လူစုခွဲခြင်း
Vol. 17 Ch. 238
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ယွီဟွေးဖေးဟာ ပိုက်ဆံအိတ်ကြီးကို ကိုင်ပြီး ဘဏ်ထဲကနေ ကန့်လန့်ကန့်လန့်နဲ့ လမ်းလျှောက်ထွက်လာတာပေါ့။ ဘဏ်မန်နေဂျာနဲ့ ရဲအရာရှိတို့ကတော့ တကယ့်ကို အားနာနေတဲ့ မျက်နှာပေးတွေနဲ့... "ဒါက... ဒါက တကယ်ကြီး အထင်မှားသွားတာပါဗျာ" လို့ တတွတ်တွတ် ပြောနေကြရှာတာပေါ့။
ယွီဟွေးဖေးကော ဘာပြောနိုင်မှာလဲ။ သူတို့ကလည်း သူတို့အလုပ်ကို သေသေချာချာ လုပ်ကြတာဆိုတော့ကာ... မှားတယ်လို့လည်း ပြောလို့ မရဘူးလေ။ သူက နားလည်ပါတယ်လို့ ပြောပြီးတော့ သူ့အဖွဲ့ကို ဟိုတယ်ဆီ ပြန်ခေါ်လာခဲ့ရတော့တယ်။
ဟိုတယ်ရောက်လို့ အခြေချပြီးတာနဲ့ သရဲဖြူဟာ အပြေးအလွှား ရောက်လာတော့တာပဲ။
"အဖိုးကြီးဖြူရေ... ခင်ဗျားကတော့ တကယ်ကို လူစွမ်းကောင်းပဲဗျာ"
ယွီဟွေးဖေးက တကယ့်ကို အံ့သြတကြီးနဲ့ ပြောလိုက်တာပေါ့။ တစ်ရက်။ တစ်ရက်တည်းနော်... သရဲဖြူက ရုပ်သံဌာနရဲ့ ကြယ်ပွင့် အစီအစဉ်တင်ဆက်သူမလေးကို ကိုင်တွယ်နိုင်ခဲ့တာဟာ တကယ့်ကို ဒဏ္ဍာရီဆန်လွန်းလှတယ်။ အဖိုးကြီးဖြူရဲ့ မျက်နှာဟာ နီမြန်းသွားတာပေါ့။
"ဒါက... ဒါက အရက်နည်းနည်း ပိုသောက်မိသွားလို့ပါ။ ဝေဝေဝါးဝါးနဲ့ ဖြစ်သွားကြတာပါ"
ခဏလောက် ထိုင်ပြီး စကားပြောဖြစ်ကြတော့မှ ယွီဟွေးဖေးက ဇာတ်ကြောင်းကို အကုန်သိလိုက်ရတာ။ မနေ့ညက အဖိုးကြီးဖြူက ချိန်ယွဲ့ကို မောင်းထုတ်လိုက်တာလေ၊ ဒါပေမဲ့ သူမက အိမ်ပြန်ရောက်တော့ စဉ်းစားလေလေ ပိုပြီး ဒေါသထွက်လေလေ ဖြစ်နေတာပေါ့။ အဲ့ဒါနဲ့ပဲ သူမက ဟိုတယ်ကို ပြန်လာပြီး အဖိုးကြီးဖြူနဲ့ အပြတ်ရှင်းဖို့ လုပ်တာ။
သရဲဖြူကလည်း သူ့ဘာသာသူ စိတ်ဓာတ်တွေ ကျနေတာလေ။ ဟိုတယ်ပြန်ရောက်တော့ စားပွဲပေါ်မှာ အရက်ပုလင်းတွေ တွေ့တာနဲ့ ထပ်သောက်လိုက်တာ... နောက်ဆုံးတော့ ဝက်သေတစ်ကောင်လိုမျိုး အိပ်ပျော်သွားတာပေါ့။
ချိန်ယွဲ့က တံခါးကို ဘယ်လိုပဲခေါက်ခေါက် မပွင့်တာနဲ့ ယွီဟွေးဖေး လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်းပဲ သုံးလိုက်တာ။ သူမက ရှေ့ကောင်တာကို သွားပြီး... "ကျွန်မရည်းစားက အရက်တအားသောက်ထားလို့ ဖုန်းလည်း မကိုင်တော့ဘူးရှင့်။ ကျွန်မ စိုးရိမ်လို့ပါ၊ တံခါးလေး တစ်ချက်လောက် ဖွင့်ပေးလို့ ရမလားရှင်" လို့ လိမ်ပြောလိုက်ရော။
တံခါး ပွင့်သွားတော့ ချိန်ယွဲ့က အဖိုးကြီးဖြူကို ရန်တွေ့ချင်ပေမဲ့ အဲ့ဒီကောင်က ဝက်သေလို အိပ်နေတော့ သူမကို လုံးဝ ဂရုမစိုက်ဘူးလေ။ သူမက သူ့ဘေးမှာ ထိုင်ပြီး ဒီအခြေအနေကို ကြည့်ရင်းနဲ့ စက္ကန့်နဲ့အမျှ ဒေါသတွေက တက်လာပြီး နောက်ဆုံးတော့ သူမက သူ့အပေါ်ကို ခွထိုင်ပြီး အတင်းထုရိုက်တော့တာပဲ။
အဖိုးကြီးဖြူကလည်း အရက်ရှိန်က မကုန်သေးဘူးလေ။ အထုအရိုက် ခံလိုက်ရတော့ သူလည်း နိုးလာပြီး အရက်မူးမူးနဲ့တင်... ချိန်ယွဲ့ကို ကုတင်ပေါ်မှာ ဖိချပြီး ပြန်ပြီး အတုံ့အလှည့် ထုရိုက်တော့တာပေါ့... ဒါပေမဲ့ သူက အရက်ရှိန်လည်း လျော့နေသလို ခုမှ နိုးကာစဆိုတော့ကာ သူ့ရဲ့ လက်သီးချက်တွေက အားမပါလှဘူးဗျ၊ မနာပါဘူး။ နောက်ဆုံးတော့ ချိန်ယွဲ့က သူ့ကို ပြန်ပြီး ဖိထားနိုင်သွားတာပဲ။
အဲ့ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အင်္ကျီတွေ ဆွဲဖြဲ၊ အတင်းလုံးထွေးပြီး မနက်မိုးလင်းတဲ့အထိ တိုက်ပွဲဝင်ခဲ့ကြတာပေါ့။ နောက်ဆုံးမှာတော့ အဝတ်အစားတွေက စုတ်ပြတ်သတ်ကုန်ပြီး... ကျန်တာကိုတော့ ယွီဟွေးဖေး သိတဲ့အတိုင်းပါပဲ။
အကြောင်းစုံသိရချိန်မှာ ယွီဟွေးဖေးကတော့ ကြောင်တောင်တောင်ကြီး ဖြစ်သွားတာပေါ့။
"အမလေး။ ဒါဆိုရင် မနေ့ညက ကျွန်တော် ကြားခဲ့ရတဲ့ အသက်ရှူသံတွေရယ်၊ ကုတင်လှုပ်ရှားသံတွေရယ်ဆိုတာ... ခင်ဗျားတို့ နှစ်ယောက် တကယ်ကြီး ရန်ဖြစ်နေကြတာလား"
သရဲဖြူက သနားစရာကောင်းတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်...။
"မဟုတ်လို့ ခင်ဗျားက ဘာဖြစ်နေတယ်လို့ ထင်လို့လဲ"
ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ...။ ခုနက ချိန်ယွဲ့ရဲ့ မျက်လုံးညိုကွင်းတွေက ဘာဖြစ်လို့ ပိုပြီး သိသာနေရတာလဲဆိုတာ သူ အခုမှ နားလည်တော့တာ။ သူက အလင်းအမှောင်ကြောင့်လို့ ထင်ထားတာလေ၊ တကယ်တော့ ဒါက တကယ်ကြီး ညိုနေတာကိုး...။
"ကဲ... ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ" လို့ ယွီဟွေးဖေးက မေးလိုက်တယ်။
သရဲဖြူက... "ငါ့ဝတ်ရုံကတော့ တောင့်တင်းခိုင်မာလို့ အချွတ်ခံလိုက်ရပေမဲ့ မစုတ်ဘူး။ ဒါပေမဲ့ သူမရဲ့ အဝတ်အစားတွေကတော့ ငါဆွဲဖြဲလိုက်တာ အစစအနန ဖြစ်ကုန်လို့ သူမ အပြင်မထွက်ရဲဘူး ဖြစ်နေတာ။ ကြည့်စမ်းပါဦး..." လို့ ပြောရှာတယ်။
ယွီဟွေးဖေး နားလည်သွားပြီပေါ့။ "ကောင်းပြီလေ၊ ဘာမှ ထပ်မပြောနဲ့တော့။ ကျွန်တော် သွားပြီး သူမအတွက် အဝတ်အစား ဝယ်ပေးမယ်၊ ဟုတ်ပြီလား။ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်ကို တကယ်ကြီး လေးစားသွားပြီ။ လူပျို လူလွတ်၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေတာတောင်၊ အရက်တွေကလည်း မူးနေကြတာတောင်မှ... ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကြီးမှာ ခင်ဗျားတို့က တစ်ညလုံး ရန်ဖြစ်နေကြတယ်ဆိုတော့ကာ... ခင်ဗျားတို့က တကယ်ပဲ လူသားတွေကော ဟုတ်ရဲ့လားဗျာ"
ယွီဟွေးဖေးက အပြင်ထွက်ဖို့ ပြင်လိုက်ပေမဲ့ အဖိုးကြီးဖြူက... "ချိန်ယွဲ့က မင်းနဲ့ စကားပြောချင်နေတယ်"
ယွီဟွေးဖေးက ခေါင်းညိတ်ပြရင်း... "စကားပြောတာကတော့ ရပါတယ်၊ ဒါပေမဲ့... သူမက အဝတ်အစားကော ဝတ်ထားရဲ့လားဗျ"
"ပတ်ထားပါတယ်" လို့ အဖိုးကြီးဖြူက ပြောတာပေါ့။
ယွီဟွေးဖေးလည်း ခေါင်းညိတ်ပြီး ချိန်ယွဲ့ဆီကို သွားတာပေါ့။ အခန်းထဲ ရောက်တော့ သူမက ကုတင်ပေါ်မှာ စောင်ကြီးနဲ့ ပတ်ပြီး ထိုင်နေတာ တွေ့လိုက်ရတယ်၊ သူ့ကိုလည်း တကယ့်ကို သနားစရာကောင်းတဲ့ အကြည့်နဲ့ ကြည့်နေတာ။
"ကဲ... ကျွန်တော် အကုန်သိပြီဗျာ"
"ကျွန်တော် အခု အဝတ်အစား သွားဝယ်ပေးမယ်... ဒါနဲ့၊ ခင်ဗျား ဘာပြောချင်လို့လဲ"
"အဖိုးကြီးဖြူနဲ့ ကျွန်မက တကယ်ကြီး ဘာမှ မလုပ်ခဲ့ကြဘူးနော်" လို့ ချိန်ယွဲ့က ပြောရှာတော့ ယွီဟွေးဖေး ခေါင်းညိတ်ပြလိုက်လေရဲ့။
"ကျွန်တော် သိတယ်။ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်လုံးကို ယုံပါတယ်..."
ပြောသာပြောရတယ်။ ယွီဟွေးဖေးက ပွင့်နေတဲ့ အံဆွဲထဲက အဝတ်စုတ်တွေကိုကော၊ ချိန်ယွဲ့ရဲ့ လက်မောင်းမှာ ရှိနေတဲ့ ကုတ်ရာခြစ်ရာတွေကိုကော မြင်လိုက်ရတော့ကာ... စိတ်ထဲကနေ အော်ပြောချင်နေတာကတော့ 'ငါက ဘယ်လိုလုပ်ပြီး ယုံရမှာလဲ...' ဆိုပြီးတော့။ တောက်... ငါ စဉ်းစားမိတာကတော့ ယင်နတ်မင်း တစ်ယောက်ကများ လူသားကို ကိုယ်ဝန်ရအောင် လုပ်နိုင်ပါ့မလား ဆိုတာပါပဲ။ အကယ်၍ သူမသာ ကိုယ်ဝန်ရသွားရင်... ငါတို့ ဘယ်လိုလုပ်ကြမလဲ။
ယွီဟွေးဖေးက သူမကို "ယုံကြည်တယ်" လို့ ပြောလိုက်တော့မှ ချိန်ယွဲ့က စိတ်သက်သာရာ ရသွားပုံရတယ်။ သူမက သူ့ကို သနားစရာလေး ကြည့်ပြီး မေးတာက... "အဲ... ရှင် ကျွန်မရဲ့ ဆိုဒ် သိလား"
"အမလေးဗျာ... အခုက ဘယ်အချိန် ရှိနေပြီလဲ ခင်ဗျား စဉ်းစားကြည့်ဦး။ ဆိုဒ်တွေ ဘာတွေ မေ့ထားလိုက်ပါတော့။ ကျွန်တော် အားကစားဝတ်စုံပဲ ဝယ်ပေးမယ်၊ အဲ့ဒါက ပွပွချောင်ချောင်ဆိုတော့ ဘယ်လိုဝတ်ဝတ် အဆင်ပြေတယ်လေ"
သူက အနားမှာရှိတဲ့ အားကစားပစ္စည်းဆိုင်မှာ အမျိုးသမီး အားကစားဝတ်စုံ တစ်စုံ သွားဝယ်ပေးလိုက်တယ်။ အတွင်းခံဆိုင်ကို ဖြတ်သွားတဲ့အချိန်မှာတော့ သူ တော်တော်လေးကို ဇဝေဇဝါ ဖြစ်နေတာ။ သူ့နှာခေါင်းကို သူ ပွတ်လိုက်ပြီး သူ့ဖုန်းထဲမှာရှိတဲ့ လူသားပုံရိပ်တွေရယ်၊ တက္ကသိုလ်တုန်းက ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တဲ့ ဗဟုသုတတွေကို အသည်းအသန် ပြန်စဉ်းစားရတာပေါ့။ ချိန်ယွဲ့ ဝတ်လေ့ရှိတဲ့ အဝတ်အစားတွေထဲက ဖောင်းကြွမှုအဆင့်အတန်းကိုပါ တွက်ချက်ကြည့်ပြီးတဲ့နောက်မှာတော့... သူက အပြတ်ပဲ လက်လျှော့လိုက်တော့တယ်။
"ငါ့ရဲ့ တက္ကသိုလ်က ညီအစ်ကိုတွေ ပေးခဲ့တဲ့ ခက်ခဲလှတဲ့ ပညာရေးတွေကို ငါ အသုံးမချနိုင်ခဲ့ဘူးဗျို့” လို့ ယွီဟွေးဖေးက ညည်းတွားရင်း ဟိုတယ်ကို ပြန်လာခဲ့ရတာပေါ့။
ချိန်ယွဲ့က အားကစားဝတ်စုံ တစ်စုံတည်းကို ကြည့်ပြီး မျက်နှာပျက်နေပြီ။
"ရွေးမနေပါနဲ့တော့။ ကျွန်တော့်လို ယောက်ျားကြီးတစ်ယောက်က အမျိုးသမီး အဝတ်အစား သွားဝယ်ရတာ မလွယ်ဘူး။ အကယ်၍ ခင်ဗျားက အတွင်းခံပါ ထပ်ဝယ်ခိုင်းမယ်ဆိုရင်တော့ ကျွန်တော့်ကို သတ်လိုက်တာကမှ ပိုပြီး မြန်ဦးမယ်"
ချိန်ယွဲ့လည်း ဘာမှမတတ်နိုင်တော့တာနဲ့ ယွီဟွေးဖေးနဲ့ အဖိုးကြီးဖြူကို အပြင်ကို ထွက်ခိုင်းလိုက်ရတာပေါ့။
အဖိုးကြီးဖြူက နှုတ်ခမ်းမဲ့လိုက်ပြီး... "အိုက်ယား... မူနေတာကလည်း။ မမြင်ဖူးတာကျလို့"
"ထွက်သွားစမ်း” လို့ ချိန်ယွဲ့က အော်ဟစ်လိုက်တော့တယ်။
သရဲဖြူလည်း ဒေါသထွက်လာပြီး... "နင်က ရန်ထပ်ဖြစ်ချင်သေးတာလား။” လို့ ပြန်အော်တာပေါ့။
ချိန်ယွဲ့ရဲ့ မျက်နှာကတော့ ဒေါသကြောင့် နီရဲနေပြီ။ "ယုံချင်ယုံ၊ မယုံချင်နေ... နင့်ကို ငါ အသေသတ် ကိုက်ပစ်မယ်”
အဖိုးကြီးဖြူကလည်း စိတ်တိုတိုနဲ့... "လာလေ... ဒီဝတ်စုံကိုလည်း ငါ ထပ်ပြီး ဆွဲဖြဲပစ်လို့ ရတယ်ဆိုတာ မမေ့နဲ့ဦး... ခဏလေးပဲ ကြာမယ်... ငါ့ကို မဆွဲနဲ့... ဟေ့... ဟေ့... ဟေ့..."
နောက်ဆုံးတော့ ယွီဟွေးဖေးက အဖိုးကြီးဖြူကို အပြင်ကို အတင်းဆွဲခေါ်သွားရတာပေါ့။ အပြင်ရောက်တော့ သူက တိုးတိုးလေး ဆဲလိုက်တယ်။
"ခင်ဗျားမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် EQလုံးဝ မရှိဘူးလား။ မိန်းကလေးတစ်ယောက်ကို အဲ့ဒီလိုမျိုး ပြောရမလား"
သရဲဖြူက သက်ပြင်းချလိုက်ပြီး... "ငါဘာမှ နားမလည်ဘူးလို့ မင်းထင်နေတာလား..." လို့ ပြန်မေးလိုက်တော့ ယွီဟွေးဖေး ကြောင်သွားရော။
"ဒါဆိုရင် ဘာလို့လဲဗျ"
အဖိုးကြီးဖြူက... "ငါ့ရဲ့ နေ့ရက်တွေက ရေတွက်လို့ ရနေပြီ။ အကယ်၍ အခု သူမနဲ့ တွဲလိုက်ရင် နောက်ကျရင် ဘာလုပ်မလဲ။ အဲ့ဒါက သူမကို နာကျင်အောင် လုပ်တာ မဟုတ်ဘူးလား။ အဲ့ဒီအစား ငါ့ကို လူကြမ်းကြီးလို့ပဲ ထင်သွားအောင် လုပ်လိုက်တာက ပိုကောင်းတယ်။ သူမ ငါ့ကို ဘလော့လိုက်ပြီး သူစိမ်းတွေ ဖြစ်သွားတာက သူမအတွက် ပိုပြီး ကောင်းပါတယ်..."
သူက ဆက်ပြောလိုက်တာက... "နောက်ကျရင် ငါအထဲကို ထပ်ပြီး ဝင်တိုက်မယ့် ပုံစံမျိုး လုပ်ရင် မင်းက ငါ့ကို အတင်းဆွဲထားပေးနော်၊ ဟုတ်ပြီလား။ မဟုတ်ရင် အထဲဝင်သွားပြီး တကယ်ကြီး မတိုက်ရင် အနေခက်စရာကြီး ဖြစ်နေဦးမယ်"
ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ။ အဖိုးကြီးဖြူက တကယ်တော့ မြင်းမျက်နှာနဲ့ မတူဘူး၊ သူက ကြည့်ရတာ ငတုံးလိုလို ဘာလိုလိုနဲ့ တကယ်တော့ တော်တော်လေးကို ဉာဏ်ကောင်းတာ။ အနည်းဆုံးတော့ EQ ပိုင်းမှာတော့ ယွီဟွေးဖေးထက် အများကြီး သာတယ်။ မဟုတ်ရင် တစ်ညတည်းနဲ့ ချိန်ယွဲ့ကို သူ့အခန်းထဲ ရောက်အောင် ခေါ်နိုင်ပါ့မလား၊ ပြီးတော့ ဒီလောက်အထိ အရိုက်ခံရတာတောင်မှ သူမက ရဲမတိုင်ခဲ့ဘူးလေ။
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ယွီဟွေးဖေးဟာ တကယ်ကို စိတ်ပျက်မိသွားတာပေါ့...။
ခဏကြာတော့ တံခါး ပွင့်လာတယ်။ ယွီဟွေးဖေး အံ့သြသွားတာကတော့ ချိန်ယွဲ့က အဖိုးကြီးဖြူကို တစ်ချက်ကြည့်ပြီး... "အသုံးမကျတဲ့ကောင်” လို့ ဆဲပြီး ယွီဟွေးဖေးကို ကျေးဇူးတင်ကာ ထွက်သွားတာကိုပါပဲ။
ယွီဟွေးဖေးက လှမ်းအော်တယ်... "အဲ... နေ့လည်စာ အတူတူ စားကြမလား။ နည်းနည်းလောက်... ထားလိုက်ပါတော့၊ နေ့လည်စာပဲ စားကြရအောင်"
"မရဘူးရှင်၊ ကျွန်မ နေ့လည်မှာ အစည်းအဝေး ရှိတယ်။ မနေ့က အလုပ်တွေက ပုံနေပြီလေ။ သွားပြီ" လို့ ပြောပြီး ချိန်ယွဲ့က အဖိုးကြီးဖြူကို မျက်စောင်းကြီး ထိုးပြီး ထွက်သွားတာပေါ့။
သရဲဖြူက အော်တယ်... "ဟေ့... ငါ့ကို မျက်စောင်းထိုးနေတုန်းလား။ ယုံချင်ယုံ၊ မယုံချင်နေ... ငါ... ငါ့ကို မဆွဲနဲ့... ငါ့ကို မဆွဲနဲ့”
သူကတော့ အားရပါးရ အော်နေပေမဲ့ ယွီဟွေးဖေးကတော့ သူ့ကို လုံးဝ လက်ဖျားနဲ့တောင် မထိဘူး။ အဖိုးကြီးဖြူခမျာမှာတော့ အရှက်မကွဲအောင် သူ့ဘာသာသူ နောက်ပြန်လက်လှမ်းပြီး ယွီဟွေးဖေးရဲ့ အင်္ကျီကို ဆွဲကိုင်လို့ အော်ဟစ်နေရရှာတယ်။
ယွီဟွေးဖေးက... "ကဲပါဗျာ၊ သရုပ်ဆောင်မနေပါနဲ့တော့"
အဖိုးကြီးဖြူက နားမလည်သလို မေးတယ်... "ငါ သရုပ်ဆောင်တာ မကောင်းလို့လား။ ကြည့်ရတာ တော်တော်လေး ကြမ်းတယ်လို့ ငါထင်နေတာ"
"ခင်ဗျား မရိပ်မိဘူးလား။ ခုနက ခင်ဗျား ကျွန်တော့်ကို ပြောခဲ့တဲ့ စကားတွေကို သူအကုန်ကြားသွားတာ။ အခု ခင်ဗျား သူ့ကို အတင်းသွားတိုက်ရင်တောင်မှ သူယုံတော့မှာ မဟုတ်ဘူး..."
"မဖြစ်နိုင်တာ” လို့ အဖိုးကြီးဖြူက ညည်းတွားလိုက်ရှာတယ်။
"ကဲပါ... သူမက ခင်ဗျားရဲ့ နေ့ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာ သိသွားပြီဆိုတော့ကာ သူမလည်း လက်လျှော့သွားမှာပါ"
အဖိုးကြီးဖြူက... "အကယ်၍ သူမက လက်မလျှော့ဘူးဆိုရင်ကောဗျ" လို့ မေးပြန်ရော။
ယွီဟွေးဖေးက ရယ်လိုက်ပြီး... "ခင်ဗျားကတော့ ကိုယ့်ကိုယ်ကိုယ် တအား အထင်ကြီးနေတာပဲဗျာ" လို့ ပြောလိုက်တာပေါ့။
တုံ...
ယွီဟွေးဖေးရဲ့ ဖုန်းက တုန်ခါသွားတယ်။ သူ ငုံ့ကြည့်လိုက်တော့ ချိန်ယွဲ့ဆီက စာတစ်စောင် ရောက်လာတာပဲ...။
"ဟို အရူးကို ပြောလိုက်ပါ၊ ကျွန်မ အားတဲ့တစ်နေ့ကျရင် သူနဲ့ အရက်သောက်ပြိုင်ဖို့ လာခဲ့မယ်လို့။ အဲ့ဒီအချိန်ကျရင်တော့ သူ့ကို ကျွန်မ တကယ်ကြီး အစစအနန ဖြစ်အောင် ဆွဲဖြဲပစ်မယ်”
ယွီဟွေးဖေးက အဖိုးကြီးဖြူကို ကြည့်လိုက်တော့ သူက တဖြီးဖြီးနဲ့ ခေါင်းကို မော့ပြီး... "အင်း... ရုပ်ဖြောင့်တဲ့သူတွေမှာတော့ ဒီလိုမျိုး ကံဆိုးမိုးမှောင်ကျတဲ့ ဆက်ဆံရေးတွေ ရှိတတ်တာ သဘာဝပါပဲ။ တချို့လူတွေလို မဟုတ်ဘူး... လက်ထဲကို အသားတစ် ရောက်လာတာတောင်မှ အလွတ်ပေးလိုက်ရတဲ့သူတွေမျိုးပေါ့" လို့ ပြောလိုက်တာပေါ့။
ယွီဟွေးဖေးက သူ့ကို တစ်ချက် ကန်လိုက်တယ်... "လစ်စမ်းပါဗျာ”
ယွီဟွေးဖေးခမျာမှာတော့ လူပျိုကြီးတစ်ယောက်အနေနဲ့ တကယ်ကို စိတ်ပျက်နေတာ။ သူက လူသားစစ်စစ်၊ လူ့အဖွဲ့အစည်းရဲ့ စံပြလူငယ်၊ ပြီးတော့ ရုပ်ရည်ကလည်း မဆိုးတဲ့သူလေ။ ဒါပေမဲ့ မိန်းကလေးတွေ အများကြီး သူ့ဘေးက ဖြတ်သွားပေမဲ့ လျှာကြီးထုတ်ထားတဲ့ သရဲဖြူကသာ မိန်းကလေးတစ်ယောက်ကို ရသွားတာ။ သူကတော့ လူပျိုကြီး ဘဝက မကျွတ်သေးဘူးလေ... ဒါက တကယ့်ကို... စိတ်ပျက်စရာကြီး။
"ရှင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ"
စုန့်ချင်းက ထွက်လာရင်းနဲ့ စိတ်ပျက်နေတဲ့ ယွီဟွေးဖေးကို ကြည့်ပြီး မေးရှာတာပေါ့။ ယွီဟွေးဖေး သက်ပြင်းချလိုက်ပြီး သူမကို တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်တယ်။
"မြေးမလေးရေ... အမှန်အတိုင်း ပြောစမ်းပါ။ နင့်ရဲ့ အဖိုးလေးက ရုပ်ဖြောင့်ရဲ့လား"
စုန့်ချင်း ကြောင်သွားပြီးမှ ရယ်မောလိုက်တာပေါ့။
"ဘာ... ဘာတွေ ဖြစ်လာပြန်တာလဲရှင်"
"ဘာဖြစ်တာလဲဆိုတာ ဂရုမစိုက်နဲ့ဦး။ အဖိုးလေးက ရုပ်ဖြောင့်လား၊ မဖြောင့်လားပဲ ပြောစမ်းပါ"
စုန့်ချင်းက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ယွီဟွေးဖေးရဲ့ မျက်နှာကို အနီးကပ် လာကြည့်တာပေါ့။ ပြီးတော့ သူမက ရယ်ကျဲကျဲနဲ့... "အင်း... သေသေချာချာ ကြည့်ပါရစေဦး..." လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးကတော့ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတာပေါ့။
"ရှင့်မှာ ဝက်ခြံလေးတွေ ရှိနေသေးတယ်နော်..."
"@#%……"
သူ့မျက်နှာ မှောင်သွားတာ မြင်တော့ စုန့်ချင်းက ပြုံးလိုက်ပြီး... "ကဲပါ၊ ရှင်က တော်တော်လေးကို ရုပ်ဖြောင့်ပါတယ်၊ ဟုတ်ပြီလား" လို့ ပြောလိုက်တာပေါ့။
"တကယ့်ကို ငါ့မြေးမလေးပဲ၊ မျက်စိကတော့ စူးရှလှချည်လား။ သွားကြစို့၊ အိမ်ပြန်ဖို့ အချိန်တန်ပြီ..."
"ကျွန်မက ရှင့်နဲ့အတူ အိမ်ပြန်မှာ မဟုတ်ဘူးရှင်။ အိမ်မှာ ကိစ္စတွေ ရှိနေလို့ ဒီနေ့ နေ့လည်မှာပဲ ထွက်သွားရတော့မယ်"
ယွီဟွေးဖေး ကြောင်သွားတာပေါ့။ "ဒီလောက်တောင် စောစောကြီးလားဗျ"
စုန့်ချင်းက ခေါင်းညိတ်ပြတယ်။
"ကောင်းပြီလေ"
"ကျွန်တော်တို့ ခင်ဗျားကို အရင် ပို့ပေးပြီးမှ ပြန်ကြတာပေါ့"
စုန့်ချင်းက ပြုံးပြလိုက်တာ... တကယ့်ကို ပျော်ရွှင်နေတဲ့ အပြုံးလေးပေါ့။ နေ့လည်စာ စားနေတုန်းမှာ ချန်ယိုတောက်ဆီက ဖုန်းလာတယ်။
"အစ်ကိုကြီး... ဘာကိစ္စရှိလို့လဲဗျ"
"ညီလေးရေ... ငါ့မှာတော့ ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူး။ ငါ့ကို ကူညီပြီး ရှင်းပြပေးပါဦး။ ငါ မနေ့က တောင်ကိုရီးယားကောင်တွေကို ရိုက်တုန်းက သူတို့မှာ နှုတ်ခမ်းနီရာတွေ ပါနေတာ ဟုတ်တယ် မဟုတ်လား။ တောက်... ငါ့အင်္ကျီမှာလည်း နှုတ်ခမ်းနီရာတွေ ပါသွားလို့ မင်းမရီးက ငါ့ကို တစ်ညလုံး ရိုက်နေတာ"
"နေဦး... သေသေချာချာ ပြောစမ်းပါဦး။ ခင်ဗျားရဲ့ အသက်ရှူသံက ဘာလို့ မမှန်ဖြစ်နေရတာလဲဗျ"
ချန်ယိုတောက်က ညည်းတွားလိုက်တယ်... "မင်းလည်း နပန်းလုံးခံနေရတဲ့ အချိန်မှာ အသက်ရှူသံ မှန်အောင် ကြိုးစားကြည့်ပါလားဗျာ... အိုက်ယား... မိန်းမရေ... ငါ့လက်မောင်းကြီး... နာတယ်၊ နာတယ်၊ နာတယ်...”
ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ။ တကယ်ပါပဲ... ကြမ်းလွန်းတဲ့ မိန်းမကိုတော့ မယူသင့်ဘူး။ သာမန်မိန်းမဆိုရင်တော့ ခင်ဗျားကို ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ဒါမှမဟုတ် ဒူးရင်းသီးပေါ်မှာ ဒူးထောက်ခိုင်းရုံလောက်ပဲ ရှိမှာပေါ့၊ ကြမ်းတဲ့မိန်းမကျတော့ အဲ့ဒီ ကီးဘုတ် ဒါမှမဟုတ် ဒူးရင်းသီးနဲ့တင် ခင်ဗျားခေါင်းကို ရိုက်ခွဲပစ်မှာ ကျိန်းသေတယ်လေ...။
ယွီဟွေးဖေးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး... "မရီးခင်ဗျာ... ကျွန်တော့်စကား ကြားရလားဗျ"
"ကြားတယ်၊ ပြောစမ်း" လို့ ချန်ယိုတောက်ရဲ့ မိန်းမက ပြန်အော်တာပေါ့။
ယွီဟွေးဖေးက... "မနေ့က အရူးတစ်သိုက်က လာပြီး ပြဿနာရှာတာ တကယ်ပါ။ အဲ့ဒီကောင်တွေက ဘယ်ကနေ ဘယ်လို ဖြစ်လာလဲတော့ မသိဘူး၊ တစ်ကိုယ်လုံးမှာ နှုတ်ခမ်းနီရာတွေနဲ့ ဒေါက်မြင့်ဖိနပ်ရာတွေ ပြည့်နေတာ။ မယုံရင် အခု ဆေးရုံကို သွားကြည့်လိုက်ပါ၊ အဲ့ဒီအဖွဲ့ကို မြင်ရပါလိမ့်မယ်" လို့ ရှင်းပြလိုက်တာပေါ့။
"တကယ်လား"
"မရီးရေ... သံသယမဝင်ပါနဲ့ဦးဗျာ... ဪ... နောက်ပြီး မနေ့က အဲ့ဒီမှာ သတင်းထောက်တွေလည်း ရှိတယ်။ သတင်းတွေကို ကြည့်လိုက်ပါ၊ အခင်းဖြစ်ပွားရာ ဓာတ်ပုံတွေတောင် တွေ့ရလိမ့်မယ်။ နှုတ်ခမ်းနီရာတွေကို အများကြီး မြင်ရမှာပါဗျာ"
ဒါကို ကြားတော့မှ ချန်ယိုတောက်ရဲ့ မိန်းမက... "ကောင်းပြီလေ၊ ငါ သွားကြည့်လိုက်မယ်။ မလှုပ်နဲ့ဦး... နင် ထပ်ပြီး လှုပ်ရင်တော့ ရှင့်ရဲ့ တတိယခြေထောက်ကို ငါ ရိုက်ကျိုးပစ်မယ်” လို့ ဟောက်လိုက်တော့တယ်။
"မလုပ်ပါနဲ့ဗျာ... အဲ့ဒါက ငါတို့ တစ်သက်လုံးအတွက် ပျော်ရွှင်မှုပဲလေ”
"သွားစမ်းပါ... အရှက်မရှိတဲ့ကောင်...”
ဖုန်းကျသွားချိန် စုန့်ချင်းက စပ်စုချင်တာနဲ့ မေးတယ်...။
"ချန်အစ်ကိုကြီးက ဘာပြောတာလဲရှင်"
ယွီဟွေးဖေးက... "အဲ... သူက... သူက ခင်ဗျားကို ဘေးကင်းကင်းနဲ့ ခရီးရောက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်ဗျ" လို့ လိမ်လိုက်ရတာပေါ့။
စုန့်ချင်းကလည်း ခေါင်းလေး ညိတ်ပြရှာတာပေါ့...။ နေ့လည်စာ စားပြီးတော့ ယွီဟွေးဖေးက ခုနစ်ယောက်စီး ဗန်ကားတစ်စီးကို ငှားပြီး စုန့်ချင်းကို လေဆိပ်ကို ပို့ပေးတော့တာပဲ။ ကားပေါ်မှာ ထိုင်နေရင်း စုန့်ချင်းက ယွီဟွေးဖေးကို ခဏခဏ လှည့်ကြည့်နေတာ။
ယွီဟွေးဖေးက သူမရဲ့ အကြည့်ကြောင့် နေမထိထိုင်မသာ ဖြစ်လာပြီး... "ဘာကြည့်နေတာလဲ။ ကျွန်တော့်မှာ နှုတ်ခမ်းနီရာတွေ မပါပါဘူး"
စုန့်ချင်းက ပြုံးလိုက်ပြီး... "ကျွန်မ စဉ်းစားနေတာကလေ... ရှင် ဘာဖြစ်လို့ စရိုက်တွေ ပြောင်းသွားတာလဲလို့။ ရှင်က တကယ်ကြီး ကားငှားစီးဖို့ ဝန်မလေးတော့တာလား"
"အဲ့ဒါက... အဓိကကတော့ ကျွန်တော့်ရဲ့ အဖိုးကြီး မင်းသမီးလေးကို နောက်ဆုံးတော့ ပို့ပေးနိုင်တော့မယ်ဆိုတော့ကာ ကျွန်တော် တအားပျော်နေလို့ပါဗျ... ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကိုတော့ ရွှေတစ်ထောင်ပေးရင်တောင် မလဲနိုင်ဘူးဗျာ၊ ဒီနေ့တော့ ကျွန်တော် တကယ်ကို ပျော်နေတာပါ"
"သွားစမ်းပါ”
စုန့်ချင်းက စိတ်တိုတိုနဲ့ ပြောလိုက်ပေမဲ့ မျက်နှာလေးကတော့ ပြုံးနေတာပေါ့။
လေဆိပ်ရောက်လို့ စုန့်ချင်း အထဲကို ဝင်သွားတာကို ကြည့်ပြီးတဲ့နောက်မှာတော့ ယွီဟွေးဖေးက သူ့လူတွေကို ခေါ်ပြီး ကားပေါ်ကို ပြန်တက်လိုက်တာပေါ့။
"ဘယ်ကို သွားမှာလဲ ဆရာ" လို့ ဒရိုင်ဘာက မေးတယ်။
ယွီဟွေးဖေးက... "ရှီးလင်းကို သွားမယ်။ မီတာအတိုင်းပဲ ကြည့်မောင်းလိုက်တော့"
"ရတာပေါ့ဗျာ” လို့ ပြောပြီး ဒရိုင်ဘာက အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားတော့တယ်။
လေဆိပ်ထဲမှာတော့ စုန့်ချင်းက လှည့်ကြည့်လိုက်ပြီး ဒီမြင်ကွင်းကို မြင်သွားချိန် သူမက တိုးတိုးလေး ညည်းတွားလိုက်တော့တာပဲ။
"တကယ်ပဲ... နည်းနည်းလေးတောင်မှ တွန့်ဆုတ်မနေဘူးလား" ဆိုပြီးမှ သူမက သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားတော့တယ်။
ကားပေါ်မှာ ချွေ့ကျွယ်က ယွီဟွေးဖေးကို "ဟို မိန်းကလေး စုန့်ချင်းက တော်တော်လေး ကောင်းတယ်။ မင်း သူ့ကို လိုက်ဖို့ မစဉ်းစားဘူးလား" လို့ မေးတာပေါ့။
ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်နဲ့ပဲ... "မလျှောက်ပြောပါနဲ့။ အဲ့ဒါ ကျွန်တော့် မြေးမလေးလေ" လို့ ပြန်ပြောလိုက်တယ်။
ချွေ့ကျွယ်က ရယ်လိုက်ပြီး... "နောက်မနေပါနဲ့၊ အဲ့ဒါက ဘယ်ကလာတဲ့ အဆင့်အတန်းလဲ။ ငါ အတည်ပြောတာပါ၊ တကယ်ကြီး မစဉ်းစားဘူးလား။ မျိုးရိုးဗီဇအရဆိုရင်တော့ သူက မင်းတို့ မိသားစုရဲ့... ရုပ်ရည် သာမန်ဖြစ်နေတာကို ပြုပြင်ပေးနိုင်မှာပါ"
ယွီဟွေးဖေးက မျက်နှာပျက်ပျက်နဲ့... "အဖိုးကြီး ချွေ့ရေ... ခင်ဗျားလည်း လူဆိုးလေး ဖြစ်လာပြီပဲ"
ချွေ့ကျွယ်ကတော့ ရယ်နေတာပေါ့...။
တိကျန့်က ဝင်ပြောတယ်... "ကျွန်တော် ထင်တာကတော့ ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်။ သူက လူပျိုကြီး ဘဝနဲ့တင် အဆင်ပြေတယ်။ ကျွန်တော်တို့ရဲ့ ပျက်စီးနေတဲ့ အိမ်ကြီးထဲမှာ မိန်းမတစ်ယောက် လာနေရင်တော့ မကောင်းပါဘူးဗျာ"
နွားကျောင်းသားက လက်ဝါးရိုက်လိုက်ပြီး... "ကောင်းလိုက်တဲ့ စကား” လို့ ထောက်ခံတာပေါ့။
"မင်းအစ်မကို ကောင်းတာလား” လို့ ယွီဟွေးဖေးက အဲ့ဒီ မိန်းမ မကြိုက်တဲ့ ညီအစ်ကို နှစ်ယောက်ကို မျက်စောင်းထိုးလိုက်တာပေါ့။
သရဲဖြူက... "ရှောင်ယွီရေ... မင်းက သူ့ကို မနိုင်မှာ ကြောက်နေတာ မဟုတ်လား။ ငါ ကြားတာကတော့ သူက ငယ်ငယ်လေးကတည်းက နပန်းပညာကို လေ့လာခဲ့တာဆိုတော့ကာ တအားကြမ်းတယ်ဆိုပဲ" လို့ ပြောလိုက်ပြန်ရော။
ယွီဟွေးဖေးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး မျက်နှာလေးကတော့ နည်းနည်းလေး နီလာတာပေါ့။
"ဘယ်... ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်နိုင်မှာလဲဗျာ"
ချွေ့ကျွယ်က သူ့ကို သံသယနဲ့ ကြည့်ပြီး... "တကယ်ကြီး သူ့ကို မနိုင်မှာ ကြောက်နေတာလား" လို့ ထပ်မေးတာပေါ့။
"ခင်ဗျားတို့ ဒီနေ့ ဘာလို့ ဒီလောက်အထိ အားနေကြတာလဲ။ ဒီလောက် ခွန်အားတွေ ပိုနေရင် အိမ်ပြန်ရောက်ရင် သင်္ချိုင်းမှာ သွားပြီး တံမြက်စည်း လှည်းကြစမ်းပါ။ ကျွန်တော် အိပ်တော့မယ်... အိမ်ပြန်ရောက်ရင် ပိုက်ဆံတွေ ခွဲပေးရဦးမှာလေ..."
ပြောပြောဆိုဆိုနဲ့ ယွီဟွေးဖေးက ဘေးကို စောင်းပြီး အိပ်ပျော်ချင်ယောင် ဆောင်နေတော့တယ်။