ထူးဆန်းနေခြင်း
Vol. 91 Ch. 1270
ကျင့်ကြံသူအများစုအတွက် ရှေးဟောင်းနယ်ပယ်သည် အဆင့်လေးနောက်တစ်ဆင့်သာ ဖြစ်ပေ၏။ ရှေးဟောင်းလမ်းကို လျှောက်လှမ်းခြင်းဖြင့် လူတစ်ယောက်သည် မိမိ၏ကိုယ်ထဲ၌ ငုပ်လျှိုးနေသော အနှစ်သာရ၏ မူလဘူတအမျှင်ကို တွေ့ရှိဖို့ သူတို့ဘိုးဘေးများ၏ ခြေလှမ်းအတိုင်း လျှောက်လှမ်းရင်း .... ဘိုးဘေးများ၏ ပညာရပ်များကို ရှာဖွေရလိမ့်မည်။
ဝိညာဉ်မီးအိမ်တစ်လုံးပြီးတစ်လုံး ငြှိမ်းခြင်းဖြင့် အဆိုပါပုဂ္ဂိုလ်သည် မိမိ၏ကိုယ်စိတ်နှလုံးသုံးပါးအထဲ၊ ... မိမိကျင့်ကြံခြင်းအခြေခံ၏ အနက်ပိုင်းအထဲ ပိုပို၍နစ်မျောဝင်ရောက်သွားနိုင်သည်။
ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်၌ အနှစ်သာရ အစပျိုးလာပြီး သက်စောင့်အားတို့ ထကြွလာသည့်အခါ တာအိုပြစ်ဒဏ် ပေါ်ပေါက်လာမည်။ တာအိုလမ်းကို လျှောက်၍ တာအိုနယ်ပယ်သို့ ဝင်ရောက်သွားလျှင် တောင်ပင်လယ်လောကတွင် အင်အားကြီးပုဂ္ဂိုလ်ကျော်တစ်ဦး ဖြစ်လာမည်။
ထိုသို့လျှောက်နေစဉ်အတောအတွင်း မီးငြိမ်းဝိညာဉ်မီးအိမ်တစ်လုံးစီတိုင်းက ရှေးဟောင်းနယ်ပယ်ကို အလွန်ခက်ခဲစေသော သေရေးရှင်ရေးအန္တရာယ်တစ်ခု ဖြစ်သည်။
မန်ဟိုသည် အစက သူ၏ရှေးဟောင်းနယ်ပယ်ခရီးသည် အတူတူဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ခက်ခဲမှုအတိုင်းအတာကို လျှော့ချ၍ ပိုလွယ်ကူသွားစေဖို့ သူ့ကျင့်ကြံခြင်းအခြေခံကို သူ အားပြုမည်။ သို့သော် ယခုတော့ လောကပါလတာအိုအင်မော်တယ်တစ်ဦးအတွက် ရှေးဟောင်းနယ်ပယ်ဆိုသည်မှာ ... သေစေနိုင်သောအခြေအနေတစ်ရပ် ဖြစ်ကြောင်း သူ နားလည်လိုက်လေပြီ။
ခက်ခဲမှုအတိုင်းအတာသည် သာမန်ရှေးဟောင်းနယ်ပယ်ထက် အဆများစွာ မြင့်မား၏။ အကြမ်းဖျင်းပြောရလျှင် ဝိညာဉ်မီးအိမ်ငြှိမ်းခြင်းမှာ သာမန်ဆိုလျှင် အောင်မြင်နိုင်ခြေငါးဆယ်ရာခိုင်နှုန်း ရှိသည်။ သို့သော် လောကပါလတာအိုအင်မော်တယ်များနှင့် ပတ်သက်လျှင်တော့ ဆယ်ရာခိုင်နှုန်းထက် မပိုနိုင်ပေ။
လောကပါလတာအိုအင်မော်တယ်များသည် အင်မတန်အစွမ်းထက်သလို၊ သူတို့၏ပြစ်ဒဏ်သည်လည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ကြီးလေး၏။
မန်ဟိုသည် တဟုန်ထိုးသွားနေစဉ် တွေးနေခဲ့သော ဤအကြောင်းအရာအားလုံးကို သူ၏နှလုံးသားထဲတွင် မြှုပ်နှံထားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား တဖွေးဖွေးလှုပ်နေသော တိမ်တိုက်များထံ ရောက်သွားလေပြီ။
သူ ရောက်လာသည့်အချိန်မှာပင် တိမ်တိုက်များ ယိမ်းထိုးလှုပ်ရှားသွားပြီး အရိပ်တစ်ခု ထွက်လာသည်။ ၎င်းသည် ရှေးဟောင်းအဝတ်အစားကို ဝတ်ထားသော်လည်း မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ ကင်းမဲ့နေသော လူတစ်ယောက်ဖြစ်၏။
၎င်းကား ... မျက်နှာမဲ့လူတစ်ယောက်ပင်။
သူက မုဒြာလက်ကွက်ဖော်ရင်း ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် မန်ဟို့ထံ ချဉ်းကပ်လာသည်။ တိမ်တိုက်များသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို မန်ဟိုဆီ လွင့်စင်သွားသော ကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲရင်း တဝုန်းဝုန်းအော်မြည်လာသည်။ သူ့အတွက် မန်ဟိုက တစ်မိုးအောက်တည်းတွင် အတူမနေနိုင်သော ရန်သူတော်ကြီးဖြစ်သည့်အလား၊ နှစ်ယောက်ထဲမှ တစ်ယောက်သေမှ ဖြစ်မည့်အလား မျက်နှာမဲ့လူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပြင်းထန်နေ၏။
မျက်နှာမဲ့လူ သူ့အပေါ် ထိုးဆင်းလာစဉ် မန်ဟို့မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ မန်ဟိုသည် နည်းနည်းလေးမှ အရှိန်မလျော့ဘဲ ရှေ့သို့တိုးဝင်သွား၏။ ကျောက်အစအနများမှာ သူ့ကို ထိမှန်သည့်အခါ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး မန်ဟိုက မျက်နှာမဲ့လူထံသို့ ဥက္ကာခဲကြီးလို ပြေးဝင်သွားလေသည်။
“သေစမ်း” သူက မျက်နှာမဲ့လူ၏လည်မျိုကို ဆုပ်ကိုင်၍ လိမ်ချိုးရင်း ဟိန်းဟောက်လိုက်သည်။ မျက်နှာမဲ့လူမှာ ဘန်းခနဲ ပေါက်ကွဲသွားလေသည်။ သို့သော် မည်သည့်အသားစမှ၊ မည်သည့်သွေးမှ ထွက်မလာ။ ထိုအစား တိမ်အစုကြီးထံ ပြန်လွင့်မျောသွားသည့် အမျှင်တန်းများအဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။
ထို့နောက် နောက်ထပ်မျက်နှာမဲ့လူသုံးယောက် ပျံထွက်လာသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ထွက်လာသည့်အခါ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်တွင် ဖြစ်လေ၏။ သူတို့၏တိုက်ကွက်များက ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့်တုန်ခါသွားစေပြီး တိမ်တိုက်များအား တဝုန်းဝုန်းလှုပ်ရှားလာစေသည်။ သို့သော် မန်ဟို၏တုံ့ပြန်မှုက အေးစက်စက်နှာမှုတ်ရင်း ရှေ့တစ်လှမ်းတက်၍ ကျင့်ကြံခြင်းအခြေခံကို လှုပ်ရှားလိုက်စေရုံသာ ဖြစ်သည်။
မျက်နှာမဲ့လူသုံးယောက်မှာ မန်ဟို့ကို ခုခံခြင်းပင် မပြုနိုင်ဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။ သို့သော် မန်ဟို့မျက်နှာအပေါ်တွင် တင်းမာနေသောအမူအရာအား မြင်ရနိုင်သည်။ သူကား ပျော်နေပုံလုံးဝမပေါ်ပေ။ သူ့မှာ ယခုလေးတင် ပြစ်ဒဏ်ကို စတင်ရုံသာ ရှိသေးသည်၊ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် လူပုံသဏ္ဍာန်ပြစ်ဒဏ်များကို ရင်ဆိုင်နေရပြီမဟုတ်ပါလော။ နောက်လာမည့်အရာကိုကား ... စိတ်ကူးသာ ကြည့်နိုင်တော့သည်။
သူ့ကို ပို၍စိတ်လေးနေစေသော အရာကား ... အနောက်မှ တွန်းအားတစ်ခုက သူ့ကို တွန်းနေမှုပင်။ သူ့အနေဖြင့် ပြစ်ဒဏ်ကို မကျော်လွှားချင်၍ ထွက်ပြေးဖို့ ကြိုးစားလျှင်တောင်မှ ထိုတွန်းအားက သူ့ကို တားမည့်ပုံပင်။
“ငါ ပြစ်ဒဏ်ကို ရင်ဆိုင်ရအောင် ဖိအားပေးခံနေရတာပဲ...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို ထပ်မံလှည့်ပတ်လိုက်ကာ တိမ်တိုက်များအထဲ၌ ဝုန်းခနဲ ထွက်သွား၏။ ထို့နောက် မျက်နှာမဲ့လူခြောက်ယောက် ပေါ်လာပြီး ဤတစ်ခေါက်တွင် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းမဟုတ်တော့ဘဲ တစ်ဝက်တစ်ပျက်တာအိုအဆင့်နှင့် နီးကပ်နေပုံပေါ်သည်။
သူတို့က အလင်းတန်းများလို လျင်မြန်စွာ ရွေ့လျားလာကြသည်။
“ဖယ်စမ်း” မန်ဟိုက ငေါက်ငမ်းလိုက်သည်။ သူ့အသံက ထိုအရိပ်များကို ပေါက်ကွဲသွားစေသည်သာမက တိမ်တိုက်များကိုပင် အလိပ်လိပ်ထသွားစေ၏။
ဤပြိုင်ဘက်များမှာ မန်ဟို့အတွက် ဘာမှမဟုတ်သေးပေ။ သူက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် ရှေ့ဆက်တိုးသွားသည်။
“ငါ ဒီပြစ်ဒဏ်ကို ကျော်လွှားအောင် ငါ့ကို ဖိအားပေးစရာမလိုဘူး.... ငါ ဒီနေ့ကို စောင့်နေခဲ့တာ ကြာခဲ့ပြီ” သူက နောက်တစ်လှမ်းလှမ်းကာ ကြယ်တာရာကောင်းကင်အား တုန်ရီသွားစေပြီး တိမ်တိုက်များ၏အော်မြည်သံအား ပို၍ကျယ်လောင်လာစေသည်။
လောလောဆယ်တွင် အောက်ရှိ ဘိုးဘေးစံအိမ်ထဲမှ မန်မျိုးနွယ်ဝင်များသည် ထိတ်လန့်တုန်လှုပ်နေသော အမူအရာများဖြင့် ကြည့်နေကြ၏။
အထူးသဖြင့် ခေါင်းဆောင်ကြီးငါးဦး၏မျက်လုံးများမှာ ဇကောလောက် ပြူးထွက်နေကြလေသည်။
“သာမန်ရှေးဟောင်းပြစ်ဒဏ်က တိမ်တိုက်တွေထဲကနေ မိုးကြိုးတွေ ဒါမှမဟုတ် ဓာတ်ငါးပါးမှော်အရိပ်တွေကို ထုတ်လွှတ်ပေးတာ။ အဆုံးသတ်မရောက်မချင်း လူပုံသဏ္ဍာန်ပြစ်ဒဏ် ပေါ်မလာတတ်ဘူး....”
“ကျင့်ကြံခြင်းအခြေခံက မြင့်မားသင့်သလောက် မြင့်မားပြီး အချိန်ကိုက်လှုပ်ရှားနိုင်ရင် ကြောက်စရာလူပုံသဏ္ဍာန်အရာတွေ ပေါ်လာမှာကိုတောင် စောင့်စရာမလိုဘဲ ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်နိုင်တယ်...”
“ဒါပေမဲ့ ဒီရှေးဟောင်းပြစ်ဒဏ်မှာ လူပုံအရိပ်တွေက စစချင်းမှာပဲ ပေါ်လာနေပါရော့လား။ ဒါကြီးကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်တော့မတုံး.....” ခေါင်းဆောင်ကြီးငါးဦးမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်အံ့ဩစွာဖြင့် မကြည့်မိဘဲ မနေကြပေ။
မန်ဟို့အဘွားမှာ စိုးရိမ်လွန်းသဖြင့် တုန်ရီနေသည်။ ကံဆိုးစွာနှင့် သူမအတွက် မန်ဟို့ကို ကူညီပေးနိုင်သည့်နည်းလမ်း မရှိရာ ဓားတစ်လက်ဖြင့် နှလုံးသားအား ထပ်ခါတလဲလဲ ထိုးစိုက်နေသကဲ့သို့ နာကျင်လျက်သာ မန်ဟို ပြစ်ဒဏ်ကျော်လွှားနေသည်ကို ကြည့်နေနိုင်သည်။
သူမ၏အနောက်တွင် မန်ဟို့ဘိုးဘိုးလေးနှစ်ယောက်၊ ဦးလေးနှင့်အဒေါ်များ ရှိပြီး သူတို့အားလုံးလည်း အင်မတန်စိတ်ပူနေကြပုံပေါ်သည်။
မန်မျိုးနွယ်ဝင်တိုင်း မန်ဟို၏အမျိုးအရင်းများလို သူ့အပေါ် စိတ်မပူသော်လည်း တုန်လှုပ်နေကြလေသည်။ မန်ဟိုသည် ယခုတွင် တိမ်တိုက်များ၏အတွင်း နှစ်ဆယ်ရာခိုင်နှုန်းခန့် ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူ့အရှေ့တွင် အရိပ်ဆယ့်နှစ်ခုကျော် ဝုန်းခနဲ ထွက်လာကြ၏။
ထိုအရိပ်ဆယ့်နှစ်ခုကျော်ကား ... တစ်ဝက်တစ်ပျက်တာအိုအဆင့်တွင် ဖြစ်လေသည်။
မန်ဟိုမှာ ပို၍စိတ်လေးလာတော့သည်။
“တစ်ဝက်တစ်ပျက်တာအိုအဆင့် ၁၂ ယောက်။ ဒါဆို နောက်အုပ်စုက အနှစ်သာရ ၁ ခု တာအိုနယ်ပယ်အဆင့် ၂၄ ယောက်ဖြစ်မှာလား။ ပြီးရင် အနှစ်သာရ ၂ ခု ၄၈ ယောက်လား။ တာအိုသခင် ၉၆ ယောက် ... အနှစ်သာရလေးခု ၁၉၂ ယောက် ... အနှစ်သာရ ၅ ခု အယောက် ၄၀၀... တာအိုဥသျှောင် အယောက် ၈၀၀ ဖြစ်လာမှာလား....” မန်ဟိုမှာ တွေးရင်း ခေါင်းကိုက်လာတော့သည်။
“မဖြစ်နိုင်ဘူး ဒီပြစ်ဒဏ်က တောင်ပင်လယ်လောကနေ လာတဲ့အပြင် တောင်ပင်လယ်လောကရဲ့စိတ်ဆန္ဒအနေနဲ့ ဝင်ရောက်မစွက်ဖက်နိုင်တဲ့အရာ။ ငါ တောင်ပင်လယ်လောက၏သခင်အလောင်းအလျာတောင်မှ ဒီပြစ်ဒဏ်ကို ရင်ဆိုင်ပြီး ဒီသေရေးရှင်ရေးအန္တရာယ်ကို တိုက်ထုတ်ရမယ်။ ဒါပေမဲ့ တာအိုဥသျှောင် အယောက် ၈၀၀ ကတော့ ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ...” မန်ဟိုသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အံတင်းတင်းကြိတ်ပြီးနောက် တစ်ဝက်တစ်ပျက်တာအိုရန်သူ ၁၂ ယောက်ကို စတင်တိုက်ခိုက်တော့သည်။
သူသည် အရှိန်အဟုန်ပြင်းစွာ ထိုးထွက်သွားသော မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင် ပြောင်းသွား၏။ ချက်ချင်းပင် တစ်ဝက်တစ်ပျက်တာအိုရန်သူများမှာ စတင်ပြိုကွဲလာသည့်တိုင် လွင့်ပျယ်မသွားဘဲ ခန္ဓာဖောက်ခွဲလိုက်ကြသည်။
ကြောက်ခမန်းလိလိ ပေါက်ကွဲသံများ ဆူညံသွားပြီး မန်ဟို ဖျတ်ခနဲ အဝေးသို့ ရှောင်ထွက်သွားစဉ် သူ့မျက်နှာအပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအရာအား မြင်ရနိုင်သည်။ တစ်ဝက်တစ်ပျက်တာအိုအဆင့်၏ ခန္ဓာဖောက်ခွဲမှုတစ်ခုသည် တာအိုသခင်များကိုပင် မျက်မှောင်ကြုတ်သွားစေမည့် အဖျက်အစီးလှိုင်းတစ်လှိုင်းကို ဖန်တီးပေး၏။ မန်ဟိုက အင်္ကျီလက်စကို ခါရင်း လှိုင်းအား ပျောက်ကွယ်သွားစေသည်။ အမြင်အရ သူ့အတွက် ကျင့်ကြံခြင်းအခြေခံစွမ်းအား များများစားစားသုံးစရာ မလိုသည့်ပုံပေါ်သော်လည်း ဤအတိုင်းဆက်သွားလျှင် .... သိပ်ဝေးဝေးရောက်နိုင်တော့မည် မဟုတ်ကြောင်း မန်ဟို ကောင်းကောင်း သိလေသည်။
“ငါ ဒီတိမ်တိုက်တွေကို ထပ်ကြီးထွားလာခွင့်ပေးလို့ မဖြစ်ဘူး။ ရှေးဟောင်းနယ်ပယ်တံခါးဆီ မြန်မြန်ရောက်အောင် သွားဖို့ လိုတယ်။ အဲဒါကမှ ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ” မန်ဟိုက အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် မိုးပြာရောင်သိမ်းငှက်သည် ခေါင်းနောက်လှန်၍ ခပ်စူးစူးအော်မြည်လိုက်၏။ မန်ဟိုကား ရှေးဟောင်းနယ်ပယ်တံခါးဆီ ဦးတည်ရင်း တိမ်တိုက်များကို ထိုးခွင်းနေသော မိုးပြာရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေပြီ။
သို့သော် သူ သိပ်ဝေးဝေးလံလံမသွားနိုင်ခင် အေးစက်စက်နှာမှုတ်သံများစွာက သူ၏ပတ်ပတ်လည်တွင် ပဲ့တင်ထပ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ... တာအိုနယ်ပယ်အဆင့် မျက်နှာမဲ့လူလေးယောက် ပေါ်လာခဲ့သည်။
ထိုမျက်နှာမဲ့လူလေးယောက်လုံးကား အနှစ်သာရ ၁ ခု ကျင့်ကြံသူများဖြစ်ကြ၍ မန်ဟိုမှာ သူတို့ကို မြင်လျှင်ချင်း မျက်လုံးများ လင်းလက်သွားပြီး စိတ်အေးသွားတော့သည်။
“လေးယောက်တည်းပေါ့လေ ဟမ်....”
မျက်နှာမဲ့လူလေးယောက် အနားရောက်လာသည့်အခါ သူက ညာလက်သီးကိုဆုပ်၍ ထိုးချလိုက်သည်။ ကြယ်တာရာကောင်းကင်သည် တသိမ့်သိမ့်ခါသွားပြီး လေမုန်တိုင်းကြီးတစ်လုံးက တာအိုနယ်ပယ်ရန်သူလေးယောက်ကို ဖြိုခွင်းရင်း လိမ့်ထွက်ရိုက်ခတ်သွား၏။
သူတို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစဉ် မန်ဟိုမှာ ကျောထဲ စိမ့်အေးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက ဆုံ့ဆိုင်းမနေဘဲ လှစ်ခနဲ ရှေ့သို့ ရွေ့လျားလိုက်သော်လည်း တစ်ယောက်ယောက် သူ့ကျောကို ကပ်ထားပြီး သူ့လည်ပင်းအနား၌ အသက်ရှူနေသလို အအေးဓာတ်က ကျန်ရှိနေသေးသည်။
မန်ဟိုသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း မည်သူမှ မတွေ့ရပေ။ သို့သော် သူ့မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူက အံတင်းတင်းကြိတ်ရင်း ချာခနဲ လှည့်လိုက်သည့်အခါ သူ့ခေါင်းတစ်ခေါင်းလုံး ပွင့်ထွက်သွားတော့မည့်အလား ခံစားလိုက်ရ၏။ သူ့အနောက်တည့်တည့်... သူ့မျက်နှာနှင့်ပင် ထိလုနီးပါးဖြစ်လျက် ရပ်နေသည်ကား ... ဝတ်ရုံအဖြူနှင့် အမျိုးသမီးတစ်ယောက်ပင်။
သူမတွင် ရှည်လျားသောဆံပင်၊ ဖြူဖပ်နေသော အသားအရေနှင့် မန်ဟို့ကို စိုက်ကြည့်နေသော အသက်မဲ့မျက်ဝန်းတစ်စုံ ရှိသည်။ အရာအားလုံး လွန်စွာတိတ်ဆိတ်နေ၏။ ဤအမျိုးသမီး ဘွားခနဲ ပေါ်လာခဲ့ခြင်းမှာ အလွန်ထူးဆန်းလေသည်။ သူ ဘာကြောင့် သူမကို နတ်ဘုရားအာရုံဖြင့် မမြင်ခဲ့ရသနည်း။
မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ နောက်ဆုတ်ဖို့ လုပ်လိုက်စဉ်မှာပဲ အမျိုးသမီးက သူ့ကို လှမ်းဆွဲသည်။ သူမသည် အလွန်မြန်လှသဖြင့် သူ့မှာ ရှောင်ပင် မရှောင်လိုက်နိုင်ရာ အချိန်တိုလေးအတွင်း သူမလက်က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်လေပြီ။ ထို့နောက် သူမက သူ့အား တိမ်များထဲ ဆွဲခေါ်တော့သည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အမျိုးသမီး ထိထားသည့် သူ့လက်မောင်းနေရာမှာ အေးစိမ့်လာပြီး ပျက်စီးခြင်းအငွေ့တချို့က သူ့ကိုယ်ထဲ စိမ့်ဝင်ရောက်လာသည်။ ထိုအငွေ့ကား သူ့တစ်ကိုယ်လုံးကို တိုက်စားပစ်ချင်နေသည့်အလားပင်။
အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာ အမျိုးသမီး သူ့ကို ဆွဲခေါ်နေစဉ် အရှေ့ရှိ တိမ်တိုက်များမှာ ပါးစပ်ကြီးသဖွယ် ဖြစ်လာပြီး သူမက သူ့ကို ထိုအထဲသို့ ခေါ်သွားနေပုံပေါ်သည်။
တိမ်ပါးစပ်ကြီးသာ သူ့ကို ဝါးမြိုလိုက်လျှင် စိတ်ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ သေဆုံးရမည်ဟု မန်ဟို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
“ဖယ်စမ်း” သူက ပါရာဂွန်တံတား၏ စွမ်းအားကို ထုတ်ဖော်ရင်း အော်လိုက်သည်။ တံတားက သူ့အပြင်တွင် ပေါ်လာ၍ မန်ဟိုမှာ အမျိုးသမီး၏လက်ထဲမှ ရုန်းထွက်ကာ နောက်ဆုတ်နိုင်လိုက်သည်။
ဝတ်ရုံအဖြူအမျိုးသမီးက မန်ဟို့အနောက်ရှိ ပါရာဂွန်တံတားကို ကြည့်ပြီး တခစ်ခစ် ရယ်သည်။ ရယ်သံက ကြက်သီးထဖွယ်ကောင်းလောက်အောင် ထူးဆန်းနေသည်။
မန်ဟိုသည် ဤရှေးဟောင်းပြစ်ဒဏ် မည်မျှကြောက်စရာကောင်းကြောင်း ခံစားရသော်လည်း ထွက်မပြေးနိုင်ပေ။ သူ့မှာ အံတင်းတင်းကြိတ်ရင်း ရှေးဟောင်းနယ်ပယ်တံခါးရှိရာဘက်သို့ မှန်းဆပြီး ဆက်သွားနေသည်။
“မြန်မြန်သွားရမယ်။ ဒီထက်ပို မြန်မြန်သွားရမယ်....” ပြစ်ဒဏ်ကို ကျော်လွှားနိုင်မည့် သူ၏တစ်ခုတည်းသော အခွင့်အရေးမှာ တိမ်တိုက်များအတွင်း၌ တိုက်ခိုက်ရင်း အချိန်မဖြုန်းပစ်ရန်ဖြစ်ကြောင်း မန်ဟို သိသည်။
သူ ရှေ့ဆက်သွားတော့မည့်အချိန်မှာပင် စောစောက သူ တိုက်ခိုက်ခဲ့သော လေးယောက်ထက် ပိုအစွမ်းထက်သော အရိပ်လေးခု ထပ်ပေါ်လာသည်။
အနှစ်သာရ ၂ ခု တာအိုနယ်ပယ်လေးယောက်။