← Chapters

ဆက်လက်လုပ်ဆောင်ခြင်း

Vol. 17 Ch. 246

ဆက်လက်လုပ်ဆောင်ခြင်း

Vol. 17 Ch. 246

နွားခေါင်းနဲ့ မြင်းမျက်နှာတို့အတွက် မနက်စာ ချန်ထားခဲ့ပြီးတဲ့နောက်မှာတော့၊ ယွီဟွေးဖေးက ကျန်တဲ့ အစားအသောက်တွေကို သုံးထပ်မြောက်ကို သယ်သွားတာပေါ့။

သုံးထပ်မြောက် အထဲမှာတော့ အခုထိ ညအချိန်ပဲ ရှိပါသေးတယ်။ အက်ဖရိုဒိုက်ဟာ သူမရဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာကြီးနဲ့ လရောင်အောက်မှာ ရပ်နေပြီး၊ ဝါးကျည်တောက်နဲ့ ရေတွေကို ခပ်လို့ ရေအိုင်လေးထဲကို သွန်းလောင်းနေတာ။ ရေကတော့ တကယ့်ကို နောက်ကျိပြီး ညစ်ပတ်နေတုန်းပါပဲ။

ယွီဟွေးဖေးက လျှောက်သွားလိုက်ပြီး... "မနက်စာ စားလိုက်ဦးဗျာ" လို့ ပြောလိုက်တော့ အက်ဖရိုဒိုက် ကြောင်သွားရော။ သူမက သူ့ကို ကြည့်လိုက်၊ အငွေ့တထောင်းထောင်း ထွက်နေတဲ့ မနက်စာကို ကြည့်လိုက်နဲ့ပေါ့။

"ရှင်က... ကျွန်မကို ဂရုစိုက်ပေးနေတာလားရှင်" လို့ သူမက မယုံကြည်နိုင်သလိုမျိုး မေးရှာတယ်။

ယွီဟွေးဖေးက ပြုံးလိုက်ပြီး... "ဒါက ပုံမှန်ပဲ မဟုတ်လား။ ဒါက ပြုပြင်ရေး ယဥ်ကျေးလိမ္မာဌာန ဖြစ်နေပေမဲ့လည်း၊ ကျွန်တော်တို့က တကယ်တော့ သူငယ်ချင်းတွေ မိသားစုတွေတောင် ဖြစ်နေကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရမှာကတော့ တာဝန်ပဲ မဟုတ်လား"

သူက မြေကြီးပေါ်မှာ ထိုင်ချလိုက်ပြီး၊ အစားအသောက်တွေကို ချကာ ပန်းကန်တစ်လုံးကို ယူလိုက်တယ်။

"လာပါဗျာ၊ အတူတူ စားကြတာပေါ့"

အက်ဖရိုဒိုက်လည်း ခေါင်းညိတ်ပြပြီး ထိုင်လိုက်ကာ အေးအေးဆေးဆေးပဲ စားသောက်နေတာပေါ့။ စားပြီးသွားတဲ့ အခါမှာတော့ ယွီဟွေးဖေးက ပန်းကန်တွေကို သိမ်းလိုက်တယ်။

"ကျွန်မကို ဆေးခိုင်းစေချင်လို့လားဟင်" လို့ သူမက မေးရှာတယ်။

ယွီဟွေးဖေးက လက်ယမ်းပြပြီး... "မလိုပါဘူး။ ဆက်ပြီးတော့သာ လုပ်နေလိုက်ပါ။ အကြိမ်ပေါင်း တစ်သောင်းဆိုတာ... မလွယ်ဘူးဗျ" လို့ ပြောလိုက်တော့ သူမက ဇဝေဇဝါ ဖြစ်နေတာပေါ့။

"ကျွန်မတော့ ဒါကြီးက ဘာအဓိပ္ပာယ်ရှိလဲဆိုတာ လုံးဝ မမြင်မိဘူးရှင်”

ယွီဟွေးဖေးကတော့ ဘာမှ မတုံ့ပြန်ပါဘူး။ သူက လက်ယမ်းပြပြီး... "ကံကောင်းပါစေဗျာ" လို့ပဲ ပြောပြီး ထွက်သွားတော့တယ်။

အက်ဖရိုဒိုက်ခမျာမှာတော့ ဘာမှမတတ်နိုင်ဘဲ ရေတွေကို ခပ်လိုက်၊ သွန်းလောင်းလိုက်နဲ့ သံသရာလည်နေရတော့တာပဲ။ နေ့ရက်တွေကတော့ ကုန်လွန်သွားတာပေါ့။ သုံးရက်မြောက်တဲ့ မနက်ခင်းမှာတော့ အက်ဖရိုဒိုက်ဟာ ယွီဟွေးဖေးရဲ့ အခန်းထဲကို စိတ်လှုပ်ရှားစွာနဲ့ ပြေးဝင်လာတယ်။

"ကျွန်မ အကြိမ်ပေါင်း တစ်သောင်း ပြီးသွားပြီရှင်”

ယွီဟွေးဖေးက ခေါင်းညိတ်ပြပြီး... "ဪ... ဟုတ်လား။ သွားကြည့်ကြတာပေါ့" လို့ ပြောလိုက်တယ်။

အဲ့ဒီနေရာကို ရောက်တဲ့ အခါမှာတော့ ရေအိုင်လေးဟာ အရင်ကထက် အများကြီး ပိုပြီး နက်သွားတာကို တွေ့လိုက်ရတယ်။ အောက်က ကျောက်ခဲလေးတွေကလည်း ရေတွေနဲ့ ဆေးကြောပြီးသွားတော့ တကယ့်ကို ပြောင်စင်နေတာပေါ့။ ဒါဟာ ရေငြိမ်အိုင်လေး ဖြစ်နေပေမဲ့လည်း ရေက အဆင့်တစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ အပြင်ကို လျှံကျလာပြီး၊ မြေကြီးပေါ်မှာ ချောင်းငယ်လေးတစ်ခုရဲ့ လမ်းကြောင်းအတိုင်း ထွင်းဖောက်သွားတာပေါ့ဗျာ...

အက်ဖရိုဒိုက်က စိတ်လှုပ်ရှားစွာနဲ့ ပြောရှာတယ်... "ကျွန်မ ပြီးသွားပြီရှင်။ ကျွန်မ အပြင်ထွက်လို့ ရပြီလားဟင်"

ယွီဟွေးဖေးက ခေါင်းခါပြလိုက်ပါတယ်... "မရသေးဘူးဗျ"

"မရသေးဘူး ဟုတ်လား။ ကျွန်မ ပြီးသွားပြီလေရှင်” လို့ သူမက မကျေမနပ်နဲ့ အော်လိုက်တာပေါ့။

"ခင်ဗျားက ပထမအဆင့်ကိုပဲ ပြီးသေးတာဗျ" လို့ ယွီဟွေးဖေးက ပြောလိုက်တယ်။

"ဒုတိယအဆင့်ကတော့ နောက်ထပ် အကြိမ်ပေါင်း တစ်သောင်း ထပ်လုပ်ရမယ်ဗျ"

"ဘာ”

သူမဟာ တကယ့်ကို ဒေါသပေါက်ကွဲသွားတာပေါ့။ "ရှင် ကျွန်မကို ကစားနေတာလားဟင်။"

ယွီဟွေးဖေးက သူမကို တည်တည်ငြိမ်ငြိမ်လေးပဲ ကြည့်နေတယ်။ "ခင်ဗျားက ကျွန်တော် ကစားနေတယ်လို့ ယုံချင်ရင်လည်း ယုံနိုင်ပါတယ်၊ ဒါမှမဟုတ် ဒါက ခင်ဗျားရဲ့ ပြုပြင်ပြောင်းလဲရေး တာဝန်တစ်ခုလို့ပဲ နားလည်ချင်ရင်လည်း ရတယ်။ ခင်ဗျား ငြင်းဆန်ချင်ရင်လည်း ရတယ်၊ အပြင်ထွက်ပြီး ခင်ဗျား လုပ်ချင်တာ လုပ်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျား အခုအထိ လုပ်ခဲ့တာတွေ အကုန်လုံးကတော့ သုညဖြစ်သွားမှာပေါ့။ အကုန်လုံးကို မေ့ပစ်လိုက်တော့ဗျာ"

"ရှင်... ရှင်...”

"စကားအပိုတွေ ပြောမနေပါနဲ့တော့... ခင်ဗျား လုပ်မှာလား၊ မလုပ်ဘူးလား။ ဒါပဲ ပြောစမ်းပါ"

"လုပ်မယ်... ရှင် ကျွန်မကို ဘာတွေ မြင်စေချင်နေတာလဲဆိုတာကို ကျွန်မ သိအောင် လုပ်ပြမယ်” လို့ ပြောပြီး သူမရဲ့ ဇွဲကတော့ ထလာပြန်ရော။ သူမက ဝါးကျည်တောက်ကို ပြန်ကောက်ကိုင်ပြီး ရေတွေကို ထပ်ပြီး ခပ်နေပြန်တော့တယ်။

ယွီဟွေးဖေးက ဒေါသထွက်နေတဲ့ သူမရဲ့ ကျောပြင်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူ လှည့်ထွက်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတာပေါ့။ သူ အောက်ထပ်ကို ဆင်းလာတဲ့ အချိန်မှာ မြင်းမျက်နှာက စပ်စုလိုက်ပြန်ရော...။

"ရှောင်ယွီရေ... ဘာဖြစ်လို့ သူမကို အဲ့ဒီလိုမျိုးတွေ လိုက်ပြီး ကလိနေရတာလဲဟ"

နွားခေါင်းကလည်း ထပ်ဖြည့်ပြောတယ်... "သူက မင်းကို နေ့တိုင်း လာပြီး နှောင့်ယှက်နေလို့၊ မင်းအေးအေးဆေးဆေး နေချင်တာနဲ့ အလုပ်တစ်ခု ရှာပေးလိုက်တာ မဟုတ်လား"

ယွီဟွေးဖေးက မျက်စောင်းထိုးလိုက်ပြီး... "ကျွန်တော်က အဲ့ဒီလို လူစားမျိုးလို့ ထင်နေလို့လားဗျ"

အားလုံးက တပြိုင်နက်တည်း ခေါင်းညိတ်ပြကြတာကတော့ 'ကျိန်းသေပေါက်ပေါ့...' ဆိုတဲ့ ပုံစံမျိုးနဲ့။ သူတို့က ယွီဟွေးဖေးရဲ့ စရိုက်ကို တစ်စက်ကလေးမှ မယုံကြဘူးလေ။ ယွီဟွေးဖေးကော ဘာလုပ်နိုင်မှာလဲ။ သူလည်း စိတ်ပျက်လက်ပျက်နဲ့ သင်္ချိုင်းမှာ သွားပြီး တံမြက်စည်း လှည်းနေရတော့တာပေါ့။

သရဲနက်က ချွေ့ကျွယ်ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုကို သတိထားမိသွားပြီး ဘေးကနေ ကပ်မေးတာပေါ့... "အဖိုးကြီး ချွေရေ... ခင်ဗျား တစ်ခုခု သိနေတယ် မဟုတ်လား။ ကျွန်တော်တို့ကို ပြောပြစမ်းပါဦးဗျ”

"ငါသိပါတယ်ကွာ၊ ဒါပေမဲ့ ပြောဖို့ အချိန်မတန်သေးဘူးလေ" လို့ ပြောပြီး ချွေ့ကျွယ်ကလည်း ထွက်သွားပြန်ရော။

ကျန်ခဲ့တဲ့ ယင်နတ်မင်းတွေခမျာမှာတော့ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားနေကြရတာပေါ့... တိကျန့် တစ်ယောက်တည်းပဲ တစ်ခုခုကို စဉ်းစားနေပုံရပြီး၊ ရေခပ်တဲ့ ယောက်ချိုနဲ့ ရေနည်းနည်းကို ခပ်လို့ မြေကြီးပေါ်ကို သွန်းလောင်းကြည့်ကာ၊ အဲ့ဒီရေက မြေကြီးပေါ်မှာ ကျင်းလေး တစ်ကျင်း ဖြစ်သွားတာကို ငေးကြည့်နေရှာတာ။

"တိကျန့်... မင်းကော ရှောင်ယွီ ဆိုလိုတာကို သိလား" လို့ သရဲဖြူက မေးလိုက်တာပေါ့။

သူက ခေါင်းခါပြတယ်... "ကျွန်တော် သိသလိုလိုတော့ ရှိတယ်ဗျ၊ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း မသိပြန်ဘူး။ ဘယ်လို ရှင်းပြရမှန်း မသိဘူးဗျာ"

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ခေါင်းလေး ပြူထွက်လာပြီး... "ဟေ့... ခင်ဗျားတို့က ကျွန်တော် တအား ရက်စက်တယ်လို့ ထင်နေကြရင်လည်း၊ သူမဘေးမှာ သွားပြီး အဖော်လုပ်ပေးကြလေဗျာ" လို့ ပြောပြီး ပျောက်သွားပြန်ရော။

"ကျွန်တော်တော့ မသွားဘူးဗျ" လို့ တိကျန့်က ပြောရှာတယ်။

"အဲ့ဒီမိန်းမက တအား ကြောက်စရာ ကောင်းတယ်"

နွားခေါင်းနဲ့ မြင်းမျက်နှာတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတာပေါ့။ သူတို့လည်း နေ့ခင်းဘက်ဆိုရင် အပြင်မထွက်ရတော့ကာ ပျင်းနေကြတာဆိုတော့ သုံးထပ်မြောက်ကို တက်သွားပြီး အက်ဖရိုဒိုက် ရေနဲ့ ကစားနေတာကို သွားကြည့်ကြတာပေါ့။

နောက်ဆုံးတော့ သူတို့လည်း ပျင်းလာတာနဲ့ ပြန်ဆင်းလာကြပြန်ရော။ သူတို့ ခံစားရတာကတော့ လူတစ်ယောက်ကို ဒီလို အလုပ်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ခိုင်းနေတာဟာ တအားလွန်တယ်လို့ ထင်နေကြတာ၊ အဲ့ဒါကြောင့် သူမကို နည်းနည်းတော့ သနားမိသွားကြတာပေါ့။

နေ့လည်ဘက်မှာတော့ နွားကျောင်းသား သွားကြည့်ပြန်ရော။ သူ ပြန်လာတဲ့ အခါမှာလည်း အဲ့ဒီလို သနားတဲ့ မျက်နှာပေးနဲ့ပဲ ပြန်လာတာပေါ့။ ညနေစောင်းတော့ တိကျန့်က တိတ်တဆိတ် တက်သွားပြီး အဝေးကနေ လှမ်းကြည့်နေတာဗျ၊ နှုတ်ဆက်ဖို့တောင် မရဲရှာဘူး။ ညဘက်ကျတော့ ကောင်းကင်ခွေးကြီး ရှောင်ထျန်းချန်နဲ့ ဝိညာဉ်နှုတ်နတ်မင်း ညီအစ်ကိုတွေ တက်သွားကြတာပေါ့။ အကြာကြီး စောင့်ကြည့်ပြီးတဲ့ အခါမှာတော့ သရဲနက်က ခြေဆောင့်ပြီး အော်ပါတော့တယ်...။

"ဒါက တအားလွန်လွန်းတယ်။ လူတစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး နှိပ်စက်ရက်ရတာလဲ" သရဲဖြူကလည်း ထောက်ခံတာပေါ့။

သရဲနက်ကတော့ ဒေါသထွက်ထွက်နဲ့ ယွီဟွေးဖေးကို သွားရှာတော့တာပဲ။

"ရှောင်ယွီရေ... ဒါက တအားလွန်တယ်။ ဘယ်သူ့ကိုမှ ဒီလိုမျိုး မနှိပ်စက်သင့်ဘူး။ အဲ့ဒီအမျိုးသမီးက နည်းနည်းလေး ဖရိုဖရဲနိုင်တယ်ဆိုပေမဲ့လည်း၊ ဒီလောက်အထိတော့ မလုပ်သင့်ဘူး မဟုတ်လား..."

ယွီဟွေးဖေးက သူ့ကို မော့ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာကတော့ တည်ငြိမ်နေသလို၊ သူ့ရဲ့ မျက်လုံးတွေကလည်း နက်ရှိုင်းပြီး ဘာလှိုင်းတံပိုးမှ မရှိသလို အေးစက်နေတာ။ သရဲနက်ဟာ အဲ့ဒီအကြည့်အောက်မှာတင် အလိုအလျောက် ပါးစပ်ပိတ်သွားပြီး၊ စိတ်ထဲမှာလည်း အားနာစိတ်လေး ဝင်လာတာပေါ့။ သူက ထစ်ထစ်ငေါ့ငေါ့နဲ့ မေးရှာတယ်။

"ရှောင်ယွီ... မင်း တကယ်တော့ ဘာတွေ ကြံစည်နေတာလဲ"

ယွီဟွေးဖေးက ခေါင်းခါပြလိုက်ပြီး... "အဖိုးမည်းရေ... တချို့အရာတွေက ပြောလို့ မရသေးဘူး။ အချိန်တန်တဲ့ အခါကျရင် ခင်ဗျား သိလာပါလိမ့်မယ်။ အခုတော့ မဟုတ်သေးဘူးဗျ..."

"မင်း... ကောင်းပြီလေ... ငါ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးတယ်ကွာ”

ယွီဟွေးဖေးကတော့ ခေါင်းကိုပဲ ဆက်ပြီး ခါနေတာပေါ့။ သရဲနက်လည်း စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတာပေါ့။ သရဲဖြူကလည်း စကားပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ စကားလုံးတွေ ထွက်မလာတာနဲ့ပဲ သူလည်း လှည့်ထွက်သွားတော့တယ်။

ယွီဟွေးဖေး သက်ပြင်းတစ်ချက် ချလိုက်မိတာပေါ့... အဲ့ဒီအချိန်မှာပဲ ချွေ့ကျွယ် လျှောက်ဝင်လာတယ်။

"အဖိုးကြီး ချွေရေ... ခင်ဗျားလည်း ကျွန်တော့်ကို လာပြီး..."

ချွေ့ကျွယ်က လက်ယမ်းပြပြီး တားလိုက်တယ်။ "ရောဂါကြီးရင် ဆေးခါးတိုက်ရမယ်ဆိုတာ ငါနားလည်တယ်။ ငါလာတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့ လာပြောတာပါ။ လမ်းတစ်ဝက်မှာတင် လက်မလျှော့လိုက်ပါနဲ့ဦး၊ မဟုတ်ရင် အားလုံးက အလကား ဖြစ်သွားလိမ့်မယ်။ သူမအတွက်တော့ ဒါဟာ သူမရဲ့ တစ်သက်တာမှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေနိုင်တယ်လေ"

ယွီဟွေးဖေး ကြောင်သွားတာပေါ့။ "ဒါက အဲ့ဒီလောက်တောင် အရေးကြီးလို့လားဗျ"

ချွေ့ကျွယ်က ခေါင်းညိတ်ပြပြီး သူ့နားကို ကပ်ကာ တိုးတိုးလေး တစ်ခုခု ပြောလိုက်တော့ ယွီဟွေးဖေး ထရပ်လိုက်ပြီး ဦးညွှတ်လိုက်တော့တယ်။

"ခင်ဗျားပြောတာ မှန်ပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကို အဆုံးထိ ဖြစ်အောင် လုပ်ပါ့မယ်"

နောက်နေ့မှာတော့ သရဲနက်က သူ့ကို ထပ်ရှာပြန်ရော၊ ဒါပေမဲ့ ယွီဟွေးဖေးကတော့ စကားတစ်ခွန်းမှ မပြောပါဘူး။ သရဲနက်လည်း ဒေါသထွက်ပြီး ပြောလိုက်တာကတော့... "မင်းက သူမကို စိတ်ညစ် စိတ်ပျက်နေတာ ငါ သိပါတယ်၊ ဒါပေမဲ့ သူမကို အပေါ်မှာ တစ်ယောက်တည်း ထားခဲ့တာကတော့ တအားကို ပျင်းစရာကောင်းလွန်းတယ်... ဒါက နှိပ်စက်တာပဲ။ နည်းလမ်းသစ်နဲ့ ပြစ်ဒဏ်ပေးနေတာ... ငါတော့ မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကောင်းပြီလေ၊ ငါ သူမဆီကို သွားတော့မယ်"

အပေါ်ထပ်မှာတော့ သရဲနက်ဟာ အက်ဖရိုဒိုက်ရဲ့ ရှေ့မှာ ရပ်နေတာပေါ့။ "တချွေရေ... ခင်ဗျားက တကယ်ကြီး ဒီလောက်အထိ နားထောင်နေတာလား။ ငါသာဆိုရင်တော့ အစောကြီးကတည်းက လက်လျှော့လိုက်ပြီ။ သူသာ ငါ့ကို အဲ့ဒီလောက်အထိ ခိုင်းရင် ငါထောင်တောင် ဖောက်ပြေးမိမှာ ကျိန်းသေတယ်။ ခင်ဗျားက ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့သူပဲလေ၊ နည်းနည်းလေးတောင် ရူးချင်သလို ဖြစ်နေတဲ့သူက ဘာဖြစ်လို့ ဒီလောက်အထိ အိန္ဒြေရှိနေရတာလဲ"

အက်ဖရိုဒိုက်ရဲ့ မျက်လုံးလေးတွေဟာ အရောင်တောက်ပသွားတာပေါ့။ သူမက သူ့ကို ကြည့်ပြီး မေးလိုက်တယ်... "ရှင် ကျွန်မကို သနားနေတာလားဟင်။"

သရဲနက်က ခေါင်းကို ကုတ်လိုက်ပြီး... "အဲ... ငါလည်း မသိဘူး။ ဖြစ်နိုင်ပါတယ်" လို့ ပြောရှာတယ်။

"ကျေးဇူးတင်ပါတယ်ရှင်" လို့ သူမက ပြောလိုက်ပေမဲ့ သူမရဲ့ မျက်လုံးထဲက အရောင်တွေကတော့ ပြန်မှိန်သွားတာပေါ့။

"ဟေ့... အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

"ကျွန်မ ဆက်ပြီး လုပ်ရဦးမယ်လေ... ဌာနမှူးယွီက ဒီနေရာရဲ့ အကြီးအကဲပဲ၊ ကျွန်မက အကျဉ်းသားတစ်ယောက်လေ။ ဒါကြောင့် ကျွန်မ သူ့စကားကို နားထောင်ရမှာပေါ့" လို့ သူမက ခပ်တိုးတိုးပဲ ပြောရှာတာပေါ့။

သရဲနက်လည်း မျက်စောင်းထိုးလိုက်ပြီး ဘာပြန်ပြောရမှန်း မသိတော့ဘူး။ နောက်ဆုံးတော့ သူ ခြေဆောင့်လိုက်ပြီး... "တောက်... ဂရုမစိုက်တော့ဘူးကွာ... ငါ ခင်ဗျားနဲ့အတူတူ ရေဝိုင်းခပ်ပေးမယ်။ ဒီကောင် ဘာတွေ ကြံစည်နေလဲဆိုတာ ငါလည်း သိချင်တယ်" လို့ ပြောပြီး၊ ဝါးကျည်တောက် တစ်ခုကို ဆွဲကာ သူမဘေးမှာတင် ရေခပ်ပြီး သွန်းလောင်းပေးနေတော့တာပဲ။

နေ့လည်စာစားတဲ့ အချိန်မှာ သရဲဖြူက သူ့ညီကို ရှာမတွေ့တော့ဘူး။ ဟိုဟိုဒီဒီ လိုက်ရှာကြည့်လိုက်တော့မှ သရဲနက်က အက်ဖရိုဒိုက်နဲ့အတူ ရေခပ်နေတာကို တွေ့လိုက်ရတာပေါ့။ သူကတော့ ဆွံ့အလို့ပဲ။

"ဟေ့... မည်းကြီး၊ ခင်ဗျားက ဘယ်လို စိတ်ရူးတွေ ထနေတာလဲ" လို့ လှမ်းမေးတာပေါ့။

"ရှောင်ယွီ ဘာလုပ်နေလဲဆိုတာ ငါနားမလည်ဘူး၊ သူကလည်း ငါ့ကို မပြောပြဘူးလေ" လို့ သရဲနက်က ပြောပြတယ်။

"ဒါပေမဲ့ င့ါညီအစ်ကိုက လူတွေကို ဒုက္ခပေးမယ့်သူ မဟုတ်ဘူးဆိုတာကိုတော့ ငါယုံတယ်။ ကြည့်ရတာ ငါကပဲ တအားကို ငတုံးဖြစ်နေလို့ နေမှာပါ... အဲ့ဒါကြောင့် ငါကိုယ်တိုင် စမ်းလုပ်ကြည့်ချင်တာလေ၊ အဲ့ဒီအခါကျရင် တစ်ခုခုကို နားလည်သွားနိုင်တာပေါ့။ ပြီးတော့ သူမလည်း ဒီမှာ တစ်ယောက်တည်း ပျင်းနေရှာမှာလေ။ ငါ သူမကို အဖော်လုပ်ပေးလို့ ရတာပေါ့"

သရဲဖြူလည်း ခေတ္တစဉ်းစားလိုက်ပြီး... "ဟုတ်သားပဲ။ အဲ့ဒါဆိုရင် ငါသွားပြီး ခင်ဗျားတို့အတွက် ထမင်းသွားယူလိုက်မယ်၊ ပြီးရင် အတူတူ လုပ်ကြတာပေါ့"

"မလိုတော့ပါဘူးဗျာ၊ ကျွန်တော် ယူလာခဲ့တယ်" လို့ ပြောပြီး ယွီဟွေးဖေးက လူလေးယောက်စာ ထမင်းတွေ သယ်ပြီး ရောက်လာတာပေါ့။ အားလုံးက မြေကြီးပေါ်မှာ ထိုင်ပြီး အတူတူ စားသောက်ကြတော့တာပဲ။ စားပြီးသွားတဲ့ အခါမှာတော့ ဝိညာဉ်နှုတ်နတ်မင်း ညီအစ်ကိုတွေကလည်း အက်ဖရိုဒိုက်နဲ့အတူ ရေခပ်တဲ့ သံသရာထဲမှာ ပါဝင်သွားကြတော့တယ်။

သူတို့ အောက်ကို ဆင်းလာတဲ့ အချိန်မှာတော့၊ ယွီဟွေးဖေးက အက်ဖရိုဒိုက်ရဲ့ မျက်လုံးထဲမှာ ရှိနေတဲ့ မကျေနပ်မှုတွေက လျော့နည်းသွားတာကို သတိထားမိလိုက်တယ်။ သူကတော့ ပြုံးပဲ ပြုံးနေတာပေါ့။ ညစာ စားတဲ့ အချိန်မှာတော့ နွားခေါင်းနဲ့ မြင်းမျက်နှာတို့ကလည်း သုံးထပ်မြောက်ကို လိုက်သွားကြပြန်ရော။ လူတွေ များလာတော့ကာ သူတို့က ရေပဲ ခပ်နေကြတာ မဟုတ်တော့ဘူးဗျ၊ စကားတွေလည်း ပြောကြ၊ နောက်ပြောင်ကြတာပေါ့။ အစပိုင်းမှာတော့ ယွီဟွေးဖေးရဲ့ ရည်ရွယ်ချက်ကို သူတို့ ခန့်မှန်းကြည့်ကြသေးတာဗျ၊ ဒါပေမဲ့ ဘာမှ မသိရတော့တဲ့ အဆုံးမှာတော့... သူတို့က လူ့ပြည်က ဇာတ်လမ်းတွေ၊ ငရဲပြည်က ဇာတ်လမ်းတွေကိုပဲ အပြန်အလှန် ပြောပြနေကြတော့တာပေါ့။

အက်ဖရိုဒိုက်ကတော့ အစပိုင်းမှာ တိတ်ဆိတ်နေပြီး စိတ်ထဲမှာလည်း မကျေမနပ် ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းတွေက စိတ်ဝင်စားစရာ ကောင်းလာတဲ့ အခါမှာတော့ကာ... သူမလည်း မနေနိုင်တော့ဘဲ ဝင်ပြီးတော့ ပြောဆိုဆွေးနွေးလာတော့တယ်။

သုံးရက်မြောက်တဲ့ မနက်ခင်းမှာတော့၊ အဖွဲ့ကြီးတစ်ခုလုံးဟာ ယွီဟွေးဖေး ထမင်းချက်နေတုန်းမှာ လာပြီး ဝိုင်းရှာကြတာပေါ့။

"ရှောင်ယွီရေ... တချွေကတော့ သူမရဲ့ တာဝန်ကို ပြီးသွားပြီ။ အခုတော့ သူမကို လွတ်မြောက်ခွင့် ပေးလို့ ရပြီ မဟုတ်လားဗျာ" လို့ နွားခေါင်းက မေးလိုက်တော့တာပဲ။

ယွီဟွေးဖေးက တချွေရဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ မျက်နှာလေးကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်ပြန်တယ်...။

"နောက်ထပ် အကြိမ်တစ်သောင်း ထပ်တိုးလိုက်ဗျာ"

"ဘာ”

အဖွဲ့ကြီးတစ်ခုလုံးဟာ ပေါက်ကွဲသွားတာပေါ့။

"ရှောင်ယွီရေ... ဒါကတော့..."

"မင်း ဘာဖြစ်လို့ ဒီလိုမျိုးတွေ လုပ်နေရတာလဲ”

အက်ဖရိုဒိုက်ရဲ့ မျက်နှာဟာ ဖြူဖျော့သွားတာပေါ့။ "ရှင် ကျွန်မရဲ့ ရလဒ်တွေကို တစ်ချက်ကလေးတောင် မကြည့်တော့ဘူးလားဟင်" လို့ သူမက မေးရှာတယ်။

"ဘာရလဒ်လဲဗျ" လို့ ယွီဟွေးဖေးက ပြန်မေးတာပေါ့။

"ကျွန်မ အရင်ကထက် ပိုပြီး နက်တဲ့ ကျင်းကြီး ဖြစ်အောင် လုပ်နိုင်ခဲ့ပြီလေ"

"ပြီးတော့ကော။ ခင်ဗျားကို ကျင်းအနက်ကြီး လုပ်ခိုင်းတယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး။ ဆက်လုပ်စမ်းပါဦး"

"ရှင်... ရှင်...”

အက်ဖရိုဒိုက်ဟာ စိတ်ပျက်လွန်းလို့ မျက်ရည်တွေတောင် ကျလာရှာတာပေါ့။

"ရှင် ကျွန်မကို တကယ်ကြီး အဲ့ဒီလောက်တောင် မုန်းနေတာလားဟင်။ ရှင် ကျွန်မမျက်နှာကိုတောင် မမြင်ချင်တော့တာလား"

ယွီဟွေးဖေးက သူ့လက်ထဲက အိုးခြစ်ဖတ်ကို ချလိုက်ပြီး သူမကို ကြည့်လိုက်တယ်။ "ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး။ ကျွန်တော် ပြောပြီးသားပဲလေ၊ ခင်ဗျား လက်လျှော့ချင်ရင် လျှော့နိုင်ပါတယ်လို့။ စကားတစ်ခွန်းပဲ... ခင်ဗျား လုပ်မှာလား"

"မလုပ်နဲ့တော့ တချွေရေ" လို့ မြင်းမျက်နှာက ဝင်ပြောတယ်... "ငါ့စကားကို နားထောင်စမ်းပါ၊ လက်လျှော့လိုက်တော့"

"ဟုတ်တယ်၊ ရပ်လိုက်တော့" လို့ သရဲနက်ကလည်း ထောက်ခံတာပေါ့။

နွားခေါင်းနဲ့ သရဲဖြူတို့ကတော့ တိတ်ဆိတ်နေကြတာ။ သူတို့ကတော့ ပိုပြီး စဉ်းစားဉာဏ်ရှိကြတော့ကာ တစ်ခုခုကိုတော့ ရိပ်မိနေပုံရတာကိုး။ နွားကျောင်းသားကတော့... "အဲ... အနည်းဆုံးတော့ ဒါက ဘယ်တော့ ပြီးမလဲဆိုတာကို သူမကို ပြောပြသင့်တယ် မဟုတ်လား" လို့ ဝင်ပြောရှာတယ်။

ယွီဟွေးဖေးက ခေါင်းခါပြလိုက်ပြီး... "ကျွန်တော်လည်း မသိဘူး။ ဒါက ဘယ်တော့ ပြီးမလဲဆိုတာက ကျွန်တော့်အပေါ်မှာ မမူတည်ပါဘူး။ သူမအပေါ်မှာပဲ မူတည်တာဗျ"

အားလုံးကတော့ မှင်တက်သွားကြပြီး၊ သူ့ကို နားမလည်နိုင်သလိုမျိုး ကြည့်နေကြတော့တာပဲ။

"ဘာကို ဆိုလိုတာလဲဗျာ" လို့ တိကျန့်က မေးလိုက်တာပေါ့။

"ကဲပါဗျာ၊ ခင်ဗျားတို့ အားလုံး ရောက်နေကြပြီဆိုတော့ကာ မနက်စာ အတူတူ စားကြတာပေါ့။ စားနေတုန်းမှာ ခင်ဗျားတို့ ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာကို ဆုံးဖြတ်ကြတာပေါ့ဗျာ..."

မနက်စာစားနေတဲ့ အချိန်မှာတော့ အားလုံးက တိတ်ဆိတ်နေကြတာဗျ၊ ယွီဟွေးဖေးရဲ့ စကားလုံးတွေရယ်၊ ဆက်ပြီး လုပ်မယ့် ကိစ္စတွေကို စဉ်းစားနေကြတာပေါ့။ အက်ဖရိုဒိုက်ဆိုရင် ပိုပြီးတော့တောင် ဆိုးသေးတာဗျ၊ သူမရဲ့ မျက်ခုံးတွေကတော့ Vပုံစံကြီး တွန့်ချိုးနေတော့ကာ... ထမင်းတစ်လုပ်တောင် ဝင်ပုံမရဘူး။

နောက်ဆုံးတော့ သူမက စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး ထရပ်လိုက်တယ်။

"ကျွန်မ...”

အားလုံးက သူမကို မော့ကြည့်လိုက်ကြတာပေါ့။ သူတို့ရဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့ အချိန်မှာတော့၊ သူမရဲ့ လျှာဖျားမှာတင် ရှိနေတဲ့ စကားလုံးတွေက ရပ်တန့်သွားပြန်ရော။

သရဲနက်က စိုးရိမ်တကြီးနဲ့ ပြောရှာတယ်... "တချွေရေ... ပြောလိုက်စမ်းပါ... ကြည့်စမ်းပါဦး၊ ခင်ဗျား လုပ်ချင်ရင်လည်း လုပ်၊ မလုပ်ချင်ရင်လည်း ရပါတယ်ဗျာ၊ ဘယ်သူမှ ခင်ဗျားကို အထင်မသေးပါဘူး။ အကယ်၍ ခင်ဗျားက ဆက်လုပ်မယ်ဆိုရင်လည်း ငါ ခင်ဗျားဘေးမှာ ဆက်ပြီး အဖော်လုပ်ပေးမှာပေါ့။ ဒါက ကိစ္စကြီးမှ မဟုတ်တာ။ ငါတို့တွေ နေရာပြောင်းပြီး စကားပြောကြတာပေါ့"

"မည်းကြီးပြောတာ မှန်တယ်" လို့ မြင်းမျက်နှာကလည်း ထောက်ခံရှာတယ်။

"ဒါက ဘာမှ မဟုတ်ပါဘူး"

"ငါတို့လည်း ခင်ဗျားကို အဖော်လုပ်ပေးပါ့မယ်" လို့ နွားခေါင်းနဲ့ သရဲဖြူတို့ကလည်း သဘောတူကြတာပေါ့။

ခွေးကြီးရှောင်ထျန်းချန်ကတော့ ဘာမှမပြောဘဲ စားနေတုန်းပဲ၊ သူကတော့ ဘယ်ဘက်ကမှ မပါဘူးလေ။ တိကျန့်ကတော့ တစ်ခုခုကို စဉ်းစားနေပုံရပြီး ဇဝေဇဝါ ဖြစ်နေလေရဲ့။ ချွေ့ကျွယ်နဲ့ ယွီဟွေးဖေးတို့ကတော့ ဘာမှမဖြစ်သလိုမျိုး ဆန်ပြုတ်ကိုပဲ အေးအေးဆေးဆေး သောက်နေကြတာပေါ့။

အက်ဖရိုဒိုက်ရဲ့ ပါးစပ်ကတော့ "မလုပ်တော့ဘူး" လို့ ပြောဖို့ ပြင်နေပေမဲ့လည်း၊ အားလုံးရဲ့ စကားတွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သူမက သွားကို တင်းတင်းကြိတ်လိုက်တယ်။

"ကျွန်မ ဆက်လုပ်ပါ့မယ်”

ယွီဟွေးဖေးက ခေါင်းညိတ်ပြလိုက်ပါတယ်... "ကောင်းပြီလေ။ အဲ့ဒါဆိုရင်လည်း ဆက်လုပ်ကြတာပေါ့"

အဖွဲ့ကြီးဟာ သုံးထပ်မြောက်ကို ပြန်တက်သွားကြတော့၊ ယွီဟွေးဖေးက ပန်းကန်တွေကို သိမ်းဆည်းနေတာပေါ့။ ကောင်းကင်ခွေးကြီးက မျက်တောင်တစ်ဖက်ကို ဖွင့်ကြည့်လိုက်ပြီး မေးတော့တာပဲ။

"ရှောင်ယွီရေ... သူတို့လည်း ထွက်သွားကြပြီဆိုတော့ကာ။ ခွေးမင်းကြီးကို ပြောစမ်းပါဦး... မင်း တကယ်တော့ ဘာတွေ တွေးနေတာလဲ"

ယွီဟွေးဖေးက ရယ်မောလိုက်ပြီး... "ခင်ဗျားက ရက်ပေါင်းများစွာ တိတ်တိတ်ဆိတ်ဆိတ် နေနေတာဆိုတော့ကာ ဂရုမစိုက်ဘူးလို့တောင် ကျွန်တော် ထင်နေတာဗျ"

"ငါက ဒါကြီးက မြန်မြန် ပြီးသွားလိမ့်မယ်လို့ ထင်ထားတာလေ" လို့ ခွေးကြီးက ပြောပြတယ်။

"ခဏလောက် အိပ်လိုက်ရင် အဖြေ ထွက်လာလိမ့်မယ်လို့ ထင်နေတာကို၊ မင်းကတော့ ဒါကြီးကို တစ်သက်လုံး ဆွဲဆန့်နေတာပဲ။ ငါလည်း အောင့်မထားနိုင်တော့ဘူး။ ပြောစမ်းပါဦး”

ယွီဟွေးဖေးက ခေါင်းခါပြလိုက်တယ်... "ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုတော့ ဖော်ထုတ်လို့ မရဘူးဗျ"

"ဟေ့... မင်းက ခွေးမင်းကြီးကို လာပြီးမာန်တက်နေတာလား။ ငါ့ရဲ့ ခွေးဦးနှောက်က အဟွတ်... ငါ့ဦးနှောက်က တအားကို စူးရှတာ။ တကယ်လို့ မင်း မပြောရင်လည်း ငါ့ဘာသာငါ အဖြေရှာပြမယ်။ ငါသာ အဖြေရှာတွေ့သွားရင်တော့ မင်းကြွားဖို့ အခွင့်အရေး မရတော့ဘူးနော်။ ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်..."

"ခင်ဗျား ပျင်းနေရင်တော့ကာ တံခါးဝမှာ သွားထိုင်နေစမ်းပါဦးဗျာ"

"အခုတလော ရွာထဲက လူတွေက တံတိုင်းကို ကျော်တက်ဖို့ ခဏခဏ ကြိုးစားနေကြလို့ဗျ၊ ငန်းတွေလည်း မနိုင်တော့ဘူးလေ"

ခွေးကြီးက မျက်စောင်းထိုးပြလိုက်ပြီး... "အဲ့ဒါက ခွေးတွေ လုပ်ရမယ့် အလုပ်လေ။ ငါက ခွေးမှ မဟုတ်တာ၊ အဲ့ဒါကြောင့် ငါ ဂရုမစိုက်ဘူးကွ" လို့ ပြောပြီး ပြန်အိပ်သွားတော့တယ်။

All Chapters