟွေးဖေးကို ကျော်သွားပြီး သရဲဖြူဆီမှာတင် ရပ်သွားတာပေါ့။ အဖိုးကြီးဖြူကတော့ ကြောက်ရွံ့မနေဘဲ သူမကို ပြန်စိုက်ကြည့်ပြီး တမင်တကာကို ဆွပေးလိုက်တာကတော့... "ဘာလဲ။ ရန်ထပ်ဖြစ်ချင်သေးတာလား" တဲ့။
ချိန်ယွဲ့က မျက်စောင်းထိုးလိုက်ပြီး... "နင့်ကို အဖက်လုပ်မနေအားဘူး" လို့ ပြန်အော်တာပေါ့။ ပြီးမှ သူမက ယွီဟွေးဖေးကို မေးရှာတယ်။
"သူဌေးယွီရေ... ပိုက်ဆံလေးတွေ ရှိလာလို့ ကားလာရှာတာလား"
ယွီဟွေးဖေးက ခေါင်းညိတ်ပြတော့ သူမက ပြုံးလိုက်တယ်။
"တိုက်ဆိုင်လိုက်တာ။ ဒီကားအရောင်းဆိုင်က ကျွန်မတို့ မိသားစုပိုင်တာလေ။ ကျွန်မ လိုက်ပြပေးရမလား"
ယွီဟွေးဖေးလည်း အပျော်ကြီး ပျော်သွားတာပေါ့။ သူက အလိမ်ခံရမှာကို စိုးရိမ်နေတာလေ။ သိတဲ့သူ ရှိနေတော့ကာ အရာရာက ပိုပြီး လွယ်ကူသွားပြီလေ။ ချိန်ယွဲ့က ထပ်ပြောတယ်။
"ရှင့်မျက်လုံးကို ကြည့်လိုက်တာနဲ့တင် ရှင် ကားအကြောင်း ဘာမှမသိဘူးဆိုတာ ပေါ်နေတာပဲ။ ရှင့်ကို မြင်ရင် လူတိုင်းက သိုးဝကြီးလို့ပဲ ထင်ကြမှာ။ သူတို့က ကားအပြင်ပိုင်းကို အရောင်တင်ပြီး ရှင့်ကို လိမ်ရောင်းလိုက်ကြမှာ ကျိန်းသေတယ်"
"ကျွန်တော်က နေရာအကျယ်ကြီးပါတဲ့ ခုနစ်ယောက်စီး ကားတစ်စီး လိုချင်တာဗျ"
"ဘတ်ဂျက်က ဘယ်လောက်လဲ။ အကယ်၍ ရှင့်မှာ ပိုက်ဆံရှိရင်တော့ ကျွန်မ ရှင့်အတွက် တစ်ပတ်ရစ် ဟမ်းမားကားကြီးတောင် ရှာပေးလို့ ရတယ်နော်"
ချိန်ယွဲ့က ကမ်းလှမ်းလိုက်တော့ နွားကျောင်းသားက ချက်ချင်းပဲ ခေါင်းခါပြတယ်။ "မလိုပါဘူး။ မြင်း (Ma) တွေက ကားတွေလောက် ထိုင်လို့ မကောင်းပါဘူး"
ယွီဟွေးဖေးရဲ့ မျက်နှာဟာ နီမြန်းလာတာပေါ့။ သူက နွားကျောင်းသားကို စိုက်ကြည့်လိုက်ပြီး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရတယ်။
"အစ်ကိုလန့်ရေ... နောက်မနေပါတော့ဗျာ"
လမ်းမှာတင် ကားအကြောင်း သင်ကြားပေးခြင်း ခံရတဲ့ အက်ဖရိုဒိုက် (ယွီတချွေ) ကလည်း ဝင်ပြောပြန်ရော...။
"ကျွန်မ ထင်တာကတော့ အစ်ကိုလန့် ပြောတာ မှန်ပါတယ်ရှင်။ မြင်းတွေက တကယ်ကို ထိုင်လို့ မကောင်းဘူး။ ကျွန်မ အရင်က နေ့တိုင်း စီးခဲ့တာလေ... အဲ့ဒါတွေက ရှင်တို့ရဲ့ ဖင်ကို နာကျင်စေတာနော်"
ယွီဟွေးဖေးမှာတော့ ချွေးတွေဟာ တလုံးလုံး စီးကျလာတော့တယ်။ သူ စဉ်းစားမိတာက... 'ငါ့ဦးနှောက်က ဘာဖြစ်လို့ ဒီလူ နှစ်ယောက်ကို အတူတူ ခေါ်လာမိတာလဲ' ဆိုပြီးတော့ပေါ့။ ကံကောင်းတာက သရဲဖြူက အသိတရား ရှိနေတော့ကာ အဲ့ဒီလူ နှစ်ယောက်ကို တခြားကားတွေဆီကို အတင်းဆွဲခေါ်သွားပေးတာပေါ့။
ချိန်ယွဲ့က အက်ဖရိုဒိုက်ကို သံသယနဲ့ ကြည့်နေတာ။ "အဲ့ဒါ... စုန့်ချင်း မဟုတ်ဘူးနော်။ သူဌေးယွီက သူ့မြေးမလေး ထွက်သွားတာနဲ့တင် ချစ်သူအသစ် ရသွားတာလား"
"ချစ်သူအသစ်က ခင်ဗျားအဘွားလေ။ သူက ကျွန်တော့်ရဲ့ အဝေးက ဝမ်းကွဲညီမပါဗျ"
ယွီဟွေးဖေးက လိမ်လိုက်တာပေါ့။ ချိန်ယွဲ့ရဲ့ အမျိုးသမီး အလိုလိုသိစိတ်ကတော့ အက်ဖရိုဒိုက်ဆီကနေ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရတာ။ ယွီဟွေးဖေးက တိုးတိုးလေး ထပ်ပြောလိုက်တယ်။
"မကြည့်ပါနဲ့။ အဖိုးဖြူက သူမကို စိတ်မဝင်စားပါဘူး။ သူက နိုင်ငံခြားသူတွေကို မကြိုက်ဘူးလေ..."
အဲ့တော့မှ ချိန်ယွဲ့ရဲ့ မျက်နှာဟာ နီမြန်းသွားပြီး စကားအပိုတွေ မပြောနဲ့လို့ ငေါက်လိုက်ပေမဲ့လည်း၊ သူမရဲ့ နှုတ်ခမ်းဖျားက အပြုံးလေးကတော့ သူမ ကျေနပ်နေတာကို ဖော်ပြနေတာပေါ့။
"ဟမ်းမားကားကိုတော့ ထားလိုက်ပါတော့ဗျာ"
"ကျွန်တော် လိုချင်တာက နေရာအကျယ်ကြီး ပါရမယ်၊ ခိုင်ခံ့ရမယ်၊ ဆီစားသက်သာရမယ်၊ ပြီးတော့ အားအင်ကောင်းရမယ်။ ရုပ်ရည်ကတော့ အရေးမကြီးပါဘူး"
"ဒါဆိုရင် ဘာဖြစ်လို့ ဗန်ကားတစ်စီး လိုချင်တယ်လို့ တိုက်ရိုက် မပြောတာလဲ" ချိန်ယွဲ့က ရယ်ရမလို ငိုရမလိုနဲ့ မေးလိုက်ပြီး သူမက သူ့ကို ဗန်ကား အချို့ကို လိုက်ပြပေးတယ်။ ဂျင်းဘေးတို့၊ ဝူလင်း ဟုန်ကွမ်းတို့ပေါ့။
"ဒါတွေက တိုက်ထားတဲ့ ကားတွေ မဟုတ်ပါဘူး။ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သစ်နေသေးတာ။ ရှင့်အတွက်ဆိုရင် ယွမ်ရှစ်ထောင်နဲ့တင် မောင်းထွက်သွားလို့ ရတယ်။ ဘယ်လိုလဲ"
ယွမ်ရှစ်ထောင်ဆိုတာက တခြားဆိုင်တွေမှာ ယွမ်တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ရောင်းနေတဲ့ ကားတွေနဲ့ ယှဉ်ရင်တော့ တကယ့်ကို အလကားနီးပါးပါပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက ခေါင်းခါပြတယ်။
"ကားကတော့ ကောင်းပါတယ်ဗျာ... တကယ်တော့ တအားကို ကောင်းလွန်းနေတာ။ ကျွန်တော် လိုချင်တာက နေရာအကျယ်ကြီး ပါရမယ်... ဥပမာ နောက်ခန်းမှာ ထိုင်ခုံတွေ မရှိတာမျိုးပေါ့။ စက်စွမ်းဆောင်ရည် အဆင်ပြေရင် ကျန်တာ ဘာမှမဖြစ်ဘူးဗျ"
ချိန်ယွဲ့မှာတော့ ဆွံ့အလို့ပဲ။ "သူဌေးယွီရေ... ကားဆိုတာ ရှင့်ရဲ့ အသက်နဲ့ ဆိုင်တာနော်... ဒီနေရာမှာတော့ လာပြီး ခြိုးခြံမနေပါနဲ့ဦး။ ဒါက ယွမ်ရှစ်ထောင်တည်းပဲ ရှိတာလေ။ ရှင်ပြောတဲ့ အမှိုက်ပုံကားတွေတောင်မှ ယွမ်သုံးထောင်၊ ငါးထောင်လောက် ပေးရမှာ။ ယွမ်သုံးထောင်လောက် သက်သာဖို့အတွက်နဲ့ ရှင့်ရဲ့ အသက်ကို အန္တရာယ်ထဲ ထည့်မှာလား"
"ခင်ဗျား နားမလည်ပါဘူးဗျာ..." လို့ ယွီဟွေးဖေးက ပြန်ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးက ဂိုဒေါင်ရဲ့ ထောင့်တစ်နေရာမှာ လဲလျောင်းနေတဲ့ ကားပျက်ကြီး တစ်စီးကို လှမ်းမြင်လိုက်ရတယ်။ သူက ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တာပေါ့။ နောက်ခန်းက ထိုင်ခုံတွေကတော့ မရှိတော့ဘူး။ ဒရိုင်ဘာနဲ့ ဘေးက ထိုင်ခုံပဲ ကျန်တော့တာ။ ဒက်ရှ်ဘုတ်ကတော့ ဖုန်တွေ တက်နေပေမဲ့လည်း ပြည့်စုံနေတုန်းပါပဲ။ ပြတင်းပေါက်တွေမှာ ကန့်လန့်ကာလေးတွေ ပါနေတာ မြင်လိုက်ရတဲ့ အချိန်မှာတော့ သူ့မျက်လုံးတွေဟာ အရောင်တောက်သွားတာပေါ့။
"ဒါ မောင်းလို့ ရသေးလားဗျ"
ချိန်ယွဲ့လည်း ဘာမှမတတ်နိုင်တော့တဲ့အဆုံး သော့ကို ကမ်းပေးလိုက်တယ်။ သူ စက်နှိုးလိုက်တဲ့ အချိန်မှာတော့ ကားရဲ့ ကိုယ်ထည်တစ်ခုလုံးဟာ ရှေးဟောင်း မီးရထားကြီး တစ်စင်းအတိုင်း တုန်ခါသွားတာပေါ့။ ဂွမ်... ဂွမ်... ဂွမ်... အဓိကကတော့ အိပ်ဇောပိုက်ကနေပြီးတော့ မည်းနက်နေတဲ့ မီးခိုးလုံးကြီးတွေဟာ တဝေဝေနဲ့ ထွက်လာတာပဲ။
ယွီဟွေးဖေးရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေပြီဗျို့။ နှစ်ပတ်လောက် မောင်းကြည့်လိုက်တော့ အင်ဂျင်အေးနေတဲ့ အချိန်မှာပဲ တုန်ခါတာဖြစ်ပြီး၊ မိနစ်အနည်းငယ်ကြာတော့ ငြိမ်သွားတာကို သူ သတိထားမိလိုက်တယ်။ အဲ့ဒီ မီးခိုးမည်းကြီးတွေကလွဲလို့ ကျန်တာ အကုန်လုံး အဆင်ပြေတယ်။
"တခြား ကြီးကြီးမားမား ပြဿနာတွေ ရှိသေးလားဗျ" လို့ ချိန်ယွဲ့ ခေါ်လာတဲ့ စက်ပြင်ဆရာကို သူက မေးလိုက်တာပေါ့။
"မောင်းလို့တော့ ရပါတယ်" လို့ စက်ပြင်ဆရာက ပြောပြတယ်။
"ဘရိတ်တွေလည်း ကောင်းတယ်၊ အင်ဂျင်ကလည်း မာတယ်၊ ဒါပေမဲ့ မီးခိုးမည်းတွေကတော့ တအားထွက်တာပေါ့။ ကျွန်တော်တို့လည်း အဲ့ဒါကို ပြင်ဖို့ အချိန်မရသေးလို့ပါ"
"ကျွန်တော် ယူမယ်ဗျာ” လို့ ယွီဟွေးဖေးက ပျော်ပျော်ကြီး ပြောလိုက်တာပေါ့။
ချိန်ယွဲ့လည်း သက်ပြင်းချလိုက်ကာ... "ကောင်းပြီလေ။ ကျွန်မကို ယွမ်နှစ်ထောင်ပဲ ပေးတော့။ ဒါက တကယ့်ကို သံတိုသံစ ဈေးပါပဲ"
"ကျေးဇူးပါပဲ မရီးရေ” လို့ ယွီဟွေးဖေးက ဝမ်းသာအားရ အော်တာပေါ့။
ချိန်ယွဲ့လည်း မျက်နှာလေး နီသွားပြီး... "ထားလိုက်ပါတော့၊ ဒီအတိုင်းပဲ ယူသွားလိုက်တော့။ ဒါက ဒီမှာရှိနေတာ ခြောက်လလောက် ရှိပြီ၊ ဘယ်သူမှလည်း မယူကြဘူးလေ။ ရှင် သဘောကျတယ်ဆိုရင်တော့ ဒါကို လက်ဆောင်ပေးလိုက်ပါ့မယ်"
ယွီဟွေးဖေးက တဖြီးဖြီးနဲ့ ပြုံးလိုက်ပြီး သရဲဖြူကို လှည့်ကြည့်လိုက်တယ်။ "ဒါကို တင်တောင်းပစ္စည်းလို့ပဲ သတ်မှတ်လိုက်ရမလားဗျာ"
"ထွက်သွားစမ်း” လို့ ချိန်ယွဲ့က မျက်နှာလေး နီပြီး လက်သီးထောင်ပြကာ အော်ဟစ်လိုက်တော့တယ်။
ယွီဟွေးဖေးက ရယ်မောလိုက်ပြီး သူမရဲ့ နားနားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်တာကတော့... "တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ပေးတာဆိုရင်တော့ ကျွန်တော်က ပိုက်ဆံအတင်းပေးမှာ။ ဒါပေမဲ့ အခုက ခင်ဗျားက အဖိုးကြီးဖြူကို ပေးတာဆိုတော့ကာ... ကျွန်တော် ယူလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က မိသားစုတွေပဲ မဟုတ်လားဗျာ"
ယွီဟွေးဖေးက ကျန်တဲ့သူတွေကို လှမ်းခေါ်လိုက်တယ်။ "အဖိုးကြီးဖြူ၊ တချွေ၊ အစ်ကိုလန့်... ကားပေါ်တက်ကြဗျို့”
နွားကျောင်းသားက ဗန်ကားစုတ်ကြီးကို ကြည့်ပြီး... "ကိုယ်ထည်ကလည်း ကြမ်းတမ်းပြီး မြင့်တယ်၊ မီးခိုးမည်းတွေကလည်း ခမ်းနားထည်ဝါလှသလို၊ အသံကလည်း တကယ့်ကို ထိုးဖောက်နိုင်စွမ်း ရှိတယ်။ ဒါက တကယ့် နတ်ဘုရားသုံး ကားကြီး မဟုတ်လားဗျာ" လို့ ချီးကျူးရှာတယ်။
အက်ဖရိုဒိုက်ကလည်း ထပ်ဖြည့်ပြောတယ်... "ကြည့်ရတာတော့ ဟောင်းနေပေမဲ့၊ ဟို နိမ့်နိမ့်လေးနဲ့ ကားတွေထက်စာရင်တော့ ဒါကပိုပြီး ယောက်ျားပီသတဲ့ ပုံစံမျိုး ရှိတယ်"
သူတို့တွေ ကားပေါ်ကို အတင်းတိုးဝင်လိုက်ကြတာပေါ့။ ယွီဟွေးဖေးက အရှေ့မှာ အက်ဖရိုဒိုက်နဲ့အတူ ထိုင်ပြီး၊ နောက်ခန်းမှာတော့ နွားခေါင်း၊ မြင်းမျက်နှာ၊ ဖြူနက်ဝိညာဉ်နှုတ်နတ်မင်း နှစ်ပါး၊ ချွေ့ကျွယ်၊ တိကျန့်နဲ့ ခွေးနက်ကြီးတို့ကတော့ အတင်းတိုးဝှေ့ပြီး ထိုင်လိုက်ကြရတာပေါ့။ ဒါက ဗန်ကားရဲ့ အားသာချက်ပဲ။ ခင်ဗျားသာ တိုးဝှေ့ပြီး ထိုင်ချင်တယ်ဆိုရင်တော့ နေရာကတော့ အမြဲတမ်း ရှိနေတာပဲလေ။
ယွီဟွေးဖေး လီဗာကို နင်းလိုက်ချိန် ဗန်ကားကြီးက ဟိန်းခနဲ မြည်သံပေးပြီး၊ အဆိပ်ရှိတဲ့ မီးခိုးမည်းကြီးတွေကို အနောက်မှာ တန်းလန်းကြီး ချန်ထားခဲ့ကာ လမ်းပေါ်ကို တက်လိုက်တော့တယ်။ ယွီဟွေးဖေး ခန့်မှန်းခဲ့တဲ့အတိုင်းပါပဲ။ သူတို့ဟာ လမ်းမပေါ်မှာတော့ အတောက်ပဆုံး ကြယ်ပွင့်တွေ ဖြစ်နေတာပေါ့။
တခြားကားတွေကတော့ သူတို့ရဲ့ ဘီးတွေကနေ ထွက်လာတဲ့ ရွှံ့တွေနဲ့ အဆိပ်ရှိတဲ့ မီးခိုးတွေကို ကြောက်လန့်တကြားနဲ့ အဝေးကနေပဲ ရှောင်မောင်းနေကြတာ။ ဒါပေမဲ့ ကားထဲက လူတွေကတော့ တကယ့်ကို စွမ်းအားကြီးပြီး ခန့်ညားထည်ဝါနေတယ်လို့ ခံစားနေကြတာပေါ့။
ပြန်ရောက်တော့ ယွီဟွေးဖေးက ရှည်လျားလှတဲ့ ပိုက်တစ်ခုကို ဗန်ကားရဲ့ အိပ်ဇောမှာ သွားတပ်လိုက်ပြီး သုံးထပ်မြောက်အထိ သွယ်တန်းလိုက်တယ်။
"အဖိုးကြီး ချွေရေ... လီဗာကို အစွမ်းကုန် နင်းစမ်းပါဦး”
ချွေ့ကျွယ်က အစွမ်းကုန် နင်းလိုက်တယ်။ မည်းနက်နေတဲ့ မီးခိုးလုံးကြီးတွေဟာ ပိုက်ထဲကနေ တရဟော ထွက်လာပြီး သုံးထပ်မြောက် အခန်းတွေထဲကို ပြည့်နှက်သွားပြီး ခဏလေးအတွင်းမှာတင် သန့်ရှင်းလတ်ဆတ်တဲ့ လေထုဟာ ပျက်စီးသွားတော့ရော။
"ကွက်တိပဲဗျို့” လို့ ယွီဟွေးဖေးက အော်လိုက်တာပေါ့။ ဒီဗန်ကားကြီးဟာ သွားလာရေးအတွက်တင် မဟုတ်ဘူးဗျ၊ ဒါဟာ စွမ်းအားမြင့်လှတဲ့ ပိုးမွှားနှိမ်နင်းရေးစက်နဲ့ လယ်ယာကူညီရေး စက်ယန္တရားကြီးလည်း ဖြစ်နေတာကိုး။