နောက်ဆုတ်ခြင်းအား ရွေးချယ်၍မရ
Vol. 91 Ch. 1272
မန်ဟိုသည် ရှေးဟောင်းနယ်ပယ်တံခါး၏ တိမ်တိုက်များအတွင်း၌သာ ရှိသေးသည့်အတွက် မန်မျိုးနွယ်စုတွင် ဘာဖြစ်နေသလဲ မသိပေ။ အလွန်ကြီးမားသောဖိအားကြီးက သူ့အပေါ် သက်ရောက်နေသဖြင့် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်လျှင်တောင်မှ ၎င်းမှာ ကြေမွသွားရလိမ့်မည်။
ထိုမျှသာမက သူ၏စွမ်းအင်အကုန်လုံးကို ရှေးဟောင်းပြစ်ဒဏ်အပေါ်တွင် အပြည့်အဝ စုစည်းထားရသည်။ ဤသည်မှာ သူ့တစ်ဘဝလုံးတွင် ရင်ဆိုင်ခဲ့ဖူးသမျှထဲ အန္တရာယ်အများဆုံးပြစ်ဒဏ် ဖြစ်လေသည်။
သူကိုယ်တိုင်ပင် အောင်မြင်ပါ့မလား ရာနှုန်းပြည့်မသေချာ။ သို့သော် ပြစ်ဒဏ်သက်ဆင်းလာခဲ့ပြီဖြစ်၍ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းကို ကျော်ဖြတ်ဖို့ ကြိုးစားရဦးမည်။ မအောင်မြင်လျှင် သူ သေရလိမ့်မည်။ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ... ပြစ်ဒဏ်ကို ကျော်လွှားဖို့သာ။
မန်ဟိုသည် တဝုန်းဝုန်းတဂျိန်းဂျိန်း ထစ်ချုန်းသံများအကြား၌ သူ့ဘဝ၏ အကြီးမားဆုံးအန္တရာယ်ကို ရင်ဆိုင်နေ၏။ လေဟုန်ခွင်းလောကမှာတုန်းကပင် ယခုလိုအန္တရာယ်မျိုးကို မကြုံတွေ့ခဲ့ရပေ။ လောလောဆယ်တွင် အနှစ်သာရ ၃ ခု တာအိုသခင်အဆင့် မျက်နှာမဲ့လူလေးယောက် ကြိုးများအသွင်ဖြင့် သူ့ဆီ ပြေးဝင်လာနေသည်ကို ရင်ဆိုင်နေရသည်။
မန်ဟို ရှောင်ရန်ပြင်လိုက်စဉ်မှာပဲ အေးစက်စက်အသံတစ်သံက တိမ်တိုက်များအတွင်းမှ ထွက်လာသည်။ “လှုပ်ရှားမှုအားလုံး ရပ်စေ”
ထိုစကားလုံးများ မန်ဟို့နားထဲသို့ ဝင်ရောက်လာလျှင်ချင်း တစ်ကမ္ဘာလုံးသည် တိတ်ဆိတ်ငြိမ်ကျသွားပြီး ရပ်တန့်သွားသယောင် ထင်ရ၏။ ထိုစကားလုံးများအတွင်း၌ မန်ဟို့ကို လှုပ်ရှားမှုအားလုံး ရပ်လိုက်ရစသော အဆုံးမဲ့မှော်စွမ်းအားတချို့ ပါရှိဟန်တူသည်။ ရုတ်တရက် သူ့မှာ တိမ်ထုကြီးအတွင်း၌ ကျောက်ရုပ်ကြီးလို မလှုပ်နိုင်တော့ပေ။
တကယ်တော့ မန်ဟိုတစ်ယောက်တည်းသာ မလှုပ်နိုင်တော့ခြင်း ဖြစ်သည်။ ကျန်ရှိသည့်အရာအားလုံးမှာ ပုံမှန်ဖြစ်ပြီး ကြိုးလေးကြိုးက မန်ဟို့ကို လျင်မြန်စွာ ရစ်ပတ်တုပ်နှောင်လိုက်သည်။ နှစ်ကြိုးက သူ့လက်မောင်းများကို ရစ်ပတ်ရင်း သူ့ကို အပေါ်မြှောက်ဆွဲလိုက်သည့်အချိန် ကျန်နှစ်ကြိုးက သူ့ခြေထောက်နှစ်ချောင်းကို ချုပ်လိုက်ရာ သူ့မှာ ရုန်းပင်ရုန်းမရတော့ပေ။
တစ်ချိန်တည်းမှာပင် နောက်ထပ်လူရိပ်တစ်ခုက တိမ်များအထဲမှ ထွက်လာသည်။ ၎င်းကား မီးခိုးရောင်ဝတ်ရုံအရှည်နှင့် အဘိုးအိုတစ်ဦး ဖြစ်လေသည်။ သူ့မှာ လမ်းလျှောက်ဖို့ပင် ခဲယဉ်းနေသည့်အလား အတိုင်းထက်အလွန် အိုမင်းနေ၏။ သို့သော် သူ၏မျက်လုံးများကတော့ စူးရှတောက်ပသည့်အပြင် မန်ဟို့ကို စိုက်ကြည့်နေစဉ် လေးစားနေသောအရိပ်အယောင်တို့ ရှိနေသည်။
“နှစ်တွေအများကြီး ကြာခဲ့ပြီ...” အဘိုးအိုက မန်ဟို့အနား တရွေ့ရွေ့ ချဉ်းကပ်လာနေရင်း ခပ်တိုးတိုး ပြောသည်။ “နောက်ဆုံးတော့ ငါတို့ စောင့်နေခဲ့ရတဲ့ တာအိုအင်မော်တယ်ရှေးဟောင်းပြစ်ဒဏ် ရောက်လာခဲ့ပြီ... မင်း ... မင်းက နောက်ပိုင်းမျိုးဆက်တွေကနေ ယဇ်ပူဇော်ထားတဲ့ တာအိုခန္ဓာကိုယ်လား။ ဘယ်လောက်ပြီးပြည်စုံတဲ့ တာအိုခန္ဓာကိုယ်လဲ.....
“ငါ သေချာပေါက် အောင်မြင်လိမ့်မယ်.... ငါပြန်လာမယ်။ တကယ်တော့ ငါက ပြန်ရောက်လာနေပြီးသားပဲ။ အဲဒီတုန်းက ဟိုနှစ်ယောက်ကို ငါတို့ အနိုင်ယူနိုင်ခဲ့ပေမယ့် ပေးဆပ်ခဲ့ရတာလည်း ကြီးမားလွန်းခဲ့တယ်။ အရမ်းကြီးမားလွန်းတော့ ထွက်တောင် ပြေးခဲ့ရတယ်....”
သူ လျှောက်လာစဉ် သူ့ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းသွားလိုက်ရသကဲ့သို့ ဖြစ်ကုန်သည်။ ၎င်းတို့သည် အရောင်ပင် ပြောင်းကုန်ပြီး အဘိုးအို၏အနောက်ရှိ ကြယ်တာရာကောင်းကင်မှာလည်း နှစ်သောင်းပေါင်းများစွာ ဖြတ်သန်းသွားရပုံပေါ်နေသည်။ အရာအားလုံး အိုမင်းဟောင်းနွမ်းလာပြီး မန်ဟိုလည်း ထိုအဘိုးအို အနားရောက်လာလေလေ၊ အသက်ကြီးလာလာလေ ဖြစ်နေပုံပင်။
သူ့ကိုယ်ပေါ်ရှိ ကြိုးများပင် ဆွေးလာသည်။ ထို့နောက် အဘိုးအိုက မျှော်လင့်နေသော အမူအရာဖြင့် အရိုးပေါ်အရေတင်နေသော လက်ကြီးကို လှမ်း၍ သူ၏လက်ချောင်းအား မန်ဟို့နဖူးထံ တို့ထိစေလိုက်သည်။
သူ့လက်ချောင်း မန်ဟိုကို ထိတော့မည့်အချိန်မှာပဲ မန်ဟို၏မျက်လုံးများက တောက်ပလာသည်။ သူသည် စကားလုံးနှစ်လုံးအား အေးစက်စွာ ရေရွတ်လိုက်၏။
“စစ် လက်နက်” ချက်ချင်း သူ၏သိုလှောင်အိတ်ထဲမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ၎င်းက ကြေးမုံတစ်ချပ်ဖြစ်ပြီး ၎င်းပျံထွက်လာသည့်အခါ တန်ခိုးကြီးစွမ်းအားတစ်ရပ် ပေါ်ပေါက်လာသည်။ ကြေးမုံသည် မန်ဟို့ညာလက်နှင့် တစ်သားတည်းဖြစ်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဓားရှည်တစ်လက် အသွင်ပြောင်းသွားခဲ့၏၊
ဤသည်ကား ... စစ်လက်နက်ပင်။
စစ်လက်နက်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက ကြယ်တာရာကောင်းကင်တွင် မိုးခြိမ်းသံများ ပြည့်နှက်သွားစေသည်။ တိမ်တိုက်များ အုန်းအုန်းထသွားပြီး လက်ကိုဆန့်တန်းထားသော အဘိုးအိုက စူးစူးဝါးဝါး ထအော်လေသည်။ သူ၏မျက်လုံးများက အံ့ဩမယုံနိုင်ဖြစ်နေဟန်ဖြင့် စစ်လက်နက်အား စိုက်ကြည့်နေသည်။ ချက်ချင်းပင် သူက နောက်ဆုတ်သွားတော့သည်။
ရုတ်တရက်ဆိုသလို သူသည် မန်ဟို နားမလည်နိုင်သော စကားများအား ပြော၏။
“မင်းပဲ မင်းပဲ ... သူတို့က မင်းကို စောင့်နေဖို့ ပြောခဲ့တယ်... ဒီလောက်နှစ်တွေကြာပြီး မင်းဖြစ်နေတာ ငါ မယုံနိုင်ဘူး....” အဘိုးအို နောက်ဆုတ်သွားသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ သူက ကြိုးဆွေးများထဲမှ ရုန်းထွက်ရင်း အဘိုးအိုထံ ကြယ်တံခွန်ကြီးလို ဝုန်းခနဲ ပြေးဝင်သွားသည်။
နှစ်ယောက်သား အလင်းတန်းများအသွင်ဖြင့် သွားနေကြစဉ် မန်ဟိုက မာန်သွင်းဟိန်းဟောက်ပြီး စစ်လက်နက်ဖြင့် လှမ်းပိုင်းချလိုက်သည်။ စူးရှတောက်ပသော အလင်းရောင်က တိမ်တိုက်များကို ဖယ်ရှားရင်း လင်းလက်ဖြာထွက်သွားသည်။ ၎င်းက ဓားအလင်းဖြစ်၍ ပိုင်းချလိုက်သည့်အခါ အဘိုးအိုအား တဆတ်ဆတ်တုန်သွားစေ၏။ သူက စတင်ပျောက်ကွယ်လာနေစဉ် အရပ်လေးမျက်နှာသို့ ဟိန်းထွက်သွားသော အသံအကျယ်ကြီးဖြင့် ကြိမ်းဝါးလိုက်သည်။
“ငါ ပြန်လာမယ်... အခု မင်းမှန်း သိပြီဆိုတော့ သေပြီသာမှတ်”
“ဘလာဘလာဘလာ အလကားအီးပေါလောကြီး” မန်ဟိုက အေးစက်စက် နှာမှုတ်ကာ ဆိုသည်။ ဓားအလင်းက တိမ်တိုက်များကို ခွဲရင်း လမ်းတစ်လမ်းအား ဖော်ပေးလိုက်သည်။ မန်ဟိုသည် ထိုလမ်းအတိုင်း ပျံသန်းသွားပြီးနောက်ဆုံး .... ရှေးဟောင်းနယ်ပယ်တံခါးအား မြင်လိုက်ရလေပြီ။
စောစောက သူသည် မလှုပ်နိုင်ခဲ့သည့်အပြင် ကြိုးလေးကြိုး၏ တုပ်နှောင်ခြင်း ခံခဲ့ရ၏။ သို့သော် သေရေးရှင်ရေးအခိုက်အတန့်တွင် သူ၏နိဗ္ဗာနသစ်သီးလေးလုံးက စွမ်းအားတို့ကို ထုတ်လွှတ်ခဲ့ရာ သက်ရောက်မှုတချို့ကို ဖယ်ရှားနိုင်စေခဲ့ပြီး သူ၏အစွမ်းထက်ဆုံး စစ်လက်နက်ကို ထုတ်နိုင်စေခဲ့ခြင်း ဖြစ်လေသည်။
မန်ဟိုက ရှေးဟောင်းနယ်ပယ်တံခါးထံ လှစ်ခနဲ ပြေးဝင်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။ အချိန်ကုန်နေပြီး တိမ်တိုက်များအတွင်းရှိ ပြစ်ဒဏ်မှာ ကြောက်ခမန်းလိလိအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်ကြောင်း သူ ခံစားရလေသည်။ သူသာ ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်၍ တိမ်တိုက်များကို မဖယ်ရှားနိုင်လျှင် သေချာပေါက် သေရလိမ့်မည်။
မန်ဟို ရှေ့ထွက်သွားသောအခိုက်အတန့်မှာပင် ထစ်ချုန်းသံများသည် ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်သွား၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လူရိပ်လေးခုက မန်ဟို့အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာခဲ့လေပြီ။ သူတို့ကား အနှစ်သာရ ၄ ခု မျက်နှာမဲ့လူများ ဖြစ်နေသည်။
သူတို့က ပေါ်လာလျှင်ချင်း မန်ဟို့ဆီ ပြေးဝင်လာကြသည်။ သူတို့တွင် မည်သည့်မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်မှ မရှိသော်လည်း မန်ဟို့အပေါ် ဖိစီးနေသော အသတ်အဖြတ်အရှိန်အဝါအား ထုတ်လွှတ်နေသည်။
မန်ဟိုပင်လျှင် အနှစ်သာရ ၄ ခု တာအိုနယ်ပယ်ရန်သူလေးယောက်ကို ရင်ဆိုင်ရာ၌ အလွန်တရာဂရုစိုက်ဖို့ လိုအပ်သည်။ သို့သော် သူ့မှာ အချိန်မရှိတော့သလို၊ တိမ်တိုက်များသည် စက္ကန့်နှင့်အမျှ ကြောက်စရာကောင်းလာနေလေသည်။ ချွေးသီးချွေးပေါက်များက သူ့နဖူးမှ လိမ့်ဆင်းလာပြီး သူ၏မျက်လုံးများမှာ ပြူးကျယ်လာတော့သည်။
ယခု သူ ရင်ဆိုင်နေရသော ခက်ခဲမှုအဆင့်ကား လုံးဝ ကြားပင်မကြားဖူးပေ။
“ဖယ်စမ်း” မန်ဟိုက မျက်နှာမဲ့လူတစ်ယောက်ဆီ ပြေးဝင်ရင်း ဟိန်းဟောက်လိုက်သည်။ ဒဏ်ရာရနိုင်ခြေကို အဖက်လုပ်မနေတော့ဘဲ သူသည် ထိုလူအား အားနှင့်ပြေးတိုက်လိုက်တော့၏။ မျက်နှာမဲ့လူမှာ နောက်လွင့်သွားသော်လည်း မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ခက်ထန်သော အနှစ်သာရစွမ်းအားက မန်ဟို့အား သွေးတစ်ပွက် အန်လိုက်ရစေသည်။ မန်ဟို့မျက်နှာသည် တင်းမာအေးစက်လာပြီး မျက်နှာမဲ့လူနောက်လွင့်သွားမှုကို အခွင့်ကောင်းယူရင်း ထိုးဖောက်ဖြတ်ကျော်သွားတော့မည့်အချိန် ကျန်မျက်နှာမဲ့လူနှစ်ယောက်က အနားရောက်လာ၏။ မန်ဟိုမှာ စစ်လက်နက်ဖြင့် သူတို့ကို ပိုင်းချလိုက်သဖြင့် လက်နက်အလင်းရောင်က လင်းခနဲ လက်သွားသည်။
သူသည် ထိုတိုက်ကွက်ထဲတွင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးကို ထည့်သွင်းခဲ့၏။ ကြောက်ခမန်းလိလိအားလှိုင်းကြီးက လိမ့်ထွက်သွားပြီး ဓားအလင်းက မျက်နှာမဲ့လူနှစ်ယောက်အပေါ် ချက်ချင်း ရောက်ရှိသွားသည်။ သို့သော် သူတို့သည် ရှောင်ဖို့မကြိုးစားဘဲ မုဒြာလက်ကွက်များဖော်ပြီးနောက် သူတို့၏ခန္ဓာကိုယ်များကို ဖောက်ခွဲပစ်လိုက်သည်။
မန်ဟိုအနေဖြင့် ထိုဖြစ်နိုင်ခြေကို ခန့်မှန်းထားပြီးဖြစ်သော်လည်း အနှစ်သာရ ၄ ခု တာအိုနယ်ပယ်ပြိုင်ဘက်လေးယောက်ကို ရင်ဆိုင်နေရသဖြင့် ရှောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်သွားပြီး ဒဏ်ရာများ ပွထပွင့်ထွက်သွားသည်။ သို့သော် သူ့မှာ ၎င်းတို့ကို အာရုံစိုက်နေရန် အချိန်မရှိ။ သူ နောက်ဆုတ်လိုက်သည့်အချိန် မိုးကြိုးဒယ်အိုး ပေါ်လာသည်။ နောက်ဆုံးမျက်နှာမဲ့လူ ချဉ်းကပ်လာသည့်အချိန်မှာပင် မန်ဟိုသည် မိုးပြာရောင်သိမ်းငှက်အသွင် ပြောင်းပြီးနောက် ခြေသည်းများဖြင့် ထိုလူ့အား ကုစ်ခြစ်ပိုင်းချလိုက်၏။ သူ့ပါးစပ်မှ သွေးများ စီးကျနေစဉ် လျှပ်စီးများက သူ့ကို လွှမ်းခြုံရင်း လျှပ်စီးကန်တစ်ကန်ဖြစ်လာကာ ရှေးဟောင်းနယ်ပယ်တံခါးဆီ ပြေးဝင်သွားသည်။
နီးသထက် နီးနေချေပြီ။
မီတာ ၃၀၀၀၊ မီတာ ၂၄၀၀၊ မီတာ ၁၈၀၀ ... ဤအခိုက်အတန့်တွင် ရုတ်တရက် နောက်ထပ်မျက်နှာမဲ့လူလေးယောက် သူ့အရှေ့တွင် ပေါ်လာသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ဖြာထွက်လာသည့်အခါ မန်ဟိုမှာ ခေါင်းနပန်းကြီးသွားသည်။ ဤလူများကား.... အနှစ်သာရ ၅ ခု တာအိုဥသျှောင်များ ဖြစ်လေသည်။
ဤလေးယောက်သည် သူ တိုက်ခိုက်ခဲ့ဖူးသော မျက်နှာမဲ့လူများနှင့် တခြားစီဖြစ်၏။ ဤလေးယောက်၏မျက်နှာများအပေါ်၌ မျက်လုံးများ ရှိနေသည်။
သူတို့၏အမူအရာများက အတိုင်းထက်အလွန် ရက်စက်ကြမ်းကြတ်နေပြီး အေးစက်စက်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ တစ်ဦးတစ်ယောက်ချင်းစီတွင် မိုးပြိုမြေပြိုနေစေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။ သူတို့ထဲမှ တစ်ယောက်သာ တိမ်တိုက်ကြီး၏အပြင်ထွက်၍ တောင်ပင်လယ်လောကတွင် ပေါ်လာခဲ့လျှင် တောင်ပင်လယ်လောတစ်ခွင် ပြဲပြဲစင်အောင် ထင်ရှားကျော်ကြားသွားလိမ့်မည်။
ယခုတော့ ထိုကဲ့သို့လူလေးယောက်ကား တစ်ပြိုင်တည်း ပေါ်လာခဲ့လေပြီ။ သူတို့အားလုံးက ပျံဝဲနေပြီး သူတို့အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ရီနေစေသည့် ဖိအားကြီးကို ထုတ်လွှတ်နေသည်။
တကယ်တော့ အစွမ်းထက်ဆုံးတာအိုဥသျှောင်အမျိုးအစားတွင် အနှစ်သာရ ၆ ခု ရှိ၏။ အနှစ်သာရ ၄ ခုနှင့် ၅ ခုက ထိုအစွမ်းထက်ဆုံးအဆင့်အတွင် ခြေနင်းကျောက်တုံးမျှသာ ဖြစ်သည်။
မန်ဟိုမှာ အလွန်ဆုံး အနှစ်သာရ ၄ ခု တာအိုဥသျှောင်များကိုသာ သတ်ဖြတ်နိုင်သည်။ လောဘ သူ၏အပြင်အားကိုယ်ကို ပြန်လည်တည်ဆောက်ပေးပြီး သူ၏နိဗ္ဗာနသစ်သီးများဖြင့် တစ်သားတည်းပေါင်းစည်းပြီးနောက် သူ၏အတိုက်အခိုက်စွမ်းရည်သည် အနှစ်သာရ ၅ ခု နှင့် ညီမျှလာခဲ့၏။
ထို့ကြောင့် သူ့အနေဖြင့် အနှစ်သာရ ၅ ခု ရန်သူတစ်ယောက်ကို တိုက်ခိုက်ရာ၌ ယုံကြည်ချက်မရှိပေ။ အလွန်ဆုံး သရေကျပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ သို့သော် အနှစ်သာရ ၅ ခု ရန်သူငါးယောက်နှင့်ပတ်သက်၍ အခြေအနေက မတူတော့ရာ မန်ဟို့မျက်လုံးများသည် မီးဝင်းဝင်းတောက်လာတော့၏။
“ငါ ပြစ်ဒဏ်ကို ကျော်လွှားနိုင်မှာ စိုးတယ်ပေါ့လေ ဟမ် .. ကောင်းပြီ ဒါက လုံးဝကူကယ်ရာမဲ့နေတာတော့ မဟုတ်ဘူး။ ဒီမျက်နှာမဲ့လူတွေနဲ့ တိုက်ခိုက်ကြည့်ပြီးတဲ့နောက်မှာ သူတို့က တကယ်တော့ တကယ့်ကမ္ဘာက တာအိုပညာရှင်တွေနဲ့ မတူဘူးဆိုတာ သိသာလာတယ်... သူတို့မှာ အသိစိတ်အပါအဝင် ကင်းမဲ့နေတာ အများကြီးပဲ။ ကျင့်ကြံခြင်းအခြေခံပဲ ရှိတော့ ... အသက်မဲ့နေတဲ့ ရုပ်သေးရုပ်တွေလို့ ဆိုလို့ရတယ်" မန်ဟို့မျက်လုံးများက အေးစက်စွာ လင်းလက်သွားသော်လည်း သူ့တွင် အချိန်မရှိပေ။ ကြောက်ခမန်းလိလိဖိအားက ဘက်နှစ်ဖက်လုံးတွင် ကြီးမားလာနေပြီး ဟိန်းဟောက်သံများသည် ပိုမိုနီးကပ်လာနေ၏။
ဟိန်းဟောက်သံများကတင် တိမ်တိုက်များအတွင်း၌ မည်သည့်ဖြစ်တည်မှုများ တည်ရှိနေလောက်သလဲ စဉ်းစားမိလိုက်စေ၍ မန်ဟိုမှာ ခေါင်းနပန်းကြီးလာတော့သည်။
“ငါ့အဖြစ်ကတော့ ဒါကို ရှေးဟောင်းပြစ်ဒဏ်လေးတစ်ခုထက် မပိုဘူးလို့ ထင်ခဲ့တယ်တဲ့လေ....” သူက ခါးသီးစွာ ပြုံးလိုက်သည်။ ရှေးဟောင်းနယ်ပယ်ပြစ်ဒဏ်တစ်ခုက ဤမျှမယုံနိုင်လောက်အောင် ခက်ခဲလိမ့်မည်ဟု သူ မည်သို့ထင်ခဲ့မိမည်နည်း။
သူက အံတင်းတင်းကြိတ်ရင်း မိုက်ရူးရဲဆန်သောမျက်ဝန်းများဖြင့် ရှေ့ဆက်သွားသည်။ သူသည် လက်ကို ဝှေ့ယမ်းရင်း တောင်များကို ကျဆင်းလာစေပြီး နေနှင့်လကို ဖော်ဆောင်ကာ ပါရာဂွန်တံတားကိုပင် ဆင့်ခေါ်လိုက်၏။ သူကား သူ၏ကျင့်ကြံခြင်းအခြေခံကို ၁၂၀ ရာခိုင်နှုန်း လှည့်ပတ်ခိုင်းထားလေသည်။ သူ၏အပြင်အားကိုယ်ပင်လျှင် အကြီးမားဆုံးခွန်အားဖြင့် ပြည့်နှက်ခိုင်မာနေ၏။
သူက အသားဂျယ်လီကို ဆင့်ခေါ်ရင်း ချပ်ဝတ်တန်ဆာဖြစ်လာစေသည်။ ယခုတွင် သူ့အနေဖြင့် စစ်လက်နက်ကို အသုံးမပြုနိုင်တော့သည့်အတွက် နဂါးလှံကို ထုတ်ကာ ရှေ့သို့ဆန့်ထုတ်ရင်း ဆက်သွားလေသည်။
သူ ဆက်သွားသည်နှင့် အနှစ်သာရ ၅ ခု မျက်နှာမဲ့လူလေးယောက်က သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် သူ့ကို ကြည့်သည်။ သူတို့က မန်ဟို့ကို တားဖို့ သူတို့ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို အသုံးပြုရင်း တစ်ပြိုင်တည်း တိုက်ခိုက်ကြ၏။
အဝေးမှကြည့်လျှင် မန်ဟိုမှာ သွေးသံရဲရဲနှင့် ရူးမိုက်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ယခုတွင် သူသည် ရူးသွပ်နေသော နတ်ဆိုးတစ်ယောက်ဖြစ်လာရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့သည့်အလား စိတ်ပိုင်းဖြတ်ထား၏။
နောက်ဆုတ်ခြင်းက ရွေးချယ်စရာမဟုတ်မှတော့ ရှေ့ဆက်တိုးသွားရုံသာ ရှိလေသည်။
အုန်းးးးးးးးးး
တောင်ဝါးမြိုမန္တန် ပြိုကွဲသွားသဖြင့် မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။
နေနှင့်လလည်း ကြေမွသွားသည်။
ပါရာဂွန်တံတားလည်း တစစီဖြစ်သွားပြီး အသားဂျယ်လီမှာ နာကျင်စွာ ညည်းတွားလိုက်ရသည်။
ဒဏ်ရာဒဏ်ချက်များမှာ သွေးများ ဖွားခနဲ လွင့်စင်ထွက်သွားသည်။ မန်ဟို့ ဒူးနှစ်ဖက်လုံး စုတ်ပြတ်ကာ ရစရာမရှိတော့ပေ။ သူက အနှစ်သာရ ၅ ခု တာအိုဥသျှောင်လေးဦး၏ ပူးပေါင်းတိုက်ကွက်အောက်ဝယ် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။
“ငါ့လမ်းက ဖယ်စမ်း” သူက ဟိန်းဟောက်လိုက်သည်။ နှစ်ဖက်လုံးမှ သူ့ကို ဖိနှိပ်နေသောဖိအားမှာ ကြောက်ခမန်းလိလိအတိုင်းအတာသို့ ရောက်ရှိလာခဲ့၍ ယခုတွင် မန်ဟို့ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
“ငါ ဖြတ်သွားပြီး ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်ရမယ်” သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ့၏အရိုးတစ်ဝက်နီးပါးလည်း ကြေနေချေပြီ။ ဤဒဏ်ရာများသည် ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုင်နက်ထဲ၌ ရရှိခဲ့သော ဒဏ်ရာများထက်ပင် ပိုမိုပြင်းထန်ဆိုးရွား၏။
သူက နောက်ဆုံးလက်ကျန်အင်အားကို အသုံးပြုရင်း လှံကို ခပ်ကြမ်းကြမ်း လွှဲလိုက်သည်။ ၎င်းက မျက်နှာမဲ့လူများကို နဂါးတစ်ကောင်သဖွယ် ဝင်တိုက်ပြီး ... အဟလေးတစ်ခု ပွင့်ဟလာစေသည်။