← Chapters

တိုင်းတစ်ပါးသားတွေ ကျူးကျော်လာပြီ

Vol. 91 Ch. 1271

တိုင်းတစ်ပါးသားတွေ ကျူးကျော်လာပြီ

Vol. 91 Ch. 1271

မန်ဟို ပြစ်ဒဏ်အား ကျော်လွှားနေသည့်အချိန်တွင် မန်မျိုးနွယ်စုမှ သိပ်မဝေးကွာသော ကြယ်တာရာကောင်းကင်တစ်နေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်လျက်ရှိသည်။ သို့သော် မည်သူမှ ၎င်းကို မသိရှိပေ။ မန်ဟိုပင်လျှင် သတိထားမမိ။ တစ်ရွက်လျှင် မီတာသုံးထောင်တိတိ ရှည်လျားသည့် အနက်ရောင်မိုးခမသစ်ရွက်များသည် အဆိုပါကြယ်တာရာကောင်းကင်နေရာ၌ လွင့်မျောနေ၏။ သစ်ရွက်နက်များ၏ မျက်နှာပြင်ထက်တွင် အကြောများအား ရှင်းလင်းပြတ်သားစွာ မြင်နေရပြီး သွေးတို့ စီးဆင်းနေသည့်အလားထင်ရရာ လွန်စွာဆန်းပြားနေတော့သည်။

သစ်ရွက်စုစုပေါင်း ဒါဇင်များစွာ ရှိပြီး တစ်ရွက်စီ၏အပေါ်တွင် ကျင့်ကြံသူဒါဇင်အထပ်ထပ် တင်ပျဉ်ခွေထိုင်နေကြသည်။ စုစုပေါင်းအင်အား တစ်ထောင်မျှ ရှိလောက်သည်။

ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီသည် မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် အလွန်တည်ငြိမ်နေ၏။ သူတို့က အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး အတိုင်းထက်အလွန် အေးစက်သောအရှိန်အဝါများကို ပိုင်ဆိုင်ထားချေသည်။ ထိုမျှသာမက အသေအချာ စစ်ဆေးကြည့်ရှုလိုက်လျှင် ဤကျင့်ကြံသူတစ်ထောင်၏ ကျင့်ကြံခြင်းအဆင့်မှာ မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... ရှေးဟောင်းနယ်ပယ်အဆင့်ဖြစ်နေသည်။

တချို့က ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့်၊ တချို့က မဟာစက်ဝန်းအဆင့်တွင် ဖြစ်သည်။ မန်ဟို သူတို့ကို မြင်လျှင် ရင်းနှီးသည်ဟု မုချခံစားရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အရှိန်အဝါများက မန်ဟိုနှင့်မန်ဒဲ့ကို မန်မျိုးနွယ်စုဆီသို့ အပြန်လမ်းတွင် တိုက်ခိုက်ခဲ့သောလူများနှင့် တူ၍ပင်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ကား .... မိုးမခသစ်ရွက်တချို့ပေါ်တွင် အနှစ်သာရအရှိန်အဝါများကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူများ ရှိနေခြင်းပင်။ အရေအတွက်အားဖြင့် ခုနစ်ယောက်ရှိပြီး အကုန်လုံးက တာအိုနယ်ပယ်ပညာရှင်များ ဖြစ်ကြလေသည်။

ထိုလူခုနစ်ယောက်အကြားတွင် အသက်ငယ်ငယ်၊ အသက်ကြီးကြီး ယောက်ျားမိန်းမများ ပါသည်။ သို့သော် တစ်ယောက်မှ အားမနည်းကြပေ။ အစွမ်းအထက်ဆုံးသုံးယောက်အနက် နှစ်ယောက်က တာအိုသခင်များ ဖြစ်ကြပြီး တစ်ယောက်က ... ကြယ်တာရာကောင်းကင်၏ ပြောင်းလဲမှုများကိုပင် ခြယ်လှယ်နိုင်သော ကျင့်ကြံခြင်းအခြေခံဖြင့် ကောင်လေးတစ်ယောက် ဖြစ်သည်။ သူကား ... အနှစ်သာရ ၅ ခု တာအိုဥသျှောင်ဖြစ်နေ၏။

အနှစ်သာရ ၄ ခု တာအိုနယ်ပယ်ကျင့်ကြံသူများအား တာအိုဥသျှောင်များ ဟုခေါ်နိုင်သော်လည်း ၎င်းက ထိုအဆင့်၏အစပိုင်းလေးမျှသာ ရှိသေးသည်။ အနှစ်သာရ ၅ ခု သည် အစစ်အမှန်တာအိုဥသျှောင်တစ်ဦး ဖြစ်ပြီး အနှစ်သာရ ၆ ခုကိုမူ အထွတ်အထိပ်အဆင့်ဟု သတ်မှတ်နိုင်သည်။ တောင်ပင်လယ်လောကတစ်ခွင်လုံးတွင် အနှစ်သာရ ၅ ခု တာအိုဥသျှောင်နှင့် ထို့အထက်ပညာရှင်များအား အစွမ်းထက်ဆုံးပညာရှင်များအထဲက အစွမ်းထက်ဆုံး၊ တောင်ပင်လယ်လောကသခင်ရာထူးအတွက် ယှဉ်ပြိုင်နိုင်လောက်သည်အထိ ဘုန်းတန်ခိုးကြီးမားသူများအဖြစ် မှတ်ယူကြသည်။ ထိုကဲ့သို့ပုဂ္ဂိုလ်များတွင် တောင်ပင်လယ်လောက၏ မည်သည့်နေရာကို သွားသွား... အကြီးအကျယ်ပွက်လောရိုက်သွားစေနိုင်သော အဆင့်အတန်းများ ရှိကြ၏။

ယခုအချိန်တွင် ယင်းကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်ကား မန်မျိုးနွယ်စု၏အပြင်၌ ပေါ်လာခဲ့လေပြီ။

“တစ်ယောက်ယောက် ပြစ်ဒဏ်ကို ကျော်လွှားနေတာပဲ....” ကောင်လေးက ပြောသည်။ “ပြီးတော့ ပြစ်ဒဏ်က သိပ်ကိုဆန်းကြယ်တဲ့ ရှေးဟောင်းပြစ်ဒဏ်...

“သူ့အရှိန်အဝါနဲ့ပတ်သက်တဲ့ တစ်ခုခုက ငါ့ကို ရင်ထဲ ခိုးလုခုလုဖြစ်နေစေတယ်.... ကောင်းပြီ။ ပတ်ဝန်းကျင်က သတ္တမတောင်ပင်လယ်ဘက်တော်သား ဂိုဏ်းတွေကို ပထမဆုံး လှုပ်ရှားဖို့ အကြောင်းကြားလိုက်။ လက်ရှိအခြေအနေကို သူတို့ကို အရင်ထောက်လှမ်းခိုင်းချည်

“ငါတို့တောင်ပင်လယ်သခင်က သေချာဂရုစိုက်ဖို့ မှာထားတယ်။ ဘာကိုမှ ချွတ်ချော်သွားလို့ မဖြစ်ဘူး။ ဒီတာဝန်အောင်မြင်ရင်တော့ ... မန်သွေးဆက်တစ်ယောက်မှ အသက်ရှင်ကျန်ခဲ့တော့မှာ မဟုတ်ဘူး” ထို့နောက် ကောင်လေးက မျက်လုံးများကို ပိတ်လိုက်သည်။

သူ၏အသံ ပဲ့တင်ထပ်နေစဉ် အမိန့်တော်သည် ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုက်နက် မဟုတ်သည့် အဋ္ဌမတောင်ပင်လယ်ရပ်ဝန်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် လွင့်မျောနေသော ကုန်းမြေထုကြီးများဆီသို့ အဆင့်ဆင့်ပျံ့နှံ့ရောက်ရှိသွား၏။ ထိုဂိုဏ်းများအထဲ၌ ကောင်လေးထံမှ အမိန့်တော်များကို လက်ခံမည့် လူရိပ်များ ထွက်လာကြသည်။

အမိန့်ကို လက်ခံရရှိသောအခါ ပထမဆုံးတုံ့ပြန်မှုကား တိတ်ဆိတ်မှုသာ ဖြစ်ပေ၏။ ထို့နောက် သက်ပြင်းချသံများကို ကြားလိုက်ရသည်။ ဂိုဏ်းချုပ်များက အမိန့်များ ထုတ်ပြန်ကာ သူတို့၏ဂိုဏ်းများကို အင်အားစုစည်းစေပြီးနောက် .... မန်မျိုးနွယ်စုထံ ပျံသန်းသွားသော အလင်းတန်းများ ဖြစ်လာစေသည်။

လှုပ်ရှားသည့် ဂိုဏ်းအရေအတွက်မှာ တစ်ဒါဇင်ထက်မနည်းသလို၊ တစ်ဂိုဏ်းဆီမှ ကျင့်ကြံသူတစ်ယောက်အနည်းဆုံး စေလွှတ်ခဲ့လေသည်။ မကြာမီ ကျင့်ကြံသူသောင်းပေါင်းများစွာသည် မတူညီသောအရပ်မျက်နှာများမှ ပျံသန်းလာနေရင်း မန်မျိုးနွယ်စုနှင့် တစတစ နီးကပ်လာကြ၏။

မိုးသက်မုန်တိုင်းများ စုဝေးလာနေချေပြီ။

ဤသည်မှာ သတ္တမတောင်ပင်လယ်နှင့် အဋ္ဌမတောင်ပင်လယ်အကြား ပထမဆုံးစစ်ဖြစ်ခြင်း ဖြစ်ပြီး ပထမဆုံးစစ်မြေပြင်ကလည်း .... မန်မျိုးနွယ်စု ဖြစ်လာတော့မည်ပုံပင်။ သို့သော် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးသို့ ဂယက်အကြီးအကျယ်ရိုက်လိမ့်မည်။

ထိုမျှသာမက စစ်တပ်ကို တာအိုဥသျှောင်တစ်ဦးမှ ဦးဆောင်လာသည်ကို ထည့်တွက်လျှင် သူတို့၏ပထမဆုံးပစ်မှတ်အား သာမန်ကာလျှံကာ ရွေးချယ်ခဲ့ခြင်း မဟုတ်တန်ပေ။ အဋ္ဌမတောင်ပင်လယ်တွင် ၎င်း၏အချက်အချာကျမှု သို့မဟုတ် အရေးပါမှုအပေါ် အခြေခံ၍ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်မည်။

မည်သို့ဆိုစေ မန်ဟိုမှာ ပြစ်ဒဏ်ကို ကျော်လွှားနေဆဲ ခုလတ်တွင် ဖြစ်ပြီး မန်မျိုးနွယ်ကျင့်ကြံသူအားလုံးမှာ ၎င်းကြောင့် ရင်သပ်ရှုမောနေကြလေသည်။ သို့သော် မျက်စိရှင်ရှင်ကြည့်လျှင် ကောင်လေး အမိန့်ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် ... မန်မျိုးနွယ်ကုန်းမြေအပေါ်က လူအုပ်ကြီးကြားထဲတွင် မျက်လုံးများ မသိမသာလင်းလက်သွားသူများ ရှိကြောင်း တွေ့ရလိမ့်မည်။

ကောင်းကင်ဘုံမှ လေပြင်းတစ်ချက်က ... တစ်လောကလုံးကို သိမ်းကျုံးတိုက်ခတ်တော့မည့်အလားပင်။

**

ဝုန်း

တိမ်တိုက်များအတွင်း၌ မန်ဟိုသည် အနှစ်သာရ ၄ ခု မျက်နှာမဲ့လူများပေါ်လာသည့်အခါ လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်၏။ တောင်ဝါးမြိုမန္တန်က တောင်တန်းများအား အဆုံးမဲ့ဖိအားကြီးကို ထုတ်လွှတ်စေလျက် ကျဆင်းလာစေရာ မျက်နှာမဲ့လူလေးယောက်မှာ နောက်ဆုတ်လိုက်ရသည်။

မန်ဟို့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေသော်လည်း သူက သူတို့ကို သတ်ဖို့ အချိန်ကုန်ခံမည့်အစား မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းကာ ရှေ့ဆက်သွားလိုက်သည်။ ဤလူပုံစံပြစ်ဒဏ်အတွက် သူ အချိန်မပေးနိုင်ပေ။

သို့သော် စလှုပ်ရှားလိုက်သည့်အခိုက်တန့်မှာပင် အရှေ့ရှိတိမ်ထုထဲ၌ ... ဒန်းတစ်ဒန်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် မန်ဟို မျက်လုံးပြူးသွားသည်။

ထိုဒန်းပေါ်တွင် မိန်းကလေးတစ်ယောက်ကို သူ့ကို ကျောပေးလျက် ဒန်းစီးနေသည်။ သူမ၏ရယ်သံက ဆည်းလည်းသံလေးလို တခစ်ခစ်မြည်နေသော်လည်း မန်ဟို့နားထဲ ရောက်လာသည့်အခါ ၎င်းက သူ့စိတ်အား ချာချာလည်မူးဝေသွားစေ၏။

သူ့မှာ အခြေအနေကို သေချာစစ်ဆေးရန် ခေါင်းမော့ကြည့်လိုက်သော်လည်း မိန်းကလေးပျောက်ကွယ်သွားခဲ့သည်ကိုသာ တွေ့လိုက်ရသည်။ ဒန်းသည်သာ အသာအယာလေး ရှေ့နောက်လွှဲနေရင် ကျန်ခဲ့၏။

မန်ဟို့မျက်လုံးများ လင်းလက်သွားသော်လည်း သူက သွားနေသည်ကို မရပ်ဘဲ သူ့အနောက်၌ ပါရာဂွန်တံတား၏စွမ်းအားကို ထွက်ပေါ်စေလိုက်သည်။ ၎င်းပေါ်လာသည့်အခိုက်အတန့်တွင် သူ့ကျောနောက်မှပင် မြွေတွန်သံလို တရွှီးရွှီးအသံများကို ကြားလိုက်ရသည်။

သူက အေးစက်စွာ လှည့်ကြည့်လိုက်ရာ ခေါင်းကြီးငိုက်စိုက်ထားလျက် သွားနေသော စောစောကမိန်းကလေးကို မြင်လိုက်ရသည်။ တရွှီးရွှီးအသံများက ထိုမိန်းကလေးထံမှ လာနေခြင်းဖြစ်၏။

မန်ဟို့အကြည့်ကို ခံစားလိုက်ရသည့်အလား မိန်းကလေးသည် ခေါင်းကို မော့လိုက်၏။ ထိုသို့မော့လိုက်သောအခါ မိန်းကလေး၏ နှုတ်ခမ်းနှင့် မျက်လုံးများမှာ အပ်နှင့်ချုပ်ခံထားရပြီး သွေးမည်းမည်းကြီးများက မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့်တို့မှ ဖြည်းဖြည်းချင်း စီးကျနေကြောင်း တွေ့လိုက်ရသဖြင့် မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်.....

သူမထံမှ လာနေသော ထူးထူးဆန်းဆန်းအသံများက မန်ဟို့ကို ကြက်သီးထလာစေသည်။ ထို့နောက် သူ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ဆွဲခေါ်ရာနောက်သို့ ပါနေကြောင်း သတိထားမိလိုက်၏။

ဖြစ်ပျက်နေသောအရာများမှာ အင်မတန်လန့်စရာကောင်းသည်။ သူသည် ကျင့်ကြံခြင်းကို ယနေ့အထိ အားထုတ်နေခဲ့သည့်အတောအတွင်း များစွာကြုံတွေ့ခဲ့ဖူး၏။ သို့သော် ရှေးဟောင်းနယ်ပယ်တံခါးကို ဝန်းရံနေသော ဤတိမ်တိုက်များထဲ၌သာ သူ့မှာ ထိတ်လန့်မှုကို ခံစားလိုက်ရလေသည်။

သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ဖို့ ကြိုးစားသော်လည်း ၎င်းမှာ သူ၏ခန္ဓာကိုယ်မှ ခွဲထုတ်ခံထားရသလို ခံစားလိုက်နေရ၏။ ပါရာဂွန်တံတားကိုပင် ဆင့်ခေါ်မရသလို၊ မည်သည့်မှော်အတတ်၊ မည်သည့်မှော်ပစ္စည်းကိုမှ သုံးမရပေ။

အသက်သွင်းနိုင်သည့် အရာများဆို၍ သူ၏နိဗ္ဗာနသစ်သီးများသာ ရှိသည်။ သူ မိန်းကလေးနှင့် အတောသပ်နိုင်အောင် ဆူညံနေသော တရွှီးရွှီးအသံများကို ပြန်တိုက်ခိုက်နေစဉ် နိဗ္ဗာနသစ်သီးများထံမှ ပြင်းထန်သောစွမ်းအားများ ထွက်လာသည်။

သူမ သူ့ကို အဝေးသို့ ဆွဲခေါ်သွားသည့်အချိန်မှာပင် သူ၏နိဗ္ဗာနသစ်သီးလေးလုံးမှ စွမ်းအားက မိန်းကလေးနှင့်ဆက်နေသောအရာတစ်ခုကို ဖြတ်တောက်လိုက်သဖြင့် တဂျိန်းဂျိန်းမြည်သံများအား ပဲ့တင်ထပ်သွားစေသည်။ မန်ဟို့တစ်ကိုယ်လုံး ကျဉ်တက်သွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ မိန်းကလေးက စူးစူးဝါးဝါးအော်လိုက်သော်လည်း ရွေ့လျားနေခြင်းကို မရပ်တန့်ဘဲ မကြာခင် တိမ်တိုက်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏ကျင့်ကြံအဆင့်ကိုပင် အားမနာနိုင်ဘဲ သူ့ခမျာ ဤအခြေအနေတွင် ကူကယ်ရာမဲ့နေသလို ခံစားနေရသေးလေသည်။ ဝတ်ရုံဖြူအမျိုးသမီးနှင့် ဤမိန်းကလေးက သူ့အား ကျောချမ်းသွားစေခဲ့သည်။ လက်ရှိသူ့မှာ ထိုအရာများကို ရင်ဆိုင်နိုင်သော အဆင့်တွင် မဟုတ်သေးသယောင်ပင်။

“ဆိုတော့ ဒါက လောကပါလတာအိုအင်မော်တယ်တစ်ဦးရဲ့ ရှေးဟောင်းပြစ်ဒဏ်ပေါ့လေ..

“ရှေးဟောင်းနယ်ပယ်မှာ လူတစ်ယောက်ဟာ ဘိုးဘေးတွေရဲ့လမ်းစဉ်အတိုင်း လျှောက်ရင်း ပညာရပ်တွေရဲ့ အနှစ်သာရကို ရှာဖွေရတယ်.... ဒါဆို ငါ့ရဲ့ရှေးဟောင်းနယ်ပယ်ကတော့ လောကပါလတာအိုအင်မော်တယ်သွေးဆက်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေရမှာထင်တယ်

“တခြားသူတွေ ရှေးဟောင်းနယ်ပယ်တံခါးကို ရင်ဆိုင်ရတဲ့အခါ အခုလိုထူးထူးဆန်းဆန်းအရာတွေကို သေချာပေါက် မကြုံတွေ့ရလောက်ဘူး။ ဝတ်ရုံဖြူအမျိုးသမီးနဲ့ အဲဒီမိန်းကလေးက လောကပါလတာအိုသွေးဆက်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ တစ်ခုခုပတ်သက်ကို ပတ်သက်နေလိမ့်မယ်” မန်ဟို့မျက်နှာမှာ အရုပ်ဆိုးနေသော်လည်း သူ၏မျက်လုံးများက တောက်ပမြဲတောက်ပနေဆဲ ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် တိမ်တိုက်များကို ခွင်းရင်း ရှေးဟောင်းနယ်ပယ်တံခါးရှိရာဘက်သို့ တဟုန်ထိုး ထွက်သွားပြန်၏။

“ငါ မျက်နှာမဲ့လူတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှပဲ တိမ်တိုက်ထဲမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်လာတာ။ ပထမဆုံး အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ရန်သူတွေ။ ပြီးတော့ ဝတ်ရုံဖြူအမျိုးသမီး ပေါ်လာတယ်။ အဲဒီနောက် အနှစ်သာရ ၂ ခု ရန်သူတွေပြီးတာနဲ့ မိန်းကလေး ပေါ်လာတယ်.... အဲဒီလိုဆိုရင် ငါ နောက်တစ်ကြိမ် ရင်ဆိုင်ရမယ့်အရာက ... အနှစ်သာရ ၃ ခု တာအိုသခင်တွေ ဖြစ်လိမ့်မယ်” မန်ဟိုသည် လျှပ်စီးတန်းလို တဟုန်ထိုး သွားနေရင်း ရှေးဟောင်းနယ်ပယ်တံခါးနှင့် နီးသထက် နီးလာနေ၏။ ရုတ်တရက် အရှေ့ရှိ တိမ်တိုက်များ တဖွေးဖွေးလှုပ်လာပြီး အရိပ်လေးခု ထွက်လာသည်။

မန်ဟို ထင်ထားသည့်အတိုင်း ဤမျက်နှာမဲ့လူလေးယောက်က ... အနှစ်သာရ ၃ ခု တာအိုသခင်အဆင့်အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။

မန်ဟိုသာ စတုတ္ထနိဗ္ဗာနသစ်သီးကို အပြည့်အဝ မစုပ်ယူခဲ့လျှင် ဤမျက်နှာမဲ့လူတစ်ယောက်ယောက်နှင့် တိုက်ခိုက်ရသည့်အခါ သရေကျအောင်သာ တိုက်ခိုက်နိုင်မည့်အပြင် ဒဏ်ရာအပြင်းအထန်လည်း ရလိမ့်မည်။ သို့သော် အခြေအနေက မတူတော့ပေ။ မန်ဟိုက မျက်လုံးများ လင်းလက်တောက်ပနေလျက် ရှေ့ဆက်သွားသည်။

ဝုန်းးးးးးး ပါရာဂွန်တံတားပေါ်လာသည်။ လောကပါလတာအိုအင်မော်တယ်တစ်ဦး၏တန်ခိုး ပေါက်ကွဲထွက်လာပြီးနောက် မန်ဟိုက မျက်နှာမဲ့လူတစ်ယောက်၏အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာသည်။ သူက ထိုလူ၏နဖူးကို လက်ချောင်းဖြင့် လှမ်းတောက်လိုက်ရာ ထိုလူမှာ ဘန်းခနဲ ပေါက်ကွဲသွားတော့၏။

သို့သော် ထိုလူပေါက်ကွဲသွားသော အခိုက်အတန့်တွင် မန်ဟိုက မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်လိုက်သည်။ ပေါက်ကွဲနေသော မျက်နှာမဲ့လူသည် မြူများ ဖြစ်လာပြီး တိမ်တိုက်များအထဲ ပြန်ဝင်သွားမည့်အစား မန်ဟို့ထံ ပြေးဝင်လာသည့် မြူကြိုးတစ်ကြိုး အသွင်ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် ကျန်မျက်နှာမဲ့လူသုံးယောက်လည်း ပြိုကွဲသွားပြီးနောက် မန်ဟို့ဆီ မြွေလိမ်မြွေကောက် တိုးဝင်သွားသော ကြိုးများ ဖြစ်လာကြသည်။

မန်ဟို ဘေးသို့ ရှောင်လိုက်သည့်အချိန်မှာပင် အေးစက်စက်အသံတစ်သံက အရှေ့ရှိ တိမ်တိုက်များထံမှ ဟိန်းထွက်လာသည်။ ၎င်းက ယောက်ျားတစ်ယောက်၏အသံဖြစ်ပြီး ၎င်းပြောလိုက်သော စကားလုံးများက ရိုးရိုးရှင်းရှင်းသာဖြစ်သည်။

“လှုပ်ရှားမှုအားလုံး ရပ်စေ”

ထိုစဉ် ရှေးဟောင်းနယ်ပယ်တံခါးကို ဝန်းရံထားသော တိမ်တိုက်များ၏အပြင်တွင် မန်မျိုးနွယ်ကျင့်ကြံသူများ ရှေးဟောင်းပြစ်ဒဏ်ကို အာရုံရောက်နေကြသည့်အချိန် အလင်းတန်းထောင်ပေါင်းများစွာက မန်မျိုးနွယ်စုထံ လာနေကြသည်။

တစ်တန်းမှ တဒင်္ဂလေးပင် မရပ်ပေ။ ကျင့်ကြံသူများသည် အံတင်းတင်းကြိတ်၍ အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေကြ၏။ မကြာမီ သူတို့ မန်မျိုးနွယ်စု၏ပိုက်နက်အတွင်း ရောက်ရှိလာကြသည့်အခါ ဘိုးဘေးစံအိမ်ထဲရှိ ဧရာမရုပ်တုကြီးထံမှ အနီရောင်အလင်းများ ဖြာထွက်လာသည်။

မန်မျိုးနွယ်ကျင့်ကြံသူများသည် အနီရောင်အလင်းကို မြင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ခေါင်းဆောင်ကြီးငါးဦး၏မျက်နှာတို့လည်း အံ့အားသင့်သောဟန်ပန်များ ဖြစ်သွားကြသည်။

“အဲဒီအနီရောင်အလင်း ..... တိုင်းတစ်ပါးသားတွေ ကျူးကျော်လာနေပြီ”

“တိုင်းတစ်ပါးသားတွေ ကျူးကျော်လာနေပြီ”

အသံများ ဆူညံနေစဉ် မန်မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါက အလိုအလျောက် အသက်ဝင်လာသဖြင့် အရန်ကုန်းမြေကိုးခုထံမှ တဝုန်းဝုန်းမြည်သံများ ဆူညံလာသည်။ မန္တန်ဝင်္ကပါသည် တစ်မျိုးနွယ်စုလုံးကို လွှမ်းခြံ၍ ကျူးကျော်လာသော ကျင့်ကြံသူများကို ပြန်တိုက်ခိုက်ဖို့ လျင်မြန်စွာ ဖြာထွက်သွား၏။

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော အေးစက်စက် အသံများ ပဲ့တင်ထပ်လာသည်။

“မန်မျိုးနွယ်စု သွေးကြွေးပြန်ဆပ်ဖို့ အချိန်ကျပြီ။ မင်းတို့ မိုးနဲ့မြေအပေါ် တင်နေတဲ့ အကြွေးကို ဒီနေ့ပြန်ဆပ်ရမယ်”

“မန်မျိုးနွယ်စုက အင်အားနည်းနေပြီသားပဲ။ အဋ္ဌမတောင်ပင်လယ်မှာ မင်းတို့အတွက် နေရာထပ်မရှိတော့ဘူး။ ငါတို့ ဒီနေ့ မင်းတို့ကို သုတ်သင်အမြစ်ဖြုတ်ပြီး မန်မျိုးနွယ်စု ထာဝရတည်တံ့မယ်ဆိုတဲ့ ဒဏ္ဍာရီကို အဆုံးသတ်ပေးမယ်”

“တိမ်မြေဂိုဏ်း မန်မျိုးနွယ်စုကို အမြစ်ဖြုတ်ဖို့ ရောက်လာပြီ”

“ရေတာအိုကျောင်းတော်လည်း ရန်ကြွေးကို ချေဖို့ ဒီကို ရောက်လာပြီ”

“တောဘုရင်ခြင်္သေ့တောင်မှ တစ်နေ့တော့ အိုရသေးတာပဲ။ ဒီနေ့ ... မင်းတို့မန်မျိုးနွယ်စုအတွက် အသုဘခေါင်းလောင်းသံတွေ ညံရလိမ့်မယ်”

All Chapters