၈ ကွက်မြောက်ဓားသိုင်းက ခက်လို့လား
Vol. 24 Ch. 370
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
ကျင့်ကြံခြင်းတစ်ကြိမ် ပြီးမြောက်ခါစ လီချန်သည် ရှင်းကျွေး၏တင်ပြချက်ကို ကြားလိုက်ရသည်။
"လျှို့ဝှက်ရှန်ထျန်းဟွေ့က လူတွေက ငါ့ကို တွေ့ချင်နေတယ် ဟုတ်လား" လီချန် မျက်မှောင်ကြုတ်လိုက်သည်။
ယွီဟွာနတ်ဘုရားနန်းတော်က ၁၀ ခုမြောက်ဘုံမှာ အခုလေးတင် ခြေချလိုက်ရုံရှိသေးတယ်၊ လျှို့ဝှက်ရှန်ထျန်းဟွေ့က ချက်ချင်းဆိုသလို ရောက်ချလာပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်ရှန်ထျန်းဟွေ့သည် ယွီဟွာနတ်ဘုရားဂိုဏ်း၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်မှာ ထင်ရှားသည်။
ကြည့်ရတာ လျှို့ဝှက်ရှန်ထျန်းဟွေ့က ယွီဟွာနတ်ဘုရားနန်းတော်အပေါ် ကြံစည်နေတုန်းပဲ။
ဒါပေမဲ့... လျှို့ဝှက်ရှန်ထျန်းဟွေ့ရဲ့အင်အားက ဒီလောက်ပါပဲ။ လက်ရှိ ယွီဟွာနတ်ဘုရားနန်းတော်က လျှို့ဝှက်ရှန်ထျန်းဟွေ့ထက် အားနည်းမယ်လို့ သူ မထင်ဘူး။
လီချန် ခေတ္တမျှ စဉ်းစားပြီးနောက် လျှို့ဝှက်ရှန်ထျန်းဟွေ့မှ ယွီဟိန်ကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူသည် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံမှ ထွက်ခွာပြီး ချန်ချင်းနတ်ဘုရားမြို့တော်၌ ယွီဟိန်နှင့် တွေ့ဆုံလိုက်သည်။
"တာအိုရောင်းရင်းလီချန်... မတွေ့ရတာ ကြာပြီပဲ" ပုံမှန်အတိုင်း ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ယွီဟိန်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
"တာအိုရောင်းရင်းယွီဟိန်... ဒီနေ့ ခင်ဗျား ကျွန်တော့်ကို လာရှာတာ အလွမ်းသယ်ဖို့ သက်သက်တော့ မဟုတ်လောက်ဘူးမလား" လီချန်က ပေါ့ပါးစွာ ပြုံးရင်း မေးလိုက်သည်။
"အခု ၃၃ ဘုံမှာ ဖရိုဖရဲဖြစ်နေပြီ။ ကိုယ့်ဖာသာကိုယ် သီးသန့်နေချင်တယ်ဆိုရင်တောင် အရမ်း ခက်ခဲနေပြီ... ဒါပေမဲ့ ကျွန်တော့်မှာ တာအိုရောင်းရင်းကို ဒီတစ်ကြိမ် ဟွေ့ယွမ်ကပ်ဘေးကနေ လွတ်မြောက်စေနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်" ယွီဟိန်က အနည်းငယ် ပြုံးရင်း ပြောသည်။
"အဲဒါအတွက်တော့ တာအိုရောင်းရင်း ပင်ပန်းခံနေစရာ မလိုပါဘူး" လီချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူသာ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ဝင်ပုန်းနေလိုက်ရင် ဘယ်လို ဟွေ့ယွမ်ကပ်ဘေးမှ သူ့ကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။
အခု ထွက်လာတယ်ဆိုတာကလည်း ယွီဟွာနတ်ဘုရားနန်းတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်မလို့သာ ရွေးချယ်ပြီး ထွက်လာတာဖြစ်သည်။
"အာ..." ယွီဟိန် ပြောစရာ စကားမဲ့သွားသည်။ ဒီတာအိုရောင်းရင်းလီချန်က ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ။
ပုံမှန်ဆို စိတ်ဝင်စားသင့်တာ မဟုတ်ဘူးလား။
"တာအိုရောင်းရင်းလီချန်... ကျွန်တော်ပြောတာ အရင်နားထောင်ပါဦး။ ဒီစကြဝဠာ ကမ္ဘာပေါင်းများစွာထဲမှာ ၃၃ ဘုံ ဆိုတာက အဲဒီထဲက ကမ္ဘာကြီးတစ်ခု သက်သက်ပဲ ရှိတာပါ။ ဒီလို ကမ္ဘာကြီးမျိုးတွေက ထောင်ဂဏန်းမရှိရင်တောင် ရာဂဏန်းလောက်တော့ ရှိတယ်။ ကမ္ဘာကြီးတိုင်းမှာ အင်မော်တယ်နန်းတော်ထက် မလျော့နည်းတဲ့ အင်အားကြီး အဖွဲ့အစည်းတွေရှိကြတယ်။ ဒီတစ်ကြိမ် ဟွေ့ယွမ်ကပ်ဘေးက ၃၃ ဘုံ တစ်ခုတည်းမှာ ဖြစ်မှာ မဟုတ်ဘူး။ စကြဝဠာ ကမ္ဘာပေါင်းများစွာ တစ်ခုလုံးကို ရိုက်ခတ်မှာ။ ဘယ်ကမ္ဘာကြီးမှ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး..." ယွီဟိန်က ရှင်းပြသည်။
"စကြဝဠာ ကမ္ဘာပေါင်းများစွာမှာ ဘေးကင်းရာမြေ မရှိဘူးဆိုရင်၊ ခင်ဗျားတို့ လျှို့ဝှက်ရှန်ထျန်းဟွေ့မှာကော ဟွေ့ယွမ်ကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းရှိလို့လား" လီချန်က တည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။
"ကျွန်တော်တို့ လျှို့ဝှက်ရှန်ထျန်းဟွေ့မှာတော့ အဲဒီလို စွမ်းရည်မျိုးမရှိပါဘူး။ ဒါပေမဲ့... ဒီစကြဝဠာ ကမ္ဘာပေါင်းများစွာထဲမှာ တကယ်ပဲ အဲဒီလို ဘေးကင်းရာမြေရှိနေတယ်" ယွီဟိန်က ခေါင်းခါရင်း ပြောလိုက်သည်။ သူ့လေသံတွင် လေးနက်မှုများ ပါဝင်နေသည်။
"တာအိုရောင်းရင်းယွီဟိန်၊ ခင်ဗျားပဲ စောစောကပြောတော့ ဘယ်ကမ္ဘာကြီးမှ ကပ်ဘေးထဲကနေ မလွတ်ကင်းနိုင်ဘူး ဆို။ အခုကျ ဘယ်လိုလုပ် ဘေးကင်းရာမြေရှိတယ် ပြောရတာလဲ" လီချန်က ပြုံးရင်း မေးသည်။
"တာအိုရောင်းရင်းလီချန်။ ကမ္ဘာကြီး ဆိုတာက ကမ္ဘာကြီး သက်သက်ပဲ၊ အင်အားစုဆိုတာက အင်အားစု သက်သက်ပဲ... ဒီစကြဝဠာ ကမ္ဘာပေါင်းများစွာထဲမှာ ရှေးဟောင်း နတ်ဘုရားမျိုးနွယ်စုကြီးတစ်ခု ရှိတယ်။ နာမည်က ကျီမိသားစုတဲ့။ ဒဏ္ဍာရီတွေအရ ဒီကျီမိသားစုက နတ်ဘုရားကမ္ဘာရဲ့ နတ်ဘုရားတစ်သောင်းခေတ်က ရှန်ရှောင်မသေမျိုးဧကရာဇ်ဆီကနေ ဆင်းသက်လာတာတဲ့။ ဟွေ့ယွမ်ကပ်ဘေးပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ပြီး မပြိုမလဲရပ်တည်နိုင်ခဲ့တယ်။ တကယ်လို့များ ဒီစကြဝဠာကမ္ဘာပေါင်းများစွာထဲမှာ ဟွေ့ယွမ်ကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ အင်အားစုရှိတယ်ဆိုရင် အဲဒါ ကျီမိသားစုပဲ။ ယုံမှားသံသယ ဝင်စရာမလိုဘူး"
ယွီဟိန်က ဆက်ပြောသည်။ "ဟိုးအရင်တုန်းက ရှန်ထျန်းနတ်ဘုရားဂိုဏ်း မီးလောင်တိုက်သွင်းခံရတုန်းက ကျီမိသားစုက တစ်ကြိမ် ဝင်ပါဖူးတယ်။ အဲဒီတုန်းက ရှန်ရှောင်အခြားဂိုဏ်းခွဲက ပြိုင်ဘက်ကင်း ဓားသိုင်းပါရမီရှင်တစ်ယောက်ကို ခေါ်ထုတ်သွားတယ်။ အကြောင်းရင်းက အဲဒီပါရမီရှင်က ကောင်းကင်ဘုံကိုးလွှာဓားထဲက ၇ ကွက်မြောက် ဖြစ်တဲ့ ကျူရှန်ဓားကို ဉာဏ်အလင်းပွင့်ခဲ့လို့ပဲ။ တာအိုရောင်းရင်းကလည်း ကျူရှန်ဓားကို ဉာဏ်အလင်းပွင့်ထားတာဆိုတော့ သေချာပေါက် ကျီမိသားစုရဲ့ အသိအမှတ်ပြုခြင်းကို ခံရမှာပဲ။ ကျီမိသားစုထဲသာ ဝင်နိုင်ရင် ဟွေ့ယွမ်ကပ်ဘေးကို ကျော်ဖြတ်ဖို့ဆိုတာ လွယ်လွယ်လေးမဟုတ်ဘူးလား"
"ကျီမိသားစု ဟုတ်လား" လီချန် မျက်နှာတွင် အံ့သြရိပ်များပေါ်လာပြီး လျှို့ဝှက်ရှန်ထျန်းဟွေ့၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
သူ့ကို ကျီမိသားစုထဲ ဝင်စေချင်နေတာကိုး။
"ဟုတ်တယ်။ စကြဝဠာကမ္ဘာပေါင်းများစွာထဲမှာ ကျီမိသားစုရဲ့အင်အားက ထိပ်ဆုံး ၃ နေရာ ဝင်တယ်။ ၃၃ ဘုံက အင်မော်တယ်နန်းတော်ဆိုတာ ကျီမိသားစု ရှေ့မှာ ဘာမှ မဟုတ်ဘူး။ ကြားတာတော့ ကျီမိသားစုမှာ အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတွေ ရှိတယ်တဲ့။ ရှန်းဝမ် (မသေမျိုးဘုရင်) အဆင့်နဲ့ ယှဉ်နိုင်တဲ့ ကြောက်မက်ဖွယ်ရာ အဆင့်အတန်းပဲ" ယွီဟိန်က ပြောသည်။
ရှန်းဝမ် (မသေမျိုးဘုရင်) ဆိုသည်မှာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားများထဲတွင် လောကသစ်ပင် နိယာမအဆင့် ၇ နှင့် အထက်ရောက်ရှိသူများကို ခေါ်ဝေါ်သော ဂုဏ်ပုဒ်ဖြစ်သည်။
အဆင့် ၅ နှင့် အထက် ရှိသော အထူးရွှေနတ်ဘုရားများကိုမူ ရှန်းကျွင်း (နတ်မင်းကြီး) ဟု ခေါ်ဝေါ်ကြသည်။
လောကသစ်ပင် နိယာမ အဆင့် ၉ (ကန့်သတ်ချက်အထိ) ရောက်ရှိသော အထွတ်အထိပ် ရွှေနတ်ဘုရားများကိုတော့ မသေမျိုးဧကရာဇ်ဘွဲ့ ပေးအပ်ကြသည်။
သို့သော် နတ်ဘုရားကမ္ဘာ ပျက်စီးပြီးနောက်ပိုင်း ဒီအဆင့်ထိရောက်သော ရွှေနတ်ဘုရားမျိုး မပေါ်ပေါက်လာခဲ့တော့ပေ။
ထို့ကြောင့် မသေမျိုးဧကရာဇ်ဆိုသောဘွဲ့သည် နတ်ဘုရားကမ္ဘာ မပျက်စီးခင်ကသာရှိခဲ့သည်။
"အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့်ပဲ ရှိတာလား။ မဟာယာနအဆင့် မရှိဘူးလား" လီချန် စိတ်ဝင်တစား မေးလိုက်သည်။
ယွီဟိန် ဆွံ့အသွားသည်။ "တာအိုရောင်းရင်းလီချန်... နတ်ဘုရားကမ္ဘာ ပျက်စီးပြီးနောက်ပိုင်း ဘယ်သူမှ အတိဒုက္ခကို မကျော်ဖြတ်နိုင်ကြတော့ဘူး။ မဟာယာနနယ်ပယ်ကို ခြေချနိုင်သူ မရှိတော့ဘူး"
အတိဒုက္ခကျော်ဖြတ်ခြင်းက အလွန်ခက်ခဲလွန်းသောကြောင့် ကျီမိသားစုကဲ့သို့သော ရှေးဟောင်း နတ်ဘုရားမျိုးနွယ်ကြီးများပင်လျှင် အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသော်လည်း အပြင်လောကသို့ ထွက်ခွင့်မပေးပေ။ အန္တရာယ်များလွန်းသောကြောင့်ဖြစ်သည်။
အတိဒုက္ခကျော်ဖြတ်ခြင်းကာလတွင် ရှိနေသူများသည် အနည်းငယ် သတိလက်လွတ်ဖြစ်သွားသည်နှင့် မိုးကြိုးကပ်ဘေး ကျရောက်လာနိုင်ပြီး သေဆုံးသွားနိုင်သည်။
ထို့ကြောင့် အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံးနည်းလမ်းမှာ လောကနှင့် အဆက်ဖြတ်ပြီး တံခါးပိတ်ကျင့်ကြံနေခြင်း၊ စွမ်းအားထုတ်သုံးခြင်းကို အတတ်နိုင်ဆုံး လျှော့ချခြင်းသာဖြစ်သည်။ သို့မှသာ အတိဒုက္ခရောက်လာမည့်အချိန်ကို ဆွဲဆန့်ထားနိုင်မည် ဖြစ်သည်။
"တာအိုရောင်းရင်းယွီဟိန်... ကျွန်တော် သိချင်တာတစ်ခုက ခင်ဗျားတို့ လျှို့ဝှက်ရှန်ထျန်းဟွေ့က ဘာလို့ ကျွန်တော့်ကို ကျီမိသားစုထဲ ဝင်စေချင်ရတာလဲ။ ခင်ဗျားတို့အတွက် ဘာအကျိုးရှိလို့လဲ" လီချန် ရုတ်တရက် မေးလိုက်သည်။
သူကတော့ ကျီမိသားစုထဲ ဝင်ဖို့ လုံးဝမဖြစ်နိုင်ပေ။ သူ့မှာ နတ်ဘုရားကိရိယာ အချိန်ခေါင်းလောင်း ရှိပြီးသားမလို့ အေးဆေးပဲ ကျင့်ကြံနေလိုက်မည်။
ကျီမိသားစုလို အင်အားကြီးမားတဲ့ နတ်ဘုရားမျိုးနွယ်စုထဲ ဝင်လိုက်ရင် မလိုလားအပ်တဲ့ အပြောင်းအလဲတွေ များလွန်းသွားလိမ့်မည်။
ဒါပေမဲ့ ကျီမိသားစုထဲဝင်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း သူ သိပါသည်။
အစီအရင်၊ ဝိညာဉ်စိုက်ပျိုးခြင်း၊ ဆေးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း စတဲ့ပညာရပ်တွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ သေချာပေါက် ပြည့်စုံနေမှာဖြစ်သလို၊ နတ်ဘုရားကမ္ဘာ မပျက်စီးခင်က ကျန်ရစ်ခဲ့တဲ့ ပစ္စည်းကောင်းတွေလည်း အများကြီးရှိနေမှာ သေချာသည်။
"တာအိုရောင်းရင်းလီချန်... အကျိုးရှိတာပေါ့။ ခင်ဗျားကို ထောက်ခံပေးလိုက်တဲ့ ကုသိုလ်(စွမ်းဆောင်မှု)ကြောင့် ကျွန်တော်လည်း ကျီမိသားစုရဲ့ ကမ္ဘာကြီးထဲကို ဝင်ခွင့်ရကောင်းရနိုင်တယ်။ အဲဒီလိုဆိုရင် ကျီမိသားစုရဲ့ အကာအကွယ်အောက်မှာ ဟွေ့ယွမ်ကပ်ဘေးကို ကျော်ဖြတ်နိုင်မှာလေ" ယွီဟိန်က ပြောလိုက်သည်။
ကျီမိသားစု ကမ္ဘာကြီးထဲဝင်ရရုံနှင့် ဟွေ့ယွမ်ကပ်ဘေးကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဟု အာမခံချက် မရှိသော်လည်း၊ အသက်ရှင်နိုင်ချေကတော့ အများကြီး ပိုများသွားမည်။
"ရှေးဟောင်းကျင့်ကြံသူတွေက ဟွေ့ယွမ်ကပ်ဘေးရဲ့ ရိုက်ခတ်ခြင်းကို မခံရဘူး မဟုတ်လား။ ဘာလို့ လျှို့ဝှက်နယ်မြေတစ်ခုခုမှာ သွားပုန်းမနေကြတာလဲ" လီချန် ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
"အလကားပဲ... နတ်ဘုရားကမ္ဘာရဲ့ နယ်နိမိတ်အတွင်းမှာရှိသမျှ ကမ္ဘာကြီးတွေ အကုန်လုံးက ကပ်ဘေးအငွေ့သက်တွေရဲ့ ညစ်ညမ်းမှုကို ခံရမှာ။ ဘယ်လို လျှို့ဝှက်နယ်မြေမှ လွတ်အောင် ပြေးလို့မရဘူး။ ဒီကပ်ဘေးအငွေ့သက်ရဲ့ နောက်ကွယ်မှာ ဟွန်တွန်က ကြိုးကိုင်နေတာ။ သူက ကပ်ဘေးအငွေ့သက်သင့်နေတဲ့ သက်ရှိမှန်သမျှကို ထိန်းချုပ်ပြီး ရှေးဟောင်းကျင့်ကြံသူတွေကို လိုက်လံသတ်ဖြတ်ခိုင်းမှာ..." ယွီဟိန်က ခေါင်းခါရင်း ပြောသည်။
သာမန် နတ်ဘုရားလမ်းစဉ် ကျင့်ကြံသူများဆိုလျှင် မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား အပါး ၁၀၀ မှာ ၁ ပါးလောက်တော့ အသက်ရှင်နိုင်သေးသည်။
သို့သော် တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူများအတွက်မူ... ကံတရား အလွန်ကောင်းမွန်သူများမှလွဲ၍ ဟွန်တွန်၏ ပစ်မှတ်ထားခြင်းကို ရှောင်လွှဲနိုင်ရန် အလွန်ခက်ခဲသည်။
"ဒါဆို ကျီမိသားစုက ဘယ်လိုလုပ် လွတ်အောင်ရှောင်နိုင်တာလဲ။ သူတို့က ဟွန်တွန်ထက် ပိုစွမ်းနေလို့လား" လီချန် မေးလိုက်သည်။
"တာအိုရောင်းရင်းလီချန်... ဒါက ခင်ဗျား ကျင့်ကြံထားတဲ့ ကောင်းကင်ဘုံကိုးလွှာဓား နဲ့ ဆိုင်သွားပြီ။ ၇ ကွက်မြောက် ဖြစ်တဲ့ ကျူရှန်ဓားက မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားတွေကို သတ်ဖြတ်နိုင်တယ်။ ဒါပေမဲ့ ၈ ကွက်မြောက် ဖြစ်တဲ့ လုရှန်ဓားကတော့ ပြင်ပနတ်ဘုရားတွေကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်။ သဘာဝကျကျပဲ ဟွန်တွန်အဖွဲ့အစည်းကလည်း ဒီဓားသိုင်းကို အလွန် ကြောက်ရွံ့တယ်။ ဒါကြောင့်လည်း ကျွန်တော်က ခင်ဗျားကို ကျီမိသားစုထဲ ဝင်ဖို့ တိုက်တွန်းနေတာ။ ခင်ဗျားက ကျူရှန်ဓားကို ဉာဏ်အလင်းပွင့်ပြီးသားဆိုတော့ နောက်ထပ်တစ်ဆင့်တက်ပြီး လုရှန်ဓားကိုပါ ဉာဏ်အလင်းပွင့်နိုင်ချေရှိတယ်။ တကယ်လို့ ခင်ဗျားသာ မဝင်ဘူးဆိုရင် ၈ ကွက်မြောက် ဓားသိုင်းရဲ့ အနှစ်သာရကိုရရှိဖို့ ခက်ခဲလိမ့်မယ်။ တစ်သက်လုံး ၈ ကွက်မြောက် ဓားသိုင်းကို ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ယွီဟိန်ကပြောရင်း သူ့လေသံထဲမှ အားကျမှုကို ဖုံးကွယ်မထားပေ။
လီချန်က ကျူရှန်ဓားကို ဉာဏ်အလင်းပွင့်ထားသည်ဆိုကတည်းက ကျီမိသားစုထဲဝင်ဖို့ ဝင်ခွင့်လက်မှတ် ရထားပြီးသားနှင့် တူတူပင်။ ကျီမိသားစုထဲ ရောက်သွားသည်နှင့် သေချာပေါက် အလေးပေးမွေးထုတ်ပေးခြင်းခံရမည်။
ကမ္ဘာအသီးသီးမှာ အဖိနှိပ်ခံနေရတဲ့ ရှေးဟောင်းကျင့်ကြံသူ အင်အားစုတွေထဲမှာ ကျီမိသားစုထဲ မဝင်ချင်တဲ့သူ ဘယ်သူရှိလို့လဲ။
ဒါပေမဲ့ ဒီလီချန်ကျတော့ အရည်အချင်းရော အခွင့်အရေးရောရှိရက်နဲ့ တိုက်ရိုက်ငြင်းပယ်လိုက်တယ်။
၈ ကွက်မြောက် ဓားသိုင်းက ခက်လို့လား။
လီချန် စိတ်ထဲတွင် တွေးလိုက်မိသည်။
သူ့မှာက ရှန်ရှောင် ၈ ကွက်မြောက်ဖြစ်တဲ့ လုရှန်ဓားက အခြေခံအဆင့်သာမက ကျွမ်းကျင်အဆင့်တောင် ရောက်နေပြီလေ။
တိုးတက်မှုက နှေးကွေးတယ်ဆိုပေမဲ့ ဒီလုရှန်ဓားက တကယ်ကို စွမ်းအားကြီးတာ အမှန်ပဲ။
သူ တကယ်တမ်း ထုတ်မသုံးဖူးသေးတာပဲရှိတာ။
***