← Chapters

ကြီးလေးလှပါသော ပြစ်ဒဏ်

Vol. 91 Ch. 1269

ကြီးလေးလှပါသော ပြစ်ဒဏ်

Vol. 91 Ch. 1269

လှိုင်းဂယက်များသည် မန်ဟို့ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံရင်း ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်သွား၏။

ထိုလှိုင်းဂယက်များတွင် တာအိုများပါရှိလေရာ ၎င်းတို့ ဖြာထွက်နေစဉ် လူအပေါင်းသည် သက်ရှိသတ္တဝါများ သူတို့၏နားအနားကပ်၍ ခပ်တိုးတိုးပြောနေသကဲ့သို့ ခံစားလိုက်ကြရလေသည်။

မန်မျိုးနွယ်ခေါင်းဆောင်ကြီးငါဦးက လှိုင်းဂယက်အားလုံး၏ မူလဇစ်မြစ်ဖြစ်သော... ကြယ်တာရာကောင်းကင်အား မော့ကြည့်ကာ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်သည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသလို၊ မန်မျိုးနွယ်စု၏ ပင်မကုန်းမြေနှင့် အရန်ကုန်းမြေများအပေါ်တွင်လည်း ထိုနည်းတူပင်။ ကြားနေရသည့် တစ်ခုတည်းသောအသံမှာတော့ ပရိသတ်ကြီး၏ အမောတကော အသက်ရှူသံများသာ ဖြစ်ချေသည်။

သွေးဆက်ကိုးဆက်၏ အဖွဲ့ဝင်များမှာလည်း ကျင့်ကြံခြင်းအဆင့်မည်မျှပင် ဖြစ်စေ လှိုင်းဂယက်များ မြေပြင်များတစ်လျှောက် ပျံ့နှံ့လာပြီး ကြယ်တာရာကောင်းကင်မှ ကြောက်မက်ဖွယ်ဖိအား သက်ရောက်လာနေသည်ကို ခံစားနေရလေသည်။

ဝုန်း ဝုန်း ဝုန်း

မြေပြင်များက တိတ်ဆိတ်မှုကို ဖြိုခွင်းရင်း တဝုန်းဝုန်း တုန်ရီလာပြီး တောင်များ ပြိုကျလာကာ မြစ်များလည်း ရုတ်တရက် ရပ်တန့်သွားသည်။

မန်မျိုးနွယ်စုအတွင်းရှိ လူတိုင်း မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီးနောက် သူတို့စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။

“အဲ့ဒါက ...”

“ဘာဖြစ်သွားတာလဲ”

“ဘာတွေဖြစ်နေတာလဲ။ ကြောက်စရာဖိအားကြီးတစ်ခုကို ငါ ခံစားနေရတယ်... ကောင်းကင်ဘုံကလာတဲ့ ပြစ်ဒဏ်ကြီးအတိုင်းပဲ”

ဘွားဘွားမန်က မော့ကြည့်နေရင်း မျက်လုံးများ ဝိုင်းစက်သွားသည်။ ဘာဖြစ်နေသလဲ သူမ ရိပ်စားမိလိုက်သည်။ သူမသာ မဟုတ်။ မျိုးနွယ်စုရှိ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအားလုံး အံ့ဩမှင်သက်ကုန်ကြသည်။

အထူးသဖြင့် မန်ဟို့ကြောင့် ဤအရာအားလုံး ဖြစ်ပျက်နေသည်ကို သူတို့သဘောပေါက်လိုက်သည့်အခါ၌ပင်။ ထို့နောက် သူတို့၏အံ့ဩတုန်လှုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။

“မဖြစ်နိုင်ဘူး”

“ရှေးဟောင်းနယ်ပယ်ရဲ့တံခါးလား။ ဒီအရှိန်အဝါနဲ့ ဖိအားက ရှေးဟောင်းနယ်ပယ်တံခါး လာနေပြီလို့ အဓိပ္ပါယ်ရတယ်”

“မဖြစ်နိုင်တာ။ အဲဒါ ရှေးဟောင်းနယ်ပယ်တံခါးမဟုတ်ဘူး။ ဖိအားက အဲဒီထက် အများကြီး ကြီးမားတယ်။ တကယ်ကြီး ရှေးဟောင်းနယ်ပယ်သာဆိုရင် ... သာမန်ရှေးဟောင်းနယ်ပယ်တံခါးထက် အဆထောင်များစွာ ကြီးမားတာပဲ”

“အဲ့ဒါတွေတစ်ခုမှ အဲဒီလောက်အရေးမကြီးဘူး။ အရေးအကြီးဆုံးက .... ဒီရှေးဟောင်းနယ်ပယ်တံခါးက မန်ချိန်အတွက် လာနေတယ်ဆိုတာပဲ။ ဒါဆို ... သူ့ကျင့်ကြံခြင်းအခြေခံက ... အင်မော်တယ်နယ်ပယ်မှာလား” လူများမှာ သူတို့၏ဦးနှောက်များ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ကြရသည်။

ကြယ်တာရာကောင်းကင်ထက်ရှိ ခေါင်းဆောင်ကြီးငါးဦးမှာတော့ သွေးတိုးကုန်ကြလေပြီ။ နောက်ဆုံးတော့ ဧရာမတံခါးကြီးတစ်ချပ်၏ ကောက်ကြောင်း မြင်သာလာသည်။ ရှေးဆန်သောအရှိန်အဝါတစ်ခုသည် စတင်ဖြာထွက်လာစဉ် လုံးလုံးလျားလျား အံ့ဩမယုံနိုင်ဖြစ်နေသော အမူအရာများက ခေါင်းဆောင်ကြီးငါးဦး၏မျက်နှာများအပေါ်တွင် ပေါ်လာ၏။

“ရှေးဟောင်းနယ်ပယ်တံခါး။ တကယ်ပဲ ... ရှေးဟောင်းနယ်ပယ်တံခါးဟ”

“သူက ... အင်မော်တယ်နယ်ပယ်အဆင့်မှာပဲ။ ဒါပေမဲ့ တာအိုနယ်ပယ်ကို တိုက်ခိုက်နိုင်လောက်အောင် သန်မာတဲ့ အင်မော်တယ်အကြောင်း တစ်ခါမှ မကြားခဲ့ဖူးပါဘူး”

“နေဦး အဲဒီလိုအင်မော်တယ်အမျိုးအစားတစ်မျိုးကို ... ငါ ကြားဖူးတယ်"

“လောကပါလတာအိုအင်မော်တယ်” ခေါင်းဆောင်ကြီးငါးဦး၏ စိတ်များ ချာချာလည်နေပြီး သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည့်အခါ တစ်ယောက် မည်မျှဆွံ့အနေသလဲ တစ်ယောက်ပြောနိုင်သွားသည်။

ဤအခိုက်အတန့်တွင် မန်မျိုးနွယ်ဝင်တစ်ယောက်တစ်ဦးချင်းစီတိုင်း ထိုနည်းတူ ဆွံ့အနေကြသည်။ ၎င်းက အမှန်တကယ်ပင် ရှေးဟောင်းနယ်ပယ်တံခါးဖြစ်ကြောင်း ခံစားလိုက်ရပြီးနောက်တွင် သူတို့၏နှလုံးသားထဲ၌ အံ့ဩခြင်းလှိုင်းတံပိုးများ အလိပ်လိပ်ထကြွလာပြီး သူတို့မှာ သွေးလေချောက်ချားနေသလိုပင် ခံစားလာကြရသည်။

မန်ဟိုက ဖြာထွက်နေသော လှိုင်းဂယက်များနှင့် အဆုံးမဲ့အာကာပြင်ကျယ်ကြီးကို မော့ကြည့်ရင်း ကြယ်တာရာကောင်းကင်ထဲတွင် တစ်ယောက်တည်း ရပ်နေသည်။ မကြာမီ တံခါး၏ကောက်ကြောင်းသည် ... ရှေးဟောင်းနယ်ပယ်တံခါးကို ဖော်ဆောင်လိုက်၏။

မန်ဟို၏ ရှေးဟောင်းနယ်ပယ်တံခါး

တာအိုသစ်သီးစွမ်းအားကို စုစည်း၍ ထိုတံခါးကို တွန်းဖွင့်ခြင်းအားဖြင့် သူသည် တောင်ပင်လယ်များ၏ ချီးမြှောက်မှုနှင့် အသိအမှတ်ပြုမှုကို ရရှိကာ ရှေးခေတ်ဟောင်းသို့ ပြန်ရောက်သွားလိမ့်မည် .... ဝိညာဉ်မီးအိမ်များ ငြိမ်းနေသော်လည်း ကျင့်ကြံသူများ အသက်မသေဆုံးသည့် ထိုရှေးဟောင်းလမ်းကို သူ ရှာဖွေရမည်။ ထို့နောက်... ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦး ဖြစ်လာမည်။

“ငါ့ရဲ့ ရှေးဟောင်းနယ်ပယ်တံခါး” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။ မန်ဟို့မျက်လုံးများသည် လင်းလက်တောက်ပလာပြီး သူ စကားပြောလိုက်သည့်အချိန်မှာပင် မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည့် အစွမ်းတို့ပြည့်နှက်နေသည့် ခပ်အုပ်အုပ်မိုးခြိမ်းသံကဲ့သို့ အသံတစ်သံအား ကြားလိုက်ရသည်။

ထစ်ချုန်းသံကြီး ဟိန်းထွက်နေစဉ် လှိုင်းဂယက်များစွာ စီးဖြာထွက်သွားပြီး ရှေးဟောင်းနယ်ပယ်တံခါးသည် ကြီးသထက် ကြီးလာသည်... နောက်ဆုံးတွင် တိမ်တိုက်များသည် အရာအားလုံးကို လွှမ်းခြုံအုပ်မိုးရင်း ကြယ်တာရာကောင်းကင်၌ ပေါ်လာခဲ့လေပြီ။

အံ့ဩဖွယ်ကောင်းစွာနှင့် အံ့မခန်းလိလိအရှိန်အဝါများကို ထုတ်လွှတ်လျက် ရှေးခေတ်အဝတ်အစားများကို ဝတ်ဆင်ထားသည့် အရိပ်များကို ထိုတိမ်တိုက်များအတွင်း၌ မြင်ရနိုင်သည်။

မသဲမကွဲအသံများသည်လည်း တိမ်တိုက်များအတွင်းမှ ပျံ့လွင့်လာနေပြီး ကောင်းကင်ဘုံများ ဟစ်ကြွေးနေသံပေါက်သည့်တိုင်အောင် ကျယ်လောင်စွာ မြည်ဟည်းလာသည်။ လှိုင်းဂယက်များလည်း ပိုမိုသိပ်သည်းလာသည့်အပြင် တိမ်တိုက်များသည် ရှေးဟောင်းနယ်ပယ်တံခါးတစ်ချပ်လုံးကို လွှမ်းခြုံရင်း ၎င်းအား ပို၍ရှေးကျခန့်ထည်သွားစေ၏။

မကြာမီ ရှေးဟောင်းနယ်ပယ်တံခါး၏ ပတ်ပတ်လည်ဧရိယာတွင် ကွက်၍ အချိန်စီးဆင်းမှု ခြားနားသွားသည့်လား၊ ထိုဧရိယာမှာ တခြားကမ္ဘာသဖွယ် ဖြစ်လာသည့်အလား တွန့်လိမ်ရှုံ့တွလာသည်။

ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုသည် ဝုန်းခနဲ ပေါ်ထွက်လာ၏။ မန်ဟို့မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူက စဉ်းပင်မစဉ်းစားမိဘဲ အနည်းငယ်နောက်ဆုတ်လိုက်သည်။

သူ၏ဆံပင်များ တလွင့်လွင့် ဝဲပျံနေပြီး သူ၏ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ မိုးကောင်းကင်နှင့်မြေကြီးမှ ကြောက်မက်ဖွယ်ဖိအားကြီးသည် မန်ဟို၏ဖြစ်တည်မှုကို စိစိညက်ညက်ခြေမွပစ်လိုနေသည့်အလားပင်။ မန်ဟို့စိတ်အစဉ်မှာ ချာချာလည်လာသည်။

“မဟုတ်သေးဘူး” မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူက နောက်ဆုတ်လိုက်ပြန်သည်။ မန်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးငါးဦးမှာတော့ လွတ်ရာကျွတ်ရာသို့ ဆုတ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။

သူတို့မှာ ယခုတွင် ပြင်းထန်စွာ ကြောက်လန့်နေပြီး သူတို့၏မျက်နှာများမှာ သွေးပင်မရှိတော့ပေ။

“အဲ့ .. အဲဒါက..... ရှေးဟောင်းနယ်ပယ်တံခါးလား။ ဘယ်လိုလုပ် တာအိုနယ်ပယ်ပြစ်ဒဏ်ထက်တောင် ကြောက်စရာကောင်းနေတာလဲ”

“ရှေးမှတ်တမ်းတွေမှာ အခုလို ရှေးဟောင်းနယ်ပယ်တံခါးချပ်မျိုးနဲ့ ပတ်သက်ပြီး တစ်ခါမှ မဖော်ပြခဲ့ဖူးဘူး။ ကြားကို မကြားခဲ့ဖူးတာ။ ဘယ်လိုလုပ် ဒီလိုတံခါးမျိုးက သက်ဆင်းလာနိုင်တာလဲ”

“ဒါကြီးက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာပြစ်ဒဏ်ကြီးပဲ။ တာအိုနယ်ပယ်ပြစ်ဒဏ်တောင်မှ ဒီရှေးဟောင်းနယ်ပယ်တံခါးကို မယှဉ်နိုင်ဘူး….” ခေါင်းဆောင်ကြီးငါးဦးမှာ လူတစ်ယောက်အတွက် ယခုလို ရှေးဟောင်းနယ်ပယ်တံခါးပြစ်ဒဏ်ကို ကျော်လွှားရန် ဖြစ်နိုင်လိမ့်မည်ဟုပင် မထင်တော့ပေ။

သူတို့မှာ သူတို့၏လက်ရှိကျင့်ကြံအဆင့်များဖြင့် ၎င်းကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိသလို....တံခါးကိုဝန်းရံနေသော တိမ်တိုက်များထံမှ ခံစားနေရသည့် ကြောက်မခန်းလိလိအရှိန်အဝါကိုပင် ထည့်မတွက်ရသေးပေ။

မန်ဟို့မျက်နှာသည် အလွန်တရာမသာမယာ ဖြစ်နေတော့၏။ အောက်ရှိ မန်မျိုးနွယ်ဝင်များမှာတော့ သူတို့တစ်ဘဝလုံးတွင် မြင်ခဲ့ဖူးသမျှထဲ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သော တံခါးကြီးနှင့် တိမ်တိုက်များကို ကြည့်ရင်း မျက်လုံးပြူးနေကြသည်။

သူတို့ကား တောင်ပင်လယ်လောကတွင် တာအိုနယ်ပယ်ပြစ်ဒဏ်ထက် အမှန်တကယ် ပြင်းထန်သော ရှေးဟောင်းနယ်ပယ်ပြစ်ဒဏ်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့နေရသည့် .... ကံထူးရှင်လူနည်းစုလေး ဖြစ်ပေသည်။

မန်ဟို့မျက်နှာမှာ အတိုင်းထက်အလွန် အရုပ်ဆိုးနေသည်။ သူသည် ရှေးဟောင်းနယ်ပယ်ကို ထမင်းစားရေသောက်သလို အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မည်ဟု တစ်လျှောက်လုံး ယုံကြည်နေခဲ့၏။ သူက တာအိုနယ်ပယ်ကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်နေပြီမဟုတ်ပါလော။ အမှန်တွင် တောင်ပင်လယ်လောကတစ်ခုလုံးတွင် သူ့ကို အနိုင်ယူသည့်လူအား လက်ချိုးရေ၍ပင် ရလေသည်။ ထို့ကြောင့် မန်ဟိုသည် သူ့ကိုယ်သူ တောင်ပင်လယ်လောက၏ထိပ်ဆုံးတွင် ရှိသည်ဟု မှတ်ယူထားခဲ့၏။

သို့သော် ယခုတော့ သူ မှားသွားလေပြီ။ အလွန့် အလွန်မှားသွားလေပြီ။ ထိုအမှားက သူ၏အတိုက်အခိုက်စွမ်းရည်အဆင့်ကို မှားယွင်းစွာ နားလည်ထားမှုမဟုတ်ဘဲ ... လောကပါလတာအိုအင်မော်တယ်တစ်ဦး တာအိုနယ်ပယ်ပညာရှင်များကို အနိုင်ယူနိုင်ခြင်းက မိုးကောင်းကင်ကို လုံးလုံးလျားလျား ဖီဆန်နေမှုဖြစ်နေသည့်အချက် ဖြစ်သည်။

မိုးကောင်းကင်ကို ဖီဆန်သော လူတိုင်း မိုးကောင်းကင်ပြစ်ဒဏ်ကို ခံယူရသည်။ သာမန်ဖီဆန်မှုလေးကြောင့် မဟုတ်လောက်ပေ... တစ်စုံတစ်ခုကို ရရှိဖို့ ပေးရမည့် အဖိုးအခတစ်ခုကြောင့် ဆိုရလိမ့်မည်။ မန်ဟိုသည် ရင်သပ်ရှုမောဖွယ်အတိုက်အခိုက်စွမ်းရည်ကို ရရှိခဲ့၍ ထို့အတွက် သူ ပေးရမည့် အဖိုးအခကတော့ .... မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ရှေးဟောင်းပြစ်ဒဏ်တစ်ခု ဖြစ်သည်။

သူက တိမ်တိုက်များနှင့် ၎င်းတို့အတွင်း၌ မြင်သည်ဆိုရုံကလေးသာ မြင်နေရသော တံခါးကို ကြည့်ရင်း သေခြင်းတရားကို ခံစားလိုက်ရ၏။

“ဒါက တံခါးလေးဖွင့် ရှေးဟောင်းနယ်ပယ်ထဲ ဝင်၊ မီးအိမ်တွေကို ငြှိမ်းရုံလေး မဟုတ်တော့ဘူး။ ငါ့အနေနဲ့ ရှေးဟောင်းနယ်ပယ်ကို ပုံမှန်အတိုင်း ဖြတ်ကျော်လို့မရဘူး။ ဒါဟာ အသက်ဘေးအန္တရာယ်နဲ့ ဆိုင်သွားပြီး .... လောကပါလတာအိုအင်မော်တယ်တစ်ဦးအနေနဲ့ကတော့ ... ရင်ဆိုင်ကိုရင်ဆိုင်ရမယ့် အရာပဲ” နောက်ဆုံးတော့ နားလည်လိုက်၍ သူ သက်ပြင်းချလိုက်မိ၏။

“ပါရာဂွန်အင်မော်တယ်လောကမှာ ရှေးဟောင်းနယ်ပယ်ကို ဖြတ်ကျော်ပြီး တာအိုနယ်ပယ်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တဲ့ လောကပါလတာအိုအင်မော်တယ်တွေ ရှိခဲ့ရဲ့လား မသိဘူး...” ထိုမေးခွန်းက မန်ဟို့ကို အင်မတန် တုန်လှုပ်သွားစေသည်။ သူ့မှာ လောကပါတာအိုအင်မော်တယ်တစ်ဦးဦးများ အောင်မြင်ခဲ့ဖူးသလား အမှန်တကယ် သိချင်လာတော့သည်။

ဤအခိုက်အတန့်တွင် တိမ်တိုက်များ၏အတွင်းမှ လူတွေအော်နေသလို အသံများအား ကြားလိုက်ရသည်။ ၎င်းက အရာအားလုံးကို တုန်ခါလာစေပြီး ကြယ်တာရာကောင်းကင်ရှိ လူတိုင်း ချာချာလည်မူးဝေလာကြလေသည်။

ခေါင်းဆောင်ကြီးငါးဦး၏ မျက်နှာများ ဖြူဆုပ်သွားပြီး သူတို့က တွန့်ဆုတ်မနေတော့ဘဲ မန်မျိုးနွယ်စုကုန်းမြေအပေါ် ပြန်ဆင်းကာ မန်ဟိုနှင့် သူတို့အား ခြားနားဖို့ မန်မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါအား အသက်သွင်းလိုက်ကြသည်။

သူတို့သည် ရှေးဟောင်းနယ်ပယ်တံခါးပြစ်ဒဏ်ထဲ အဆွဲသွင်းခံရမည်ကို ကြောက်နေကြပုံပင်....

ပြစ်ဒဏ်များသည် အပြင်လူများမဟုတ်ဘဲ သက်ဆိုင်သည့် ကျင့်ကြံသူတစ်ဦးတစ်ယောက်တည်းအပေါ်တွင်သာ ပစ်မှတ်ထားကြောင်း သူတို့ သိကြသော်လည်း ‌ဤရှေးဟောင်းပြစ်ဒဏ်၏ ကြောက်စရာအသွင်အပြင်ကြီးက သူတို့အား ကြက်သေသေစေခဲ့လေပြီ။

ယခုတွင် မန်ဟိုတစ်ယောက်တည်းသာ ရှေးဟောင်းနယ်ပယ်၏ အဆုံးမဲ့တိမ်တိုက်များနှင့် ဧရာမတံခါးကြီးကို ရင်ဆိုင်ရင်း ကြယ်တာရာကောင်းကင်တွင် ကျန်ခဲ့သည်။ ၎င်းတို့နှင့်ယှဉ်လျှင် သူကား ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုပေ။

သေခြင်းတရား၏အငွေ့အသက်များက အားကောင်းနေသည့်တိုင် မန်ဟိုက တိမ်တိုက်များကို လေ့လာနေသည်။ ဤအခိုက်အတန့်တွင် အောက်ရှိ ကုန်းမြေအပေါ်မှ စိုးရိမ်တကြီး လှမ်းခေါ်နေသော သူ့အဘွား၏အသံအား သူ ကြားလိုက်ရ၏။

“ဟိုအာ မန္တန်ဝင်္ကပါထဲ ပြန်ဆင်းလာတော့” သူမအော်နေစဉ် မန္တန်ဝင်္ကပါအကာအကွယ်က ဟလာသည်။

ဝင်္ကပါဟလာခြင်းက ခေါင်းဆောင်ကြီးငါးယောက်ကို ကြောက်လန့်တကြား အော်လိုက်စေသည်။ “မလာရဘူး”

မန်ဟိုက သူ့အဘွားကို ပြန်ငုံ့ကြည့်သည်။ သူမ၏ စိုးရိမ်နေသောပုံစံက သူ့နှလုံးသားကို နွေးထွေးသွားစေသော်လည်း သူက ခေါင်းခါလိုက်သည်။

“ဘွားဘွားမန် ဒါက ... ကျွန်တော်ရဲ့ပြစ်ဒဏ်ပါ” ထို့နောက် သူက လှည့်၍ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ကာ တိမ်တိုက်များအထဲ တဟုန်ထိုးဝင်သွားသည်။ “ခက်ခဲသည်ဖြစ်စေ၊ လွယ်ကူသည်ဖြစ်စေ ကျွန်တော် ကြိုးစားဦးမယ်

“ကျွန်တော် ကျင့်ကြံအားထုတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခုဆို လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်နေပြီ။ အတိတ်တုန်းက ကျွန်တော့်လိုလူတွေ ပေါ်ထွန်းလာခဲ့ဖူးလား မသိပေမယ့် ... ဒီလောက်အထိ ရရှိထားပြီးမှတော့ တန်ရာတန်ကြေးတော့ ပြန်ပေးရမှာပဲမဟုတ်လား

“ဒီရှေးဟောင်းပြစ်ဒဏ်က အဲဒီအတွက် တန်ကြေး၊ အဲဒီအတွက် အဖိုးအခပဲ။ ဒါမဲ့ ကျွန်တော့်အတွက်တော့ အရှေ့လမ်းပေါ်က ဆူးညှောင့်လေးတစ်ခုထက် မပိုဘူး

“ကျွန်တော်ဟာ ဆူးညှောင့်တွေကို နုတ်ပြီး ဆက်သွားနေမယ့်သူ။ အတိတ်တစ်ချိန်တုန်းက ရှေးဟောင်းလမ်းကို လျှောက်ခဲ့ဖူးတဲ့ လောကပါလတာအိုအင်မော်တယ်တွေ ရှိခဲ့ရင် ကျွန်တော် မန်ဟိုလည်း အဲဒီလိုလျှောက်လှမ်းမယ်" မန်ဟိုက ခေါင်းနောက်လှန်၍ ရယ်ပြီးနောက် တိမ်တိုက်များထံသို့ မိုးကြိုးတန်းသဖွယ် ပြေးဝင်သွားတော့သည်။

သူကား ရှေးဟောင်းနယ်ပယ်တံခါးပြစ်ဒဏ်ကို ထိပ်တိုက်ရင်ဆိုင်နေလေပြီ။

All Chapters