← Chapters

ကျီမိသားစုရဲ့ ပေးကမ်းရက်ရောမှု

Vol. 24 Ch. 375

ကျီမိသားစုရဲ့ ပေးကမ်းရက်ရောမှု

Vol. 24 Ch. 375

"တာအိုရောင်းရင်းယဲ့ယွီ... တစ္ဆေနယ်မြေတစ်ခုကို ချေဖျက်ရတာ ဘယ်လောက်တောင် ပင်ပန်းပြီး တန်ဖိုးကြီးပေးဆပ်ရလဲဆိုတာ ခင်ဗျားလည်း သိမှာပါ။ ကျွန်တော်က တစ္ဆေနယ်မြေ ၂ ခုကို ဆက်တိုက် ရှင်းလင်းပေးခဲ့ရတာလေ။"

"ဒါကြောင့် လောလောဆယ် ကျွန်တော် အားအင်ပြန်ဖြည့်ဖို့ လိုအပ်နေသေးတယ်။ ဟုန်ယွင်နတ်ဘုရားဂိုဏ်းဘက်က တစ္ဆေနယ်မြေကို လာရှင်းပေးဖို့အတွက် ချက်ချင်းကြီး မဖြစ်နိုင်သေးဘူး" လီချန်က အားနာပါးနာ မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။

တကယ်တမ်းကျတော့ လီချန်က တစ္ဆေနယ်မြေကို ရှင်းလင်းရာမှာ လုရှန်ဓားကို ထုတ်မသုံးခဲ့ပေ။ ဒါကြောင့် သူ့ရဲ့ နိယာမ မူလစွမ်းအင်တွေ ကုန်ခမ်းသွားတာမျိုး မရှိပါဘူး။

သူ့မှာ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရှိနေတာကြောင့် ငရဲဘုံ မူလအနှစ်သာရတွေကို အလွယ်တကူ သန့်စင်ပြီး စုပ်ယူနိုင်တယ်။ လင့်တုန်းလောကသစ်ပင်ရဲ့ တိုးတက်မှုနှုန်းကိုတောင် မြှင့်တင်နိုင်လိုက်သေးတယ်။ ကျည်တစ်တောင့်တည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုပါပဲ။

ဒါပေမဲ့ လီချန်က တစ္ဆေနယ်မြေတွေကို မကြာခဏ သွားရှင်းလင်းတာမျိုး မလုပ်ချင်ဘူး။ ငရဲဘုံသား တစ္ဆေမျိုးနွယ်တွေရဲ့ သတိထားမိတာကို ခံရမှာ စိုးလို့ပါ။

သူတို့က အလွန်အင်အားကြီးမားတဲ့ ကမ္ဘာတစ်ခုက အဖွဲ့အစည်းလေ။ သူတို့ မျက်စိကျတာ ခံလိုက်ရရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်။

ပြီးတော့ လက်ရှိအခြေအနေကလည်း မရေရာသေးဘူး။ တကယ်လို့ ဒါတွေအားလုံးက သူ့ကို အပြင်ထွက်လာအောင် အင်မော်တယ်နန်းတော်က ထောင်ချောက်ဆင်ထားတာဆိုရင်ရော။ အန္တရာယ် အရမ်းများလွန်းတယ်။

နောက်တစ်ခုက ကျီမိသားစုက ၁၀ ခုမြောက်ဘုံမှာ အခြေစိုက်စခန်း လာဖွင့်မယ့်ကိစ္စ။ ဒီကိစ္စရဲ့ လေသင့်ရာကိုလည်း သူ စောင့်ကြည့်ချင်သေးတယ်။

"တာအိုရောင်းရင်းလီချန်... စိတ်မပူပါနဲ့။ ဒီကိစ္စက ဒီလောက်ကြီး အလျင်မလိုပါဘူး။ ခင်ဗျား အဆင်ပြေတဲ့အချိန်ကျမှ လာကူညီပေးရင်ရပါပြီ" ရွှေနတ်ဘုရား ယဲ့ယွီက သဘောထားကြီးစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။

ဟုန်ယွင်နတ်ဘုရားဂိုဏ်း လိုချင်တာက လီချန်ရဲ့သဘောထားပဲ။ အခု လီချန်က ငြင်းလိုက်တာ မဟုတ်ဘဲ အချိန်ရွှေ့လိုက်တာဆိုတော့ သူတို့ စိတ်အေးသွားရပြီ။ ဆိုလိုတာက အရင်တုန်းက အင်မော်တယ်နန်းတော်ရဲ့ ဖမ်းဝရမ်းကိစ္စတွေကြောင့် လီချန်က ဟုန်ယွင်နတ်ဘုရားဂိုဏ်းအပေါ် အငြိုးအတေးမထားဘူးဆိုတာ သေချာသွားပြီ။

သူတို့နှစ်ဦး ခနလောက်စကားစမြည် ပြောဆိုပြီးနောက် ယဲ့ယွီကာ နှုတ်ဆက်ပြန်သွားသည်။

မပြန်ခင်မှာ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ရာမှာသုံးတဲ့ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ထားရစ်ခဲ့သည်။ အဲဒီထဲမှာ မွေးရာပါဝိညာဉ်ပစ္စည်းတွေနဲ့ နတ်ဆေးပင်တွေ ပါဝင်သည်။ ဒီလောက်တန်ဖိုးကြီးတဲ့ လက်ဆောင်ကို လီချန် ဘယ်ငြင်းမလဲ။

လောလောဆယ် ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုပေမဲ့၊ ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။ အရေးပေါ်အခြေအနေကြုံလာရင် သုံးလို့ရတာပေါ့။

တကယ်တော့ လျှို့ဝှက်ရှန်ထျန်းဟွေ့ဘက်က ပံ့ပိုးပေးတဲ့ ကုန်ကြမ်းတွေကလည်း အရင်ကထက် ပိုများလာသည်။

....

ထင်ထားတဲ့အတိုင်းပင်။

လဝက်လောက်အကြာမှာတော့ ကျီမိသားစုက လူတွေ ရောက်လာကြသည်။

လာတဲ့သူက လီချန်နဲ့ ရင်းနှီးပြီးသား ကျီယင်းပင် ဖြစ်သည်။

"တာအိုရောင်းရင်းကျီ... ခင်ဗျားတို့ ကျီမိသားစုက တကယ်ပဲ ၁၀ ခုမြောက်ဘုံမှာ အမြဲတမ်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာလား" လီချန်က သံသယအပြည့်ဖြင့် မေးလိုက်သည်။ ဒီကိစ္စက တော်တော် ထူးဆန်းနေလို့ပါ။

"ဟားဟား... ဟုတ်ပါတယ်။ ဘိုးဘေးကိုယ်တိုင် အမိန့်ပေးလိုက်တာပါ။ ကျွန်တော့်ကို ဒီမှာ အမြဲတမ်းနေထိုင်ဖို့ တာဝန်ပေးလိုက်တယ်။ အခြေစိုက်စခန်းနေရာကို စဉ်းစားကြည့်တော့ ဒီချန်ချင်းနတ်ဘုရားမြို့တော်က အသင့်တော်ဆုံးပဲလို့ ယူဆမိတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဂိုဏ်းကို အနှောင့်အယှက် ပေးရပါဦးမယ်" ကျီယင်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

သာမန် အဖွဲ့အစည်းတွေဆိုရင်တော့ အင်အားကြီးမားလှတဲ့ ကျီမိသားစုက ကိုယ့်အိမ်ရှေ့မှာ လာပြီး စခန်းချမယ်ဆိုတာကြားရင် ထိတ်လန့်ပြီး အိပ်မပျော် စားမဝင် ဖြစ်ကုန်ကြမှာ။

ဒါပေမဲ့ လီချန်ကတော့ အရမ်းတည်ငြိမ်နေသည်။ သူ ဂရုမစိုက်ပါဘူး။

သူ့စိတ်ထဲမှာ ရှင်းနေတယ်။ ကျီမိသားစုက ဘယ်လောက်ပဲ အင်အားကြီးကြီး၊ တခြားကမ္ဘာကနေ ဖြတ်ကျော်လာတာဖြစ်လို့ အကန့်အသတ်တွေရှိနေမှာပဲ။ အင်အားအများကြီး စေလွှတ်နိုင်မှာ မဟုတ်ဘူး။

ပြီးတော့ ကျီမိသားစုရဲ့သမိုင်းကြောင်းအရ တခြားကမ္ဘာတွေကို တိုက်ခိုက်ကျူးကျော်လေ့ မရှိဘူး။

အကောင်းဆုံး အချက်ကတော့... ကျီမိသားစုရောက်လာတာက သူ့အတွက် ဒိုင်းကာတစ်ခုဖြစ်လာနိုင်တယ်။

အင်မော်တယ်နန်းတော်က သူ့ကို တကယ်အရေးယူချင်ရင်တောင် ကျီမိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး စဉ်းစားရတော့မယ်။

ဒါကိုတွေးမိပြီး လီချန် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပြုံးလိုက်သည်။ "တာအိုရောင်းရင်းကျီ... ခင်ဗျားတို့က ချန်ချင်းနတ်ဘုရားမြို့တော်ကို ရွေးချယ်တယ်ဆိုတာ ကျွန်တော်တို့ ယွီဟွာနတ်ဘုရားဂိုဏ်းအတွက် ဂုဏ်ယူစရာပါ။ ခင်ဗျားတို့ စိတ်တိုင်းကျမယ့်နေရာကို ကျွန်တော် စီစဉ်ပေးပါ့မယ်"

ကျီယင်းလည်း ဝမ်းသာသွားပြီး လက်သီးဆုပ်ကာ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းလီချန်"

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လှပသပ်ရပ်သော သိုလှောင်အိတ်တစ်လုံး စားပွဲပေါ်သို့ ကျရောက်လာသည်။

သူက ဖော်ရွေစွာ ပြုံးရင်း ပြောလိုက်သည်။ "တာအိုရောင်းရင်းလီချန်... ခင်ဗျားရဲ့ ဆေးဖော်စပ်တဲ့ ပညာရပ်က ပြိုင်ဘက်ကင်းပြီး အာနိသင်ထိရောက်တယ်လို့ ကြားဖူးပါတယ်။ ဒီထဲမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် ကုန်ကြမ်းပစ္စည်း အစုံ ၁၀၀၀ ပါ,ပါတယ်။ ကျွန်တော်တို့ ကျီမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမလား"

"အစုံ ၁၀၀၀ တောင်လား" လီချန် အံ့သြသွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

ကျီမိသားစုရဲ့ကြွယ်ဝမှုက တကယ့်ကို အံ့မခန်းပါပဲ။ ဒီလောက်များတဲ့ ပမာဏကို လွယ်လွယ်လေး ထုတ်ပေးလိုက်တာ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်ပါရဲ့။ ကျီမိသားစုက ရှေးဟောင်းကျင့်ကြံနည်း လမ်းစဉ်ကို လိုက်တဲ့ မိသားစုကြီးဖြစ်ပြီး၊ ကမ္ဘာကြီး တစ်ခုလုံးကို ပိုင်စိုးထားကာ စကြဝဠာအနှံ့ ကျော်ကြားတဲ့ အဖွဲ့အစည်းလေ။ ဒီလောက်စုဆောင်းထားနိုင်တာ မဆန်းပါဘူး။

သူ့စိတ်ကို ပြန်လည်တည်ငြိမ်အောင်လုပ်ပြီး လီချန် ပြုံးလိုက်သည်။ "သေချာတာပေါ့။ ဒါပေမဲ့ တာအိုရောင်းရင်းကျီ... ရလာတဲ့ ဆေးလုံးတွေကို ကျွန်တော်တို့ ဘယ်လိုခွဲဝေကြမလဲ"

ကျီယင်းက ပြုံးပြီး ပြောသည်။ "ကျွန်တော် ကြားတာတော့ ခင်ဗျားက လျှို့ဝှက်ရှန်ထျန်းဟွေ့နဲ့လည်း ပူးပေါင်းထားတယ် ဆို... အဲဒီအတိုင်းပဲ ခွဲဝေကြရင်ရော ဘယ်လိုလဲ"

လီချန် ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"

ကုန်ကြမ်း အစုံ ၁၀၀၀ ဆိုတာ သူ့အတွက် ကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ။

ပုံမှန်အတွေ့အကြုံအရ ဆိုရင် ဆေးလုံး ၉၀၀၀ လောက် ထွက်နိုင်တယ်။

ကျီမိသားစုကို ၃၀၀၀ ပေးလိုက်ရင်တောင် သူ့အတွက် ၆၀၀၀ ကျန်ဦးမယ်။

ဆိုလိုတာက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၆၀၀၀ မွေးထုတ်ပေးနိုင်မှာ။

သေချာတာကတော့ ဒီလောက်များတဲ့ ဆေးလုံးတွေကို ဖော်စပ်ဖို့ဆိုတာ ခဏလေးနဲ့ပြီးမယ့် ကိစ္စ မဟုတ်ဘူး။

ဆိုလိုတာက သူ ဆေးမီးဖိုရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်ရတော့မယ်။

"တာအိုရောင်းရင်းလီချန်... ဒီကုန်ကြမ်း အစုံ ၁၀၀၀ အပြင်၊ ဒီအထဲမှာ ကျီမိသားစု ဘိုးဘေးတွေ ကောင်းကင်ဘုံအဌမဓား (လုရှန်ဓား) ကို လေ့လာစဉ်က မှတ်တမ်းတင်ထားခဲ့တဲ့ အတွေ့အကြုံ မှတ်စုတွေ ပါပါတယ်။ ခင်ဗျားအတွက် အထောက်အကူဖြစ်မယ် ထင်ပါတယ်" ကျီယင်းက ပြုံးပြီး ဆက်ပြောလိုက်သည်။

လီချန်ကို သိမ်းသွင်းဖို့အတွက် ကျီမိသားစုက တော်တော်လေး အရင်းအနှီး စိုက်ထုတ်ထားတယ်။

ကျီယင်းကိုယ်တိုင်တောင် မိသားစုရဲ့ ပင်မမျိုးဆက်ဖြစ်ပြီး ကျူရှန်ဓားကို တတ်မြောက်ထားတဲ့ အလယ်အဆင့် မျိုးနွယ်စုအကြီးအကဲဖြစ်ပေမဲ့၊ ဒီလို တန်ဖိုးကြီးတဲ့ မှတ်တမ်းတွေကို အလကား မရနိုင်ဘူးလေ။

လီချန် အံ့သြမှင်သက်သွားသည်။

ဘာလဲဟ။ ကျီမိသားစုက ဘာလို့ ဒီလောက် အပေးအကမ်းရက်ရောနေရတာလဲ။

ကုန်ကြမ်းတွေပေးတာတင် မကဘူး၊ တန်ဖိုး ဖြတ်မရနိုင်တဲ့ လုရှန်ဓား လေ့လာမှုမှတ်တမ်းတွေကိုပါ ပေးလိုက်တယ် ဟုတ်လား။

သူ သိုလှောင်အိတ်ကို ကောက်ယူပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

အတွင်းထဲတွင် ကျောက်စိမ်းပြား ဒါဇင်ပေါင်းများစွာ ရှိနေပြီး၊ အားလုံးက လုရှန်ဓားနှင့်သက်ဆိုင်သော အတွေ့အကြုံမှတ်တမ်းများဖြစ်ကြသည်။

လီချန် စိတ်မထိန်းနိုင်ဘဲ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဖတ်ကြည့်လိုက်သည်။

ချက်ချင်းပင် ကြီးမားသော သတင်းအချက်အလက် စီးကြောင်းကြီးတစ်ခု သူ့ခေါင်းထဲ ဝင်ရောက်လာပြီး ဓားသိုင်းသမုဒ္ဒရာကြီးတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

တစ်ခုပြီးသွားတော့ နောက်တစ်ခုထပ်ဖတ်သည်။

အချိန်အတော်ကြာမှ သူ သက်ပြင်းချလိုက်ပြီး မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

ဒီမှတ်တမ်းတွေထဲမှာ လုရှန်ဓားကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ဘိုးဘေးတွေရဲ့ မှတ်တမ်းတွေတောင် ပါတယ်။

မှတ်တမ်းတစ်ခုချင်းစီက ထူးခြားပြီး တန်ဖိုးရှိတယ်။ သူ့ရဲ့ လုရှန်ဓား နားလည်သဘောပေါက်မှုကို အများကြီးတိုးတက်စေတယ်။

"တကယ့် ပစ္စည်းကောင်းတွေပဲ!" လီချန် ရေရွတ်လိုက်သည်။

ဒီမှတ်တမ်းတွေ ရှိရင် သူ့ရဲ့ လုရှန်ဓား တိုးတက်မှုနှုန်းက အများကြီး မြန်ဆန်လာမှာ သေချာတယ်။

"သစ်ပင်ကြီးအောက်မှာ ခိုလှုံရတာ တကယ်အေးမြတာပဲ" လီချန် စိတ်ထဲတွင် တွေးလိုက်မိသည်။

တကယ်လို့ သူသာ ကျီမိသားစုထဲ ဝင်လိုက်ရင် ဒီ့ထက်ပိုတဲ့ အထောက်အပံ့တွေ ရနိုင်လောက်တယ်။

ဒါပေမဲ့ ဒီပစ္စည်းတွေ လိုချင်ရုံသက်သက်နဲ့တော့ သူ ကျီမိသားစုထဲ ဝင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ကျီမိသားစုက ဒီပစ္စည်းတွေကို အလကား လာပေးနေတာလေ။

လီချန် ပစ္စည်းတွေကို ချထားလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "တာအိုရောင်းရင်းကျီ... အလုပ်မလုပ်ဘဲ ဆုလာဘ် မယူသင့်ပါဘူး။ ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ယူရတာ ကျွန်တော် နည်းနည်းအားနာမိတယ်"

ဆေးလုံးကိစ္စကတော့ အကျိုးတူ ပူးပေါင်းတာမို့ လက်ခံလို့ရတယ်။

ဒါပေမဲ့ ဒီလောက်များတဲ့ ဓားသိုင်းမှတ်တမ်းတွေကို အလကားလာပေးတာက နည်းနည်း ပုံမှန် မဟုတ်ဘူး။

"တာအိုရောင်းရင်းလီချန်... တခြား အကြောင်းပြချက် မရှိပါဘူး။ ခင်ဗျားက ကျွန်တော်တို့ ကျီမိသားစုလိုပဲ မသေမျိုးဧကရာဇ်ရဲ့ သွေးမျိုးဆက် ဖြစ်နေလို့ပါ" ကျီယင်းက ပြောသည်။

လီချန် စိတ်ထဲတွင် ကျိတ်ရယ်လိုက်သည်။ သူ့စကားကို ယုံတဲ့သူက အရူးပဲဖြစ်မှာ။

ဒါပေမဲ့ ကိုယ့်ရဲ့ ဓားသိုင်းတိုးတက်မှုကို အထောက်အကူပြုမယ့် ပစ္စည်းကောင်းတွေကို အလကား ရနေမှတော့ ဘာလို့ငြင်းနေမှာလဲ။

"တာအိုရောင်းရင်းကျီ... ကျီမိသားစုမှာ အဆင့်မြင့်အစီအရင်၊ ဝိညာဉ်စိုက်ပျိုးခြင်း၊ ဆေးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ မှတ်တမ်းတွေရှိမလား" လီချန်က ရုတ်တရက် မေးလိုက်သည်။

ခင်ဗျားပဲ လိုတာရှိရင် ပြောဆို... ဒါဆို ကျွန်တော်လည်း အားမနာတော့ဘူး။

"ရှိတာပေါ့။ ဒီဘက်အပိုင်းမှာ ကျီမိသားစုက အတော်လေး စုံလင်ပါတယ်။ ကျွန်တော် လူလွှတ်ပြီး ယူခိုင်းလိုက်ပါ့မယ်" ကျီယင်းက ချက်ချင်း ပြောလိုက်သည်။

လီချန် တောင်းတာများနေမှာကို သူ မကြောက်ဘူး။ လီချန်က ဘာမှမလိုချင်ဘဲ ခေါင်းမာနေမှာကိုပဲ ကြောက်တာ။

ကျီမိသားစုရဲ့ နှစ်ပေါင်း သောင်းချီ စုဆောင်းထားတဲ့ အရာတွေထဲက အနည်းအကျဉ်းလောက် ထုတ်ပေးလိုက်ရုံနဲ့ လီချန်ကို ကျေနပ်စေနိုင်တယ်ဆိုရင် တန်တာပေါ့။

"ဒါဆို ကျေးဇူးအများကြီး တင်ပါတယ်" လီချန် ဝမ်းသာအားရ ပြောလိုက်သည်။

ဒီအရန်အတတ်ပညာ မှတ်တမ်းတွေကိုရလိုက်ရင် သူ့ရဲ့ တိုးတက်မှုက အများကြီးမြန်ဆန်သွားမှာ။

အထူးသဖြင့် အစီအရင်အပိုင်းမှာ... အခု သူ့ရဲ့ အချိန်ခေါင်းလောင်း ဓားအစီအရင်ကို ပြီးပြည့်စုံအောင် လုပ်ဖို့အတွက် မင်ဝမ်အစီအရင်ကျမ်းတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။

.....

အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြန်ရောက်တာနဲ့ လီချန်က ကျီမိသားစု ဘိုးဘေးတွေရဲ့ လုရှန်ဓား မှတ်တမ်းတွေကို စတင် လေ့လာတော့သည်။

တကယ်ကို တန်ဖိုးရှိလှပေတယ်။

အချိန်ခေါင်းလောင်းရဲ့ ဉာဏ်အလင်းပွင့်စေတဲ့အစွမ်းနဲ့ ပေါင်းစပ်လိုက်တော့ လီချန်ဟာ ဒီအတွေ့အကြုံတွေကို ရေမြှုပ်လိုစုပ်ယူနေပြီး၊ လုရှန်ဓား တိုးတက်မှုနှုန်းက ဒုံးပျံစီးထားသလို မြန်ဆန်လာသည်။

.....

အချိန်တွေ ကုန်ဆုံးသွားလိုက်တာ... နောက်ထပ် နှစ် ၂၀ ကျော် ကြာမြင့်သွားခဲ့လေပြီ။

ဒီနှစ်တွေအတွင်း လီချန် လှိုဏ်ဂူကောင်းကင်ဘုံထဲကနေ သိပ်မထွက်ဖြစ်ဘဲ ကျီယင်း နဲ့ ယဲ့ယွီ တို့ကို သွားတွေ့ရုံလောက်ပဲ ထွက်လေသည်။

အထူးသဖြင့် ကျီယင်းက အဆင့်မြင့်အစီအရင်အပါအဝင် အရန်အတတ်ပညာမှတ်တမ်းတွေ အများကြီး ယူလာပေးတယ်။ အားလုံးက အခြေခံ ၂၂ အဆင့် အထက်တွေချည်းပဲ။

ကျီမိသားစု ဘယ်လောက် ချမ်းသာလဲဆိုတာ လီချန် စဉ်းစားလို့တောင် မရဘူး။

အုတ်မြစ်က အရမ်းခိုင်မာလွန်းတယ်။ ပြီးတော့ အဲဒါတွေကို အခမဲ့ ပေးနေတာ... ဘာမှ ပြန်မတောင်းဘူး။

"အခမဲ့ရတာက အဈေးအကြီးဆုံးပဲ" ဆိုတာ လီချန် သိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဘာမှပေးဆပ်စရာ မလိုသေးဘူး။

နောက်ဆုံး သူ အင်အားကြီးလာတဲ့ တစ်နေ့ကျမှ ကျီမိသားစုကို ပြန်ကူညီပေးလိုက်ရင် ပြီးရောပေါ့။

ကျီမိသားစုကပေးတာ အရမ်းများလွန်းတယ်လေ။

.....

အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။

အချိန်ခေါင်းလောင်းရှေ့တွင် လီချန် တင်ပျဉ်ခွေ ထိုင်နေပြီး မျက်လုံး ဖွင့်လိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ပြုံးလိုက်လေသည်။

စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။

အိမ်ရှင်: လီချန်။

နတ်ဝိညာဉ် (ကောင်းကင်တာအို)။

မဟာယာနနယ်ပယ် (ကနဦးပိုင်း ၃/၁၀၀)။

အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၃၈၆၅၆၆/၁၀၀၀၀၀၀၀)။

ကောင်းကင်ဘုံဓား သတ္တမအထိ: (ကျွမ်းကျင်)။

ကောင်းကင်ဘုံအဌမဓား (အဆင့်ငယ်အောင်မြင်မှု ၃၂/၁၀၀)။

မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။

လင့်တုန်းလောကသစ်ပင် (အဆင့် ၅ ၃/၁၀၀)။

ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ့်သုံးအခြေခံ ၇/၁၀၀)။

ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်ဆယ့်တစ် ၅၄/၁၀၀)။

လက်နက်သန့်စင်သူ (အဆင့်ဆယ့်တစ် ၇/၁၀၀)။

အဂ္ဂိရတ်ဆရာ (အဆင့်ဆယ့်နှစ် ၅/၁၀၀)။

သားရဲထိန်းကျောင်းသူ (အဆင့် ၅ ၈၉/၁၀၀)။

ကျင့်ကြံမှု နဲ့ လင့်တုန်းလောကသစ်ပင် တိုးတက်မှုနှုန်းက နှေးကွေးနေသည်။

မတတ်နိုင်ဘူးလေ။ နှစ် ၂၀ လေးပဲ ရှိသေးတာကိုး။

မဟာယာနနယ်ပယ်ရောက်သွားရင် ကျင့်ကြံမှုနှုန်းက ပိုနှေးသွားတတ်တာ သဘာဝပဲ။

တကယ်တမ်းပြောရရင် သူ့ရဲ့ လက်ရှိနှုန်းထားက တော်တော်မြန်နေပါပြီ။

လင့်တုန်းလောကသစ်ပင်ကတော့ တစ္ဆေနယ်မြေထဲက ငရဲဘုံ မူလအနှစ်သာရ မရတော့ကတည်းက နှေးသွားတာ။

ဒါပေမဲ့ သူ မပူပါဘူး။

၃၃ ဘုံမှာ တစ္ဆေနယ်မြေတွေ အများကြီးရှိသေးတာပဲ... သူ တကယ် လိုချင်ရင် သွားယူလိုက်ရုံပဲ။

တိုးတက်မှုအမြန်ဆုံးကတော့ ကောင်းကင်ဘုံအဌမဓားသိုင်း (လုရှန်ဓား) ပါပဲ။

နှစ် ၂၀ အတွင်းမှာ ၇ မှတ် ကနေ ၃၂ မှတ် အထိ တက်လာခဲ့တယ်။ ၂၅ မှတ်ပဲတက်တယ်ဆိုပေမဲ့၊ ကိုယ့်ဖာသာလေ့ကျင့်မယ်ဆိုရင် နှစ်ပေါင်း ဆယ်ချီ ရာချီ ကြာမယ့် ကိစ္စလေ။

ဒါက အဆင်သင့်ရတဲ့ အတွေ့အကြုံ မှတ်တမ်းတွေရဲ့ အကျိုးကျေးဇူးပဲ။

ဒီအရှိန်အဟုန်က နောက်ထပ် အချိန်အကြာကြီး ဆက်ရှိနေဦးမယ်လို့ သူ ခန့်မှန်းရတယ်။

အစီအရင်၊ လက်နက်သွန်းလုပ်၊ ဆေးဖော်၊ ဝိညာဉ်စိုက်ပျိုး စတာတွေလည်း အများကြီး တိုးတက်လာခဲ့တယ်။ အစီအရင်ဆိုရင် ၂၃ အခြေခံ အထိ ရောက်သွားပြီ။

ပြီးတော့ ၂၃ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင်ကိုလည်း အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ပြီ။

တာအိုဓား စုစုပေါင်း ၄၁၄ လက်။

အသစ်ထပ်လုပ်တဲ့ တာအိုဓား ၂၀၀ ကျော်က အဆင့် ၁ တွေ ဖြစ်နေလို့ ဒီဓားအစီအရင်ရဲ့ စွမ်းအားအပြည့်အဝကို မထုတ်သုံးနိုင်သေးပေမဲ့၊ မူလ ၂၂ အခြေခံ ဓားအစီအရင်ထက်တော့ အများကြီး ပိုစွမ်းအားကြီးလာတာ သေချာတယ်။

ဒီနှစ် ၂၀ ကျော်အတွင်း သူ အချိန်ကို အပြည့်အဝ အသုံးချခဲ့တယ်။

တစ်စက္ကန့်တောင် အလဟသမဖြစ်စေခဲ့ဘူး။

ပင်ပန်းပေမဲ့ ရလဒ်က တန်တယ်။

"တခြား တစ္ဆေနယ်မြေတွေကို သွားရှင်းဖို့ အချိန်တန်ပြီ" လီချန် စိတ်ထဲတွင် တွေးလိုက်သည်။

သူ့အင်အားက ပိုကြီးလာပြီလေ။

လင့်တုန်းလောကသစ်ပင်ကို အဆင့် ၆၊ အဆင့် ၇ လောက်ထိ အမြန်ရောက်အောင် လုပ်ချင်နေပြီ။

ဟွေ့ယွမ်ကပ်ဘေးကာလက ကြာလာလေလေ အခြေအနေက ပိုဆိုးလာလေလေ ဖြစ်မှာ။

.....

၁၀ ရက်ခန့် အကြာတွင်။

လီချန် နေရာကူးပြောင်းခြင်းအစီအရင်ကနေတဆင့် ၃၃ ဘုံမြောက်ဘုံကို ရောက်ရှိသွားသည်။

ပိုင်ကျူနတ်ဘုရားမြို့တော်ကို ရောက်တာနဲ့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက သတင်းရပြီး ယဲ့ယွီ ချက်ချင်း ရောက်လာသည်။

"တာအိုရောင်းရင်းလီချန်... ခင်ဗျားကို မျှော်နေတာ ကြာလှပြီ" ယဲ့ယွီက ဝမ်းသာအားရ ပြောလိုက်သည်။

"တာအိုရောင်းရင်းယဲ့ယွီ... တစ္ဆေနယ်မြေဘက်မှာ ထူးခြားမှုရှိလား" လီချန် မေးလိုက်သည်။

"ဒီနှစ်ပိုင်းတွေမှာ တစ္ဆေနယ်မြေ ချဲ့ထွင်နှုန်း မြန်လာတယ်... ပြီးတော့ အရင်တုန်းက အစွမ်းထက်တဲ့ ငရဲဘုံသားတစ္ဆေတချို့ ပေါ်လာပြီး ကျွန်တော်တို့ရဲ့ မြို့တစ်မြို့ကို တိုက်ခိုက်ခဲ့သေးတယ်..." ယဲ့ယွီက သက်ပြင်းချရင်း ပြောလိုက်သည်။

ဒီလိုအခြေအနေမျိုးက အထက်ပိုင်းဘုံတွေမှာ မကြာခဏ ဖြစ်လေ့ရှိပေမဲ့၊ အလယ်ပိုင်းနဲ့ အောက်ပိုင်းဘုံတွေမှာတော့ ရှားတယ်။

ငရဲဘုံသားတွေရဲ့ပစ်မှတ်က မပျက်သုဉ်းနိုင်သော နတ်ဘုရားဂိုဏ်းကြီးတွေပဲလေ။

အလယ်ပိုင်းနဲ့ အောက်ပိုင်းဘုံတွေက ဂိုဏ်းတွေကို သူတို့က မျက်လုံးထဲ မထည့်ဘူး။

အောက်ပိုင်းဘုံတွေမှာ တစ္ဆေနယ်မြေ ဖန်တီးတာက ခုန်ပျံကျော်လွှားဖို့ ကျောက်တုံးအနေနဲ့ သုံးချင်လို့ ပြီးတော့ ငရဲဘုံသား အသစ်တွေကို မွေးမြူချင်လို့ပဲ။

"ငရဲဘုံသားတွေ ပေါ်လာဖူးတယ် ဟုတ်လား။ ဒါဆို ကျွန်တော် တစ္ဆေနယ်မြေ ရှင်းလင်းတဲ့အခါ အနှောင့်အယှက်ဖြစ်နိုင်မလား" လီချန် မျက်မှောင်ကြုတ်လိုက်သည်။

ရှင်းလင်းနေတုန်း တန်းလန်းကြီး အစွမ်းထက် ငရဲဘုံသားတွေထွက်လာရင် သူ ဒုက္ခရောက်မှာပေါ့။

"တာအိုရောင်းရင်းလီချန်... အဲဒီအတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက အထူးရွှေနတ်ဘုရားကိုယ်တိုင်လာပြီး ခင်ဗျားအတွက် အစောင့်အရှောက် လုပ်ပေးမှာပါ" ယဲ့ယွီက အလျင်အမြန် ပြောလိုက်သည်။

ငရဲဘုံသားတွေ ဆိုတာကလည်း တစ်သွေးတစ်သံတစ်မိန့်ရှိတာ မဟုတ်ဘူး။ မိသားစုလိုက် ဖွဲ့စည်းထားပြီး အင်မော်တယ်နန်းတော်လိုမျိုး ငရဲဘုံမဟာမိတ်အဖွဲ့ပုံစံ ဖွဲ့ထားကြတာ။ ဒါကြောင့် ဟုန်ယွင်နတ်ဘုရားဂိုဏ်းနယ်မြေထဲက တစ္ဆေနယ်မြေထဲမှာ အစွမ်းထက် ငရဲဘုံသားတွေ အများကြီးရှိနေဖို့ မဖြစ်နိုင်ပါဘူး။

***

All Chapters