← Chapters

အညစ်အကြေးများ

Vol. 17 Ch. 245

အညစ်အကြေးများ

Vol. 17 Ch. 245

အက်ဖရိုဒိုက်ရဲ့ လှပလှတဲ့ မျက်ဝန်းအစုံဟာ လှိုင်းတံပိုးလေးတွေလို လှုပ်ခတ်သွားပြီး... "ဌာနမှူးယွီရေ... ရှင် ကျွန်မကို စိတ်မဆိုးတော့ဘူးလားဟင်" လို့ မေးရှာတာပေါ့။

ယွီဟွေးဖေးက ပြန်ပြောလိုက်ပါတယ်... ။ "စိတ်ဆိုးတယ်လို့တော့ မဟုတ်ပါဘူးဗျာ၊ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ဒီဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာပြီးတော့... အဲ... သိတယ်မလား"

အက်ဖရိုဒိုက်က ပြုံးလိုက်ပြီး... "ကျွန်မ နားလည်ပါတယ်ရှင်။ ကျွန်မအနေနဲ့ နည်းနည်းလောက် ပိုပြီးတော့... အိန္ဒြေရှိရှိနေရမယ်၊ ဟုတ်တယ်မလား"

ယွီဟွေးဖေးတောင် ကြောင်သွားတယ်။ ဒီမိန်းကလေးက ဒီကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတာကို အိန္ဒြေဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နေပြီလေ...။

အက်ဖရိုဒိုက်က ဆက်ပြောပြန်တယ်... "ကျွန်မ လမ်းလျှောက်သွားတဲ့အခါမှာ လူတွေက ကျွန်မရဲ့ ကျောနောက်မှာ အဲ့ဒီစကားလုံးကို တိုးတိုးတိတ်တိတ် ပြောနေကြတာ ခဏခဏ ကြားရလို့ပါ"

ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ။ သူ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်လို့ ရနေပြီ။ ရွာထဲက အတင်းပြောတာ ဝါသနာပါတဲ့ အန်တီကြီး တစ်အုပ်စုက သူမနောက်ကနေ တတွတ်တွတ်နဲ့ ပြောနေကြမှာ ကျိန်းသေတယ်လေ...။ သူက အားပေးစကားလေး နည်းနည်း ပြောလိုက်ရတာပေါ့...

"ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူဟာ ဘယ်လို အတင်းစကားကိုမှ ကြောက်နေဖို့ မလိုပါဘူး။ ခင်ဗျားသာ လိမ္မာပါးနပ်စွာ နေထိုင်မယ်ဆိုရင် သူတို့ ပြောချင်ရာ ပြောပါစေလေ"

အက်ဖရိုဒိုက်က တခိခိနဲ့ ရယ်မောလိုက်ပြီး... "စိတ်မပူပါနဲ့ရှင်။ ဟိုတောင်ပေါ်မှာ နေတုန်းကလည်း လူတွေရဲ့ ကောလာဟလတွေကို ကျွန်မ ကြားဖူးနားဝ ရှိပြီးသားပါ။ သူတို့ရဲ့ ဝေဖန်မှုလေးတွေလောက်ကတော့ ကျွန်မအပေါ်မှာ ဘာမှ သက်ရောက်မှု မရှိပါဘူး... စိတ်ချပါ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားမှာပါ"

ပြောပြောဆိုဆိုနဲ့ သူမဟာ နောက်ဖေးရင်ပြင်ဘက်ကို ထွက်သွားတော့တယ်။ ယွီဟွေးဖေးကတော့ သူမရဲ့ ကျော့ရှင်းလှတဲ့ ကျောပြင်လေးကို ကြည့်ရင်းနဲ့ စိတ်ထဲကနေ ကျိတ်ပြီး တွေးနေမိတာကတော့... 'ငါက ခင်ဗျားအတွက် စိုးရိမ်နေတာ မဟုတ်ဘူးဗျ၊ ငါ့ရွာထဲက ယောက်ျားတွေအတွက် စိုးရိမ်နေတာဗျို့...' ဆိုပြီးတော့ပေါ့။

သူ တကယ် ကြောက်နေတာက အက်ဖရိုဒိုက်လို ပွင့်လင်းလွန်းတဲ့ အမျိုးသမီးက သူမရဲ့ အိုလံပတ်က အကျင့်တွေကို ဒီကို ယူလာပြီး၊ တစ်ညတည်းနဲ့ ရွာထဲက ယောက်ျားတွေ အကုန်လုံးနဲ့ အိပ်ပစ်လိုက်မှာကိုပါပဲ။ အဲ့ဒီလိုသာ ဖြစ်လာရင်တော့ ယွီဟွေးဖေးလည်း ဒီရွာမှာ ဆက်နေလို့ ရတော့မှာ မဟုတ်ဘူးဗျ။ ရွာထဲက မိန်းမတွေက သူ့ကို အရှင်လတ်လတ် ဝိုင်းစားကြမှာ ကျိန်းသေတယ်လေ...။

ဒါပေမဲ့လည်း အက်ဖရိုဒိုက်ဟာ အဲ့ဒီယောက်ျားတွေကို တကယ်ပဲ စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် သူမရဲ့ ဘဝသစ်ကို စတင်ဖို့ အဆင်သင့် ဖြစ်နေတာလားတော့ မသိဘူး။ ယွီဟွေးဖေးလည်း သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး စိတ်အေးသွားရတာပေါ့။

နောက်ထပ် ရက်အနည်းငယ်မှာတော့ အက်ဖရိုဒိုက်ဟာ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို အမြဲတမ်း တပ်သွားတာ။ နောက်ပိုင်းကျတော့ ချွေ့ကျွယ်က သူမအတွက် သစ်သားမျက်နှာဖုံးလေး တစ်ခု ထုလုပ်ပေးလိုက်တယ်။ အဲ့ဒါက နည်းနည်းတော့ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ အရိုးစုပုံစံလေးပေါ့။ စားပွဲပေါ်မှာ တင်ထားရင်တော့ ဘာမှ မထူးခြားပေမဲ့ အက်ဖရိုဒိုက်ရဲ့ မျက်နှာပေါ်မှာ တပ်လိုက်တဲ့ အခါမှာတော့ကာ... အဲ့ဒီမျဉ်းကြောင်းတွေက သူမရဲ့ ပြီးပြည့်စုံလှတဲ့ မျက်နှာကောက်ကြောင်းတွေကို ဖုံးကွယ်သွားပြီး၊ သူမကို အရင်လောက် မလှတော့သလိုမျိုး ဖြစ်သွားစေတာပေါ့။

ယွီဟွေးဖေးဟာ ချွေ့ကျွယ်ရဲ့ လက်မှုပညာကိုတော့ တကယ့်ကို အံ့သြချီးကျူးမိတာ။ သူ တကယ်ပဲ ငရဲမင်းကြီးနဲ့ စကားသွားပြောချင်နေတာက အကယ်၍ အောက်ထပ်မှာ အလုပ်သိပ်မများရင် ချွေ့ကျွယ်ကို ဒီမှာပဲ အပြီးအပိုင် ထားခဲ့ဖို့ တောင်းဆိုချင်နေတာလေ။

ဒါပေမဲ့လည်း ယွီဟွေးဖေးဟာ အလှနတ်ဘုရားမရဲ့ ဆွဲဆောင်မှုကို အထင်သေးမိပြန်ပြီ။ သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားပေမဲ့လို့၊ သူမရဲ့ ပြီးပြည့်စုံလှတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ နှင်းလိုဖြူဖွေးနေတဲ့ အသားအရည်ကတော့ လူတွေကို မငြိမ်မသက် ဖြစ်စေတုန်းပါပဲ။

အဓိကကတော့ ဒီနိုင်ငံခြားသူလေးရဲ့ ပီပြင်လှတဲ့ အရှေ့မြောက်ပိုင်း လေယူလေသိမ်းက ဒေသခံတွေနဲ့ သူမကြားက အကွာအဝေးကို ကျဉ်းမြောင်းစေပြီး၊ ပရိသတ်တွေကို တရဟော သိမ်းပိုက်သွားတာပါပဲ။

ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာတော့ အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ သိသိသာသာကို များလာတယ်။ ယွီဟွေးဖေးရဲ့ အွန်လိုင်းမှာတောင်မှ အော်ဒါဘိုကင်တွေက တဖွားဖွား ရောက်လာတာပေါ့။ ယွီဟွေးဖေးရဲ့ မူဝါဒကတော့ ရိုးရှင်းပါတယ်။ ဘိုကင်လာတင်တဲ့သူက ယောက်ျားဖြစ်နေရင် ပယ်ပစ်မယ်... အဲ့ဒီအခါကျမှ သူ သိလိုက်ရတာက... အဲ့ဒီကောင်တွေ အကုန်လုံးက ယောက်ျားတွေချည်းပဲဗျို့...။

...

အက်ဖရိုဒိုက်ဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အမှိုက်တွေ အများကြီး ကောက်လာခဲ့တယ်၊ အဲ့ဒီထဲမှာ ရွှေရောင်ဆေး တစ်ဝက်လောက်ပါတဲ့ ဆေးပုံးတစ်ပုံးလည်း ပါတာပေါ့။ သူမဟာ အပြင်မထွက်တော့ဘဲ သုံးထပ်မြောက်မှာတင် တစ်နေကုန် တစ်နေခမ်း တူထုသံတွေ၊ သံချောင်းခေါက်သံတွေနဲ့ အလုပ်ရှုပ်နေတော့တာပဲ။

တစ်နေ့မှာတော့ ယွီဟွေးဖေး အပေါ်ကို တက်သွားကြည့်လိုက်တဲ့ အချိန်မှာ... ဟောဗျာ၊ သူမက ရွှံ့မီးဖိုလေး တစ်ခုတောင် တည်ထားတာ။ သံတိုသံစတွေကို အနီရောင်တောက်လာတဲ့အထိ အပူပေးနေတာပေါ့။ သူမက ပီကာချူး တီရှပ်လေး တစ်ထည်တည်းကို ဝတ်ပြီး၊ လက်မောင်းတွေကို ဝှေ့ယမ်းလို့ တူနဲ့ အားရပါးရ ထုနေတာဗျ... ယွီဟွေးဖေးကတော့ သူမရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်ပြီး၊ အဲ့ဒီ ပီကာချူးလေး တုန်ခါနေတာကို နာရီဝက်လောက် ငေးကြည့်နေမိတာပေါ့။

အက်ဖရိုဒိုက်က သူ့ကို သတိထားမိသွားတဲ့ အခါမှာတော့၊ အဲ့ဒီကောင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တာကတော့... "ခင်ဗျား လေမှုတ်ဖို တစ်ခုလောက် လိုမလားဗျ"

ပြောပြီးတာနဲ့ သူ ချက်ချင်း နောင်တရသွားရော။ ငါက ဘာလို့ ကိုယ့်ဘာသာကိုယ် အလုပ်ရှာနေမိတာလဲဆိုပြီးတော့လေ။

အက်ဖရိုဒိုက်ကတော့ ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြတယ်... "လိုတာပေါ့ရှင်"

အရှေ့တိုင်းယောက်ျားတစ်ယောက်အနေနဲ့ ပြောပြီးသားစကားကိုတော့ တည်ရမှာပေါ့။ အဲ့ဒါနဲ့ ယွီဟွေးဖေးလည်း ချွေ့ကျွယ်ကို သွားရှာရတာပေါ့။

"အဖိုးကြီး ချွေရေ... ခင်ဗျား လေမှုတ်ဖို တစ်ခုလောက် လုပ်ပေးလို့ ရမလားဗျ"

ချွေ့ကျွယ်က ခေါင်းညိတ်ပြတယ်... "ရတယ်၊ ဒါပေမဲ့ ပစ္စည်းကိရိယာလေးတွေ ဝယ်ဖို့တော့ လိုလိမ့်မယ်"

"လိုအပ်တာ အကုန်ဝယ်ဗျာ"

ယွီဟွေးဖေးက ယွမ်ငါးရာ ထုတ်ပေးလိုက်တယ်။ အခုတော့ သူ့အိတ်ထဲမှာ ပိုက်ဆံလေး ရှိနေပြီဆိုတော့ကာ အရင်လောက် မစေးနှဲတော့ဘူးပေါ့။

ချွေ့ကျွယ် ပစ္စည်းဝယ်ဖို့ တံခါးဖွင့်ထွက်သွားတာနဲ့တင် ယွီဟွေးဖေးဟာ ငငန်းကြီး သုံးကောင်ရဲ့ အသည်းအသန် အော်ဟစ်သံတွေကို ကြားလိုက်ရပြန်ရော။ ရှင်းပါတယ်... တံခါးဝမှာ အပြင်လူတွေ ရောက်နေပြန်ပြီလေ။ အဲ့ဒီ ငငန်းကြီးတွေက အားရပါးရ အော်နေကြပေမဲ့ အပြင်ကိုတော့ မထွက်ရဲကြဘူး။ ယွီဟွေးဖေး ကြည့်စရာတောင် မလိုပါဘူး၊ အပြင်က မကောင်းဆိုးဝါး အင်အားစုတွေဟာ ရွာထဲက နာမည်ကြီး လူမိုက်ငငန်းတွေကိုတောင် နှိမ်ထားနိုင်လောက်အောင် တအားများနေမှန်း သိလိုက်တာပေါ့။

သူ အမြန်ပဲ တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပြီး ငငန်းတစ်ကောင်ကို လှမ်းကန်လိုက်တယ်...

"အသုံးမကျတဲ့ကောင်”

မကြာခင်မှာပဲ ချွေ့ကျွယ်က လေမှုတ်ဖိုကို လုပ်ပြီးသွားတော့၊ ယွီဟွေးဖေးက အက်ဖရိုဒိုက်ဆီ သွားပို့ပေးလိုက်တာပေါ့။ အဲ့ဒီအမျိုးသမီးကတော့ အပျော်ကြီး ပျော်သွားပြီး သုံးထပ်မြောက်ကို တန်းသယ်သွားတာ။ နောက်ထပ် နှစ်ရက်၊ သုံးရက်လောက်အထိ သူမ အောက်ကို ဆင်းမလာတော့ဘူး။ ထမင်းစားဖို့လောက်ပဲ ခဏဆင်းလာပြီး အပေါ်ကို ပြန်တက်သွားတာပေါ့။

သူစဉ်းစားမိတာကတော့ 'ဒီမိန်းမ တကယ်တော့ ဘာတွေ လုပ်နေတာလဲ' ဆိုတာပါပဲ။

တစ်ညမှာတော့ ယွီဟွေးဖေးဟာ အိပ်ပျော်နေရင်းနဲ့ လန့်နိုးလာရတယ်။ အေးစက်နေတဲ့ လက်တစ်ဖက်က သူ့ရဲ့ ရင်ဘတ်ကျယ်ကြီးကို လာပြီး ပွတ်သပ်နေတာကိုး။ သူ မျက်လုံးတွေကို မပွင့်တပွင့် ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့... ငွေရောင်လရောင်အောက်မှာ ရွှေရောင်ချပ်ဝတ်တန်ဆာကြီးကို ဝတ်ထားတဲ့ နတ်ဘုရားမတစ်ပါး သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သူက ဝေေေဝါးဝါးနဲ့ မေးလိုက်မိတာက... "အမလေး သောက်ကျိုးနည်း နတ်ဘုရားမကြီးလားဗျ"

အဲ့ဒီနတ်ဘုရားမရဲ့ မျက်နှာဟာ တည်ကြည်ခန့်ညားလှသလို၊ သူမရဲ့ အမူအရာကလည်း ကျော့ရှင်းပြီးတော့ကာ မထိရက် မကိုင်ရက်စရာ မြင့်မြတ်တဲ့ အရှိန်အဝါတွေ ရှိနေတာ။ သူမက လက်တစ်ဖက်ကို ကမ်းပေးပြီး သူ့ကို ခေါ်လိုက်တယ်...။

"လာခဲ့ပါ"

ယွီဟွေးဖေး ခေါင်းကို ကုတ်လိုက်ပြီး... "နတ်ဘုရားမကြီးဗျာ... ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ" လို့ မေးလိုက်တာပေါ့။

"လာခဲ့ပါ" လို့ သူမက ထပ်ပြောပြန်တယ်။

ယွီဟွေးဖေးလည်း အိပ်ရာထဲကနေ ထလိုက်ပြီး၊ ဖိနပ်လေးစီးလို့ သူမနောက်ကနေ လိုက်သွားတာပေါ့။ သူ့ဘေးမှာ အိပ်နေတဲ့ တိကျန့်ကတော့ တစ်ဖက်ကို လှည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တာကတော့... "ငတုံးကြီး..." တဲ့။

သူတို့တွေ သုံးထပ်မြောက်ကို တက်သွားကြတာပေါ့။ အဲ့ဒီမှာတော့ အချိန်က တခြားနေရာတွေနဲ့ မတူဘူးဗျ၊ နေ့နဲ့ ညဆိုတာ အသေသတ်မှတ်ထားတာ မဟုတ်ဘူးလေ။ အချိန်ကို ယွီဟွေးဖေးကပဲ စိတ်ကြိုက် ပြောင်းလဲလို့ ရတာဗျ။

မီးခလုတ် နှိပ်လိုက်သလိုမျိုး လင်းအောင်၊ မှောင်အောင် လုပ်လို့ ရတာကိုး။ သူက အပေါ်ကို တက်ခဲတယ်ဆိုတော့ကာ၊ သုံးထပ်မြောက်ကိုတော့ ပုံမှန်အားဖြင့် နွေရာသီ နေ့ခင်းဘက် ပုံစံအတိုင်းပဲ ထားလေ့ရှိတာ။

မှောင်မည်းနေတဲ့ နေရာကနေ လာတာဆိုတော့ ယွီဟွေးဖေးရဲ့ မျက်လုံးတွေက တောက်ပနေတဲ့ နေရောင်ကို မခံနိုင်ဘူး။ သူက မျက်လုံးကို မှေးလို့၊ လက်နဲ့ အုပ်ပြီး ရှေ့က နတ်ဘုရားမကို လှမ်းကြည့်လိုက်ရတာပေါ့...။

သူမက လှည့်ကြည့်လိုက်တဲ့ အခါမှာတော့၊ သူမရဲ့ ချပ်ဝတ်တန်ဆာပေါ်မှာ ကျရောက်နေတဲ့ နေရောင်ခြည်တွေဟာ တလက်လက်နဲ့ တောက်ပနေတာ... တကယ့် စစ်မှန်တဲ့ နတ်ဘုရားမတစ်ပါး အတိုင်းပါပဲဗျာ... ယွီဟွေးဖေးကတော့ သူမရဲ့ မျက်နှာကို သေသေချာချာ မမြင်ရဘူးဗျ၊ သူမရဲ့ ပြီးပြည့်စုံလှတဲ့ ကိုယ်လုံးကိုယ်ပေါက် အရိပ်ကိုပဲ မြင်နေရတာ။

အဲ့ဒီနတ်ဘုရားမက သူ့နားကို ကပ်လာပြီး တိုးတိုးလေး မေးတာက... "ရှင် ကျွန်မကို သဘောကျလားဟင်"

"ဘာ”

ယွီဟွေးဖေး ချက်ချင်းဆိုသလို သတိဝင်လာတာပေါ့။ သူမရဲ့ မျက်နှာကို သေသေချာချာ မမြင်ရပေမဲ့၊ အသံကိုတော့ သူ မှတ်မိတာပေါ့။ သူက အလိုအလျောက် အော်လိုက်မိတာကတော့...

"တချွေ”

အဲ့ဒီ စကားလုံး နှစ်လုံးဟာ တကယ့်ကို မိစ္ဆာနှင်တဲ့ မန္တန်အတိုင်းပါပဲဗျာ၊ သူ့ရဲ့ ဦးနှောက်ထဲမှာ ရှိနေတဲ့ ဖရိုဖရဲအတွေးတွေကို ချက်ချင်း ရှင်းထုတ်ပစ်လိုက်ပြီး၊ အဲ့ဒီအစား မျက်လုံးမှေးမှေးနဲ့ ထုံပေပေလူကြီး ဝမ်တချွေရဲ့ ပုံရိပ်ကြီးက ဝင်ရောက်နေရာယူလိုက်တာပေါ့။ သူ့ရဲ့ စိတ်ဓာတ်တွေကလည်း နေရာမှန်ကို ပြန်ရောက်သွားပါပြီ။ သူက မျက်လုံးကို ပွတ်ပြီး သေသေချာချာ ကြည့်လိုက်တာပေါ့။

သူ့ရှေ့မှာရှိနေတဲ့ နတ်ဘုရားမကတော့ တခြားသူ မဟုတ်ပါဘူး... အက်ဖရိုဒိုက် ပါပဲဗျာ...

အက်ဖရိုဒိုက်က မျက်မှောင်ကြုတ်သွားပြီး... "ရှင် ကျွန်မကို သဘောကျလားလို့ မေးနေတာလေ"

ယွီဟွေးဖေးက သူမရဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်ပြီး... "ဒါကြောင့်မို့လို့ ခင်ဗျား ပြီးခဲ့တဲ့ ရက်တွေမှာ အသည်းအသန် အလုပ်ရှုပ်နေတာလားဗျ"

သူမက နှုတ်ခမ်းစူလိုက်ပြီး... "ကျွန်မ မေးတာကို အရင်ဖြေပါဦး။ စကားလမ်းကြောင်းကို ခဏခဏ လွှဲမနေပါနဲ့လားရှင်"

ယွီဟွေးဖေးက ခပ်အေးအေးပဲ ပြောလိုက်ပါတယ်... "ခင်ဗျားလို လှပတဲ့သူမျိုးကို သဘောမကျဘူးလို့ ပြောတဲ့သူဟာ ယောက်ျားမဟုတ်တော့ဘူး။ ဒါပေမဲ့ သဘောကျတယ်ဆိုတာက..."

"ဆိုတာကတွေ ပြောမနေနဲ့တော့။ ရှင် သဘောကျရင် ပြီးတာပဲ မဟုတ်လား" လို့ ပြောပြီး အက်ဖရိုဒိုက်ဟာ ယွီဟွေးဖေးကို ရုတ်တရက် တွန်းချလိုက်ကာ၊ သူ့ရင်ဘတ်ပေါ်ကို ခြေထောက်တစ်ဖက်နဲ့နင်းလို့ ဘုရင်မတစ်ပါးလို ငုံ့ကြည့်လိုက်တယ်။

"ရှင် ဒီလို ခံစားချက်မျိုးကို ကြိုက်လားဟင်။ ဒီချပ်ဝတ်တန်ဆာကို ကျွန်မ အသီနာရဲ့ ပုံစံအတိုင်း တုပပြီး လုပ်ထားတာလေ။ အရည်အသွေးက သိပ်မကောင်းပေမဲ့လည်း သူမရဲ့ အရှိန်အဝါမျိုးတော့ နည်းနည်းပါးပါး ရပါတယ်... အရှိန်အဝါပိုင်းမှာတော့ ကျွန်မဟာ သူမထက် မနိမ့်ကျဘူးလို့ ယုံကြည်တယ်။ ရှင်... အခုလောလောဆယ်တော့ ကျွန်မက အက်ဖရိုဒိုက် ဆိုတာကို မေ့ထားလိုက်ပါ။ ကျွန်မကို စစ်နတ်ဘုရားမ၊ အပျိုစင် နတ်ဘုရားမ အသီနာလို့ပဲ သတ်မှတ်လိုက်စမ်းပါ။ သူမက တကယ့်ကို မြင့်မြတ်တယ်၊ ခန့်ညားတယ်၊ ပြီးတော့ ဘယ်သူမှ မစော်ကားရဲတဲ့သူ။ ရှင်ကော... သူမကို လာပြီး စော်ကားကြည့်ချင်စိတ် မရှိဘူးလားဟင်။"

ယွီဟွေးဖေးရဲ့ ရင်ထဲက မီးတွေဟာ ဆယ်ပေလောက်တောင် မြင့်တက်သွားတာပေါ့ဗျာ... ပြောလေ့ရှိကြတာပဲ မဟုတ်လား... ယောက်ျားတစ်ယောက်ရဲ့ မိန်းမတစ်ယောက်အပေါ်မှာ ထားတဲ့ တပ်မက်မှုဟာ တစ်ဝက်က ကိုယ်ခန္ဓာကြောင့်ဖြစ်ပြီး၊ ကျန်တဲ့တစ်ဝက်ကတော့ အောင်နိုင်လိုတဲ့ စိတ်ဆန္ဒကြောင့်ပါတဲ့။ အမျိုးသမီး တစ်ယောက်ဟာ ပိုပြီး စွမ်းအားကြီးလေလေ၊ မြင့်မြတ်လေလေ၊ စော်ကားလို့ မရလေလေ... အဲ့ဒါက ယောက်ျားတွေရဲ့ တပ်မက်မှုကို ပိုပြီး ဆွပေးလေလေပါပဲ။ ဘယ်ယောက်ျားမှ ဒီလို မြှူဆွယ်မှုကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူးဗျာ...။

ယွီဟွေးဖေးလည်း စိတ်မထိန်းနိုင်တော့မလို ဖြစ်သွားတာပေါ့။ သူ အခုမှပဲ သိလိုက်ရတာက အက်ဖရိုဒိုက်ဟာ လက်လျှော့သွားတာ မဟုတ်ဘူးဗျ၊ သူမက သူမရဲ့ နောက်ဆုံးပိတ် လက်နက်အတွက် အားဖြည့်နေခဲ့တာကိုး...

ဒါပေမဲ့ ယွီဟွေးဖေးမှာလည်း လျှို့ဝှက်လက်နက် ရှိတာပေါ့...။

"တချွေ... ခင်ဗျား ဘယ်လိုပဲ ဝတ်စားဆင်ယင်ပါစေ၊ ကျွန်တော့်မျက်လုံးထဲမှာတော့ ခင်ဗျားက တချွေပါပဲဗျာ... ယွီတချွေ ဖြစ်ဖြစ်၊ ဝမ်တချွေ ဖြစ်ဖြစ်၊ ခင်ဗျားက တချွေပါပဲ။ ခင်ဗျား ဘယ်သူ့ပုံစံကိုပဲ ဖမ်းဖမ်း၊ ကျွန်တော်ကတော့ အပြင်ပန်းကို ကျော်ပြီး အနှစ်သာရကိုပဲ ကြည့်တာ။ ခင်ဗျားက တချွေပါပဲ"

သူ့စိတ်ထဲကနေ တချွေဆိုတဲ့ နာမည်ကို အကြိမ်ကြိမ် ရွတ်ဆိုရင်းနဲ့၊ သူ့ရဲ့ ရင်ထဲက မီးတွေကို အတင်းပဲ နှိမ်နင်းလိုက်ရတာပေါ့။ သူက သူမရဲ့ ခြေထောက်ကို ဖယ်လိုက်ပြီး ထထိုင်လိုက်တယ်။

အက်ဖရိုဒိုက်ကတော့ စိတ်ပျက်လက်ပျက်နဲ့ ခြေဆောင့်လိုက်တာပေါ့။

"ကျွန်မက ရှင့်အတွက် အဲ့ဒီလောက်တောင်မှ မနှစ်မြို့စရာ ကောင်းနေလို့လားဟင်။ ရှင့်လို အရှေ့တိုင်းယောက်ျားတွေမှာ အပျိုစင်မန္တန်တွေ ရှိနေတတ်တာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာက နတ်ဘုရားမရဲ့ ခန္ဓာကိုယ် ရှိတာ။ ကျွန်မက အပျိုစင် မဟုတ်ရင်တောင်မှ၊ ဘယ်လူသား အပျိုစင်လေးထက်မဆို ပိုပြီးစင်ကြယ်တယ်။ တကယ်တော့ အပျိုစင်ဆိုတာက ဘာကောင်းလို့လဲရှင်။ ရှင်က သူမရဲ့ ဖင်ကို တစ်ချက်ရိုက်လိုက်ရင်တောင်မှ ရှင် ဘာလိုချင်နေလဲဆိုတာ သူမက သိတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကတော့... ကျွန်မက အကုန်နားလည်တယ်လေ"

ယွီဟွေးဖေးဟာ ထပ်ပြီး စိတ်တွေ လှုပ်ရှားလာပြန်ရော။ သူသာ စိတ်ဓာတ်မခိုင်မာရင်တော့ကာ၊ တခြား ဘယ်ယောက်ျားမဆို သူမကို အဲ့ဒီနေရာမှာတင် တရားစီရင်ပစ်လိုက်မှာ ကျိန်းသေတယ်လေ။ သူက သူမကို မော့ကြည့်လိုက်ပြီး မေးလိုက်ပါတယ်...။

"ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ ချစ်လို့လား။ ချစ်တယ်ဆိုတာကို ပြောတာနော်။ ကျွန်တော် ဘာကို ဆိုလိုလဲဆိုတာ ခင်ဗျား သိမှာပါ"

ဒီတစ်ခါတော့ အက်ဖရိုဒိုက်တစ်ယောက် မှင်တက်သွားရမယ့် အလှည့်ပေါ့။ သူမ စကားပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့...

"မဖြေခင် သေသေချာချာ စဉ်းစားဦးနော်" လို့ ယွီဟွေးဖေးက ကြားဖြတ်ပြောလိုက်တာပေါ့။

သူမရဲ့ လျှာဖျားမှာတင် ရှိနေတဲ့ ပေါ့ပျက်ပျက် စကားလုံးတွေဟာ ရပ်တန့်သွားတော့တယ်။

"ခင်ဗျား ကျွန်တော့်ကို မချစ်ဘူးဗျ" လို့ ယွီဟွေးဖေးက အပိုင်ပြောလိုက်တာပေါ့။

အက်ဖရိုဒိုက်က မျက်နှာလွှဲလိုက်ပြီး... "အချစ်ဆိုတာက... အဓိပ္ပာယ် ရှိလို့လားရှင်။ ယောက်ျားနဲ့ မိန်းမဆိုတာ... အတူတူ ပေါင်းဖက်ပြီး မျိုးဆက်ပြန့်ပွားဖို့ပဲ မဟုတ်ဘူးလား"

ယွီဟွေးဖေးက ခေါင်းခါပြလိုက်တယ်။ သူ့ရဲ့ အကြည့်တွေကလည်း တပ်မက်မှုတွေကနေ သနားစိတ်တွေအဖြစ် ပြောင်းလဲသွားတာပေါ့။ သူက သူ့ဘေးနားက မြေကြီးကို ပုတ်ပြပြီး... "ထိုင်ပါဦး" လို့ ပြောလိုက်တယ်။

အက်ဖရိုဒိုက်က သူ့ကို သံသယနဲ့ ကြည့်ပေမဲ့ လိမ္မာပါးနပ်စွာနဲ့ပဲ ထိုင်လိုက်ရှာတာပေါ့။ ယွီဟွေးဖေးက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့၊ နေ့ခင်းဘက် အလင်းရောင်တွေဟာ ညနေဆည်းဆာအဖြစ် ပြောင်းလဲသွားပြီး၊ အဲ့ဒီနောက်မှာတော့ မှောင်မည်းသွားတော့တယ်။ ကောင်းကင်ယံမှာတော့ ကြယ်တာရာတွေ ပြည့်နှက်သွားသလို၊ နဂါးငွေ့တန်းကြီးကလည်း အထက်မှာ တွဲလွဲဆွဲလို့ပေါ့၊ လဆန်းပိုင်း လလေးကလည်း သစ်ပင်ဖျားတွေပေါ်မှာ နိမ့်ဆင်းလို့။ သူက သူမကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်ပါတယ်...။

"အချစ်မှာ အဓိပ္ပာယ်မရှိဘူးလို့ ခင်ဗျား တကယ်ကြီး ယုံကြည်နေတာလားဗျ"

အက်ဖရိုဒိုက်ရဲ့ မျက်လုံးလေးတွေဟာ ဝေေေဝါးသွားပြီး၊ သူ့အကြည့်ကို ရှောင်လိုက်တယ်။ သူမက လမင်းကြီးကို မော့ကြည့်လိုက်ပြီး... "ရှိလို့လားရှင်" လို့ ပြန်မေးတာပေါ့။

ယွီဟွေးဖေးက ပြုံးလိုက်ပြီး... "အကယ်၍ မရှိဘူးဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို အဲ့ဒီလို ပြန်မေးမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ရင်ထဲမှာ အဖြေရှိပြီးသားပါ၊ ခင်ဗျားက ဝန်မခံချင်တာပဲ ရှိတာ..."

အက်ဖရိုဒိုက်လည်း တိတ်ဆိတ်သွားတော့တယ်။

"ခင်ဗျားရဲ့ ဇာတ်လမ်းကို ကျွန်တော့်ကို ပြောပြလို့ ရမလားဗျ"

"ဒါမှမဟုတ် အဲ့ဒီတောင်ပေါ်က ဇာတ်လမ်းတွေကိုပေါ့။ ကျွန်တော် စပ်စုချင်လို့ပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော် သိသမျှ အရာရာတိုင်းက ဒီကလူသားတွေ ရေးထားတာတွေလေ။ အဲ့ဒါတွေက တကယ်ပဲ လုပ်ကြံထားတာလားဆိုတာ ကျွန်တော် မသိဘူးဗျ"

အက်ဖရိုဒိုက်က သူ့ကို လှည့်ကြည့်လိုက်တာ... သူမရဲ့ မျက်လုံးလေးတွေက တောက်ပြောင်နေတာပေါ့။

"ကျွန်မရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာ မကောင်းပါဘူးရှင်။ အမှန်အတိုင်း ပြောရရင်တော့ကာ... ဒါက နည်းနည်းလေး... ညစ်ပတ်တယ်။ ကျွန်မ သိပ်ပြီး မပြောချင်ဘူး"

ယွီဟွေးဖေးက ပြုံးလိုက်ပြီး သူက သူမကို ရေတံခွန်နားကို ခေါ်သွားပြီး အောက်မှာရှိတဲ့ ရေကန်လေးကို လက်ညှိုးထိုးပြလိုက်တယ်...။

"ဒါက စင်ကြယ်ရဲ့လားဗျ"

"ဟုတ်ပါတယ်ရှင်" လို့ သူမက ပြောရှာတယ်။

"ရေတံခွန်က ရေတွေ တဝုန်းဝုန်း ကျနေပေမဲ့လည်း၊ ရေကတော့ ကြည်လင်နေတုန်းပါပဲ"

အဲ့ဒီနောက်မှာ သူက သူမကို အနားမှာရှိတဲ့ ရေအိုင်လေး တစ်အိုင်ဆီကို ထပ်ခေါ်သွားပြန်ရော။

"ဒါကော စင်ကြယ်ရဲ့လားဗျ"

သူမက ခေါင်းညိတ်ပြတယ်... "ဟုတ်ပါတယ်ရှင်၊ ဘာအညစ်အကြေးမှ မရှိဘဲ စင်ကြယ်နေတာပဲ"

"ဒါ ဘယ်လို ဖြစ်ပေါ်လာလဲဆိုတာ ခင်ဗျား သိလားဗျ" လို့ ယွီဟွေးဖေးက မေးလိုက်တာပေါ့။

သူမက ခေါင်းခါပြတော့ ယွီဟွေးဖေးက ဝါးကျည်တောက် တစ်ခုကို ရှာလိုက်ပြီး၊ ရေပုံးတစ်ပုံးကို ခပ်ကာ၊ အဲ့ဒီ ရေအိုင်လေးထဲကို အမြင့်ကနေပြီးတော့ သွန်းလောင်းချလိုက်တော့တယ်။ ရေတွေက ဝုန်းခနဲ ကျသွားပြီး အောက်က ရွှံ့တွေကို လှုပ်နိုးလိုက်တာပေါ့။ ရေအိုင်လေးဟာ ချက်ချင်းဆိုသလို နောက်ကျိသွားပြီး ညစ်ပတ်သွားတော့တယ်။

"အခုကော စင်ကြယ်သေးရဲ့လားဗျ" လို့ သူက မေးလိုက်တယ်။

သူမက မျက်မှောင်ကြုတ်သွားပြီး... "အခုတော့ ညစ်ပတ်သွားပြီလေ"

ယွီဟွေးဖေးက ဝါးကျည်တောက်ကို သူမဆီ ကမ်းပေးလိုက်တယ်။ "ဒီကျည်တောက်ကို သုံးပြီးတော့ ရေတွေကို ခပ်ပြီး အဲ့ဒီထဲကို ဆက်တိုက် သွန်းလောင်းပေးစမ်းပါ။ အကြိမ်ပေါင်း တစ်သောင်း။ ပြီးသွားတဲ့အခါကျရင် ကျွန်တော့်ကို လာပြောပါ"

သူမက ကျည်တောက်ကို ကြည့်လိုက်၊ သူ့ကို ကြည့်လိုက်နဲ့ပေါ့။ "ဘာဖြစ်လို့လဲရှင်"

"အကြောင်းပြချက် မရှိပါဘူး။ ခင်ဗျား ဘယ်လောက်အထိ နားထောင်တတ်လဲဆိုတာကိုပဲ ကျွန်တော် ကြည့်ချင်လို့ပါ"

သူမရဲ့ မျက်လုံးထဲမှာတော့ စိတ်ပျက်သွားတဲ့ အရိပ်အယောင်လေးတွေနဲ့ ဝမ်းနည်းရိပ်လေးတွေ ဖြတ်ပြေးသွားတာပေါ့။ "ဒါကလည်း အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေထဲက တစ်ခုပဲလားရှင်။ ဟိုလူတွေလိုပဲပေါ့..."

ယွီဟွေးဖေးကတော့ လှည့်ထွက်သွားပါပြီ။ "ခင်ဗျား လက်လျှော့ချင်ရင် လျှော့နိုင်တယ်။ ကျွန်တော် အတင်းအကျပ် မခိုင်းပါဘူး"

"ဒါ ရှင့်ရဲ့ တောင်းဆိုမှုဆိုရင်တော့ ကျွန်မ လုပ်ပါ့မယ်" လို့ သူမက ပြောလိုက်ပေမဲ့ အသံကတော့ နိမ့်ဆင်းသွားတာပေါ့။ ရှင်းပါတယ်ဗျာ၊ သူမကတော့ သူ့ရဲ့ ရည်ရွယ်ချက်ကို လုံးဝ နားမလည်သေးဘူးလေ။

သူသုံးထပ်မြောက်ကနေ အပြင်ထွက်လိုက်တာနဲ့တင် မြင်းမျက်နှာက အဲ့ဒီမှာ ထိုင်စောင့်နေတာ တွေ့လိုက်ရတယ်။

"ဘာလုပ်နေတာလဲဗျ" လို့ ယွီဟွေးဖေးက မေးလိုက်တာပေါ့။

"မင်းကော ဘာလုပ်နေတာလဲ" လို့ မြင်းမျက်နှာက ပြန်မေးတယ်။

"ဘာဖြစ်လို့ အကြောင်းမရှိဘဲ ဝါးကျည်တောက်နဲ့ လာကစားနေရတာလဲ"

"ခင်ဗျား နားမလည်ပါဘူး။ သွားအိပ်တော့"

မြင်းမျက်နှာက သူ့နောက်ကနေ အသည်းအသန် လိုက်လာတာပေါ့။ "ဘယ်လိုလုပ်ပြီး နားမလည်ရမှာလဲ။ ပြောပြရင် ငါနားလည်မှာပေါ့”

"ခင်ဗျား နားလည်ဖို့က မအရေးကြီးဘူး။ သူမ နားလည်ဖို့ကပဲ အရေးကြီးတာ" လို့ ပြောပြီး ယွီဟွေးဖေးလည်း သူ့အခန်းကို သူ ပြန်သွားတော့တယ်။ မြင်းမျက်နှာခမျာမှာတော့ အပြင်မှာတင် မှင်တက်ပြီး ကျန်ရစ်ခဲ့တာပေါ့၊ သူ ဘာမှ စဉ်းစားလို့ မရတာနဲ့ပဲ နောက်ဆုံးတော့ အိပ်ရာဝင်ခဲ့ရတော့တယ်။

မနက်ခင်းကတော့ စောစောစီးစီး ရောက်လာသလို၊ ယွီဟွေးဖေးလည်း စောစော နိုးလာတယ်။ ဒီနေ့တော့ သူ အိပ်ရာမနောက်ကျပါဘူး။ မီးဖိုချောင်ကို စောစောသွားပြီး၊ ကိုယ်တိုင် ဆန်ပြုတ် ပြုတ်တယ်၊ ကြက်ဥတွေ ပြုတ်တယ်၊ ပြီးတော့ ချဉ်ဖတ်ပန်းကန် အကြီးကြီး တစ်လုံးကို ပြင်ဆင်လိုက်တာပေါ့။ အဲ့ဒီနောက်မှာတော့ သူ အပြင်ကို သယ်သွားတော့တယ်။

All Chapters